Ch 8
Viewers 250

အပိုင်း ( ၈ )


သူတို့အဖွဲ့က လုံခြုံရေးရုံးခန်းသို့ ခေါ်သွားခံလိုက်ရပြီး နံရံကို မှီထိုင်နေခဲ့ကြသည်။ 


လုံခြုံရေးအစောင့်က သူတို့၏ အတန်းပိုင် ဆရာချင်ကို ဖုန်းခေါ်ကာ ထိုကျောင်းသားများ၏ နာမည်၊ ကျောင်းသားမှတ်ပုံတင်နံပါတ်နှင့်တကွ တိုင်ကြားလိုက်သည်။


ရွှီကျားနင်က ဒေါသတကြီး ပြောလိုက်၏။ "ခင်... ခင်ဗျားတို့က ကျွန်တော်တို့ရဲ့ လူအခွင့်အရေးကို ချိုးဖောက်နေတာပဲ။ ကျွန်တော်တို့တွေ ဘာတစ်ခုမှ မခိုးခဲ့သလို မကောင်းတာလည်း ဘာမှ မလုပ်ခဲ့ကြဘူး။ ကျွန်တော်တို့ရဲ့ ဆရာဆီ ဖုန်းခေါ်ဖို့ လိုအပ်လို့လား။" 


လုံခြုံရေးအစောင့်က သူ၏ နံပါတ်တုတ်ကို ဝှေ့ယမ်းလိုက်သည်။ "ကောင်းကောင်းပြုမူ။" 


ရွှီကျားနင်က ခြိမ်းခြောက်ခံရခြင်းကြောင့် တည်ငြိမ်သွားသော်လည်း သူက တိုးတိုးလေး ရေရွတ်နေဆဲ ဖြစ်သည်။


လင်ချူးဆွေ့က ရှောက်ယန်ကို တိုးတိုးလေး ပြောလိုက်သည်။ "နင် သူ့ကို နင်က တရုတ်ပညာရေးစနစ်ကြောင့် ချုံးချုံးကျနေတဲ့ ကျောင်းသားကောင်းလေးတစ်ယောက် ဖြစ်ကြောင်း ပြောပြလိုက်။" 


ရှောက်ယန်က ပြောလိုက်သည်။ "ငါတော့ သူပြောတာ ဖြစ်နိုင်တယ်လို့ ထင်တယ်။ ငါက အိမ်စာစာအုပ် ကျန်ခဲ့လို့ လာယူတာ။ ရှင်းပြလိုက်ရင် အဆင်ပြေသွားနိုင်တယ်။" 


လင်ချူးဆွေ့က သူ့ကို နက်နက်နဲနဲ ကြည့်လိုက်သည်။


သူမသည် ဒီကောင်က ကျောင်း၏ ကိုယ်စားပြု စံပြကျောင်းသားဖြစ်ကြောင်း မေ့သွားလုနီးပါးပင်။ 


"တကယ်တော့ ခုနက နင် ထွက်ပြေးသွားလို့လည်း ရပါတယ်။" လင်ချူးဆွေ့က ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။ "ငါတို့နဲ့အတူ အဖမ်းခံစရာမလိုပါဘူး။" 


ရှောက်ယန်က သူမကို ကြည့်လိုက်ပြီး သူမ၏ စကားလုံးများကို သုံးကာ ဆန့်ကျင်လိုက်သည်။ "တူညီတဲ့ကံကြမ္မာကို မျှဝေထားတာ။" 


လင်ချူးဆွေ့က မျက်ရည်များပင် လည်လာတော့မလိုပင်။ သူမသည် ရှောက်ယန်က ကျိန်းသေ သူမကို ဒုက္ခပေးနေသည်ဟု ခံစားရပေသည်။


သူ ထွက်သွားခဲ့လျှင် သူမက အဆင်ပြေနိုင်သည်။ သို့ပေမယ့် သူ နေခဲ့ခြင်းကြောင့် ပြစ်ဒဏ်က ပို၍ ကြီးလေးလာနိုင်ပေသည်။


သေချာပေါက်ပင် လုံခြုံရေးက ဖုန်းထဲမှ ဆရာချင်ကို ဖြောင့်မတ်မှန်ကန်သည့် လေသံနှင့် ပြောလိုက်သည်။ "ဒါက လေးနက်တဲ့ ကိစ္စပဲ။ ဒီလောက် မိန်းကလေးနဲ့ ယောက်ျားလေးတွေ အများကြီး ရှိနေတာ။ သူတို့ အရူးလို လျှောက်ဆော့နေတာ ဖြစ်ရမယ်။ ဆရာချင် ခင်ဗျား ဒီကိစ္စကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်သင့်တယ်။" 

 

လုချီက ပြုံးလိုက်ပြီး ရှောက်ယန်ဘက်သို့ လှည့်ကြည့်လိုက်၏။ "ငါညီမနဲ့ ငါနဲ့က သွေးသားတော်စပ်တဲ့ အမြွှာတွေပဲ။ ရွှီကျားနင်ကလည်း သူမရဲ့ ပထွေးပါအစ်ကို။ ကျန်းချန်ယွီကတော့ အရမ်းရုပ်ဆိုးလွန်းတယ်။ အဲဒီတော့ မစ္စတာထိပ်တန်းကျောင်းသားကြီး ဆရာချင်က တိတ်တိတ်လေး ချိန်းတွေ့နေတယ်လို့ ဘယ်သူ့ကို ထင်မလဲ ခန့်မှန်းကြည့်ပါလား။" 


ရှောက်ယန်က လင်ချူးဆွေ့အား ကြည့်လိုက်သည်။ "တကယ်တော့ ငါ စိတ်ထဲမထားပါဘူး။" 


လင်ချူးဆွေ့က နှုတ်ခမ်းအထက် နှာခေါင်းအောက်မှ အချိုင့်လေးကို ကုတ်ခြစ်ရင်း ပြောလိုက်၏။ "ဒါပေမယ့် ငါ စိတ်ထဲထားတယ်။" 


........


မစ္စတာချင်သည် ယခင်က ဂုဏ်သိက္ခာကြီးမားသော အထက်တန်းကျောင်း ဆရာတစ်ယောက် ဖြစ်ခဲ့သဖြင့် သူ့အတန်းထဲက လေထုအခြေအနေမှာ ကောင်းမွန်ပြီး ပြောင်ပြောင်တင်းတင်း ချိန်းတွေ့ခြင်းမျိုး မဖြစ်နိုင်ဟု တွေးထင်ထားခဲ့သည်။

 

လုံခြုံရေးရုံးခန်းမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိလိုက်သည််အခါ သူက ဒေါသထွက်သွားခဲ့၏။


နောက်တစ်နေ့ ရုံးခန်းထဲတွင် သူက လင်ချူးဆွေ့ကို အချိန်အတော်ကြာအောင် အပြစ်တင်ပြောဆိုခဲ့သည်။


လင်ချူးဆွေ့က ခေါင်းငုံ့ထားကာ သူမပုံစံက မှုန်မှိုင်းနေပြီး ကြမ်းပြင်ထက်၌ ခြေချောင်းလေးများနှင့် စက်ဝိုင်းများ ဆွဲနေခဲ့သည်။


ထို့နောက် ဆရာချင်က ရှောက်ယန်၏ ပခုံးကို စိတ်အားထက်သန်စွာ ပုတ်၍ ပြောလိုက်သည်။ "ရှောက်ယန် ငါ မင်းကို အကြွင်းမဲ့ ယုံကြည်တယ်။ ဒါက လင်ချူးဆွေ့ရဲ့ အမှားပဲ ဖြစ်ရမယ်။" 


"ဆရာချင် ဘက်လိုက်မှုကြီးက အရမ်းကို သိသာလိုက်တာနော်။" လင်ချူးဆွေ့က နောက်ဆုံး၌ တိတ်ဆိတ်မှုကို ချိုးဖျက်ကာ ဒေါသတကြီး ပြောလိုက်သည်။ "တရားမျှတမှုနဲ့ သမာသမတ်ကျမှုတွေက ဘယ်မှာလဲ။" 

 

"ရှောက်ယန်ရဲ့ အစွန်းထွက်နေတဲ့ အမှတ်လောက်ပဲ ရရင်တောင် မင်း ငါ့ကို တရားမျှတမှုအကြောင်း လာပြောလို့ရတယ်။ ကျောင်းသားကောင်းတစ်ယောက်က မင်းကြောင့်နဲ့ လမ်းလွဲသွားရတယ်လို့။"   

 

"သမီး သူ့ကို လမ်းလွဲသွားအောင် မလုပ်ခဲ့ဘူး။" 


"မင်းက မင်းရဲ့ အမှားကို သတိမပြုမိတာပဲ ဖြစ်ရမယ်။" မစ္စတာချင်က လင်ချူးဆွေ့၏ နားရွက်ကို ဆွဲကာ အပြစ်တင်လိုက်သည်။ "တစ်နေ့ကုန်တစ်နေခမ်း စာ ကောင်းကောင်း မလုပ်ဘဲ အဲဒီကောင်လေးတွေနဲ့ လျှောက်ဆော့နေတာ။ မင်းကိုယ်မင်းကြည့်စမ်း စည်းကမ်းမရှိလိုက်တာ။ မင်းမိဘတွေက မိန်းကလေးတွေက အရှက်ရှိသင့်တယ်ဆိုတာမျိုး သင်မပေးထားဘူးလား။"  

   

"ဟုတ်တယ်။ သင်ပေးမယ့်လူ မရှိဘူး" လင်ချူးဆွေ့က ဆရာချင်၏ လက်ကို ဖြုတ်ပစ်လိုက်ကာ သူမနားကို ပွတ်သပ်လိုက်သည်။ "အရှက်လုံးဝမရှိဘူး။ ထိပ်တန်းကျောင်းသားကိုလည်း လမ်းမှားရောက်အောင် သွေးဆောင်သေးတယ်။ သမီးကို အဲဒီလောက် မကြိုက်နေရင် ကျောင်းထုတ်ပစ်လိုက်။" 

  

"အသုံးမကျတဲ့လူက သင်ပေးလို့မရဘူး။ မင်းကို ငါ ကျောင်းမထုတ်နိုင်ဘူးလို့ မထင်နဲ့။" 


ရှောက်ယန်က သူ့ခေါင်းကို လှည့်ကာ ကြည့်လိုက်သည့်အခါ လင်ချူးဆွေ့၏ မျက်လုံးများက နီရဲနေသော်လည်း သူမ မျက်ရည်များကို ထိန်းချုပ်ထားကာ မတရားခံရသလို ခေါင်းမာမှုမျိုးနှင့် ကြည့်နေကြောင်း မြင်လိုက်ရသည်။

 

အထင်လွဲခံရခြင်းနှင့် ပတ်သက်၍ သူက ကိုယ်ချင်းစာနိုင်ပေသည်။


သူ၏ တိုးတက်မှုဘားတန်းက 0% ဖြစ်နေသေးသည်ကို မြင်သည့်အခါ ရှောက်ယန်က ပြောလိုက်သည်။ "ဆရာချင် ကျွန်တော် သွေးဆောင်မခံရပါဘူး။" 

 

ဆရာချင်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ "ရှောက်ယန် မင်း ဘာမှ ပြောစရာမလိုပါဘူး။ ငါ အကုန်သိတယ်။" 


ရှောက်ယန်က လင်ချူးဆွေ့ ရှေ့တွင် ပိတ်ရပ်လိုက်ပြီး ပိုမို ခိုင်မာသည့် အသံနှင့် ပြောလိုက်သည်။ "ချိန်းတွေ့တာဖြစ်ဖြစ် ဘာဖြစ်ဖြစ် အဆင့်ကို အသုံးပြုပြီး ဆုံးဖြတ်တာက အတော်လေး တစ်ဖက်ဆန်တယ်။" 

 

လင်ချူးဆွေ့က ဤကဲ့သို့ အခက်အခဲကြုံရသည့် အခိုက်အတန့်၌ သူမရှေ့တွင် ရပ်ပေးရန် ဆန္ဒရှိသည့် ရှောက်ယန်ကို အံ့အားသင့်စွာ မော့ကြည့်လိုက်သည်။ 


ဆရာချင်က ဒေါသထွက်နေ၏။ "ရှောက်ယန် မင်းက သူမနဲ့အတူ အပြစ်ပေးခံမယ်လို့ ပြောနေတာလား။" 


"ကျွန်တော်က လင်ချူးဆွေ့ ကျွန်တော့်ကို မမြှူဆွယ်ခဲ့ဘူးဆိုတာကို ရှင်းပြချင်ရုံပဲ။" သူက သူမကို ကြည့်လိုက်သည်။ "သူမက လှတောင်မလှဘဲနဲ့။" 


လင်ချူးဆွေ့ : ...


သူမ၏ ကျဆင်းတော့မည့် မျက်ရည်များက ပြန်ဝင်သွားလေသည်။


ဒီထိပ်တန်းကျောင်းသားကောင်ကတော့...


ဆရာချင်ကလည်း ၎င်းက ကျိုးကြောင်းသင့်ကြောင်း တွေးလိုက်သည်။ သူက ထပ်မေးလိုက်၏။ "ဒါဆို မင်းတို့အားလုံး ဘာလို့ အတန်းထဲ နောက်ကျတဲ့အထိ နေနေရတာလဲ။" 

 

"ကျွန်တော် သူမကို စာပြပေးနေတာ။" 


ဆရာချင်က သံသယဖြစ်စွာ ကြည့်လိုက်သည်။ "မင်းက သူမကို အတန်းထဲမှာ စာပြပေးနေတာလား။" 


အတန်းထဲမှ စောင့်ကြည့်ကင်မရာများက ပျက်နေပြီး အလှတပ်ထားရုံသာ ရှိသည်ကို သိသဖြင့် လင်ချူးဆွေ့က မှန်ကန်ဟန်ဖြင့် ပြောလိုက်သည်။

 

"ဒါပေါ့ စာသင်ခန်းထဲမှာ စာလုပ်တာပေါ့။ မဟုတ်ရင် အိပ်ခန်းထဲမှာ လုပ်ရမှာလား။" 

 

ရှောက်ယန်က သူမကို အေးစက်လှသည့် အကြည့်တစ်ချက် ပေးလိုက်သည်။


"ဒါဆို သူတို့ကရော...." ဆရာချင်က လုချီ၊ ကျန်းချန်ယွီနှင် အခြားလူများကို ညွှန်ပြလိုက်သည်။ "သူတို့ကိုရော ဘယ်လိုရှင်းပြမလဲ။" 


"ကျွန်တော် သူတို့နဲ့ မရင်းနှီးဘူး။" ရှောက်ယန်က အမူအရာမဲ့စွာ ပြောလိုက်သည်။ "ဖြစ်နိုင်တာ သူတို့က ကျွန်တော် လင်ချူးဆွေ့ကို စာပြပေးတာ ပြီးတဲ့အထိစောင့်ပြီး အိမ်စာကူးချင်လို့ နေမှာပေါ့။" 


လုချီ : ...


ကျန်းချန်ယွီ : ...


ကောင်းတယ် လင်ချူးဆွေ့ တစ်ယောက်တည်းကိုပဲ ကာကွယ်ပေးတယ်ပေါ့လေ ဟမ့်....


ဆရာချင်က ဆယ်ကျော်သက်ချိန်းတွေ့မှု၏ မည်သည့် ခိုင်မာသော သက်သေကိုမှ မရရှိခဲ့ပေ။ ထို့ပြင် ပထမအဆင့်ရသူနှင့် ဒုတိယအဆင့်ရသူတို့ကလည်း ပါဝင်ပတ်သက်နေသေးသည်။ အတန်း၏ ဂုဏ်သိက္ခာ ပျက်စီးမည့်အရေးကို ရှောင်ရှားရန် သူက ကျောင်းကို မတင်ပြတော့ဘဲ သူတစ်ယောက်တည်းနှင့် ပြီးပြတ်စေရန် ဆုံးဖြတ်လိုက်သည်။

   

သူတို့ကို အကြိမ်ပေါင်းများစွာ ဆူပူပြီးနောက် သန့်ရှင်းရေးလုပ်ရန် အပြစ်ပေးကာ ထိုကိစ္စအား ပိတ်သိမ်းပြီဟု ဆုံးဖြတ်လိုက်သည်။


ထိုသည်မှာ လင်ချူးဆွေ့၏ ဘဝတွင် အပြစ်လုပ်ခဲ့သော်လည်း မည်သည့် အပြစ်မှ အပေးမခံရသည့် ပထမဆုံးအကြိမ် ဖြစ်သည်။


အရာအားလုံးမှာ ရှောက်ယန်၏ ထိပ်တန်းကျောင်းသားဟူသည့် ဂုဏ်သတင်း၏ အကာအကွယ်ကြောင့် ဖြစ်သည်။ 


အတန်းထဲတွင် ရှောက်ယန်သည် အချိန်တိုင်းလိုလို သူ့ထံ ရောက်လာနေသည့် လင်ချူးဆွေ့၏ အဓိပ္ပါယ်ပါဝင်သော အကြည့်များကြောင့် စိတ်ရှုပ်နေခဲ့သည်။ သူက ၎င်းကို လျစ်လျူရှု၍ သူ့ဘောပင်န်ကို ချပြီး မေးလိုက်သည်။ "ထိုင်ခုံဖော် မင်း ဘာကို ကြည့်နေတာလဲ။"

  

လင်ချူးဆွေ့က သက်ပြင်းချလိုက်သည်။ "ငါက နင့်ရဲ့ မာနကို မထိခိုက်စေဘဲ နင့်အချစ်ကို ဘယ်လိုငြင်းရမလဲလို့ စဥ်းစားနေတာ။" 


ရှောက်ယန် : "..."


လင်ချူးဆွေ့က မှန်အသေးလေးတစ်ချပ် ထုတ်ယူကာ သူမ၏ မျက်နှာကို ကြည့်ရင်း ပြောလိုက်သည်။ "ငါ အစကတော့ ငါ့အလှက နင့်ကို ဖမ်းစားထားတယ်လို့ ထင်တာ။ ဒါပေမယ့် အခုတစ်ခေါက် ပြဿနာပြီးတော့ ဘာက နင့်ကို ဆွဲဆောင်ထားလဲ မသိတော့ဘူး။ အဲဒါက ငါ့ရဲ့ အပြင်ပိုင်းသွင်ပြင် မဟုတ်ဘဲ ငါ့ စိတ်ထားလား။" 

 

ရှောက်ယန်က လက်သီးကို တင်းကျပ်စွာ ဆုပ်လိုက်သည်။


လင်ချူးဆွေ့က ထပ်ပြီး သက်ပြင်းချလိုက်ကာ မှန်ထဲမှ သူမကိုယ်သူမ သနားနေဟန်ဖြင့် ကြည့်လိုက်သည်။ "ငါ့ရဲ့ သေလောက်အောင် ဆွဲဆောင်မှုရှိတဲ့ ကိုယ်ရည်ကိုယ်သွေးကတော့..." 


"အိုး နင် တစ်ခုခု ပြောစရာမရှိဘူးလား။" 


ရှောက်ယန်က သူ့မျက်လုံးများ ကို မှိတ်ပြီး ပြောလိုက်သည်။ "ငါ့ရဲ့ စိတ်ထဲမှာ မင်းအကြောင်း ပြောနေတဲ့ အသံတစ်ခု ရှိတယ်။" 


လင်ချူးဆွေ့က ရှက်ရွံ့ဟန်ဖြင့် မေးလိုက်သည်။ "နင့်ကို ပြောတာလား။ ဘာအကြောင်းလဲ။" 


"ငါ့ကို ပြောနေတာ မင်းကို ရိုက်နှက်ပစ်လိုက်တဲ့။ အဲဒါဆို မင်း ငြိမ်သွားလိမ့်မယ်။" 


"..."


လင်ချူးဆွေ့နှင့် အဖွဲ့မှ လူများက စာသင်ဆောင်အတွင်း သန့်စင်ခန်း သန့်ရှင်းရေးလုပ်ရန် အပြစ်ပေးခံခဲ့ရသည်။ 


အစက ဆရာချင်သည် ရှောက်ယန်နှင့် ရွှီကျားနင်တို့၏ စာသင်ကြားမှုကို နှောင့်နှေးစေမည်စိုးသောကြောင့် အပြစ်မပေးချင်ခဲ့ပေ။ 


သို့သော် လုချီ၊ ကျန်းချန်ယွီနှင့် အခြားကောင်လေးများက မျှတမှုအတွက်ဟုဆိုကာ ရေးကြီးခွင်ကျယ် လုပ်လာကြသည့်အတွက် တွန့်ဆုတ်စွာနှင့်ပင် ရှောက်ယန်နှင့် ရွှီကျားနင်ကိုပါ သူတို့နှင့်အတူ အပြစ်ပေးခဲ့ရသည်။


မိန်းကလေးသန့်စင်ခန်းက အတော်လေး သန့်ရှင်းပြီး သန့်ရှင်းရေးအန်တီကြီး၏ နေ့တိုင်း ကောင်းမွန်စွာ ထိန်းသိမ်းထားခြင်းကို ခံရသည့်အတွက် လင်ချူးဆွေ့နှင့် လုထျန်းပိုင်တို့က ကြွေပြားများကိုသာ ရိုးရှင်းစွာ သုတ်လိုက်ပြီး သူမတို့၏ တာဝန်က ပြီးဆုံးသွားလေသည်။


ယောက်ျားလေးသန့်စင်ခန်းဘက်မှ အခြေအနေကတော့ အကောင်းမြင်နိုင်စရာ မရှိပေ။


နေ့လယ်ခင်းတစ်ခုလုံး ယောက်ျားလေးသန့်စင်ခန်းအတွင်း၌ လုချီ၏ 'ရွံဖို့ကောင်းလိုက်တာ' ဟူသည့် အော်သံဖြင့် ပြည့်နှက်နေခဲ့သည်။


"မင်းတို့ကောင်တွေ ပိုပြီး နေရာ တိတိကျကျ ချိန်ပေးနိုင်မလား။ နံရံပေါ် မပန်းကြနဲ့ကွ" 


"မင်းတို့တွေ လူရော ဟုတ်ကြသေးရဲ့လား။"


"သားရဲကောင်တွေ" 


လုချီက သခင်ငယ်လေးတစ်ယောက်အဖြစ် ဖူးဖူးမှုတ်ခံထားရရရာ ဤသည်ကို သူ မည်သို့ သည်းခံနိုင်ပါမည်နည်း။ 


ကျန်းချန်ယွီ၏ မိသားစုက လုမိသားစုလောက် မချမ်းသာသော်လည်း သူက အလုပ်လုပ်သောအခါ တည်ငြိမ်ကာ လက်တွေ့ဆန်သောသူ ဖြစ်ပြီး စိတ်ရှည်လက်ရှည်နှင့် ပြောလိုက်သည်။ (ရွဲ့တာ) "မင်း ဆက်အော်နေမယ်ဆိုရင် အဝတ်စုတ်ကို မင်းပါးစပ်ထဲ ဆို့ထားလိုက်မယ်။" 


"အစ်ကိုရေဘဝဲ ငါ့အတွက် ကူလုပ်ပေးပါ။ မင်း လိုချင်သမျှ ငါ ပေးပါ့မယ်။"


ကျန်းချန်ယွီက သူ့ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ "အဲဒါဆို.... မင်းရဲ့ ညီမကို ပေးလေ။" 


"သဘောတူတယ်။ သဘောတူတယ်။"


.......


ရှောက်ယန်က သူ့အဝတ်စုတ်နှင့် နံရံကြွေပြားများကို တိတ်ဆိတ်စွာ သုတ်နေခဲ့သည်။ 


သူသည် အမြဲတမ်း လုပ်နေသည့်အရာကို အာရုံစူးစိုက်တတ်သည့် စိတ်ထားမျိုးရှိပြီး မည်မျှ ညစ်ပတ်နေပါစေ သူက မည်သည့်အထွန့်တက်မှုမှ မရှိဘဲ သူ့လက်များကိုပင် ညစ်ပေခံနိုင်ပေသည်။ 


ရွှီကျားနင်က သခင်ငယ်လေးကဲ့သို့ မည်သည့်အလုပ်မှ မလုပ်ဘဲ ယောက်ျားလေးသန့်စင်ခန်းတံခါးကို မှီကာ 'ခန်းဆောင်နီအိပ်မက်' ကို ဖတ်နေခဲ့ပြီး 'ကျောက်စိမ်းပုတီးတွေ သစ်သားပေါ်က တွဲလောင်းကျနေတယ်။ ရွှေရောင်ဆံထိုးကတော့ နှင်းထဲမှာ နစ်မြုပ်နေတယ်။' ဟူသည့် ကဗျာစာသားကို ဖတ်ပြီးနောက် သက်ပြင်းမချဘဲ မနေနိုင်ပေ။


လင်ချူးဆွေ့ မိန်းကလေးသန့်စင်ခန်းကို သန့်ရှင်းရေးလုပ်ပြီးနောက် သူမက ယောက်ျားလေးသန့်စင်ခန်းသို့ လျှောက်သွားခဲ့သည့်အခါ အေးအေးလူလူဖြစ်နေသည့် ရွှီကျားနင်ကို မြင်လိုက်ရသည်။ သူမက စိတ်မကျေနပ်စွာနှင့် မေးလိုက်သည်။ "နင်က ဘာလို့ သွားပြီး သန့်ရှင်းရေး မလုပ်တာလဲ။" 


ရွှီကျားနင်က သူ့မျက်လုံးကိုပင် ပင့်မလာဘဲ ဖြောင့်မတ်ဟန်လေသံနှင့် ပြောလိုက်သည်။ "ငါ ကျောင်းကိုလာတာ စာလေ့လာဖို့ အလုပ်လုပ်ဖို့ မဟုတ်ဘူး။ ကျောင်းက ငါတို့ကို အသိပညာတွေ ပေးဖို့ပဲ တည်ရှိသင့်တာ။ ဆရာတွေက လူ့အခွင့်အရေးကို ချိုးဖောက်ပြီး ငါတို့ကို အတင်းအကျပ် အလုပ်လုပ်ဖို့ ဖိအားပေးနေတယ်။ ငါ့မှာ တရားစွဲပိုင်ခွင့်ရှိတယ်။"


လင်ချူးဆွေ့၏ နှုတ်ခမ်းက အနည်းငယ် တွန့်သွားခဲ့သည်။ 


ဆက်လုပ်လေ။


သို့သော် လုချီက ရွှီကျားနင်၏ 'လူ့အခွင့်အရေးချိုးဖောက်ခြင်း' ဟူသော စကားကြောင့် အံ့သြသွားပြီးနောက် သူ့လက်ထဲမှ ကြမ်းသုတ်ဝတ်ကို ချလိုက်သည်။


အဲဒါ မှန်တယ်။ လူ့အခွင့်အရေးချိုးဖောက်တာပဲ။ 


သေစမ်း ငါ ဒါကို ဆက်မလုပ်ချင်တော့ဘူး။


ယခုတွင် စိတ်အားထက်သန်စွာ သန့်ရှင်းရေးဆက်လုပ်နေသူက တစ်ယောက်သာ ကျန်လေသည်။ 


ရှောက်ယန် ... 


လင်ချူးဆွေ့သည် ရှောက်ယန်က သူမအတွက် သူ့ခံစားချက်များကို မထိန်းချုပ်နိုင်သောကြောင့် အပြစ်ပေးခံရသည်ဟု ခံစားရပေသည်။ သူ့တစ်ယောက်တည်းကို အပြစ်ဒဏ်ခံယူခိုင်းခြင်းက ညီအစ်ကိုကောင်းမဆန်ရာ ကျသည်။ သူမက ခပ်တိုးတိုး ပြောလိုက်၏။ "နင်တို့တွေက သန့်ရှင်းရေးမလုပ်တော့ ရှောက်ယန်အတွက် မျှတမှု မရှိဘူးမလား။" 


ရွှီကျားနင်က 'ခန်းဆောင်နီအိပ်မက်' ကို ဆက်ဖတ်နေပြီး သာမန်ကာလျှံကာ ပြောလိုက်သည်။ "အဲဒါဆို သူ့ကို သွားကူညီပေးလိုက်လေ။" 


"ယောက်ျားလေးသန့်စင်ခန်းထဲမှာ တခြားတစ်ယောက်ယောက် ရှိလား။" 


"မရှိဘူး။ သရဲတစ်ကောင်တောင် မရှိဘူး။" 


လင်ချူးဆွေ့က လုချီ၏ လက်ထဲမှ အဝတ်စုတ်ကို ဆွဲယူကာ ရှောက်ယန်အား ကူညီကာ အတူတူ သန့်ရှင်းရေးလုပ်ရန် ယောက်ျားလေးသန့်စင်ခန်းထဲသို့ ဝင်သွားခဲ့သည်။ 


သူမ ဝင်လာသည်ကို မြင်သည့်အခါ ရှောက်ယန်က ခဏလောက် အံ့သြသွားပြီးနောက် သတိပေးလိုက်သည်။ "ဒါက ယောက်ျားလေး သန့်စင်ခန်း။"  


"ငါ သိတယ်။" 


လင်ချူးဆွေ့က ပုံမှန်ကဲ့သို့ပင် ကိုယ်ကိုကိုင်းချကာ ကြွေပြားများကို သုတ်လိုက်သည်။


ရှောက်ယန်က တည့်တည့်ရပ်လိုက်ပြီး တစ်ခုခု ထပ်ပြောချင်သော်လည်း လင်ချူးဆွေ့က ပြောလိုက်သည်။ "နင့်မှာ စကားပြောမယ့် အချိန်ရှိနေရင် ဘာလို့ မြန်မြန် ပြီးအောင် သန့်ရှင်းရေး လုပ်လေ။ ငါလည်း ကျောင်းကနေ စောစောပြန်ချင်တယ်။"


ရုတ်ချည်းဆန်သော ကြင်နာမှုတို့နှင့် ရင်ဆိုင်ရသည့်အခါ သူက ရှုံးနိမ့်သွားရလေသည်။ သူက ပြန်လှည့်သွားပြီး ကြွေပြားများကို ဆက်သုတ်နေခဲ့ကာ ခပ်တိုးတိုးအသံနှင့် ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ်။" 


ထိုစကားလုံးနှစ်လုံးသည် သူတို့စတွေ့ကတည်းက သူ ပြောခဲ့ဖူးသမျှစကားတိုင်းထက် အရိုးသားဆုံး ဖြစ်နိုင်သည်။


"ငါ နင့်ကို သန့်ရှင်းရေးလုပ်ဖို့ ကူညီပေးတာကြောင့်နဲ့ နင့်အချစ်ကို လက်ခံလိုက်တယ်လို့ မတွေးနဲ့နော်။" လင်ချူးဆွေ့က ဘရပ်ရှ်ကို ကောက်ကိုင်ကာ ဝှေ့ယမ်းပြလိုက်သည်။ "နင် ကိုယ့်ခံစားချက်ကိုယ် ကောင်းကောင်းထိန်းချုပ်ပြီး ငါ့ကို ခက်ခဲအောင် မလုပ်နဲ့။" 


"..."


လင်ချူးဆွေ့က ထပ်ပေါင်းပြောလိုက်သည်။ "ဒါပေမယ့် ဝမ်းမနည်းပါနဲ့။ ငါ့ထက်ပိုကောင်းတဲ့သူနဲ့ တွေ့နိုင်ချေက နည်းပေမယ့်လည်း ညှိယူတာမျိုးက လက်မခံနိုင်စရာတော့ မဟုတ်ဘူး။ နင်က လူကောင်းတစ်ယောက်ပဲ။ ဆက်ကြိုးစားပေါ့။" 


ရှောက်ယန်သည် ထိုမျှ ဒရာမာဆန်လွန်းသည့် မိန်းကလေးကို မမြင်ဖူးခဲ့ပေ။ အဓိကအချက်မှာ မိန်းမငယ်လေး၏ တောက်ပသော မျက်လုံးများက ကြည်လင်ကာ ရိုးသားသန့်စင်လှပြီး စကားလုံးတိုင်းက သူမ နှလုံးသားအောက်ခြေမှ လာခြင်းဟု ထင်ရခြင်းပင်။ 


သူက လျှာဖျားထိပ်နှင့် အံသွားဘက်သို့ ထိုးဖိလိုက်ပြီး ပေါ့ပါးစွာ ပြုံးလိုက်သည်။ "အဲဒါဆိုလည်း ကျေးဇူးပါ။"

***