Ch 4
Viewers 755


အပိုင်း ( ၄ )


ဘေးအိမ်က အဘွားအိုက စူးစမ်းသော အမူအရာဖြင့် ထွက်လာကာ ကျန်းပေါင်အား ဘာတွေ ဖြစ်နေတာလဲဟု ဒေသိယစကားဖြင့် မေးသည်။ ဖူမင်ရှစ်က ကျန်းပေါင်အား သူ့အကြောင်း ပေါက်ကရတွေ လျှောက်ပြောတာကို လက်မခံနိုင်၍ သူမ ပါးစပ်မဟ‌နိုင်သေးခင်မှာ ခပ်သွက်သွက် ပြောလိုက်သည်။ “ ငါတို့အဘိုးနှစ်ယောက်ရဲ့ ခင်မင်မှုကို ထောက်ထားငဲ့ညှာသောအားဖြင့် ငါ့ကို အိမ်ထဲ ဝင်ပြီး စကားပြောခွင့်ပေးပါလား မိန်းကလေးကျန်း။ ” သူက ကိစ္စတွေကို သူမနှင့် အေးအေးဆေးဆေး ဆွေးနွေးချင်တာပင်။


ကျန်းပေါင်က သူ့ကို တစ်ချက် ကြည့်ပြီးမှ အိမ်နီးချင်း အဘွားအိုဘက် လှည့်ကာ ဖူမင်ရှစ်က အရောင်းဝန်ထမ်း တစ်ယောက် ဖြစ်သည်ဟု အဖြူရောင်မုသား အနည်းငယ် ဆိုလိုက်သည်။ ထို့နောက် ခြံတံခါးဝသို့ လျှောက်သွားခဲ့သည်။ 


ဘဲငန်းတွေက သူတို့‌သခင်ရှေ့ ရောက်တော့ ပြန်လည် လိမ္မာသွားကာ နှစ်ဖက်လုံးအတွက် လိမ္မာရေးခြားရှိစွာ လမ်းဖယ်ပေးခဲ့ကြသည်။ 


ဖူမင်ရှစ်က ကျန်းပေါင် စိတ်ပြောင်းသွားပြီလို့ ထင်သွားကာ သူမအနားကို လျှောက်လာရင်း ထပ်မံ တောင်းပန်လိုက်သည်။ “ ငါ့ကြောင့် မင်း အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်။ ”


ကျန်းပေါင်က သူ့ကို အပြုံးလေးဖြင့် မော့ကြည့်လိုက်သည်။ “ ရှင် အခုချက်ချင်း လှည့်ပြန်သွားရင် ရှင့်ကို ခွင့်လွှတ်ပေးမယ်။ ”


သူမက ဓာတ်ပုံထဲမှာထက်တောင် တောက်ပစွာ ပြုံးနေခဲ့တာမို့ ဖူမင်ရှစ် စက္ကန့်ပိုင်းလောက် ‌သူမကို ငေးခနဲ ဖြစ်သွားပြီးမှ သတိပြန်ဝင်လာသည်။ 


“ မိန်းကလေးကျန်း … ငါ … ”


နောက်ဆုံး အခွင့်အရေး ပေးထားတာကိုတောင် ကျေးဇူးမတင်တတ်တဲ့ ထိုလူ့ကြောင့် ကျန်းပေါင်ရဲ့ သည်းခံနိုင်စွမ်း ကုန်ဆုံးသွားသည်။ သူ့ကို အားနှင့် တွန်းထုတ်ပစ်လိုက်သောအခါ သိုင်းပညာ လေ့ကျင့်ဖူးတဲ့ ဖူမင်ရှစ်က သူမရဲ့ လက်ကို ချက်ချင်းပဲ ဖျတ်ခနဲ ဆုပ်ကိုင်လိုက်သည်။ ကျန်းပေါင်က သူ့ရဲ့ မြန်ဆန်သော တုံ့ပြန်မှုကို ကြည့်ပြီး သူဟာ လူဆိုးတစ်ယောက်ပဲလို့ ပိုလို့တောင် သေချာသွားကာ သူ့သားရေဖိနပ်ကို ဆောင့်နင်းပစ်လိုက်သည်။ အဲ့ဒီနောက် သူမကို ဖမ်းဆုပ်ထားတဲ့ သူ့လက် အားလျော့သွားတာကို အခွင့်ကောင်းယူကာ ခြံစည်းရိုးအတွင်းထဲကို လှစ်ခနဲ ပြန်ဝင်လာခဲ့လိုက်ပါသည်။ 


သူမ သူ့လက်က လွတ်အောင် ရှောင်ရှားနိုင်ခဲ့ပေမဲ့  ဘဲငန်းတွေကတော့ ခြံစည်းရိုးအတွင်းထဲက တညီတညွှတ် ပြေးထွက်လာပြီး သူတို့သခင်ရဲ့ ရန်သူကို ဝိုင်းဝန်းထိုးဆိတ်ခဲ့ကြလေသည်။ 


စံအိမ်ထဲမှာ မွေးဖွားကြီးပြင်းလာခဲ့သော ဖူမင်ရှစ်သည် သူ့တစ်သက်နှင့်တစ်ကိုယ် ဘဲငန်းတွေကို ထမင်းစားပွဲပေါ်မှာသာ မြင်ဖူးခဲ့တာ ဖြစ်သည်။ ဒီဘဲငန်းတွေက လူသတ်မှု ကျူးလွန်နိုင်လိမ့်မယ်လို့ ဘယ်လိုလုပ် သိခဲ့မှာလဲ။ 


အဖြူရောင် ဘဲငန်းကြီးက လည်တိုင်ကို ဆန့်၍ သူ့ဆီ ပြေးဝင်လာသောအခါ ဖူမင်ရှစ်က ခြေထောက်ကို မြှောက်၍ ကန်ထုတ်ပစ်လိုက်၏။ သူ ဘဲငန်းတွေနှင့် ရန်ဖြစ်နေတာကို လာရောက်ကူညီပေးခြင်း မရှိဘဲ အားရကျေနပ်စွာ လက်ပိုက်လျက်သား ရပ်ကြည့်နေတဲ့ ကျန်းပေါင်ကိုလည်း သူ့မျက်လုံးထောင့်ကနေ မြင်ဖြစ်အောင် မြင်လိုက်သေးသည်။ 


ဖူမင်ရှစ်တစ်ယောက် ဒေါသလည်းထွက် ၊ နားမလည်နိုင်အောင်လည်း ဖြစ်မိသည်။ သူမနှင့် အေးအေးဆေးဆေး ထပ်မံညှိနှိုင်းဖို့ ဟန်ပြင်နေတုန်းမှာပဲ သူ့ဘောင်းဘီတွေကို ခပ်တင်းတင်း ဆွဲခံလိုက်ရကာ သူ့ကိုယ်သူတောင် မသိလိုက်ခင်မှာပဲ သူ့ခြေထောက်မှာ ခပ်စူးစူး နာကျင်မှုကို ခံစားလိုက်ရသည်။ 


ဒီဘဲငန်းက လူတွေကို ဘယ်လို ကိုက်ရမလဲ ဆိုတာတောင် တကယ်ကြီး သိနေတာလား … ။ 


ဖူမင်ရှစ်က နာကျင်မှုကြောင့် ဆတ်ဆတ်ခါသွားပြီး ခြေထောက်ကို ခါထုတ်ပစ်လိုက်လျှင် သူ့ခြေထောက်ကို ကိုက်နေတဲ့ ဘဲငန်းကြီးပါ လွှင့်ထွက်သွား၏။ ထိုအချိန်မှာပဲ နောက်ထပ် ဘဲငန်းတစ်ကောင်က သူ့ဆီ ပြေးလာခဲ့သည်။ 


“ လူကြီးမင်းဖူ … လူကြီးမင်းဖူ … ”


ဖူမင်ရှစ်ရဲ့ ညွှန်ကြားချက်ကို ကွန်ကရစ်လမ်းပေါ်မှာ ရပ်စောင့်နေတဲ့ ဒရိုင်ဘာက သူ့ဘော့စ်ကို ဘဲငန်းတစ်အုပ် တိုက်ခိုက်နေတာ မြင်လိုက်ရသောအခါ ဘော့စ်ကို ကယ်တင်ဖို့ သုတ်သီးသုတ်ပျာ ပြေးသွားလိုက်သည်။ 


ကျန်းပေါင်က လူမသမာ နှစ်ယောက်ကို ကြည့်ကာ အခုအချိန်မှာ သူမ ရဲခေါ်လျှင်တောင် ရဲတွေ အချိန်မီ ရောက်လာနိုင်မှာ မဟုတ်မှန်း သိသောကြောင့် လေသံ ခပ်တင်းတင်းနှင့် ခြိမ်းခြောက်လိုက်သည်။ “ ရှင်တို့ အခု ထွက်မသွားရင် ကျွန်မ ရဲခေါ်လိုက်မှာနော်။ ”


ဘဲငန်းဖြူကြီးရဲ့ ထိုးဆိတ်မှုတွေကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နေသော ဖူမင်ရှစ်က ထိုစကားကြောင့် သူမကို မော့ကြည့်လိုက်သည်။ 


မနက်ခင်း နေရောင်ခြည်က လယ်တောအိမ်လေးပေါ်သို့ လှပစွာ သွန်းလောင်းလျှံကျနေသော်လည်း အပြင်ပန်းအားဖြင့်သာ အန္တရာယ်မရှိဘူးလို့ ထင်ရတဲ့ ဒီမိန်းကလေးရဲ့ မျက်လုံးထဲမှာတော့ ရန်လိုစိတ်တွေ ပြည့်နှက်နေသည်။ 


ဖူမင်ရှစ် အေးခဲရပ်တန့်သွားမိသည်။ သူ့မျက်စိရှေ့က မိန်းကလေးဟာ သူ့အဘိုး ပြတဲ့ ဓာတ်ပုံထဲက ယဉ်ကျေးသိမ်မွေ့၍ ချစ်စရာကောင်းသော မိန်းကလေးနှင့် ဘာမှ မဆိုင်။ 


သူ ခပ်တောင့်တောင့် ငြိမ်သက်ရပ်တန့်နေစဉ်မှာ ဘဲငန်းတွေက အခွင့်အရေးကို မိမိရရ အသုံးချ၍ တညီတညွှတ် ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြသည်မှာ ဗြိခနဲ အသံနှင့်အတူ သူ့ဘယ်ဘက် ဘောင်းဘီခြေထောက်က ဘောင်းဘီစတွေ အများကြီး ဆုတ်ဖြဲခံလိုက်ရတဲ့အထိပင်။ 


“ လူကြီးမင်းဖူ … ” နောက်ဆုံးတော့ သူတို့နားကို ရောက်လာသော ဒရိုင်ဘာက လမ်းမပေါ်ကနေ ကောက်လာခဲ့တဲ့ တုတ်ရှည်တစ်ချောင်းကို ဝှေ့ယမ်း၍ ဘဲငန်းတွေကို မောင်းထုတ်လိုက်သည်။


ဟွီသန်းကတော့ နှစ်လသားအရွယ်သာ ရှိသေးတဲ့ ခွေးပေါက်လေးတစ်ကောင်မို့ သူ့ကိုက်ချက်တွေက နာကျင်စေမှာ မဟုတ်မှန်း သိနေသောကြောင့် ခြံထဲကနေ တစ်ဖဝါးမှ မခွာဘဲ သခင်ဖြစ်သူရဲ့ ခြေထောက်နားမှာ နေရာယူကာ သူတို့ကို ဟောင်နေခဲ့သည်။ ဘဲငန်းတွေကလည်း ဖူမင်ရှစ်ရဲ့ ခြေသလုံးသားကို အကြိမ်ပေါင်းများစွာ ဆွဲဆိတ်နေပြီး သွေးတွေ စီးကျလာစေခဲ့သည်။ 


သူက ဝေးလံခေါင်ဖျားတဲ့ တောကြိုအုံကြားက မိန်းကလေးတစ်ယောက်နှင့် လက်ထပ်ဖို့ အစကတည်းက အပြည့်အဝ စိတ်ပါခဲ့တာ မဟုတ်ပါ။ အခု ကျန်းပေါင်က သူမရဲ့ ဘဲငန်းတွေက လူတွေကို ထိခိုက်နာကျင်အောင် လုပ်နေတာကို ဒီတိုင်း ရပ်ကြည့်နေသောအခါ ဖူမင်ရှစ် သူမကို လုံးဝ စိတ်ကုန်သွားသည်။ ဒီလို ခေတ်‌နောက်ကျလွန်းတဲ့ ရွာမှာ ဆက်အချိန်ကုန်ခံနေမယ့်အစား သူ့အဘိုး ဒေါသထွက်တာကိုပဲ ခေါင်းငုံ့ခံလိုက်မည်။ 


ဖူမင်ရှစ်သည် စကားတစ်ခွန်းမှ မပြောဘဲ ကွန်ကရစ်လမ်းဆီသို့ ခြေလှမ်းကျဲများဖြင့် လျှောက်သွားလိုက်၏။ စုတ်ပြဲနေသော ဘောင်းဘီခြေထောက် တစ်ဖက်နှင့်တောင် စီအီးအို ဆိုတဲ့ ထည်ဝါသော အရှိန်အဝါက မှေးမှိန်သွားခြင်း မရှိဘဲ ပြီးပြည့်စုံစွာ ရပ်တည်နေဆဲ။ 


ဒရိုင်ဘာက သူ့ဘော့စ်ကိုယ်စား စကား တစ်ခုခု ပြောချင်နေသော်လည်း ဘဲငန်းတွေ ထပ်မံ ချီတက်လာတာကို မြင်သောအခါ သူလည်းပဲ ချက်ချင်း ပြေးထွက်လာခဲ့ရသည်။ သူ ကွန်ကရစ်လမ်းမပေါ်ကို ရောက်တော့မှ ဖူမင်ရှစ်က လက်ထောက်ဖြစ်သူဆီ ဖုန်းဆက်ကာ လေယာဉ်လက်မှတ်တွေ ဘိုကင်တင်ခိုင်းနေတာကို တစ်စွန်းတစ ကြားလိုက်ရသည်။ 


“ လူကြီးမင်းဖူ … ” ဟု ဒရိုင်ဘာက စိတ်မသက်မသာ ခေါ်လိုက်သည်။ မင်း သခင်ကြီးရဲ့ ဒေါသနဲ့ ထိပ်တိုက် တွေ့မလို့လား … ။ 


ဖူမင်ရှစ်က ဖုန်းချကာ “ အရင်ဆုံး ဟိုတယ်ကို ပြန်ကြရအောင် … ပြီးမှ လေဆိပ်ကို သွားမယ်။ ” ဟု ခပ်ပြတ်ပြတ် ပြောလိုက်ပြီးနောက် ကျန်းမိသားစုရဲ့ လယ်တောအိမ်ကို နက်မှောင်သော မျက်လုံးများဖြင့် ပြန်လှည့်ကြည့်လိုက်သည်။ စိတ်ကျေနပ်လောက်စရာ မျက်နှာမျိုးကို ပိုင်ဆိုင်ထားတယ် ဆိုရင်တောင် ပညာမတတ် ၊ အရိုင်းဆန်တဲ့ ဒီတောသူမကို သူ သည်းမခံနိုင်ပါ။ 


အနက်ရောင် Sedan ကားလေးသည် နောက်ကြောင်းပြန်လှည့်ကာ ဖုန်မှုန့်လုံးတွေကြားမှာ မောင်းထွက်သွား၏။ ကျန်းပေါင်က သူမရဲ့ မြင်ကွင်းထဲငနေ ကားနောက်မြီးလေး ပျောက်ကွယ်သွားချိန်ထိ တံခါးဘေးမှာ ရပ်ကြည့်နေပြီးမှ ခြံတံခါးကို သေချာ ပိတ်ကာ ခြံဝင်းထဲမှာ အလုပ်တွေ ဆက်လုပ်နေလိုက်သည်။ 


နေ့ခင်းအချိန်က နေမထိထိုင်မသာဖြစ်စရာကောင်းသော အပူရှိန်နှင့်အတူ ရောက်ရှိလာသောအခါ ကျန်းပေါင်သည် အပေါ်ထပ်ရှိ အိပ်ခန်းထဲကို ပြန်တက်သွားခဲ့သည်။ သူမ ပြတင်းပေါက်တွေကို ဖွင့်ကာ တရေးတမော အိပ်လိုက်သည်။ 


အိပ်တစ်ဝက် ၊ နိုးတစ်ဝက် ဖြစ်နေစဉ်မှာ ဘဲငန်းအော်သံတွေကို ကြားလိုက်ရပေမဲ့ ခဏကြာတော့ တိုးတိတ်ပျောက်ကွယ်သွားသည်။ အချိန် အနည်းငယ် အကြာမှာတော့ အဘွားကောရဲ့ တစ်ဖက်ခြံထဲက စိတ်လှုပ်ရှားနေသော အသံတွေ ပျံ့လွင့်လာသောကြောင့် ကျန်းပေါင်သည် မျက်လုံးတွေကို အိပ်ချင်မူးတူး ပွတ်ရင်း ထထိုင်လိုက်မိသည်။ အဘွားကောရဲ့ သားသမီးတွေနဲ့ မြေးတွေ အားလုံးက မြို့မှာ နေတာလေ … ။ အဲ့ဒါကို အဘွားကောက အခု ဘယ်သူနဲ့ စကားပြောနေတာလဲ … ။ 


ကျန်းပေါင်းသည် ညအိပ်ဝတ်စုံကို ချွတ်ကာ တီရှပ်နှင့် ဘောင်းဘီတိုလေးကို လဲဝတ်ပြီးနောက် ဆံပင်ကို ပိုနီတေးလ် တစ်ချောင်းအဖြစ် စည်းနှောင်လိုက်သည်။ လသာဆောင်ကို ထွက်သွားကာ အဘွားကောရဲ့ ခြံထဲကို လှမ်းကြည့်လိုက်တော့ အသေအချာပဲ မနက်တုန်းက လူလိမ်ကြီး ပြန်ရောက်နေတာကို တွေ့လိုက်ရသည်။ ဒီတစ်ခေါက်တော့ သူက ဆံပင်ဖြူဖြူ အဘိုးအို တစ်ယောက်ကိုပါ သူနှင့်အတူ ခေါ်လာခဲ့ပြီး အဘွားကောနှင့် စကားပြောနေသူက ထိုအဘိုးအိုပင် ဖြစ်သည်။  


နေရာရှုထောင့်က ဖူမင်ရှစ်က ကျန်းပေါင်ကို အရင်ဆုံး မြင်လိုက်ပြီး သူ့မျက်နှာက မည်းမှောင်သွားသည်။ ကျန်းပေါင်က သူ့မျက်နှာတင်းတင်းကို တစ်လှည့် ၊ သူနှင့် ရုပ်ချင်းဆင်သော အဘိုးအိုကို တစ်လှည့် ကြည့်ကာ အနည်းငယ် မလုံမလဲ ဖြစ်သွားမိလေသည်။ 


“ မြန်မြန် ဆင်းလာခဲ့ ဖန့်ပေါင် … ။ ဒီမှာ နင့်ရဲ့ အဘိုးဖူက နင်နဲ့ တွေ့ဖို့ ရောက်နေတယ်။ ” 


သူငယ်ချင်းဖြစ်သူနှင့် နောက်ဆုံး‌ တွေ့ခဲ့တာ ဆယ်နှစ်ကျော်သွားပြီမို့ အဘွားကောရဲ့ အသံက ရွှင်ပျနေသည်။ ကျန်းပေါင်ကို ပြုံးပြုံးရွှင်ရွှင်နှင့် လက်ယပ်ခေါ်နေပုံမှာလည်း တရုတ်စကားကိုတောင် တလွဲတချော်တွေ ပြောနေတဲ့အထိ။ အဘွားကောရဲ့ ပြုံးရွှင်ချိုမြနေသော မျက်နှာကြီးဟာ ပန်းတွေတောင် မကြာခင် ပွင့်လန်းလာတော့မည်ဟု ကျန်းပေါင် ခံစားရသည်။ သားသမီးနှင့် မြေးတွေ အိမ်ပြန်လာချိန်မှာတောင် အဘွားကောတစ်ယောက် ဒီလောက် အားရဝမ်းသာ မဖြစ်ဖူးပေ။ 


အဘိုးဖူဟာ ငယ်ရွယ်စဉ်တုန်းက အတော်လေး ချောမောကြည့်ကောင်းသော အမျိုးသားတစ်ယောက် ဖြစ်ခဲ့ပြီး ဒီရွာကို သုံး ၊ လေးခါလောက် လာခဲ့ဖူးတာကိုတော့ ကျန်းပေါင် မသိပါ။ အဘွားကောက သူနှင့် အဆင့်အတန်းချင်း မိုးနှင့်မြေလို ကွာနေမှန်း သိသော်လည်း ကိုလူချောအား ချစ်ကြိုက်စိတ်ကိုတော့ ထိန်းချုပ်မရခဲ့။ အခုအချိန်မှာ နှစ်ယောက်လုံး အိုမင်းနေပြီ ဆိုပေမဲ့ တစ်ချိန်တုန်းက တစ်ဖက်သတ်ချစ်ခဲ့ရသူကို ပြန်လည် မြင်တွေ့ရခြင်းက သူမအား ကျောင်းသူမလေးတစ်ယောက်လိုပဲ စိတ်လှုပ်ရှားသွားစေသည်။ 


ဒါပေမဲ့ ကျန်းပေါင်ကို စိတ်အပူစေဆုံး အရာက အဘိုးဖူနှင့် အတူတူ စစ်တိုက်ခဲ့တဲ့ ဂန္တဝင် ရဲဘော်ရဲဘက်ကြီးပါပဲ။ သေချာတာကတော့ အဘွားကောလည်း လူမမှားလောက်ဘူးမလား … ။ 


ကျန်းပေါင်သည် အဘိုးဖူရဲ့ ချိုချိုသာသာ အပြုံးကို တစ်လှည့် ၊ ဖူမင်ရှစ်ရဲ့ အေးစက်စက် မျက်နှာကို တစ်လှည့် ကြည့်ကာ ဒီနေ့မနက်တုန်းက သူမ ဖူမင်ရှစ်ကို လုပ်ခဲ့သော ကိစ္စကို ပြန်သတိရသွားလျှင် သူမရဲ့ မျက်နှာက ရုတ်တရက်ပဲ ပူထူသွားမိသည်။ သူမ အခန်းထဲ အမြန် ပြေးဝင်သွားတာကို အဘွားကောက ‘ ကောင်မလေး အင်္ကျီသွားလဲတယ် ထင်တယ် ’ ဟု မှတ်ချက်ချကာ ဖူမြေးအဘိုးနှစ်ယောက်ကို သူမရဲ့ အိမ်ထဲသို့ အရင်ဆုံး ဖိတ်ခေါ်ခဲ့လိုက်သည်။ 


အဘိုးဖူက ခေါင်းညိတ်ကာ အိမ်ထဲကို ဝင်လာရင်း ကိစ္စတစ်ခုကို အဘွားဖူအား သေချာအောင် အရင်ဆုံး မေးကြည့်လိုက်သည်။ “ ကျန်းပေါင်ရဲ့ အမေရော နေကောင်းကျန်းမာရဲ့လား။ ”


သူ ဒီရွာကို သုံးကြိမ်တိတိ လာရောက်လည်ပတ်ဖူးသည်။ ပထမတစ်ကြိမ်က စစ်ပြီးခါစ အချိန် ဖြစ်ပြီး ထိုအချိန်တုန်းကတော့ သူဟာ ကလေးတွေကို တစ်နေ့ကျ လက်ထပ်ပေးမယ်လို့ တပ်စုခေါင်းဆောင်ကျန်းနှင့် ကတိပြုခဲ့တာကို ဘယ်သူမှ မသိအောင် ဖုံးကွယ်ထားခဲ့သည်။ တပ်စုခေါင်းဆောင်ကျန်းကိုယ်စား ကျန်းမိသားစုကို စောင့်ရှောက်ပေးချင်ပေမဲ့ ထိုအချိန်တုန်းက သူကလည်း သိပ်မချမ်းသာတာမို့ ကျေးဇူးတရားကို ဖော်ပြသည့်အနေဖြင့် ငွေအနည်းငယ် ပေးရုံသာ တတ်နိုင်ခဲ့သည်။ 


ဒုတိယအကြိမ် လာရောက်လည်ပတ်တာကတော့ သူ့သမီး ကားအက်ဆီးဒင့်ဖြစ်ကာ သေဆုံးသွားပြီးနောက်မှာ ဖြစ်သည်။ အဘိုးဖူက တပ်စုခေါင်းဆောင်ကျန်းရဲ့ အုတ်ဂူကို သွားကာ အရိုအသေပေးရင်း ကျန်းမိသားစုကို မြို့ပြသို့ ခေါ်သွားကာ အခြေချပေးဖို့ ရည်ရွယ်ခဲ့သည်။ ဒါပေမဲ့ သဘောဖြူ အူစင်းလွန်းတဲ့ တပ်စုခေါင်းဆောင်ကျန်းရဲ့ မိဘတွေက မွေးရပ်မြေကို မစွန့်ခွာနိုင်ကြောင်း ၊ သူ့ပိုက်ဆံကိုလည်း မလိုချင်ကြောင်းနှင့် အရင်တစ်ခေါက်တုန်းက ပေးခဲ့တဲ့ ပိုက်ဆံကိုတောင် အသုံးမပြုရသေးကြောင်း ပြောခဲ့သည်။ 


အဘိုးဖူ တတိယအကြိမ် လာရောက်လည်ပတ်ဖြစ်တာကတော့ ကျန်းပေါင်ရဲ့ အဖေ အိမ်ထောင်ပြုတော့မည်ဟု ကျန်းမိသားစုထံမှ သတင်းကြားရချိန်မှာ ဖြစ်သည်။ ဝမ်းသာစရာကောင်းတဲ့ သတင်းမို့ အဘိုးဖူသည် အလုပ်ရှုပ်နေတဲ့ကြားက အချိန်လု၍ လာရောက်လည်ပတ်ခဲ့သည်။ သူ ရောက်သွားတော့မှ သိလိုက်ရတာက ကျန်းမိသားစုရဲ့ လူကြီးမိဘတွေ ( တပ်စုခေါင်းဆောင်ကျန်းရဲ့ အဖေနဲ့ အမေ ) သေဆုံးသွားပြီ ဆိုတာပါပဲ။ ဖန့်ပေါင်ရဲ့ အဖေက ရိုးဖြောင့်ပေမဲ့ ကျန်းပေါင်ရဲ့ အမေကတော့ သိသာထင်ရှားစွာပဲ လိမ္မာပါးနပ်သည်။ ကျန်းပေါင်ရဲ့ အဖေကို သူ့ဆီ စာရေးအောင် တိုက်တွန်းခဲ့တာလည်း သူမပင်။ 


သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေး ဆုံးဖြတ်ချက်တွေကို အဘိုးကျန်း ဝင်ရောက် မစွက်ဖက်နိုင်သော်လည်း လက်ထပ်ပြီးခါစ ဇနီးမောင်နှံလေးအား မြို့ပြကို ခေါ်သွားဖို့ နောက်တစ်ခေါက် ကမ်းလှမ်းခဲ့သည်။ ဖန့်ပေါင်ရဲ့ အမေက အတော်လေး စိတ်ဝင်စားပေမဲ့ ကျန်းပေါင်ရဲ့ အဖေကတော့ ခေါင်းမာစွာ ငြင်းဆန်ခဲ့တာမို့ ထိုကိစ္စက ထပ်မံ ပျက်ပြယ်သွားပြန်၏။ သူ မပြန်ခင် ကျန်းပေါင်ရဲ့ အဖေအား ဘဏ်ကတ်ဒ် တစ်ကတ်ဒ် ပေးခဲ့သည်။ 


ဖူမိသားစုရဲ့ စီးပွားရေးလုပ်ငန်း အောင်မြင်ကြီးထွားလာသည်နှင့်အမျှ ကျန်းမိသားစုက သူ့ကို ဘယ်တော့မှ သူတို့ဘက်က အရင် စမဆက်သွယ်ခဲ့ပါ။ အဘိုးဖူလည်း အလုပ်တွေကြားထဲ နစ်မြုပ်ရင်း သူတို့ကို မေ့လျော့သွားသည်မှာ သူ့မှာ အသည်းကင်ဆာ ဖြစ်နေကြောင်း သိလိုက်ရတော့မှ လူလွှတ်ပြီး အခြေအနေကို စုံစမ်းခိုင်းခဲ့ရသည်။ ထိုအခါ ကျန်းပေါင်ရဲ့ အမေဟာ ကျန်းပေါင် သုံးနှစ်သမီးအရွယ်ကတည်းက ဘဏ်ကတ်ဒ်ကိုပါ တစ်ပါတည်း ယူကာ တခြား ယောက်ျားတစ်ယောက်နှင့် ထွက်ပြေးသွားသည်ဟု သိရသည်။ ကျန်းပေါင်ရဲ့ အဖေကတော့ ကျန်းပေါင် အထက်တန်းကျောင်းသူအရွယ်မှာ နာမကျန်းဖြစ်ပြီး ကွယ်လွန်သွားခဲ့သည်တဲ့။ 


အဘိုးဖူသည် ကျန်းပေါင်အတွက် အလွန် စိတ်မကောင်းဖြစ်သွားမိသည်။ သူ့ကျေးဇူးကြွေးကို ပြန်ဆပ်ချင်သလို သူမမှာ သူ့မြေး လက်ခံနိုင်လောက်တဲ့ ချောမောလှပသော ရုပ်ရည်ရှိကြောင်း တွေးမိ၍ သူ့မြေးကို သူမနှင့် အိမ်ထောင်ချပေးဖို့ စိတ်ကူးရခဲ့သည်။ တကယ်လို့ ကျန်းပေါင်က သာမန်ဆန်ပြီး ရိုးစင်းလွန်းလျှင်တော့ အဘိုးဖူက သူမကို ငွေကြေးအားဖြင့်သာ ထောက်ပံ့ပေးမှာ ဖြစ်သည်။ တပ်စုခေါင်းဆောင်ကျန်းအပေါ် အမှားကျူးလွန်ခဲ့တာက သူမို့ အပြစ်မရှိတဲ့ သူ့မြေးကို အတင်းအကြပ် ဖိအားမပေးချင်ပေ။ 


~


အဘွားကောက ကျန်းပေါင်ရဲ့ အမေကို နှလုံးသားကင်းမဲ့လွန်းသည်ဟု ဒေါသတကြီး ဝေဖန်ပြောဆိုနေတုန်းမှာပဲ ကျန်းပေါင်က တွန့်ဆုတ်သော ခြေလှမ်းများဖြင့် ရောက်လာခဲ့သည်။ အဝတ်အစားတွေကတော့ ခုနတုန်းကအတိုင်း မပြောင်းလဲ။ လတ်ဆတ်စွာ စိုစွတ်နေသော မျက်နှာက သူမ အခုမှ မျက်နှာသစ်လာခဲ့တာ ဖြစ်ကြောင်း ဖော်ပြနေ၏။ 


ကျန်းပေါင်က “ အဘိုးဖူ ဘာကိစ္စရှိလို့ လာခဲ့တာလဲဟင်။ ” ဟု လက်နှစ်ဖက်ကို အနေရခက်စွာ ယှက်ထားရင်း မေးလိုက်သည်။ ထိုသို့ မေးရင်း အဘိုးဖူကို စူးစမ်းချင်သော အကြည့်လေးများဖြင့် ခိုးကြည့်နေခဲ့သည်။ 


အဘိုးဖူက ညဘက် ထွက်သော လေယာဉ်ဖြင့် ညသန်းခေါင်ကျော်အချိန်မှာ ဆိုက်ရောက်ခဲ့တာ ဖြစ်သည်။ မြို့ထဲမှာ တစ်ည အနားယူပြီးနောက် နိုး,နိုးချင်း သူ့မြေးကို ဖုန်းဆက်လိုက်တော့ မနက်က အဖြစ်အပျက်တွေကို သိခဲ့ရသည်။ အခု သူ့ရှေ့က လှပနုနယ်ကာ ချစ်စရာကောင်းသော ကျန်းပေါင်လေးကို ကြည့်ရင်း သူမဘက်က သူ့မြေးကို အရင်ဆုံး စတိုက်ခိုက်တယ် ဆိုတာကို ယုံကြည်ဖို့ ငြင်းဆန်လိုက်သည်။ နမော်နမဲ့နိုင်တဲ့ သူ့မြေးက ဘဲငန်းတွေကို သူ့ဘာသာ ရန်စပြီး ကျန်းပေါင်ကို အပြစ်ပုံချနေခြင်းသာ ဖြစ်လိမ့်မည်။  


“ မင်ရှစ်က သေချာ မရှင်းပြနိုင်မှာ စိုးရိမ်လို့ အဘိုးကိုယ်တိုင် လာသင့်တယ် ထင်လို့ပါ။ ”


ကျန်းပေါင်က ထိုစကားကို ကြားသောအခါ ဖူမင်ရှစ်ကို နောက်တစ်ခေါက် ထပ်လှည့်ကြည့်လိုက်မိသည်။ သူက သူမကို လျစ်လျူရှုကာ ခံစားချက်မဲ့ မျက်နှာဖြင့် တံခါးဘက်ကို မျက်နှာမူထား၏။ 


အခုတော့ ဖူမင်ရှစ် မနေ့တုန်းက ပြောခဲ့တဲ့ စကားတွေ အကုန်လုံးက အမှန်တရားဖြစ်ကြောင်း နောက်ဆုံးတော့ ကျန်းပေါင် နားလည်သွားပါပြီ။ 


သူမရဲ့ စိတ်ထဲမှာ အတွေးတွေ ဗလောင်ဆူသွားကာ အဘိုးဖူရဲ့ ကျန်းမာရေး အခြေအနေကို အရင်ဆုံး မေးလိုက်သည်။ “ အဘိုး နေမကောင်းဖြစ်နေတယ် ဆိုတာ တကယ်ပဲလားဟင်။ ”


အဘိုးဖူက သက်ပြင်းရှည်ကြီး ချလိုက်သည်။ အဘွားကော စိတ်ရှုပ်ထွေးသွားတာကို မြင်တော့ သူက သူတို့ လာရောက်လည်ပတ်ရတဲ့ ရည်ရွယ်ချက်ကို သူငယ်ချင်းဟောင်းနှစ်ယောက် စကားစမြည်ပြောနေသကဲ့သို့ ရှင်းပြလိုက်သည်။ 


အဘွားကောကတော့ လူကြီးပီပီ လူငယ်တွေလောက် စိတ်ခံစားချက် မများဘဲ အဘိုးဖူက အခြေအနေကို လက်ခံကြောင်း ရှင်းပြလိုက်သည်နှင့် တစ်ပြိုင်နက် ကျန်းပေါင်အား လှိုက်လှိုက်လှဲလှဲ အကြံပေးခဲ့သည်။ “ ဒါက နင့်အတွက် နင့်အဘိုး ထားရစ်ခဲ့တဲ့ ကံကောင်းမှုပဲ ကျန်းပေါင်။ မြန်မြန် လက်ခံလိုက်လေ။ ”


အဘွားကောက အကျေနပ်ကြီး ကျေနပ်သွားကာ ဖူမင်ရှစ်အား သဘောတူ ခွင့်ပြုသော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်သည်။ ဒီနေ့ခေတ် လူငယ်တွေက အရမ်း ချောသည်။ ဒီလူငယ်လေးကတော့ ရုပ်ချောရုံသာမက ချမ်းလည်း ချမ်းသာသေး၏။ ကျန်းပေါင်နေရာမှာ သူမသာ ဆိုလျှင် လက်ခံပြီးတာ ကြာပါပြီ။ 


ကျန်းပေါင်က ဘာမှ မတုံ့ပြန်ဘဲ ခေါင်းငုံ့နေသည်။ 


အဘိုးဖူက အခွင့်အရေးကို မိမိရရ အသုံးချကာ သူ့တုတ်ကောက်ကို အားပြု၍ ဒယိမ်းဒယိုင် ရပ်လိုက်သည်။ “ နင့်ရဲ့ အိမ်ကို အရင်ဆုံး သွားပြီး အေးအေးလူလူ ထိုင်ကြရအောင် ကျန်းပေါင်။ အဘိုးတို့မိသားစုတွေ ဒီည ညစာ အတူတူ စားလို့ ရတယ်။ ” သူက ကျန်းပေါင်ကို သူ့မြေးရဲ့ သတို့သမီးအဖြစ် သတ်မှတ်ပြီးပြီ ဖြစ်သည်။ 


“ ကောင်းတယ် … ရှင်တို့နှစ်ယောက် စကားပြောကြဦး။ ကျွန်မ ညစာ သွားပြင်လိုက်မယ်။ ” အဘွားကောက အဘိုးဖူကို ချစ်ခင်မြတ်နိုးသော မျက်လုံးများဖြင့် ရွှန်းရွှန်းစားစား ကြည့်နေခဲ့သည်။ 


အဘိုးဖူက သူမကို ပြုံးပြပြီး ကျန်းပေါင်ဘက် လှည့်လိုက်သည်။ “ အဘိုးတို့ သွားကြမလား။ ”


ကျန်းပေါင်က ခေါင်းညိတ်လိုက်ပြီး အဘိုးဖူတို့မြေးအဘိုး နှစ်ယောက်ကို စိတ်လှုပ်ရှားစွာ ဦးဆောင်ခေါ်လာခဲ့သည်။

***