အပိုင်း ( ၃ )
ရှောက်ယန်က ရေထည့်ရန် ခွက်တစ်ခွက်ယူကာ လျှောက်လမ်းအဆုံးမှ ရေသန့်စက်သို့သွားရန် စာသင်ခန်းမှ ထွက်လာခဲ့သည်။
လှေကားခွင်အဆုံးမှ လင်ချူးဆွေ့က ဘက်စကက်ဘောလုံးကို ပိုက်ရင်း ကျဥ်းမြောင်းသည့် လျှောက်လမ်းတွင် သူရှိရာဘက်သို့ လျှောက်လာနေသည်။
သူက ဖြူဖျော့သည့် လှပသော လက်ကောက်ဝတ်ကို ဖော်ပြရန် အင်္ကျီလက်ကို ခေါက်တင်ထားပြီး ထိုလက်များနှင့် သူ့ရေခွက်ကို ရေဖြည့်နေသည်။
လင်ချူးဆွေ့က သူ့ကို တမင်တကာ ရှာနေသကဲ့သို့ မျက်ခုံးကို ပင့်လိုက်ပြီး ဘလူးတုသ် headset ကို ချွတ်ကာ သူမ၏ အိတ်တွင် ချိတ်လိုက်သည်။
သူမက တစ်ခုခု ပြောချင်သည့်ဟန်ရှိနေသည်ကို မြင်သောအခါ ရှောက်ယန်ကလည်း သူ၏ အဖြူရောင် နားကြပ်များကို ချွတ်လိုက်သည်။
နားကြပ်ကြိုးလုံးက သူ၏ ပခုံးများထက်မှ ကျက်သရေရှိစွာ တွဲလျောင်းခိုနေခဲ့သည်။ သွေးကြောများ ယှက်သန်းနေသည့် ဖြူနုသော သွယ်လျလျ လည်တိုင်နှင့် ပါးလျသည့် အောက်ခံတီရှပ်အောက်မှ ညှပ်ရိုးများကို တစ်စွန်းတစ်စ မြင်နိုင်ပြီး ၎င်းက သူမကို အကြည့်မလွှဲနိုင်အောင် ဖြစ်သွားရစေသည်။
လင်ချူးဆွေ့က သူ့ကို ခေတ္တမျှ စိုက်ကြည့်နေခဲ့ပြီးနောက် သူမ အကြည့်များကို ကိုးရို့ကားယားနိုင်စွာ ပြန်ဆုတ်လိုက်သည်။
သေစမ်း ငါ တကယ်ကြီး ရှက်သလို ခံစားလိုက်ရတာပဲ။
ထိပ်ဆုံးကျောင်းသူတွေ သူ့ကို ဖွင့်ပြောချင်ကြတာ မဆန်းပါဘူး။ သူ့မျက်လုံးတွေက နတ်ဘုရားတွေရဲ့ ကောင်းချီးပေးခံထားရသလို လှပတာပဲ။
လင်ချူးဆွေ့က လည်ချောင်းရှင်းလိုက်သည်။ "ဟေး နင်... နင် ဘာဖြစ်ချင်တာလဲ။"
သူ့မျက်လုံးများက အံ့အားသင့်ဟန် ဖြစ်ပေါ်လာသည်။ "ဘာကိုလဲ။"
"နင် ဘာလို့.... ဆရာချင်ကို အဲဒီလို ပြောရတာလဲ။"
"ဘာပြောတာလဲ။"
"အဲဒါ.... နင် အတန်း B ကို ပြောင်းလာမယ့် အခြေအနေက ငါ့ကို အတန်း B မှာ ဆက်ထားမှဆိုပြီး ပြောခဲ့တာလေ။"
လင်ချူးဆွေ့က အနည်းငယ် ရှက်ရွံ့လာသလို ခံစားရပေသည်။
ရှောက်ယန်က သူ့ခွက်ကို ကိုင်ပြီး ရှေ့သို့ လျှောက်လာသည်။ သူက သူမ၏ နားနားသို့ ကိုယ်ကို ယိမ်းယိုင်လိုက်ပြီး သူ၏ ရှင်းလင်းကာ ညှို့ငင်စွမ်းရှိသည့် အသံက တိုးသက်စွာ ထွက်ပေါ်လာသည်။ "ငါ ဘယ်တုန်းက အဲဒီလို ပြောခဲ့လို့လဲ။"
လင်ချူးဆွေ့၏ မျက်လုံးများက ပြူးကျယ်သွားပြီး သူမ ပါးပြင်များက ရဲတွတ်လာသည်။ "နင်.... မပြောခဲ့ဘူးလား။"
အဲဒီသောက်ရူးကောင် လုချီ။
သူမကို အရူးလုပ်ဖို့ ပေါက်ကရတွေပြောပြီး သူမကလည်း တကယ်ကြီး ယုံလိုက်မိတယ်?
ဘယ်လောက်ရှက်ဖို့ကောင်းလိုက်လဲ။
ထို့ပြင် သူမက ဤလူကို သိပင်မသိချေ။ သူမကို တိတ်တိတ်လေး သဘောကျနေတယ်လို့ ပြောရင် ဘယ်လိုလုပ်မလဲ။ သူမရဲ့ သနားစရာသင်္ချာအမှတ် ကိုးမှတ်နဲ့ ဖြစ်နိုင်ရဲ့လား။
လင်ချူးဆွေ့က ခြေဆောင့်လိုက်ပြီး လှည့်ထွက်သွားသည်။
"ဟေး"
သူမအနောက်မှ ကောင်လေးက လှမ်းခေါ်လိုက်သည်။
လင်ချူးဆွေ့က ပြန်လှည့်ကြည့်လိုက်၏။ "ဘာကိစ္စရှိသေးလို့လဲ။"
"ငါ ကြားတာတော့ မင်း သင်္ချာမှာ ကိုးမှတ်ထဲ ရတာဆို။"
"ဟုတ်တယ်။ အဲဒီတော့ ဘာဖြစ်လဲ။"
ရှောက်ယန်က ရေတစ်ငုံသောက်လိုက်ရင်း လင်ချုးဆွေ့ ဘေးမှ ဖြတ်သွားခဲ့သည်။ သူ၏ ခပ်နိမ့်နိမ့်အသံက ရန်စနေဟန် ရှိပေသည်။
"မင်း အဖေက.... မင်းကို သေအောင် ရိုက်သတ်မှာ မကြောက်ဘူးလား။"
အတန်း B က စီနီယာအထက်တန်းကျောင်း အဆောက်အအုံ၏ အလယ်ဗဟို တတိယထပ်တွင် တည်ရှိပေသည်။ ဆရာချင်က ဤစာသင်ခန်းကို ဖုန်းရွှေသဘောတရားအရ အခြေခံပြီး အထူးတလည် ရွေးချယ်ထားခြင်း ဖြစ်သည်။
လုချီက ရှောက်ယန် အတန်း B သို့ ပြောင်းရွှေ့ရန် အခြေအနေမှာ လင်ချူးဆွေ့အား ဆက်နေခိုင်းရန် ဖြစ်ကြောင်း ပြောသည်ကို သူကိုယ်တိုင် ကြားခဲ့ပါသည်ဟု ကျိန်တွယ်နေသည်။
"ငါ လိမ်ခဲ့ရင် ဒီည အိပ်မပျော်တဲ့ရောဂါ ဖြစ်ပါစေကွာ။"
လင်ချူးဆွေ့က သံသယဖြစ်နေသော်လည်း လုချီမှာ သူမ၏ ငယ်သူငယ်ချင်းဖြစ်ပြီး သူမအား ဒုက္ခရောက်စေမည့်ကိစ္စကို လုပ်လိမ့်မည် မဟုတ်ပေ။
"အဲဒါဆို သူ ဘာလို့ ဝန်မခံရတာလဲ။"
"သူ ရှက်နေလို့ ဖြစ်မှာပေါ့။"
"သူ့ကို ကြည့်ရတာ ရှက်တတ်တဲ့လူနဲ့ မတူပါဘူး။"
သူတို့၏ ပထမဆုံးအကြိမ် တွေ့ဆုံမှု၌ သူ၏ ခန့်ညားထည်ဝါသည့် အပြုအမူက လင်ချူးဆွေ့ကို သူ့အား ဒူးထောက်ပြီး ဒယ်ဒီဟုခေါ်မိလုမတတ် ဖြစ်သွားစေသည်။
"ရှောက်ယန်က ဘယ်လောက် ကျော်ကြားတဲ့ ပါရမီရှင်လဲဆိုတာ မင်း သိလား။" လုချီက သူမ ဘေးသို့ လာထိုင်လိုက်သည်။ "ငါ မင်းကို ပြောပြမယ်။ ငါ့ရဲ့ အရင်ကောင်မလေးက အခုဆိုရင် သူမရဲ့ အဆုံးမရှိတဲ့ အချစ်တွေနဲ့ လေးစားမြတ်နိုးမှုတွေအကြောင်းကို ညတိုင်း ပို့စ်တွေ တင်နေတယ်လေ။"
လင်ချူးဆွေ့က သူ့ကို ပျင်းရိစွာ ကြည့်လိုက်သည်။ "အဲဒီရည်းစားဟောင်းကို ဘာလို့ block မပစ်လိုက်လဲ။"
လုချီက ပြောလိုက်သည်။ "အဲဒါက ငါ့ကို သဘောထားသေးသလို ဖြစ်သွားစေလိမ့်မယ်။ ငါက ဒီအတိုင်း သူမ ရှောက်ယန်ဆီကနေ အငြင်းခံရပြီး ငိုကြွေးမယ့်အချိန်ကို မြင်ရဖို့ စောင့်နေရုံပဲ။"
လင်ချူးဆွေ့ : "..."
အချက်အလက်စုဆောင်းမှုဆိုင်ရာ ကျွမ်းကျင်သူကြီး ကျန်းချန်ယွီက ရှောက်ယန်၏ သတင်းအချက်အလက်များကို လျင်မြန်စွာ စုဆောင်းလာပေးခဲ့သည်။
"မိဘမဲ့၊ ဉာဏ်ကြီးရှင်၊ ဂုဏ်သရေရှိမိသားစု၊ ကိုယ်တွင်းအင်္ဂါအစားထိုးမှု၊ မီးလောင်မှု..... သူ့ဘဝက အလှည့်အပြောင်းတွေ ပြည့်နေလိုက်တာ တီဗွီဒရာမာကျနေတာပဲ။"
လင်ချူးဆွေ့က ပြောလိုက်သည်။ "ရေဘဝဲကောင် နင် စကားကို ငါတို့လို အရှုံးသမားလေးတွေ နားလည်နိုင်တဲ့ စကားလုံးတွေနဲ့ ပြောပေးနိုင်မလား။"
"ငါ ရှင်းပြမယ်။" လုချီက ရိုးရှင်းသည့် ရှင်းပြချက်တစ်ခု ပေးလာသည်။ "သူက လွန်ခဲ့တဲ့ နှစ်တွေတုန်းက အဆက်အသွယ်ကောင်းကောင်းရှိပြီး ချမ်းသာတဲ့ မိသားစုတစ်ခုမှာ မွေးစားခံခဲ့ရတဲ့ မိဘမဲ့တစ်ယောက်ပဲ။ သူတို့မှာ ကိုယ်တွင်းအင်္ဂါအစားထိုးမှုလုပ်ဖို့ လိုအပ်နေတဲ့ အသည်းကင်ဆာဝေဒနာရှင် သားတစ်ယောက် ရှိတယ်။ ပြီးတော့ ရှောက်ယန်မှာက အရမ်းရှားပါးတဲ့ ပန်ဒါမျိုးစိတ်လို သွေးအမျိုးအစား ရှိနေပါလေရော....."
လင်ချူးဆွေ့က ထိုဒရာမာဆန်ဆန် ဇာတ်လမ်းထဲသို့ နစ်မြောသွားသည်။ "ငါ ထင်နေသလိုတော့ မဟုတ်ဘူးမလား။"
လုချီက ပြောလိုက်သည်။ "မင်း တွေးနေသလို အတိအကျပဲ။ အဲဒီမိသားစုက သူ့ကို နိုင်ငံခြားခေါ်သွားပြီး သူ့အသည်းရဲ့ တစ်စိတ်တစ်ပိုင်းကို ထုတ်ယူပြီး သူတို့သားရဲ့ အသက်ကို ကယ်တင်ဖို့ အသုံးပြုခဲ့တယ်လေ။"
"သေစမ်း"
"နှစ်နှစ်ကြာပြီးတော့ အဲဒီမိသားစုရဲ့ အိမ်က မီးလောင်တဲ့အထဲပါသွားပြီး ရှောက်ယန် တစ်ယောက်တည်းပဲ ရှင်ကျန်ခဲ့တယ်။"
"သူ.... လုပ်ခဲ့တာလား။"
လုချီက တည်ငြိမ်စွာ ဆက်ပြောလိုက်သည်။ "သူက မီးကို လောင်အောင် စလုပ်လိုက်သလား ဘယ်သူသိမှာလဲ။ ဒါပေမယ့် အဲဒီအချိန်တုန်းက သူ တစ်ယောက်တည်း အိမ်မှာ ရှိတာ။"
"အဲဒါဆို သူ ဘာလို့ အဲဒီလို လုပ်ရတာလဲ။"
"သူ့ မွေးစားမိဘတွေရဲ့ အိမ်မှာ ငွေသားတွေ အများကြီး ဖွက်ထားတာ သိလား။" လုချီက အဓိပ္ပါယ်အပြည့်နှင့် ပြောလိုက်သည်။ "မီးလောင်မှုဖြစ်သွားတော့ သူတို့က ထပ်ပြီး ဖုံးကွယ်မထားနိုင်တော့ဘူး။ ရှောက်ယန်ရဲ့ မွေးစားအဖေက တရားရုံးရောက်သွားပြီးတော့ သေဒဏ်အပေးခံလိုက်ရတယ်။ အဲဒီတုန်းက နန်မြို့တော်မှာ တကယ့် သတင်းခေါင်းစီးကြီးကို ဖြစ်သွားတာပဲ။"
ကျန်းချန်ယွီက မှတ်ချက်ချလိုက်သည်။ "ဆိုးသွမ်းလိုက်တာ။"
လုချီက ပြောလိုက်သည်။ "သူက ဆိုးသွမ်းတယ်။ ပြီးတော့ နှစ်ပေါင်းများစွာ ရက်ရက်စက်စက် ဆက်ဆံခံရတာကို သည်းခံနေခဲ့ပြီး သူ့အသက်ကိုတောင် အလဲအထပ်လုပ်လို့ သူ့ မွေးစားအဖေကို သူကိုယ်တိုင်ကိုယ်ကျ ကြိုးစင်ပို့ခဲ့သေးတယ်။"
ထိုသို့ပြောပြီးနောက် သူတို့နှစ်ယောက်က လင်ချူးဆွေ့ကို စာနာသနားစွာ ကြည့်လိုက်ကြသည်။
မင်းကတော့ 'မကောင်းဆိုးဝါး' ရဲ့ မျက်စိကျတာ ခံလိုက်ရပြီပဲ။
မကြာခင်၌ ဆရာချင်က အတန်းထဲ ဝင်လာခဲ့ပြီး သူ့နောက်တွင် အဖြူရောင်ရှပ်နှင့် သပ်ရပ်သန့်ရှင်းသော ကောင်လေး တစ်ယောက် လိုက်ပါလာသည်။
လင်ချူးဆွေ့က ထိုသူမှာ 'နိုင်ငံခြားသားအတု' ရွှီကျားနင် ဖြစ်ကြောင်း မှတ်မိလိုက်သည်။
သူ ဝင်လာသည်နှင့် အတန်းထဲရှိ မိန်းကလေးများက သတိထားမိသွားပြီး သူတို့၏ ခေါင်းများကို တညီတညာတည်း မော့ပြီး သူ့ကို စိုက်ကြည့်လိုက်ကြသည်။ သူတို့၏ မျက်လုံးများက ငယ်ရွယ်တက်ကြွသည့် စိတ်ဆန္ဒများ၏ အလင်းများဖြင့် တောက်ပလာသည်။
"ငါတို့ အတန်းဘီကို ပြောင်းရွှေ့လာမယ့် ကျောင်းသားသစ်နဲ့ မိတ်ဆက်ပေးမယ်။ သူက ရွှီကျားနင်လို့ခေါ်တယ်။ လူတိုင်း သူ့ကို ကြိုဆိုလိုက်ကြပါဦး။"
ဆရာချင် စကားပြော၍ မဆုံးခင် ခေါင်မိုးကိုပင် ထိုးဖောက်လုမတတ် လက်ခုပ်သံများက မိုးချုန်းသံအလား ထွက်ပေါ်လာသည်။
အထူးသဖြင့် လင်ချူးဆွေ့၏ အရှေ့တန်းမှ လုထျန်းပိုင်၏ လက်ခုပ်သံက အကျယ်ဆုံး ဖြစ်သည်။
"ဟယ်လို ရွှီကျားနင်လို့ ခေါ်ပါတယ်။ ငါက Eton ကောလိပ်ကနေ ကျောင်းပြောင်းလာတာပါ။ အနာဂတ်မှာ မင်းတို့နဲ့အတူ စာသင်ခွင့်ရတာ ဝမ်းသာပါတယ်။ ငါ့မှာ စိတ်ဝင်စားတဲ့ အရာတွေ အများကြီးရှိပြီး ဂီတနဲ့ ပတ်သတ်တာ အားလုံးကို သဘောကျပါတယ်။ ငါက ဂီတာနဲ့ စန္ဒယား တီးခတ်နိုင်ပါတယ်။ နောက်ကျရင် အတူတူ တီးခတ်ကြရအောင်။"
'Eton ကောလိပ်' ဟူသည်ကို မည်သူမှ မသိကြသော်လည်း ၎င်းက အထင်ကြီးဖွယ် ဖြစ်လိမ့်မည်ဟု သူတို့ ခံစားမိကြပေသည်။
သူမ၏ စားပွဲနောက်ကို မှီရင်း လင်ချူးဆွေ့က ကျန်းချန်ယွီကို မေးလိုက်သည်။ "အဲဒီကောင်က ဘယ်ကနေ လာတာလဲ။"
ကျန်းချန်ယွီက ခပ်တိုးတိုး ပြောလိုက်သည်။ "သူ့ရဲ့ အသံထွက်ကို အခြေခံပြီးပြောရရင် Eton College ကို ပြောတာ ဖြစ်မယ်။"
လင်ချူးဆွေ့က သူမ၏ ဖုန်းကို ထုတ်ကာ အမြန်ရှာကြည့်လိုက်သည်။
Eton ကောလိပ်က UK တွင် ရှိသော အထက်တန်းစားမိသားစုများအတွက် အကျော်ကြားဆုံး အဆောင်နေ ကျောင်းတစ်ကျောင်းဖြစ်သည်။ ၎င်း၏ ဂုဏ်သတင်းမှာ 'သိမ်မွေ့သောယဥ်ကျေးမှု' နှင့် 'လက်ရွေးစင်များပျိုးထောင်ခြင်း' တွင် မည်သူမှ မယှဥ်နိုင်လောက်သော ဂုဏ်သတင်းရှိသည်။ ထိုကျောင်းမှ ဗြိတိန်၏ ဝန်ကြီးချုပ်များကို အယောက် နှစ်ဆယ်ကျော် မွေးထုတ်ပေးခဲ့သည်။
သူမက ဖုန်းကို ချ၍ နှုတ်ခမ်းကို တွန့်ကွေးလိုက်သည်။
ဝိုး.... ဂုဏ်သရေရှိ အရူးကောင်ပဲ။
ဆရာချင်က ရွှီကျားနင်ကို အရှေ့ဘက်အတန်းမှ လွတ်နေသည့် နေရာတစ်ခုကို ရွေးချယ်စေသည်။ ကောင်မလေးများက သူတို့ ဘေးရှိ နေရာများကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်နေကြပြီး အချို့ကမူ ရွှီကျားနင်အတွက် နေရာရစေရန် သူတို့၏ လက်ရှိ ထိုင်ခုံဖော်များအား အညှာအတာမဲ့စွာ ကန်ထုတ်ပစ်ချင်နေကြသည်။
သို့သော် ရွှီကျားနင်က သူတို့ကို မကြည့်ခဲ့ပေ။
ဗြိတိန်လူမျိုးများ၏ ယဥ်ကျေးသည့်အသွင်ကို ထိန်းသိမ်းထားပြီး သူက သီးသန့်ဆန်ကာ ရောနှော၍ မလွယ်သည့် ကိုယ်ကျင့်စရိုက်ရှိပုံရသည်။
ရွှီကျားနင်က လင်ချူးဆွေ့ ဘေးရှိ နေရာလွတ်ထံ တည့်တည့် လျှောက်သွားခဲ့သည်။ ထိုသည်ကို မြင်သည့်အခါ သူမက သူမဘေးရှိ ထိုင်ခုံပေါ်သို့ ကျောပိုးအိတ်ကို ပစ်တင်လိုက်သည်။ "ဆောရီး ဒီထိုင်ခုံက နေရာဦးထားပြီးသား။"
ရွှီကျားနင်က လင်ချူးဆွေ့ အနောက်ဘက်တန်းရှိ နေရာတွင် ဝင်ထိုင်လိုက်ပြီး လုချီနှင့် ထိုင်ခုံဖော် ဖြစ်လာသည်။ ထို့နောက် သူက အင်္ဂလိပ်လို ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတယ်။"
လင်ချူးဆွေ့က မျက်မှောင်ကြုတ်ကာ သူ့ကို ပြန်လှည့်ကြည့်လိုက်သည်။
သူက ထိုင်ချလိုက်ပြီး လက်များကို ခုံပေါ်တင်ထားကာ သူမအား တည့်တည့်မတ်မတ် စိုက်ကြည့်နေသည်။
သူမသည် ဤ 'နိုင်ငံခြားသားအတု' က သူမကို ကျိန်ဆဲနေခြင်းဖြစ်မည်ကို သိသော်လည်း သူဆိုလိုသည့် အဓိပ္ပါယ်ကို နားမလည်ပေ။ သူမက မကျေနပ်ချက်များကို တိတ်တိတ်လေးသာ မြိုသိပ်ထားနိုင်ပေသည်။
ထို့နောက် ရှောက်ယန်ကလည်း အတန်း B သို့ ဝင်ရောက်လာသည်။
အနက်ရောင် တီရှပ်ကို ဝတ်ဆင်ထားကာ အနက်ရောင်ကြိုးတစ်ချောင်းတည်းပါသည့် ကျောပိုးအိတ်ကို သယ်ဆောင်ထားပြီး သူ၏ အရှိန်အဝါက ရွှီကျားနင်နှင့် လုံးဝ ကွဲပြားပေသည်။
ရွှီကျားနင်က နူးညံ့ညင်သာသည့် နွေဦးလေပြည်နှင့် တူနေစဥ် ရှောက်ယန်က လေတိုက်စားခြင်းဖြင့် ပုံသွင်းခံထားရသော ဖုံးကွယ်ထားသည့် ထက်ရှမှုများဖြင့် ပြည့်နှက်နေသော ချောက်ကမ်းပါးတစ်ခုနှင့် တူပေသည်။
သူ အတန်းထဲသို့ ဝင်လာသည်နှင့် ကျောင်းသားကျောင်းသူများ၏ မျက်လုံးများက ပြူးကျယ်လာပေသည်။
ရွှီကျားနင် တစ်ယောက်တည်းသာမဟုတ်ဘဲ ယခု ရှောက်ယန်လည်း ရောက်လာခဲ့ပေသည်။
သူတို့နှစ်မှ အဆင့်ကောင်းသော ထိပ်တန်းကျောင်းသားများက ဤနေရာတွင် စုဝေးနေပြီး ဆရာချင်၏ အတန်း B က ယခုတွင် နဂါးများကိုပင် ဆင့်ခေါ်နိုင်စွမ်းရှိသလို ထင်မှတ်ရသည်။
ဆရာချင်က ပါးစပ်နားရွက်တက်ချိတ်မတတ် ပြုံးနေခဲ့သည်။ ထင်ထားသည့်အတိုင်း လယ်ကွင်းက မည်သို့ဖြစ်ပါစေ ကောင်းမွန်သည့် ပေါက်ပြားက ကောင်းမွန်စွာ ရိတ်သိမ်းနိုင်ပေသည်။
"ရှောက်ယန် အတန်းဖော်တွေကို ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်လိုက်ပါဦး။"
ရှောက်ယန်က ထိုင်စရာနေရာရှာရန် လုပ်နေသော်လည်း ဆရာချင်၏ စကားကြောင့် ရပ်တန့်သွားသည်။
"ငါ့နာမည်က ရှောက်ယန်"
ကျောင်းသားများက ထို့ထက်ပိုသည့် မိတ်ဆက်မှုကို မျှော်လင့်ထားပုံရပြီး စာသင်ခန်းက စက္ကန့်အနည်းငယ် တိတ်ဆိတ်သွားခဲ့သည်။
သူက နောက်ထပ် စကားပြောရန် ပြင်ဆင်ထားပုံမရပေ။ သို့သော် သူ စကားဆက်ပြောမည်ကို လူတိုင်းက စောင့်နေသည်အား မြင်သည့်အခါ အမူအရာမဲ့စွာနှင့် စကားတစ်ခွန်း ထပ်ပေါင်းထည့်လိုက်သည်။ "တစ်တန်းလုံးမှာ ပထမ"
"..."
ဘယ်လောက် မောက်မာဝင့်ကြွားလိုက်သလဲ။
ထိုင်ခုံနေရာရွေးသည့်အခါ ရှောက်ယန်၏ အကြည့်များက လင်ချူးဆွေ့ဘေးမှ နေရာသို့ ရောက်ရှိလာသည်။ သူက သူမဘေးသို့ လျှောက်လာခဲ့၏။
သူမသည် သူက သူမဘေးရှိ စားပွဲပေါ်သို့ သူ့လွယ်အိတ်ကို တင်လိုက်သည်အထိ ကူကယ်ရာမဲ့စွာ ကြည့်နေခဲ့သည်။
ထိတ်လန့်စရာ မြင်ကွင်းပါပင်။
ဆရာချင်သည် သူတို့နှစ်ယောက်က တိတ်တိတ်လေး ချိန်းတွေ့နေသည်ဟု ထင်မှတ်ထားခဲ့ပြီးသား ဖြစ်သော်လည်း ရှောက်ယန်က ထိုမျှ ရဲတင်းစွာ ပြုမူလိမ့်မည်ဟုတော့ ထင်မထားမိခဲ့ပေ။
လူငယ်လေးများ၏ ကျောင်းတွင်း အချစ်ဇာတ်လမ်းကို တင်းတင်းကျပ်ကျပ် ပိတ်ပင်တားမြစ်ထားသည့် ဆရာတစ်ယောက်အနေနှင့် ဆရာချင်က ချက်ချင်း ပြောလိုက်သည်။ "ရှောက်ယန် အရှေ့မှာ လာထိုင်ချင်လား။ အဲဒီအနောက်ဘက်အတန်းမှာ ထိုင်တဲ့ လူရမ်းကားလေးက အရမ်းဆိုးတယ်။ အထူးသဖြင့် လင်ချူးဆွေ့ သူမက အရမ်းသောင်းကျန်းတတ်ပြီး မင်းရဲ့ စာလေ့လာမှုကို ထိခိုက်စေလိမ့်မယ်။"
ရှောက်ယန်က လင်ချူးဆွေ့ကို ကြည့်လိုက်သည်။ သူ့နှုတ်ခမ်းထောင့်များက အမှတ်မထင် တွန့်ကွေးသွား၏။ "ကျွန်တော် ဒီမှာပဲ ထိုင်ချင်တယ်။"
ထိုစကားလုံးများ ထွက်လာသည်နှင့် ဆရာချင်သာမက အနောက်ဘက်ထိုင်ခုံမှ ရွှီကျားနင်သည်ပင် ခေါင်းမော့လာပြီး ရှောက်ယန်ကို ကြည့်လိုက်သည်။
လုချီက တစ်ခုခုကို သေချာစွာဖြင့် ရေရွတ်လိုက်၏။
'ဒီကောင်က အရမ်းမောက်မာလွန်းတယ်။'
ဆရာချင်က ရှောက်ယန်နှင့် ပတ်သတ်ပြီး အရမ်းမတင်းကျပ်ရဲပေ။ ထိုကျောင်းသားမှာ သူ ကြိုးစားပမ်းစား တူးယူထားရသည့် ထိပ်တန်းကျောင်းသား ဖြစ်လေသည်။ ရှောက်ယန်ကို အတင်းအကြပ် ဆန့်ကျင်ခြင်းက သူ၏ ကိုယ့်ကိုယ်ကိုယ် လေးစားမှုကို ထိခိုက်စေနိုင်သည်။
ကျောင်းသားများနှင့် ကျောင်းသူတို့ကြားမှ အရွယ်ရောက်ချိန် ဖြစ်တတ်သည့် ပြဿနာများကို အချိန်ယူကာ ဖြေးဖြေးချင်း ဖြေရှင်းရလိမ့်မည် ဖြစ်သည်။
"အဲဒါဆိုလည်း..... လွှမ်းမိုးမှုရအောင် ကြိုးစားလိုက်ပါ။.... အမ်း.. ငါ ဆိုလိုတာက စာညံ့တဲ့ ကျောင်းသားတွေကို သူတို့ရဲ့ စာလေ့လာမှု တိုးတက်လာအောင် ကူညီပေးလိုက်ပါ။"
"အင်း"
ဆရာချင်၏ သံသယအကြည့်များအောက်တွင် လင်ချူးဆွေ့၏ နှလုံးသားက အခုန်မြန်လာပြီး သူမက ခပ်တိုးတိုး မေးလိုက်သည်။ "ငါတို့က သူစိမ်းတွေပဲ။ ဘာလို့ ငါ့ကို ပစ်မှတ်ထားနေရတာလဲ။"
ရှောက်ယန်က ပြုံးလိုက်သည်။ "ငါ ကြားတာတော့ မင်း ကျောင်းမှာ ကောင်းကောင်းမွန်မွန် မပြုမူဘူးဆို။"
"အဲဒီတော့…"
"အဲဒါကြောင့် မင်းအဆင့်တွေက ကျသွားရတာပေါ့။"
"အဲဒီတော့…"
"ငါက ကူညီရမှာကို ပျော်ရွှင်နေတဲ့ ထိုင်ခုံဖော်လေးတစ်ယောက်ပါပဲ။"
လင်ချူးဆွေ့ : "..."
နင်က ကူညီဖို့ ပျော်ရွှင်နေတာ မဟုတ်လောက်ဘူး။ ငါ့ကို သတ်ဖို့ ပျော်နေတာ ဖြစ်ရမယ်။
ရှောက်ယန်က သူ့ကျောပိုးအိတ်ကို စားပွဲခုံအောက်မှ အံထဲ ထည့်လိုက်ပြီးနောက် သင်္ချာလေ့ကျင့်ခန်းတစ်စုံကို ထုတ်ယူကာ စတွက်တော့သည်။
သူမက မနေနိုင်ဘဲ သူ့ကို ထပ်ကြည့်လိုက်၏။
သူ့တွင် လှပသော လက်နှင့် ရှည်သွယ်သည့် လက်ချောင်းလေးများ ရှိပြီး ပေါ်လွင်ထင်ရှားသည့် လက်ဆစ်များ ရှိသည်။ သူ၏ ဖြူဖျော့သော အသားအရေက လက်ခုံပေါ်မှ အပြာရောင် သွေးကြောများကို ထင်ထင်ရှားရှား မြင်နေရစေ၏။
အတော်လေး ကြည့်ကောင်းတဲ့ လက်တွေပဲ။
လင်ချူးဆွေ့က သူမ၏ ဖောင်းဖောင်းအိအိနှင့် သေးငယ်သော လက်များကို ကြည့်လိုက်သည်။ ၎င်းတို့က သွယ်လျမနေပေ။
သူမက သက်ပြင်းတစ်ချက်ချလိုက်သည်။
"လင်ချူးဆွေ့"
ရှောက်ယန်က လေ့ကျင့်ခန်းလုပ်နေရင်း ရုတ်တရက် သူမ အမည်ကို ခေါ်လိုက်ကာ သူမအား ထိတ်လန့်သွားစေသည်။
သူ့လေသံက သူမကို သူမ၏ အဖေအား ပြန်စဥ်းစားမိသွားစေ၏။
"ဘာ.... ဘာလဲ။"
"သင်္ချာအဖြေလွှာစာရွက် ထုတ်လိုက်။"
"ဟမ်…"
"မင်းရဲ့ အဲဒီကိုးမှတ်ပဲ ရတဲ့ သင်္ချာအဖြေလွှာစာရွက်။ ထုတ်လိုက်။"
လင်ချူးဆွေ့က တုန့်ပြန်ရန် အချိန်ခဏယူလိုက်ရသည်။ သူမက စားပွဲအံထဲမှ ကြေမွနေသော အဖြေလွှာစာရွက်ကို ထုတ်ယူလိုက်သည်။
***