အပိုင်း ( ၁၁ )
ညနေစောင်းအချိန်၌ ရှောက်ယန်က ကူညီပေးရန် ဆိုင်သို့ သွားခဲ့သည်။
သူ့အစ်မ ရှောက်ချန်က ပိုနီတေးလ်နှင့် အေပရွန်ဝတ်ဆင်ထားသည်ကပင် လှပနေပြီး စားသုံးသူများကို သွက်လက်စွာ တည်ခင်းပေးနေသည်။
သူက ကျောင်းလွယ်အိတ်ကို ချလိုက်ပြီးနောက် အေပရွန်ကို ဝတ်လိုက်သည်။ ရှောက်ယန်က ကြီးမားသည့် ယောက်ချိုဇွန်းကို ကိုင်ကာ မီးမျှင်းမျှင်းဖြင့် တည်ထားသည့် အိုးကို မွှေလိုက်သည်။ မွှေးပျံ့သည့်ရနံ့က အဆက်မပြတ် ထွက်ပေါ်လာ၏။
သူ ချက်ပြုတ်နေရင်း ဘက်စကက်ဘောကွင်း အတွင်းမှ မြင်ကွင်းက သူ့စိတ်ထဲ ပြန်ပေါ်လာသည်။
တစ်ပတ်လုံး တိုးတက်မှုဘားတန်းက သုညတွင် ရပ်နေခဲ့ပြီး ရှောက်ယန်အား ဒေါသထွက်စေခဲ့သည်။ သူသည် ထိုတိုးတက်မှုဘားတန်းက ရွေ့လိမ့်တော့မည် မဟုတ်ဟု ထင်ထားခဲ့သည်။
သို့သော် ယခု နောက်ဆုံး၌ တိုးတက်မှုဘားတန်းက 1% ဖြစ်သွားခဲ့သည်။
ဆိုလိုသည်မှာ တာဝန်က ဆက်၍ တိုးတက်နိုင်စွမ်းရှိပေသည်။
သူက ဆန်းစစ်ကြည့်လိုက်သည့်အခါ တိုးတက်မှုဘားတန်းသည် လင်ချူးဆွေ့က သူ့အား စိတ်ပိုင်းဆိုင်ရာတုန့်ပြန်မှု ပေးသည့်အချိန်မှသာ လှုပ်ရှားခြင်းဖြစ်နိုင်ကြောင်း ကောက်ချက်ချလိုက်သည်။
သူ၏ ယခင် အတုအယောင် ဂရုစိုက်မှုများနှင့် ဝန်ခံမှုတို့က တိုးတက်မှုဘားတန်းကို တိုးတက်လာအောင် မလုပ်နိုင်ပေ။
ရိုးသားမှုတစ်ခုတည်းသာလျှင် ရိုးသားမှုကို ရယူနိုင်ပေသည်။
..........
ရှောက်ယန် ပြန်လာသည့်အခါ သူ့အဝတ်များက ချွေးတို့ဖြင့် ကပ်နေဆဲ ဖြစ်သည်။ ရှောက်ချန်က မေးလိုက်သည်။ "ရှောက်ယန် ဒီနေ့ သူငယ်ချင်းတွေနဲ့ ဘက်စကက်ဘော ကစားခဲ့တာလား။"
"အင်း"
"ငါ့မောင်လေး သူငယ်ချင်းအသစ် မိတ်ဖွဲ့တာ မြင်ရခဲတယ်။"
ရှောက်ချန်သည် ရှောက်ယန်ထံ၌ ကံမကောင်းလှသည့် ကလေးဘဝရှိကြောင်း သိရှိပေသည်။ မွေးစားခံရပြီးနောက် သူက ငါးနှစ်လုံး နှုတ်ဆိတ်နေတတ်သည်။
မီးလောင်မှုဖြစ်ပွားပြီးနောက် သူက စိတ်ကို စတင်ဖွင့်ပေးပြီး အခြားသူများနှင့် ဆက်သွယ်မှု ပြုလုပ်လာသော်လည်း သူ့ထံ၌ သူငယ်ချင်း မရှိသေးပေ။
"သူငယ်ချင်းအသစ်တွေက ဘယ်လိုလဲ။"
ရှောက်ယန်က တွေးပင်မတွေးဘဲ ပြောလိုက်သည်။ "အရမ်းတုံးအတယ်။"
"သူငယ်ချင်းဖြစ်ဖို့ဆိုတာ ဉာဏ်ရည်ထက်မြက်ဖို့ မလိုဘူး။ ရိုးသားတယ်ဆိုရင် လုံလောက်ပြီ။"
"အင်း"
ရှောက်ချန်က သူမ လက်ထဲမှ ပစ္စည်းများကို ချကာ အတင်းအဖျင်း ပြောလိုဟန်ဖြင့် မေးလိုက်သည်။ "ယောက်ျားလေးလား မိန်းကလေးလား။"
"မိန်းကလေး"
ရှောက်ချန်၏ အမူအရာက အဓိပ္ပါယ်အပြည့် ဖြစ်လာသည်။ သူမက ဘီရိုထဲမှ အနီရောင်ပိုက်ဆံနှစ်ရွက် ထုတ်ယူ၍ ရှောက်ယန်၏ လွယ်အိတ်ထဲသို့ ထည့်လိုက်သည်။
"ဒီလက စပြီး ငါတို့ မောင်လေးအတွက် မုန့်ဖိုးက နှစ်ဆ ဖြစ်သွားပြီ။"
ရှောက်ချန်က မိန်းကလေးထက် ယောက်ျားလေးတွေကို ဦးစားပေးသည့် မိဘများထံမှ စွန့်ပစ်ခံခဲ့ရခြင်း ဖြစ်သည်။ သူမက မိဘမဲ့ဂေဟာ၌ ချန်ထားခံခဲ့ရသည်။ သူမ၏ မူလ မျိုးရိုးနာမည်က ချောင် ဖြစ်သော်လည်း သူမက ထိုမျိုးရိုးကို မလိုချင်ခဲ့ပေ။ ထို့ကြောင့် သူမက မိဘမဲ့ဂေဟာမှ ဒါရိုက်တာ၏ မျိုးရိုးနာမည် ရှောက် ကို ယူခဲ့သည်။
မွေးစားခြင်း၏ မတော်တဆမှုပြီးနောက် သူမသည် ဒါရိုက်တာက ရှောက်ယန်ကို ပြန်မွေးစားရန် စီစဥ်နေကြောင်း သိရှိခဲ့သည်။ သူမက သူ့ထက် အသက်ခုနစ်နှစ် ပိုကြီးသည်။ ယခု သူမက ကိုယ့်ကိုယ်ကိုယ် ထောက်ပံ့နိုင်ပြီဖြစ်တာကြောင့် ရှောက်ယန်အား သူမနှင့်အတူ နေရန် ဆန္ဒရှိလားဟု မေးခဲ့သည်။
ယခင်က သူသည် မိဘမဲ့ဂေဟာ၌ အခြားကလေးများ၏ ဖယ်ကြဥ်ခံခဲ့ရပြီး သူ့အစ်မ တစ်ယောက်တည်းကသာ သူ့ကို စောင့်ရှောက်ပေးခဲ့သူ ဖြစ်သည်။
ရှောက်ယန်က ခေါင်းညိတ်လိုက်ပြီး ဆန္ဒရှိကြောင်း ပြောခဲ့သည်။
သူတို့နှစ်ယောက်လုံးက ဤကမ္ဘာကြီးမှ စွန့်ပစ်ခြင်းကို ခံခဲ့ရသည့် ကလေးများ ဖြစ်ကြသည်။ သူတို့က အချင်းချင်း မှီခိုအားထား၍ ရပေသည်။
..........
ညဘက်တွင် ဟော့ပေါ့ဆိုင်၏ စီးပွားရေးက ပို၍ ကောင်းလာသည်။ လာစားကြသည့် ဧည့်သည်အများစုက မိန်းကလေးများ ဖြစ်သည်။ သူတို့က ဟော့ပေါ့ဝယ်ရန် တန်းစီ၍ပင် စောင့်ဆိုင်းနေခဲ့သည်။
သူတို့က အချင်းချင်း တွန်းတိုက်ကာ အလွန်စိတ်လှုပ်ရှားစွာဖြင့် အနောက်ဘက်ခန်းထဲသို့ ချောင်းကြည့်နေကြသည်။
ရှောက်ချန်က ထိုမိန်းကလေးများ၏ အတွေးတွေကို မြင်ရကာ အနောက်ခန်းထဲ၌ ဟင်းရည်အိုးကို မွှေနေသည့် ရှောက်ယန်အား ခေါ်လိုက်သည်။ "ရှောင်ယန်* ထွက်လာပြီး ဧည့်သည်တွေကို ဧည့်ခံဦး။"
(နာမည်က ရှောက်ယန် ဖြစ်ပြီး 'ရှောင်' ရဲ့ အဓိပ္ပါယ်က Little ပါ ရှောင်ယန် ဆိုတာ ယန်လေး လို့ ခေါ်လိုက်တာပါ။)
ရှောက်ယန်က သူ့လက်များကို ဆေးပြီး အပြင်ထွက်လာကာ ကျွမ်းကျင်စွာဖြင့် မှတ်စုစာအုပ်အသေးလေးကို ထုတ်ယူလိုက်ပြီး ဧည့်သည်များထံမှ အော်ဒါများ လက်ခံလိုက်သည်။
သူက မွေးရာပါ ချောမောမှုကို ပိုင်ဆိုင်ထားသည်။ သူ၏ အပြောင်းအလဲမရှိသော မျက်နှာနှင့် သူ့အသွင်အပြင်က အလွန် ထင်ရှားနေသည်။ သူ့ကျောင်းဝတ်စုံကို ချွတ်ပြီးနောက် သူက နေ့အချိန်မှ ထိပ်တန်းကျောင်းသား အရှိန်အဝါကို ခွာချလိုက်ပြီး အနည်းငယ် ရင့်ကျက်သော အသွင်အပြင် ဖြစ်လာသည်။
သူက ဧည့်သည်များကို ယဥ်ကျေးစွာ ဧည့်ခံနေသော်လည်း သူ့အမူအရာက အေးစက်ကာ သီးခြားဆန်ပြီး လူအများကို သူက ချဥ်းကပ်၍ မလွယ်ကူဟူသော ခံစားချက်ကို ပေးစွမ်းနေသည်။
မိန်းကလေးတစ်ယောက်က ငွေရှင်းနေချိန်၌ ရှက်ရွံ့ဟန်ဖြင့် သူ့ကို မေးလာသည်။ "အမ်... ရှင်နဲ့အတူ ဓာတ်ပုံတစ်ပုံလောက် ရိုက်လို့လား။"
ရှောက်ယန်က ငြင်းပယ်ချင်သော်လည်း ရှောက်ချန်က သူ့ကို ကောင်တာအောက်မှ လှမ်းကန်လိုက်သည်။
သူက ရပ်တန့်သွားပြီး ပြောလိုက်၏။ "မင်း ယွမ်ငါးဆယ် သုံးပြီးရင် ဓာတ်ပုံရိုက်လို့ရတယ်။"
"ဒါဆို ထပ်မှာလိုက်မယ်။ နောက်ထပ် အမဲသားတစ်ပွဲနဲ့ ဘဲတောင်ပံတစ်ပွဲ ထပ်ပေးပါ။"
မိန်းကလေးက ပျော်ရွှင်စွာနှင့် သူ့ကို ဓာတ်ပုံများစွာရိုက်ကာ စိတ်ကျေနပ်စွာ ထွက်သွားခဲ့သည်။
နောက်ထပ် ဧည့်သည်က အနောက်ဘက်မီးဖိုခန်းရှေ့နားတွင် ယောင်လည်လည် လာလုပ်နေသော်လည်း အော်ဒါမမှာခဲ့ပေ။
သူ့ခေါင်းကို မမော့ဘဲနှင့် ရှောက်ယန်က မေးလိုက်သည်။ "ဘာလိုချင်လို့လဲ။"
"ဒီမှာ အစပ်မပါတာ တစ်ခုခုရှိလား။"
ထိုအနည်းငယ် ရှတတနိုင်၍ ဝမ်းနည်းနေဟန် အသံကို ကြားသည့်အခါ ရှောက်ယန်က ခေါင်းမော့ကာ မှန်ပြတင်းကို ဖြတ်ကာ ကြည့်လိုက်ပြီး သူ့ အတန်းဖော် လင်ချူးဆွေ့၏ ဝမ်းနည်းညှိုးငယ်နေသော မျက်နှာကို မြင်လိုက်ရသည်။
ကြေမွနေသည့် ဟူဒီကို ဝတ်ဆင်ထားပြီး ပျင်းတိပျင်းရွဲဟန်ဖြင့် သူမလက်များကို အိတ်ကပ်ထဲ ထည့်ထားပြီး ရှုပ်ပွနေသည့် သူမ ဆံပင်များကို ထုံးချည်ထားသည်။ လင်ချူးဆွေ့က မိန်းကလေးများ သောက်သည့် စီးကရက်တစ်လိပ်ကို ပါးစပ်ထဲတွင် ပေါ့ပေါ့ပါးပါးဟန်ပန်နှင့် ခဲထားခဲ့သည်။
မှိန်ဖျော့သည့် အဝါဘက်သမ်းသော အလင်းရောင်က သူမ၏ ဖြူဖျော့သော မျက်နှာလေးကို အလင်းပေးထားသည်။ သူမ၏ ပျင်းရိနေသော အကြည့်များက ဟော့ပေါ့အတွက် အမယ်များထည့်ထားသည့် ဗန်းများပေါ် ကျရောက်သွားပြီး ရေရွတ်လိုက်၏။ "အရမ်းစပ်မယ့်ပုံပဲ။"
"လင်ချူးဆွေ့ ဘာဖြစ်နေတာလဲ။"
ထိုအသံကို ကြားသည့်အခါ လင်ချူးဆွေ့က အထိတ်တလန့်နှင့် မော့ကြည့်လိုက်ပြီး ရှောက်ယန်၏ အေးစက်သည့် မျက်နှာနှင့် တည့်တည့်တိုးသွားခဲ့ပေသည်။
သူမက အလွန် ထိတ်လန့်ကြောက်ရွံ့သွားကာ သူမ ပါးစပ်ထဲမှ စီးကရက်က ပြုတ်ကျသွားလေသည်။
လမ်းဘေးအစားအသောက်တန်း၌ လျှောက်သွားနေရင်း သူမသည် ဤဆိုင်တွင် လူတန်းရှည်ကြီး တန်းစီနေသည်ကို မြင်သဖြင့် အမှန်တကယ် အရသာရှိခြင်းဖြစ်မည်ဟု တွေးမိကာ ဝင်၍ တန်းစီခဲ့ခြင်း ဖြစ်သည်။
သူမသည် ဤဆိုင်က ရှောက်ယန် မိသားစု၏ ဆိုင်ဖြစ်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
ရှောက်ယန်က အကွက်ဆင်အေပရွန်ကို ဝတ်ဆင်ထားသည်။ သူက အရပ်မြင့်မားကာ ဖြောင့်မတ်သည့် ကိုယ်ဟန်ရှိပြီး အိမ်မှာ ရှိနေသကဲ့သို့ ပေါ့ပါးကာ ညင်သာသိမ်မွေ့နေသည်။
သို့သော်.... သူ၏ လှပသည့် လက်ချောင်းများက ဘောပင်န်ကို ဖိညှစ် ကိုင်ထားသည့်အတွက် သူ့လက်သည်းများပင် ဖြူဖျော့နေခဲ့သည်။
သူက သူမကို အေးစက်စွာ ကြည့်လိုက်သည်။ "မင်း ဆေးလိပ်သောက်နေတာလား။"
သူ ဒေါသထွက်နေသည်မှာ အလွန် သိသိသာသာပင်။
အကြောင်းပြချက်တချို့ကြောင့် ရှောက်ယန် အလွန် ဒေါသထွက်နေသည်ကို မြင်သည့်အခါ လင်ချူးဆွေ့က ကြောက်လန့်တကြားနှင့် တုန်ယင်သွားခဲ့သည်။
ရှောက်ယန်၏ ဒေါသတကြီး စိုက်ကြည့်မှုကြောင့် သူမ၏ ခြေထောက်များပင် တုန်ယင်လာသည်။ ထိုခံစားချက်မှာ လောင်လင်က သူမ ဆေးလိပ်သောက်နေသည်အား မိသွားသလိုပင် ဖြစ်သည်။
သို့သော် ရှောက်ယန်က လောင်လင် မဟုတ်ပေ။
လင်ချူးဆွေ့က ခေါင်းမာစွာ ပြန်ကြည့်၍ ခိုင်မာစွာ ပြောလိုက်သည်။ "နင့်စီးပွားရေးပဲ နင်လုပ်ပါ။ နင့်ကိုယ်နင် ငါ့အဖေလို့ ထင်မနေနဲ့။ ကံမကောင်းစွာနဲ့ ငါ့အမေက နောက်အိမ်ထောင်ပြုသွားပြီ။ နင့်အတွက် အခွင့်အရေး မရှိတော့ဘူး။"
သူမ ငယ်စဥ်ကတည်းက သူမအဖေသည် သူမအား အမြဲချစ်ခင်ခဲ့သည့်အတွက် သူမ စကားများက ထိန်းချုပ်မှုမရှိပေ။ ထို့ပြင် သူမနောက်တွင် ကျောထောက်နောက်ခံပေးမည့် သူငယ်ချင်းတစ်စုလည်း ရှိသေး၏။ သူမက အကြောက်အရွံ့ကင်းမဲ့ပြီး သူမ၏ စကားများသည် ဗုဒ္ဓကိုပင် ဒေါသထွက်စေလိမ့်မည် ဖြစ်သည်။
သူ ဘာစကားမှ ပြန်မပြောသည်ကို ကြည့်ပြီး သူ့ဒေါသကို တမင်ဆွရန် လင်ချူးဆွေ့က နောက်ထပ် စီးကရက်တစ်လိပ််ကို ထုတ်ကာ မီးညှိလိုက်သည်။
ရှောက်ယန်၏ ကျီးကန်းကဲ့သို့ မည်းမှောင်နေသည့် အကြည့်များအောက်တွင် လင်ချူးဆွေ့က စီးကရက်တစ်ဖွာ ဖွာလိုက်သည်။ သူမလက်ကတော့ အနည်းငယ် တုန်ယင်နေသည်။ သူမက အမြဲတမ်း ခေါင်းမာလှသည်။ တစ်ခုခု လုပ်ချင်လျှင် မဆိုင်းမတွဘဲ ၎င်းကို သေချာပေါက် လုပ်လိမ့်မည် ဖြစ်သည်။
"လင်ချူးဆွေ့ နောက်ထပ် ဆေးလိပ် ထပ်သောက်ကြည့်လိုက်စမ်း။" သူ၏ ခြိမ်းခြောက်မှုက အသံနိမ့်နိမ့်နှင့် အင်အားပြည့်ဝသည်။
လင်ချူးဆွေ့က မလွယ်ကူသလို ခံစားလိုက်ရသော်လည်း ရှောက်ယန်က သူမနှင့် အသက်တူသည့် အတန်းဖော်သာလျှင် ဖြစ်သည်။ သူက သူမ၏ ထိုင်ခုံဖော်သာ ဖြစ်သည့်အတွက် သူမကို ထိန်းချုပ်ရန် အခွင့်မရှိပေ။
"သောက်မှာပေါ့။ သောက်တော့ ဘာဖြစ်လဲ။"
ရှောက်ယန်က သူ့ အေပရွန်ကို ချွတ်ကာ ကောင်တာပေါ်သို့ ဘန်းခနဲ ရိုက်ချ၍ တင်လိုက်ပြီး ဆိုင်နောက်ဘက်ခန်းမှ လျှောက်ထွက်လာသည်။
သူ ဒေါသတကြီးဖြစ်နေသည်ကို မြင်သောအခါ လင်ချူးဆွေ့က နောက်သို့ တဖြေးဖြေးဆုတ်သွားခဲ့ပြီး သတိအနေအထားနှင့် မေးလိုက်သည်။ "နင် ဘာလုပ်မလို့လဲ။"
ရှောက်ယန်က သူမ ပါးစပ်ထဲမှ မီးညှိထားသည့် စီးကရက်ကို အညှာအတာမဲ့စွာ ဖြုတ်ယူလိုက်သည်။
စီးကရက်မီးပွားက သူ့လက်ကို လောင်သွားသော်လည်း သူက ခံစားမိပုံမရပေ။ လင်ချူးဆွေ့၏ ကော်လာကို ဆွဲကိုင်လိုက်ပြီး သူက ဟော့ပေါ့ဆိုင်၏ ဘေးရှိ လမ်းကြားလေးထဲသို့ ဆွဲခေါ်သွားသည်။
လမ်းကြားက ကျဥ်းမြောင်းပြီး မည်သူမှ မရှိဘဲ တိတ်ဆိတ်နေသည်။ နံရံပေါ်တွင် စိုထိုင်းသည့် ရေညှိတို့ ပေါက်နေပြီး လေထဲတွင်လည်း စိုထိုင်းသည့်ရနံ့တို့ ရှိနေခဲ့သည်။
လင်ချူးဆွေ့က ဆေးလိပ်ငွေ့ကြောင့် သီးသွားပြီး ချောင်းဆက်တိုက်ဆိုးတော့သည်။ သူမ၏ နူးညံ့သည့် မျက်နှာလေးက နီရဲနေခဲ့သည်။ "ရိုင်းစိုင်းတဲ့ကောင်"
ရှောက်ယန်က မေးလိုက်သည်။ "မင်းကို ဘယ်သူ သင်ပေးတာလဲ။ ဟို လုအိမ်က ကောင်လေးလား။"
"နင့်အလုပ်နင် လုပ်စမ်းပါ အတန်းဖော်ရဲ့။" လင်ချူးဆွေ့က ရန်စဟန်ဖြင့် သူ၏ တောင့်တင်းမာကျောသော ရင်ဘတ်ကို လက်ညှိုးနှင့် ထိုးလိုက်သည်။ "ငါ နင့်ကို မျက်နှာသာပေးထားတာ နင် ကျေးဇူးတင်သင့်တယ်။"
"လက်ကို ဖယ်လိုက်စမ်း"
လင်ချူးဆွေ့က ဖိအားပေးခံရလျှင် ပို၍ ရုန်းကြွတက်သော သူမျိုး ဖြစ်သည်။ "ငါ နင့်ကို သည်းခံနေတာ တော်တော်ကြာပြီ။ နင် ငါ့ကို အတန်း B မှာ နေခွင့်ရအောင် ကူညီပေးလိုက်တာနဲ့ပဲ ငါက နင့်ကို မရိုက်ရဲဘူးလို့ မထင်နဲ့။ တခြားလူသာဆိုရင် ငါ ဆွဲထိုးပစ်လိုက်တာ ကြာပြီ။"
သူမ မလှုပ်ရှားခင် ရှောက်ယန်က ဒေါသတကြီးနှင့် သူမ လက်မောင်းကို ဖမ်းကိုင်ကာ နံရံဘက်သို့ ဖိတွန်းလိုက်သည်။
လင်ချူးဆွေ့က ငြိမ်ခံမည့်သူမျိုး မဟုတ်လေရာ သူမက ပြင်းပြင်းထန်ထန် စတင်ရုန်းကန်တော့သည်။
ရှောက်ယန်၏ လက်ဖျံက သူမ ရင်ဘတ်မှ ဖိထားပြီး မလှုပ်နိုင်အောင် ချုပ်ထားခဲ့သည်။
"နင်...."
ကြမ်းတမ်းသည့် နံရံကို ဖိကပ်ခံထားရသည့် သူမရှေ့တွင် နီးကပ်နေသော လူငယ်လေး၏ မျက်နှာက ရေခဲကဲ့သို့ အေးစက်နေပေသည်။ သူ၏ နက်မှောင်သည့် မျက်လုံးများက ထိတ်လန့်စရာ ကောင်းနေသည်။
ဤသည်မှာ လင်ချူးဆွေ့အတွက် ရှောက်ယန် ဒေါသထွက်နေသည်ကို ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။
သူမ အတန်းထဲတွင် မုန့်ခိုးစားခြင်းနှင့် ဖုန်းသုံးခြင်းကို ဆူပူခြင်းက သူ ဒေါသထွက်သည်ဟု ယူဆ၍ မရဘဲ ယခုချိန်၌ သူက အမှန်တကယ် ဒေါသထွက်နေခြင်း ဖြစ်လေသည်။
လင်ချူးဆွေ့၏ အကြည့်များက အောက်သို့ ဆင်းသွားပြီး သူမအား ဖိထားသည့် သူ၏ လက်ဖျံကို မြင်လိုက်ရသည့်အခါ ဘာကြောင့်မှန်းမသိဘဲ သူမ၏ ပါးပြင်များက လောင်ကျွမ်းသလို ပူနွေးလာသည်။
သူမဘဝတွင် ပထမဆုံးအဖြစ် 'ရှက်ရွံ့ခြင်း' ဟူသည့် ရုပ်ပိုင်းဆိုင်ရာ တုန့်ပြန်မှုကို ခံစားလိုက်ရပေသည်။
သူမ၏ ရင်ခုန်သံက မြန်ဆန်လာပြီး သူမ သွေးများ စီးဆင်းမှုကလည်း မြန်ဆန်လာကာ သူမ မျက်လုံးများထဲ၌ ကြယ်များ ဖြစ်ပေါ်လာသည်။
သူ့ရှေ့မှ မိန်းကလေးက ရုတ်တရက် ကျိုးနွံလာသည်ကို မြင်သည့်အခါ ရှောက်ယန်သည် သူမက လိမ္မာချင်ယောင်ဆောင်ပြီး သူ လွှတ်လိုက်သည့်အခါ ထွက်ပြေးသွားမည်ကို စိုးရိမ်ခဲ့သည်။ ထို့ကြောင့် သူက သူမကို လွှတ်မပေးဘဲ အသံနိမ့်နိမ့်နှင့် မေးလိုက်သည်။ "ဆေးလိပ်သောက်ဦးမှာလား။"
"နင်.... အနိုင်ကျင့်နေတာပဲ။" မိန်းမငယ်လေးက နှုတ်ခမ်းစူလိုက်ပြီး သူ့ကို ဆန္ဒမရှိစွာ ကြည့်လိုက်သည်။ "ငါ အကြမ်းဖက်မှုကို အရှုံးပေးမှာ မဟုတ်ဘူး။"
"အကြမ်းဖက်တာလား။ ငါသာ မင်းအပေါ် တကယ် အကြမ်းဖက်မယ်ဆိုရင် မင်း ငိုနေရလောက်ပြီ။" ရှောက်ယန်က သူမကို ပို၍ပင် ဖိထားလိုက်သည်။
"..."
လင်ချူးဆွေ့၏ မျက်လုံးအကြည့်များက အောက်သို့ ရောက်သွားခဲ့ပြီး သူမ၏ ပြားချပ်နေပြီးဖြစ်သောနေရာက သူကြောင့် ပို၍ ပြားကပ်သွားအောင် အဖိခံလိုက်ရသော်လည်း သူက သတိထားမိပုံ မရပေ။
အရမ်းနာတာပဲ။
"လွှတ်ပေး နာတယ်။"
"ဆေးလိပ်သောက်ဦးမှာလား။"
"မသောက်တော့ဘူး။"
ရှောက်ယန်က သူ လိုချင်သည့် အဖြေရလိုက်သောကြောင့် သူမကို လွှတ်ပေးလိုက်သော်လည်း သူမက ခေါင်းမာမာနှင့် ထပ်ပြောလာသည်ကို ကြားလိုက်ရသည်။ "နင် ငါ့ကို ထပ်ဖမ်းလို့ မရဘူး။"
ဤမိန်းကလေးက ချော့မော့ပြော၍ရသော်လည်း ဖိအားပေး၍ မရနိုင်သည်ကို သူသည်လည်း သတိပြုမိပေသည်။ သူ့ဘက်က သူမကို အတင်းဖိအားပေးလေ သူမက ပို၍ ပုန်ကန်ချင်လေ ဖြစ်လာပေလိမ့်မည်။
ရှောက်ယန်က သူမကို လွှတ်ပေးလိုက်သည်။
လင်ချူးဆွေ့ လွတ်မြောက်သွားသည့်အခါ သူမက ပြေးရန် ကြံလိုက်သော်လည်း ရှောက်ယန်က လမ်းကြားလေး၏ ထွက်ပေါက်ကို ပိတ်ထားခဲ့ပြီး သူမ ထွက်သွားမည်အား တားဆီးထားသည်။
အစပိုင်းတွင် ရှောက်ယန်သည် တာဝန်က အရမ်းမခက်ခဲလောက်ဟု ထင်ထားခဲ့သည်။
သူသည် ယခင်က လှည့်ကွက်များစွာ လုပ်ဖူးခဲ့သည်။ သူသည် တစ်ချိန်က သူ၏ အာဏာရှိသော မွေးစားအဖေကိုပင် ထောင်ထဲရောက်အောင် ပို့နိုင်ခဲ့သည်။
ရိုးရှင်းသည့် မိန်းမငယ်လေးတစ်ယောက်ကို အနိုင်ရရန်မှာ မခက်ခဲသင့်ပေ။
သို့သော် သူ အမှန်တကယ် သူမနှင့် ပတ်သက်ဆက်ဆံကြည့်ပြီးနောက် လိမ်ကောက်၍ ကြီးထွားလာသော သစ်ပင်ကို ဖြောင့်တန်းသွားအောင် လုပ်ရန် မလွယ်ကူကြောင်း သတိပြုမိလိုက်သည်။
'ငါ သူမကို အန္တရာယ် ကင်းကင်းနဲ့ ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းလာစေချင်တယ်။"
ရှောက်ယန်၏ စိတ်ထဲ၌ မီးတောက်များအလယ်မှ လင်ရှို့ကျယ်၏ နောက်ဆုံးအပြုံးကို ပြန်တွေးမိလိုက်သည်။
...........
"စကားပြောကြရအောင်။"
"ဘာပြောစရာရှိလို့လဲ။" လင်ချူးဆွေ့က သူမ၏ ရွဲ့စောင်းသွားသော အဝတ်အစားများကို ပြန်ပြင်လိုက်သည်။ "ငါ နင်နဲ့ ဖက်မိသလို ဖြစ်သွားတာကြောင့်နဲ့ တစ်ခုခုဖြစ်ပြီလို့ မတွေးနဲ့။ ငါ နင့်ကို မကြိုက်ဘူး။ တခြားအတွေးမထားနဲ့။"
ရှောက်ယန်က ခေါင်းမော့လာပြီး အေးစက်စွာ ပြုံးလိုက်သည်။ "ဘယ်သူက တွေးနေတာလဲ။"
"ခေါင်းမာနေလိုက်"
ရှောက်ယန်က လက်ကို ဆန့်ထုတ်လိုက်သည်။ သူမသည် သူက သူမအား ရိုက်တော့မည်ဟု ထင်ကာ နောက်သို့ ဆုတ်သွားခဲ့သည်။
မမျှော်လင့်ဘဲ ရှောက်ယန်က သူမ၏ ဟူဒီခေါင်းစွပ်ကို သပ်သပ်ရပ်ရပ် ဖြစ်အောင် လုပ်ပေးကာ အင်္ကျီထဲဝင်နေသည့် ဆံပင်တချို့တစ်ဝက်ကိုလည်း အင်္ကျီ အပြင်သို့ ထုတ်၍ ရှုပ်ပွမနေအောင် သပ်ပေးလိုက်သည်။
သူ၏ နူးညံ့လှသော အပြုအမူသည် လင်ချူးဆွေ့၏ နှလုံးသားကို ထူးဆန်းစွာ ခံစားမိစေပြီး အကြည့်တို့အား လွှဲဖယ်လိုက်သည်။
"မင်းရဲ့ သူငယ်ချင်းမလေးဆီကနေ သင်ယူဦး။ အပြင်ထွက်ရင် အနည်းဆုံး ဆံပင်ကိုတော့ ဖြီးခဲ့သင့်တယ်။"
လင်ချူးဆွေ့သည် သူက လုထျန်းပိုင်ကို ရည်ညွှန်းနေခြင်းဖြစ်ကြောင်း သိရှိပေသည်။ ထိုမိန်းကလေး၏ အကြိုက်ဆုံးအရာက သူမဆံပင်ကို ပြင်ဆင်ရခြင်း ဖြစ်သည်။ သူမ ဖုန်းထဲတွင် မတူညီသော ဆံပင်ကျစ်နည်း ရာကျော်ခန့်ရှိပေသည်။ သူမက ကျောင်းတက်သည့် နေ့တိုင်း မတူညီသော ဆံပင်စတိုင်လ်နှင့် လာလိမ့်မည် ဖြစ်ပြီး အလွန်ချစ်စရာကောင်းပေသည်။
"ငါ ဆံပင်မပြင်တတ်ဘူး။" သူမက ရေရွတ်လိုက်သည်။ "ငါ့ရဲ့ အရှေ့ဆံမြိတ်ကိုပဲ ကောက်လို့တတ်တယ်။"
သူမ ဆံပင်ကို ဖြီးပေးရသည်အား သဘောကျသည့် အဖေက မရှိတော့ပေ။
သို့သော် ရှောက်ယန်က ပြောလိုက်သည်။ "ဒီကမ္ဘာမှာ မင်းနဲ့အတူ ကြီးပြင်းလာပေးမယ့်သူ ရှိရင် ကံကောင်းလို့ပဲ။ ဒါပေမယ့် မရှိခဲ့ရင် မင်းဘာသာမင်း လုပ်တတ်ကိုင်တတ်ဖို့ သင်ယူရမယ်။"
တစ်ယောက်တည်း ကြီးပြင်းရတာ လုပ်ရတာထက် အပြောက လွယ်သည်။
နောက်ဆုံး၌ လင်ချူးဆွေ့က တည်ငြိမ်သွားပြီး လက်များကို အိတ်ကပ်ထဲ ထည့်ကာ ရေညှိများပေါက်နေသည့် နံရံကို ပျင်းရိစွာ မှီထားလိုက်၍ ဘာစကားမှ မပြောဘဲ ခေါင်းသာ ငုံ့ထားသည်။
***