Ch 12
Viewers 258

အပိုင်း ( ၁၂ )


လမ်းမီးအလင်းရောင်က သူမပေါ်သို့ ဖြာကျနေပြီး သူမမျက်နှာကို အရိပ်ကျနေစေကာ သူမ၏ အမူအရာအား ရှင်းလင်းစွာ မမြင်နိုင်ပေ။ 


ရုတ်တရက် လေထုက တိတ်ဆိတ်သွားသည်။ အဝေးမှ ကား၊ ဆိုင်ကယ်များ၏ ဆူညံသံတချို့ကိုသာ ကြားနိုင်ပေသည်။


"သွားကြရအောင်။"


သူက သူမအား ထပ်၍ တားမထားချင်တော့သည်ကို မြင်သည့်အခါ လင်ချူးဆွေ့က သူမ လက်များကို အိတ်ကပ်ထဲ ထည့်ထားရင်း ပျင်းတိပျင်းရွဲဟန်ဖြင့် လျှောက်သွားခဲ့သည်။ 


"နေဦး။" 


"ရန်ဖြစ်ချင်သေးလို့လား။" သူမက သတိထားနေဟန်ဖြင့် ပြန်လှည့်ကြည့်လိုက်သည်။ 


ရှောက်ယန်က သူမ၏ ဟူဒီကို ဆွဲကာ ဟော့ပေါ့ဆိုင်ထဲသို့ ပြန်ဆွဲခေါ်လာပြီး သူ အိမ်စာလုပ်နေကျ စားပွဲအသေးလေးတွင် ထိုင်ခိုင်းလိုက်သည်။ ထို့နောက် သူက ကောင်တာမှ အသီးအရွက်များကို သွားပြင်ဆင်ခဲ့သည်။


သူက သူမနှင့် စီးပွားရေး လုပ်ချင်နေဆဲ ဖြစ်သည်ကို မြင်သည့်အခါ လင်ချူးဆွေ့က မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။ "အစပ်လုံးဝမထည့်နဲ့နော်။" 


ရှောက်ယန်က သူမကို လုံးဝ လျစ်လျူရှုထားပြီး ပါဝင်ပစ္စည်းများကို ယူကာ ယောက်ချိုဇွန်းထဲထည့်၍ စွပ်ပြုတ်အိုးထဲ ထည့်လိုက်ပြီးနောက် ပန်းကန်ထဲ လောင်းထည့်လိုက်သည်။


ရှောက်ချန်က ဧည့်သည်များကို ဧည့်ခံနေရင်း မိန်းကလေးအား လှမ်းကြည့်နေသည်။


လင်ချူးဆွေ့က သူမနှင့် မျက်လုံးချင်း ဆုံသွားသည့်အခါ သူမက ပြုံးရင်း ပြောလိုက်သည်။ "ခဏလောက် ထိုင်နေဦးနော်။ ရှောက်ယန်က မင်းစားဖို့ တစ်ခုခု လုပ်ပေးလိမ့်မယ်။"


လင်ချူးဆွေ့ကလည်း ယဥ်ကျေးစွာနှင့် ခေါ်လိုက်သည်။ "ဟယ်လို အန်တီ။" 


ရှောက်ယန်က ဆွံ့အသွားရပြီးနောက်မှ ပြောလိုက်သည်။ "သူမက ငါ့အစ်မ။" 


“...”


လင်ချူးဆွေ့က မုန်းစရာကောင်းသည့် ရှောက်ယန်၏ မျက်လုံးများကို ကြည့်လိုက်ပြီးနောက် ရှောက်ချန်ကို ပြန်ကြည့်ကာ အထပ်ထပ်အခါခါ တောင်းပန်လိုက်သည်။ "တောင်းပန်ပါတယ်။ တောင်းပန်ပါတယ်။ အစ်မရေ... ညီမက ကန်းနေလို့ မမြင်နိုင်တာပါ။" 


ရှောက်ချန်က သူမလက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။ "ကိစ္စမရှိဘူး။ ငါနဲ့ ရှောက်ယန်က ခြောက်နှစ်တောင်ကွာတာ။ မင်းနဲ့ ယှဥ်လိုက်ရင် အစ်မကလည်း အဲဒီလောက် မငယ်ဘူးလေ။" 


"မဟုတ်ဘူး မဟုတ်ဘူး။ အစ်မက ညီမထက်တောင် ငယ်တဲ့ပုံပေါက်သေးတယ်။ ရှောင်ကျယ်ကျဲက အရမ်းလှတာပဲ။" 

(ရှောင်ကျယ်ကျဲ - အစ်မငယ်လေး) 


ရှောက်ချန်၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ သူမသည် ဤမိန်းကလေးက ရှုပ်ရှုပ်ပွပွနေပြီး ထက်မြက်သည့်ပုံမပေါ်သော်လည်း စိတ်နှလုံးကောင်းရှိကာ အလွန်ရိုးရှင်း၍ ဖြူစင်ကြောင်း မြင်နိုင်ပေသည်။ 


ရှောက်ယန်၏ အတိတ်မှ အတွေ့အကြုံများကို တွေးလိုက်မိသည့်အခါ သူက အမှန်တကယ် တစ်စုံတစ်ယောက်ကို သဘောကျချင်လျှင် ဤမိန်းကလေးကဲ့သို့ သူမျိုးဖြစ်နိုင်သည်ဟု ခံစားမိလိုက်ပေသည်။ 


"မင်း ထိုင်နှင့်ဦး။ ရှောက်ယန်က မင်းအတွက် ညလယ်စာ လုပ်ပေးနေတယ်။"


"ကျေးဇူးပါ အစ်မ။"


ရှောက်ချန်က အခုအားနေသဖြင့် သူမ လက်များကို ဆေးကြောလိုက်ပြီး အေပရွန်ထက်မှ ရေစက်များကို သုတ်ရင်း ပြောလိုက်သည်။ "မင်းက ရှောက်ယန် ဆိုင်ကို ခေါ်လာဖူးတဲ့ ပထမဆုံး မိန်းကလေးပဲ။ သူက ဆီပေနေတဲ့ လက်တွေကို အရမ်းမုန်းတာ။ ဒါပေမယ့် သူက မင်းအတွက် စားစရာကို ကိုယ်တိုင် လုပ်ပေးနေတယ်။ ဒီလိုဆက်ဆံမှုမျိုးကို လူတိုင်းရတာ မဟုတ်ဘူးနော်။"


လင်ချူးဆွေ့က ပြောလိုက်သည်။ "ညီမတို့က ထိုင်ခုံဖော်တွေ ဖြစ်နေလို့ပါ။ အတန်းပိုင်ဆရာက ထိုင်ခုံဖော်အချင်းချင်း ကူညီသင့်ပြီး ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင် နေရမယ်လို့မှာထားတယ်။"

 

"ဝိုး ဒါဆို သူက ကံကောင်းတာပဲ။ မင်းလို ကြည့်ကောင်းပြီး လှပတဲ့ ထိုင်ခုံဖော်လေး ရထားတာ ဆိုတော့လေ။" 


လင်ချူးဆွေ့က အံ့အားသင့်စွာ မေးလိုက်သည်။ "အစ်မက ညီမကို ကြည့်ကောင်းတယ်လို့ ထင်တာလား။"  


"ဒါပေါ့။ သူ့ကို ချောင်းဖို့ ရောက်လာတဲ့ မိန်းကလေးတွေ အားလုံးနဲ့ ယှဥ်ရင် မင်းက ကြည့်အကောင်းဆုံးပဲ။" 


"ရှောက်ယန်က ညီမကို ရုပ်ဆိုးတယ်လို့ ပြောတယ်။"


"အဲဒါဆို သူ ကန်းနေလို့ပဲ။"


လင်ချူးဆွေ့က စိတ်အခြေအနေ ကောင်းမွန်သွားပြီး ချိုမြိန်သည့် အပြုံးလေးတစ်ခု ဖြစ်ပေါ်လာသည်။


ရှောက်ချန်က ပြောလိုက်၏။ "ရှောက်ယန်က ငယ်ငယ်လေးကတည်းက သူငယ်ချင်း တစ်ယောက်မှ မရှိဘူးလေ။ မင်း သူနဲ့ အချိန်အကြာကြီး ခင်မင်နေမယ်ဆိုရင် ကောင်းမယ်။" 

 

"သူ့မှာ သူငယ်ချင်း မရှိဘူးလား။"


"အင်း သူ့ရဲ့ ပင်ကိုစရိုက်က.... သူငယ်ချင်းလုပ်ဖို့ဆိုတာ သူ့အတွက် မလွယ်ဘူးလေ။ ဘာပဲဖြစ်ဖြစ် သူ့ကို ခေါ်ပြီး မကြာခဏ ထွက်ကစားကြပေါ့။ မင်းကိုပဲ စိတ်ချထားလိုက်မယ်နော်။" 

 

လင်ချူးဆွေ့သည် သူတို့က သာမန်ထိုင်ခုံဖော်ပဲဟု ပြောချင်ခဲ့သည်။ သူတို့က အကျင့်စရိုက်တူသော လူများ မဟုတ်၍ သူမက ရှောက်ယန်ကို ခေါ်ကာ အပြင်ထွက်ပြီး မကစားနိုင်ပေ။


ရှောက်ယန်က သူတို့နှင့်အတူ အင်တာနက်ဆိုင်များ၌ ဂိမ်းကစားလိမ့်မည် မဟုတ်သလို သူတို့နှင့်အတူ လျှောက်၍ လမ်းသလားလိမ့်မည်လည်း မဟုတ်ပေ။ 


အမျိုးသမီးနှစ်ယောက်က ထိုင်ကာ စကားပြောနေခဲ့ပြီး ရှောက်ယန်ကို မလွယ်ကူသလို ခံစားရစေခဲ့သည်။ သူက အချိန်ကိုကြည့်လိုက်ပြီး ရှောက်ချန်အား ပြောလိုက်သည်။ "အစ်မ ညကျောင်းသွားဖို့ နောက်ကျတော့မယ်။" 

 

ရှောက်ချန်က စကားပြောရတာကို သဘောကျနေပြီး အချိန်ကိုပင် မေ့သွားခဲ့သည်။ သူမက စတိုခန်းထဲသို့ သွားကာ အဝတ်အမြန်လဲလိုက်သည်။ သူမ ထွက်မသွားခင် လင်ချူးဆွေ့အား ပြောသွားခဲ့သည်။ "မင်း နောက်စားချင်ရင်လည်း ထပ်လာခဲ့ဦးနော်။" 

 

"အိုခေ။" 


လင်ချူးဆွေ့သည် ရှောက်ယန်က စိတ်ရှုပ်စရာကောင်းသည်ဟု ခံစားရသော်လည်း သူ့အစ်မက တကယ် ကောင်းမွန်ပေသည်။ 


သူမက ဆိုင်သေးသေးလေးကို လှည့်ပတ်ကြည့်ရှုနေ၏။ ၎င်းက အမှန်တကယ် ကျဥ်းမြောင်းကာ သေးငယ်လှသည်။ အတွင်းဘက်နေရာအကျယ်က နှစ်ဆယ်စတုရန်မီတာထက် နည်းပါးသော်လည်း အလွန်သန်ရှင်းသပ်ရပ်နေသည်။ စားပွဲပေါ်တွင် သူ၏ သင်္ချာအိမ်စာစာအုပ်ကို ဖွင့်ထားသည်။

 

သူ၏ လက်ရေးက လက်ရေးဆက်သဏ္ဌာန်ရှိကာ အလွန် လှပပြီး အင်အားပြည့်ဝ၍ သက်ဝင်တက်ကြွကာ သူ့အကျင့်စရိုက်ကို ထင်ဟပ်နေသည်။


သူမသည် ၎င်းက ယနေ့ညအတွက် ပေးလိုက်သည့် အိမ်စာဖြစ်ပြီး ၎င်းက ပြီးသွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။

 

လင်ချူးဆွေ့၏ မျက်လုံးများက တောက်ပသွားပြီး သူမက အဖြေများကို ဓာတ်ပုံရိုက်ယူသွားရန် ဖုန်းကို ထုတ်လိုက်သည်။


ထိုအချိန်၌ ရှောက်ယန် ရောက်လာခဲ့ပြီး သူမအား ဟော့ပေါ့တစ်ပန်းကန် ကမ်းပေးကာ စားပွဲပေါ်မှ အိမ်စာစာအုပ်ကို သိမ်းသွားသည်။ 


"ငါ့ အိမ်စာတွေကိုကူးတာ အတန်းပိုင်ဆရာ ပိုပြီး အထင်လွဲသွားမှာကို မကြောက်ဘူးလား။ မင်းက သူ့အတွက် 'ဆယ်ကျော်သက်အချစ်' ကို သက်သေပြနိုင်မယ့် သက်သေတွေ ပိုရသွားစေချင်တာလား။" 


"နင်က ငါတို့ အိမ်စာကူးသမားတွေရဲ့ IQ ကို လျှော့တွက်နေတာပဲ။ ငါ နင်နဲ့ လုံးဝမတူအောင် ကူးရေးနိုင်တယ်ဆိုတာ အာမခံတယ်။ ဆရာချင် ဘာကိုမှ ရှာတွေ့မှာ မဟုတ်ဘူး။ နင် စမ်းသပ်ကြည့်ချင်လား။" လင်ချူးဆွေ့က ထမင်းစားတူကို ကောက်ကိုင်ကာ အမဲသားတစ်ဖတ် ညှပ်ယူလိုက်သည်။


ရှောက်ယန်က သူမနှင့် ငြင်းခုန်ရန် ပျင်းရိနေသည်။ သူက ဆိုင်ပိတ်သည့် ဘုတ်ပြားလေးကို ချိတ်ဆွဲလိုက်ပြီး ကောင်တာအား သန့်ရှင်းရေး လုပ်နေသည်။ "မင်း ငါ့ရဲ့ အိမ်စာကို ကူးချင်ရင် ရတယ်။ ဒါပေမယ့် မင်း ငါ့ကို ကတိတစ်ခု ပေးရမယ်။" 


စည်းကမ်းအကြီးဆုံး ထိပ်တန်းကျောင်းသား ရှောက်ယန်က သူမနှင့် အမှန်တကယ် အပေးအယူလုပ်လာသည်။ လင်ချူးဆွေ့သည် သူက သူမအား ဘာကို ကတိပေးစေချင်လဲ ဝေဝေဝါးဝါး ခန့်မှန်းမိသည်။

 

သူမက ခေါင်းကို ငုံ့ကာ အချစ်အပြည့်နှင့် အမဲသားဟော့ပေါ့ပန်းကန်အား ကြည့်ရင်း မေးလိုက်သည်။ "နင် ငါ့ကို အဲဒီလောက်တောင် လိုချင်နေတာလား။" 

 

ရှောက်ယန် : "..."


မိန်းမငယ်လေးက အနည်းငယ် ရှက်ရွံ့ဟန်ရှိပြီး ပါးပြင်လေးများက နီရဲလာသည်။ "အိမ်စာရဲ့ ဆွဲဆောင်မှုက အရမ်းကောင်းတယ်ဆိုတာ ဝန်ခံတယ်။ ဒါပေမယ့် ငါက စည်းရှိတဲ့လူပါ။ ငါ့မှာ ဆက်ဆံရေးတစ်ခု တည်ဆောက်ချင်နေတဲ့ စိတ်အခြေအနေမျိုး မရှိဘူး။ အဲဒါကြောင့် နင် ငါ့အပေါ် မျှော်လင့်ချက် ထပ်မထားတော့တာ ပိုကောင်းမယ်။ ငါ နင့်ကို တုန့်ပြန်လာမယ်လို့ မထင်ထားနဲ့။ နင်က တကယ် ကောင်းတဲ့သူပါ။ နင် ပျော်ရွှင်မှုကို ရှာတွေ့မယ်လို့ မျှော်လင့်ပါတယ်။" 

 

"မင်း ပြောလို့ပြီးပြီလား။" 


လင်ချူးဆွေ့က အသက်ပြင်းပြင်းရှူကာ ခေါင်းညိတ်၍ အလွန်ရိုးသားစွာ ပြောလိုက်သည်။ "ရပြီ။ နင် အခု ပြောလို့ရပြီ။" 


"ဆေးလိပ်ဖြတ်လိုက်။ အဲဒါဆို ငါ မင်းကို ငါ့အိမ်စာ ကူးခွင့်ပေးမယ်။"


လင်ချူးဆွေ့ : ?


"ဆေးလိပ်ဖြတ်လိုက်။ ငါ မင်းအတွက် အိမ်စာလုပ်ပေးမယ်။" ရှောက်ယန် ပြောလိုက်သည်နှင့် လင်ချူးဆွေ့က တောင့်တင်းသွားတော့သည်။ 


သူမသည် အလွန် ရှက်ရွံ့သွားသောကြောင့် ကျင်းတစ်ခုတူး၍ပင် ဝင်ပုန်းချင်နေပြီး သို့မဟုတ်ပါကလည်း နေရာ၌ပင် ချက်ချင်း သေသွားချင်ပေသည်။


"ငါ နင့်ကို ငါ့အိမ်စာတွေ လုပ်ပေးစေချင်နေတယ်လို့ ဘယ်သူပြောလဲ။" သူမက ဒေါသတကြီး ပြောလိုက်သည်။ "နင့်အဆင့်တွေက ထိပ်တန်းဖြစ်တော့ရော ဘာဖြစ်လဲ။ အဲဒါနဲ့ပဲ နင့်မှာ လူတွေကို လှောင်ဖို့ အခွင့်အရေး ရှိလို့လား။" 


သူမ၏ ဒေါသထွက်နေသည့် အမူအရာက ရှောက်ယန်အား ရယ်မောသွားစေသည်။ "ငါ ဘယ်တုန်းက မင်းကို လှောင်မိလို့လဲ။" 


"နင်က အမြဲတမ်း ငါ့ကို လှောင်နေတာပဲလေ။" 


ရုတ်တရက် ရှောက်ယန်၏ ချောမောသော မျက်နှာက သူမအနားသို့ တိုးကပ်လာသည်။ 


လင်ချူးဆွေ့က အလွန် ထိတ်လန့်ပူပန်သွားပြီး နောက်သို့ ဆုတ်သွားခဲ့သည်။ "နင် ဘာ... ဘာလုပ်တာလဲ။" 


ရှောင်ယန်က နီးကပ်သည်အထိ ရွေ့လျားလာပြီး သူ့လက်များက သူမ၏ အိတ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။ 


သူက သူမကို နမ်းတော့မည်ဟု တွေးလိုက်မိပြီး နှုတ်ခမ်းများကို တင်းတင်းစေ့၍ မျက်လုံးများအား မှိတ်ပစ်လိုက်သည်။ 


သို့သော် သူက သူမ၏ အိတ်ထဲမှနေ၍ ဆေးလိပ်နှင့် မီးခြစ်ကို ထုတ်ယူသွားရုံသာဖြစ်ပြီး ၎င်းတို့ကို စားပွဲပေါ်သို့ တင်လိုက်၏။ 


အချိန်တချို့ကြာပြီးနောက် လင်ချူးဆွေ့က သူမ မျက်လုံးများကို ဖွင့်လိုက်သည်။


သူက တခြား ထိုင်ခုံပေါ်သို့ ပေါ့ပါးစွာ ထိုင်ချလိုက်ပြီး ရှောက်ယန်၏ မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်မလာဘဲ မနေနိုင်တော့ပေ။ ထိုအပြုံးက ဆောင်းဦးလမင်းနှင့် လေပြေညင်းကဲ့သို့ပင်။


"အခု ဒါကိုမှ လှောင်တာကို ခေါ်ရမယ် ထင်တယ်။" 


စားပွဲပေါ်မှ စီးကရက်ဘူးကို မြင်သည့်အခါ လင်ချူးဆွေ့က သူမ နားလည်မှုလွဲသွားကြောင်း သိလိုက်သည်။ သူမ၏ ပါးပြင်များက ပို၍ပင် နီရဲလာသည်။ "ရှောက်ယန် ငါ အခု နင့်ကို မုန်းတယ်လို့ တရားဝင်ကြေညာလိုက်ပြီ။" 


"ဂရုမစိုက်ဘူး။" ရှောက်ယန်က သူ၏ လက်ချောင်းသွယ်သွယ်များနှင့် လှပသည့်စတီးမီးခြစ်ကို ထိတွေ့နေရင်း ပေါ့ပါးစွာ သိမ်းလိုက်သည်။ "သိမ်းလိုက်ပြီ။"   


လင်ချူးဆွေ့က နှုတ်ခမ်းစူလိုက်ပြီး ဂရုမစိုက်သည့်ဟန်ဆောင်လိုက်သည်။ "အဲဒါဆိုလည်း ယူလိုက်။"


ဘယ်လိုပဲဖြစ်ဖြစ် သူမက ထပ်၍ ဝယ်ယူနိုင်ပေသည်။ 


စိတ်တိုစွာဖြင့် လင်ချူးဆွေ့က အကြည့်လွှဲလိုက်ပြီး သူမ၏ ဟော့ပေါ့ကို စတင်စားသောက်တော့သည်။ အရသာက အလွန် ကောင်းမွန်ပြီး အနံ့က မွှေးပျံ့ကာ စပ်သည့်အရသာလည်း စွက်နေသည်။ 


သို့သော် အမဲသားသုံးဖတ်လောက် စားပြီးနောက် အစပ်အရသာကြောင့် သူမ၏ ဖြူဖျော့သော မျက်နှာက အနီရောင်ပြောင်းလာပေသည်။ 


ရှောက်ယန်က သူမကို အေးစက်စက် ကြည့်လိုက်သည်။ "အရမ်းစပ်လို့လား။"  


"အင်း နည်းနည်းပေါ့။" 


"ငါ ဘာအစပ်မှ ထပ်မထည့်ထားဘူး။ အဲဒါ စွပ်ပြုတ်ရည်က မူလအစပ်အရသာဖြစ်မယ်။ အရမ်းမစပ်လောက်ပါဘူး။" 


"ငါ..." 


သူမ၏ အသက်ရှူနှုန်းက မြန်လာပြီး ချွေးသီးချွေးပေါက်များ ထွက်လာကာ သူမ၏ နီရဲနေသော လျှာကို ထုတ်၍ လက်ဖြင့် ယပ်ခတ်လိုက်သည်။ "ငါက အစပ် လုံးဝ မစားနိုင်ဘူး.... ဟူး... ဟူး..."


ရှောက်ယန်က သူမ၏ ဟော့ပေါ့ပန်းကန်ကို ယူလိုက်သော်လည်း လင်ချူးဆွေ့က သူမ၏ အစားအသောက်ကို စောင့်ရှောက်နေသည့် ယုန်လေးတစ်ကောင်ကဲ့သို့ ပြုမူလာသည်။ "ဟေး" 


"ငါ မင်းအတွက် အသစ်လုပ်ပေးမယ်။" 


"မလိုပါဘူး။" လင်ချူးဆွေ့က ပြောလိုက်ပြီး အမဲသားနောက်တစ်ဖတ် စားလိုက်သည်။ "နင်က အရမ်းကောက်ကျစ်တာပဲ။ ငါ နောက်တစ်ပန်းကန် ထပ်ဝယ်စားရအောင် တမင်သက်သက် ငရုတ်သီး ထည့်ထားတာမလား။ ငါ စားနိုင်တယ်။" 


သူမ နဖူးထက်မှ ချွေးသီးချွေးပေါက်များကို မြင်ပြီး ရှောက်ယန်က သည်းမခံနိုင်တော့ပေ။ "ငါ မင်းအတွက် အစပ်ပျော့တဲ့ ပန်းကန်အသစ်လုပ်ပေးမယ်။ ပိုက်ဆံပေးစရာမလိုဘူး။" 


"အဲဒါ ပိုက်ဆံကြောင့် မဟုတ်ဘူး။ ငါက ဒီအတိုင်း... အစားအသောက်ကို အလဟဿ မဖြစ်ချင်လို့။ ငါ့အဖေက အစားအသောက်ကို ဖြုန်းတီးတာက ရှက်ဖို့ကောင်းတယ်လို့ ပြောတယ်။" 


လင်ချူးဆွေ့က မည်သည့်အရာမှ မချို့တဲ့နေသည့် ငွေကြေးဥစ္စာပြည့်စုံသော အချစ်ခံ မိန်းကလေး ဖြစ်သည်။ သို့သော် သူမသည် ရှောက်ယန်က စကော်လာရှစ်ရအောင် ကြိုးစားခဲ့ရပြီး သူ၏ ကျူရှင်စရိတ်များကို လုံလောက်ရုံသာ ရှိကာ ကျောင်းဆင်းပြီးနောက် အမျိုးမျိုးသော အလုပ်များ လုပ်ရကြောင်း သိရှိပေသည်။ 


သူမရှေ့မှ အပြည့်ရှိနေသည့် ဟော့ပေါ့ပန်းကန်ကို ကြည့်လိုက်ပြီး ရှောက်ယန်က သူမအတွက် ကောင်းမွန်သည့် အမဲသားအပိုင်းများကို ချက်ပြုတ်ပေးခဲ့သည်အား သိရှိလိုက်ပေသည်။ လင်ချူးဆွေ့၏ လေ့လာနိုင်စွမ်းအားက သိပ်မကောင်းသော်လည်း သူမက တုံးအမနေပေ။ 


သူမက အစားကြူးဟန် ဆက်လက်စားသောက်နေပြီး ထိုအနည်းငယ်မျှသော အစပ်က သည်းမခံနိုင်လောက်အောင် မဟုတ်သော်လည်း သူမသည် ယခင်က စပ်သည့် အစားအသောက်များကို တစ်ခါမှ မစားဖူးသည့်အတွက် အနည်းငယ် ချိန်ညှိရန် လိုအပ်ပေသည်။


ရှောက်ယန်က သူမကို နက်ရှိုင်းစွာ ကြည့်လိုက်သည်။ အချိန်တချို့ ကြာပြီးနောက် သူက လက်ကို ဆန့်ထုတ်ကာ သူမ၏ ပန်းကန်ကို ယူလိုက်သည်။ "စားနေတာကို ရပ်လိုက်တော့။" 


"နင်--"


သူမ မတုန့်ပြန်နိုင်ခင် သူမသည် ရှောက်ယန်က သူမ စားလက်စတူကို ကောက်ကိုင်ကာ သူမကျန်သည့် စားစရာများကို ဆက်၍ စားသောက်နေကြောင်း မြင်လိုက်ရသည်။ 


သူက ကျော့ရှင်းစွာ စားသောက်နေပြီး သူမ စားသောက်ပြီးသားဖြစ်နေသည်ကို နည်းနည်းမှ ဂရုမစိုက်ပုံရသည်။ 


"ဒီလောက်က.... စပ်တာလား။" 


ရှောက်ယန်၏ စကားကြောင့် လင်ချူးဆွေ့က အံ့သြမှင်တက်သွားသည်။ 


၎င်းက စပ်လားမစပ်လားဟူသည့် အကြောင်းအရာမျိုး မဟုတ်တော့ပေ။ 


"နင် ဘာလို့ ငါ့အကျန်တွေ စားနေရတာလဲ။"


"ဖြုန်းတီးမိတာကို ရှောင်ဖို့လေ။" 


"ဒါပေမယ့်.... ငါတို့က မရင်းနှီးဘူးလေ ဟုတ်တယ်မလား။"


"ဟမ်..." 


လင်ချူးဆွေ့၏ မျက်နှာက ရဲရဲတောက်နေပြီး တစ်ဝက်က အစပ်ကြောင့်ဖြစ်ကာ ကျန်တစ်ဝက် ရှက်ရွံ့မှုကြောင့် ဖြစ်သည်။ "နင်က ငါ့အကျန်တွေကို စားနေတာ အဲဒါက သွယ်ဝိုက်အနမ်းနဲ့ မတူဘူးလား။" 


ရှောက်ယန်က နက်ရှိုင်းသော အကြည့်တို့နှင့် သူမကို မော့ကြည့်လိုက်သည်။ သူ၏ လှပသော မျက်လုံးများက နူးညံ့တို့ဖြင့် တောက်ပနေပြီး ယခင်ကကဲ့သို့ သီးခြားဆန်၍ အေးစက်မှုတို့က ပျောက်ဆုံးနေပုံရသည်။ 


သူ၏ အကြည့်များနှင့် ဆုံလိုက်သည့်အခါ လင်ချူးဆွေ့သည် မူးဝေသွားကာ သူမ ခန္ဓာကိုယ်တွင် ဓာတ်လိုက်သွားသလို ခံစားချက်က အရေပြားပေါ်တလျှောက် ရှပ်ပြေးသွားသည်။


အချိန်အကြာကြီး တိတ်ဆိတ်သွားပြီးနောက် သူမသည် ရှောက်ယန်၏ နှုတ်ခမ်းထောင့်၌ ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ဖြစ်ပေါ်လာသည်ကို မြင်လိုက်ရသည်။ "ဘာပဲဖြစ်ဖြစ် မင်းက ငါ့ရဲ့ နတ်ဘုရားမပဲလေ။" 


"..."


ရှောက်ယန်က ထရပ်လိုက်ပြီး ကောင်တာသို့ လျှောက်သွားကာ လင်ချူးဆွေ့အတွက် အစပ်လုံးဝမပါသည့် အသစ်တစ်ပွဲလုပ်ပေးလိုက်သည်။ 


လင်ချူးဆွေ့က ဖုန်းကို ထုတ်ယူကာ အုပ်စုစကားပြောခန်းအတွင်း ပေါက်ကွဲထွက်နေသည့် အီမိုဂျီများ တသီတတန်းကြီး ပို့လိုက်သည်။ 


လုချီ : "ဝတုတ်မလေး မင်း အရူးထနေပြန်ပြီလား။" 


လင်ချူးဆွေ့ : "ကျောင်းနတ်ဘုရားက အခု ငါ့ကို တကယ်ချစ်နေတာ။ မဟုတ်ဘူး.... ချစ်ရုံတင် မဟုတ်ဘူး။ အရူးအမူး အသည်းအသန်ကို ချစ်နေတာတဲ့။ အာ.... ငါ့ရဲ့ သေစေလောက်တဲ့ ဆွဲဆောင်မှုကတော့...."


လုချီ : "သူက မင်းကို ချစ်ခွင့်ပန်လို့လား။" 


လင်ချူးဆွေ့ : "မဟုတ်ဘူး။ အဲဒီလောက်ထိ မဟုတ်ဘူး။ ဒါပေမယ့် ငါက သူ့ရဲ့ နတ်ဘုရားမလို့ သူ ဝန်ခံခဲ့တယ်။ ပြီးတော့ သူက ငါ့ကို နမ်းတောင်နမ်းချင်သေးတယ်။" 


လုထျန်းပိုင် : "အဲဒီတော့ နင်က ကျောင်းနတ်ဘုရားရဲ့ နတ်ဘုရားမ ဖြစ်လာဖို့အထိ ကံကောင်းတာပဲ အချစ်လေး။" 


အချောအလှလေးများ အဖွဲ့ဝင်အနေနှင့် လုထျန်းပိုင်က လင်ချူးဆွေ့၏ ဘဝင်မြင့်နေမှုကို အဆုံးစွန်ဖြစ်လာအောင် မြှောက်ပေးနေသည်။ သူမက အလွန်ပျော်ရွှင်နေ၏။ 


"အဟွတ် low-key လေးပဲ နေရအောင်။"


လုချီ : "ညီမလေးနတ်ဘုရားမရေ မင်းရဲ့ ကျောင်းနတ်ဘုရားဖန်ဘွိုင်းလေးဆီကနေ အိမ်စာတွေရခဲ့ရင် မျှပေးနိုင်မလား။" 


လင်ချူးဆွေ့ : "အရှက်မရှိလိုက်တာ။" 


သူမက မက်ဆေ့ချ်ပို့ပြီးနောက် ရှောက်ယန်ကို ထပ်၍ ခိုးကြည့်လိုက်သည်။ ရှောက်ယန် အလုပ်ရှုပ်နေဆဲ ဖြစ်သည်ကို မြင်သည့်အခါ သူမက သူ၏ သင်္ချာအိမ်စာစာအုပ်ကို အမြန်ဖွင့်ကာ ဓာတ်ပုံတချို့ ရိုက်ယူပြီး အုပ်စုစကားပြောခန်းထဲသို့ ပို့ပေးလိုက်သည်။


လုချီ : "သေစမ်း မင်း တကယ် ရနိုင်တာပဲ။ မင်းတို့နှစ်ယောက် အခု အတူရှိနေတာလား။" 


လင်ချူးဆွေ့ : "ဟုတ်တယ်။ သူက အခု ငါ စားဖို့ ချက်ပေးနေတယ်။"


လုချီ : "OMG."


လုထျန်းပိုင် : "OMG +1"


ကျန်းချန်ယွီ : "စားသောက်ပြီးရင် နောက်တစ်ဆင့်က....? [စိတ်ရှုပ်နေတဲ့အီမိုဂျီ]"

***