Ch 10
Viewers 249

အပိုင်း ( ၁၀ )


သို့သော် သည်ကမ္ဘာတွင် လင်ချုးဆွေ့သည် ဤကဲ့သို့ ဟာသမျိုးကို သူတို့ကိုသာ လုပ်ခွင့်ပြုလိမ့်မည် ဖြစ်သည်။ လွန်ခဲ့သည့် နှစ်နှစ်အတောအတွင်း သူတို့က သူမအား အဖော်ပြုပေးခဲ့ခြင်းကြောင့်သာ မဟုတ်လျှင် သူမ၏ အခြေအနေက ပို၍ပင် ဆိုးဝါးနေနိုင်ပေသည်။


သူတို့အသက်အရွယ်မှ မိန်းကလေးများက သူတို့ဖခင်၏ ရင်ခွင်ထဲ၌ ချွဲနွဲ့ကာ အချစ်ခံနေရသင့်ပြီး သူတို့ မလုံခြုံဟု ခံစားရသောအခါ စောင့်ရှောက်ပေးမည့်ဖခင်ရှိနိုင်သော်လည်း လင်ချူးဆွေ့၏ အဖေက မရှိတော့ပြီ ဖြစ်သည်။ 


ထိုသည်မှာ ကောင်းကင်တစ်ဝက်လောက် ပြိုကျသွားသည်နှင့် တူပေသည်။ 


ရှောက်ယန်၏ ပုံစံ၊ တစ်ခါတစ်ရံ သူမကို ကြည့်သည့် အကြည့်များ၊ သူ၏ စကားပြောသည့် လေသံ..... အရာအားလုံးတွင် ထိုရင်းနှီးနေသော ခံစားချက်ကို အားကောင်းစွာ ရရှိပေသည်။ 


သူမသည် သရဲတစ္ဆေများကို မယုံကြည်တတ်သူဖြစ်ကာ ပြီးခဲ့သည့်တစ်ခေါက် သရဲခေါ်သည့် ကစားနည်းတွင် ရွှီကျားနင်၏ စနောက်ခြင်းကိုခံခဲ့ရပြီး ပိုဆိုးသွားသည်။


သို့သော် ဤကမ္ဘာတွင် ရှင်းပြရန် ခက်ခဲလှသည့် တချို့အရာများရှိသည်။ သူက သူမ၏ နာမည်ပြောင်ကို သိနေသလိုမျိုး သူမအဖေ ပြောဖူးသည့်စကားများကို ပြောလာသလိုမျိုး ထင်ယောင်ထင်မှား ဖြစ်စေသည့် အရာများ ရှိသည်။


လုထျန်းပိုင်က သူမ၏ ဒူးကို ပိုက်ကာ လင်ချူးဆွေ့ ဘေးတွင် ထိုင်နေပြီး အဝေးမှ ဆည်းဆာချိန်၏ တိမ်တိုက်များကို ငေးကြည့်ရင်း သက်ပြင်းချလိုက်သည်။ "ဝမ်းနည်းရာဇာတ်လမ်းလေးပဲ။" 


"ဘယ်လိုဝမ်းနည်းစရာလဲ။" 


လုထျန်းပိုင်က သူမ ပခုံးကို တည်ငြိမ်စွာ ပုတ်လိုက်သည်။ "ဇာတ်လမ်းလေးက 'ငါ နင့်ကို ချစ်တယ် ဒါပေမယ့် နင့်ကို ငါ့အဖေလိုပဲ မြင်တယ်။' အဲဒါက ဝမ်းနည်းဖို့ မကောင်းဘူးလား။" 


လင်ချူးဆွေ့က တည်ငြိမ်စွာ ပြောလိုက်သည်။ "နင့်ရဲ့ ဇာတ်လမ်းက ငါ့ထက်တောင် ဝမ်းနည်းဖို့ ကောင်းသေးတယ်။" 


"ဘယ်လိုမျိုးလဲ။" 


"ငါ နင့်ကို ငါ့ရဲ့ idol လို သဘောထားပေမယ့် နင်က ငါ့ကို ပရိတ်သတ်မိန်းကလေးတစ်ယောက်လိုပဲ မြင်တယ်။ အဲဒါက ဝမ်းနည်းစရာပဲ မဟုတ်ဘူးလား မိန်းမငယ်လေးရဲ့။" 


"အိုး ကျေးဇူးပြုပြီး" လုထျန်းပိုင်က သူမ လက်ကို ယမ်းလိုက်သည်။ "Idol တွေဆိုတာ fangirling လုပ်ဖို့အတွက်ပဲလေ။ ပြီးတော့ ငါ့အကန့်အသတ်ကို ငါ သိပါတယ်။ ငါ သူ့ကို ယောက်ျားတစ်ယောက်အဖြစ် မြင်ရင်တောင် ရွှီကျားနင်က ငါ့ကို သတိပြုမိဖို့ နည်းလမ်း မရှိဘူး။" 


သူမက လူအုပ်ထဲတွင် လွယ်လွယ်ကူကူ ကွယ်ပျောက်သွားနိုင်သည့် သာမန်မိန်းကလေးတစ်ယောက်ဖြစ်ပြီး သူ့လောက်လည်း စာမတော်ပေ။


လုချီက သိချင်စိတ်ဖြင့် ကိုယ်ကို ယိမ်းကာ မေးလိုက်သည်။ "မင်းတို့ ဘာအကြောင်း ပြောနေတာလဲ။" 


"ဟိုကျောင်းပြောင်းကျောင်းသား။ နင် သိတဲ့ အဲဒီကြောင်သူတော်ကောင်လေ။" လင်ချူးဆွေ့က ပြောလိုက်သည်။ 


လုချီက သူ့ညီမအား ကြည့်ကာ ပြောလိုက်၏။ "ညီမလေး ငါ ပြောပြမယ်။ ငါက ယောက်ျားတစ်ယောက်ကို မျက်နှာကြည့်ရုံနဲ့ လူလိမ်ကောင်လား စက်ဆုပ်စရာကောင်းတဲ့ကောင်လား ဘယ်လိုယောက်ျားမျိုးလဲဆိုတာ သိတယ်။ သူ အစ်ကို့ကို ဘာလုပ်ခဲ့လဲ ကြည့်စမ်း။ ပထမထပ်၊ ဒုတိယထပ်နဲ့ တတိယထပ်မှာ ရှိတဲ့ ယောက်ျားလေးသန့်စင်ခန်း အားလုံးက ငါ့လက်အောက်ကို ရောက်ကုန်ပြီ။" 


"အဲဒါက နင့်အမှားပဲလေ။ သူများကို အပြစ်တင်မနေနဲ့။" 


၎င်းက ထိပ်တန်းကျောင်းသားတစ်ယောက်၏ ရောင်ဝါဖြစ်နိုင်ပြီး လင်ချူးဆွေ့သည် သူမက ရွှိကျားနင်ကို မနှစ်သက်လျှင်ပင် သူက အမှန်တကယ် ထူးချွန်လှကြောင်း မငြင်းဆန်နိုင်ပေ။ 


သူက ငယ်ငယ်ကတည်းက နိုင်ငံခြားမှာ ကြီးပြင်းလာသည့်အတွက် သူ၏ အင်္ဂလိပ်စာက ကောင်းမွန်သော်လည်း တရုတ်စာက အားနည်းသည့်ဘက်သို့ ရောက်ပေသည်။


ထို့ကြောင့် သူက လတ်တလောတွင် ဂန္တဝင်ဝတ္တုလေးအုပ်ထဲမှ တစ်အုပ်ဖြစ်သည့် 'ခန်းဆောင်နီအိပ်မက်' ကို ထပ်ကာတလဲလဲ ဖတ်ရှုရင်း လေ့လာနေသည်။


ဤနိုင်ငံအတွင်း ကြီးပြင်းလာသည့် ကျောင်းသားများထဲ၌ပင် ဂန္တဝင်ဝတ္ထုလေးပုဒ်ကို စိတ်ရှည်လက်ရှည် ဖတ်ရှုသည့်သူက အနည်းအကျဥ်းသာ ရှိလိမ့်မည်ဖြစ်ကြောင်း လင်ချူးဆွေ့ ပြောရဲပေသည်။ 


လိမ်လည်လှည့်ဖျား၍ မရိုးဖြောင့်သော်လည်း အဆင့်ကောင်းသည့် ကောင်လေးမျိုးသည် လုထျန်းပိုင်ကဲ့သို့ ဖြူစင်ရိုးသားသည့် သူမျိုးကို အချစ်ရူးဖြစ်သွားအောင် လုပ်နိုင်မည်မှာ အသိသာကြီးပင်။


ကျေးဇူးတင်စရာကောင်းစွာနှင့် လင်ချူးဆွေ့သည် ပထမဆုံးရက်ကတည်းက သူ၏ စရိုက်အမှန်ကို မြင်နိုင်ခဲ့သည့်အတွက် သူတို့နှစ်ယောက်က အစကတည်းက သူတို့နှစ်ယောက်က အချင်းချင်း မနှစ်သက်ကြလေရာ ရွှီကျားနင်က သူမနှင့် ရင်းနှီးချင်ယောင်ဆောင်နေစရာ မလိုသော်လည်း နားလည်မှုရှိစွာ တစ်ယောက်နှင့် တစ်ယောက် သည်းခံထားကြသည်။ 


လင်ချူးဆွေ့သည် လုထျန်းပိုင်၏ ခံစားချက်က ထိုင်းမှိုင်းနေပြီး သူမ ကိုယ်ပိုင်အတွေးများထဲ နစ်မြုပ်နေကြောင်း မြင်သည့်အခါ ပြောလိုက်သည်။ "ငါတို့ရဲ့ အချိုခဲလေးထျန်းပိုင်က ကမ္ဘာပေါ်မှာ အကောင်းဆုံးပဲ။ အဲဒီ နိုင်ငံခြားသားအတုကောင်က နင်နဲ့ မတန်ဘူး။" 


"ငါ့ကို နှစ်သိမ့်ဖို့ ကြိုးစားနေတာ ရပ်လိုက်။" 


"ငါ တကယ်ပြောတာ။ နင့်လို ချစ်စရာကောင်းတဲ့သူက တက္ကသိုလ်တက်တဲ့အခါ နင့်ကို လိုက်ချင်တဲ့ ကောင်လေးတွေ အများကြီး ရှိလာလိမ့်မယ်။" 


လုထျန်းပိုင်က သူမ၏ သွားစွယ်လေးများကို မြင်သာလာသည်အထိ ပြုံးလိုက်သည်။ "တကယ်လား။"


လုချီက မြေပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ လက်ပိုက်ထားပြီး မီးထဲလောင်စာထည့်လိုက်သည်။ "သူမက တက္ကသိုလ်တက်နိုင်ရင်တောင် မသေချာသေးဘူး။" 


"နင်က ဘယ်လိုအစ်ကိုမျိုးလဲ။" လင်ချူးဆွေ့က သူ့ကို တွန်းလွှတ်လိုက်သည်။ "နင့်ကိုယ်နင်သာ စိတ်ပူစမ်းပါ။ ထျန်းပိုင် ရည်းစားမရနိုင်ရင် နင်ဆို ပိုတောင် အခွင့်အရေး နည်းသေးတယ်။" 


"ငါ့အတွက် ကိစ္စမရှိဘူး။"


ထို့နောက် အမည်မသိဖုန်းနံပါတ်တစ်ခုမှ လင်ချူးဆွေ့ထံ စာပို့လာသည်။ "အိမ်ပြန်လာခဲ့။ ငါတို့စကားပြောဖို့လိုတယ်။" 


လင်ချူးဆွေ့ : "ဘယ်သူလဲ"


"ရွှီ..."


သူတို့နှစ်ယောက်က အချင်းချင်း အမြင်ကောင်း မရှိလေရာ နာမည်အပြည့်အစုံကို ရိုက်ရန်ပင် အလုပ်ရှုပ်ခံမနေတော့ပေ။ 


လင်ချူးဆွေ့က သူမ၏ ကျောင်းလွယ်အိတ်ကို ကောက်ယူကာ ပခုံးပေါ်တင်လိုက်ပြီး ခြေလှမ်းကျဲများနှင့် အားကစားကွင်းထဲမှ ထွက်သွားခဲ့သည်။ "ငါ ပြန်တော့မယ်။" 


သူမနောက်မှ နေမင်းက ကွယ်ပျောက်သွားပြီဖြစ်ကာ သူမ၏ အရိပ်ကလည်း ကြီးစိုးလာသည့် အမှောင်ထုအတွင်း တဖြေးဖြေး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ 


လမ်းမီးများက စတင်ထွန်းလင်းလာပြီး လင်ချူးဆွေ့က ညအမှောင်ထဲတွင် အိမ်သို့ ပြန်ရောက်သည့်အခါ ရွှီကျားနင်က သူ၏ မာစီဒီးကို မောင်းရန် ပြင်နေသည်ကို မြင်လိုက်ရသည်။


သူမက သူ့ကို လျစ်လျူရှုလိုက်ပြီး အိတ်များထဲ လက်ထည့်ထားရင်း သက်သောင့်သက်သာ လျှောက်သွားခဲ့သည်။ 


ရွှီကျားနင်က ပြောလိုက်၏။ "အန်တီဖန်းနဲ့ ငါ့အဖေ ပြန်လာပြီ။ သူတို့ လေယာဥ်က မကြာခင် ဆိုက်တော့မှာ။ ငါ သူတို့ကို သွားကြိုမလို့ လိုက်ချင်လား။ 


"သူတို့ ပြန်လာပြီလား။ ငါ ဘာလို့ မသိရတာလဲ။" 


ရွှီကျားနင်က ပြန်ဖြေလိုက်သည်။ "သူတို့က မင်းကို အကြောင်းကြားဖို့ မလိုအပ်ဘူးလို့ တွေးမိလို့ နေမှာပေါ့။ သူတို့ ပြန်လာသည်ဖြစ်စေ ပြန်မလာသည်ဖြစ်စေ မင်းအတွက် ဘာထူးခြားတာမှ မရှိတာပဲ။ မင်းနှလုံးသားထဲမှာ မင်းအဖေတစ်ယောက်တည်း ရှိတာလေ။" 


သူက ကားထဲသို့ ဝင်လိုက်သည်။


လင်ချူးဆွေ့က ပန်းခင်းအစွန်းမှ ရေညှိတို့ပေါ် ခြေထောက်နှင့် ပွတ်တိုက်နေပြီး သူ့အား ပြန်ငြင်းရန် ပျင်းရိနေသည်။ 


မာစီဒီးအင်ဂျင်သံက စတင်လာပြီး ရွှီကျားနင်က ပြတင်းပေါက်ကို ချကာ လင်ချူးဆွေ့အား ခေါ်လိုက်သည်။ "ဟေး" 


သူမက သူ့ကို မော့ကြည့်လိုက်၏။ 


"မင်းအဖေရဲ့ ဓာတ်ပုံတွေကို ဖြုတ်ချထားလိုက်တာဖြစ်ဖြစ် မင်းဘာသာမင်း အခန်းထဲမှာ ထားထားပဲဖြစ်ဖြစ် လုပ်ဖို့ အကြံပေးချင်တယ်။" 


"ဒါက ငါ့အိမ်ပဲ။ ငါ့အဖေရဲ့ အိမ်လည်း ဟုတ်တယ်။ ငါက ဘာလို့ သူ့ဓာတ်ပုံချိတ်ထားလို့ မရရမှာလဲ။" 


ရွှီကျားနင်က မျက်လုံးလှန်လိုက်သည်။ "ကျေးဇူးပြုပြီး အသိစိတ်လေး နည်းနည်းရှိစမ်းပါ။"


လင်ချူးဆွေ့က ပြန်ပြောလိုက်၏။ "နင့်မှာရော အသိစိတ်ဘယ်လောက်ရှိနေလို့လဲ။"


အရမ်းဟိတ်ဟန်လာကြီးပြနေတယ်။ 


"အနည်းဆုံးတော့ ငါက ငါ့အနားကလူတွေ ငါ့ကို မနှစ်မြို့အောင် မလုပ်ဘူး။" 


"ဘယ်လောက်တိုက်ဆိုင်လိုက်သလဲ။ ငါကတော့ နင့်ကို လုံးဝ မနှစ်မြို့နေတာလေ။" 


"မင်းက ပုံမှန်မှ မဟုတ်တာ။" 


မိန်းကလေးအများစုက သူ့ကို သဘောကျကြပြီး ကောင်းမွန်သော ထင်မြင်ချက်များ ရှိကြသော်လည်း လင်ချူးဆွေ့က ဘာကိစ္စပဲဖြစ်ဖြစ် အမြဲ သူနှင့် ကန့်လန့်တိုက်ပေသည်။


ရွှီကျားနင်သည် ၎င်းက သူ့ပြဿနာမဟုတ်ဟု ခံစားရပေသည်။


သူက စတီယာရင်ပေါ်လက်တင်ထားရင်း ပြောလိုက်သည်။ "ငါ့အဖေနဲ့ မင်းအမေက အခုမှ မိသားစုအသစ် စတည်ထောင်တာ။ မင်းက ဒီမိသားစုထဲမှာ မနှစ်မြို့စရာလူတစ်ယောက် ဖြစ်လာချင်မှာ မဟုတ်ဘူးဆိုတာ သေချာတယ်။"


လင်ချူးဆွေ့က ခေါင်းငုံ့ထားရင်း တိတ်ဆိတ်နေသည်။


"မင်း အဖြစ်မှန်ကို လက်ခံဖို့ ဘယ်လောက်ပဲ ဆန္ဒမရှိနေပါစေ သူတို့က အခု လက်ထပ်ပြီးပြီ။ သူတို့ရဲ့ ကလေးအနေနဲ့ မင်း အဲဒါကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ မင်းက ငါ့အဖေကို အန်ကယ်ရွှီလို့ ခေါ်ပြီး ငါကလည်း မင်းအမေကို အန်တီဖန်းလို့ ခေါ်ဖို့လိုတယ်။ မင်း အခက်တွေအောင် လုပ်နေမယ်ဆိုရင် အကျိုးဆက်တွေ ရှိလာလိမ့်မယ်။" 


လင်ချူးဆွေ့သည် ရွှီကျားနင်က သူမကဲ့သို့ပင် ဤမိသားစုပေါင်းစည်းခြင်းကို မနှစ်သက်ဟု ထင်ထားခဲ့သည်။ သူ့စကားများကို ကြားသည့်အခါ သူမက အံ့သြသွားပြီး သူ့ကို ကြည့်လိုက်သည်။ "ရွှီကျားနင် နင့်အမေက ဘယ်မှာလဲ။" 


ရွှီကျားနင်၏ အကြည့်က မည်းမှောင်သွားပြီး သူက ခပ်တိုးတိုး ပြောလိုက်သည်။ "သူမက ငါငယ်ငယ်လေးကတည်းက ငါ့အဖေနဲ့ ကွာရှင်းထားတာ။ သူမက ငါ့ကို တစ်ခုမှ လာမကြည့်ဖူးဘူး။ သူမမှာ မိသားစုအသစ်လည်း ရှိနေပြီးတော့ ကလေးတွေက ငါ့ထက် အသက်နည်းနည်းပဲ ငယ်လိမ့်မယ်။ အဲဒါကြောင့် ငါ သူမကို မလွမ်းဘူး။"


"အိုး ဒါပေမယ့် သူမက အသက်ရှင်နေသေးတာဆိုတော့ ကောင်းတာပေါ့။"


"တစ်ခါတစ်လေကျရင် သေသွားတာက ပိုကောင်းတယ်။ အနည်းဆုံးတော့ သူသေသွားတဲ့အချိန်ထိ သူက မင်းကို နက်နက်ရှိုင်းရှိုင်း ချစ်ခင်ခဲ့တယ်ဆိုတာကို မင်းသိထားတယ်လေ။" 


လင်ချူးဆွေ့က ပြောလိုက်သည်။ "ငါကတော့ သူ ငါ့ကို မချစ်ခဲ့ဘဲနဲ့ ကောင်းကောင်းမွန်မွန် အသက်ရှင်နေဖို့ မျှော်လင့်တယ်။" 


မတူညီသော အတွေ့အကြုံများနှင့် ငြင်းခုန်နေခြင်းက အဓိပ္ပါယ်မရှိပေ။ 


ရွှီကျားနင်က ထပ်မပြောတော့ဘဲ မောင်းထွက်သွား၏။


ဤသည်မှာ လင်ချူးဆွေ့အတွက် သူမ၏ ပထွေးပါအစ်ကိုနှင့် ပထမဆုံး အကြိမ်အဖြစ် ထိုမျှ တည်ငြိမ်စွာ စကားပြောဖြစ်ခဲ့ခြင်း ဖြစ်သည်။ 


လင်ချူးဆွေ့သည် ရွှီကျားနင်က မိသားစုအတွက် သူ၏ UK မှ လွတ်လပ်သော ဘဝကို စွန့်လွှတ်ပြီး တရုတ်သို့ ပြန်လာသည်အထိ ဤမိသားစုအသစ်ကို မျှော်လင့်နေကြောင်း မြင်နိုင်ပေသည်။


သို့သော် လင်ချူးဆွေ့သည် ဤမိသားစုအသစ်ကို သူ့ကဲ့သို့ စိတ်အားထက်သန်စွာ မျှော်လင့်ရန် ခက်ခဲနေကြောင်း တွေ့ရှိခဲ့ရသည်။ 


သူမသည် ထိုကဲ့သို့ ပြုလုပ်ခြင်းက သူမအဖေအား သစ္စာဖောက်သလို ဖြစ်လိမ့်မည်ဟု ခံစားရပေသည်။


ရွှီကျားနင်၏ အမေက သူ့ကို မချစ်သော်လည်း အနည်းဆုံး အသက်ရှင်လျက်ရှိသေးပြီး သေဆုံးသွားသည့် လင်ချူးဆွေ့၏ အဖေကတော့ သူမကို အလွန်အမင်း ချစ်မြတ်နိုးပေသည်။


သူမက သူ့ကို သစ္စာမဖောက်နိုင်ပေ။


........


သူမက ဧည့်ခန်းထဲနှင့် ထမင်းစားခန်း၊ သန့်စင်ခန်းမှ ဓာတ်ပုံများအားလုံးကို ဖြုတ်၍ သူမ အခန်းထဲသို့ ပြန်ဝင်လာသည်။


သူမ အမေ အိမ်မှာရှိစဥ်က သူမသည် စိတ်ဆိုးပေါက်ကွဲ၍ တစ်အိမ်လုံးကို သူမ အဖေ၏ ဓာတ်ပုံများဖြင့် ပြည့်စေခဲ့သည်။ သူမ အဖေနှင့် အမေက သူမအား အလိုလိုက်သောကြောင့် ထိုသို့လုပ်ရဲပေသည်။ 


သို့သော် ယခုတွင် သူစိမ်းအန်ကယ်တစ်ယောက် နေထိုင်တော့မည် ဖြစ်သဖြင့် မကြာခင်၌ ဤအိမ်က ထိုသူစိမ်းအန်ကယ်၏ အိမ်ဖြစ်လာတော့မည် ဖြစ်သည်။ 


သူမသည်လည်း သူမ အဖေကို သူ့အမျိုးသမီးက တခြားအမျိုးသားနှင့် နေ့တိုင်း ရင်းရင်းနှီးနှီး နေထိုင်နေသည်ကို မြင်ပြီး ကိုးရိုးယားယားခံစားရမည်အား မဖြစ်စေချင်ပေ။


သူမက ဓာတ်ပုံအားလုံးကို သူမ အခန်းထဲသို့ ရွှေ့လိုက်ပြီး ၎င်းတို့ကို စာအုပ်ကြားထဲသို့ ညှပ်ထားလိုက်သည်။ 


"အဖေ အခု အဖေ့မှာ ကျန်တဲ့အရာအားလုံးက သမီးတစ်ယောက်တည်းပဲ ရှိတော့တာ။"


"အဖေက အမြဲတမ်း သမီးကို ကျေးဇူးမသိတတ်တဲ့ ကလေးမလို့ ခေါ်နေတာ။ အခုတော့ အဖေ့ကို တကယ်ချစ်တာ ဘယ်သူလဲဆိုတာ သိပြီမလား။"


ဓာတ်ပုံထဲတွင် သူမ၏ အဖေက ကူကယ်ရာမဲ့စွာနှင့် နူးညံ့စွာ ပြုံးနေဆဲ ဖြစ်သည်။ 


"ဆက်ပြုံးနေလိုက်။ အဖေလုပ်နိုင်တာ အဲဒါအကုန်ပဲလား။" 


လင်ချူးဆွေ့၏ နှာခေါင်းက ချဥ်စူးစူးဖြစ်လာပြီး သူမက ဓာတ်ပုံဘောင်တွေကို စားပွဲပေါ် ပစ်တင်လိုက်သည်။ "အဖေက တခြားလူကို ကိုယ်ကျိုးမငဲ့ဘဲ အသက်နဲ့ရင်းပြီး ကယ်ခဲ့တယ်။ အခု တခြားယောက်ျားက အဖေ့အိမ်မှာ နေပြီး အဖေ့သမီးရဲ့ အဖေ ဖြစ်လာတော့မယ်။" 


ထို့နောက် သူမက သူမအဖေ၏ ခံစားချက်ကို ထိခိုက်သွားမှာ ကြောက်သကဲ့သို့ ဓာတ်ပုံဘောင်ကို ဖက်ကာ အမြန်ပြောလိုက်သည်။ "စိတ်မပူပါနဲ့။ အဖေက သမီးရဲ့ တစ်ယောက်တည်းသော အဖေပါပဲ။" 

 

"သမီး ဒီမှာရှိနေသရွေ့ ဒါက အမြဲတမ်း အဖေ့ရဲ့အိမ်ဖြစ်နေပြီး အဖေက အမြဲ သမီးအနားမှာ ရှိနေမှာပဲ။"


....... 


ရှောက်ယန် သူ့အခန်းသို့ ပြန်ရောက်လာပြီးနောက် အံဆွဲထဲမှ ထူထဲသော ဒိုင်ယာရီစာအုပ်ကို ထုတ်ယူလိုက်သည်။


3.14


ဒီနေ့က ရှောင်ကွိုင်းရဲ့ ဆယ့်နှစ်နှစ်မြောက်မွေးနေ့ပဲ။ ငါ ရှောင်ကွိုင်း(အလိမ္မာတုံးလေး)ကို ဘက်စကက်ဘောလုံး လက်ဆောင်ပေးခဲ့တယ်။ သူမ အရမ်း ပျော်နေခဲ့တာ။ 


သူမအမေက အမြဲတမ်း မိန်းကလေးဆိုတာ အက မဟုတ်ရင် စန္ဒယား သင်ယူရမယ်လို့ ပြောတယ်။ တစ်နေကုန် ဘောလုံးကစားနေတာ မိန်းကလေးတစ်ယောက်နဲ့ မတူဘူးတဲ့။ 


မိန်းကလေးတစ်ယောက်က ဘာနဲ့ တူသင့်လဲ ငါ မသိဘူး။ ဒါပေမယ့် သူမကို သူမကိုယ်တိုင် နေထိုင်ချင်တဲ့ ဘဝနဲ့ သူမ ကြိုက်နှစ်သက်တဲ့ ဝါသနာပါရာကို လုပ်နိုင်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ သူမ နေထိုင်ချင်တဲ့ ဘဝမျိုးနဲ့ နေထိုင်ခွင့် ရစေချင်တယ်။ 


5.16


ရှောင်ကွိုင်းက ဘက်စကက်ဘော ကစားတာ အရမ်းတော်တယ်။ ရပ်ကွက်ထဲက အရပ်ရှည်ရှည်နဲ့ ကောင်လေးတွေတောင် သူမကို မနိုင်ကြဘူး။ 


ငါ ဒီနေ့ သူမကို နောက်ဆုတ် ပစ်နည်းသင်ပေးခဲ့တယ်။ သူမ ပစ်တာ အရမ်းလှတာပဲ။ 


"အရင်ဆုံး ဘောလုံးကို ထိန်းချုပ်၊ အတုအယောင် ဖောက်ထွက် ပြီးရင် နောက်သို့ ခြေလှမ်းဆုတ်လိုက်။ အရေးကြီးဆုံးအရာက ပြိုင်ဘက် သတိလက်လွတ်ဖြစ်ချိန် အငိုက်ဖမ်းရမယ်။ သူတို့ကို တန်ပြန်လှုပ်ရှားခွင့်မပေးနဲ့။" 

 

သူမက ငါ သင်ပေးတဲ့ စကားလုံးတိုင်းကို တကယ်မှတ်မိပြီး ချောချောမွေ့မွေ့နဲ့ လုပ်ဆောင်နိုင်ခဲ့တယ်။ 


ငါတို့ရဲ့ ရှောင်ကွိုင်းက အားကစားမှာ ထူးချွန်တဲ့ ပါရမီရှင်မိန်းကလေးပဲ။ 


......... 


ရှောက်ယန်က ထရပ်ကာ သူ့နောက်မှ ဝှိုက်ဘုတ်ရှိရာ လျှောက်သွားလိုက်သည်။ သူက ဆော့ပင်န်နှင့် စာကြောင်းတစ်ကြောင်း ရေးချလိုက်သည်။ 'အားကစားကို ကြိုက်တယ်၊ အဲဒီနယ်ပယ်မှာ ထူးချွန်တယ်၊ ယှဥ်ပြိုင်လိုစိတ်ရှိတယ်၊ လွယ်လွယ်ငိုတတ်တယ်၊ မျက်နှာပြောင်တိုက်တတ်တယ်၊ စိတ်တိုလွယ်တယ်၊ သူမအဖေကို သေလောက်အောင် လွမ်းနေတယ်။ 


ဤဒိုင်ယာရီက မီးသတ်ရုံးမှ ကိုယ်ရေးကိုယ်တာ လော့ကာထဲ၌ သိမ်းဆည်းထားခြင်း ဖြစ်သည်။ လင်းရှို့ကျယ်သည် ရှောက်ယန်ကို လော့ကာသော့နံပါတ် ပြောပြခဲ့ပြီး သူက ထုတ်ယူနိုင်ခဲ့သည်။ 


ဤဒိုင်ယာရီက သူ့ကို လင်ချူးဆွေ့အား ပို၍နားလည်နိုင်အောင် ကူညီပေးသည်။


ဒိုင်ယာရီက အလွန်ထူထဲပြီး လင်ရှို့ကျယ်၏ ကလေးပျိုးထောင်ရေး လက်စွဲကဲ့သို့ပင် ထင်မှတ်ရသည်။


သူ့သမီးလေး မွေးလာသည့်အချိန်မှစ၍ သူက အရေးပါသည့် အခိုက်အတန့်တိုင်းကို အသေးစိတ် မှတ်တမ်းတင်ထားခဲ့ပြီး သူ၏ နေ့စဥ်ဘဝသည်ပင် သူ့သမီးအကြောင်းနှင့် ပြည့်နှက်နေခဲ့သည်။


တာဝန်လက်ခံပြီးနောက် ရှောက်ယန်က ဤဒိုင်ယာရီအကျဥ်းချုပ်ကို အသုံးပြုပြီး နိဗ္ဗာန်ယာဥ်နောက် ငိုကြွေး၍ ပြေးလိုက်ခဲ့သည့် မိန်းကလေး၏ အကြောင်းကို အနည်းငယ် ပိုသိလာခဲ့သည်။


သူမသည် မိဘများ၏ အလိုလိုက်ခံရပြီး နွေးထွေးမှုနှင့် အချစ်များဖြင့် ကြီးပြင်းလာသည့် မိန်းကလေးများ အားလုံးကဲ့သို့ တောက်ပကာ ပြစ်ချက်ဟူ၍ အနည်းငယ်သာ ရှိသည်။


သို့သော် သူမတွင် ထူးချွန်သည့် အရည်အချင်းများစွာ ရှိသည်။ သူမက ထိပ်တန်းကျောင်းသူတစ်ယောက် ဖြစ်ခဲ့ဖူးပြီး တစ်ခုခု လုပ်သည့်အခါ မည်သည့်အခါမှ ဇွဲမလျှော့ဘဲ အောင်မြင်သည်အထိ လုပ်တတ်သည်။ 


ရှောက်ယန်သည် သူက သူမအဖေကို ပြန်ပေးသင့်သည်အား သိပေသည်။ 


သူ ထိုမီးကို ရှို့ခဲ့သည်အချိန်က သေဆုံးရန် အသင့်ပြင်ထားပြီး ဖြစ်သည်။ သေဆုံးသည့်သူက သူသာလျှင် ဖြစ်သင့်သည်။ သို့သော် လင်ရှို့ကျယ်က သူ့ကို ကယ်တင်ခဲ့သည်။


ထို့ပြင် ယခုတွင် သူ့ထံ၌ ကိုယ်ပိုင်မိသားစုရှိလာပြီး အစ်မတစ်ယောက်လည်း ရှိသည်။ သူသည် သူ့ဘဝက မှောင်မိုက်မနေတော့ဘဲ အရာအားလုံးကို ပြန်စတင်ရန် အခွင့်အရေးရှိနေဆဲဟု တွေးထင်ခဲ့သည်။


ရှောက်ယန်က သူ၏ မမျှတသော ကံကြမ္မာကို ဆန့်ကျင်ကာ နှစ်ပေါင်းများစွာ ရုန်းကန်ခဲ့ရသည်။ သူက ထိုအဖြစ်ကို လက်မခံချင်ခဲ့ပေ။


သူက အသက်ဆက်ရှင်ပြီး သူ့ခြေထောက်ပေါ် သူ ပြန်ရပ်တည်ချင်ပေသည်။

***