အပိုင်း ( ၆ )
လင်ချူးဆွေ့ အခန်းထဲ ပြန်ရောက်သည့်အခါ သူမက အိပ်ရာပေါ်သို့ တန်း၍လှဲချကာ ပြောလိုက်သည်။ "လောင်လင် သမီး အဖေ့ကို ပြောစရာရှိတယ်။"
"သမီးတို့ အတန်းက အရမ်း ဉာဏ်ကောင်းတဲ့ ထိပ်ဆုံးကျောင်းသားက သမီးကို တိတ်တိတ်လေး ကြိုက်နေတာတဲ့။"
"အံ့သြသွားတာလား။ ထင်မထားဘူးမလား။" လင်ချူးဆွေ့က ထထိုင်လိုက်ပြီး အဖြူနှင့်အမည်း ဓာတ်ပုံကို ကြည့်ကာ သူမ နှုတ်ခမ်းများကာ ပြုံးယောင်သမ်းလာသည်။ "နောက်ဆုံးတစ်ခေါက်တုန်းက အဖေက သမီးကို အရမ်းတုံးတာပဲလို့ ထင်ခဲ့တာ။ အခုကျ အတန်းရဲ့ ထိပ်ဆုံးကျောင်းသားက အဖေ့သမီးကို ကြိုက်နေတယ်။ ထင်မထားဘူးမလား။"
"ဒါပေမယ့် သမီး သူနဲ့ တွဲမှာမဟုတ်ဘူး။"
လင်ချူးဆွေ့က မျက်လွှာချလိုက်ပြီး ဗလုံးဗထွေးအသံနှင့် တွန့်ဆုတ်စွာ ဝန်ခံလိုက်သည်။ "တစ်စုံတစ်ယောက်ကို သဘောကျတဲ့အခါ ကျိန်းသေ ပိုပြီး ကောင်းမွန်လာချင်တာမျိုး ဖြစ်လာလိမ့်မယ်။ ဒါပေမယ့် သမီး... သမီး အဲဒီလို ပိုကောင်းတဲ့သူ ဖြစ်လာနိုင်မယ် မထင်ဘူး။"
အဖေ မရှိတဲ့ ကလေးတွေက ဘယ်တော့မှ အဆင်ပြေလိမ့်မည် မဟုတ်ပေ။
သူမက တခြားလူများကို သူမနှင့် အတူတူ ဆွဲမချသင့်ပေ။
ဓာတ်ပုံထဲရှိ အမျိုးသားက နူးညံ့ညင်သာသည့် အပြုံးနှင့် ရှိနေဆဲဖြစ်ပြီး သူမကို ကူကယ်ရာမဲ့သလို ကြည့်နေခဲ့သည်။
"သူက အဖေနဲ့ လုံးဝ မတူဘူး။" လင်ချူးဆွေ့က ပြောလိုက်သည်။ "ဒါပေမယ့် တစ်ခါတစ်လေကျရင် သူ့ဆီမှာ အဖေ့အရိပ်ကို အမြဲ မြင်နေမိတယ်။"
"လောင်လင် အဖေ အသက်ပြန်ရှင်လာခဲ့ပြီလား။"
လင်ချူးဆွေ့က ဓာတ်ပုံထဲမှ အမျိုးသားကို မျှော်လင့်တကြီး ကြည့်လိုက်သည်။ "အဖေ ပြန်ဝင်စားတာဖြစ်ဖြစ် အချိန်ခရီးသွားတာဖြစ်ဖြစ် တကယ်ပဲ အသက်ပြန်ရှင်လာတယ်ဆိုရင် သမီးကို အရိပ်အမြွက်လေးတော့ ပေးပါ။ နည်းနည်းလေးပဲဖြစ်ဖြစ်လေ။"
အခန်းက တူညီစွာ ရှိနေဆဲဖြစ်ပြီး အနည်းငယ်မှ ကွဲပြားမှု ရှိမနေပေ။
လင်ချူးဆွေ့က သဲလွန်စ ပျောက်ကွယ်သွားမည်ကို စိုးရိမ်နေသကဲ့သို့ ပတ်ဝန်းကျင်ကို သတိထားကြည့်နေသည်။
လေတိုက်ခတ်၍ လိုက်ကာများ ညင်သာစွာ လှုပ်ရှားနေပြီး လှိုင်းတွန့်များ ဖန်တီးနေခြင်းမှလွဲ၍ ထူးဆန်းတာ မရှိပေ။
ပြတင်းပေါက်နားရှိ စားပွဲပေါ်မှ ဘောပင်န်က မြေပေါ်ကို ပြုတ်ကျပြီး ဆူညံသံတစ်ခု ပြုလုပ်လာသည်။
"ဒေါက်"
လင်ချူးဆွေ့က ကြမ်းပေါ်ရှိ ဘောပင်န်အား စက္ကန့်အနည်းငယ်လောက် စိုက်ကြည့်လိုက်ပြီး ရုတ်တရက် တစ်ခုခုကို သဘောပေါက်သွားသည်။
သူမက ဘောပင်န်ကို ကောက်၍ သူမ၏ ဖုန်းကို လျင်မြန်စွာ ထုတ်လိုက်ကာ 'နန်ချန် အချောလေးများအဖွဲ့' ကို ဖွင့်လိုက်၏။
လင်ချူးဆွေ့ : "@လူတိုင်း, မနက်ဖြန်ည ညလယ်လောက်မှာ ဂိမ်းတစ်ခုဆော့ဖို့ ကျောင်းက အတန်းထဲမှာ တွေ့ကြမယ်။"
လုထျန်းပိုင် : "ဘာဂိမ်းမို့လို့ ညလယ်ကြီးဆော့ဖို့ လိုတာလဲ။"
လင်ချူးဆွေ့ : "ဘောပင်န်ဝိညာဥ် ခေါ်ချင်လို့။"
အဖွဲ့ထဲ၌ မိနစ်အနည်းငယ် တိတ်ဆိတ်သွားလေသည်။
လုထျန်းပိုင် : "အမ်း.... ငါက အခု အန်တီလာနေလို့။ ညဘက်ကြီး နောက်ကျထိနေလို့ မရသလို လေအေးတိုက်ခံလို့လည်း မရဘူး။ အဲဒါကြောင့် မသွားတော့ဘူး။"
လင်ချူးဆွေ့ : "နင့်ရဲ့ လစဥ်ကိစ္စက ပြီးခဲ့တဲ့အပတ်ကမှ ပြီးသွားတာ မဟုတ်ဘူးလား။"
လုထျန်းပိုင် : "နောက်တစ်ခေါက်လေ QAQ"
လင်ချူးဆွေ့ : "နင့်ရဲ့ အန်တီကြီးက တစ်လနှစ်ကြိမ်လာတာလား။"
(T/N အန်တီကြီး(သာ့ရီမား) mean ဓမ္မတာ/လစဥ်ကိစ္စ)
လုချီ : "သူမရဲ့ အန်တီက တစ်လကို တစ်ကြိမ်လာတယ်။ တစ်ခါလာရင် ရက်သုံးဆယ်နဲ့ တစ်နှစ်ပတ်လုံး မပြီးတော့ဘူး။ :)"
လင်ချူးဆွေ့ : "စိတ်မပူပါနဲ့။ ပါချင်တဲ့ ဆန္ဒရှိတဲ့သူပဲ ပါကြပါ။ ဖိအားမပေးပါဘူး။ @လူတိုင်း"
လုထျန်းပိုင် : "【ချစ်တယ်နော်】"
လုချီ : "အိုး ဟုတ်ပြီ... ငါ အခုမှ သတိရတယ်။ ငါ့ ဦးလေးက မနက်ဖြန် လာမှာတဲ့။"
လင်ချူးဆွေ့ : "@ကျန်းချန်ယွီ နင်ရော ဦးလေး လာမှာလား။"
ကျန်းချန်ယွီ : "ငါ့မှာ ဦးလေး မရှိဘူး။ ဒါပေမယ့် ငါ ဗေဒင်တွက်ကြည့်တော့ မနက်ဖြန် စောစောအိပ်ရမယ်တဲ့။ မဟုတ်ရင် ရုတ်တရက် သေလိမ့်မယ် ပြောတယ်။"
လင်ချူးဆွေ့ : ...
နောက်တစ်နေ့မနက် စာဖတ်ချိန်တွင် လင်ချူးဆွေ့သည် အတန်းဖော်များ စာဖတ်နေသည့် အလယ်၌ 'ကျေးဇူးမသိတတ်ခြင်း' 'ယုံကြည်မှုကို သစ္စာဖောက်ခြင်း' နှင့် 'စာနာရိုင်းပင်းမှုမရှိ' ဟူသော စကားလုံးများကို တစ်ကြိမ်ထက် တစ်ကြိမ် ပိုပြီး ကျယ်လောင်စွာ ဖတ်ခဲ့သည်။
အနောက်ဘက်အတန်းမှ လုချီကလည်း ကျယ်လောင်စွာ ရွတ်ဆိုနေ၏။ "ကြံ့ခိုင်သန်မာခြင်း၊ ဒီမိုခရက်တစ်၊ အရပ်ဘက်၊ သဟဇာတဖြစ်ခြင်း၊ လွတ်လပ်ခြင်း၊ သာတူညီမျှရှိခြင်း၊ တရားမျှတခြင်း၊ ဥပဒေကို လိုက်နာခြင်း၊ မျိုးချစ်စိတ်ရှိခြင်း၊ စိတ်အားထက်သန်မှုရှိခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း၊ ဖော်ရွေခြင်း။"
လင်ချူးဆွေ့က အနောက်သို့ လှည့်ကာ သူ့အား စိုက်ကြည့်လိုက်သည်။ "ငကြောက်။"
လုချီ : "ငါက ဗဟိုဆိုရှယ်လစ်စံနှုန်းတွေကို လေ့ကျင့်နေရုံပဲ။"
ထိုသည်ကို ကြားသည့်အခါ ရွှီကျားနင်က စိတ်ဝင်စားလာသည်။ သူက စာအုပ်ကို ချ၍ မေးလိုက်သည်။ "မင်းတို့ ဘာတွေပြောနေကြတာလဲ။"
"သူမက ပဒေသရာဇ်အယူသီးမှုဆိုင်ရာ လှုပ်ရှားမှုတချို့ လုပ်မလို့ စီစဥ်နေတာ။"
"အတိအကျကရော…"
"မင်းတို့ ပင်လယ်ရပ်ခြားက အင်္ဂလန်မှာ ဘောပင်န်ဝိညာဥ်ခေါ်တဲ့ ဂိမ်းကို ကြားဖူးလား။”
ရွှီကျားနင်က ခေါင်းညိတ်လိုက်သည်။ "ငါ သိတယ်။"
လုချီက စနောက်လိုက်သည်။ "ငါတို့ရဲ့ ချစ်စရာအကောင်းဆုံး ညီမငယ်လေးတွေ ကမ္ဘာကို ဝင်လာပြီး ကစားချင်လား။"
လင်ချူးဆွေ့သည် ဤနိုင်ငံခြားသားအတုကောင်က သူမနှင့်အတူ ဤဂိမ်းမျိုး ကစားလိမ့်မည် မဟုတ်ကြောင်း သိရှိပေသည်။
မထင်မှတ်ထားပဲ ရွှီကျားနင်က သဘောတူလိုက်သည်။ "ကောင်းပြီလေ။"
သူမက ထိတ်လန့်တကြားနှင့် လှည့်ကြည့်လိုက်သည်။ "နင် ကစားမလို့လား။"
ရွှီကျားနင်က တရုတ် ရှေးကဗျာကို ကူးရေးနေရင်း တည်ငြိမ်စွာ ရှင်းပြလိုက်သည်။ "ငါက ငယ်ငယ်လေးကတည်းက အင်္ဂလန်မှာ နေခဲ့တာ။ ဒါကြောင့် ရိုးရာသရဲပုံပြင်တွေနဲ့ ပတ်သက်တဲ့အကြောင်း လေ့လာရတာကို စိတ်ဝင်စားတယ်။"
လင်ချုးဆွေ့က လှောင်လိုက်သည်။ "ဒါပေမယ့် နင် ညတိုင်း ဆယ်နာရီဆို အိပ်တာမလား။ ငါတို့ ဂိမ်းက ညဥ့်နက်လိမ့်မယ်။"
"ငါ့ရဲ့ နေ့တိုင်း အလေ့အကျင့်က တစ်ကြိမ်လောက် ချိုးဖောက်လိုက်လည်း ရပါတယ်။"
လင်ချူးဆွေ့သည် သူမ၏ အကြံအစည်က ထိုမျှ ကျော်ကြားပြီး ပါဝင်ချင်သည့်သူများကို ဆွဲဆောင်နိုင်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
သူမက လုချီနှင့် ကျန်းချန်ယွီကို အထင်အမြင်သေးသည့် အမူအရာမျိုးနှင့် ကြည့်လိုက်သည်။
ငါတို့ ထပ်ပြီး သူငယ်ချင်းတွေ မဟုတ်တော့ဘူး။
ရွှီကျားနင်က လင်ချူးဆွေ့၏ ဝိညာဥ်ခေါ်သည့် ဂိမ်းတွင် ပါဝင်ချင်ပေသည်။ လုထျန်းပိုင်က သူ့ကို အလွန်လေးစားပြီး သေလောက်အောင် ကိုးကွယ်နေတာကြောင့် အလိုအလျောက် သူမပါ ပူးပေါင်းပါဝင်လာသည်။
လုချီက သူ့ညီမကို ထိုနိုင်ငံခြားသားအကောင်က အလစ်သုတ်သွားမည်စိုးသဖြင့် သူပါ အတူဝင်ကစားရတော့မည် ဖြစ်သည်။
လုထျန်းပိုင်က အတန်းခေါင်းဆောင်ဖြစ်ပြီး သူမတွင် အတန်းသော့ ရှိသည်။
ညကိုးနာရီတွင် သူတို့က ကျောင်း၏ စောင့်ကြည့်ကင်မရာများကို ရှောင်ရှားပြီး အတန်းထဲသို့ ချောချောမွေ့မွေ့ ရောက်ရှိလာကြသည်။
အဖွဲ့ထဲ၌ လူအရေအတွက် များလာသောကြောင့် မူလက မှောင်မည်း၍ ဗလာကျင်းနေသော အခန်းက အရမ်းကြောက်ဖို့ကောင်းသလို မခံစားကြရတော့ပေ။
လုချီက သူ့ ကျောပိုးအိတ်ထဲမှ အနီရောင်လည်စည်းပုဝါများကို ထုတ်ယူ၍ လူတိုင်းထံ လှမ်းပေးလိုက်သည်။ "ဖြောင့်မတ်တဲ့ လမ်းစဥ်ကို လိုက်ဖို့ အကာအကွယ်အနေနဲ့ ဒါကို ဝတ်ထားကြ။"
လင်ချူးဆွေ့က အနီရောင် လည်စည်းပုဝါကို ယူကာ သူမ သပ်သပ်ရပ်ရပ် စည်းနှောင်လိုက်ပြီး သာမန်ကာလျှံကာ မှတ်ချက်ပေးလိုက်သည်။ "အယူသည်းနေလိုက်တာ။"
"မင်းက အဲဒါကို ပြောရဲသေးတယ်။ ဒီနေရာမှာ အယူသည်းနေတာ ဘယ်သူလဲ။"
ရွှီကျားနင်က ပြည်ပမှာ ကြီးပြင်းခဲ့သည့်အတွက် အနီရောင်ပုဝါကို တစ်ခါမှ မဝတ်ဖူးခဲ့ပေ။ သူက အခြားလူများနှင့် တူအောင် လုပ်ဆောင်သော်လည်း မှန်ကန်အောင် မလုပ်နိုင်ချေ။
လုထျန်းပိုင်က လျှောက်လာပြီး သူ့ကို အနီရောင်လည်စည်းပုဝါအား ကျွမ်းကျွမ်းကျင်ကျင်နှင့် မှန်ကန်စွာ ချည်ရန် ကူညီလိုက်သည်။ "နင် ဒါကို ဒီလိုမျိုး ပတ်ရတယ်။"
ရွှီကျားနင်က ရယ်မောလိုက်သည်။ "ကျေးဇူးပါ လုပိုင်ထျန်း။"
"ရပါတယ်။" လုထျန်းပိုင်၏ မျက်နှာက ရှက်ရွံ့မှုကြောင့် နီမြန်းသွားရင်း သူ့ကို အမှန်ပြင်ပေးလိုက်သည်။ "ဒါနဲ့ တို့နာမည်က လုထျန်းပိုင်ပါ။ လုပိုင်ထျန်းမဟုတ်ဘူး။"
"မှားသွားတာ။ ဆောရီးပါ။"
လုချီက မျက်လုံးကို လှိမ့်လိုက်ပြီး သူ့ညီမကို သူ့ဘက်သို့ ပြန်ဆွဲခေါ်လိုက်သည်။ "သူနဲ့ စကားမပြောနဲ့။"
"ဘာလို့ မပြောရမှာလဲ။"
"သူက မကောင်းတဲ့ကောင်ပဲ။"
"သူက အဲဒီလို မဟုတ်ပါဘူး။"
ရွှီကျားနင်က လုချီ၏ ရန်လိုမှုကို လျစ်လျူရှုလိုက်ပြီး နာရီကြည့်လိုက်သည်။ အခုထိ အချိန်မကျသေးသည့်အတွက် သူက သူ့ထိုင်ခုံကို သူ ပြန်သွားကာ အိမ်စာလုပ်ရန် စားပွဲတင်မီးအိမ်ကို ဖွင့်လိုက်သည်။
လုချီနှင့် ကျန်းချန်ယွီတို့က အချင်းချင်း ကြည့်လိုက်ပြီး သူတို့၏ လေ့ကျင့်ခန်းစာအုပ်များကို ထုတ်ကာ ရွှီကျားနင်ကို နှစ်ဖက်ညှပ်ထိုင်လိုက်သည်။
ရွှီကျားနင်က သူ့အိမ်စာများကို သူတို့ မကူးနိုင်စေရန် သူ့ခန္ဓာကိုယ်နှင့် တွန်းတိုက်၍ ကာကွယ်လိုက်သည်။
"ဟေး... မင်းကိုယ်မင်း နည်းနည်း သဘောထားသေးတယ် မထင်ဘူးလား။"
"ငါတို့အားလုံးက အတန်းဖော်တွေပဲ။ ဂိမ်းကြောင့် ရင်းနှီးတာက နောက်မှ လုပ်ရအောင်။ အခုတော့ အိမ်စာကနေတဆင့် ရင်းနှီးအောင် လုပ်ကြမယ်လေ ဟုတ်ပြီလား။"
"ငါက ရင်းနှီးဖို့အတွက် အိမ်စာကို မသုံးဘူး။" ရွှီကျားနင်က တည်ငြိမ်စွာ ပြောလိုက်သည်။ "ငါ့ အိမ်စာက ငါ့ ဦးနှောက်ကို ပင်ပင်ပန်းပန်း ညှစ်ထုတ်ပြီး ထွက်လာတဲ့ ထုတ်ကုန်တစ်ခုပဲ။ ဉာဏဆိုင်ရာ ပိုင်ဆိုင်မှုအခွင့်အရေး ရှိတယ်။ ငါ့ရဲ့ ခွင့်ပြုချက်ကို လိုချင်ရင် ဝယ်ယူဖို့အတွက် ပေးချေဖို့ လိုတယ်။"
လုချီ : "မင်း အဖေက လင်ချူးဆွေ့အမေနဲ့ ချိတ်ထားပြီးပြီ မဟုတ်ဘူးခါး။ မင်းမှာ ပိုက်ဆံ လုံလုံလောက်လောက် မရှိလို့လား။"
ရွှီကျားနင် : "ငါ့မှာ ပိုက်ဆံပြတ်မနေဘူး။ ဒါပေမယ့် ဒါက စည်းမျဥ်းစည်းကမ်းနဲ့ ဆိုင်တဲ့ ကိစ္စပဲ။ ဉာဏအားစိုက်ထုတ်မှု လိုအပ်တဲ့ ဘယ်အရာမဆို တန်ဖိုးရှိတယ်။ မင်း လိုချင်ရင် တန်ဖိုးတူညီတဲ့ တစ်ခုခုနဲ့ အလဲအလှယ် လုပ်ရမယ်။"
လုချီနှင့် ကျန်းချန်ယွီတို့က အချင်းချင်း ကြည့်လိုက်သည်။ နောက်ဆုံး၌ သူတို့က လင်ချူးဆွေ့ကို ကြည့်လိုက်ကြသည်။ "ညီအစ်ကိုချူး မင်း ပိုက်ဆံယူလာလား။"
"အိမ်စာကို ကူးလို့ရတယ်။ ဒါပေမယ့် ဘယ်တော့မှ မဝယ်ရဘူး။ ဒါက ငါတို့ အိမ်စာကူးအဖွဲ့အစည်းရဲ့ အောက်ခြေစည်းပဲ။"
"ငါတို့ အိမ်စာကူးအဖွဲ့မှာလည်း အောက်ခြေစည်းရှိတယ်လား။"
"ရှိရမယ်။"
လင်ချူးဆွေ့က နတ်တစ်ပါးကဲ့သို့ အင်္ဂလိပ်စာ စာမေးပွဲအဖြေလွှာတစ်ခုလုံးကို မိနစ်ပိုင်းအတွင်း ပြီးအောင် ရေးလိုက်သည်။ ထို့နောက် သူမက တရုတ် လေ့ကျင့်ခန်းစာအုပ်ကို ထုတ်ကာ စတင်ရေးခြစ်တော့သည်။
"ဝိုး ညီအစ်ကိုချူး တော်လိုက်တာ။ မင်းက အရမ်းမြန်တာပဲ။"
"ဒါပေါ့ ညီအစ်ကိုချူးက အံ့သြဖို့ကောင်းတယ်လေ။"
လုချီက သူ၏ တရုတ်လေ့ကျင့်ခန်းစာအုပ်အလွတ်ကို ကြည့်ကာ သူမအား မေးလိုက်သည်။ "အာ 'ငယ်ရွယ်မှု အကြောင်းပြောလို့ ရူးသွပ်နေတဲ့ လူအိုကြီး' ရဲ့ နောက်တစ်ကြောင်းက ဘာလဲ။"
လင်ချူးဆွေ့က မစဥ်းစားဘဲ ပြောလိုက်သည်။ "သစ်တော်ပန်းပင်တစ်ပင်က ကြွေပန်းပင်ကို ဖိနှိပ်နေတယ်။"
('လောင်ဖူးလျောင်ဖားရှောက်နျန့်ခွမ် / ယီးရှု့လီဟွားယားဟိုင်ထန်' တရုတ်လိုဆို ကာရံကိုက်ပါတယ်။ မြန်မာလို ကာရံကိုက်အောင် မပြန်တတ်လို့ပါ။)
လုချီက ၎င်းကို ရွတ်ကြည့်ပြီး ကာရံကိုက်သည့်အတွက် ရေးချလိုက်သည်။
ရွှီကျားနင်က မျက်မှောင်ကြုတ်ရင်း လင်ချူးဆွေ့ကို မေးလိုက်သည်။ "သေချာလို့လား။"
"ဟုတ်တယ်။ တခြား ဘာဖြစ်နိုင်ဦးမှာလဲ။"
ရွှီကျားနင်၏ တရုတ်စာက အလွန်ဆိုးဝါးပြီး အောင်ရုံမျှသာ ရှိပေသည်။ သူက အထူးသဖြင့် ရှေးကဗျာများနှင့် ကဗျာရှည်များတွင် ပိုဆိုးပေသည်။ ထို့ကြောင့် သူက လင်ချူးဆွေ့ ပြောသည့် စာကြောင်းကို သူ့စာအုပ်ထဲ ချရေးလိုက်သည်။
လုချီက ထပ်မေးလိုက်သည်။ "'အဆောက်အဦးလေးထဲမှာ တစ်ညလုံး မိုးသံ နားထောင်နေတယ်' ပြီးတော့ ဘာလဲ။" (ရှောင်လော်ယီးယဲ့ထင်းချွင်းယွီ)
လင်ချူးဆွေ့ : "တရုတ်ဆီးကိုင်းနီလေးက နံရံကျော်ထွက်လာတယ်။" (ယီးကျီးဟုန်ရှင့်ချူးချန်လိုင်)
ရွှီကျားနင်က တစ်ခုခုလွဲချော်နေကြောင်း ခံစားနေရဆဲ ဖြစ်သဖြင့် ကလေးဘဝက ကဗျာတစ်ပုဒ်ကို ကျပန်းရွတ်လိုက်သည်။
"အဲဒါဆို 'တောက်ပတဲ့ လရောင်ကို ကြိုဆိုဖို့ ငါ့ရဲ့ ခွက်ကို မြှောက်လိုက်မယ်' ပြီးတော့ ဘာလာတာလဲ။" (ကျွီပေးယောင်းမင်ယွဲ့)
စဥ်းစားခြင်းမရှိဘဲနှင့် လင်ချူးဆွေ့က ပြန်ဖြေလိုက်သည်။ "တောက်ပတဲ့ လရောင်က ရေအိုင်ထဲမှာ ရောင်ပြန်ဟပ်နေတယ်။" (နိုင့်ဟယ်မင်ယွဲ့ကျောက်ကိုးချွီ)
ရွှီကျားနင် : ...
သူက ချက်ချင်းပင် ခုနက သူ ရေးချလိုက်သည့် ရှေးကဗျာစာကြောင်းကို အမှားခြစ်လိုက်တော့သည်။
သူက ဒီအမှိုက်ပြောသော အဓိပ္ပါယ်မရှိသည့် စကားကို ယုံလိုက်မိသည်ကို မယုံကြည်နိုင်ပေ။
သူက လုချီနှင့် ကျန်းချန်ယွီကို ပြန်ကြည့်လိုက်သည်။ သူတို့က မည်သည့်သံသယမှ မရှိဘဲ ကဗျာများအား ကွက်လပ်ဖြည့်နေသည်။
ဒီအရှုံးသမားကျောင်းသားများက ပြောရဲသည့်သူက ပြောရဲပြီး ကူးရဲသည့်သူကလည်း ကူးရဲပေသည်။
ရွှီကျားနင်က သူတို့နှင့် အကွာအဝေးတစ်ခု ထိန်းထားရန် ဆုံးဖြတ်လိုက်သည်။
လင်ချူးဆွေ့က ရွှီကျားနင်အား ရှေးခတ်ကဗျာများနှင့် ကဗျာရှည် သင်ခန်းစာကို စိတ်ရှည်ရှည်နှင့် ပို့ချလိုက်သည်။ "အဆင်ပြေပါတယ်။ ရှေးကဗျာတွေနဲ့ ရင်းနှီးဖို့ဆိုတာ အချိန်လိုတယ်။ နင်က ပြည်ပမှာ ကြီးလာတာဆိုတော့ ဒါတွေနဲ့ ရင်းနှီးဖို့ အချိန်ပိုယူရုံပါပဲ။"
ရွှီကျားနင်က သည်းခံထားပြီး သူမထံ ယဥ်ကျေးစွာ ပြုံးပြလိုက်သည်။ "ငါ့မှာ ပြောလို့ သင့်လား မသင့်လား မသေချာတဲ့ 'F' နဲ့ စတဲ့ စကားလုံးတစ်လုံးရှိတယ်။"
"မသင့်တော်ဘူး။ ပါးစပ်ပေါက်ပိတ်ထား"
ကိုးနာရီခွဲကျော်သွားသည်နှင့် ကျန်းချန်ယွီ၏ အမေက ဘာကြောင့် အိမ်ပြန်မလာသေးလဲဟု ဖုန်းခေါ်လာသည်။
ထို့ပြင် အခုက ရွှီကျားနင်၏ အိပ်ချိန်ဖြစ်သည်။ သူက မရပ်မနား သမ်းဝေနေတော့သည်။
လင်ချူးဆွေ့က တစိမ့်စိမ့် တွေးတောနေပြီး သူမက ညလယ်သို့ရောက်ရန် အတော်လေးကြာအောင် စောင့်ဆိုင်းနေရသည်ဟု ခံစားရပေသည်။
သရဲခေါ်သည့်ဂိမ်းက ညမှောင်လာသည်နှင့် ဆော့၍လည်း ရနိုင်ပေသည်။ အတိအကျ ညသန်းခေါင်ရောက်အောင် စောင့်ရန် မလိုလောက်ပေ။
"ကောင်းပြီ။ စဆော့ကြမယ်။ မြန်မြန်ပြီးရင် အိမ်ပြန်ကြတာပေါ့။"
လုချီက မေးလိုက်သည်။ "ငါတို့ ဆယ့်နှစ်နာရီအထိ မစောင့်ရင်ရော အလုပ်ဖြစ်တာပဲလား။"
"ငါ့အဖေက စောစောအိပ်တယ်။ သူက ညသန်းခေါင်ဆို အိပ်မက်တောင် မက်နေလောက်ပြီ။ အခုချိန်က အချိန်ကောင်းပဲ။"
လင်ချူးဆွေ့က သူမ၏ ကျောင်းလွယ်အိတ်ထဲမှ ကြီးမားသည့် A3 စာရွက်တစ်ရွက် ထုတ်ယူလိုက်ပြီး စားပွဲပေါ် ဖြန့်ခင်းလိုက်သည်။ ထို့နောက် 'Yes' နှင့် 'No' ဟူသော စကားလုံးများကို အွန်လိုင်းတွင် ညွှန်ကြားထားသည့်အတိုင်း ရေးလိုက်၏။
"ဘယ်သူ အရင်စမလဲ။" သူမက လူတိုင်းကို ကြည့်လိုက်သည်။
ရွှီကျားနင်က ပြောလိုက်သည်။ "ဘယ်လိုလုပ်ရမလဲ ငါ တကယ် မသိဘူး။ မင်းတို့တွေ ငါ့ကို တစ်ပွဲအရင်ဆော့ပြ။"
လုချီနှင့် ကျန်းချန်ယွီက အချင်းချင်း ကြည့်လိုက်ပြီးနောက် ဖြူစင်ရိုးသားသော အကြည့်များနှင့် လုထျန်းပိုင်ကို ကြည့်လိုက်သည်။ "ညီမလေး အရင်သွားလိုက်။ ချောက်ချားစရာကောင်းတဲ့ ဂိမ်းတွေ ဆော့ရတာ အကြိုက်ဆုံးပဲမလား။"
လုထျန်းပိုင်က လုချီကို အထင်အမြင်သေးစွာ ကြည့်လိုက်ပြီးနောက် လင်ချူးဆွေ့နှင့်အတူ ခဲတံကို လက်ခုံနှင့် ညှပ်ကာ လက်ဖဝါးကို အပြင်ဘက်သို့ ထား၍ ကိုင်လိုက်သည်။ (ဘယ်လိုကိုင်တာလဲ ©_©)
လင်ချူးဆွေ့သည် အရမ်း စိတ်လှုပ်ရှားနေသလို ခံစားလိုက်ရပြီး အသက်ပြင်းပြင်းရှူလိုက်၏။
"မကြောက်နဲ့။ ငါ့အဖေက အရမ်း သိမ်မွေ့တာ။"
"အင်း။ ဦးလေးလင်က ငါ့အပေါ် အရမ်းကောင်းတာ။ ငါ... ငါ မကြောက်ပါဘူး။"
သူတို့က တညီတညာတည်း ပြောလိုက်ကြသည်။ "ခဲတံတစ္ဆေ၊ ခဲတံတစ္ဆေ ငါက ဒီဘဝမှာ နင့်ရဲ့ ဝိညာဥ်ဖက်ပါ။ ငါနဲ့အတူ ရှိချင်တဲ့ဆန္ဒရှိရင် ဒီစာရွက်ပေါ်မှာ စက်ဝိုင်းလေးဆွဲပြပါ။"
တုန့်ပြန်မှု မရှိချေ။
လင်ချူးဆွေ့က ထပ်ကာတလဲလဲ မေးနေသော်လည်း ခဲတံက စာရွက်ပေါ်တွင် ငြိမ်သက်နေဆဲ ဖြစ်သည်။
လုချီက မေးလိုက်သည်။ "ကြည့်ရတာ မင်းအဖေက ငါတို့ရဲ့ ထျန်းထျန်းကို မကြိုက်လို့ ဖြစ်မယ်။ လူလဲရအောင်။"
"အဓိပ္ပါယ်မရှိတာ။ ဦးလေးလင်က ငါ့ကို ချစ်တယ်။ သူက ငါငယ်ငယ်လေးကတည်းက သကြားလုံးတွေ အမြဲဝယ်ကျွေးတယ်။" လုထျန်းပိုင်က ခဲတံကို လွှတ်လိုက်ပြီး လုချီအား ရန်တွေ့လိုက်သည်။ "နင် ခေါ်နိုင်ရင် ဘာလို့ မကြိုးစားကြည့်တာလဲ။ ဦးလေးလင်က နင့်ကို ပိုချစ်လား ငါ့ကို ပိုချစ်လား သိရတာပေါ့။"
လုချီနှင့် လင်ချူးဆွေ့တို့ ကြိုးစားကြည့်သော်လည်း ခဲတံထိပ်က အနည်းငယ်ပင် ရွေ့သွားခြင်း မရှိပေ။
နောက်တစ်ယောက်က သူဖြစ်လိမ့်မည်ကို စိုးရိမ်သောကြောင့် ကျန်းချန်ယွီက လက်အုပ်ချီရင်း ရွတ်ဆိုလိုက်သည်။
"လောကကြီးမှာ ရုပ်နဲ့ နာမ် တည်ရှိတယ်။ ရုပ်က နာမ်ကို အဆုံးအဖြတ်ပေးပြီး နာမ်က ရုပ်ကို ရောင်ပြန်ဟပ်တယ်။ အောမီသောဖု...."
လင်ချူးဆွေ့ : "အပေါက်ပိတ်ထား"
***