အပိုင်း ( ၄ )
ရှောက်ယန်က တွန့်ကြေနေသည့် စာရွက်ကို ယူလိုက်ပြီး ၎င်းကို သေချာကြည့်လိုက်ကာ သူမ အဖြေမှန်သည့် မေးခွန်းများကို စစ်ဆေးနေရင်း သူမ ချန်ထားခဲ့သည့် ဗလာကျင်းနေသော နေရာလွတ်ကို စိုက်ကြည့်နေသည်။ သူ၏ မျက်ခုံးများက တဖြေးဖြေး စုကျုံ့လာ၏။ "မင်းက သင်ယူခြင်းဆိုင်ရာမှာ ပြဿနာရှိနေတာ မဟုတ်ဘူး။ အတွေးအခေါ်ပိုင်းဆိုင်ရာမှာ ပြဿနာ ရှိနေတာပဲ။"
ရှောက်ယန်၏ လက်ချောင်းသွယ်သွယ်က အဖြေလွှာပေါ်ရှိ နောက်ဆုံးမေးခွန်းကို ထောက်လိုက်သည်။ "သင်္ချာမေးခွန်းမှာ ဘာလို့ ကဗျာရေးရတာလဲ။"
လင်ချူးဆွေ့က သူ၏ တည်ငြိမ်သော အမူအရာနှင့် လေသံကြောင့် လုံးဝ ကြောက်ရွံ့ထိတ်လန့်နေခဲ့သည်။ သူမက အလွန် စိုးရိမ်ကြောက်လန့်နေသောကြောင့် ဒူးထောက်ကာ အဖေဟု ခေါ်လိုက်လုနီးပါး ဖြစ်လာခဲ့သည်။
အချိန်ခဏကြာအောင် မှင်တက်နေပြီးနောက်မှ လင်ချူးဆွေ့က အသိပြန်ဝင်လာသည်။
နင့်ကိုယ်နင် ဘယ်သူလို့ ထင်နေတာလဲ။
သူမက သူမ၏ အဖြေလွှာကို ပြန်ဆွဲလုလိုက်သည်။ "ငါ့ဟာငါ ကဗျာရေးရေး ဘာရေးရေး နင့်သောက်ပူမပါဘူး။"
သူက လင်ချူးဆွေ့၏ သင်္ချာအဖြေလွှာကို ထပ်၍ လှမ်းကြည့်ကာ သတိပေးလိုက်သည်။ "ဒါပေမယ့် မင်း ကဗျာရေးလိုက်တာက အမှတ်တွေ နှုတ်ခံရတဲ့ အဓိကအချက် မဟုတ်ဘူး။"
လင်ချူးဆွေ့က သူ့ကို ကြည့်လိုက်သည်။ "မစ္စတာဉာဏ်ကြီးရှင်က အကြံတစ်ခုခုများ ပေးစရာရှိလား။"
ရှောက်ယန်က သူမ၏ ကဗျာစာပိုဒ်တစ်နေရာကို လက်ထောက်ပြလိုက်သည်။ "မင်းက သင်္ချာဆရာရဲ့ နာမည်အစား တရုတ်ဆရာရဲ့ နာမည်ကို မှားရေးထားတယ်။"
လင်ချူးဆွေ့ : …
သူမက အလျင်အမြန်ပင် သူမ၏ ဖတ်စာအုပ်ထဲမှ သင်္ချာဆရာ၏ အမည်ကို စစ်ဆေးကြည့်လိုက်သည်။
သူမက အမှန်တကယ်ပင် အမည်မှား၍ ရေးခဲ့မိပေသည်။
ကျန်သည့် အတန်းချိန်တလျှောက်လုံးတွင် လင်ချူးဆွေ့က ဆရာအမည်ကို မှားယွင်းစွာ မှတ်ထားခဲ့မိသည့်အတွက် အလွန် နောင်တရနေခဲ့သည်။
အတန်းချိန်ပြီးနောက် သူမက ရှောက်ယန်ဘေးသို့ ကပ်ကာ မေးလိုက်သည်။ "မစ္စတာဉာဏ်ကြီးရှင် နင် အင်္ဂလိပ်စာ တော်လား။"
"မဆိုးပါဘူး။"
"Narcissus က ဘာကို ဆိုလိုတာလဲ။" လင်ချူးဆွေ့သည် အစောပိုင်းက ရွှီကျားနင် သူမအား ခေါ်သွားသည့် စကားလုံးကို ကိုးရိုးကားယားနိုင်စွာ အသံထွက်ပြလိုက်သည်။.
"ဘာကြီးလဲ။"
"Nar-cis-sus."
ရှောက်ယန်က သူ၏ ရှည်လျားသော မျက်တောင်များကို ခတ်လိုက်သည်။
" 'အတ္တသမား' သေလောက်အောင် အတ္တကြီးတာလား။"
"အဲဒါက တူညီတဲ့ စကားလုံးဆိုတာ သေချာလို့လား။" လင်ချူးဆွေ့က သူမ၏ ခုံပေါ်မှီချလိုက်သည်။ "ပထမအဆင့် ရတဲ့ သူကတောင် 'အတ္တသမား သေလောက်အောင် အတ္တကြီးတယ်' ဆိုတဲ့ အဓိပ္ပါယ်ကို နားမလည်ဘူးလား။"
ထို့နောက်တွင် သူမအနောက်မှ ရွှီကျားနင်၏ ပြတ်သားသော အသံထွက်က ထွက်ပေါ်လာသည်။ "သူမက Narcissus လို့ ပြောနေတာ။"
လင်ချူးဆွေ့က ချက်ချင်းပင် သူ့အား ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
ရှောက်ယန်က ခဏတွေးပြီးနောက် ပြောလိုက်၏။ "Narcissus ဒက်ဖဒိလ်ပန်းဝါ ဆိုလိုတာက ကိုယ့်ကိုယ်ကိုယ် စွဲလမ်းနေတာ။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတာ။"
လင်ချူးဆွေ့က နားမလည်ပေ။ "ဘာလို့ ဒက်ဖဒိလ်က ကိုယ့်ကိုယ်ကိုယ် စွဲလမ်းနေတယ်ဆိုတဲ့ အဓိပ္ပါယ်ရှိတာလဲ။"
"အဲဒါက ဂရိဒဏ္ဍာရီတွေကနေ လာတာ။ Narcissus က မြစ်နတ်ဘုရား Cephissus နဲ့ မြစ်စောင့်နတ်သမီး Liriope တို့ရဲ့ သားပဲ။ သူက အရမ်းချောမောလွန်းပေမယ့် သူ့ကို ပိုးပန်းသူတွေအားလုံးကို ငြင်းဆန်ခဲ့တယ်။ နောက်ကျတော့ သူက ရေထဲမှာ ရောင်ပြန်ဟပ်နေတဲ့ သူ့ရဲ့ ပုံရိပ်ကို သူ နက်နက်နဲနဲ ချစ်မိသွားပြီး ပူဆွေးသောကရောက်လို့ သေဆုံးသွားတာ။ သူ သေသွားပြီးတော့ ဒက်ဖဒိလ်ပန်းအဖြစ် ပြောင်းသွားတယ်တဲ့။ အင်္ဂလိပ်လိုဆိုရင်တော့ ဒက်ဖဒိလ်ပန်းတွေကို ကိုယ့်ကိုယ်ကိုယ်အထင်ကြီးတာ ဆိုတဲ့ အဓိပ္ပါယ်နဲ့ ဖော်ပြကြတယ်။"
"..."
ရှောက်ယန်၏ ရှင်းပြချက်ကို ကြားပြီးနောက် လင်ချူးဆွေ့က အလွန် ဒေါသထွက်သွားခဲ့သည်။ သူမက ချက်ချင်း လှည့်ကာ ရွှီကျားနင်၏ စားပွဲကို ဘုန်းခနဲ ရိုက်ချလိုက်၏။ "နင်ကသာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတဲ့ကောင်ပဲ သောက်နိုင်ငံခြားသားအတုကောင်ရဲ့။"
ရွှီကျားနင်က အိမ်စာလုပ်နေပြီး သူမကို အဖက်လုပ်ပြီး ပြန်ဖြေရန် စိတ်မဝင်စားခဲ့ပေ။ သူသည် ထိုမိန်းကလေးက အလွန် သတ္တိရှိပြီး သူ့စားပွဲကို အဆက်မပြတ် တွန်းတိုက်နေမည်ဟု ထင်မထားခဲ့ပေ။
သူက ဆက်၍ သည်းမခံနိုင်တော့ဘဲ ထရပ်ကာ လင်ချူးဆွေ့ကို ပြောလိုက်သည်။ "မင်း သတ္တိရှိရင် ထပ်လုပ်ကြည့်လိုက်။"
"အိုး.... နိုင်ငံခြားသားအတုကောင်က လူကြီးလူကောင်းလိုမျိုး ထပ်ပြီး ဟန်မဆောင်တော့ဘူးလား။" လင်ချူးဆွေ့ကလည်း ထရပ်ကာ သူ့စားပွဲကို အတင်းအကျပ် မှောက်လှန်ပစ်ရန် ကြိုးစားတော့သည်။
ရွှီကျားနင်က သူမ၏ လက်ကောက်ဝတ်အား ဆုပ်ကိုင်လိုက်သည်။ "ငါ မိန်းမတွေနဲ့ ရန်မဖြစ်တတ်ပေမယ့် မင်းဘက်က အရမ်း လွန်မလာနဲ့။"
လင်ချူးဆွေ့က ပြန်လုပ်ရန် ပြင်နေဆဲမှာပင် နောက်ထပ် အားသန်သည့် လက်တစ်ဖက်က ဆန့်ထုတ်လာပြီး ရွှီကျားနင်၏ လက်ကောက်ဝတ်ကို ဆွဲလှည့်ပစ်လိုက်လေသည်။
ရွှီကျားနင်၏ လက်ကောက်ဝတ်က နာကျင်သွားပြီး လင်ချူးဆွေ့အား လွှတ်ပေးလိုက်ရသည်။ အလွန်အမင်း နာကျင်မှုက သူ့မျက်ခုံးများကိုပင် ကျုံ့သွားစေခဲ့သည်။
သူ့ကို စိုက်ကြည့်နေသည့် ရှောက်ယန်၏ မျက်လုံးများက အသူတရာချောက်နက်ကဲ့သို့ နက်မှောင်နေပြီး သူ့ အသံနိမ့်နိမ့်က ခြိမ်းခြောက်မှုတို့နှင့် ပြည့်နေခဲ့သည်။
"သူမကို - မ - ထိ - နဲ့။"
ရွှီကျားနင်နှင့် ရှောက်ယန်တို့က စက္ကန့်အနည်းငယ် ကြာသည်အထိ အချင်းချင်း စိုက်ကြည့်နေခဲ့ကြသည်။ ရှောက်ယန်၏ နက်ရှိုင်းသော မျက်လုံးများထဲမှနေ၍ ရွှီကျားနင်က သေချာလှသည့် ခိုင်မာပြတ်သားသော အဓိပ္ပါယ်ကို မြင်လိုက်ရသည်။
၎င်းမှာ လင်ချူးဆွေ့အား ကာကွယ်ရန်က သူ့အတွက် သဘာဝအလျောက်ဖြစ်လာသည့် သမိုင်းပေးတာဝန်တစ်ရပ် ဖြစ်နေသကဲ့သို့ ဖြစ်သည်။
ရွှီကျားနင်က သူ၏ ပထမဆုံးကျောင်းတက်ရက်၌ အတန်းဖော်နှင့် ပြဿနာတက်ပြီး ဆိုးဝါးသည့် ထင်မြင်ချက်များ ချန်မထားချင်ခဲ့ပေ။ ထို့ကြောင့် သူက ရှောက်ယန်၏ ဆုပ်ကိုင်ခံထားရသည့် လက်ကို လွတ်အောင် ရုန်းရင်း ပြောလိုက်သည်။ "ငါ ပထမဆုံး ကျောင်းတက်ရက်မှာ ရန်မဖြစ်ချင်ဘူး။"
ရှောက်ယန်က သူ့ကို ဆက်၍ မဆန့်ကျင်တော့ဘဲ လက်အား လွှတ်ပေးလိုက်သည်။
အတန်းတက်ခေါင်းလောင်းသံ မြည်လာပြီး ဝိုင်းကြည့်နေကြသည့် အတန်းဖော်များကလည်း သူတို့၏ ဖရဲသီးစားနေသော အကြည့်များကို ပြန်ရုတ်လိုက်ကာ သူတို့ထိုင်ခုံသို့ နာနာခံခံ ပြန်သွားခဲ့ကြသည်။
လင်ချူးဆွေ့က အံ့သြမှင်တက်စွာနှင့် ရှောက်ယန်ကို စိုက်ကြည့်နေခဲ့သည်။
သူ အတန်းကို ပြောင်းရွှေ့လာပြီးနောက် သူမက သူ့ခံစားချက်များကို အတည်မပြုနိုင်သေးဘဲ ရှိနေခဲ့သော်လည်း ယခုတွင် အပြည့်အဝ သေချာသွားပြီဖြစ်သည်။
ရှောက်ယန်က သူမကို တကယ်ကြီး စိတ်ဝင်စားနေတာပဲ။
မဟုတ်ဘူး။ ဒါက စိတ်ဝင်စားရုံလေးပဲ မဟုတ်ဘူး။ သူက သိသိသာသာကြီး သူမကို ပွင့်ပွင့်လင်းလင်း လိုက်ချင်နေတာပဲ။
သို့သော် မည်သို့ဖြစ်၍ သူတို့ အတန်းတူ ကျောင်းသားအားလုံးတွင် ထိပ်ဆုံးကျောင်းသားဖြစ်သည့် သင်ယူခြင်းနတ်ဘုရားက သူမကဲ့သို့ အရှုံးသမား ငပျင်းတစ်ယောက်ကို သတိပြုမိသွားရပါသနည်း။
ဒါက အရမ်း ဆွဲဆောင်မှုရှိတာပဲ။
သူမက ဖုန်းကို ထုတ်ယူကာ 'နန်ချန် အမှတ် ၁ အလယ်တန်းကျောင်း၏ အချောအလှလေးများ အဖွဲ့' သို့ မက်ဆေ့ချ်တစ်စောင် ပို့လိုက်သည်။
လင်ချူးဆွေ့ : "ကူညီကြပါဦး။ ငါ သူ့ရဲ့ မာနကို မထိခိုက်စေဘဲ သိမ်သိမ်မွေ့မွေ့ ဘယ်လို ငြင်းလို့ ရနိုင်မလဲ။"
လုချီ : "မင်းရဲ့ ပထမဆုံးအချစ်က ပြီးဆုံးသွားတာ နှစ်နှစ်လောက်တောင်ကြာနေပြီ။ ကြည့်ရတာတော့ ငါတို့ ချူးကျဲ (အစ်မချူး) ရဲ့ ဒုတိယမြောက်နွေဦးက ရောက်ရှိလာပုံပဲ။ [စီးကရက်အီမိုဂျီ]"
ကျန်းချန်ယွီ : "မင်း သူ့ကို ကြိုက်လား။"
လင်ချူးဆွေ့ : "ငါဖြင့် သူ့ကိုတောင် မသိဘူး။ ဘယ်လိုလုပ် ကြိုက်မှာလဲ။"
ကျန်းချန်ယွီ : "အဲဒါဆို တိုက်ရိုက်သာ ငြင်းပစ်လိုက်။"
လုချီ : "သူ့ကို မငြင်းလိုက်နဲ့။ ချူးကျဲ ဒါက ကောင်းမွန်တဲ့ အခွင့်အရေးတစ်ခုနော်။ သင်္ချာအမှတ်ပြည့် အဖြေလွှာနဲ့ သူ့ရဲ့ ထူးခြားမှုကြီးကို ကြည့်ပါဦး။ ဒီလို အံ့သြဖွယ် ထူးချွန်တဲ့ အိမ်စာရိတ်သိမ်းစက်ကြီးကို လက်လွှတ်လိုက်နိုင်တဲ့ နှလုံးသား မင်းမှာ တကယ်ရှိတာလား။"
လင်ချူးဆွေ့ : "ငါ့မှာ နှလုံးသားရှိတယ်။"
လုချီ : "ကျစ်.. ကျစ်.. ကြောင်သူတော်ပဲ။"
လင်ချူးဆွေ့ : "ငါ့သားလေး အိမ်စာကူးကြတဲ့ကမ္ဘာရဲ့ အမြင့်ဆုံးဘုံက ဘာလဲဆိုတာ သိလား။"
လုချီ : "[ခေါင်းယမ်းနေတဲ့ အီမိုဂျီ]"
လင်ချူးဆွေ့ : "အိမ်စာကူးကြတဲ့ ကမ္ဘာရဲ့ အမြင့်ဆုံးဘုံက ကူးရမှာတောင် အရမ်းပျင်းရိနေတာမျိုးပဲ။"
လုချီ : "......"
လုချီ : "ချူးကျဲ ဘာလို့ နည်းနည်းလောက် ကြိုးစားပြီး သူနဲ့ တွဲမကြည့်တာလဲ။ ဘာပဲဖြစ်ဖြစ် သူက မြင့်မားတဲ့ ဝယ်လိုအားရှိတဲ့ ကုန်စည်တစ်ခုလိုပဲဟာ။ ငါ့ရဲ့ ရည်းစားဟောင်းကတောင် သူ့ကို ဝန်ခံဖို့ အစီအစဥ်ဆွဲထားတာနော်။"
လုထျန်းပိုင် : "ညီမလေး ဒီလူရမ်းကားတွေကို လျစ်လျူရှုပြီး မင်း ဆန္ဒရှိတာကိုသာ ရွေးချယ်လိုက်။"
..........
လင်ချူးဆွေ့ စာရိုက်၍ မပြီးခင် သူမဖုန်းက သူမဘေးမှ ကောင်လေး၏ လုယူသွားခြင်းကို ခံလိုက်ရသည်။။
သူမက ထိတ်လန့်သွားပြီး ၎င်းကို ပြန်ဆွဲယူချင်သော်လည်း ရှောက်ယန်က သူမ ဖုန်းကို စက်ပိတ်လိုက်ကာ စားပွဲပေါ်သို့ တင်လိုက်ပြီး သူ့လက်ချောင်းများနှင့် တတောက်တောက် ခေါက်ရင်း ခြိမ်းခြောက်ဟန်စွက်သည့် ခပ်နိမ့်နိမ့်အသံနှင့် ပြောလိုက်သည်။
"အတန်းချိန်အတွင်းမှာ ဖုန်းဆော့နေတာ။ ငါ ဒီဟာကို လွှင့်ပစ်လိုက်မယ်ဆိုတာ ယုံလား။"
လင်ချူးဆွေ့ : ?
"အတန်းထဲမှာ အာရုံစိုက်။ မင်း ဖုန်းကို အခုချိန် သိမ်းထားပေးမယ်။'
"???"
ချက်ချင်းပင် သူမက ဒူးထောက်က 'အဖေ' ဟု ခေါ်ချင်သွားပြန်ပေသည်။
ကျောင်းဆင်းပြီးနောက် လုချီနှင့် လုထျန်းပိုင်တို့က လင်ချူးဆွေ့ကို ရုပ်ရှင်သွားကြည့်ရန် မေးခဲ့သော်လည်း လင်ချူးဆွေ့က ရုပ်ရှင်ကြည့်ချင်စိတ်ရှိမနေရာ ငြင်းဆန်ခဲ့ပြီး ကျောင်းလွယ်အိတ်ကို လွယ်ရင်း အိမ်သို့ တစ်ယောက်တည်း ပြန်လာခဲ့သည်။
လမ်းတွင် သူမက ရွှီကျားနင် တောင်တက်စက်ဘီးတစ်စီးကို စီးကာ ပန်းခြံငယ်တစ်ခုအတွင်း ဝင်သွားသည်ကို မြင်သည့်အခါ သူမက သူ့နောက်မှ ချောင်းရင်း သူ ဖုန်းပြောနေသည်ကို ကြားလိုက်ရသည်။
ရွှီကျားနင်က ဘေးသို့ ဝေ့ဝဲကြည့်လိုက်ပြီး သူသည် လင်ချူးဆွေ့က ကြောင်လေးတစ်ကောင်ကဲ့သို့ သူ့နောက်မှ လိုက်လာကြောင်း မြင်လိုက်ရသည်။
သို့သော် သူက သူမကို လျစ်လျူရှုပြီး ချက်ချင်း အင်္ဂလိပ်လို ပြောင်းပြောလိုက်ကာ ခုံတန်းတစ်ခုတွင် ထိုင်၍ သူ့သူငယ်ချင်းနှင့် စကားဆက်ပြောနေသည်။
လင်ချူးဆွေ့၏ အင်္ဂလိပ်စာ စွမ်းရည်က မကောင်းလှသဖြင့် သူမက သူပြောနေသည့် စကားများကို နားမလည်နိုင်ဘဲ ရှိနေကာ ရုပ်ရှင်ထဲ၌ ပါဖူးသည့် ကျိန်ဆဲစကားတချို့ကိုသာလျှင် ကြားခဲ့ပေသည်။
သူမသည် အလိုလိုပင် ရွှီကျားနင်က သူမကို ထပ်ပြီး ကျိန်ဆဲနေပြန်ပြီဟု ခံစားလိုက်ရသည်။
ထို့ကြောင့် သူမက သစ်ပင်နောက်တွင် ပုန်းကွယ်ရင်း သူမ ဖုန်းကို ထုတ်လိုက်ကာ တိုက်ရိုက်ဘာသာပြန်ပေးသည့် ဘာသာပြန်အက်ပ်ကို ဖွင့်လိုက်သည်။
"ငါ အရမ်း စိတ်အနှောက်အယှက် ဖြစ်နေပေမယ့် မတတ်နိုင်ဘူး။ ငါ့ အဖေက ခံစားချက်တွေ မွေးမြူရအောင်လို့ ဆိုပြီး ငါ့ကို အဲဒီကို အတင်းပြောင်းစေချင်နေခဲ့တာလေ။"
"ကျောင်းက ကျောင်းသားတွေကလည်း ညံ့ဖျင်းလိုက်ကြတာ။ သူတို့နဲ့ ပတ်သက်ဆက်ဆံဖို့ အများကြီး အားထုတ်ရလိမ့်မယ်။ မိန်းကလေးတွေကလည်း ဆယ်ကျော်သက်အချစ်ကို တော်တော်လေး စွဲလမ်းနေကြတယ်။"
"ငါ့ ညီမလား။ သူမက ဒီအတိုင်း ပုန်ကန်တတ်တဲ့ ဆယ်ကျော်သက်လေး တစ်ယောက်ပါပဲ။" ရွှီကျားနင်၏ အသံက အနည်းငယ် မြင့်တက်လာသည်။ "သူမ အဖေ သေသွားတာနဲ့ တစ်လောကလုံးက သူမအပေါ် အကြွေးတင်ထားသလိုမျိုးပဲ။"
လင်ချူးဆွေ့က မပျော်မရွှင် ဖြစ်သွားပြီး ကျောက်စရစ်ခဲအသေးလေးတစ်ခုကို ကောက်ယူပြီး သူမ လက်ထဲ၌ အလေးချိန်ကို ချိန်ဆကာ သူ့ကို ပစ်ပေါက်ရန် ပြင်လိုက်သည်။
"ကြောက်စရာအကောင်းဆုံးကတော့ သူမက သူမ အဖေရဲ့ ဓာတ်ပုံတွေကို တစ်အိမ်လုံးမှာ ချိတ်ထားတာပဲ။ ညဘက်ကြီး သန့်စင်ခန်းသွားရမှာတောင် ကြောက်ဖို့ကောင်းတယ်။ လောင်ရွှီကတော့ ဟန်းနီးမွန်းကနေ ပြန်လာတဲ့အခါ သူမကြောင့် နှလုံးရပ်တဲ့အထိ ကြောက်လန့်သွားတော့မှာပဲ။"
"သူမက စိတ်ပိုင်းဆိုင်ရာချို့ယွင်းနေတာ ဖြစ်ရမယ်။"
"သူမမှာ ဆုံးမပေးမယ့် အဖေမရှိလို့ သနားစရာကောင်းနေတာကို မထောက်ထားခဲ့ဘူးဆိုရင် ငါ သူမကို သင်ခန်းစာပေးလိုက်မိမှာ ကြာလှပြီ။"
"မင်းကို ဘယ်သူကမှ စောင့်ကြည့်မနေတာ ဘယ်လောက်ကောင်းလိုက်သလဲ။ ငါ အဲဒီလိုဖြစ်နိုင်ဖို့ ဆုတောင်းနေတာ ဒီလောက်ကြာပြီ။ အခုထိ မဖြစ်နိုင်သေးဘူး။"
.......
လင်ချူးဆွေ့က ပြေးသွားပြီး သူ့ကို ရိုက်ပစ်တော့မည် ဖြစ်သော်လည်း နောက်ဆုံးအပိုင်းကို နားထောင်ပြီးနောက် အကြောင်းပြချက်တချို့ကြောင့် သူမ၏ မျက်လုံးများနှင့် နှာခေါင်းက ရုတ်တရက် ချဥ်တူးလာသလို ခံစားရပြီး နီရဲလာပေသည်။
သူမက ကျောက်စရစ်ခဲအား အဝေးသို့ ပစ်ထုတ်လိုက်ပြီး သူမ၏ ညစ်ပတ်နေသော လက်များကို အသုံးပြု၍ စိုစွတ်နေသော မျက်လုံးများကို ပွတ်သုတ်ကာ ထိုနေရာမှ ထွက်သွားရန် ပြင်လိုက်သည်။
ထို့နောက် လက်တစ်စုံက သူမကို ဆွဲကိုင်လိုက်၏။
လင်ချူးဆွေ့ မော့ကြည့်လိုက်သည့်အခါ ရှောက်ယန်က သူမဘေး တစ်နေရာ၌ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။
သူက သူမ၏ ညစ်ပတ်နေသော လကျမြားကျု ဆွဲယူကာ သူ့ ကျောင်းလွယ်အိတ်ထဲမှ သန့်ရှင်းသည့် ရေစိုပုဝါပါးတချို့ ထုတ်ယူ၍ သူမ၏ ဖုန်နှင့်သဲများ ပေနေသော လက်ကို သန့်ရှင်းရန် ကူညီပေးလိုက်သည်။
"နင်...."
ရှောက်ယန်က မင်ကဲ့သို့ မည်းမှောင်နေသည့် မျက်လုံးများနှင့် သူမကို နက်ရှိုင်းသော အကြည့်တစ်ခု ပေးလိုက်ကာ သူ့လက်ခုံကို အသုံးပြု၍ သူမ မျက်ဝန်းထောင့်၌ စွန်းပေနေသည့် မျက်ရည်တို့ကို သုတ်ပေးလိုက်သည်။ ထို့နောက် သူက သိမ်မွေ့သောလေသံနှင့် လှောင်ပြောင်စကားဆိုလိုက်၏။
"နုံချာလိုက်တာ။"
"... "
လင်ချူးဆွေ့က သူ့ကို သတိကြီးကြီးနှင့် ကြည့်ရင်း နောက်သို့ ခြေနှစ်လှမ်းခန့် လျင်မြန်စွာ ဆုတ်လိုက်သည်။
သူမသည် ဤကောင်လေးက သူမကို တိတ်တိတ်လေး ကြိုက်နေကြောင်း သိထားသော်လည်း ထူးဆန်းစွာပင်.... လင်ချူးဆွေ့သည် သူ့ကိုယ်ပေါ်၌ လောင်လင်၏ အရိပ်ကို အမြဲ မြင်တွေ့နေရပေသည်။
ရွှီကျားနင်၏ စကားများက ကြီးကြီးမားမား မဟုတ်ဘဲ သူမကို ဒေါသထွက်ရုံမှအပ တခြား မခံစားခဲ့ရပေ။
သို့သော် ရုတ်တရက် ဂရုတစိုက် နှစ်သိမ့်ပေးမှုကို ရလိုက်သည့်အခါ ချက်ချင်းပင် သူမ မျက်လုံးများထဲ သဲဝင်သွားသကဲ့သို့ မျက်ရည်များက ပါးပြင်ပေါ် ကျဆင်းလာပေသည်။
အရမ်း ရှက်စရာကောင်းတာပဲ သူမက ခြေလှမ်းများကို အရှိန်မြှင့်လိုက်ပြီး အဝေးသို့ ထွက်ပြေးသွားခဲ့သည်။
ရှောက်ယန်က သူ၏ ခြေတံရှည်များနှင့် သူမ နောက်သို့ လိုက်လာခဲ့၏။
"ငါ့နောက်က လိုက်မလာနဲ့။" လင်ချူးဆွေ့က ပြန်လှည့်ကြည့်လိုက်ပြီး ခြိမ်းခြောက်လိုက်၏။ "နင် ဆက်လိုက်လာရင် ငါ နင့်ကို ရိုက်ပစ်မယ်။"
ရှောက်ယန်က ပန်းခြံ၏ အစွန်း၌ အာတာပူစီရောင်းသည့် လှည်းကို မြင်သည့်အခါ သူ၏ ခြေလှမ်းများကို အရှိန်မြန်လိုက်ပြီး ရောင်စုံအာတာပူစီ cotton candy) တစ်ခု ဝယ်လိုက်သည်။
အရောင်ငါးမျိုးပါသော ကြီးမားသည့် တိမ်စိုင်ကဲ့သို့ အာတာပူစီကို ကိုင်ကာ ပြန်လာနေသည်ကို မြင်သောအခါ လင်ချူးဆွေ့က သူ၏ ရည်ရွယ်ချက်ကို နားမလည်ခဲ့ဘဲ ပြောလိုက်သည်။ "နင် အတိအကျ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။"
ရှောက်ယန်က သူ ကိုင်ထားသည့် အာတာပူစီကို သူမထံ ပေးလိုက်သည်။ "မငိုနဲ့တော့။ မင်းကို ဒါ ဝယ်ကျွေးမယ်။"
"နင်က ဘယ်သူမို့လို့လဲ။ ငါ နင် ဝယ်ကျွေးတာ မလိုချင်ဘူး။"
"ဒါဆို ငါးယွမ်ပေးလေ။ ငါ မင်းကို ရောင်းမယ်။"
"... "
လင်ချူးဆွေ့က ပို၍ပင် သည်းထန်စွာ ငိုကြွေးလာသည်။
သူမ မူကြိုတက်စဥ်အရွယ်က လောင်လင်က သူမ အငိုရပ်စေရန် ချော့မြှူဖို့ရာ အာတာပူစီ ဝယ်ကျွေးလိမ့်မည် ဖြစ်သည်။ အခု သူမက အရွယ်ရောက်နေပြီ ဖြစ်သည်။ ဘယ်သူက အဲဒီကလေးဆန်တဲ့ အာတာပူစီ စားချင်နေလို့လဲ
ထို အာတာပူစီကို ကြည့်ပြီး လင်ချူးဆွေ့က လောင်လင်ကို ထပ်၍ တွေးမိကာ မျက်ရည်များက သူမ မျက်နှာထက် ပို၍ပင် ကျဆင်းလာသည်။
လူတိုင်းသည် သူမက ဘဝသစ်အတွက် ရှေ့ဆက်လှမ်းသင့်သည့်ဟု ပြောကြသည်။ သူမအဖေကလည်း သူမကို အမှတ်တရများဖြင့် ချည်နှောင်ခံထားရသည်ကို မြင်ချင်လိမ့်မည် မဟုတ်ပေ။
သို့သော် လူတွေကို သူတို့ ဘာတွေ လုပ်သင့်ပြီး ဘာတွေကို မလုပ်သင့်ဘူးဆိုတာ အပြောက အရမ်းလွယ်ကူပေသည်။
သူမက ရုန်းမထွက်နိုင်ရုံသာ ဖြစ်သည်။
လင်ချူးဆွေ့က သူမ၏ ငိုကြွေးမှုက မည်မျှ ရုပ်ဆိုးကြောင်း၊ မည်မျှ စိတ်အနှောက်အယှက်ဖြစ်စရာကောင်းကြောင်းနှင့် သူမ အနီးမှ လူများကို မည်မျှ စိတ်ပျက်စေကြောင်း ဂရုမစိုက်ပေ။ သူမက မည်သည်ကိုမှ ဂရုမစိုက်ပါချေ။
"နင် တစ်စုံတစ်ယောက်ကို ဘယ်လို နှစ်သိမ့်ရမလဲမသိရင် ထွက်သွား။"
"သင်ယူနေဆဲမို့လို့ပါ။"
လင်ချူးဆွေ့က အံကြိတ်လိုက်ပြီး သူ့ကို မုန်းတီးစွာ ကြည့်လိုက်သည်။ "နင်က ငါ့အဖေမှ မဟုတ်ဘဲ ဘာလို့ ငါ့ကို လာပြီး ဂရုစိုက်နေတာလဲ။"
"ဟုတ်နေရင်ရော ဘယ်လိုလုပ်မလဲ။"
လင်ချူးဆွေ့က အံကြိတ်ရင်း ပြောလိုက်သည်။ "အဲဒါဆို သက်သေပြ"
ရှောက်ယန်က အမူအရာမဲ့စွာနှင့် ရှိနေဆဲ ဖြစ်သည်။
သူတို့နှစ်ယောက်က မိနစ်အနည်းငယ် တိတ်ဆိတ်နေခဲ့ကြသည်။ လင်ချူးဆွေ့က ကိုးရို့ကားယားနိုင်သလို ခံစားလိုက်ရပြီး လှည့်ထွက်သွားလိုက်၏။
မကြာခင်၌ ရှောက်ယန်က သူမကို လိုက်မီသွားပြီး သူ့လက်ထဲမှ အာတာပူစီကို သူမ မျက်စိရှေ့ ထပ်ထိုးပေးကာ ညင်သာစွာ ပြောလိုက်သည်။ "လိမ္မာတယ်။ နောက်ထပ် မငိုနဲ့တော့။"
လင်ချူးဆွေ့၏ ခြေလှမ်းများက ရုတ်တရက် ရပ်တန့်သွားခဲ့လေသည်။
***