Ch-1
Viewers 155

အခန်း (၁)  နန်းတွင်းထဲကိုငါဝင်မယ်


"သခင်မလေး... သခင်ကြီးနဲ့ သခင်လေးတို့ ပြန်ရောက်လာကြပါပြီ။ သခင်မကြီးက သခင်မလေးကို ထမင်းစားဖို့ လာခေါ်ခိုင်းလိုက်ပါတယ်" ဟု အဆောင်မကြီးဘက်မှ ရောက်ရှိလာသော အစေခံမလေးက လာရောက်ပြောကြားလေသည်။
ရှေးဟောင်းဟန် အခန်းလေးထဲတွင် ရှန့်လင်းသည် ကြေးမုံပြင်ရှေ့၌ ထိုင်နေပြီး အစေခံမလေးက သူမ၏ဆံနွယ်များကို ဖြီးသင်ပေးနေစဉ် "အင်း... သိပြီ" ဟု ပြန်လည်ဖြေကြားလိုက်သည်။
သူမ လှုပ်မရွေ့ဘဲ ရပ်နေသည်ကို အစေခံမလေး သတိပြုမိသွားသောအခါ အလောတကြီး တိုက်တွန်းလေတော့သည်။ "သခင်မကြီးက အမြန်လာဖို့ မှာလိုက်ပါတယ်။ အလှပြင်ချင်တယ်ဆိုရင်လည်း ထမင်းစားပြီးမှ အခန်းထဲပြန်သွားပြီး ပြင်လို့ရတာပဲ၊ အခု ဘာလို့ အချိန်ဖြုန်းနေတော့မှာလဲ"
ရှန်လင်းက "ဒါက မိသားစုနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံတာဆိုတော့ ကျွန်မဘက်က သေချာလေး ပြင်ဆင်ဝတ်ဆင်သင့်တာပေါ့။ သင့်လျော်တဲ့ ဝတ်စားဆင်ယင်မှု စည်းမျဉ်းတွေအကြောင်းကို အထိန်းတော်ကြီး¹က သင်ပေးထားခဲ့တာ မဟုတ်လား" ဟု ဆိုလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ အစေခံမလေးမှာလည်း ထပ်မံ၍ အတင်းအကျပ် မဆိုတော့ပေ။
ရှန်လင်းသည် ခေါင်းငုံ့ထားရင်း ဘယ်သူမှမမြင်နိုင်အောင် မျက်လုံးတစ်ချက် လှည့်လိုက်သည်။ သူမ ရှန်အိမ်တော်သို့ ရောက်ရှိနေသည်မှာ လဝက်ခန့် ရှိပြီဖြစ်သည်။ ယခင်ဘဝတုန်းက သူမသည် ဝမ်းရေးအတွက် နေ့မနားညမနား အလုပ်လုပ်ကာ ပင်ပန်းဆင်းရဲစွာ ရုန်းကန်ခဲ့ရသည့် သာမန်မိန်းကလေးတစ်ဦးသာ ဖြစ်သည်။ တစ်ညတွင် အမှိုက်ထွက်ပစ်စဉ် လှေကားပေါ်၌ ဖိတ်စင်နေသောရေကို နင်းမိကာ ချော်လဲပြီး သေဆုံးသွားခဲ့ရသည်။ ပြန်နိုးလာသည့်အခါ ဤကမ္ဘာသို့ ရောက်ရှိနေတော့သည်။ မကြာမီမှာပင် သူမသည် "အစစ်နှင့် အတု" သခင်မလေးနှစ်ဦးအကြောင်း ရေးသားထားသည့် ဝတ္ထုတစ်ပုဒ်ထဲသို့ ကူးပြောင်းရောက်ရှိလာခြင်းဖြစ်ကြောင်း နားလည်သွားခဲ့လေသည်။
ဝတ္ထုထဲတွင် သူမသည် မင်းသမီး၏ ကိုယ်ရောင်ကိုယ်ဝါကို အမြဲတမ်း ပိုမိုထင်ရှားပေါ်လွင်စေသည့် ယုတ်မာရက်စက်သော ဇာတ်ပို့တစ်ဦး ဖြစ်ခဲ့သည်။ သူမသည် ရိုင်းစိုင်းပြီး စိတ်နေစိတ်ထား ယုတ်မာသူဖြစ်ကာ မင်းသမီးကို နည်းမျိုးစုံဖြင့် ကြံစည်တိုက်ခိုက်ခဲ့သော်လည်း နောက်ဆုံးတွင်မူ ကံကြမ္မာဆိုးနှင့်သာ နိဂုံးချုပ်ခဲ့ရရှာသည်။
သူမ မွေးဖွားစကပင် ရှန်မိသားစု၏ မျက်နှာသာပေးခံရသော ကိုယ်လုပ်တော်တစ်ဦးက သူမအား ကျေးလက်တောရွာမှ ကလေးတစ်ဦးနှင့် မသမာသောစိတ်ဖြင့် လဲလှယ်ပစ်ခဲ့သည်။ ထိုလျှို့ဝှက်ချက်မှာ ကိုယ်လုပ်တော်၏မောင်ဖြစ်သူက ပြစ်မှုကျူးလွန်ခဲ့သဖြင့် ဆောင်းဦးပေါက်တွင် ကွပ်မျက်ခံရတော့မည့်အချိန်မှသာ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ ရှန်ကတော့်ထံမှ အကူအညီတောင်းခံ၍ မရတော့သည့်အဆုံးတွင် ကိုယ်လုပ်တော်သည် ကလေးလဲလှယ်ခဲ့သည့် အကြောင်းစုံကို ဖွင့်ချကာ လက်စားချေလိုက်လေတော့သည်။
ရှန်မိသားစုသည် မိမိတို့၏ သွေးသားရင်းချာကို အပြင်မှာ အပျောက်အပျက်မခံနိုင်သဖြင့် သူမကို ပြန်ခေါ်ရန် နယ်သို့ လူလွှတ်ခဲ့ကြသည်။ သို့သော် ရှန်မိသားစု၏ တင်းကျပ်လှသော စည်းမျဉ်းစည်းကမ်းများက သူမ၏ ဗီဇစရိုက်နှင့် လုံးဝကို ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။ ရှန်မိသားစု၏ အလိုလိုက်ယုယမှုကို နှစ်ပေါင်းများစွာ ရရှိထားသည့် ရှင်ရှီးနှင့် နှိုင်းယှဉ်ပါက သူမမှာ တုံးအအ၊ ကြမ်းတမ်းပြီး အဆင့်အတန်းမရှိသူတစ်ဦးကဲ့သို့ ဖြစ်နေသဖြင့် ရှန်မိသားစုကလည်း သူမကို အမြင်မကြည် ဖြစ်လာခဲ့ကြသည်။
တစ်ဖက်တွင်လည်း ဇာတ်လိုက်မင်းသမီး ရှန်ရှီးမှာမူ သူမ၏ နောက်ခံသမိုင်းကြောင်း ပေါ်ပေါက်သွားခဲ့သော်လည်း အဝေးသို့ နှင်ထုတ်ခြင်း မခံရပေ။ သူမသည် ရှန်မိသားစု၏ သနားဂရုဏာများအောက်တွင် ရတနာတစ်ပါးကဲ့သို့ အဖိုးတန်စွာ ဆက်ဆံခံရလျက် ထိုအိမ်၌ပင် ဆက်လက်နေထိုင်ခဲ့သည်။ နောက်ဆုံးတွင်မူ သူမသည် ရှန်မိသားစု၏ သားအရင်းဖြစ်သူ ဇာတ်လိုက်မင်းသား ရှန်ကျင်ရှို့နှင့် လက်ထပ်ထိမ်းမြားခဲ့လေသည်။
ရှန်မိသားစုက တကယ်ပဲ ဤမျှအထိ ရူးမိုက်ကြသလားဟု ရှန်လင်းမတွေးဘဲ မနေနိုင် ဖြစ်မိသည်။ မိမိ၏ သမီးအရင်းကို စွန့်ပယ်ပြီး ကိုယ့်သွေးသားပင် မဟုတ်သူကိုမှ အသည်းစွဲ အလိုလိုက်နေကြသည်မှာ အံ့ဩစရာပင်။
နောက်ဆုံးတွင် သူမအား ရှန်အိမ်တော်သို့ ပြန်လည်ခေါ်ဆောင်လာခဲ့သော်လည်း မိသားစုဝင်များနှင့်ပင် တွေ့ဆုံခွင့်မပေးဘဲ ကျင့်ဝတ်နီတိများ သင်ယူရန် အိမ်တော်အကြီးအကဲထံသို့ တိုက်ရိုက်ပို့ဆောင် 
လိုက်သောအခါ ရှန်လင်းသည် ငြင်းမရသော အမှန်တရားတစ်ခုကို အတည်ပြုလိုက်နိုင်တော့သည်။ ထိုအချက်မှာ ရှန်မိသားစုသည် တကယ်ပင် အသိဉာဏ်ကင်းမဲ့လှသည်ဟူ၍ပင်။ပြင်ဆင်ခြယ်သမှု ပြီးစီးသွားသည်နှင့် ရှန်လင်းသည် သူမအား လမ်းပြခေါ်ဆောင်သွားသော အစေခံမလေးနောက်သို့ လိုက်ပါကာ အဆောင်မကြီးဆီသို့ ထွက်လာခဲ့သည်။ လမ်းတစ်လျှောက်တွင် အခြားသောအစေခံများကလည်း သူမအား မြင်သည်နှင့် "သခင်မလေး" ဟု အရိုအသေပေးကာ နှုတ်ဆက်ကြလေသည်။ ရှန်လင်းသည်လည်း တစ်လမ်းလုံး ယဉ်ကျေးပျူငှာစွာ ပြုံးပြနှုတ်ဆက်ခဲ့၏။ သို့သော် သူမ ကျော်ဖြတ်သွားသည်နှင့် ဝန်ကြီးအိမ်တော်၏ မြင့်မြတ်သော သခင်မလေးတစ်ဦးအဖြစ် အသွင်ပြောင်းသွားသည့် တောသူမလေးအကြောင်းကို နောက်ကွယ်တွင် တိုးတိုးတိုးတိုး အတင်းပြောကြတော့သည်။ ရှန်လင်း၏ စိတ်ထဲတွင်တော့ မေးခွန်းများဖြင့် ပြည့်နှက်နေ၏။ ဤအတင်းအဖျင်းများကို ပြောနေကြသည်မှာ လဝက်ခန့်ပင် ရှိနေပြီ မဟုတ်ပါလား။ သူမမှာ ထိုစကားများကိုပင် အလွတ်ရလုနီးပါး ဖြစ်နေချေပြီ။
အဆောင်မဆောင်သို့ ရောက်ရှိသွားသောအခါ ရှန်လင်းသည် သူမ၏မိခင်ဖြစ်သူ ကျန်းသခင်မကြီးကို တွေ့လိုက်ရလေသည်။ သခင်မကြီးသည် နုနယ်သိမ်မွေ့သော ရုပ်ရည်သွင်ပြင်ရှိပြီး တင့်တယ်ခန့်ညားသော အဝတ်တန်ဆာများကို ဆင်မြန်းထားရာ ကြည့်ရသည်မှာ စည်းစိမ်ချမ်းသာနှင့် အလေးအမြတ်ပြုခံရမှုတို့အကြား နေသားကျနေသည့် ဂုဏ်သရေရှိ အမျိုးသမီးတစ်ဦး၏ အသွင်သဏ္ဌာန်တို့ အပြည့်အဝ ပေါ်လွင်နေတော့သည်။
ရှန်လင်းအထဲသို့ လှမ်းဝင်လိုက်သည့် ခဏမှာပင် မိခင်ဖြစ်သူ၏ အကြည့်နှင့် တည့်တည့်တိုးလေတော့သည်။
ရှန်လင်းက အရင်ဆုံး စကားစလိုက်သည်။
"အမေ။"
ကျန်ဖူးရင်က ခေါင်းညိတ်ပြလိုက်သည်။ "မင်းရဲ့ အမူအကျင့်တွေက အတော်လေး အသင်အပြကောင်းတာပဲ။"
ရှန်လင်းက "...ဒါတွေအားလုံးက နို့ထိန်းရဲ့ ကောင်းမွန်တဲ့ သွန်သင်ဆုံးမမှုတွေကြောင့်ပါ" ဟု ပြန်လည်ဖြေကြားလိုက်သည်။
သို့သော် သူမ၏ စိတ်ထဲ၌မူ ဤသို့ တွေးနေမိလေသည်။
သေသေချာချာ မသင်ယူမိလိုက်လို့ကတော့ ငါပါးရိုက်ခံရမှာပေါ့ နာရမှာကိုတော့ကြောက်သေးတယ်ရယ်
ဒီစကားလုံးငါးလုံးရဲ့ နောက်ကွယ်မှာ ငါဘယ်လောက်တောင် ပေးဆပ်ခဲ့ရလဲဆိုတာ ရှင်သိရဲ့လား အခုတော့ ရှင်က အဲဒီစကားလုံးငါးလုံးတည်းနဲ့ပဲ ပြီးလိုက်တာပေါ့ ...တကယ်ပဲလား။
ရှန်လင်းစိတ်ထဲ မည်သို့တွေးတောနေသည်ကို ကျန်းသခင်မ ရိပ်စားမိခြင်း မရှိပေ။ ထိုစကားတစ်ခွန်း ပြောပြီးသည့်နောက်တွင်မူ သူမသည် နှုတ်ဆိတ်သွားကာ လက်ဖက်ရည်ကိုသာ တစ်ငုံချင်းစီ အသာအယာ မြည်းစမ်းသောက်နေလေတော့သည်။
"...လက်ဖက်ရည်တစ်ခွက် ကုန်အောင်သောက်ဖို့က တကယ်ပဲ ဒီလောက်တောင် ရှုပ်ထွေးနေလို့လား" ဟု ရှန်လင်း တွေးနေမိသည်။
အတန်ကြာသော် အစေခံမလေးတစ်ဦး ရောက်လာပြီး "သခင်မကြီးရှင့်... သခင်ကြီးနဲ့ သခင်လေးတို့ အဝတ်အစားလဲပြီးပါပြီ။ အခု ဒုတိယသခင်မလေးက သူတို့ကို ခေါ်ဆောင်လာနေပါတယ်" ဟု လာရောက်သတင်းပို့လေသည်။
ကျန်းသခင်မကြီးက "အစေခံတွေကို စားသောက်ဖွယ်ရာတွေ စတင်တည်ခင်းခိုင်းလိုက်တော့" ဟု ဆိုလိုက်သည်။
"ဟုတ်ကဲ့။"
ကျန်းသခင်မသည် ရှန်လင်းကို ကြည့်ကာ စိတ်ထဲမှ သက်ပြင်းတစ်ချက်ကို တိတ်တဆိတ် ချလိုက်မိလေသည်။
ထိုစဉ်က ရှီးအာသည် သူမ၏ ရင်သွေးအရင်းအချာ မဟုတ်ဟုဆိုသည်ကို သူမ လုံးဝ မယုံကြည်နိုင်ခဲ့ပေ။ မယားငယ်ဖြစ်သူက လုပ်ကြံဖန်တီး၍ လိမ်လည်နေခြင်းသာ ဖြစ်သည်ဟု သူမ အစဉ်တစိုက် ထင်မှတ်ထားခဲ့သည်။ သို့သော် သခင်ကြီး ကိုယ်တိုင် စစ်ဆေးမေးမြန်းပြီးနောက်တွင်မူ ထိုမယားငယ်၏ စကားများမှာ အမှန်တကယ် ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါအံ့နည်း။ ထိန်းမနိုင်သိမ်းမရ ရှိုက်ကြီးတငင် ငိုကြွေးနေသော ရှီးအာကို ကြည့်ရင်း၊ ရှန်လင်းကို အိမ်သို့ ပြန်၍ပင် မခေါ်ဆောင်လာရသေးမီ ကျန်းသခင်မ၏ စိတ်ထဲ၌ သူမအပေါ် အလိုမကျမှုများ စတင်အမြစ်တွယ်နေခဲ့ပြီ ဖြစ်သည်။
ရှန်လင်း ရှန်အိမ်တော်သို့ ပြန်လည်ရောက်ရှိလာချိန်တွင် သူမအား အမူအကျင့်များ သင်ကြားပေးရသည့် ဆရာမမှာ လဝက်ခန့် အချိန်ယူ လေ့ကျင့်ပေးပြီးမှသာ အတော်အတန် ပုံစံကျသွားလေသည်။ ကျန်းသခင်မကြီးမှာလည်း ရှန်လင်းအပေါ်ထားရှိသည့် အမြင်မှာ ယခင်ကထက် ပို၍ပင် လျော့ကျသွားရပြန်သည်။ ဤမျှ ထုံထိုင်းကာ ဖျင်းအလှသောသူမှာ သူမ၏ ရှီးအာနှင့် မည်သို့မျှ နှိုင်းယှဉ်နိုင်စရာ မရှိပေ။
ကျန်းကတော်က "မကြာခင်မှာ သမီးရဲ့ အဖေနဲ့ အစ်ကိုတို့ကို တွေ့ရတော့မှာပါ။ တစ်ခုခု နားမလည်တာရှိရင်လည်း အစ်မဖြစ်သူနဲ့ များများတိုင်ပင်ပေါ့" ဟု ဆိုသည်။ သူမ၏ မျက်ဝန်းအစုံမှာ ပြုံးယောင်သန်းလျက် တောက်ပနေပြီး "ရှီးအာက စိတ်ထားနူးညံ့ပြီး သဘောထားကြီးတတ်ပါတယ်။ သူက ငယ်ငယ်လေးကတည်းက တို့မိသားစုရဲ့ အသည်းကျော်လေးလေ" ဟု ဆက်၍ ပြောလိုက်သည်။
ရှန်လင်းက ပြုံးလိုက်ပြီး "ကျွန်မရဲ့အစ်မက တကယ်ကို တော်တာပဲ" ဟု ပြောလိုက်သည်။
အင်း၊ လူတစ်ယောက်ကို ကြေမွသွားစေနိုင်လောက်တဲ့အထိပါပဲ။ အဲဒီလောက် လေးလံတဲ့ နှလုံးသားမျိုး တစ်ခါမှ မမြင်ဖူးဘူး။ ဘယ်သူကများ အဲဒီလောက်ကြီးကို တောင့်ခံနိုင်မှာလဲ။
ယခင်က ကျန်းသခင်မသည် ရှန်လင်းနှင့် စကားများများစားစား မပြောဖြစ်ခဲ့ပေ။ သို့သော် ရှန်ရှီးအကြောင်း စကားစပ်မိသည်နှင့်တစ်ပြိုင်နက် ဆည်ကျိုးသွားသကဲ့သို့ပင် သူမ၏စကားများက မရပ်မနား တရစပ် ထွက်ပေါ်လာတော့သည်။
ရှန်လင်းသည် တစ်ချိန်လုံး အပြုံးမျက်နှာတစ်ခုတည်းကိုသာ ဆင်မြန်းထားလေသည်။
ကျန်းမင်းကတော်၏ အကြည့်တို့က နောက်တစ်စက္ကန့်တွင် ရှန်ရှီးကို မြင်တွေ့လိုက်ရသည်နှင့် မိခင်မေတ္တာများ လျှံပယ်ထွက်လာတော့မည့်အလား မျှော်လင့်ချက်အပြည့်ဖြင့် တံခါးဝဆီသို့ စွဲကပ်နေသည်။ သို့သော် အခန်းထဲတွင် အတူရှိနေသည့် ရှန်လင်းကို မြင်လိုက်ရသောအခါတွင်မူ သူမမျက်နှာထက်ရှိ အပြုံးများက မှေးမှိန်ပျောက်ကွယ်သွားလေသည်။
"ငါပြောတဲ့စကားတွေကို မင်းသေချာမှတ်ထားရမယ်" ဟု ကျန်းမိန်းမကြီးက ဆက်ပြောသည်။ "မင်းရဲ့ အမူအကျင့်တွေက ရှီးအာနဲ့ ယှဉ်လို့မရဘူးဆိုတာ ငါသိတယ်၊ ဒါကြောင့်လည်း မင်းကို သင်ကြားပေးဖို့ ထိန်းတော်ကြီးကို လွှတ်လိုက်တာပေါ့။ ဒါပေမဲ့ အခုတော့ မင်းက ရှန်မိသားစုရဲ့ သမီးပျိုတစ်ယောက်ဖြစ်နေပြီ၊ မင်းအဖေကလည်း ရာထူးဌာနဝန်ကြီးတစ်ယောက်ပဲ။ အရင်က အကျင့်စရိုက်တွေကို ဒီအိမ်တော်ထဲအထိ သယ်မလာခဲ့နဲ့၊ ရှန်မိသားစုကို အရှက်ရအောင် မလုပ်နဲ့။"
အပြင်ဘက်မှ ခြေသံများနှင့်အတူ "သခင်ကြီး" ဟု အစေခံများ၏ ခေါ်သံများ ထွက်ပေါ်လာသည်။ ဝန်ထမ်းရေးရာဝန်ကြီးဖြစ်သည့် ဖခင်ဖြစ်သူ ရှန်ခန်းကျန့် ရောက်ရှိလာပြီဖြစ်ကြောင်း ရှန်လင် သိလိုက်လေသည်။
ကျန်းသခင်မက ရှန်လင်းကို ကြည့်ကာ ပြုံးလိုက်သည်။ "သမီးရယ်... အမေ့ရှေ့မှာ ပိုပြီး ပေါ့ပေါ့ပါးပါး နေပါလို့ အမေ ပြောထားတယ် မဟုတ်လား။ သမီးက အမေ့ရဲ့ သမီးအရင်းပဲဟာ။ အခုလိုကြီး စိမ်းစိမ်းကားကား နေနေတာက အမေ့ရင်ကို ပိုပြီး နာကျင်စေတာပေါ့"
"တောက်... တောက်..." ရှန်ခန်းကျန့်၏ ခြေလှမ်းသံများက မဒမ်ကျန်း၏ စကားသံများနှင့်အပြိုင် စည်းချက်ညီညီ ကျရောက်လာသည်။
ရှန်လင့းမျက်နှာအမူအရာမှာ ခန့်မှန်းရခက်လှသည်။
တကယ်ကြီးလား။ ဒီလောက်တောင် ဒရမ်မာခင်းနေတာလား။ အခုပဲ ဇာတ်လမ်းစတော့မလို့လား။
ရှန်ခန်ကျန့်က အထဲသို့ လှမ်းဝင်လာရင်း ရှန်လင်းကို ကြင်နာနွေးထွေးသော မျက်နှာထားဖြင့် ကြည့်လိုက်သည်။ ပညာတတ်ဆန်ပြီး နူးညံ့သိမ်မွေ့သည့် သူက "သမီးက လင်းအာ ဖြစ်ရမယ်။ ငါတို့တွေအားလုံးက မိသားစုဝင်တွေပဲဟာ။ ဒါက သမီးရဲ့ အိမ်ပဲလေ၊ လူစိမ်းလို အားနာနေဖို့ မလိုပါဘူး" ဟု ဆိုလိုက်သည်။
ရှန်လင်းက သူမ၏ ထုံးစံအတိုင်း မပြောင်းလဲသော အပြုံးလေးကို ဆင်မြန်းလိုက်ရင်း "ဟုတ်ကဲ့ပါ ဖေဖေ" ဟု ပြန်ထူးလိုက်သည်။
ဤအခိုက်အတန့်တွင် သူမ လုပ်ဆောင်ရန် လိုအပ်သည်မှာ ပြုံးပြလိုက်ရန်သာ ဖြစ်ပေတော့သည်။
သူမသည် သူ့နောက်ကွယ်ရှိ ရှန်ကျင်ရှို့ဘက်သို့ လှည့်ကာ "အစ်ကို" ဟု လှမ်းခေါ်လိုက်သည်။
ရှန်ကျင်ရှို့၏ မျက်နှာသွင်ပြင်မှာ ရှန်ခန်ကျန့်နှင့် ဆင်တူကာ သန့်ပြန့်ကျော့ရှင်းသည့် အသွင်ရှိသော်လည်း သူ၏မျက်ဝန်းများထဲတွင်မူ ထက်ရှသော အရိပ်အယောင်တို့ ကိန်းအောင်းနေသည်။ သူက ခေါင်းကို အသာအယာညိတ်၍သာ တုံ့ပြန်လိုက်ပြီး "အင်း" ဟု တစ်ခွန်းသာ ဆိုလေသည်။
ရှန်ခန်ကျန့်က သူ့အား တစ်ချက်ဝေ့ကြည့်လိုက်ပြီး "ဒါ မင်းရဲ့ညီမပဲ" ဟု ပြောလိုက်သည်။
ရှန်ကျင်းရှို့သည် သူ့ဘေးနားရှိ ရှန်ရှီးကို အလိုအလျောက် တစ်ချက်
ကြည့်လိုက်မိသည်။ သူမ စိတ်မဆိုးသည်ကို မြင်မှသာ သူက "ညီမလေး" ဟု တိုးတိုးလေး ခေါ်လိုက်လေသည်။
ရှန်ရှီးက နူးညံ့သိမ်မွေ့စွာ ပြုံးလိုက်သည်။ "အစ်မ... အစ်ကို့ကို စိတ်မဆိုးပါနဲ့နော်။ သူ အစ်မကို တမင်သက်သက် မခေါ်တာမဟုတ်ဘူးဆိုတာ ကျွန်မ သိပါတယ်။ သူက အသားမကျသေးလို့ပါ။ အရင်က သူ့ရဲ့ညီမလေးဆိုတာ ကျွန်မပဲ ဖြစ်ခဲ့တာကိုး။ ဒါပေမဲ့ ကျွန်မက အမြဲတမ်း အစ်မတစ်ယောက်လောက် ရှိချင်ခဲ့တာ... အခုတော့ ကျွန်မရဲ့ အိပ်မက်တွေ တကယ်ဖြစ်လာပြီပေါ့။ ကျွန်မ တကယ်ကို ဝမ်းသာပါတယ် အစ်မရယ်"
ရှန်လင်းက "...ညီမလေးကို တွေ့ရတာ အစ်မလည်း ဝမ်းသာပါတယ် ညီမလေး" ဟု ပြောလိုက်သည်။
စကားကို ဘယ်လောက်ပဲ လှလှပပ ပြောနေပါစေဦးတော့၊ မင်းရဲ့ အထေ့အငေါ့တွေကိုတော့ ဖုံးကွယ်ထားလို့ မရပါဘူး။
ငါ မှတ်မိသလောက်ဆိုရင် တို့နှစ်ယောက်က အသက်အတူတူပဲလေ။ အခု နင်က ငါ့ကို 'မမ' လို့ ခေါ်နေတာ... တကယ်ကြီးလား?
ပြီးတော့ စိတ်မပူပါနဲ့၊ ဒီလိုဆိုးပေတဲ့ အစ်ကိုကြီးကို ငါက လုနေမှာမဟုတ်ဘူး။ နင် သူ့ကို သဘောကျတယ်ဆိုရင်လည်း ယူသွားလိုက်ပါ။ ငါကတော့ ဘယ်လိုပဲဖြစ်ဖြစ် သူ့ကို လိုမနေဘူး။
အပြန်အလှန် မိတ်ဆက်ပြီးကြသောအခါ ရှန်ခန်ကျန့်က အားလုံးကို နေရာယူကာ စားသောက်ရန် ဖိတ်ကြားလိုက်သည်။ စားသောက်နေစဉ်အတွင်း အစေခံများက လက်ဆေး၊ ပလုတ်ကျင်းရန် အသုံးအဆောင်များကို ယူဆောင်လာပေးကြရာ ထိုလုပ်ငန်းစဉ်များမှာ အတော်ပင် လက်ဝင်လှသည်။ ရှန်လင်းသည် သခင်မကြီးကျန်း၏ လုပ်ဆောင်ပုံများကို ဂရုတစိုက် အတုယူ လိုက်လုပ်နေခဲ့ရသည်။ နောက်ဆုံးတွင် သူမသည် ထမင်းစားတုတ်ကို ကိုင်ကာ ထမင်းတစ်လုပ်ကို စားနိုင်သည့် အချိန်သို့ ရောက်မှသာ စိတ်သက်သာရာရသွားသည့်အလား သက်ပြင်းရှည်ကြီးတစ်ချက်ကို လွှတ်ခနဲ ချလိုက်မိလေတော့သည်။
အမလေး၊ ဒါကြီးက တကယ့်ကို ခမ်းနားတာပဲ။
"ဖွီး" ခနဲ ရယ်မိပြီးမှ ရှန်ရှီးတစ်ယောက် မိမိအပြုအမူမှာ ရိုင်းပျရာကျသွားမည်ကို သတိပြုမိသွားကာ အားနာဟန်ဖြင့် အလျင်အမြန်ပင် ပြန်လည်ဖြည့်စွက် ပြောကြားလိုက်၏။ "အစ်မ... ဒီဟင်းက 'ဆုန်းလုခွိုက်ယွီ' လို့ ခေါ်တာပါ။ အရသာတွေ လွင့်ပြယ်မသွားအောင် ဘေးဘက်ကနေ အရင်စပြီး မြည်းရတာရှင့်။ အစ်မက စားတာ နည်းနည်း လောသွားလို့ပါ။ ဒီလိုလေး စားရတာ... လာ၊ ညီမ သင်ပေးမယ်။" ပြောပြောဆိုဆိုဖြင့်ပင် သူမက စားပြရင်း လက်တွေ့ပြသပေးလေသည်။
အားလုံး၏ အကြည့်များက သူတို့ထံသို့ ကျရောက်သွားကြသည်။
ရှန်လင်း မှင်တက်သွားသည်။
အာ... တကယ်ကြီးလား။
သူမက ငေးတွေစွာဖြင့် "တကယ်လားဟင်။ ... အားနာလိုက်တာ။ ဒီလောက် အရသာရှိတဲ့ အစားအစာမျိုးကို ကျွန်မ ပထမဆုံးအကြိမ် စားဖူးတာပါ။ ဒါမျိုး တစ်ခါမှ မစားဖူးခဲ့ဘူး။ ငယ်စဉ်ကတည်းက ဆန်ကြမ်း အစာကြမ်းတွေကိုပဲ စားပြီး ကြီးပြင်းခဲ့ရတာ။ စားကောင်းသောက်ဖွယ်ဆိုတာ နှစ်သစ်ကူးလို အချိန်မျိုးမှာမှ နည်းနည်းပါးပါး စားရတာမျိုးပါ။ ဒီလိုနေ့ရက်မျိုးက... ကျွန်မအတွက်တော့ အိပ်မက်တစ်ခုလိုပါပဲ" ဟု ဆိုသည်။
ရှန်ရှီး - "..."
သူမ၏ မျက်နှာအမူအရာမှာ ပျက်ယွင်းလုနီးပါး ဖြစ်နေချေပြီ။
ရှန်လင်းက သူမကို ဤမျှအထိ အဖြစ်ဆိုးအောင် လုပ်ဆောင်ခဲ့သဖြင့် မိသားစုဝင်များက သူမအပေါ် သနားစိတ်ဝင်လာကြမည်မှာ အသေအချာပင်။ ရှန်ရှီးသည် မဒမ်ကျန်းနှင့် ရှန်ခန်ကျန့်တို့ကို တစ်ချက်လှမ်းကြည့်လိုက်ရာ သူတို့နှစ်ဦးစလုံး၏ မျက်နှာထက်တွင် ရှုပ်ထွေးလှသော အမူအရာများ အသီးသီး ရှိနေကြသည်ကို တွေ့လိုက်ရလေသည်။
နှုတ်ခမ်းကို ဖိကိုက်လျက် ရှန်ရှီးက ရှန်ကျင်ရှို့ဘက်သို့ အနည်းငယ် တိုးကပ်သွားပြီး "သမီး တစ်ခုခု မှားပြောမိသွားလို့လားဟင်" ဟု စိုးရိမ်တကြီးဖြင့် သတိထားကာ မေးလိုက်သည်။
ရှန်ကျင်းရှို့၏ အသံမှာ တည်ငြိမ်အေးဆေးကာ စိတ်ကို အေးချမ်းစေသည်။ "ရှီးအာ... ဒါက မင်းနဲ့ ဘာမှ မသက်ဆိုင်ပါဘူး"
သူသည် ရှန်ရှီးကို ငယ်စဉ်ကတည်းက ကြီးပြင်းလာသည်အထိ စောင့်ကြည့်ခဲ့သူ ဖြစ်သည်။ သူမသည် မည်သည့်အခါမျှ စိတ်ပုပ်စိတ်ယုတ်ရှိသူမဟုတ်ဘဲ သူ့ရှေ့တွင်လည်း အမြဲပင် ပွင့်ပွင့်လင်းလင်း ရှိတတ်သည်။ အသစ်တစ်ဖန် ပြန်လည်ရောက်ရှိလာသော ညီမဖြစ်သူ ရှန်လင်ကမူ သူ့အတွက်တော့ ယခုထက်တိုင် ပဟေဠိတစ်ခုသဖွယ် ဖြစ်နေဆဲပင်။
ထို့အပြင် ရှန်လင်း ခုနကပြောခဲ့သည့် စကားများမှာ တကယ်ပင် သူမ၏စိတ်ရင်းမှန် ဟုတ်မဟုတ်ကိုလည်း သူ ဝေခွဲမရ ဖြစ်နေမိသည်။
သူက ရှန်လင်းကို စေ့စေ့စပ်စပ် အကဲခတ်ကြည့်လိုက်သည်။
ရှန်လင်းက ရှန်ကျင်းရှို့၏ စိုက်ကြည့်နေမှုကို သတိမထားမိဟန်ဆောင်နေလိုက်သည်။
ဝအောင်သာ ကြည့်စမ်း။ ငါဟာ ဘယ်လောက်တောင် အပြစ်ဆိုဖွယ်မရှိ လှပနေသလဲဆိုတာ အခုတော့ ရှင်းရှင်းလင်းလင်း မြင်သွားပြီ မဟုတ်လား။ အခုရော... ရှက်မိပြီလား။
ကျန်းသခင်မကြီးက "လင်းအာ... ညည်း ရှီးအာကို လန့်သွားအောင် လုပ်လိုက်တာပဲ" ဟု ဆိုလိုက်သည်။
သူမ၏စကားများက ရှန်ရှီးဘက်သို့ သိသိသာသာ ဘက်လိုက်နေသည်မှာ အမှန်ပင်။
ရှန်လင်းသည် ပျာပျာသလဲဖြစ်သွားသည့် အမူအရာကို လုပ်ယူလိုက်ပြီး အသံကို တင်းတင်းထိန်းကာ "နောက်တစ်ခါ မလုပ်တော့ပါဘူး အမေ" ဟု ဆိုလိုက်သည်။
သူမ၏ နာခံမှုရှိသော လေသံကြောင့် ကျန်းသခင်မကြီးမှာ စိတ်ကျေနပ်သွားကာ "လိမ္မာတဲ့ ကလေးလေးပဲ" ဟု ဆိုလိုက်လေသည်။
ရှန်လင်း၏ နှုတ်ခမ်းအစုံတွင် အပြုံးရိပ်တစ်ခု ထင်ဟပ်သွားပြီး ပါးပြင်လေးများမှာလည်း နီမြန်းသွားလေသည်။ သူမသည် ခေါင်းလေးငုံ့လိုက်ရင်း "အမေ... သမီးက အမေ့ရဲ့ မျက်နှာသာပေးမှုကို တကယ်ပဲ ရရှိထားတာကိုး၊ သမီး တကယ်ကို ဝမ်းသာမိပါတယ်" ဟု ဆိုလိုက်သည်။
ငါ့ပုံစံက ရှက်ကိုးရှက်ကန်းနဲ့ ဘာမှမသိနားမလည်တဲ့ပုံစံမျိုး တကယ်ပဲ ပီပြင်ရဲ့လား။ ငါတော့ အပိုင်ပဲလို့ ထင်တာပဲ။
ရှန်လင်းနှင့် ကျန်းသခင်မကြီးတို့ အပြန်အလှန် ဆက်ဆံနေကြသည်ကို ကြည့်ရင်း ရှန်ရှီး စိတ်ထဲတွင် မသက်မသာ ခံစားလိုက်ရသည်။
ယခင်က သူမသည် မိခင်ဖြစ်သူ၏ တစ်ဦးတည်းသော သမီးဖြစ်ခဲ့သဖြင့် အခြားသူနှင့် အားပြိုင်၍ အရေးပေးခံရရန် မလိုခဲ့ဖူးပေ။ ယခုမူ သူမသည် ရှန်မိသားစု၏ သွေးသားရင်း မဟုတ်ကြောင်းနှင့် မိခင်ဖြစ်သူတွင် အခြားသမီးတစ်ဦး ရှိနေကြောင်း ပေါ်ထွက်လာသည့်အခါတွင်မူ သူမ၏ စိတ်အစဉ်၌ မလုံခြုံမှုဟူသော အသိစိတ်တို့ စိမ့်ဝင်စွဲကပ်လာခဲ့လေတော့သည်။
ရှန်းရှီးက ပြုံးလျက် "မေမေက မျက်နှာလိုက်တာပဲ။ အစ်မကိုကျတော့ အမြဲချီးကျူးပြီး သမီးကိုကျတော့ တစ်ခါမှ မချီးကျူးဘူး။ အဲဒီလိုတော့ မရဘူးလေ၊ သမီးကိုလည်း ချီးကျူးပေးရမယ်။ မဟုတ်ရင်တော့ မေမေ သမီးကို အနိုင်ကျင့်နေတယ်လို့ ဖေဖေနဲ့ အစ်ကို့ကို တိုင်ပြောလိုက်မှာနော်" ဟု ဆိုလိုက်သည်။
ကျန်းသခင်မက လက်ကိုမြှောက်ကာ ရှန်ရှီး၏နဖူးကို သာသာလေး တောက်လိုက်လေသည်။ "မင်းကတော့ တကယ့်ကို ဆိုးတာပဲ။ အန်တီက မင်းကို သိပ်ချစ်လွန်းလို့ ဘယ်လိုလုပ်ပြီး အနိုင်ကျင့်ရက်ပါ့မလဲ။"
ရှန်လင်းသည် ဘေးတစ်ဖက်တွင် ငြိမ်သက်စွာ ထိုင်နေ၏။ သူမ၏ စိတ်အစဉ်၌ ဝမ်းနည်းခြင်းလည်းမရှိ၊ ဝမ်းသာခြင်းလည်းမရှိပေ။
စားသောက်ပြီးနောက် ရှန်ခန်ကျန့်က စာကြည့်ခန်းသို့ သွားကာ ကျန်းသခင်မကြီးမှာ စာရင်းဇယားများ စစ်ဆေးနေ၏။ ရှန်ကျင်ရှို့မှာမူ ရှန်ရှီးနှင့် စကားပြောရန် ကျန်ရစ်ခဲ့သည်။ နုနုနယ်နယ်နှင့် အားကိုးရာမဲ့ပုံစံလေး ဖြစ်နေသော ရှန်းရှီးက ခေါင်းမော့လိုက်ပြီး အရည်လဲ့နေသော မျက်ဝန်းလေးများဖြင့် ရှန်ကျင်ရှို့အား စိုက်ကြည့်လိုက်သည်ကို ရှန်းလင်း မြင်လိုက်ရသည်။ သူမကို ပြန်လည်ကြည့်ရှုနေသော သူ၏ မျက်ဝန်းအစုံတွင်လည်း နူးညံ့သိမ်မွေ့သော အရိပ်အယောင်များ ယှက်သန်းသွားလေသည်။
ရှန်လင်းက မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ပြီး သူတို့နှစ်ဦး၏ အနည်းငယ် ရင်းနှီးလှသော အပြန်အလှန် ဆက်ဆံရေးကို အေးစက်တည်ငြိမ်စွာဖြင့် တိတ်တဆိတ် အကဲခတ်နေလေသည်။
မူရင်းဝတ္ထုဇာတ်လမ်းအရဆိုလျှင် သူမသည် ရှန်ရှီးနှင့် ရှန်ကျင်းရှို့ကြားတွင် ကြားဝင်နှောင့်ယှက်ကာ ရှန်မိသားစုအပါအဝင် အများသူငါ၏ အမုန်းတရားများကို သူမတစ်ဦးတည်း သိမ်းကျုံးယူခဲ့ရမည်ဖြစ်သည်။ ထိုသို့ပြုလုပ်ပေးခြင်းကပင် သူတို့နှစ်ဦးအား ကြီးမားသည့် အတိုက်အခံများမရှိဘဲ အလွယ်တကူ ပေါင်းဖက်သွားစေရန် လမ်းခင်းပေးခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုအခါတွင်မူ သူမသည် ထိုဇာတ်ညွှန်းအတိုင်း လိုက်ပါကပြရန် အစီအစဉ်မရှိတော့ချေ။ ထို့ကြောင့် သူတို့နှစ်ဦးသည် ယခင်ကကဲ့သို့ပင် ပျော်ရွှင်ဖွယ်ကောင်းသော ဇာတ်သိမ်းမျိုးကို ပိုင်ဆိုင်နိုင်ပါဦးမည်လောဟု သူမ တွေးတောနေမိတော့သည်။
......
ရှန်စံအိမ်တော်၌ ကုန်ဆုံးရသော ရှန်လင်၏ နေ့ရက်များမှာ အေးအေးလူလူပင် ရှိလှသည်။ ထိုအတောအတွင်း ရှန်ရှီးက သူမအား စားသောက်ပွဲအချို့သို့ တက်ရောက်ရန် ဖိတ်ခေါ်ခဲ့သော်လည်း ရှန်လင်ကမူ အမြဲတစေ ငြင်းပယ်ခဲ့လေသည်။
ရှန်ရှီးက ဉာဏ်ထက်မြက်သူတစ်ယောက်ဖြစ်သည်။ ဝတ္ထုထဲတွင် သူမသည် ရှန်လင်း၏ ဂုဏ်သတင်းကို နင်းခြေကာ မြို့တော်၏ ချီးကျူးအမွှမ်းတင်ခံရဆုံး 'ရှန်သခင်မလေး' အဖြစ် နာမည်ကျော်ကြားခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ရှန်လင်းသာ အိမ်တော်မှ ထွက်မသွားခဲ့လျှင် ရှန်ရှီးအနေဖြင့် သူမ၏နာမည်ကို အသုံးချကာ ထပ်မံနှိမ်ချရန် နည်းလမ်းရှိတော့မည် မဟုတ်ပေ။
သို့သော် မကြာမီမှာပင် ရှန်ရှီး၏ စေတနာများကို လျစ်လျူရှုပယ်ချရန် ကြံစည်ထားသည့် သူမကိုယ်တိုင်၏ ရိုင်းစိုင်းကြမ်းတမ်းသော အတွေးများကို ရှန်လင်း ပြန်လည်ကြားလိုက်ရလေသည်။
ရှန်းလင် - "..."
သူမ ဘာမှပင် မတုံ့ပြန်နိုင်သေးမီမှာပင် ရှန်ရှီးက သူမ၏ အဆောင်သို့ ရောက်လာကာ တောင်းပန်လေတော့သည်။ ထို့နောက် ရှန်ကျင်ရှို့၏ မေးခွန်းထုတ် စစ်ဆေးမှုများ၊ ကျန်းသခင်မကြီး၏ သတိပေးချက်များနှင့် ရှန်ခန်းကျန့်၏ လုံးဝဥပေက္ခာပြုထားမှုတို့က နေ့စဉ်ရက်ဆက် အချိန်မှန်လှပေရာ ရုံးတက်လက်မှတ်ထိုးခြင်းထက်ပင် ပို၍ တိကျနေပါသေးသည်။
အဆောင်မတော်တွင် ဂါရဝပြုပြီးနောက် ရှန်လင်းသည် ကျန်းသခင်မကြီး၏ ဆူပူကြိမ်းမောင်းမှုများကို ပြန်လည်အမှတ်ရကာ နဖူးကို လက်ဖြင့် အသာအယာ ဖိထားမိတော့သည်။ မဖြစ်သေးဘူး။ ဇာတ်လိုက်မင်းသား၊ မင်းသမီးတို့နှင့်ရော ရှန်အိမ်တော်နှင့်ပါ အဝေးဆုံးသို့ ရှောင်ထွက်သွားနိုင်ရန် နည်းလမ်းတစ်ခုခုကို သူမ ကြံစည်ရမည်။ သူမကတော့ အေးချမ်းရိုးစင်းသည့် ဘဝလေးတစ်ခုကိုသာ ပိုင်ဆိုင်လိုသူ ဖြစ်သည်။ မိမိ၏ သွေးသားများဖြင့် ရေးထိုးရမည့် ဇာတ်ကွက်မျိုးတွင် ပါဝင်ရန် သူမဆီမှာ အနည်းငယ်မျှလေးတောင် စိတ်ဆန္ဒမရှိပါချေ။
ကျန်းသခင်မကြီးက အိမ်တော်၏ အရှင်သခင်မအဖြစ် အိမ်တွင်းရေးအလုံးစုံကို စီမံခန့်ခွဲနေသူဖြစ်ရာ မိမိနှင့်ပတ်သက်၍ ပျံ့နှံ့နေသော ကောလာဟလများကို ကျန်းသခင်မကြီး မသိဘဲနေမည်ဟု ရှန်လင်း လုံးဝမယုံကြည်ပေ။ ကျန်းသခင်မကြီးမှာ အားကိုးထိုက်သူတစ်ဦး မဟုတ်ခဲ့ပေ။
သူမ မိမိကိုယ်ကိုယ် ကယ်တင်ရပေတော့မည်။
ထိုစဉ်မှာပင် နန်းတွင်းအပျိုတော် ရွေးချယ်မည့်သတင်း အိမ်တော်သို့ ရောက်ရှိလာရာ ရှန်လင်း၏ မျက်ဝန်းများမှာ ဝင်းခနဲ အရောင်တောက်သွားတော့သည်။
ဟုတ်သားပဲ! သူမ နန်းတော်ထဲ ဝင်သွားနိုင်သည် မဟုတ်ပါလား။ နန်းတွင်းသို့ ရောက်ရှိသွားသည့်တိုင်အောင် ထိုကဲ့သို့ အဓိပ္ပာယ်မရှိသော ပြဇာတ်ဆိုးကြီးက သူမနောက်သို့ တကောက်ကောက် လိုက်ပါလာနိုင်ဦးမည်ဟု သူမ လုံးဝ မယုံကြည်နိုင်ပါချေ။
နန်းတော်ကို ရည်မှန်းချက်ထားပြီးနောက် ရှန်လင်းသည် အချိန်ဆွဲမနေဘဲ လျင်မြန်စွာ လှုပ်ရှားလေတော့သည်။ သူမသည် အမှုထမ်းဝန်ကြီး၏ သမီးဖြစ်သူဟူသော အမည်နာမကို အသုံးချကာ နန်းတွင်းသို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သည်။ ရှန်မိသားစုက တစ်ခုခု ထူးခြားနေသည်ကို ရိပ်မိချိန်တွင်မူ သူမသည် ပဏာမလူရွေးချယ်ပွဲ အောင်မြင်သွားပြီဟူသော သတင်းကိုသာ လက်ခံရရှိလိုက်ရလေတော့သည်။
________________
Author note
စာကြောင်းအစမှာ လေးခံထားတာက ဇာတ်လိုက်မင်းသမီးရဲ့အတွေးပါနော် 
ဇာတ်လိုက်ကမင်းသမီးရဲ့အတွေးတွေကိုဖတ်နိုင်တယ်ဆိုတာကခံထားတာလေးကိုပဲဖတ်နိုင်တာပါ
ပြီးတော့ system တွေလည်းမပါတာမို့မင်းသားကသူ့စိတ်ကိုဖတ်နိုင်တာကိုလည်းမင်းသမီးကမသိပါဘူး
.....