အပိုင်း ( ၇ )
"ငါ လုပ်ကြည့်မယ်။"
ရွှီကျားနင်က ခဲတံကို ကောက်ကိုင်၍ လင်ချူးဆွေ့၏ လက်ခုံပေါ်သို့ သူ၏ လက်ခုံနှင့်ကပ်၍ ပြောင်းပြန် ကိုင်လိုက်သည်။
"ခဲတံတစ္ဆေ၊ ခဲတံတစ္ဆေ ငါက ဒီဘဝမှာ မင်းရဲ့ ဝိညာဥ်ဖက်ပါ။ ငါနဲ့အတူ ရှိချင်တဲ့ဆန္ဒရှိရင် ဒီစာရွက်ပေါ်မှာ စက်ဝိုင်းလေးဆွဲပြပါ။"
စက္ကန့်အနည်းငယ် ကြာပြီးနောက် လင်ချူးဆွေ့က ခဲတံထိပ်က လှုပ်သွားသလို ခံစားလိုက်ရသည်။
သူမက ပြူးကျယ်နေသော မျက်လုံးများနှင့် ရွှီကျားနင်ကို မယုံကြည်နိုင်သလို ကြည့်လိုက်၏။
တည်ငြိမ်သော မျက်နှာထားနှင့် ရွှီကျားနင်က ခဲတံထိပ်ဖျားဖြင့် စာရွက်ပေါ်တွင် တုန်တုန်ယင်ယင်နှင့် စက်ဝိုင်းရေးဆွဲနေသည်။
ပတ်ဝန်းကျင်၌ တိတ်ဆိတ်ခြင်းက ကြီးစိုးနေပြီး အပြင်ဘက်ရှိ သစ်ရွက်များကို လေတိုက်သည့် အသံတချို့သာ ကြားနေရသည်။
စောင့်ကြည့်နေသည့် လူများက အသက်ရှူအောင့်ထားလိုက်ကြပြီး စက္ကူပေါ်သို့ ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေခဲ့သည်။
လုထျန်းပိုင်က သူမ လက်နှင့် ပါးစပ်ကို ကာထားလိုက်သည်။ ကြောက်လန့်မှုကြောင့် သူမ၏ လိပ်ပြာက ထွက်ပြေးတော့မလိုပင်။
အဲဒါက တကယ်ကြီးလာတယ်။
စက်ဝိုင်းဆွဲပြီးနောက် လင်ချူးဆွေ့က တုန်ယင်နေသည့် အသံနှင့် မေးလိုက်သည်။ "နင် ဘယ်သူလဲ။"
ခဲတံက မလှုပ်ပေ။
သူမသည် ဝိညာဥ်က စာမရေးနိုင်ကြောင်း မှတ်မိလိုက်သည်။ သူတို့က ထိုကဲ့သို့ တိုက်ရိုက်မမေးနိုင်ပေ။
"လင်ရှို့ကျယ်လား။"
ခဲတံက တစ်ဖန်လှုပ်ရှားသွားပြီး လင်ချူးဆွေ့အား 'Yes' ဆိုသည့် စကားလုံးထံ ဦးဆောင်ခေါ်သွားသည်။
"အိုး ဘုရားရေ...."
လုချီက ကျန်းချန်ယွီကို ခပ်တိုးတိုး ကပ်ပြောလိုက်သည်။ "ရွှီကျားနင်က လျှောက်နောက်နေတာ ဖြစ်ရမယ်။
ကျန်းချန်ယွီက သူ့အား တိုးတိုးနေရန် ပြောလိုက်သည်။ "ခဲတံတစ္ဆေကို မလေးမစားမလုပ်ရဘူး။"
လုချီက စိတ်ပျက်သွားသည်။ "ငါတို့ အခုလေးတင် ရုပ်က နာမည်ကို အဆုံးအဖြတ်ပေးကြောင်း ပြောနေသေးတာမလား။"
အေးစက်သည့် ချွေးများက လင်ချူးဆွေ့၏ လက်ဝါးမှ ထွက်ပေါ်လာသည်။ သူမ၏ လက်များက မထိန်းချုပ်နိုင်လောက်အောင် တုန်ယင်နေပြီး သူမက ဆက်မေးလိုက်သည်။ "အဖေ အသက်ရှင်... နေသေးလား။"
ခဲတံထိပ်က 'No' ဟူသည် စာလုံးဘက်သို့ ဖြေးညင်းစွာ ရွေ့သွားခဲ့သည်။
လင်ချူးဆွေ့၏ မျက်လုံးများက နီရဲလာသည်။
"အဖေ... သမီး.. သမီးကို ပြောချင်တာ ရှိလား။"
ခဲတံက ဖြေးညင်းစွာ လှုပ်ရှားသွားပြီး စားပွဲပေါ်၌ စကားလုံးနှစ်လုံး ရေးခြစ်လိုက်သည်။
"လက်လွှတ်လိုက်တော့။" (放下ဖန့်ရှ)
လင်ချူးဆွေ့က ကျယ်လောင်စွာ ငိုမိတော့မည် ဖြစ်သည်။ သူမက သူမ၏ ဝမ်းနည်းမှုကို အတင်းအကျပ် မြိုသိပ်ရင်း ပြောလိုက်သည်။ "ဟင့်အင်း သမီး လက်မလွှတ်ဘူး။ အဖေက သမီးအဖေလေ။ လက်မလွှတ်နိုင်ဘူး။ သမီး တက္ကသိုလ်တက်တာ မြင်ချင်တယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။"
ခဲတံက ဆက်ရေးလိုက်သည်။ "ဒါပေမယ့် မင်း (တက္ကသိုလ်ကို) မဝင်နိုင်ဘူးလေ။"
လင်ချူးဆွေ့ : ...
သူမ မျက်ရည်များက ချက်ချင်း ပြန်ဝင်သွားသည်။
လုချီက မရယ်ရန် ထိန်းမထားနိုင်တော့ပေ။ "အဲဒါ တကယ့် အဖေအစစ် မဟုတ်ဘူး။"
လင်ချူးဆွေ့က သူမကိုယ်သူမ တည်ငြိမ်အောင် ထိန်းပြီး ထပ်မေးလိုက်သည်။ "ဒီနေ့ သမီးကို ဘာပြောချင်လို့ ရောက်လာတာလဲ။"
ရွှီကျားနင်က လင်ချူးဆွေ့ကို လှမ်းကြည့်လိုက်ပြီး သူမ အိမ်ရှိ ဓာတ်ပုံများကို ဖြုတ်ချဖို့အကြောင်း ရေးရန် ခဲတံကို ထိန်းလိုက်သည်။
လင်ချူးဆွေ့၏ အိမ်၌ နေနေရသည့် ဤရက်များတွင် သူက သူမ အဖေ၏ နေရာအနှံ့ ရှိနေသော ဓာတ်ပုံများကြောင့် ရူးသွားတော့မတတ်ပင်။
သူက ဓာတ်ပုံဟူသည့် စကားလုံးကို ရေးရန် ခဲတံအား ထိန်းချုပ်လိုက်သည်။
သို့သော် ထိုအခိုက်အတန့်၌ ရွှီကျားနင်သည် ခဲတံက သူ့အလိုလို လှုပ်ရှားလာကြောင်း ခံစားလိုက်ရသည်။
သူက စာရွက်ပေါ်၌ စာလုံးအချို့ကို တုန်ယင်စွာ ရေးခြစ်နေသည့် ခဲတံကို ပြူးကျယ်သော မျက်လုံးများနှင့် ကြည့်နေခဲ့သည်။
"ငါ ဒီမှာ ရောက်နေပြီ။"
ယခု ရွှီကျားနင်က အမှန်တကယ် ချွေးအေးများ ထွက်လာခဲ့လေသည်။
ယခုထိတိုင် အရာအားလုံးက သူ့ထိန်းချုပ်မှုအောက်၌ ရှိနေခဲ့သော်လည်း ဤစကားလုံးများက သူ ရေးလိုက်ခြင်း မဟုတ်ပေ။
လင်ချူးဆွေ့က အမြန်မေးလိုက်သည်။ "ဘယ်နေရာမှာလဲ။"
လေတစ်သုတ်က ဖြတ်တိုက်သွားပြီး ပြတင်းပေါက်အပြင်ဘက်၌ အကိုင်းအခက်များ ပွတ်တိုက်သံကို ကြားလိုက်ရသည်။ ခဲတံကလည်း စကားလုံးသုံးလုံးကို ဖြေးညင်းစွာ ရေးလိုက်၏။
"မင်းဘေးမှာ"
"What the fu*k"
ရွှီကျားနင်က အင်္ဂလိပ်လို ကျိန်ဆဲလိုက်ပြီး ခဲတံအား အားကြီးနှင့် လွှင့်ပစ်လိုက်ကာ သူ၏ ဖြူဖျော့နေသော မျက်နှာထက်၌ ချွေးအေးတို့ ထွက်ပေါ်လာသည်။
ဂိမ်းက ရုတ်ချည်း နှောက်ယှက်ခံလိုက်ရသည်။
အပြင်ဘက်မှ လေက ငြိမ်သက်သွားပြီး ပတ်ဝန်းကျင်က တိတ်ဆိတ်သွား၏။
အတန်းထဲ၌ လေထုက အေးခဲသွားပြီး အချိန်လည်း ရပ်တန့်သွားပုံရသည်။
လူတိုင်းက ထိတ်လန့်နေဆဲ ဖြစ်ပြီး တစ်ယောက်မှ စကားမပြောရဲကြပေ။
"နင်က ဘာထဖြစ်တာလဲ။" လင်ချူးဆွေ့က ရွှီကျားနင်ကို မေးလိုက်သည်။ "ဘာလို့ ရုတ်တရက်ကြီး ခဲတံကို လွှင့်ပစ်လိုက်ရတာလဲ။"
ရွှီကျားနင်ကို ကြည့်ရသည်မှာ အမှန်တကယ် ကြောက်လန့်နေပုံရသည်။ "ခုနက နောက်ဆုံး စကားလုံးတွေကို ငါ ရေးခဲ့တာ မဟုတ်ဘူး။"
"နင် ဘာကို ဆိုလိုတာလဲ။"
သူက စိတ်မငြိမ်မသက်ဖြစ်စွာနှင့် အော်လိုက်သည်။ "အရင်အခေါက်တွေတုန်းက ငါ ရေးတာ။ ဒါပေမယ့်.. အခုလေးတင်.... အခုလေးတင်.. ငါ..."
လင်ချူးဆွေ့က သူ့စကားကို ဖြတ်မေးလိုက်သည်။ "အစောပိုင်းစာတွေက နင် ရေးခဲ့တာလား။"
"အရင်ဟာတွေက ငါရေးတာ။ ဒါပေမယ့် နောက်ပိုင်းစကားလုံးတွေကို ငါရေးတာ မဟုတ်ဘူး။"
လင်းချူးဆွေ့သည် သူမ ဟာသအလုပ်ခံလိုက်ရသလို ခံစားမိလိုက်ပေသည်။ သူမက သူ့ကို ခဲတံနှင့် ပစ်ပေါက်ပြီး လှည့်ထွက်သွားသည်။ "နင်က စောက်ရမ်းတတ်နေတာပဲ။"
သူမက လောင်လင် အမှန်တကယ် ပြန်လာသည်ဟု တွေးခဲ့မိပေသည်။
ကြည့်နေသည့် သုံးယောက်က အခုမှ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူတို့က အမှန်တကယ် သရဲမြင်ရတော့မည်ဟု ထင်ထားခဲ့သော်လည်း စနောက်ခြင်းတစ်ခုသာ ဖြစ်နေခဲ့သည်။
"သွားကြစို့.. သွားကြစို့။"
"လူတိုင်း အိမ်ပြန်ပြီး အိပ်သင့်ပြီ။"
အတန်းတံခါးနားတွင် ရွှီကျားနင်က လင်ချူးဆွေ့၏ လက်မောင်းကို ဖမ်းဆွဲထားကာ စိတ်လောကြီးနေဟန်ဖြင့် ပြောလိုက်သည်။ "ငါ့ကိုယုံ။ မင်း အဖေက တကယ် ပြန်လာခဲ့တာ။ 'မင်းဘေးမှာ' ဆိုတဲ့ အဲဒီစကားလုံးတွေကို ငါ မရေးခဲ့ဘူး။ သူ့ဝိညာဥ်က တစ်ယောက်ယောက်ကို ပူးထားတာ ဖြစ်ရမယ်။"
ဤထူးခြားဆန်းကြယ်သည့် သဘာဝလွန်ဖြစ်ရပ်အကြောင်း အမှန်တရားကို သိသူမှာ သူတစ်ယောက်တည်းသာလျှင် ဖြစ်ပြီး သူက အလွန် ကြောက်ရွံ့နေသည်။ သူ့ကို တစ်စုံတစ်ယောက်က ယုံကြည်ပေးပြီး သူနှင့်အတူ ဝန်ထုပ်ဝန်ပိုးအား ကူထမ်းပေးရန် လိုနေသည်။ မဟုတ်လျှင် သူက သေချာပေါက် သူ့ကိုယ်သူ သေအောင် ခြောက်လှန့်မိလိမ့်မည် ဖြစ်သည်။
လင်ချူးဆွေ့က သူမ မျက်လုံးများကို လှိမ့်လိုက်သည်။ "အဲဒီတော့ နင်က လောင်လင်ရဲ့ ဝိညာဥ်က နင့်ဆီ ပူးထားပြီး နင့်ကို အဖေလို့ ခေါ်စေချင်နေတာလား။"
"ငါက ဘယ်လိုလုပ်သိမှာလဲ မဟုတ်ရင် မင်း ခုနက စကားလုံးတွေကို ဘယ်လိုရှင်းပြမလဲ။"
သူမက သူ့ ဒူးကို ဖြတ်ကန်လိုက်သည်။
ရွှီကျားနင်က နာကျင်မှုကြောင့် သူ့နှုတ်ခမ်းများကလည်း ရွဲ့သွားခဲ့သည်။
လင်ချူးဆွေ့က သူ့ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်၏။ "ငါ့အဖေနဲ့ ပတ်သက်ပြီး ဘယ်တော့မှ ဟာသလာမလုပ်နဲ့။"
ရွှီကျားနင်က ခေါင်းမာသည်။ သူက ခုခံကာ ထပ်ပြောလိုက်သည်။ "ငါ နောက်နေတာ မဟုတ်ဘူး။ သူ တကယ်ပေါ်လာတာ။ ငါ့ကို ယုံ။"
"ငါ နင့်ကို ယုံပေးလို့ရတယ်။ ဒါပေမယ့် ဆယ်စက္ကန့်အတွင်း သူ့ကို ဒီနေရာမှာ ပေါ်လာအောင် လုပ်ပေး။"
ရွှီကျားနင်က ဗလာကျင်းနေသည့် အခန်းအတွင်း စိတ်လှုပ်ရှားစွာနှင့် အော်ခေါ်လိုက်သည်။ "ဟေး ခင်ဗျား ဘယ်မှာလဲ။ ထွက်လာခဲ့။ သရဲလှည့်ကွက်တွေ လုပ်မနေနဲ့။ ထွက်လာပြီး ရှင်းရှင်းလင်းလင်း ဖြစ်အောင် ရှင်းပြ။"
လုချီက လုထျန်းပိုင်ကို တီးတိုးပြောလိုက်သည်။ "ဒီကောင် ကြည့်တော့သာ ပုံမှန်လိုနဲ့။ ဒီလောက်ရူးမယ်လို့ ထင်မထားဘူး။"
ရွှီကျားနင်က အခု တကယ် ကြောက်နေတာ ဖြစ်သည်။ "ထွက်လာခဲ့ ပုန်းကွယ်ပြီး လူတွေကို ခြောက်နေတာ ဘာဖြစ်ချင်နေတာလဲ။"
စက္ကန့်များ ကုန်လွန်လာသည်နှင့် လင်ချူးဆွေ့က စိတ်ပျက်လက်ပျက်ဖြင့် ထွက်သွားရန် ပြင်လိုက်သည်။
နောက်တစ်စက္ကန့်တွင် လျှောက်လမ်း၏ အဆုံး၌ ပုံရိပ်တစ်ခု ထွက်ပေါ်လာပေသည်။
"အိုး ဘုရားရေ"
လုထျန်းပိုင်က သူမ အစ်ကိုနောက်၌ အမြန်ဝင်ပုန်းလိုက်ပြီး ကျန်းချန်ယွီကလည်း ကြောက်လန့်တကြား ထခုန်ကာ လုထျန်းပိုင်အနောက်တွင် ပုန်းလိုက်သည်။
လင်ချူးဆွေ့သည်ပင် အနည်းငယ် ကြောက်လန့်သွားပြီး တုန်ယင်နေသည့် အသံနှင့် မေးလိုက်သည်။ "အဲဒီမှာ ဘယ်သူလဲ။"
အရိပ်ထဲမှ ပုံရိပ်က တဖြေးဖြေး လမ်းလျှောက်ထွက်လာသည်။
မှိန်ဖျော့သည့် မျက်နှာကြက်အလင်းအောက်တွင် ည၏ အမှောင်ထက် မည်းနက်သည့် နက်ရှိုင်းသော မျက်လုံးများနှင့် မီးခိုးရောင်ဟူဒီ ဝတ်ထားသည့် ဆယ်ကျော်သက်လေးတစ်ယောက်ကို မြင်လိုက်ရသည်။
၎င်းက ရှောက်ယန် ဖြစ်လေသည်။
လင်ချူးဆွေ့က ရှောက်ယန် လျှောက်လာနေသည်ကို ကြည့်ကာ ဇဝေဇဝါနှင့် မေးလိုက်သည်။ "နင် ဒီကိုဘာလာလုပ်တာလဲ။"
ရှောက်ယန်က အတန်းထဲသို့ လျှောက်ဝင်လာပြီး သူ့အံဆွဲထဲမှ တရုတ်စာ လေ့ကျင့်ခန်းစာအုပ်ကို ထုတ်ယူလိုက်သည်။ သူက စာအုပ်ကို ယမ်းပြရင်း ပြောလိုက်၏။ "အိမ်စာစာအုပ် မေ့ကျန်ခဲ့လို့။
ထိုစကားကို ကြားသည့်အခါ လူတိုင်းက စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်ကြသည်။
သူတို့က လင်ချူးဆွေ့ အဖေ၏ ဝိညာဥ် ကိုယ်ထင်လာပြသည်ဟု ထင်ခဲ့ကြခြင်း ဖြစ်သည်။
လင်ချူးဆွေ့က စိတ်ပျက်သွားပြီး နှုတ်ခမ်းစူလိုက်သည်။ သူမသည် သူက ဘာလို့အမြဲတမ်း တိုက်တိုက်ဆိုင်ဆိုင် ပေါ်လာရသလဲဟု တွေးလိုက်မိသည်။
"နင် မနက်ဖြန်မနက်လာပြီး ပြန်ယူလို့ရတာပဲဆိုတာ မသိဘူးလား။ နင် အဲဒါကို ယူဖို့အတွက် အခုချိန်ကြီး အထူးတလည် လာခဲ့ဖို့ လိုလို့လား။"
ရှောက်ယန်က သူ့အိတ်ထဲသို့ လေ့ကျင့်ခန်းစာအုပ်ကို ကောက်ထည့်လိုက်ပြီး သူမအား တစ်ချက်လှမ်းကြည့်ကာ ပြောလိုက်သည်။ "သိတယ်လေ။ အဲဒီလိုမလုပ်ချင်လို့ပေါ့။"
"ဘာလို့ မလုပ်ချင်တာလဲ။"
"ငါတို့လို ဉာဏ်ကြီးရှင်တွေက ဘယ်တော့မှ အိမ်စာကို အကြွေးမထားတတ်ဘူးလေ။"
"..."
လင်ချူးဆွေ့က လက်ကို နောက်ပစ်ရင်း သူ့နားသို့ တိုးသွားခဲ့သည်။ သူမက သူ့ကို အထက်အောက် စုန်ဆန်ကြည့်လိုက်ပြီး သူ့အား နှာခေါင်းတရှုံ့ရှုံ့နှင့် အနံ့ပင်ခံလိုက်သေးသည်။
သူ့ထံမှ လတ်ဆတ်သော လီမွန် အဝတ်လျှော်ဆပ်ပြာ ရနံ့ကို ရနေသည်။
"ငါ့အဖေက အမြဲ စီးကရက် မီးခိုးနံ့ရတာ။ နင့်မှာ မရဘူး။"
"ငါ ဆေးလိပ်မသောက်ဘူး။" ရှောက်ယန်က သူ့အား ပါပီတစ်ကောင်လို အနံ့ခံနေသည့် လင်ချူးဆွေ့ကို ရှောင်ရန် နောက်သို့ဆုတ်လိုက်သည်။ "မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။"
"သူမက သူမအဖေရဲ့ ဝိညာဥ်က တကယ်ပဲ မင်းကို ပူးကပ်နေလားလို့ မေးချင်နေတာ။ မင်း ဆယ်စက္ကန့် အတိအကျ အချိန်ကိုက် ရောက်လာတာလေ။" လုချီက သူ၏ လျှပ်စစ်နာရီကို ညွှန်ပြရင်း ပြောလိုက်သည်။
ရှောက်ယန်၏ တည်ငြိမ်သောအကြည့်က စားပွဲပေါ်မှ ရှုပ်ပွနေသော A3 စာရွက်များနှင့် ခဲတံတို့ပေါ် ဖြတ်ပြေးသွားသည်။ အတန်းမဆင်းခင် သူတို့ တီးတိုးပြောနေခဲ့ကြသည့် သရဲခေါ်သည့်ဂိမ်းအကြောင်းကို ပြန်စဥ်းစားမိသည့်အခါ ဘာတွေဖြစ်သွားသလဲ ခန့်မှန်းနိုင်ပေသည်။
သူက စကားထပ်မပြောတော့ဘဲ လွယ်အိတ်ကို လွယ်ကာ ထွက်သွားခဲ့သည်။
.........
လုချီနှင့် တခြားလူများက စားပွဲပေါ်မှ ပစ္စည်းများကို ပျင်းရိစွာ သိမ်းဆည်းလိုက်ပြီး သူ့နောက်မှလိုက်ကာ စာသင်ဆောင်မှ ထွက်လာခဲ့ကြသည်။
ထင်မှတ်မထားဘဲ သူတို့ အပြင်သို့ ခြေလှမ်းလိုက်သည်နှင့် လုံခြုံရေးဝန်ထမ်းများစွာက ဓာတ်မီးအလင်းများနှင့် သူတို့ကို ထိုးလိုက်သည်။
"မင်းတို့ ဘယ်အတန်းကလဲ။ ကျောင်းမှာ ဘာလုပ်နေကြတာလဲ။ ဘာလို့ အိမ်မပြန်ကြတာလဲ။"
"ငါတို့တော့ သွားပြီပဲ။"
လင်ချူးဆွေ့နှင့် လုချီတို့အဖွဲ့က အလွန် လျင်မြန်လှစွာဖြင့် တောင်ကုန်းအနောက်ဘက်မှ တောအုပ်အသေးလေးထံ ပြေးသွားခဲ့သည်။ ထိုနေရာ၌ သူတို့ ကျော်တက်နိုင်သည့် နိမ့်သော တံတိုင်းနံရံတစ်ခုရှိပြီး ကျောင်းထဲမှ ထွက်သွား၍ ရနိုင်သည်။
ကျောင်း၏ စံပြကျောင်းသားများဖြစ်သော ရွှီကျားနင်နှင့် ရှောက်ယန်တို့သည် ယခင်က ထိုကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံတွေ့ခဲ့ဖူးခြင်း မရှိပေ။
လင်ချူးဆွေ့တွင် ရှင်းပြရန် အချိန်မရှိချေ။ သူမက အလိုအလျောက်ပင် ရှောက်ယန်လက်ကို ဆွဲကာ သူတို့နှင့်အတူ ဝရုန်းသုန်းကား ပြေးလွှားသွားလိုက်သည်။
ရှောက်ယန်က ပြေးရန် ရည်ရွယ်ချက် မရှိပေ။ ကျောင်းတွင် ကျောင်းအုပ်ကြီးကပင် သူ့ကို အစပြုကာ နှုတ်ဆက်လိမ့်မည် ဖြစ်သည်။
သူသည် ညလယ်ခေါင်၌ လုံခြုံရေး၏ လိုက်ဖမ်းခံရခြင်းကဲ့သို့ ဆိုးဝါးသည့် အခြေအနေမျိုး မည်သည့်အခါကမှ မဖြစ်ဖူးခဲ့ပေ။
သူက ခပ်တိုးတိုး ပြောလိုက်သည်။ "ငါ့ကို လွှတ်။"
လင်ချူးဆွေ့က ရှောက်ယန်၏ သဘာဝမကျစွာ နီမြန်းနေသည့် ချစ်စရာကောင်းသော မျက်နှာကို ကြည့်လိုက်သည်။ "နင်က တကယ်ကို စာလေ့လာတာကိုပဲ စွဲလမ်းနေပြီး ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ဖို့ လိုအပ်နေတာပဲ။"
သူက အသက်ကို ရှူနှုန်းကို ထိန်းညှိကာ သူ့နှလုံးခုန်နှုန်းအား တည်ငြိမ်လာစေလိုက်သည်။ "မင်းတို့ပဲ ဆက်သွားကြ။ ငါ မပြေးချင်ဘူး။"
"စိတ်မပူပါနဲ့။ ငါက ငါ့အဖွဲ့သားတွေကို မစွန့်ပစ်တတ်ပါဘူး။ ငါတို့တွေက တူညီတဲ့ ကံကြမ္မာကို မျှဝေထားကြတာပဲ။" လင်ချူးဆွေ့က ဖြောင့်မတ်မှန်ကန်သည့်ဟန်ဖြင့် ပြောလိုက်ပြီး သူ့လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။
"တကယ် မလိုဘူး။" ရှောက်ယန်က သူမ၏ လက်ကို အတင်းခါချလိုက်သည်။ "မင်းသာ ငါ့နားကနေ ဝေးဝေးနေသရွေ့ ငါ ကျိန်းသေ ဘာမှမဖြစ်ဘူး။"
လင်ချူးဆွေ့၏ ပါးစပ်က တွန့်သွားခဲ့သည်။ "သူက ထိပ်ဆုံးကျောင်းသားဖြစ်တာနဲ့ သူ့ကိုယ်သူ အရမ်းမြင့်မြတ်တယ်လို့ ထင်နေတာပဲ။"
ရွှီကျားနင်ကလည်း တူညီသည့် သဘောထားနှင့် ရှောက်ယန်ကို ကြည့်လိုက်သည်။ ခြေလှမ်းအနည်းငယ် ပြေးပြီးနောက် သူသည် ထိုအဖြစ်က အနည်းငယ် သိက္ခာကျသလို ခံစားလိုက်ရသောကြောင့် ရပ်တန့်လိုက်သည်။ "ငါတို့က ဘာအတွက် ပြေးနေရတာလဲ။ သူတို့ကို ရှင်းပြလိုက်ရင် ရတာပဲလေ။"
သူတို့က ပစ္စည်းခိုးနေခြင်း မဟုတ်သလို တစ်ခုခု ဆိုးဝါးတာ လုပ်နေသည်လည်း မဟုတ်ပေ။ ထွက်ပြေးခြင်းက သူတို့ကို အပြစ်လုပ်ထားသလို ထင်မြင်သွားစေနိုင်ပေသည်။
လုံခြုံရေးအစောင့်များက သူတို့ကို ဖမ်းမိသွားသည်။ ရွှီကျားနင်က ကော်လာကို သပ်ရပ်အောင် ပြန်ပြင်ပြီး မေးကို မော်ချီကာ ပြောလိုက်သည်။ "ကျွန်တော်က ဆယ့်နှစ်တန်းရဲ့ အတန်း B က ရွှီကျားနင်ပါ။"
သူ စကားပြော၍ မပြီးခင် လုံခြုံရေးအစောင့်က သူ၏ ကော်လာကနေ အညှာအတာမဲ့စွာ ဆွဲပြီး သူ့ခေါင်းကို ရိုက်လိုက်သည်။ "မင်းက ပြေးနေတုန်းပဲလား လူလိမ်လူကောက်လေး။ ထပ်ပြေးကြည့်လိုက် ဘာဖြစ်သွားမလဲ မြင်စေရမယ်။"
သူက ထိုသို့ပြောလိုက်ပြီး ရာဇဝတ်သားကို ဖမ်းခေါ်သွားသကဲ့သို့ လုံခြုံရေးရုံးခန်းကို ဆွဲခေါ်သွားလေသည်။
"သွားမယ်။ ကျွန်တော့်ကို မထိနဲ့။ ကျွန်တော် ကိုယ့်ဘာသာ လမ်းလျှောက်ချင်တယ်။"
"မင်း လူရှုပ်လေး ရေဘဝဲလိုမျိုး ချော်ထွက်နေတာပဲ။ ကောင်းကောင်းပြုမူစမ်း"
ရွှီကျားနင်သည် ယခင်က ထိုကဲ့သို့သော 'ဆက်ဆံမှု' မျိုး မခံခဲ့ရဖူးပေ။ ဒေါသကြောင့် သူ့မျက်နှာက ခရမ်းရောင်သမ်းနေပြီး အင်္ဂလိပ်လို စကားတချို့ ရေရွတ်နေသည်။
သူမ၏ တိတ်တခိုး သဘောကျနေရသူက အဖမ်းခံလိုက်ရသည်ကို မြင်ပြီး လုထျန်းပိုင်ကလည်း ပြန်လှည့်လာကာ သူ့ကို ကာကွယ်ချင်ခဲ့၍ သူနှင့်အတူ 'ပိုက်ကွန်ထဲ အတူဖမ်းမိခြင်း' ပြဇာတ်ကို ကသွားခဲ့လေသည်။
လင်ချူးဆွေ့က ထို 'အရူးစုံတွဲ' အဖမ်းခံလိုက်ရသည်ကို မြင်သည့်အခါ သူမက ပြန်လှည့်ကာ သူမ၏ သူငယ်ချင်းများကို ကယ်တင်ချင်ခဲ့သည်။
လုချီက သူမကို ပြန်ဆွဲထားလိုက်သည်။ "သူမကို လွှတ်ထားလိုက်။ အဆင်ပြေလိမ့်မယ်။ သူမက အငိုသန်လေးပဲ။ သူမ နည်းနည်းလောက် ငိုပြလိုက်တာနဲ့ လုံခြုံရေးဦးလေးတွေ စိတ်ပျော့သွားလိမ့်မယ်။ ငါတို့ မရှုံးနိုင်ဘူး။"
လင်ချူးဆွေ့ : ...
သူက ဘယ်လိုအစ်ကိုမျိုးလဲ။
လုချီ၏ သစ္စာရှိမှု ကင်းမဲ့နေသည်ကို ကြည့်ပြီး လုထျန်းပိုင်က စိတ်ဆိုးမာန်ဆိုး အော်ဟစ်လိုက်သည်။ "အစ်ကို စိတ်မပူနဲ့။ ငါ နင့်ကို သစ္စာမဖောက်ပါဘူး။ နင်နဲ့ ကျန်းချန်ယွီက အတန်း B က လုချီနဲ့ ကျန်းချန်ယွီဆိုတာကို မပြောပါဘူး။ ပြီးတော့ ငါ နင်တို့ရဲ့ ကျောင်းသားမှတ်ပုံတင်နံပါတ်က 103520056 နဲ့ 103520063 ဆိုတာကိုလည်း မပြောပြမှာမို့ နင်တို့ အမြန်ပြေးတော့။"
လုချီ : ...
ကျန်းချန်ယွီ : ...
သူတို့နှစ်ယောက်က အဖမ်းမခံရသေးသည့် တစ်ယောက်တည်းသောသူ လင်ချူးဆွေ့ကို လှည့်ကြည့်လိုက်သည်။ လင်ချူးဆွေ့က သူမ လက်ကို ယမ်းလိုက်၏။ "နင် ဘာကြည့်နေတာလဲ။ အဲဒီအရူးမလေးက ငါ့ရဲ့ အချစ်ဆုံး သူငယ်ချင်းပဲ။"
***