Ch 2
Viewers 247

အပိုင်း ( ၂ )


လင်ချုးဆွေ့သည် ထပ်တလဲလဲ အတည်ပြုပြီးနောက် သူတို့ ဆွေးနွေးနေကြသည့် 'ရွှီကျားနင်' မှာ သန့်စင်ခန်းထဲ၌ သူမ အဖေ အမှတ်တရဓာတ်ပုံ၏ စိုက်ကြည့်ခြင်းကို ခံနေရသော ဝမ်းချုပ်နေသည့် 'နိုင်ငံခြားသားအတု' ကို ပြောနေခြင်း ဖြစ်ကြောင်း သိလိုက်လေသည်။


သူမက မျက်လုံးကို လှိမ့်လိုက်သော်လည်း သူမ၏ အတန်းဖော်များ ပြောနေသည်ကို မြင်လိုက်ရသည်။


"ရွှီကျားနင်က ပထမနေရာနဲ့ ထိုက်တန်တယ်။" 


"မဟုတ်ဘူး။ သူက ဒုတိယနေရာပဲ ရတာ။"


"ဘာ သူက ဒီလောက်တော်တာတောင် ဒုတိယနေရာတဲ့လား။ ပထမက ဘယ်သူလဲ။" 


"ရှောက်ယန်"


ထိုနာမည်ထွက်လာသည့်အခါ group တစ်ခုလုံးက ဆယ်စက္ကန့်လောက် ငြိမ်သက်သွားလေသည်။ 


လင်ချူးဆွေ့က ထိုနာမည်ကို အနည်းငယ် ရင်းနှီးသလို ခံစားလိုက်ရသော်လည်း ထူးခြားသည့် ထင်မြင်ချက် မရှိခဲ့ပေ။


ထိုသူက သူမတို့အတန်းမှ အဆင့်ကောင်းသော ထိပ်တန်း ကျောင်းသားလေး တစ်ယောက် ဖြစ်နိုင်သည်။ ထို့ကြောင့်သာ သူမက ထိုနာမည်နှင့် ရင်းနှီးနေခြင်း ဖြစ်ရပေမည်။ 


.............


နောက်တစ်နေ့တွင် လင်ချူးဆွေ့ ကျောင်းရောက်လာသည့်အခါ သူမနှင့် အောက်ခြေနှင့် ကပ်အောင် အဆင့်နည်းလှသည့် ကျောင်းသားများက အတန်းပိုင်ဆရာ ရုံးခန်းသို့ အခေါ်ခံလိုက်ရသည်။ 


ဆရာချင်က အနက်ရောင်ဘောင်ကွပ်သည့် မျက်မှန်တစ်လက်ကို ဝတ်ဆင်ထားပြီး အနက်ရောင်ပြောင် ရှပ်အင်္ကျီလက်တိုကို ဘောင်းဘီအတွင်း ထည့်၍ သပ်ရပ်စွာ ဝတ်ဆင်ထားသည်။ သူ၏ ခါးပတ်က အလွန်တောက်ပနေပြီး သူ့ လည်သာရှူးဖိနပ်ကလည်း သန့်ရှင်းတောက်ပြောင်နေသည်။


ဆရာချင်က ပြီးခဲ့သည့် ပညာသင်နှစ်၌ ခရိုင်အမျိုးသားအလယ်တန်းကျောင်းမှ ပြောင်းရွှေ့လာသည့် အကြီးတန်းဆရာတစ်ယောက် ဖြစ်သည်။ သူ၏ ကျောင်းသားများအပေါ် လိုအပ်ချက်က အလွန် မြင့်မားပြီး စည်းကမ်းလည်း အလွန် တင်းကျပ်လှသည်။


"ပုပ်နေတဲ့ ရွှံ့ညွန်က နံရံကို မထောက်ကန်ပေးနိုင်ဘူး။" 


"ဒီလိုအဆင့်တွေလောက်နဲ့ မင်းတို့တွေ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဘယ်လို အောင်နိုင်မှာလဲ။ မင်းတို့ကိုယ်တိုင် ကြိုးစားကြမှ ရမှာ"  


သူက ကျောင်းသားများ၏ အဆင့်သတ်မှတ်ချက်စာရင်းကို လိပ်ကိုင်ကာ သူ့ရှေ့မှ ကျောင်းသားများ၏ ခေါင်းကို တစ်ယောက်ချင်း ရိုက်လိုက်သည်။ 


လင်ချူးဆွေ့တစ်ယောက်သာ မိန်းကလေး ဖြစ်သည့်အတွက် သူက သူမကို ကျော်သွားပေးလိုက်သော်လည်း သူမအား ရက်စက်စွာ စိုက်ကြည့်လိုက်၏။ " လင်ချူးဆွေ့ မင်းရဲ့ သင်္ချာအမှတ်က အတော်လေး အထင်ကြီးဖို့ ကောင်းတာပဲ။" 


"ဟုတ်လား။" 


"ကိုးမှတ်" ဆရာချင်က အဖြေလွှာကို ဒေါသတကြီး ယမ်းလိုက်သည်။ "ငါ့ မျက်စိကို မှိတ်ပြီး ခြေထောက်နဲ့ ရေးရင်တောင် ကိုးမှတ်ထက် ပိုရလိမ့်ဦးမယ်။" 


လင်ချူးဆွေ့က ဂရုမစိုက်ဟန် ပခုံးတွန့်လိုက်သည်။ "တကယ်တော့ သမီးက ၂၇ မှတ် ရသင့်တာ။ နောက်ဆုံး မေးခွန်း ပုစ္ဆာကြီးမှာ သင်္ချာဆရာက သမီးရဲ့ အမှတ်တွေကို အနုတ်ဖြစ်အောင် လျှော့ပစ်လိုက်တယ်လေ။" 


"အမှတ်ကို အနုတ်ဖြစ်အောင် လျှော့တယ်ဆိုတာ ဖြစ်နိုင်လို့လား။" 


သူမဘေး၌ ရပ်နေသည့် အတန်းဖော်လုချီက ရယ်မောရင်း ပြောလိုက်သည်။ "နောက်ဆုံး မေးခွန်းပုစ္ဆာကို သူမက ဘယ်လိုတွက်ရမလဲ မသိတာကြောင့် အဲဒီအစား ဆရာကို ချီးကျူးတဲ့ ကဗျာတစ်ပုဒ် ရေးလိုက်တယ်လေ။" 


ဆရာချင်က အလွန် ဒေါသထွက်လာသောကြောင့် သူ့ဆံပင်များပင် ထောင်ထလာတော့မလို ခံစားလိုက်ရသည်။ "မင်းက သင်္ချာအဖြေလွှာမှာ ကဗျာရေးလိုက်တယ် ဟုတ်လား။" 


လုချီက ထိုအခြေအနေကို အလွန် သဘောကျနေပြီး မီးထဲသို့ လောင်စာထပ်ထည့်ခဲ့သည်။ "အဲဒါက သံစဥ်လေးတောင် ဖြည့်ထားတဲ့ ချီးမြှောက်ကဗျာတစ်ပုဒ်ပဲ။" 


"လင်ချူးဆွေ့ မနက်ဖြန် မင်း မိဘတွေ ကျောင်းကို ခေါ်လာခဲ့။" 


လင်ချူးဆွေ့က အကူအညီမဲ့စွာ ပြောလိုက်သည်။ "သမီး အမေက ပထွေးနဲ့ အတူ စကန်ဒနေးဗီးယန်ကျွန်းကို ဟန်းနီးမွန်း ထွက်သွားတယ်။" 


ဆရာချင်တွင် အလွန်ဆိုးဝါးသည့် ဒေါသရှိသည်။ သူက သူမ၏ အကြောက်အရွံ မရှိသော ဂရုမစိုက်သည့် သဘောထားကို မြင်သည့်အခါ ဒေါသတကြီးနှင့် စကားတစ်ခွန်းက နှုတ်မှ လွှတ်ခနဲ ထွက်သွားခဲ့သည်။ "မင်း အမေက ဟန်းနီးမွန်း ထွက်သွားတယ်ဆိုတော့ မင်း အဖေက သေပြီလား။" 


ထိုစကားများ ထွက်လာသည်နှင့် သူတို့အနီးမှ ကောင်လေးများက တစ်ချိန်တည်းလိုလို တိတ်ဆိတ်သွားပြီး လေထုက စက္ကန့်များစွာ အေးခဲသွားသည်။


လင်ချူးဆွေ့၏ နဖူးကြောက တွန့်ရှုံ့လာပြီး သူမ မျက်နှာက တဖြေးဖြေး မည်းမှောင်လာသည်။


ဆရာချင်က သူတို့အတန်းကို နှစ်ဝက်မှ ဖြတ်ကာ တာဝန်ယူခဲ့ရသည့်အတွက် လင်ချူးဆွေ့တို့ မိသားစု အခြေအနေကို မသိခဲ့ပေ။ သူက ဆက်ပြောလိုက်သည်။ "နေ့လယ်ခင်းကျရင် မင်းအဖေကို ခေါ်လာခဲ့။" 


နောက်ဆုံးတွင် အတန်းဖော်များက ဆက်၍ နားမထောင်နိုင်တော့ဘဲ ခပ်တိုးတိုး ပြောလိုက်သည်။ "ဆရာချင် လင်ချူးဆွေ့ရဲ့ အဖေက တကယ်ပဲ....."


ထိုအချိန်၌ ရုံးခန်းတံခါးခေါက်သံ ထွက်ပေါ်လာပြီး အနက်ရောင်တီရှပ်တစ်ထည် ဝတ်ဆင်ထားသည့် ဆယ်ကျော်သက်တစ်ယောက်က ရုံးခန်းထဲသို့ လျှောက်ဝင်လာသည်။ 


ရှောက်ယန် ဝင်လာသောအခါ ပြတင်းပေါက်မှ ဖြတ်ဝင်လာသည့် မနက်ခင်း နေရောင်ခြည်က သူ၏ ဖြူဖျော့ ရှင်းသန့်သည့် အသားအရေပေါ် ကျရောက်လာသည်။ 


နေရောင်ခြည်က သူ၏ နက်ရှိုင်းသည့် အနက်ရောင်မျက်လုံးများထဲ၌ ရောင်ပြန်ဟပ်နေကာ ၎င်းတို့ကို ကြည်လင်သန့်စင်နေစေသည်။ 


"ဆရာ ကျွန်တော့်ကို ရှာနေတာလား။" 


ရှောက်ယန်က ပြန့်ကျဲနေသည့် မနက်ခင်းနေရောင်ခြည်၏ အလင်းအောက်တွင် ရုံးခန်းထဲ လျှောက်ဝင်လာသည်။


"ဆရာ ကျွန်တော့်ကို ရှာနေတာလား။" 


သူ့တွင် အနက်ရောင်ဆံပင်တိုနှင့် နဖူးကျယ်ကျယ်ရှိပြီး အေးစက်၍ သီးခြားဆန်သော အရှိန်အဝါတို့ကို ထုတ်လွှတ်နေသည်။ သူက အင်္ကျီလက်များကို သပ်ရပ်စွာ ခေါက်တင်ထားပြီး သူ၏ အေးစက်ကာ ဖျော့တော့သည့် အသားအရေကို ဖော်ပြထားသည်။ 


ရုံးခန်းထဲရှိ လူဆိုးလူပေလေးများနှင့် ယှဥ်လျှင် သူက နွေရာသီ၏ လေပြေညင်းလေးကဲ့သို့ သန့်ရှင်းလတ်ဆတ်နေပေသည်။ 


လင်ချူးဆွေ့ဘေးမှ ဖြတ်သွားသည့်အခါ သူ့အကြည့်များက လက်ဖဝါးပေါ်သို့ ကျဆင်းလာသည့် နှင်းစက်များက အစအနမကျန် ပျော်ဝင်ပျောက်ကွယ်သွားသကဲ့သို့ သူမအပေါ်ကို ခဏလေးသာ ရှပ်ပြေးသွားခဲ့သည်။ 


သို့သော် လင်ချူးဆွေ့၏ နှလုံးသားထဲ၌ မြင့်တက်လာသည့် ထူးဆန်းမှုတစ်ခုကို ခံစားလိုက်ရသည်။ 


ရှောက်ယန် ဝင်လာသည်ကို မြင်ပြီးနောက် ဆရာချင်က ဝမ်းသာအားရ ဖြစ်သွားသည်။ "ရှောက်ယန် လာထိုင်လှည့်။" 


မျှော်လင့်ချက်မဲ့နေသည့် ကောင်လေးများအားလုံးက မျက်လုံးများ ပြူးကျယ်စွာဖြင့် ရှောက်ယန် ဝင်ထိုင်လိုက်သည်ကို ကြည့်နေကြသည်။ ဆရာချင်က သူ့အတွက် ကိုယ်တိုင်ကိုယ်ကျ ရေတစ်ခွက် ထည့်ပေးလိုက်သည်။ 


"မင်းက ငါတို့ အတန်းက မဟုတ်ပေမယ့် ဒီစာသင်နှစ်ရဲ့ ဝင်ခွင့်စာမေးပွဲမှာ ထူးချွန်တဲ့ ရလဒ်တွေ ရအောင် လုပ်နိုင်ခဲ့တယ်။"


"ငါတို့ စီနီယာအတန်းက အတန်း A နဲ့ B ဆိုပြီး ပြန်ဖွဲ့စည်းလိမ့်မယ်။ ငါက အတန်း B ကို တာဝန်ယူရမှာ။" 


"ငါက အမှတ် ၁ အလယ်တန်းကျောင်းကို ပြီးခဲ့တဲ့နှစ်ကမှ ရောက်လာတာ ဆိုပေမယ့် ခရိုင်အမျိုးသားအလယ်တန်းကျောင်းမှာ စီနီယာအတန်းကို ဆယ်နှစ်လောက် သင်ပေးခဲ့တာ။ အဲဒါကြောင့် ငါက အတန်း A က ဆရာရွှီထက် ပိုပြီး အတွေ့အကြုံရှိတယ်။ ပြန်လည်ဖွဲ့စည်းမှုအတွင်းမှာ မင်း ငါ့ကို ယုံကြည်ဖို့ ဆန္ဒရှိရင် ငါ့ရဲ့ အတန်း B ကနေ မင်းကို သေချာပေါက် ကြိုဆိုပါတယ်။" 


၎င်းက သိသိသာသာပင် ကျောင်းသားကို ပြောင်ပြောင်တင်းတင်း လုယက်နေခြင်း ဖြစ်ပေသည်။ 


မည်မျှအရှက်မဲ့လိုက်သနည်း။ 


အတန်း A ၏ ဆရာရွှီက ငယ်ရွယ်ကာ လုပ်နိုင်စွမ်းရှိပြီး ကျောင်းသားများက နှစ်သက်ရုံမက ကျောင်းအုပ်ကြီး၏ တန်ဖိုးထားခြင်းကိုလည်း ခံရသည်။


ဆရာချင်က အရှက်မရှိဘဲ သူ့ကျောင်းသားများကို ပြောင်ပြောင်တင်းတင်း လုယက်လိမ့်မည်ဟု မည်သူက ထင်ပါမည်နည်း။ 


ရှောက်ယန်၏ တည်ငြိမ်နေမှုကို မြင်သည့်အခါ ဆရာချင်က ဆက်ပြောလိုက်သည်။ "ငါတို့ရဲ့ အတန်း B က အတန်းထက် ပျမ်းမျှအဆင့်သတ်မှတ်ချက်မှာ နိမ့်ပေမယ့် ငါတို့အတန်းသားတွေက အသက်ဝင်ပြီး တက်ကြွမှုအပြည့် ရှိတယ်။ အတန်းက နွေးထွေးပြီး သဟဇာတဖြစ်တဲ့ ပတ်ဝန်းကျင်မျိုး ရှိတယ်။ မင်း ငါတို့ အတန်းထဲမှာ မိသားစုကြီးတစ်ခုရဲ နွေးထွေးမှုမျိုးကို ခံစားရလိမ့်မယ်လို့ ယုံကြည်တယ်။"


လင်ချူးဆွေ့ဘေးရှိ အားကစားအသင်းမှ ကောင်လေးများက ကျိတ်ရယ်လိုက်ကြသည်။ 


"ဟုတ်တယ်။ ငါတို့ အတန်းကို လာခဲ့။ မိသားစုလို နွေးထွေးမှုကို ခံစားစေရမယ်။" 


"လာခဲ့... လာခဲ့။ ဒယ်ဒီ မင်းကို ချစ်ပါရစေ။" 


"အဖိုးကလည်း မင်းကို ချစ်ပေးရမှာပေါ့။" 


.........


ဆရာချင်က သူတို့ထံသို့ ခွက်ဖြင့် ပစ်ပေါက်လိုက်သည်။ ကောင်ဆိုးလေးများက ဘေးသို့ ရှောင်လိုက်ကြပြီး သူတို့ မျက်နှာထက်တွင် စိတ်အနှောက်အယှက် ဖြစ်စေသော အပြုံးတို့ ရှိနေဆဲ ဖြစ်သည်။


အတန်း B က မြေခွေးများ ကျားရဲများ၏ သားရဲတွင်း ဖြစ်သည်မှာ ရှင်းလင်းနေပြီး သတ္တိရှိလျှင် စမ်းကြည့်နိုင်ပေသည်။ 


ဆရာချင်၏ လက်က ဒေါသတကြီး လှုပ်ယမ်းသွားသည်။ "ပြန်လည်ဖွဲ့စည်းမှု အဆုံးသတ်သွားရင် ငါ မင်းတို့ကို အရင်ဆုံး ကန်ထုတ်ပစ်မယ်။ ဆန်ပြုတ်ကို ပျက်စီးအောင်လုပ်နေတဲ့ ကြွက်ချေးတွေ။ သာမန်အတန်းမှာ သွားရှုပ်နေလိုက်။ ငါ့ရဲ့ ဂုဏ်ထူးဆောင်အတန်းမှာ လာမရှုပ်နဲ့။ ထွက်သွား" 


သူက သူတို့ကို ရုံးခန်းထဲမှ မောင်းထုတ်လိုက်သည်။ 


ကောင်လေးများက ဟေးဟေးဟားဟား အော်ဟစ်ရင်း ဘတ်စကက်ဘော ကစားရန် ထွက်သွားခဲ့ကြသည်။ 


"သွားကြမယ် ညီအစ်ကိုချူး။ နည်းနည်းလောက် သွားကစားကြမယ်။" 


လင်ချူးဆွေ့က တွေဝေနေပြီး ရုံးခန်းထဲသို့ ပြန်လှည့်ကြည့်လိုက်သည်။ 


ဆရာချင်က ထို 'မယိမ်းယိုင်သည့် ကျောက်တုံး' ကို စိတ်အားထက်သန်စွာ တူးနေဆဲ ဖြစ်သည်။


သူတို့ စကားဝိုင်းအလယ်တွင် ရှောက်ယန်က အမှတ်တမဲ့နှင့် လင်ချူးဆွေ့ဘက်သို့ လှည့်ကြည့်လိုက်သည်။ ထိုအခိုက်အတန့်၌ သူတို့၏ အကြည့်များက တွေ့ဆုံသွားခဲ့သည်။ 


နက်မှောင်နေသည့် သူ့မျက်လုံးများက လင်ချူးဆွေ့ကို ထူးထူးခြားခြား ရင်းနှီးနေသည့် ခံစားချက်မျိုး ပေးစွမ်းနေ၏။ 


သူမ၏ စိတ်အထင်ဖြစ်နိုင်သော်လည်း သူမသည် သူ့မျက်လုံးများက ဖျတ်ခနဲ လင်းလက်ကာ လှုပ်ခတ်သွားသလို ခံစားလိုက်ရသည်။


လင်ချူးဆွေ့က အဝေးသို့ ကြည့်လိုက်ပြီး ကောင်လေးများနှင့်အတူ ဘက်စကက်ဘောလုံးကွင်းသို့ စိတ်အေးလက်အေးသာ လျှောက်သွားခဲ့ပေသည်။ 


..........


မစ္စတာလင် ကွယ်လွန်သွားကတည်းက လင်ချူးဆွေ့၏ အဆင့်များက အောက်သို့ ထိုးကျသွားခဲ့သည်။ ကံကောင်းစွာနှင့် သူမ၏ အားကစားစွမ်းရည်က ကောင်းမွန်သည့်အတွက် သူမက ကျောင်းအဖွဲ့တွင် ပါဝင်ခဲ့ပြီး သူမ၏ နေ့ရက်များကို ဘက်စကက်ဘော ကစားခြင်းနှင့် တာဝေးပြေးခြင်းတို့ဖြင့်သာ ကုန်ဆုံးခဲ့သည်။


ချွေးထွက်အောင် ပြေးလွှားခြင်းမှ မောပန်းမှုသည်သာ သူမ၏ လစ်ဟာနေသည့် ခံစားချက်တို့အား ယာယီမေ့ပျောက်သွားအောင် လုပ်ဆောင်နိုင်ပေသည်။ 


အပျော်သဘောနှင့် တိုက်ခိုက်ကြသော လူဆိုးလူပေ ယောက်ျားလေးများကြားတွင် လင်ချူးဆွေ့ ပါဝင်လာပြီး နေ့တိုင်း ပိုပိုပြီး အဆင်ခြင်မဲ့စွာနှင့် ကြီးပြင်းလာသည်။ 


အားကစားစာမေးပွဲ ဖြေဆိုရသည့် ထိုကျောင်းသားများအတွက် ဂုဏ်ထူးတန်းနှင့် သာမန်အတန်းဟူသည်က ထူးခြားမှု မရှိပေ။ သူတို့ လျှောက်ဆော့နေနိုင်သရွေ့ မည်သည်ကိုမှ ဂရုစိုက်ခြင်း အလျဥ်း မရှိချေ။


လင်ချူးဆွေ့က ယခုအချိန်၌ ဘက်စကက်ဘော ကစားချင်စိတ်ရှိမနေပေ။ သူမက ရာဘာခင်းထားသည့် ကစားကွင်းထက်ရှိ ဘက်စကက်ဘောခြင်း တိုင်အောက်တွင် ထိုင်ကာ အဝေးရှိ စီနီယာအတန်း၏ အဆောက်အအုံကို ငေးကြည့်နေခဲ့သည်။ 


သူမက မွန်းကြပ်နေသလို ခံစားရသည်။


သူမ အတန်း B မှနေ၍ သာမန်အတန်းသို့ အမှန်တကယ် ကန်ထုတ်မခံချင်ပေ။ 


သူမ ဆရာချင်ထံ သွားပြီး တောင်းဆိုသင့်သလား။ 


ဆရာက သူမကို ဖယ်ထုတ်ရန် ဆုံးဖြတ်ပြီးလျှင် တောင်းပန်ခြင်းက အသုံးမဝင်ဘဲ မျက်နှာပျက်ရရုံသာ အဖက်တင်ပေသည်။ 


မျက်နှာမပျက်ရစေရေးက သူတို့အရွယ်ကလေးများအတွက် အခရာပင် ဖြစ်သည်။ သူမက ကျန်သည့် စီနီယာနှစ်များတွင် သူငယ်ချင်းများ၏ လှောင်ပြောင်သရော်ခြင်းကို မခံယူလိုပေ။


မြေပြင်တွင် လဲလျောင်းရင်း လင်ချူးဆွေ့က ဒေါသထွက်လာသလို ခံစားနေရသည်။ 


သူမက မည်သည့်အကြောင်းပြချက်ကြောင့်နှင့်မှ အတန်း B ကနေ ထွက်မသွားချင်ခဲ့ပေ။ 


သူမ ဆယ်တန်းကို ထိပ်ဆုံးသုံးဆယ်နှင့် အောင်မြင်ပြီး အတန်း B သို့ ဝင်ရောက်သွားသည့်အခါ မစ္စတာလင်က အလွန် ပျော်ရွှင်သွားပြီး ညနက်အချိန်၌ပင် သူမကို ခေါ်ကာ ရေကန်အား ပတ်၍ စက်ဘီးသွားစီးခဲ့ကြသည်။ 


"ငါတို့ရဲ့ အလိမ္မာတုံးလေးက အရမ်း တော်တာပဲ။ ငါ့ရဲ့ မျိုးရိုးဗီဇကတော့ ထင်ထားတဲ့ အတိုင်းပဲ။"


မစ္စတာလင်က သူမကို အမြဲတမ်း အလိမ္မာတုံးလေး(ရှောင်ကွိုင်း) ဟု ခေါ်ပေသည်။  


သူက ရေကန်ဘက်ကို မျက်နှာမူရင်း ကြေညာခဲ့သည်။ "ငါတို့ရဲ့ အလိမ္မာတုံးလေးက ကမ္ဘာပေါ်မှာ ဉာဏ်အကောင်းဆုံး ကလေးလေးပဲ။" 


နောက်ပိုင်းတွင် သူက သူမကို ဆုပေးရန်အတွက် သူ့ လစာ တစ်လစာလုံးကို သူမ မိခင်နောက်ကွယ်၌ သုံးကာ ဆူညံသံများ ဖယ်ရှားပေးသည့် အရည်အသွေးမြင့် ဘလူးတုသ်နားကြပ်တစ်ခု ဝယ်ပေးခဲ့သည်။


လင်ချူးဆွေ့က ထကာ ဘက်စကက်ဘောခြင်း တိုင်ကို မှီလိုက်ပြီး မျက်လုံးများကို မှိတ်ထားလိုက်သည်။ နားကြပ်အတွင်းမှ လှပသည့် သံစဥ်တစ်ခု ထွက်ပေါ်နေ၏။ 


{တို့နှစ်ယောက်အတူ စက်ဘီးလေးစီးစဥ် မင်းက ကိုယ့်နောက်ကျောကနေ ထွေးပွေ့ထားတယ်... ခွဲခွာဖို့ တွန့်ဆုတ်နေလို့ မင်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားချင်မိတယ်... ဘဝက ကြမ်းတမ်းတဲ့ ကန္တာရတစ်ခုလိုပဲ...}


သူမ၏ မျက်လုံးများက ဝမ်းနည်းမှုတို့နှင့် ပြည့်နှက်နေသည်။ 


နှစ်နှစ် ရှိသွားခဲ့ပြီ ဖြစ်သည်။ သူမ၏ အမေက နောက်ဆုံး၌ မုဆိုးမတစ်ယောက်၏ ဝမ်းနည်းအားငယ်မှုမှ ရုန်းထွက်ပြီး သူမ၏ အလုပ်အကိုင်နှင့်အတူ ဆက်ဆံရေးအသစ်ကို စတင်ခဲ့သည်။ အဖိုးနှင့် အဖွားသည်လည်း သားကို ဆုံးရှုံးလိုက်ရသည့် ဝမ်းနည်းပူဆွေးမှုကို ကျော်ဖြတ်ကာ သက်ကြီးရွယ်အို တောင်တက်အသင်း တစ်ခုကို ဝင်ရောက်ခဲ့ပြီး ဘဝသစ် စတင်ခဲ့သည်။


အရာအားလုံး၏ တိုးတက်မှုက အမှန်တကယ် ကောင်းမွန်ပေသည်။ 


သို့သော်.....


တလောကလုံးက လက်လွှတ်လိုက်ပြီး သူမ တစ်ယောက်သာလျှင် ခေါင်းမာမာနှင့် ဖခင်ဖြစ်သူကို လက်လွှတ်ပေးရန် ငြင်းဆန်နေခြင်း ဖြစ်သည်။ 


သူမ၏ ဘဝက ရှုပ်ထွေးကာ ပျက်စီးလေလွင့်နေခြင်းကို သူမ အဖေက မည်သည့်အခါမှ မြင်တွေ့ချင်လိမ့်မည် မဟုတ်ပေ။


လင်ချူးဆွေ့က သူမ၏ အပြုအမူဆိုးများကြောင့် သူမ အဖေပြန်လာပြီး အပြင်းအထန် ဆူပူကာ ရိုက်နှက်စေရန်ပင် ဆန္ဒရှိပေသည်။


သူမသည် သူမ အဖေ၏ သေဆုံးခြင်းကို အခုထိ လက်ခံနိုင်ခြင်း မရှိသေးပေ။ 


.........


ထိုအချိန်၌ လင်ချူးဆွေ့၏ သူငယ်ချင်းကောင်း လုချီက ကွင်းထဲသို့ ပြေးလာပြီး သူမ ဘေး၌ ထိုင်ချကာ သူမ၏ နားကြပ်ကို ဆတ်ခနဲ ဆွဲဖြုတ်လိုက်သည်။ 


"ငါ သောက်ကျိုးနည်း ရှုံးသွားတယ်။" 


လင်ချူးဆွေ့က သူ့ကို ပျင်းရိစွာ ကြည့်လိုက်သည်။ "ဒီလမ်းမကနေ နှစ်ကီလိုမီတာအထိ တည့်တည့်ဆင်းပြီး လျှောက်သွားလိုက်။ တောင်ပိုင်းမြို့ရဲ့ စိတ်ကျန်းမာရေးဆေးရုံက နင့်ကို ကြိုဆိုနေလိမ့်မယ်။" 


လုချီက သူမ၏ ထေ့ငေါ့စကားကို လျစ်လျူရှုလိုက်သည်။ "မင်း ဘယ်အချိန်ကတည်းက ရှောက်ယန်နဲ့ ချိတ်မိသွားတာလဲ။" 


"ငါက ဘယ်သူနဲ့ ချိတ်မိရမှာလဲ။"


"ရှောက်ယန်" လုချီက လျှို့ဝှက်ဆန်းကြယ်ဟန်ဖြင့် ပြောလိုက်သည်။ "သူ ရုံးခန်းထဲမှာ ဘာပြောခဲ့လဲ သိလား။" 


"သူ ဘာပြောခဲ့လဲ။" 


"ဆရာချင်က သူ့အတန်းကိုလာဖို့ သူ့ကို တိတ်တိတ်လေး သွေးဆောင်ဖျားယောင်းဖို့ ကြိုးစားနေတာ မဟုတ်ဘူးလား။" လုချီက အဓိပ္ပါယ်ပြည့်ဝသည့် အမူအရာ ကြည့်လိုက်သည်။ "အဲဒီတော့ သူ ဘာပြောခဲ့လဲ ခန့်မှန်းကြည့်။" 


"နင် ထပ်ပြီး ဝေ့လည်ကြောင်ပတ် လုပ်နေရင် ငါ့ရဲ့ စိတ်ဝင်စားမှုက ပျောက်ဆုံးသွားတော့မယ်နော်။"  


လုချီက စိတ်လှုပ်ရှားစွာဖြင့် လင်ချူးဆွေ့၏ ပခုံးများကို ဆုပ်ကိုင်လိုက်သည်။ "သူက လင်ချူးဆွေ့  အတန်း B မှာ ဆက်ရှိမယ်ဆိုရင် သူလည်း အတန်း B ကို ဝင်မယ်လို့ ပြောလိုက်တယ်။" 


လင်ချူးဆွေ့ : "?"


"အဲဒီတုန်းက ဆရာချင်ရဲ့ မျက်နှာ ဘယ်လိုဖြစ်သွားလဲ မင်း ခန့်မှန်းနိုင်လား။"


လင်ချူးဆွေ့ : "သူ ငါ့ကို လည်ပင်းညှစ်သတ်ချင်နေတာလား။" 


"Bingo" လုချီက ကွက်ကွက်ကွင်းကွင်း မြင်ရအောင် ပုံဖော်ပြလာသည်။ "ဆရာချင်ရဲ့ မျက်နှာက.... ငါ့အစ်မ ဓမ္မလာနေတဲ့အချိန် နာကျင်လို့ ရှုံ့မဲ့နေတဲ့အတိုင်းပဲ။" 


လင်ချူးဆွေ့ : "..."


"အဲဒီကောင်က တကယ်ပဲ... ပုံမှန်မဟုတ်လောက်အောင် ဉာဏ်ထက်တယ်။ ဒါပေမယ့် ကောင်းတဲ့ ကောင်မျိုးတော့ မဟုတ်ဘူး။" 


လင်ချူးဆွေ့ဘေးတွင် ထိုင်နေသည့် လုချီက မယုံကြည်နိုင်ဟန်ဖြင့် စုတ်သပ်လိုက်သည်။ "ကောင်းမွန်လှပတဲ့ အသားအရေနဲ့ အသံချိုချိုလေးရှိပြီး တော်တော်လှတဲ့ ဆယ်တန်းကျောင်းသူလေးက သူ့ကို ကြိုက်နေတာ။ ဒါပေမယ့် ပြီးခဲ့တဲ့ အပတ်တုန်းက တခြားမိန်းကလေးတစ်ယောက်က သူ့ကို ဝန်ခံခဲ့ပြီး သူတို့နှစ်ယောက် တစ်မိနစ်လောက် စကားပြောလိုက်တာ အဲဒီကောင်မလေးမှာ နေ့တိုင်း ဆက်တိုက် ငိုသွားရပါလေရော။" 


လင်ချူးဆွေ့က ကြားဖြတ်ကာ မေးလိုက်သည်။ "သူ့နာမည်က ဘာလဲ။" 


"ရှောက်ယန်" 


"ရှောင်းယန်၊ ဆေးလား။" 


"သူ့နာမည် ဘာဖြစ်ဖြစ် ဘယ်သူဂရုစိုက်လို့လဲ။" လုချီက လင်ချူးဆွေ့၏ ပခုံးကို ကိုင်ကာ လှုပ်ခါလိုက်သည်။ "မင်း ငါတို့ စာသင်နှစ်ရဲ့ နတ်ဆိုးလို ထိပ်တန်းကျောင်းသားကို သွေးဆောင်နိုင်တာ ငါ ယုံတောင်မယုံနိုင်ဘူး။ ငါ တကယ်ကို လေးစားတယ်။" 

 

လင်ချူးဆွေ့ က သူ့ကို ခြိမ်းခြောက်ရန် ဘက်စကက်ဘောလုံးကို ကောက်ကိုင်လိုက်သည်။ လုချီက တားဆီးရန် သူ့လက်ကို မြှောက်လိုက်ပြီး ရယ်မောရင်း ပြောလိုက်၏။ "ညီအစ်ကိုချူး မင်းက တကယ် အံ့သြဖို့ ကောင်းတာပဲ။" 


သူနှင့် ညီအစ်ကိုဖွဲ့ရန် အလွန်ပျင်းရိနေပြီး သူမက စာသင်သည့် အဆောက်အအုံဘက်သို့ ဦးတည်လိုက်သည်။

***