Ch 1
Viewers 251

အပိုင်း ( )

 

လင်ချူးဆွေ့က နန်ချန်၏ နွေရာသီမိုးဖွဲများကို မုန်းတီးပေသည်။

 

ထိုကဲ့သို့သောနေ့များတွင် ခေါင်းမာသော နေမင်းအိုကြီးက မိုးတိမ်တိုက်များကို ဖြတ်ကာ လူသားတို့၏ လောကကို ချောင်းကြည့်ရန် အတင်းအကျပ် ခုခံနေတတ်သည်။

 

ထို့ကြောင့် မိုးရွာခြင်းနှင့်အတူ နေမင်း၏ ပူပြင်းမှုပါ ရှိလေရာ ဤကမ္ဘာပေါ်တွင် စိုထိုင်းမှုရော ပူလောင်မှုပါ ရောနှောကျန်ရစ်စေ၏။

 

လမ်းဘေးဆိုင်များမှ အလင်းပြန်သည့် မှန်များအတွင်း အနက်ရောင် ထပ်တွန့်စကပ်နှင့် အဖြူရောင် ခပ်ပွပွအင်္ကျီကို ဝတ်ဆင်ထားသည့် လင်ချူးဆွေ့၏ ပုံရိပ်က ထင်ဟပ်နေခဲ့သည်။ သူမက ဖြောင့်တန်းသွယ်လျသည့် ခြေထောက်များကို ခြင်သုံးကောင်လောက်က ဝိုင်းကိုက်ထားပေသည်။

 

ထိုခြင်သေးသေးလေးများက တောင်ပိုင်း၏ ဝိသေသလက္ခဏာ ဖြစ်သည်။ ၎င်းတို့၏ အရွယ်အစားက အစက်အပျောက်လေးမျှသာ ရှိသော်လည်း ၎င်းတို့ ကိုက်ရာက ကြီးမားကာ ယားယံစေပေသည်။

 

လင်ချူးဆွေ့ ငယ်စဥ်က ခြင်အကိုက်ခံရပြီးနောက် အဖုများထလာသည့်အခါ မစ္စတာလင်ထံ ပြေးသွား၍ ငိုကြွေးခဲ့သဖြင့် မစ္စတာလင်က ထိုခြင်ကိုက်ရာများကို သူ့လက်သည်းဖြင့် ကြက်ခြေခတ်သဏ္ဌာန်ဖြစ်အောင် ထိုးဆိတ်ပေးရင်း အူလှိုက်သည်းလှိုက် ရယ်မောခဲ့ပေသည်။

 

လင်ချူးဆွေ့က ပီကေဝါးနေရင်း ခြင်ပြေးကပ်ခွာ ဝယ်ယူရန် ကုန်မျိုးစုံ စတိုးဆိုင်သို့ ဝင်ရောက်လာခဲ့သည်။

 

ပြောင်လက်နေသည့် အနက်ရောင်မာစီဒီးဘန့်ဇ်တစ်စီးက ကုန်မျိုးစုံ စတိုး၏ ဝင်ပေါက်တွင် ထိုးရပ်လာသည်။ မိုးရေဖြင့် ဆေးကြောထားမှုကြောင့် ကားတစ်စီးလုံးက တောက်ပြောင်နေပြီး အလွန် မျက်စိဖမ်းစားဖွယ်ရာပင် ဖြစ်သည်။

 

ဆိုင်ထဲသို့ ခြေချလိုက်သည့်အခါ သူမကို လေအေးပေးစက်၏ ခြောက်သွေ့ အေးစက်သည့် လေတို့က နှုတ်ဆက်လာသည်။ သူမသည် သူမ ခေါင်းက အနည်းငယ် ကြည်လင်သွားသလို ခံစားလိုက်ရ၏။

 

သူမက နေ့စဥ်သုံးလိုအပ်ချက်ပစ္စည်းများ ထားသည့် စင်ဘက်သို့ တည့်တည့် လျှောက်သွားကာ အအေးခံအဆီတစ်ပုလင်းကို ဆွဲယူလိုက်ပြီးနောက် သူမ အကြိုက်ဆုံး လီမွန်ဆိုဒါကို ယူရန် သောက်စရာပစ္စည်းများ ထားသည့် စင်ဘက် သက်သောင့်သက်သာ လျှောက်သွားလိုက်သည်။

 

တိတ်ဆိတ်နေသည့် ကုန်မျိုးစုံစတိုးအလယ်တွင် အမျိုးသားတစ်ယောက်၏ အလွန် ကျွမ်းကျင်သော အင်္ဂလိပ်စကားပြောသံက ကြည်လင်ပြတ်သားစွာ ထွက်ပေါ်လာသည်။ 

 

သူ၏ လေယူလေသိမ်းက အမှန်ပင် ဗြိတိသျှ လေယူလေသိမ်း ဖြစ်ပေသည်။

 

စင်များကို ဖြတ်လျှောက်သွားစဥ် လင်ချူးဆွေ့က သူမကို ဖြတ်ကျော်သွားသည့် လူငယ်ကို မြင်လိုက်ရသည်။

 

သူက ခပ်ပွပွ အားကစားအင်္ကျီကို ဝတ်ဆင်ထားသည်။ သူ့မျက်လုံးများက အလွန်နက်မှောင်ပြီး အရှေ့ဆံပင်များက အတော်လေး ရှည်လျားနေသည်။

 

သူက နွေရာသီအရုဏ်ဦး၏ နေရောင်ခြည်ကဲ့သို့ သန့်ရှင်းသပ်ရပ်ကာ ချောမောလှသည်။

 

သူက အင်္ဂလိပ်လို ဖုန်းပြောနေပြီး လီမွန်ဆိုဒါထံ ပျင်းရိစွာဖြင့် လက်လှမ်းလိုက်သည်။

 

စင်ပေါ်၌ လီမွန်ဆိုဒါက တစ်ဘူးသာလျှင် ကျန်ရစ်တော့သည်။

 

လင်ချူးဆွေ့က အလျင်အမြန် လှုပ်ရှားလိုက်သည်။ သူ့လက်ချောင်းက လီမွန်ဆိုဒါဘူးကို မထိခင် သူမက ယုန်တစ်ကောင်ကဲ့သို့ လျင်မြန်စွာဖြင့် ဆွဲယူလိုက်သည်။

 

လူငယ်လေး၏ အကြည့်က နောက်ပြန်ဆုတ်သွားသည့် သူမအပေါ်သို့ ပေါ့ပါးစွာ ကျရောက်သွားသည်။

 

သူမက ခပ်တိုးတိုး လေချွန်လိုက်ပြီး ဆောင့်ကြွားကြွားနှင့် အဝေးသို့ လျှောက်ထွက်သွားခဲ့သည်။

 

သူမအနောက်မှ လူငယ်လေးက အင်္ဂလိပ်လို တစ်စုံတစ်ခု ရေရွတ်လိုက်သည်အား ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ သူက ကျိန်ဆဲလိုက်ခြင်း ဖြစ်နိုင်ပေသည်။

 

သူနှင့် စကားပြောနေသူက 'ဘာဖြစ်တာလဲ' ဟု မေးလိုက်သည်။ ရွှီကျားနင်က တရုတ်လို ပြန်ပြောလိုက်၏။ အကျင့်မကောင်းတဲ့ လူနဲ့ တွေ့လို့လေ။ ဂရုစိုက်စရာ မလိုပါဘူး။" 

 

ငွေရှင်းကောင်တာ၌ လင်ချုးဆွေ့က Marlboros တစ်ထုပ်ပါ ဝယ်ယူခဲ့သည်။ သူမက နှာခေါင်းရှုံ့ရင်း ခပ်တိုးတိုး ရေရွတ်လိုက်၏။

 

"သောက်နိုင်ငံခြားသားအတုကောင်။"

 

ကုန်မျိုးစုံစတိုးမှ ထွက်ခွာလာပြီးနောက် သူမက ပီကေအား ထွေးထုတ်ပြီး မာစီဒီး၏ ကားပြတင်းပေါက်တွင် ကပ်သွားလိုက်သည်။

 

.......

 

ဗီလာက ကြီးမားသော်လည်း ဗလာကျင်းနေ၏။ များပြားလှသည့် သစ်လွင်တောက်ပြောင်သည့် အိမ်သုံးပစ္စည်းများနှင့် ပရိဘောဂများ ရှိနေသည့်တိုင် လင်ချူးဆွေ့က ဗလာဖြစ်နေသလို ခံစားနေရပြီး ထိုဗလာကျင်းနေမှုက သူမ၏ နှလုံးသားကို မလွယ်ကူသလို ခံစားရအောင် ပြုလုပ်နေသည်။

 

ဧည့်ခန်းထဲမှ မစ္စတာလင်၏ ကမ္ဗည်းတိုင်က သူမ အမေ၏ အဝေးသို့ ဖယ်ရှားခြင်းကို ခံလိုက်ရပြီး အဖြူရောင်နံရံပေါ်၌ ကြီးမားသည့် နေရာလွတ်တစ်ခုသာ ကျန်ရစ်ခဲ့သည်။

 

လင်ချူးဆွေ့က သူမအဖေ အခန်းရှိရာ အပေါ်ထပ်သို့ တက်သွားပြီး ဘေးဘက်ရှိ စားပွဲ၏ ဒုတိယမြောက်အံဆွဲထဲမှ ဘောင်သွင်းထားသည့် ဓာတ်ပုံတစ်ခုကို ထုတ်ယူလိုက်သည်။

 

အဖြူအမည်း ဓာတ်ပုံတွင် နေရောင်ကဲ့သို့ တောက်ပပြီး ရွှင်ပျသော မျက်လုံးများနှင့် ငယ်ရွယ်တက်ကြွသည့် စိတ်ဓာတ်မျိုးနှင့် ချောမောသည့် လူငယ်တစ်ယောက် ရှိသည်။

 

လင်ချူးဆွေ့၏ မှတ်ဉာဏ်များထဲ၌ သူက မည်သည့်အခါမှ မအိုမင်းတော့ဘဲ အမြဲတမ်း ထိုပုံသဏ္ဌာန်အတိုင်း ရှိနေတော့မည် ဖြစ်သည်။

 

မစ္စတာလင်က အခြားလူများကို ကယ်ဆယ်ရန် တာဝန် ထမ်းဆောင်ရင်း မီးထဲ၌ သေဆုံးခဲ့ရသည့် မီးသတ်သမားတစ်ယောက် ဖြစ်သည်။

 

သူက ပြည်သူ့သူရဲကောင်းအဖြစ် ချီးမြှောက်ခံခဲ့ရသော်လည်း လင်ချူးဆွေ့အတွက် သူမအဖေက သည်းမခံနိုင်လောက်သည့် စိတ်နှလုံး ပူဆွေးရာ ဖြစ်သည်။

 

လွန်ခဲ့သည့်နှစ်နှစ် မစ္စတာလင် ကွယ်လွန်သွားကတည်းက အဖေချစ်သမီးလေး လင်ချူးဆွေ့က ပုန်ကန်ထကြွတတ်သည့် အဆိုးအသွမ်းလေး ဖြစ်လာခဲ့သည်။

 

လင်ချူးဆွေ့က မစ္စတာလင်၏ အမှတ်တရဓာတ်ပုံကို နံရံထက်တွင် တစ်ဖန် ပြန်ချိတ်ဆွဲလိုက်ပြီး တည့်မတ်အောင် ချိန်ညှိပြီးနောက် သူမ၏ ကျောင်းလွယ်အိတ်ထဲမှ ကိုးမှတ်သာ ရသည့် သင်္ချာစာမေးပွဲ အဖြေလွှာကို ထုတ်ယူလိုက်သည်။

 

သူမက အဖြေလွှာစာရွက်ကို ထိုအမျိုးသား၏ ဓာတ်ပုံရှေ့၌ ချထားလိုက်ပြီး သူမ၏ နှုတ်ခမ်းထက်၌ ပုန်ကန်ထကြွသော အပြုံးလေးတစ်ခု ပေါ်ပေါက်လာသည်။

 

"သင်္ချာအဖြေလွှာ ကျေနပ်ရဲ့လား။"

 

"မကျေနပ်ဘူးလား။ ဒါဆို ပြန်လာပြီး သမီးကို ရိုက်လေ။"

 

"ဆရာချင် ပြောတာတော့ သမီးရဲ့ အမှတ်တွေက လူသေကိုတောင် ပြန်ရှင်လာအောင် လုပ်နိုင်တယ်တဲ့။" (T/N ဒေါသထွက်လွန်းလို့ သေတဲ့လူတောင် ထထိုင်လာမှာမျိုးပြောတာ)

 

လင်ချူးဆွေ့က အမှတ်တရ ဓာတ်ပုံထံ လက်ကို ဆန့်ထုတ်ပေးလိုက်ပြီး သူမ ငယ်ငယ်ကကဲ့သို့ အမှတ်မကောင်းသည့်အတွက် အရိုက်ခံရရန် မျှော်လင့်နေသည်။

 

မိနစ်အနည်းငယ်ကြာပြီးနောက် သူမက လက်ကို ပြန်ရုတ်လိုက်ပြီး အထင်အမြင်သေးဟန် နှာမှုတ်လိုက်သည်။

 

"လူလိမ်။"

 

သိပ်မကြာခင်၌ သူမ အမေက ဖုန်းခေါ်လာသည်။ "ရွှီမိသားစုရဲ့ သခင်လေးက ဒီနေ့ ပြောင်းလာလိမ့်မယ်။ သူက သမီးရဲ့ ကျောင်းမှာ တက်လိမ့်မယ်၊ ပြီးတော့ သူ့အမှတ်တွေကလည်း ကောင်းတယ်။ စာလေ့လာဖို့ အကူအညီလိုရင် သူ့ကို မေးလို့ ရတယ်။"

 

ဆိုဖာပေါ်မှာ လှဲကာ ဂိမ်းဆော့နေရင်း လင်ချူးဆွေ့က ဂရုမစိုက်စွာ တုန့်ပြန်လိုက်သည်။ "အိုး"

 

"သူ့အခန်းကို ပြင်ပြီးသွားပြီ။ ဒုတိယထပ်က စာကြည့်ခန်းပါတဲ့ အကြီးဆုံးအခန်းက သူ့အတွက်ပဲ။ သူ့ကို ယဥ်ယဥ်ကျေးကျေး ဆက်ဆံနော်။ အမေနဲ့ ဦးလေးရွှီတို့ လဝက်အတွင်း ပြန်လာခဲ့မယ်။"

 

"အိုခေ"

 

"အမေ့ကို ဝယ်လာပေးစေချင်တာမျိုး ရှိသေးလား။ Skincare တွေ အိတ်တွေ......"

 

"မလိုဘူး။"

 

လင်ချူးဆွေ့က skill တစ်ခု ထုတ်သုံးကာ ဂိမ်းထဲမှ သူမ ပြိုင်ဘက်ကို သတ်ပစ်၍ အလောင်းကို ရက်ရက်စက်စက် ကန်လိုက်သည်။

 

နိုင်ငံရပ်ခြား ဖုန်းခေါ်ဆိုမှု၏ အခြားတစ်ဖက်မှ မစ္စဖန်းက သက်ပြင်းချလိုက်သည်။

 

လင်ချူးဆွေ့က ဖုန်းခေါ်ဆိုမှုကို ဖြတ်တောက်လိုက်ပြီး မျက်နှာကြက်အား ငေးကြောင်ကြောင် စိုက်ကြည့်နေခဲ့သည်။

 

မစ္စတာလင် ကွယ်လွန်သွားပြီးသောအခါ မစ္စဖန်းသည်လည်း အချိန်အကြာကြီး စိတ်ဓာတ်ကျနေခဲ့သည်။

 

သို့သော် မကြာခင်၌ သူမကိုယ်သူမ နလန်ထူလာအောင် ပြုပြင်ခဲ့သည်။ ဤနှစ်တွင် သူမ၏ ဖန်းနင်ဘရန်းကို NYSE တွင် လူသိရှင်ကြား မိတ်ဆက်ခဲ့ပြီး ကြီးမားလှသည့် အရှိန်အဟုန်နှင့် အောင်မြင်မှုကို ရယူနိုင်ခဲ့သည်။ ဖန်းနင်က တစ်ကမ္ဘာလုံးရှိ လူငယ်များကြားတွင် ရေပန်းစားသည့် ခေတ်မီဘရန်းတစ်ခု ဖြစ်လာခဲ့၏။

 

လင်ချူးဆွေ့သည်လည်း သာမန်လူချမ်းသာကလေးတစ်ယောက် အဖြစ်မှ အခွင့်ထူးခံလူတန်းစားအဖြစ် ပြောင်းလဲသွားခဲ့သည်။

 

မကြာသေးခင်က မစ္စဖန်းသည် ဦးလေးရွှီနှင့် နောက်အိမ်ထောင်ပြုခဲ့သည်။ သူတို့က စီးပွားရေးပါတနာများအဖြစ် ပူးပေါင်းဆောင်ရွက်မှုအတွင်း အချစ်ကို တွေ့ရှိခဲ့ကြသည့် စစ်မှန်သည့် အင်အားကြီးစုံတွဲ ဖြစ်လေသည်။

 

သူတို့နှစ်ယောက်လုံးက ဒုတိယမြောက်အိမ်ထောင် ဖြစ်ကြပြီး ရိုးရှင်းစွာပင် လက်ထပ်မှတ်ပုံတင်ပြီးနောက် ကြီးမားသည့် မင်္ဂလာပွဲမျိုး မကျင်းပဘဲ နိုင်ငံရပ်ခြားသို့ ဟန်းနီးမွန်းခရီး ထွက်သွားခဲ့ကြသည်။ သူတို့က ကိစ္စများကို တိတ်ဆိတ်စွာ ကိုင်တွယ်ခဲ့ကြသည်။

 

လင်ချူးဆွေ့က သူမအမေ နောက်ထပ် လက်ထပ်သွားခြင်းအပေါ် မည်သည့် ထင်မြင်ချက်မှ မရှိပေ။ သူမ၏ တစ်ခုတည်းသော စိတ်အနှောက်အယှက် ဖြစ်ရမှုမှာ မစ္စဖန်းက မစ္စတာလင်၏ အမှတ်တရ ကမ္ဗည်းတိုင်ကို ဖြုတ်ချပြီး ဘီရိုထဲ ထည့်သိမ်းပစ်လိုက်ခြင်းကို ဖြစ်သည်။

 

မစ္စတာလင်က အမှောင်ကို ကြောက်ပြီး အထူးသဖြင့် တစ်ယောက်တည်း နေထိုင်ရခြင်းကို မနှစ်သက်ပေ။

 

ထို့ကြောင့် လင်ချူးဆွေ့က မစ္စတာလင်၏ အဖြူအမည်းဓာတ်ပုံများကို ပရင့်ထုတ်ကာ ဧည့်ခန်း၊ ထမင်းစားခန်း၊ အိပ်ခန်း နေရာအနှံ့တွင် ချိတ်ဆွဲထားခဲ့သည်။

 

ကြီးမား၍ ဗလာကျင်းနေသော အိမ်ထဲ၌ မစ္စတာလင်၏ တောက်ပရွှင်မြူးသော အကြည့်တို့ ရှိသည့် ဓာတ်ပုံတို့ဖြင့် ပြည့်နှက်နေပြီး အယုတ်စွဆုံး ရေချိုးခန်းထဲ၌ပင် ရှိလေသည်။

 

မစ္စဖန်းက အလွန် ဒေါသဖြစ်စွာဖြင့် သူမ၏ အင်္ကျီကော်လာကို ဆွဲကာ ဆူပူခဲ့သည်။ "နင့် အဖေက သေပြီ။ သူ တခြားလူတွေကို သွားကယ်တဲ့ အချိန်တုန်းက နင့် အမေနဲ့ နင့်ကို သူ လုံးဝ မတွေးခဲ့ဘူး။ သူက ငါတို့ကို စွန့်ပစ်သွားပြီး ဘယ်တော့မှ ပြန်လာတော့မှာ မဟုတ်ဘူး။ အဖြစ်မှန်ကို ရင်ဆိုင်လိုက်စမ်းပါ။ သေတဲ့လူက သေသွားပေမယ့် အသက်ရှင်နေသေးတဲ့ လူတွေက ဆက်ရှင်နေရဦးမှာပဲ။"

 

လင်ချူးဆွေ့က ခေါင်းမာမာနှင့် အံကြိတ်လိုက်ပြီး သူမ မျက်လုံးများက အနည်းငယ် နီရဲနေကာ အသံတိုးတိုးနှင့် ပြတ်ပြတ်သားသား ပြောလိုက်သည်။ "သူ ပြန်လာမှာ။"

 

မစ္စဖန်းက သူမ သမီးနှင့် ဤကဲ့သို့ နှစ်ဝက်ကြာအောင် ဖျောင်းဖျရင်း လုံးထွေးသတ်ပုတ်နေခဲ့ပေမယ့် မိန်းကလေးက နွားသိုးတစ်ကောင်ကဲ့သို့ ခေါင်းမာလှသည်။

 

ထို့နောက် မစ္စဖန်းက သူမ၏ စီးပွားရေးလုပ်ငန်းများနှင့် အလုပ်ရှုပ်နေခဲ့ပြီး ထိုကိစ္စနှင့် ပတ်သက်၍ စိတ်ရှုပ်မခံနိုင်တော့ပေ။

 

တာဝန်ယူစရာများနှင့် သက်လတ်ပိုင်းအရွယ် မုဆိုးမတစ်ယောက်က သူမသမီးကဲ့သို့ အမှတ်ရစရာများကို ဖက်တွယ်နေရန် အချိန်မရှိခဲ့ပေ။

 

ဓာတ်ပုံအတွင်းမှ မစ္စတာလင်၏ တောက်ပရွှင်မြူးသော အပြုံးတို့ကို ကြည့်ရင်း လင်ချူးဆွေ့က စိတ်ဆိုးမာန်ဆိုးနှင့် ပြောလိုက်သည်။ "အဖေ့ အမျိုးသမီးက တခြားတစ်ယောက်နဲ့ လိုက်ပြေးသွားပြီ"

 

အဖြူအမည်းဓာတ်ပုံထဲမှ အမျိုးသားက သဘောထားကြီးစွာဖြင့် ဆက်၍ ပြုံးနေခဲ့ပြီး တိတ်ဆိတ်နေဆဲ ဖြစ်၏။

 

.....................

 

မကြာခင်၌ အိမ်အပြင်ဘက်မှ ကျယ်လောင်သည့် ကားဟွန်းတီးသံ ထွက်ပေါ်လာသည်။

 

လင်ချုးဆွေ့က ၎င်းကို လျစ်လျူရှုလိုက်ပြီး ဂိမ်းဆက်ဆော့နေသည်။ ဟွန်းသံများက ဆက်တိုက် ထွက်ပေါ်လာနေ၏။

 

ဤနေရာက အဆင့်မြင့်ဗီလာရပ်ကွက်ဖြစ်သည်။ မည်သူက ထိုမျှ ဆိုးဝါးသည့် အမူအကျင့် ရှိနေပါသနည်း။

 

သူမက အခြေအနေကို ကြည့်ရှုရန် ကြမ်းပြင်မှ မျက်နှာကြက်အထိ ရှိသည့် ပြတင်းများထံ လျှောက်သွားလိုက်သည့်အခါ မိုးရွာပြီး သာလာသည့် နေရောင်အောက်၌ တောက်ပနေသော အနက်ရောင်မာစီဒီးတစ်စီးက သူမ အိမ်၏ ဝင်ပေါက်တွင် ပြောင်ပြောင်တင်းတင်း ရပ်ထားသည်ကို မြင်လိုက်ရသည်။

 

သူမ၏ ပထမဆုံးအတွေးမှာ 'သောက်နိုင်ငံခြားသားအတု' က သူမ ကပ်ခဲ့သည့် ပီကေကြောင့် စာရင်းရှင်းရန် လိုက်လာခြင်းဟု ဖြစ်သည်။

 

သို့ပေမယ့် ၎င်းက မဖြစ်နိုင်ပေ။ ထိုသည်က ပီကေသေးသေးလေး တစ်ခုသာလျှင် ဖြစ်သည်။

 

လူငယ်လေးက ကားထဲမှ တည်ငြိမ်စွာ ထွက်လာပြီး သူ၏ ခြေတံရှည်များက မိုးရေဖြင့် ဆေးကြောခြင်း ခံထားရသည့် မြေပေါ်တွင် ပို၍ပင် ထင်ရှားပေါ်လွင်နေခဲ့သည်။

 

ရွှီကျားနင်က ဝေ့ဝဲကြည့်လိုက်ပြီး သူ့အကြည့်တို့က တံခါးဘေး၌ ရပ်နေသည့် လင်ချူးဆွေ့အပေါ်သို့ ပျင်းရိစွာ ကျရောက်သွားသည်။

 

သူတို့နှစ်ယောက်က တစ်ယောက်နှင့် တစ်ယောက် သုံးစက္ကန့်လောက် စိုက်ကြည့်နေခဲ့ကြပြီး နှစ်ယောက်လုံးက တစ်ချိန်တည်းတွင် ကြိတ်၍ ဆဲရေးလိုက်လေ၏။

 

.........

 

ထို 'နိုင်ငံခြားသားအတု' က ဗြိတိန်မှ ပြောင်းလာခြင်း ဖြစ်သည်။ သူ၏ ကိုယ်ပိုင်အိမ်၌ လဝက်ခန့် နေပြီးနောက် လင်ချူးဆွေ့အိမ်သို့ ပြောင်းရွှေ့လာခဲ့သည်။ သူ၏ ပစ္စည်းများက ကြီးမားသည့် ခရီးဆောင်လက်ဆွဲသေတ္တာ သုံးခုလုံး အပြည့်ပင် ဖြစ်သည်။

 

မစ္စဖန်းက ထိုကုန်မျိုးစုံဆိုင်မှ သူမ၏ 'ပထွေးပါအစ်ကို' ဖြစ်သူအတွက် ဒုတိယထပ်မှ အကြီးဆုံးအခန်းကို ပြင်ဆင်ပေးထားပြီး စာကြည့်ခန်းအသေးလေးကိုပင် ထပ်ပေါင်းထည့်ပေးထားသည်။

 

တံခါးဘောင်ကို မှီကာ ရပ်နေပြီး လင်ချူးဆွေ့က သူ့ အထုပ်များ ဖြည်နေသည်ကို အမူအရာမဲ့စွာ စောင့်ကြည့်နေခဲ့၏။

 

သူ့တွင် ပစ္စည်းများစွာ ရှိသော်လည်း အရာအားလုံးကို တို့ဖူးတုံးများကဲ့သို့ သပ်သပ်ရပ်ရပ် ထုပ်ပိုးထားသည်။

 

ထုပ်ပိုးသည့်အခါ အဝတ်အစားများ၊ ပစ္စည်းပစ္စယများကို ပစ်ထည့်တတ်သည့် သူမနှင့် မတူပေ။

 

"ဦးလေးရွှီရဲ့ သားလား။"

 

"အင်း"

 

"မှတ်ပုံတင်ရှိလား။"

 

ရွှီကျားနင်က ရပ်တန့်သွားပြီးနောက် သူ့ ကျောင်းပိုင်းဆိုင်ရာ စာရွက်စာတမ်းများကြားမှ passport ကို ထုတ်ယူ၍ သူမအား ကမ်းပေးလိုက်သည်။

 

တာဝန်ရှိ မြေပိုင်ရှင်တစ်ယောက်ကဲ့သို့ သူမက ရွှီကျားနင်၏ နိုင်ငံကူးလက်မှတ်ကို အသေးစိတ် ကြည့်ရှုစစ်ဆေးလိုက်သည်။

 

၎င်းရှိ ဓာတ်ပုံတွင် ဗြိတိန်လူကြီးလူကောင်းကဲ့သို့ ဝတ်ဆင်ထားသည့် အတော်လေး ငယ်ရွယ်သေးသော ရွှီကျားနင်ကို မြင်တွေ့လိုက်ရသည်။ ထို 'နိုင်ငံခြားသားအတု' မှာ အပြုအမူကောင်းများနှင့် ကြီးပြင်းလာသည့် တစ်စုံတစ်ယောက် ဖြစ်ဟန်တူသည်။

 

သူတို့နှစ်ယောက်က အချင်းချင်း စိတ်အခန့်မသင့်စရာ အခြေအနေမျိုးနှင့် စတင်တွေ့ဆုံခဲ့ခြင်း ဖြစ်သော်လည်း သူတို့က တစ်အိမ်တည်းတွင် အတူနေရမည့် ဆက်ဆံရေးကြောင့် အချင်းချင်း ယဥ်ကျေးချင်ယောင် ဆောင်နေကြသည်။

 

ရွှီကျားနင်က ပြောလိုက်သည်။ "မင်းရဲ့ အဆင့်တွေက မကောင်းလို့ မင်း အမေက ငါ့ကို စာသင်ပေးဖို့ တောင်းဆိုထားတယ်။"

 

လင်ချူးဆွေ့က ရန်စလိုဟန်ဖြင့် ပီကေကို ဝါးရင်း ပြန်ပြောလိုက်သည်။ "ငါ့ အဆင့်တွေက အဆင်ပြေပါတယ်။"

 

ရွှီကျားနင်၏ အကြည့်များက စားပွဲပေါ်မှ သူမ၏ ကိုးမှတ်သာ ရသော သင်္ချာအဖြေလွှာပေါ် တည်ငြိမ်စွာ ကျရောက်သွားသည်။

 

"အင်း အတော်လေး ကောင်းပါတယ်။" သူ့လေသံက သိသိသာသာ အထင်အမြင်သေးလျက် ရှိသည်။

 

လင်ချူးဆွေ့က ထပ်မေးလိုက်သည်။ "ငါ ကြားတာတော့ နင့်အဆင့်တွေက တော်တော်လေး ကောင်းတယ်ဆို။ မကြာခင် အဖြေထွက်လာတော့မယ့် အထက်တန်းကျောင်း ဝင်ခွင့်စာမေးပွဲမှာ ပထမရဖို့ ယုံကြည်ချက် ရှိတယ်ပေါ့။"

 

"အမှတ်ပြည့်နဲ့ သိပ်ကွာမှာ မဟုတ်ဘူး။" ရွှီကျားနင်၏ လေသံထဲ၌ ဂုဏ်ယူဝင့်ကြွားဟန်တို့ ပါဝင်နေသည်။

 

သူမ၏ နှုတ်ခမ်းတို့က အထင်အမြင်သေးစွာ တွန့်ချိုးသွားပြီး ပီကေအား ပူဖောင်းတစ်ခု မှုတ်လိုက်သည်။

 

"အိုး"

 

ကိုယ့်ကိုယ်ကိုယ် အရမ်းအထင်ကြီးနေတာ မဟုတ်ဘူးလား။

 

"သန့်စင်ခန်း ဘယ်မှာလဲ။" ရွှီကျားနင်က မေးလိုက်သည်။

 

"အပြင်ဘက်ခန်းမ အဆုံးမှာ။"

 

လင်ချူးဆွေ့က သူ ဖြတ်သွားနိုင်ရန် ဘေးသို့ ရွှေ့ပေးလိုက်သည်။ သူ ဘေးမှ ဖြတ်လျှောက်သွားသည့်အခါ သူမက သူ၏ ယောက်ျားဆန်ဆန် ပေါ့ပါးသည့် ရနံ့တစ်ခုကိုပင် ရလိုက်သေးသည်။ 

 

သူမက ခပ်တိုးတိုး ရေရွတ်လိုက်၏။ "သောက်နိုင်ငံခြားသားအတုက အချောလေးပဲ။"

 

သူမ၏ စကားကို ကြားလိုက်ရသည့် ရွှီကျားနင်က သူ၏ မကျေနပ်မှုကို ဖော်ပြရန် သန့်စင်ခန်းတံခါးကို ဆောင့်ပိတ်လိုက်သည်။

 

မည်သူ့ကိုမှ အကျောမခံသော လင်ချုးဆွေ့က တံခါးနားသို့ သွားကာ အော်လိုက်သည်။ "နင် ဒီအိမ်က ပစ္စည်းတစ်ခုခုကို ဖျက်ဆီးမိရင် အပြည့်ပြန်လျော်ပေးရမှာနော်။"

 

တခြားလူရဲ့ အိမ်မှာ ရောက်နေတာတောင် အရမ်း သွေးကြီးနေတုန်းလား။

 

အချိန်အနည်းငယ်ကြာအောင် တိတ်ဆိတ်သွားပြီးနောက် ရွှီကျားနင်၏ ဒေါသများ ဖိနှိပ်ထားရဟန် အသံက သန့်စင်ခန်းထဲမှ ထွက်ပေါ်လာသည်။ "သန့်စင်ခန်းထဲမှာ ဘာလို့ ယောက်ျားတစ်ယောက်ရဲ့ ဓာတ်ပုံရှိနေရတာလဲ။"

 

"အဲဒါ ငါ့ အဖေ။"

 

"မင်း အဖေရဲ့ ဓာတ်ပုံကို ဘာလို့..... သန့်စင်ခန်းထဲမှာ ထားထားရတာလဲ။"

 

"နင့်အပူ မပါဘူး။" လင်ချုးဆွေ့က ထိုနေရာမှ ထွက်သွားနေရင်း ရန်လုပ်ကာ ပြောလိုက်သည်။ "မသုံးချင်ရင် ထွက်သွားလိုက်။ အိမ်တံခါးကနေ ထွက်သွားပြီး ဘယ်ကို ချိုးလိုက်ရင် အများသုံး သန့်စင်ခန်းတွေ ရှိတယ်။"

 

...........

 

လင်ချုးဆွေ့က အခန်းထဲ ဝင်လာကာ သော့ပိတ်လိုက်ပြီး အိပ်ရာပေါ်၌ လှဲရင်း iPad သုံးနေသည်။ ထိုအချိန်၌ သူမ အတန်းမှ WeChat group က စည်ကားနေသည်။

 

သူတို့ အထက်တန်းကျောင်း ဝင်ခွင့်စာမေးပွဲ အဆင့်များကို အဖွဲ့အတွင်း၌ အခုလေးတင် ကြေညာလိုက်သဖြင့် ဆွေးနွေးမှုများက ပေါက်ကွဲထွက်လာသည်။

 

"အဲဒီကျောင်းပြောင်းလာတဲ့ ရွှီကျားနင်က အရမ်း အံ့သြစရာကောင်းတာပဲ။"

 

"အင်္ဂလိပ်စာကို အမှတ်ပြည့်ရတယ်လား။ ဘယ်လိုတောင်လဲ။ ကျောင်းတစ်ကျောင်းလုံးမှာ အကောင်းဆုံး အမှတ်ပဲ။" 

 

"သင်္ချာမှာတောင် ငါးမှတ်ပဲ လျော့တယ်။ သူက မယုံနိုင်စရာပဲ။”

***