အပိုင်း ( ၅ )
(Note: လုထျန်းပိုင်က မိန်းကလေးပါ အရှေ့ပိုင်းတွေမှာ ယောက်ျားလေးလား မိန်းကလေးလား မသိခဲ့လို့.. အခုကစပြီး မိန်းကလေးနာမ်စားတွေပဲ သုံးပါ့မယ်)
ရှောက်ယန်က မိန်းကလေးကို TV တွင် ပထမဆုံး စမြင်ဖူးတာ ဖြစ်သည်။
ထိုအချိန်၌ ဆေးရုံက မြင်ကွင်းမှာ အလွန်ပင် ရှုပ်ထွေးနေခဲ့သည်။ သတင်းထောက်များကို ရဲများနှင့် စေတနာ့ဝန်ထမ်းများက ဟန့်တားထားပြီး သူတို့က အဝေးမှနေသာ ရိုက်ချက်တချို့တလေကို ရယူနိုင်ပေသည်။
ဗွီဒီယိုဖိုင်အတွင်းတွင် ကောင်မလေးက ကူကယ်ရာမဲ့စွာနှင့် အရေးပေါ်တံခါးအပြင်ဘက်တွင် ဆောင့်ကြောင့်ထိုင်နေခဲ့ပြီး ဆရာဝန်နှင့် သူနာပြုများက အဖြူရောင်ပိတ်စလွှမ်းထားသည့် ကုတင်တစ်ခုကို တွန်းလာကာ ရုပ်ကြွင်းအား တာဝန်ယူရသည့် ဝန်ထမ်းထံသို့ လွှဲပေးလိုက်သည်အား ကြည့်နေခဲ့သည်။
မိန်းကလေး၏ မျက်လုံးများတွင် မျက်ရည်အပြည့်ဖြစ်နေသော်လည်း သူမက နှုတ်ခမ်းကို ကိုက်ထားရင်း ခေါင်းမာမာနှင့် မျက်ရည်များကို ကျခွင့်မပြုခဲ့ပေ။
ထိုအမျိုးသားကို နိဗ္ဗာန်ယာဥ်ပေါ်သို့ တွန်းတင်လိုက်သည့်အခါကျမှ သူမက တုန့်ပြန်လာပြီး ငိုကြွေးရင်း ယာဥ်နောက်သို့ ပြေးလိုက်လာသည်။
"အဖေ"
"အဖေ့ရဲ့ အလိမ္မာတုံးလေးကို စောင့်ပါဦး။"
........
သူမ အဖေနောက်သို့ ငိုကြွေးရင်း ပြေးလိုက်နေသည့် ပုံရိပ်က ရှောက်ယန်၏ အိပ်မက်ထဲ ညတိုင်းရောက်လာတတ်သည်။
ရှောက်ယန်ထံ၌ ကလေးဘဝကတည်းက အိပ်မက်ဆိုးများစွာ ရှိနှင့်နေပြီး ဖြစ်သည်။
သူ့ မိဘတွေက သူ့ကို မိဘမဲ့ဂေဟာမှာ စွန့်ပစ်ခဲ့ပြီးနောက် သူ့ အသည်းကို 'အလှူခံ' ဖို့ရာ အတုအယောင် မွေးစားခြင်းကို သည်းခံခဲ့ရကာ သူ့အသက် ဆယ့်နှစ်နှစ်၌ နိုင်ငံခြားမှ သီးသန့်ဆေးရုံတစ်ခုတွင် ကိုယ်တွင်းအင်္ဂါ ထုတ်ယူသည့် ခွဲစိတ်မှုတစ်ခု ပြုလုပ်ခံခဲ့ရပြီး သူ့အသက်တစ်ဝက် သေဆုံးလုနီးပါး ဖြစ်ခဲ့ရသည်။
ဆိုးယုတ်မှုတွေက ကောင်းကင်ကို ဖုံးကာထားပြီး ရှည်လျားသည့် ညတာက အလင်းရရန် ခက်ခဲလှသည်။
ရှောက်ယန်က နောက်ဆုံး မီးမလောင်ခင်အထိ နှစ်များစွာ တောင့်ခံခဲ့ရပြီး သူ၏ ကိုယ်ပိုင်အသက်နှင့် အလဲအထပ်လုပ်ကာ ဘီလီယံချီသော ငွေသားများနှင့်အတူ တရားခံကို တရားရုံးသို့ ပို့ဆောင်နိုင်ခဲ့သည်။
ကောင်းကင်၏ တရားစီရင်မှုက ထင်ရှားလှပြီး မည်သူကမှ နေမင်းကို အမှန်တကယ် မဖုံးကွယ်ထားနိုင်ပေ။
သို့သော် သူသည် တစ်စုံတစ်ယောက်က သူ့ကို ကယ်တင်ရန်အတွက် အသက်ကိုပင် စွန့်လွှတ်ခဲ့လိမ့်မည်ဟု မထင်မှတ်ထားမိခဲ့ပေ။
မီးခိုးတွေ ပြည့်နေသည့် အခန်းထဲသို့ ပြေးဝင်လာသော လိမ္မော်ရောင်မီးသတ်သမား ယူနီဖောင်းနှင့် ထိုသူက ကောင်းကင်မှ ဆင်းသက်လာသည့် စူပါဟီးရိုးတစ်ယောက်ကဲ့သို့ပင်။
လင်ရှို့ကျယ်က သူ့ကို ပွေ့ချီကာ တုန့်ဆိုင်းခြင်းမရှိဘဲ အပြင်သို့ ပြေးထွက်ခဲ့သည်။
သို့သော် သူ၏ ကျောရိုးက ပြုတ်ကျလာသည့် ရက်မကြောင့် ကျိုးသွားခဲ့ပြီး သူက ရှောက်ယန်ကို တွန်းလွှတ်ကာ သူ့အား ပြုံးပြ၍ ပြောလိုက်သည်။ "ငါ့သမီးက မင်းနဲ့ ရွယ်တူလောက်ပဲ။ ငါ သူမကို အန္တရာယ်ကင်းကင်းနဲ့ နေထိုင်ပြီး ကောင်းကောင်းမွန်မွန် အရွယ်ရောက်လာဖို့ မျှော်လင့်တယ်။"
"ကလေး မင်းလည်း ကောင်းကောင်းမွန်မွန် အသက်ရှင်ရမယ်။"
.........
ရှောက်ယန် လင်ရှို့ကျယ်ကို သိခွင့်ရခဲ့သည့်အချိန်က တစ်မိနစ်ပင် မပြည့်ခဲ့ပေ။
လင်ရှို့ကျယ်က သူ့ကို စကားနှစ်ခွန်းသာ ပြောသွားခဲ့သည်။
'ငါ့သမီးက မင်းနဲ့ ရွယ်တူလောက်ပဲ။ ငါ သူမကို အန္တရာယ်ကင်းကင်းနဲ့ နေထိုင်ပြီး ကောင်းကောင်းမွန်မွန် အရွယ်ရောက်လာဖို့ မျှော်လင့်တယ်။’
‘ကလေး မင်းလည်း ကောင်းကောင်းမွန်မွန် အသက်ရှင်ရမယ်။'
သေခြင်းတရားမှ လွတ်မြောက်ပြီးနောက် ရှောက်ယန်က အကောင်းဆုံး ကြိုးစား နေထိုင်၍ အမြင့်သို့ တက်နိုင်ရန် လုပ်ဆောင်ခဲ့သည်။
ရွှံ့နွံထဲမှာ နစ်မြုပ်နေသည့် သူ့ကို မည်သူမဆို တက်နင်းချေနိုင်ပြီး ပို၍ မြင့်မားသည့် နေရာတွင် ရပ်နိုင်မှသာ အနိုင်ကျင့်နင်းချေခံရခြင်းမှ ရှောင်ရှားနိုင်မည် ဖြစ်သည်။
သို့သော် ရှောက်ယန်သည် ကံကြမ္မာက သူ့အပေါ် တစ်ခါထပ်ပြီး လှည့်စားမှု အကြီးကြီး ပြုလုပ်လိမ့်မည်ဟု မည်သည့်အခါမှ ထင်မှတ်မထားမိခဲ့ပေ။
"【အဖေဆုံးရှုံးသွားရသည့် မိန်းကလေးကို ကယ်တင်ပါ】တာဝန်ကို Loading လုပ်ခြင်း ပြီးပြည့်စုံသွားပါပြီ။ Host က တာဝန်တွေကို သတ်မှတ်အချိန်အတွင်း ပြီးမြောက်အောင် လုပ်ဆောင်ရပါမယ်။"
"တာဝန် : မင်း အသက်ကို ကယ်တင်ခဲ့တဲ့ မီးသတ်သမား လင်ရှို့ကျယ်ရဲ့ ဆန္ဒဖြစ်တဲ့ သူ့သမီး လင်ချူးဆွေ့ကို အသက်ရှင်လိုစိတ်နဲ့ တိုက်ခိုက်ရေးစိတ်ဝိညာဥ် ပြန်လည်ရရှိအောင် လုပ်ဆောင်ပေးပြီး သူမရဲ့ မူလရည်မှန်း တက္ကသိုလ်ကို ဝင်ခွင့်ရအောင် ကူညီပေးပါ။ ပြီးတော့ သူမ အန္တရာယ်ကင်းကင်းနဲ့ ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာ နေနိုင်အောင် စောင့်ရှောက်ပါ။"
"တာဝန်ကျရှုံးခဲ့ရင် မီးသတ်သမား လင်ရှို့ကျယ်က မင်းရဲ့ ခန္ဓာကိုယ်ကို အပိုင်သိမ်းပြီး သူ့ရဲ့ မပြီးပြည့်စုံသေးတဲ့ ဘဝကို ဆက်လက်နေထိုင်သွားပါလိမ့်မယ်။ မင်းရဲ့ အသိစိတ်ကတော့ ဖယ်ရှားခံရပြီး သေဆုံးသွားပါလိမ့်မယ်။"
သူ ပထမဆုံး System နှင့် စတွေ့သည့်အချိန်၌ ကြားလိုက်ရသည့် အေးစက်သည့် စက်ရုပ်အသံ ဖြစ်သည်။
သူ၏ ပထမဆုံးအတွေးမှာ ထင်ယောင်ထင်မှား ဖြစ်နေခြင်း၊ စိတ်ကယောင်ချောက်ချားဖြစ်ခြင်းဟူ၍ ဖြစ်ကာ ၎င်းကို အရေးမစိုက်ခဲ့ပေ။
ထိုသည်မှာ သူ၏ အမြင်အာရုံ ဘယ်ဘက်ထောင့် အောက်ခြေ၌ ရေတွက်နေသည့် နံပါတ်များကို မမြင်တွေ့ခင်အချိန်ထိ ဖြစ်သည်။
တာဝန်ပြီးမြောက်ရန် သတ်မှတ်ချက်နောက်ဆုံးနေ့မှာ ၃၆၃ ရက် ဖြစ်သည်။ ကျန်ရှိသည့်ရက် - ၃၆၂ ရက်၊..... ၃၆၁ ရက်....
ညာဘက်အောက်ခြေထောင့်၌ ပြနေသည့် တာဝန်ပြီးမြောက်မှု ဘားတန်းက 0% ဖြစ်သည်။
တာဝန်ဘားတန်းနှင့် တာဝန်အတွက် ကျန်ရှိသည့်ရက်က သူ့မျက်စိရှေ့၌ ပေါ်လာသည့်အပြင် လင်ရှို့ကျယ်၏ အသံကပင် သူ့ခေါင်းထဲ၌ ထွက်ပေါ်လာပေသည်။ "ကလေး မင်း အဲဒီဟာက ပြောတဲ့အတိုင်း လိုက်လုပ်တာ ကောင်းလိမ့်မယ်လို့ အကြံပေးချင်တယ်။"
"အခု ဘာတွေ ဖြစ်နေတာလဲ။"
လင်ရှို့ကျယ် : "ငါ မင်းကို ကယ်တင်ခဲ့တာမို့ ငါ့အားထုတ်မှုတွေကို အချည်းနှီးဖြစ်သွားမှာ မလိုချင်သလို ငါ ပြန်အသက်ရှင်ဖို့ မင်းရဲ့ ခန္ဓာကိုယ်ကိုလည်း အပိုင်မသိမ်းချင်ဘူး။ ဒါပေမယ့် အခု ငါ့သမီးက.... အခြေအနေက မကောင်းဘူး။ သူမ အဲဒီလိုဆက်လုပ်နေရင် သူမ ဘဝက ဆုံးသွားလိမ့်မယ်။"
"အဲဒီတော့…"
"မင်း သူမကို ပြန်လည်အသက်ဝင်တက်ကြွလာအောင် လုပ်ပေးပြီး တက္ကသိုလ်တက်နိုင်အောင် ကူညီပေးမယ်လို့ ကတိပေးသရွေ့ ငါ မင်း အသက်ဆက်ရှင်နိုင်အောင် ကူညီပေးမယ်။"
"......"
ထိုသည်က ရှောက်ယန် မည်သည့်အတွက်ကြောင့် လင်ချူးဆွေ့၏ ထိုင်ခုံဖော် ဖြစ်လာရသလဲဆိုသည်နှင့် သူမ ဝမ်းနည်းပြီး မျှော်လင့်ချက်မဲ့နေသလို ခံစားရချိန်တွင် သူမဘေး၌ ပေါ်လာသလဲဟူသည့် အကြောင်းပြချက် ဖြစ်လေသည်။
သို့သော် လင်ချူးဆွေ့က ထိုအကြောင်းကို မသိခဲ့ပေ။ သူမက သူ့ကို တွေဝေစွာ စိုက်ကြည့်နေခဲ့ရင်း သူမနားထဲ၌ အစောပိုင်းက သူ ပြောလိုက်သည့် စကားကိုသာ ထပ်ကာထပ်ကာ ကြားယောင်နေသည်။
"အလိမ္မာတုံးလေး"
သူမက တွေဝေနေရင်း သူမ အကြားမှားလိုက်သည်ဟု တွေးနေခဲ့သည်။
"နင် ငါ့ကို ဘယ်လိုခေါ်လိုက်တာလဲ။"
"ဟင်…"
လင်ချူးဆွေ့က ရှောက်ယန်၏ ကော်လာကို ဆွဲကိုင်ရင်း အလောတကြီး မေးလိုက်သည်။ "နင် သူ့ကို အရင်က တွေ့ဖူးတာလား။ နင် သူ့ကို သိလား။"
"ဘယ်သူ့ကို သိရမှာလဲ။"
"ငါ့ အဖေ နင် ငါ့အဖေကို တွေ့ဖူးရမယ် ဟုတ်တယ်မလား။ ငါ့အဖေ တစ်ယောက်တည်းပဲ ငါ့ကို အဲဒီလိုခေါ်တာ။"
လင်ချူးဆွေ့က သူမ မျက်လုံးထောင့်မှ မျက်ရည်များကို သုတ်လိုက်ပြီး သူ့ကို မျှော်လင့်ချက်အပြည့်နှင့် ကြည့်လိုက်သည်။ "သူ မသေသေးဘူး ဟုတ်တယ်မလား။ နင် သူ့ကို မြင်ဖူးတယ်မလား။"
ရှောက်ယန်က သူမ မျက်နှာကို ကြည့်ရင်း ခေါင်းညိတ်လိုက်သည်။
မိန်းမငယ်လေး၏ ပါးပြင်များက နီမြန်းနေပြီး သူမ နဖူးပေါ်သို့ ကျနေသည့် ဆံမျှင်များက အနည်းငယ် ရှုပ်ပွနေသည်။ သူမ၏ လှပသည့် သစ်အယ်သီးသဏ္ဌာန်မျက်လုံးများက မျှော်လင့်ချက် အလင်းရောင်တို့ဖြင့် တောက်ပနေ၏။
သူက အကြည့်လွှဲလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ "ငါ မင်းအဖေကို မသိဘူး။"
လင်ရှို့ကျယ်က ရှောက်ယန် တာဝန်အောင်မြင်ရန် လင်ချူးဆွေ့အား သူမ အဖေ၏ အသိစိတ် တည်ရှိနေသေးကြောင်း သိခွင့်မပြုနိုင်ဟု ပြောခဲ့သည်။
မဟုတ်လျှင် သူမက အတိတ်တွင်သာ နစ်မြုပ်နေပြီး ဘဝ၌ မည်သည့်အခါမှ ရှေ့ဆက်နိုင်စွမ်း ရှိလိမ့်တော့မည် မဟုတ်ပေ။
လွန်ခဲ့သည့်နှစ်နှစ်ကဆိုလျှင် ရှောက်ယန်က သူ့ကို အသက်စွန့်ကာ ကယ်တင်ခဲ့သည့် မီးသတ်သမားဦးလေးကြီးအတွက် သူ့ခန္ဓာကိုယ်ကို အပိုင်စီးရန် လိုလိုလားလား ပေးအပ်ဖို့ သဘောတူခဲ့လိမ့်မည် ဖြစ်သည်။
သို့သော် ယခုတွင် ရှောက်ယန်က အမှန်တကယ် အသက်ဆက်ရှင်သန်ချင်ပေသည်။
သူက ရွှံ့နွံထဲမှ ရုန်းထွက်ရန် ကြိုးစားပြီး ပို၍ မြင့်မားသော နေရာသို့ တက်လှမ်းချင်ကာ ပိုမိုကောင်းမွန်သည့် ရှုခင်းများကို မြင်တွေ့လိုသည်။
"နင် ခုနလေးကပဲ ငါ့ကို 'အလိမ္မာတုံးလေး' လို့ ခေါ်လိုက်တာ မဟုတ်ဘူးလား။"
"မဟုတ်ဘူး။"
လင်ချူးဆွေ့က နောက်ဆုံး၌ သူ့ကော်လာကို လွှတ်ပေးလိုက်သည်။ "အဲဒါဆို ငါ အကြားမှားတာ ဖြစ်လိမ့်မယ်။"
သူမက သူမ အဖေကို အရမ်းလွမ်းလွန်းလို့ ထင်ယောင်ထင်မှား ကြားယောင်မိတာ ဖြစ်ရမည်။
မိန်းမငယ်လေးက ထပ်မငိုတော့သည်ကို မြင်ပြီး ရှောက်ယန်က သက်တန့်ရောင်အာတာပူစီကို သူမထံ လှမ်းပေးလိုက်သည်။ "လိုချင်လား။"
လင်ချူးဆွေ့က အာတာပူစီ မစားတာ ကြာပြီဖြစ်သော်လည်း ၎င်းက သူမကို ချော့မော့ရန် အာတာပူစီအား အသုံးပြုသည့် လောင်လင်ကို သတိရစေပေသည်။
သူမက အာတာပူစီကို လက်ခံယူလိုက်ပြီး ၎င်းကို လေအလျင်နှင့် စားပစ်လိုက်သည်။
အရသာက သူမ ငယ်စဥ်ကအတိုင်းပင် ဖြစ်သည်။
ရှောက်ယန်၏ လက်ချောင်းများက ရှေ့တိုးလာပြီး သူမ ပါးစပ်ထောင့်မှ သကြားမှုန်များကို ညင်သာစွာ သုတ်ပေးလိုက်သည်။
လင်ချူးဆွေ့က သူ့လက်ချောင်းထိပ်များ၏ ကြမ်းတမ်းသော အထိအတွေ့ကို ရှင်းလင်းစွာ ခံစားမိလိုက်ပြီး သူမခေါင်းကို စောင်း၍ ရှောင်ကာ သတိနှင့် မေးလိုက်သည်။ "နင် ဘာလုပ်နေတာလဲ။"
"ဘာမှ မလုပ်ပါဘူး။"
"ဘာမှမလုပ်ဘူးဆိုတာက တစ်ခုခုလုပ်နေတာလား။"
သူက လက်ညှိုးတစ်ချောင်း ဆန့်ထုတ်ကာ သူမ၏ မျက်ခုံးကြားအား ပုတ်လိုက်ပြီး အပြုံးနှင့် ပြောလိုက်သည်။ "ငါ မင်းလို ယုတ္တိမရှိတဲ့ မိန်းကလေးမျိုး ဘယ်တုန်းကမှ မမြင်ဖူးဘူး။"
"......"
လင်ချူးဆွေ့၏ မျက်နှာက ချက်ချင်း နီရဲသွားသည်။
သူမက ယုတ္တိမရှိတဲ့ မိန်းကလေး မဟုတ်ပါချေ။
အနည်းဆုံး လောင်လင် အသက်ရှင်နေစဥ်အချိန်က သူသည် သူမကို နေ့တိုင်း ကျစ်ဆံမြီး လှလှလေး ကျစ်ပေးပြီး မတူညီသည့် ပန်းအဆင်ဂါဝန်မျိုးစုံ ဝတ်ဆင်စေကာ သူမ၏ ကျောပိုးအိတ်ကိုလည်း လေ့ကျင့်ခန်းစာအုပ်များက တစ်ကန့်၊ သင်ထောက်ကူပစ္စည်းများက တစ်ကန့် သပ်သပ်ရပ်ရပ် စီစဥ်ပေးသည်။ ထို့ကြောင့် သူမ ကျောင်းသွားသည့်အခါ စည်းကမ်းတကျ သပ်သပ်ရပ်ရပ်နှင့် လှပနေတတ်၏။
လောင်လင် ကွယ်လွန်သွားပြီးနောက် လင်ချူးဆွေ့က သူမကိုယ်သူမ အနည်းငယ် စိတ်လွတ်ကိုယ်လွတ် နေခဲ့မိကြောင်း ဝန်ခံမိပါသည်။
သို့သော် သူမကို တိတ်တိတ်လေး သဘောကျနေသည့် ဤကောင်လေးက ထိုကဲ့သို့ ပြုမူခြင်းမှာ သူမအား အလွန် ကိုးရိုးကားယားနိုင်သလို ခံစားရစေသည်။ သူမက လက်ခုံနှင့် ပါးစပ်ကို အသည်းအသန် ပွတ်သုတ်လိုက်ပြီး အဆုံး၌ စေးကပ်သည့် သကြားများက နေရာအနှံ့ ပေပွကုန်လေသည်။
ရှောက်ယန်က သူ့အိတ်ထဲမှ ရေစိုပုဝါပါးတစ်ထုပ် ထုတ်ယူကာ အိတ်ကို ဖွင့်လိုက်ပြီး လင်ချူးဆွေ့၏ လက်ကို ဆွဲယူကာ သူမလက်များအား သန့်ရှင်းသွားအောင် ဂရုတစိုက် သုတ်ပေးလိုက်သည်။
လင်ချူးဆွေ့က သူ့ကို စုန်ချည်ဆန်ချည် ကြည့်ကာ အကဲခတ်လိုက်သည်။ သူ့တွင် ကျဥ်းမြောင်းကာ အဖျားတွင် ကော့တက်နေသည့် မျက်ဝန်းတို့ရှိပြီး အလွန်ဆွဲဆောင်မှုရှိသည်။ သူ့နှုတ်ခမ်းများက ပါးလျပြီး အလွန် လေးနက်သည့် သဏ္ဌာန်နှင့် စေ့ပိတ်နေသည်။
"......"
လင်ချူးဆွေ့၏ ပါးပြင်များက အနည်းငယ် ပူနွေးလာပြီး သူမက သူ့ကို အလျင်အမြန် တွန်းထုတ်လိုက်သည်။
ထိုအချိန်၌ လုချီက ဆိုင်ကယ်တစ်စီးနှင့် သူ့ညီမ လုထျန်းပိုင်ကို တင်ကာ သူတို့ဘေးမှ ဖြတ်သွားသည်။ သူက အရှိန်နှင့်မောင်းသွားရင်း ကျယ်လောင်စွာ လေချွန်သွားလေသည်။
လုထျန်းပိုင်က သူမ ဖုန်းကို ထုတ်ကာ လျင်မြန်လှစွာဖြင့် ဓာတ်ပုံများ ရိုက်ယူသွားသည်။
"ဟေး... ဓာတ်ပုံမရိုက်နဲ့......"
လုထျန်းပိုင်က သူမ၏ ဖုန်းကို သူတို့ထံ ဝှေ့ယမ်းပြလိုက်သည်။ "ဒီည အုပ်စုစကားပြောခန်းမှာ မင်္ဂလာဓာတ်ပုံတွေ ပို့ပေးလိုက်မယ်။ နှစ်ယောက်လုံးဂုဏ်ပြုပါတယ်နော်။ ဟန်နီးမွန်း စောစောထွက်နိုင်ကြပါစေ"
လင်ချူးဆွေ့က ရှက်ရွံ့စွာဖြင့် ရှောက်ယန်ကို ကြည့်လိုက်သည်။ "သူတို့က လျှောက်နောက်နေကြတာပါ။"
ရှောက်ယန်က အမူအရာ ကင်းမဲ့စွာ ရှိနေပြီး တစ်ရှူးစကို ပစ်ထုတ်လိုက်ကာ ထွက်သွားခဲ့သည်။
လင်ချူးဆွေ့က သူမ၏ ကျောပိုးအိတ်ကို လွယ်ရင်း သူ့နောက်မှ ပြေးလိုက်သွားသည်။ "နင်က ငါ့အဖေကို သိနေတယ်လို့ ငါ အခုထိ ခံစားမိနေတုန်းပဲ။"
"သူ့ကို မသိဘူး။"
"လိမ်တဲ့သူတွေက သေတတ်တယ် နင်သိလား။"
"ငါက မင်းအဖေကို သိတယ်လို့ ဘာဖြစ်လို့ အဲဒီလောက် သေချာနေရတာလဲ။"
"ငါ ခံစားလို့ရတယ်။"
လင်ချူးဆွေ့က ရှောက်ယန်အနားသို့ ကပ်လာပြီး သူ့နှလုံးသားထဲ စူးစမ်းရန် ကြိုးစားနေသကဲ့သို့ သူ့မျက်လုံးများထဲ စိုက်ကြည့်လာသည်။
ရှောက်ယန်က သူ့အကြည့်များကို လွှဲဖယ်လိုက်သည်။
သူသည် ထိုမိန်းမငယ်လေးက သူ၏ မျက်လုံးများထဲမှ တစ်စုံတစ်ခုကို ရှာဖွေတွေ့သွားနိုင်မလား မသေချာပေ။ အဆုံးမှာတော့ လင်ရှို့ကျယ်၏ ဝိညာဥ်က သူ့ခန္ဓာကိုယ်ထဲတွင် နေထိုင်နေပြီး သူ တာဝန်ကျရှုံးသွားသည့်အခါ သူ့ခန္ဓာကိုယ်အား အပိုင်သိမ်းသွားလိမ့်မည် ဖြစ်သည်။
"ငါ တကယ် မင်းအဖေကို မသိဘူး။"
"အဲဒါဆို ဘာလို့ ငါ့အပေါ် အရမ်းကောင်းပေးနေတာလဲ။"
"ဟုတ်တယ်.. ငါက ဘာလို့ မင်းအပေါ် ကောင်းပေးနေရတာလဲ။" ရှောက်ယန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး စနောက်ဟန်ဖြင့် သူမ အနားသို့ ယိုင်ကာ သူမနားထဲသို့ ညင်သာစွာ ပြောလိုက်သည်။ "ငါ မင်းကို တိတ်တိတ်လေး ချစ်နေတာရော မဖြစ်နိုင်ဘူးလား။"
သူ့ကို ကြည့်နေရင်း လင်ချူးဆွေ့၏ နှလုံးသားက အကြိမ်ရေ အနည်းငယ်မျှ အခုန်မြန်သွားလေသည်။
သူက ခပ်ဟဟ ရယ်မောလိုက်သည်။
"အဲဒါဆိုရင်တော့ နင့်ရဲ့ အရသာခံနိုင်စွမ်းက ကောင်းမွန်တာပဲ။" သူ နောက်ပြောင်ပြောနေသည်ကို ကြည့်ရင်း လင်ချူးဆွေ့က သူ့ကို လက်မထောင်ပြလိုက်သည်။ "နင်က ကျောင်းရဲ့ ထိပ်တန်းလက်ရွေးစင်ကျောင်းသား ဖြစ်နေတာ အံ့သြစရာ မရှိတော့ပါဘူး။"
ရှောက်ယန်က သူမ ထိုကဲ့သို့ တုန့်ပြန်လိမ့်မည်ဟု ထင်မှတ်မထားပေ။ သူသည် ဤမိန်းကလေးက စိတ်ဝင်စားစရာကောင်းကြောင်း ရှာတွေ့လိုက်ရသည်။
သူမ ဝမ်းမနည်းနေတော့သည်ကို မြင်သည့်အခါ သူက လှည့်ထွက်သွားရင်း လက်တစ်ဖက် မြှောက်ပြလိုက်သည်။ "ငါ သွားပြီ။"
လင်ချူးဆွေ့က လမ်းမီးရောင်အောက်မှ သူ၏ မြင့်မားကာ ပိန်သွယ်သည့် ပုံရိပ်ကို ကြည့်ရင်း အရူးလုပ်ခံလိုက်ရသလို ခံစားမိပြီး သက်ပြင်းချလိုက်၏။
သူမက အမှန်တကယ်ပင် ထိုကောင်လေးထံ၌ သူမအဖေ၏ အရိပ်ကို မြင်ရရန် ရှာဖွေနေခဲ့သည်။
သို့သော် ဤရူးနှမ်းသည့် စကားဖြင့် သတ်ပုတ်မှုအပြီးတွင် သူမ နှလုံးသားထဲမှ ခံစားချက်များက အများကြီး ရှင်းလင်းသွားကာ သူမကို မသက်မသာဖြစ်အောင် လုပ်မနေတော့ပေ။
..........
အိမ်ပြန်လာပြီးနောက် လင်ချူးဆွေ့က ဧည့်ခန်းထဲမှ ညမီးအလင်းကို မြင်ရပြီး ရွှီကျားနင်၏ အိပ်ခန်းတံခါးက တင်းတင်းကျပ်ကျပ် စေ့ပိတ်ထားကာ အဟကြားမှ အလင်းတချို့သာ စိမ့်ထွက်နေခဲ့သည်။
အတန်း B ၏ အိမ်စာများက အတော်လေး များပြားလှသည့်အတွက် သူက အိမ်စာလုပ်နေခြင်း ဖြစ်ရပေမည်။
လင်ချူးဆွေ့က ဘီရိုထဲမှ သော့တစ်ချောင်းထုတ်ကာ အပေါ်ထပ်၊ အောက်ထပ် အားလုံးမှ သန့်စင်ခန်း လေးခုလုံးကို သော့ခတ်ပစ်လိုက်သည်။
သူမကို လာတောင်းပန်မလား အပြင်ထွက်ဖြေရှင်းမလား သူ ကြိုက်တာကို ရွေးချယ်နိုင်ပေသည်။
လင်ချူးဆွေ့က ရန်ငြိုးထားတတ်သူ ဖြစ်သည်။ သူမကို အနိုင်ကျင့်သည့် မည်သူ့ကိုမဆို သူမက ပြန်အနိုင်ကျင့်မည် ဖြစ်သည်။
သူမ အဖေသေသွားပြီးနောက် သူမကိုယ်သူမ ကာကွယ်ရန် သင်ယူခဲ့ရသည်။
.........
သူမ အခန်းသို့ ပြန်ရောက်ပြီးနောက် လင်ချူးဆွေ့က သူမကို ပြုံးပြနေသော နံရံပေါ်ရှိ လောင်လင်၏ ဓာတ်ပုံကို ကြည့်လိုက်သည့်အခါ ထိုကဲ့သို့ မလုပ်သင့်ကြောင်း ပြောနေသလို ခံစားလိုက်ရသည်။
သူမက သုန်သုန်မှုန်မှုန်နှင့် ရေရွတ်လိုက်သည်။ "အဖေက ဘာလာကြည့်နေတာလဲ။ သူက သူ့တွင်းသူ တူးတာပဲ။ အဲဒီလို အလုပ်ခံရဖို့ ထိုက်တန်တယ်။"
"ကောင်းပြီ၊ ကောင်းပြီ"
လင်ချူးဆွေ့က လောင်လင်ကို နောက်တစ်ခါ ထပ်ကြည့်လိုက်ပြီး အပြစ်လုပ်မိသလို ခံစားလိုက်ရကာ အပြင်ဘက်ဆုံးအပိုင်းမှ သန့်စင်ခန်းတံခါးကို ဖွင့်ပေးလိုက်သည်။
သူ့ကို သန့်စင်ခန်းတစ်ခန်း ပေးထားသည့်အတွက် သူက ခွေးများကဲ့သို့ အပေါ့အလေးသွားရန် အပြင်ဘက်သို့ ထွက်စရာ လိုတော့လိမ့်မည် မဟုတ်ပေ။
***