အပိုင်း ( ၉ )
နားချိန်၌ ဆရာချင် လျှောက်လာခဲ့သည်။ လူရှုပ်လေးနှစ်ကောင်က ယောက်ျားလေးသန့်စင်ခန်း တံခါးနား၌ ရပ်ကာ ဖုန်းသုံးနေသည်ကို မြင်သည့်အခါ ဒေါသတကြီး အော်ဟစ်လိုက်သည်။ "မင်းတို့ ဘာလုပ်နေတာလဲ။ မင်းတို့ကို သန့်စင်ခန်းသန့်ရှင်းရေး လုပ်ဖို့ ငါ ပြောထားတာ ဒီမှာ မင်းတို့ ဖုန်းဆော့နေဖို့ မဟုတ်ဘူး။"
လုချီက သတ္တိကို မြှင့်ကာ အစောပိုင်းက ရွှီကျားနင် ပြောခဲ့သည့် စကားများအား ပြောလိုက်သည်။ "ဆရာချင် ကျွန်တော်တို့ ကျောင်းကိုလာတာ သင်ယူလေ့လာဖို့။ အလုပ်လုပ်ဖို့ မဟုတ်ဘူး။ ကျောင်းက ကျွန်တော်တို့ကို စာပဲသင်ပေးသင့်တာ။ လူ့အခွင့်အရေးချိုးဖောက်ပြီး အတင်းအကျပ် အလုပ်ခိုင်းသင့်တာ မဟုတ်ဘူး။ ကျွန်တော့်ဘက်က တရားစွဲခွင့်ရှိတယ်နော်။"
"..." ကျန်းချန်ယွီက မျက်လုံးများကို လှိမ့်လိုက်သည်။
သူသည် လူဖြောင့်ကြီးထက် ပို၍ တုံးအသည့် သတ္တဝါအား မည်သည့်အခါကမှ မမြင်ဖူးခဲ့ပေ။
လုချီ၏ ဖြောင့်မတ်ဟန် စကားဆုံးသွားပြီးနောက် ဆရာချင်၏ နှုတ်ခမ်းထောင့်က ကွေးသွားပြီး ကောက်ကျစ်ယုတ်မာသည့် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ "လူ့အခွင့်အရေးချိုးဖောက်တာလား။"
လုချီက အားနည်းသွားသလို ခံစားလိုက်ရ၏။ "အာ.... အဲဒါက.. တကယ်တော့....."
"ငါက ချိုးဖောက်တော့ ဘာဖြစ်လဲ။ အဆင့်တွေက မကောင်းပေမယ့် အတွေးအခေါ်တွေကတော့ တကယ် ကောင်းတာပဲ။ ပထမထပ်နဲ့ ဒုတိယထပ်က ယောက်ျားလေးသန့်စင်ခန်းတွေကိုပါ သန့်ရှင်းရေးသွားလုပ် ငါ ပြီးရင် လာစစ်ဆေးမယ်။ သေချာပြောင်အောင် မလုပ်ထားလို့ကတော့ အိမ်ပြန်ဖို့ မစဥ်းစားနဲ့။"
လုချီက ရွှီကျားနင်အား မုန်းတီးစွာ စိုက်ကြည့်လိုက်သည်။ ရွှီကျားနင်က သူ့လက်ထဲက စာအုပ်ကို ချလိုက်ပြီး ဆရာချင်ကို ယဥ်ကျေးစွာ အရိုအသေပေး၍ ပြောလိုက်သည်။ "ဆရာချင် ကျွန်တော်လည်း 'လူ့အခွင့်အရေး' ဆိုတဲ့ စကားလုံးကို သာမန်ကာလျှံကာ လျှောက်သုံးနေတဲ့ လူတချို့ကို မကြိုက်ပါဘူး။ ကျွန်တော်တို့က ကျောင်းသားတွေလေ။ ကျောင်းသားတွေက ဆရာတွေရဲ့ စကားကို နားထောင်သင့်တာ သဘာဝကျတဲ့ ကိစ္စပဲကို။"
ဆရာချင်က သူ့ပခုံးကို ပုတ်လိုက်သည်။ "ကျားနင် မင်းက ဒီလူရှုပ်ကောင်တွေနဲ့မတူဘူး။ မင်း အမှားလုပ်တဲ့အခါ မှားတာကို သိတယ်။ ပြန်သွားတော့။ သန့်ရှင်းရေးလုပ်စရာမလိုဘူး။"
"ကျေးဇူးတင်ပါတယ် ဆရာချင်။ ခင်ဗျားက ကျွန်တော် တွေ့ဖူးသမျှ ဆရာတွေထဲမှာ စိတ်ထားအပွင့်လင်းဆုံးသူပဲ။"
ဆရာချင်က ရယ်မော၍ ပြောလိုက်၏။ "ဟားဟားဟား အဲဒီလောက်လည်း မဟုတ်ပါဘူး။"
လုချီ : ...
နောက်ဆုံး၌ သူသည် လင်ချူးဆွေ့က ထိုကောင်ကို 'သောက်နိုင်ငံခြားသားအတုကောင်' ဟု ခေါ်ကြောင်း နားလည်လိုက်သည်။
ကြောင်သူတော်ကောင် စက်ဆုပ်စရာကောင်းတဲ့ကောင်...
ဆရာချင်က ရွှီကျားနင်၏ မြှောက်ပင့်ပေးမှုကြောင့် မြောက်တက်သွားကာ သီချင်း တညည်းညည်းနှင့် သန့်စင်ခန်းအတွင်းသို့ လျှောက်ဝင်သွားပြီး သူ့ဘောင်းဘီဇစ်အား ဖြုတ်တော့မည်အလုပ်တွင် သူ့နောက်မှ အသံတစ်ခု ကြားလိုက်ရသည်။
ဆရာချင်က ပြန်လှည့်ကြည့်လိုက်သည့်အခါ လင်ချူးဆွေ့က ဘရပ်ရှ်တစ်ချောင်းကိုင်ကာ နံရံနားတွင် ရပ်နေခဲ့ပြီး သူမ မျက်လုံးများက ယုန်တစ်ကောင်လို ပြူးကျယ်နေ၏။
သူက အလွန် ထိတ်လန့်သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားကာ ဘောင်းဘီဇစ်ကို အမြန်ပြန်တပ်လိုက်သည်။
"မင်း... မင်း..."
သူက အပြင်သို့ ထွက်သွားခဲ့ပြီး ဤသည်က ယောက်ျားလေးသန့်စင်ခန်းဖြစ်ကြောင်း သင်္ကေတကို အခေါက်ခေါက်အခါခါ ကြည့်၍ အတည်ပြုလိုက်သည်။
"လင်ချူးဆွေ့ ဘာတွေဖြစ်နေတာလဲ။"
လင်ချူးဆွေ့က ကိုးရို့ကားယားနှင့် ယောက်ျားလေးသန့်စင်ခန်းထဲမှ လျှောက်ထွက်သွားပြီး တံခါးနားတွင် ရပ်ကာ ခါးသီးစွာ ပြောလိုက်သည်။ "ဆရာချင် သမီး မိန်းကလေး သန့်စင်ခန်းကို သန့်ရှင်းရေး လုပ်ပြီးသွားလို့ သူတို့ကို ကူညီရအောင် လာခဲ့တာပါ။"
ဆရာချင်၏ မျက်နှာက နီရဲနေပြီး သူမကို ညွှန်ပြနေသည့် သူ့လက်က တုန်ယင်နေကာ အလွန် ဒေါသထွက်နေသဖြင့် စကားပင် မပြောနိုင်တော့ပေ။
ရှောက်ယန်က ချက်ချင်း ထွက်လိုက်လာပြီး လင်ချူးဆွေ့၏ အရှေ့၌ ပိတ်ရပ်လိုက်သည်။ "ဆရာချင်...."
ဆရာချင်က သူ့ကို နှောက်ယှက်လိုက်သည်။ "ရှောက်ယန် မင်း အမှတ်ကောင်းတာနဲ့ပဲ တစ်ကြိမ်ပြီး တစ်ကြိမ် စည်းကျော်နိုင်မယ်လို့ မထင်နဲ့။ သူမကို ကာကွယ်ပေးပြီး ကျောင်းထဲမှာ ချိန်းတွေ့တာက ကျောင်းစည်းမျဥ်းစည်းကမ်းတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်တာပဲ။ ငါ မင်းကို ထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးလို့ရတယ်။"
ရှောက်ယန်က ဒေါသထွက်နေသည့် ဆရာချင်ကို ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ "ချိန်းတွေ့တာမျိုး မရှိဘူး။"
"ဒီလောက် သိသာနေတာတောင် မင်းက အခုထိ ငြင်းတုန်း။ ငါ ကန်းနေတယ်ထင်လို့လား။"
"ချိန်းတွေ့နေတာမျိုး မရှိဘူး။" သူက ခဏရပ်သွားပြီးနောက် ဆက်ပြောလိုက်သည်။ "ကျွန်တော်ကပဲ တစ်ဖက်သတ် ခံစားချက်ရှိနေပြီးတော့ လင်ချူးဆွေ့က တစ်ခါပြီး တစ်ခါ ငြင်းဆန်ခဲ့တယ်။"
ထိုစကားလုံးများ ထွက်လာသည်နှင့် ထိုအနားတွင် အပျော်သဘော စောင့်ကြည့်နေသည့် ကျောင်းသားများက ပင့်သက်ရှိုက်လိုက်ကြသည်။
သေစမ်း။
ကျောင်းနတ်ဘုရားတော့ ရူးသွားပြီပဲ။
ထိုစကားကို ပြောပြီးနောက် မည်မျှများပြားသည့် မိန်းကလေးများ အသည်းကွဲသွားရလိမ့်မည်နည်း။
"သူမက မင်းကို ငြင်းခဲ့တာလား။" ဆရာချင်က မယုံသင်္ကာဖြစ်နေသည်။ သူက လင်ချူးဆွေ့ကို ကြည့်လိုက်သည်။ "သူမရဲ့ ဖရိုဖရဲ အသွင်အပြင်နဲ့လေ...."
သူမက ရှောက်ယန်ကိုပင် ငြင်းဆန်ခဲ့သေးသည်။ ဒီကောင်မလေးက တုံးအတာလား။
မဟုတ်ဘူး... မဟုတ်ဘူး.. မဟုတ်ဘူး... ဒါက အဓိကအချက် မဟုတ်ဘူး။
"မင်းတို့ နှစ်ယောက်ကြားက ဆက်ဆံရေးက သာမန်အတန်းဖော်တွေကြားက သာမန်ဆက်ဆံရေးဆိုတဲ့ စည်းကို ကျော်ပြီးနေပြီ။ ဒါကို အလေးအနက်ထားဖို့ မျှော်လင့်တယ်။ အဲဒါက ခက်ခဲမယ်ဆိုပေမယ့် ကျောင်းသားနဲ့ ကျောင်းသူ အချင်းချင်း ရိုင်းပင်းကူညီနိုင်တယ်။ ဒါပေမယ့် မင်းတို့ ဘွဲ့တော့ ရဖို့ လိုသေးတယ်လေ။"
ဆရာချင်က စိတ်အားထက်သန်စွာနှင့် လင်ချူးဆွေ့ကို ပြောလိုက်သည်။ "မင်းက မိန်းကလေးပဲ။ အရှက်တရားက ဘာလဲဆိုတာ သိသင့်တယ်။"
"ဆရာချင်"
ရှောက်ယန်က အတန်းပိုင်ဆရာအား ကြည့်လိုက်သည်။ သူ၏ နက်မှောင်သော မျက်လုံးများက ဓားတစ်လက်ကဲ့သို့ ထက်ရှနေ၏။
"နောက်တစ်ခါ အဲဒီလိုစကားမျိုး ထပ်မပြောပါနဲ့။ သူမမှာလည်း အဖေရှိတယ်။ သူမ အဖေသာ သူ့ရဲ့ အဖိုးတန်သမီးလေးကို တခြားလူတွေက ဒီလိုမျိုးပြောဆိုနေတာကို ကြားရင် သူက ဒေါသထွက်ပြီး ရင်ကျိုးရလိမ့်မယ်။"
......
ရှောက်ယန်က သူ့စက်ဘီးကို တွန်းရင်း အရှေ့မှ လျှောက်သွားခဲ့သည်။ ဆည်းဆာနေရောင်အောင်တွင် သူ၏ မြင့်မားကာ ဖြောင့်တန်းသည့် အရိပ်က အလွန် ရှည်လျားလှသည်။
လင်ချူးဆွေ့က အလွန် ရှုပ်ထွေးသော အမူအရာနှင့် သူ့ကို စိုက်ကြည့်နေခဲ့သည်။
လုချီက လက်ကို ဆန့်ထုတ်ကာ သူမျက်လုံးများရှေ့၌ ဝှေ့ယမ်းလိုက်၏။ "ယို့ မင်း ကျောင်းနတ်ဘုရားရဲ့ နူးညံမှုထောင်ချောက်ထဲမှာ တကယ် ကျရှုံးသွားလို့ မဖြစ်ဘူးနော်။"
လင်ချူးဆွေ့က ကျောက်စရစ်ခဲတစ်လုံးကို ကန်ထုတ်ရင်း ရေရွတ်လိုက်သည်။ "မဖြစ်နိုင်ဘူး။"
"ဒါပေမယ့် အမှန်အတိုင်း ပြောရရင် သူ အခု တကယ် စိတ်ဆိုးသွားတာ။" လုချီက လေးစားစွာ ပြောလိုက်သည်။ "အထူးသဖြင့် အဲဒီကြောင်သူတော်ကောင် ရွှီကျားနင်နဲ့ ယှဥ်ရင် သူက စကားနည်းနည်းလေးနဲ့ ဆရာချင်ကို အပြစ်ရှိစိတ်ဝင်ပြီး ပါးစပ်ပိတ်သွားအောင် လုပ်နိုင်တယ်။ ဆရာချင်က ငါတို့အတန်းကို နှစ်ဝက်လုံးလုံး အာဏာပြလာခဲ့တာ။ သူ ဘယ်တုန်းက ဒီလို အနိုင်ကျင့်ခံရဖူးလို့လဲ။ တွေးကြည့်ရင် တကယ် ကျေနပ်စရာပဲ။"
လင်ချုးဆွေ့သည် အစောပိုင်းက ရှောက်ယန် သူမ အဖေကို ရည်ညွှန်းပြောဆိုသွားသည်အား တွေးနေမိသည်။
သမီးတိုင်းက သူတို့ အဖေတွေရဲ့ ရတနာလေးတွေပဲ။
ဟုတ်တယ်။ အဖေသာ ရှိနေသေးရင် သူက သူမအား အခြားသူများက ထိုသို့ အနိုင်ကျင့်နေသည်ကို သေချာပေါက် ခွင့်ပြုထားလိမ့်မည် မဟုတ်ပေ။ အတန်းပိုင်ဆရာ ဖြစ်နေလျှင်ပင် သူက လက်ခံလိမ့်မည် မဟုတ်ချေ။
ထူးဆန်းလှသည်။ ရှောက်ယန်က အမြဲတမ်း သူမ နှလုံးသား၏ အနူးညံ့ဆုံးအပိုင်းကို ထိမိအောင် လုပ်နိုင်သည်။
နောက်ဆုံးတော့ သိပ်အထီးကျန်သလို မခံစားရတော့ပေ။
သူမက စိတ်အခြေအနေကောင်းမွန်နေသည်။ "သွားကြစို့။ ဘက်စကက်ဘော သွားဆော့ရအောင်။"
"သွားကြမယ်။"
သူတို့နှစ်ယောက်လုံးက အားကစားအဖွဲ့ဝင်များဖြစ်ကြပြီး တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအတွက် အားကစားစာမေးပွဲ ဖြေဆိုရလိမ့်မည် ဖြစ်သည်။
သူမ အဖေ လောင်လင်က မီးသတ်သမားဖြစ်၍ သူမ ငယ်စဥ်က သူသည် သူမကို လေ့ကျင့်ခန်းလုပ်ရန် မကြာခဏခေါ်သွားတတ်သည်။ ထို့ကြောင့် သူမက ဘက်စကက်ဘော ကစားခြင်း၊ တာတိုပြေးခြင်း၊ ရေကူးခြင်းတို့၌ ထူးချွန်သည်။
ရှောက်ယန်က လင်ချူးဆွေ့ ဘက်စကက်ဘော သွားကစားမည်ကို မြင်သည့်အခါ သူလည်း ရပ်တန့်လိုက်သည်။ သူက စက်ဘီးကို သစ်ပင်နားတွင် ထိုးထားလိုက်၏။
လုချီက သူမကို ဘောလုံးပစ်ပေးရင်း ပြောလိုက်သည်။ "ဟေး သူ မင်း ကစားတာ စောင့်ကြည့်နေတယ်။"
လင်ချူးဆွေ့က လှည့်ကြည့်လိုက်သည်။ ရှောက်ယန်က ကစားကွင်းအစွန်၌ တစ်ယောက်တည်း ရပ်ပြီး နက်ရှိုင်းလှသော မျက်လုံးများနှင့် သူမကို ကြည့်နေခဲ့သည်။
လင်ချူးဆွေ့က ထိုနေရာသို့ ဘောလုံးပစ်ပေးလိုက်သည်။ "ငါတို့နဲ့ လာဆော့ချင်လား။"
ရှောက်ယန်က ငြင်းဆန်ချင်ခဲ့သည်။ သို့သော် ဘာကြောင့်မှန်းမသိဘဲ သူက ဘောလုံးကို ဖမ်းလိုက်သည်။ "ဆယ်မိနစ်ပဲ။"
"ငါ သိပါတယ်။ ထိပ်တန်းကျောင်းသားက အိမ်ပြန်ပြီး စာလုပ်ရမှာပေါ့။"
ရှောက်ယန်က သူ၏ ကျောင်းယူနီဖောင်း အပေါ်ထပ်ကို ချွတ်လိုက်ပြီး ဘောလုံးကို ပုတ်ကာ သယ်သွားသည်။
သူက သူ၏ ကောင်းမွန်သောပုံရိပ်ကို ဖော်ပြနိုင်သည့် တီရှပ်တစ်ထည် ဝတ်ဆင်ထားသည်။ သူ့လက်မောင်းများက အလွန် ဖြူဖွေးပြီး အားကောင်းကာ ချောမွေ့သည့် ကြွက်သားများ ရှိသည်။ သူ့ပခုံးလိုင်းများနှင့် ညှပ်ရိုးများကလည်း ရိုးရှင်းစွာ လှပပေသည်။
သူ့ ရှပ်ကို ချွတ်လိုက်သည့်အခါ ဖြတ်သွားသည့် မိန်းကလေးများက ရပ်တန့်ကာ သူ့ကို ကြည့်ရန် စိတ်အားထက်သန်နေကြသည်။
ကောင်မလေးများကို မဆိုထားနှင့် လင်ချူးဆွေ့ အပါအဝင် လုချီနှင့် အခြားကောင်လေးများသည်ပင် သူ့ကို စိုက်ကြည့်နေကြသည်။
"သေစမ်း ဘယ်လိုတောင် လှလိုက်သလဲ။"
ရှောက်ယန်က ဘောလုံးကို ပုတ်ကာ သယ်သွားပြီး လှပသည့် three-step layup တစ်ခု ပြုလုပ်ကာ မိန်းကလေးကြည့်ရှုသူများထံမှ လက်ခုပ်သံများကို ရယူလိုက်သည်။
"မဆိုးပါဘူး။" လုချီက လျှောက်သွားပြီး ပြောလိုက်သည်။ "မင်း ကျောင်းတွင်း ဘက်စကက်ဘောအသင်းကို ဝင်ဖို့ စိတ်ဝင်စားလား။"
ရှောက်ယန်က ပြောလိုက်သည်။ "စိတ်မဝင်စားဘူး။"
"အဲဒီလောက်မြန်မြန် မငြင်းပါနဲ့။" လုချီက သူ့ကို သွေးဆောင်ရန် ကြိုးစားလိုက်သည်။ "ငါတို့ရဲ့ ကျောင်းဘက်စကက်ဘောအသင်းက ကျောင်းကလပ်တွေအားလုံးထဲမှာ အမြင့်ဆုံး အနေအထား ရှိတယ်။ ငါတို့ရဲ့ ကစားသမားတွေက အရမ်းလန်းတယ်နော်။"
ရှောက်ယန်က လင်ချူးဆွေ့ကို ကြည့်လိုက်သည်။ "သူမရော ဘက်စကက်ဘောအသင်းမှာပဲလား။"
လုချီမဖြေခင် ရှောက်ယန်က ခုန်၍ သုံးမှတ်တန် ဘောလုံးတစ်လုံးသွင်းလိုက်သည်။ "အဲဒီလောက်ကြီး လန်းမယ့်ပုံလည်း မပေါက်ပါဘူး။"
"..."
မင်းက ရဖို့ ခက်ခဲချင်ယောင်ဆောင်နေတာပဲ။
လင်ချူးဆွေ့က ရှောက်ယန်၏ ကျွမ်းကျင်မှုကို မြင်သောအခါ သူ့ကို တားဆီးရန် ကြိုးစားလာသည်။ ရှောက်ယန်က ကျွမ်းကျင်ကာ ဘောလုံးကို ပုတ်သယ်၍ သူမ၏ ခုခံကာကွယ်မှုကို ရှောင်ရှားလာသည်။
အရှုံးပေးရန် ဆန္ဒမရှိဘဲ သူမက သူ့နောက်ကို လိုက်ကာ ဘောလုံးကို လုပြီး သူ့အား သွားဖြဲရယ်ပြလိုက်သည်။
ရှောက်ယန်ကလည်း ပုံမှန်နှင့်မတူစွာ ပြုံးလိုက်၏။ "ဂရုစိုက်။"
"နင်က ယောက်ျားလေးဖြစ်နေတာနဲ့ ငါက နင့်ကို အလျှော့ပေးမှာ မဟုတ်ဘူး။"
လုချီက သူတို့ကို ကြားဖြတ်ရန် ကြိုးစားလိုက်သော်လည်း သူတို့က သူမပါဘဲ 1v1 ဆော့နေခြင်းဖြစ်ကြောင်း သတိပြုမိလိုက်သည်။ သူက ကစားကွင်းထဲမှ ဆုတ်သွားပြီး လက်ပိုက်ရပ်နေသည်။ "ဒီစုံတွဲ ဘောလုံးက ဘာဖြစ်တာလဲ။"
ရှောက်ယန်က လင်ချူးဆွေ့ကို ပိတ်ထားသည်။ လင်ချူးဆွေ့က ဘောလုံးကို ထိန်းချုပ်ပြီး အယောင်ပြ ပြေးထွက်ဟန်ပြုကာ နောက်သို့ တစ်လှမ်းဆုတ်၍ သူမ အဖေသင်ပေးထားသည့် အကွက်ကို သုံးရန်ပြင်လိုက်သည်။ သို့သော် ရှောက်ယန်က သူမ၏ ပစ်ချက်ကို ပိတ်နိုင်နေဆဲ ဖြစ်၏။
"မင်း တစ်ဆက်တည်း နှစ်ဆင့်လှုပ်ရှားလို့ရတယ်။" သူက ဘောလုံးကို ပိတ်ဆို့ပြီးနောက် သူမအား အကြံဉာဏ်ပေးလာသည်။ "ပထမ ထိန်းချုပ်ထားတဲ့ ဘောလုံးကို ရှေ့ကို ခုန်ဝင်သလို လုပ်ပြီး နောက်ပြန်ဆုတ်။ အရေးကြီးဆုံးက ပိတ်ဆို့ခုခံသူတွေ ဖမ်းနိုင်မယ့် အချိန် လုံးဝမပေးနဲ့။"
ထိုသို့ပြောပြီးနောက် သူက နောက်ဆုတ်ကာ ဘက်စကက်ဘောခြင်းထဲသို့ တိုက်ရိုက်ပစ်သွင်းမှုတစ်ခု ပြုလုပ်လိုက်သည်။
လင်ချူးဆွေ့က ရုတ်တရက် ရပ်တန့်သွားကာ ဗလာအကြည့်မျိုးနှင့် သူ့ကို စိုက်ကြည့်လိုက်သည်။
"ပထမဆုံး အတုအယောင် ခုန်ဝင်ဖို့ ဘောလုံးကို ထိန်းချုပ်။ အရေးကြီးဆုံးက သူတို့ကို အငိုက်ဖမ်း။"
သူမ အဖေ သူမကို သင်ကြားပေးခဲ့စဥ်က ထိုကဲ့သို့ တူညီသည့် စကားမျိုး ပြောခဲ့ဖူးသည်။
ဤသည်က ချွတ်စွပ်တူသော စကားလုံးများ ဖြစ်သည်။
လင်ချူးဆွေ့က ထိုသူကို ငေးစိုက်ကြည့်နေသည်အား မြင်သည့်အခါ လုချီက အနားကို လျှောက်လာကာ ပြောလိုက်သည်။ "ညီအစ်ကိုချူးမှာလည်း အထိန်းခံထားရတဲ့နေ့ ရှိမယ်လို့ ထင်မထားဘူး။"
လင်ချူးဆွေ့က တိတ်ဆိတ်နေခဲ့ပြီး သူမ မျက်လုံးများက နီရဲလာသည်။
"ဟေး တကယ်ကြီး စိတ်ဆိုးသွားတာလား။" လုချီက သူမ ငိုတော့မည်ဖြစ်ကြောင်း မြင်သည့်အခါ သူမခေါင်းကို ပွတ်သပ်လိုက်သည်။ "ဘောလုံးလေးတစ်လုံး ရှုံးတာပါ။ ငါတို့တွေကို မင်းအတွက် ပြန်ပြီး အနိုင်ယူပေးစေချင်လား။"
သူ့စကားမဆုံးခင် လင်ချူးဆွေ့က ရုတ်တရက် ရှောက်ယန်ထံ ပြေးသွားခဲ့ပြီး သူ့ အနောက်မှ ဖက်ထားခဲ့၏။
ကျောင်းသူလေးများ : ?
ဒါက ဘယ်လို ထူးဆန်းတဲ့ ခုခံကာကွယ်မှုလဲ။
လင်ချူးဆွေ့က သူ့ခါးကို တင်းတင်းကျပ်ကျပ် ဖက်ထားကာ သူမ၏ မျက်နှာကို သူ့အဝတ်တွေထဲ နှစ်မြှုပ်ထားပြီး အားရဝမ်းသာ ခေါ်လိုက်သည်။
"အဖေ"
ရှောက်ယန်က ပြန်လှည့်ကြည့်လိုက်သည်။ "မင်း ငါ့ကို ရှုံးသွားတယ်ဆိုပေမယ့် အဲဒီလောက်ထိ မလိုအပ်..."
သူမ ငါ့ကို အဖေလို့ ခေါ်လိုက်တာလား။
လင်ချူးဆွေ့က မျက်လုံးများ မှိတ်ထားရင်း သူမ မျက်ရည်များကို သူ့အင်္ကျီနှင့် ပွတ်သုတ်နေခဲ့သည်။ "ပါးစပ်ပိတ်ထား"
ငါ့ကို ခွင့်ပြုပေးပါ။
ငြိမ်ငြိမ်လေး....
နင့်ကို ဖက်ထားဖို့။
ထိုအချိန်၌ ရှောက်ယန်သည် နောက်ဆုံးတွင် ဘယ်ဘက်ထောင့်အောက်ခြေရှိ အသက်ရေတွက်မှုဘေးရှိ တာဝန်ပြီးမြောက်မှုဘားတန်းကို သတိပြုလိုက်မိပေသည်။
တာဝန်ပြီးမြောက်မှု - 1%.
ညနေခင်း နေဝင်ချိန်၌ ကစားကွင်းအစွန်းတွင် ရပ်နေသည့် ကျောင်း၏ အားကစားအသင်းမှ ကောင်လေးများက ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။
"ငါ့ခါးတွေ ထုံနေတယ်။"
"အဲဒါက ထုံနေရုံပဲ မဟုတ်ဘူး။ ငါတော့ မင်းရဲ့ ခါးအောက်ပိုင်းတစ်ခုလုံး အကြောဆွဲနေပြီလို့ ထင်တယ်။"
အထူးသဖြင့် လုချီသည် သူ့ဖုန်းကို ကိုင်ထားကာ အခုလေးတင် ရိုက်ကူးလိုက်သည့် သူမ၏ 'social death' အခိုက်အတန့် ဓာတ်ပုံကို လင်ချူးဆွေ့ရှေ့၌ အဆက်မပြတ် ဝှေ့ယမ်းပြနေသည်။
"အိုး၊ အနောက်ကနေ ပွေ့ဖက်ပစ်လိုက်တာ ဘယ်လောက် သဘောကျစရာ ကောင်းလိုက်လဲ။"
"သတိထားမိလား။ သူ့လက်တွေကို ရှိခိုးကောင်လို ဆန့်ထားပြီး ဘယ်နားထားလို့ထားရမှန်းမသိ ဖြစ်နေတာ။ ငါ ရယ်သေတော့မှာပဲ။"
"ဒီကောင် ဘယ်တုန်းကမှ မိန်းကလေးတစ်ယောက်ကို မဖက်ဖူးဘူးဆိုတာ ငါ လောင်းရဲတယ်။"
"အားကစားကွင်းထဲမှာ ၃၆၀ ဒဂရီလည်နေတဲ့ စောင့်ကြည့်ကင်မရရှိတယ်။ မင်းတို့နှစ်ယောက်တော့ သွားပြီဆိုတာ ငါ ပြောရဲတယ်။"
လင်ချူးဆွေ့က ရာဘာခင်းထားသည့် ကွင်းထဲတွင် ဆန့်ဆန့်ကြီး လှဲနေပြီး စကားတစ်ခွန်းမှ မပြောဘဲ သူမ၏ တစ်ကိုယ်လုံးက အသက်မဲ့နေပုံရသည်။
လွန်ခဲ့သည့်ဆယ်မိနစ်က ရှောက်ယန်သည် အိမ်စာလုပ်ရန် ထွက်သွားခဲ့ပြီး လုချီ၏ စကားအရ သူ့မျက်နှာက ရှက်ရွံ့မှုကြောင့်လား မသိဘဲ ပုံမှန်မဟုတ်စွာ နီရဲနေသည်ဟု ဆိုသည်။
လင်ချူးဆွေ့က မရှက်ရွံ့ရန် ဆုံးဖြတ်လိုက်သရွေ့ အရှက်ရရမည့်သူက တစ်ဖက်လူသာ ဖြစ်သည်။
လုထျန်းပိုင်က လင်ချူးဆွေ့ ဘေးတွင် ထိုင်ချလိုက်ပြီး သူမလက်အား လက်ချောင်းလေးနှင့် ပုတ်လိုက်သည်။ "အချစ်ကလေး၊ နင် ဘာတွေဖြစ်နေတာလဲ။ နင်ပဲ သူ့ကို မကြိုက်ဘူးလို့ မပြောခဲ့ဘူးလား။"
ကောင်းကင်၌ ဝင်လုဆဲဆဲနေမင်းကြောင့် နီရဲနေသည့် တိမ်အလွှာတို့ကို ငေးကြည့်ရင်း အတွေးထဲ၌ ပျောက်ဆုံးနေသည့် လင်ချူးဆွေ့က ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "တစ်ခါတစ်လေကျရင် သူက တစ်စုံတစ်ယောက်နဲ့ အများကြီးတူတယ်လို့ ခံစားရတယ်။"
လုထျန်းပိုင်က စိတ်လှုပ်ရှားစွာနဲ့ သူမ ပခုံးကို ပုတ်လိုက်သည်။ "အဲဒါက Nicholas Tse ဖြစ်ရမယ်။ ငါလည်း အတူတူပဲ ခံစားရတယ်။"
လင်ချူးဆွေ့က သူမနှုတ်ခမ်းစွန်းတို့ကို ပျင်းရိဟန် ကွေးညွှတ်သွားစေသည်။ "တစ်ခါတစ်လေ သူက ငါ့အဖေနဲ့ အရမ်းတူတယ်လို့ ခံစားရတယ်။"
လူတိုင်းက လင်ချူးဆွေ့ကို တညီတည်း လှည့်ကြည့်လိုက်ကြပြီး လုချီက သူမ ဘေးသို့ လျှောက်လာကာ သူမခေါင်းကို ပုတ်လိုက်သည်။ "ဝတုတ်မလေး မင်းတော့ တစ်ခုခုမှားနေပြီ။ မင်းက ဦးလေးလင်နဲ့ ပတ်သက်ပြီး အရမ်းအစွဲအလမ်းကြီးနေတာပဲ။"
လုချီက မျက်လုံးစွေကာ ကြည့်လိုက်သည်။ "ကြည့် ငါကရော မင်းအဖေနဲ့ မတူဘူးလား။ ငါ့ကို အဖေလို့ခေါ်။"
လင်ချူးဆွေ့က သူ့ကို လှမ်းကန်လိုက်သည်။
***