Ch-2
Viewers 151

အခန်း (၂) ခွေးဧကရာဇ်


ရှန်လင်းသည် ကနဦးရွေးချယ်မှုကို ချောချောမောမောပင် ကျော်ဖြတ်နိုင်ခဲ့သည်။ နန်းတော်တွင်း၌ ရက်အနည်းငယ်မျှ နေထိုင်ပြီးနောက်တွင်မူ ၎င်းတို့အား ခစားဝင်ရန် ဧကရာဇ်မင်းမြတ်က အမိန့်တော်ဖြင့် ဆင့်ခေါ်လိုက်လေတော့သည်။


နန်းတွင်းအပျိုတော်များသည် ကိုယ်လုပ်တော်လောင်း မိန်းမပျိုအားလုံးကို ၎င်းတို့တည်းခိုရာဆောင်မှသည် အရှင်မင်းကြီး စောင့်ကြိုနေသော နေရာဆီသို့ ဦးဆောင်ခေါ်သွားကြသည်။ ခန့်ညားထည်ဝါလှသော နန်းတော်ကြီးမှာ မားမားမတ်မတ် တည်ရှိနေပြီး နံရံနီနီများနှင့် ကြွေပြားများမှာ တလက်လက် တောက်ပနေကာ လမ်းမကြီးများမှာလည်း ကျယ်ဝန်းဖြောင့်တန်းလှသည်။ မြင်ကွင်းတစ်ခုလုံးမှာ ကြီးကျယ်ခမ်းနား၍ အရှိန်အဝါ ကြီးမားလှပေသည်။ လမ်းတစ်လျှောက်တွင် ချပ်ဝတ်တန်ဆာ ဆင်မြန်းထားသော အစောင့်စစ်သည်များမှာ စီတန်းရပ်နေကြပြီး သတ်ဖြတ်လိုသည့် အငွေ့အသက်များ လွှမ်းခြုံနေသည်။ ရှန်လင်သည် တစ်လမ်းလုံးတွင် စကားပြောသံတစ်ခွန်းမျှ မကြားခဲ့ရပေ။


သူမက အလယ်ဗဟိုတွင် ရှိနေသည်။ သူမ၏ အမြင်တွင်မူ ရှေ့မှလူအုပ်၏ ဦးခေါင်းများမှာ မည်းမှောင်၍ လှိုင်းတံပိုးထနေသော လူပင်လယ်ကြီးသဖွယ် ဖြစ်နေသည်။ လေထုက ဖိအားပေးလွန်းလှသဖြင့် ဤအခြေအနေမှာ အတန်ငယ် ထိတ်လန့်စရာကောင်းလှသည်ဟု ရှန်လင်းတစ်ယောက် စိတ်ထဲမှ ကျိတ်၍ တွေးနေမိတော့သည်။


မကြာမီမှာပင် သူတို့သည် လုံခြုံရေးတင်းကျပ်စွာ ချထားသော ခန်းမဆောင်ကြီးတစ်ခုသို့ ရောက်ရှိလာကြသည်။ ရှေ့ဆုံးမှ အလှမယ်များကို အသုတ်လိုက်ခွဲ၍ အတွင်းသို့ ဝင်ခွင့်ပြုနေလေပြီ။ ရှန်လင်းသည် ဘေးဘီဝဲယာသို့ စူးစမ်းမကြည့်ဝံ့သော်လည်း မျက်လုံးအစွန်အဖျားမှတစ်ဆင့် အခြားသော မိန်းကလေးများကို မြင်လိုက်ရသည်။ ဤမျှများပြားလှသော အလှတရားများကို မြင်တွေ့ရသည်မှာ သူမကိုပင် ဧကရာဇ်ဖြစ်လိုစိတ် ပေါက်သွားစေ၏။ အလှနတ်သမီးလေးများ ဤမျှများပြားလှသည်မှာ... ဧကရာဇ်ဖြစ်ရသည်မှာ တကယ့်ကို ကောင်းလှပေစွ။


ထိုစဉ် အရှေ့ဘက်မှ အဝတ်စများ ကြမ်းပြင်နှင့် ပွတ်တိုက်သံ ထွက်ပေါ်လာပြီး လူတိုင်း၏ အကြည့်တို့မှာ ထိုနေရာသို့ စုပြုံရောက်ရှိသွားကြသည်။ ရှန်လင်းလည်း မြင်လိုက်ရ၏။ ပန်းနုရောင် ဝတ်စုံဝတ်ဆင်ထားသည့် မိန်းကလေးတစ်ဦးအား အစောင့်များက ခမ်းမထဲမှ ဆွဲထုတ်သွားကြခြင်းပင်။ သူမ၏ ပါးပြင်ပေါ်တွင် မျက်ရည်များ တဖြိုင်ဖြိုင် စီးကျနေပြီး ဆံပင်များမှာလည်း ဖရိုဖရဲ ဖြစ်နေသော်လည်း ရုန်းကန်ရန် သို့မဟုတ် အသနားခံရန်ပင် မဝံ့ရဲရှာပေ။ ရှန်လင်မှာ အသက်ရှူပင် အောင့်ထားမိသွားတော့သည်။


သူမသည် ထိုမိန်းကလေး၏ မျက်နှာကို စိုက်ကြည့်နေမိသည်။


—ဒီဧကရာဇ်က ဘယ်လောက်တောင် ဇီဇာကြောင်နေရတာလဲ။ တုန်လီယာ¹လို အလှမျိုးကိုတောင် သူက လက်မခံနိုင်ဘူးတဲ့လား။


ထိုမိန်းကလေးအား နန်းတော်ထဲမှ နှင်ထုတ်ခံရလိမ့်မည်ဟု ရှန်လင်း ထင်မှတ်ထားခဲ့သော်လည်း၊ အမှန်တကယ်တွင်မူ ထိုမိန်းကလေး ရက်ရက်စက်စက် ရိုက်သတ်ခံနေရသည်ကိုသာ သူမ မျက်ဝါးထင်ထင် ကြည့်နေခဲ့ရသည်။ နောက်ဆုံး ထွက်သက်အထိပင် ထိုမိန်းကလေး၏ နှုတ်ဖျားမှ အသံတစ်ချက်မျှပင် ထွက်ပေါ်မလာခဲ့ပေ။


ရှန်လင်းမှာ အလွန်အမင်း ထိတ်လန့်သွားရသည်။ သူမ မလှုပ်ဝံ့တော့ဘဲ ခြေထောက်များမှာလည်း ပျော့ခွေကာ အားအင်ကင်းမဲ့နေလေပြီ။


လူတွေက... ဒီလိုပဲ သေသွားကြတာလား။


နန်းတော်ကြီးက ဤမျှအထိ အန္တရာယ်များလှသည်ဟု ဝတ္ထုထဲတွင် ဖော်ပြထားခဲ့ဖူးပါသလား။ ရှန်လင်တစ်ယောက် မှတ်မိသမျှကို အသည်းအသန် ပြန်လည်စဉ်းစားရန် ကြိုးစားကြည့်သော်လည်း ကြိုးစားလေလေ၊ သူမ၏ဦးနှောက်ထဲတွင် ပို၍ ဗလာကျင်းလာလေလေ ဖြစ်နေတော့သည်။


“ဘုတ်ခနဲ—” မိန်းကလေးတစ်ဦး သတိလစ်လဲကျသွားသည်။


ရှန်လင်း တုံ့ကနဲ ဖြစ်သွားသည်။ သူမကိုယ်တိုင်လည်းပဲ မေ့လဲပစ်လိုက်ချင်စိတ် ပေါက်သွားတော့သည်။


သူမသည်လည်း ထိုအတိုင်း လိုက်၍ မေ့လဲရန် ပြင်နေစဉ်မှာပင် မေ့လဲသွားသော မိန်းကလေးများမှာ ဆွဲထုတ်သွားခြင်း ခံလိုက်ရသည်။ “အရှင်မင်းကြီးအား နှောင့်ယှက်မိစေသည်” ဟု မိန်းမစိုးများက အေးစက်စက် ပြောဆိုကာ ထိုမိန်းကလေးများကို အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ကြသည်။


ရှန်လင်သည် ကျောကို မတ်မတ်ဆန့်လိုက်သည်။ ပူစီနံသကြားလုံး တန်နှင့်ချီ၍ ဝါးလိုက်ရသကဲ့သို့ သူမတစ်ကိုယ်လုံး လန်းဆန်းတက်ကြွသွားကာ အလွန်ပင် အားရကျေနပ်ဖို့ ကောင်းလှလေသည်။


ကမ္ဘာကြီး ပျက်စီးသွားလျှင်ပင် သူမကတော့ သတိလစ်မေ့မြောသွားလိမ့်မည် မဟုတ်ပေ။


ရိုက်သတ်ခံရသူများနှင့် အကျဉ်းချခံရသူများဟူသော သာဓကများကြောင့် နန်းရင်ပြင်ရှေ့ရှိ မိန်းမလှလေးများသည် အသက်ရှူသံပင် မကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေကြသည်။


ရှန်လင်း၏ အလှည့်ရောက်လာသောအခါ သူမသည် မြင့်မားလှသော တံခါးခုံကို ကျော်ဖြတ်ကာ ခြေလှမ်းလှမ်းလိုက်သည်။ သူမနှင့်အတူ အခြားသော မိန်းကလေး လေးဦးလည်း လိုက်ပါဝင်လာကြသည်။ ခန်းမဆောင်ကြီး၏ အတွင်းအပြင် တစ်ခုလုံးမှာ ခြောက်ခြားဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေ၏။ ရှန်လင်း၏ နှာခေါင်းမှာ အနည်းငယ် လှုပ်ခတ်သွားသည်။ စူးရှလှသော သံချေးနံ့လိုလို အနံ့တစ်ခုကို သူမ ရလိုက်သည်။ သွေးနံ့များလား။ ခဏတာတွင် သူမ ခြေချော်သွားမလို ဖြစ်ခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် သူမ၏ ခန္ဓာကိုယ်မှာ နွဲ့နှောင်းလျင်မြန်လှသဖြင့် အချိန်မီ ပြန်လည်ထိန်းမတ်နိုင်ခဲ့လေသည်။


ရှန်လင်သည် ဘေးရှိ မိန်းကလေးလေးဦးနှင့်အတူ စနစ်တကျ ဂါရဝပြုလိုက်ပြီး -


“ကျွန်တော်မျိုးမ ရှန်လင်းက အရှင်မင်းကြီးကို  ဂါရဝပြုပါတယ်”


မည်သူမျှ ပြန်မဖြေ။ ရှန်လင်မှာ တစ်ဝက်တစ်ပျက် ထိုင်လျက်သား အနေအထားဖြင့် ထိုနေရာ၌ပင် တောင့်တင်းသွားတော့သည်။


စင်မြင့်ထက်တွင် ရှဲ့ယွမ်ရွှင်းသည် အေးစက်လှသော မျက်နှာထားဖြင့် အလှပဂေးတစ်စုကို ငုံ့ကြည့်နေ၏။ သူ၏ အရှိန်အဝါများမှာ ကယောက်ကယက်ဖြစ်လာကာ မျက်ဝန်းအိမ်ထဲတွင် သွေးကြောမျှင်များ ယှက်သန်းလာသည်။ လေထဲ၌ ရစ်သိုင်းနေသော ရနံ့များက သူ့အား သတ်ဖြတ်လိုစိတ်များ တဖွားဖွားပေါ်ပေါက်လာစေပြီး မိမိလက်ဖြင့်ပင် ကိုယ်တိုင်ကိုယ်ကျ ချေမှုန်းပစ်လိုသည့် ဆန္ဒကို နှိုးဆွနေတော့သည်။


“ဓား” ဟု ရှဲ့ယွမ်ရွှင်းက ဆိုလိုက်သည်။


မိန်းမစိုးကြီးဖုန်းက သူ့ထံသို့ ဓားကို ကမ်းပေးလိုက်သည်။


ရှဲ့ယွမ်ရွှင်းသည် ဓားကိုဆွဲကိုင်ကာ အောက်သို့ လှမ်းဆင်းလာခဲ့သည်။ ပဲ့တင်ထပ်နေသော ခြေသံတို့မှာလည်း တစ်စထက်တစ်စ ပို၍ နီးကပ်လာလေသည်။


ရှန်လင်းသည် သူမဘေးရှိ မိန်းကလေးများကို ဝေ့ကြည့်လိုက်ရာ ထိုသူတို့မှာ တစ်ဆက်ဆက် တုန်ရင်နေကြသည်ကို တွေ့လိုက်ရ၏။ ဧကရာဇ်မင်းမြတ်သည် သူတို့ရှိရာသို့ သာမန်အတိုင်း လျှောက်လာနေခြင်းမဟုတ်ဘဲ ဓားတစ်လက်ကို ဆုပ်ကိုင်ကာ ဦးတည်လာနေခြင်းဖြစ်ကြောင်း သူမ ရိပ်မိသွားသည်။ သူမ၏ စိတ်အစဉ်၌ ထိတ်လန့်တုန်လှုပ်မှုများ အရှိန်အဟုန်ဖြင့် တိုးဝင်လာတော့သည် -


—ဒီကို မလာနဲ့!


ရှဲ့ယွမ်ရွှင်း ခြေလှမ်းများ တစ်ခဏမျှ တန့်သွားသည်။


တစ်စုံတစ်ယောက် စကားပြောလိုက်သည့်အသံကို သူကြားလိုက်ရတာလား ပတ်ဝန်းကျင်ကို သူ ဝေ့ဝဲအကဲခတ်ကြည့်လိုက်သော်လည်း ထူးခြားသည့်အရာ တစ်စုံတစ်ရာမျှ မတွေ့ရ။ ဘာလဲ အဲ့အသံက…..


သူ ရှေ့သို့ ဆက်လက်လျှောက်လှမ်းသွားခဲ့သည်။


ရှန်လင်း သူမ၏စိတ်ထဲ၌ စူးစူးဝါးဝါး အော်ဟစ်လိုက်မိသည်။


—ဘာလို့ ထပ်လာနေသေးတာလဲ။ မလာနဲ့လို့ ပြောထားရဲ့သားနဲ့! ယောက်ျားတွေ ကိုယ့်ခြေထောက်ကိုယ်တောင် မထိန်းနိုင်ကြဘူးလား။သောက်တုံး!!!


ရှဲ့ယွမ်ရွှင်းသည် မည်သည့်ခံစားချက်ကိုမျှ ဖတ်မရနိုင်သော မျက်နှာထားဖြင့် ထိုမိန်းကလေးငါးဦးရှိရာသို့ တိုးကပ်သွားသည်။ သူတို့နှင့် ပို၍နီးကပ်လာသည်နှင့်အမျှ ထိုအသံမှာ နားထဲတွင် ပိုမိုကြည်လင်ပြတ်သားလာခဲ့ရာ—စကားပြောနေသူမှာ သူတို့အထဲမှ တစ်ဦးပင် ဖြစ်နေတော့သည်။


“ခေါင်းမော့လိုက်စမ်း။”


မိန်းကလေးများ ခေါင်းမော့လိုက်ကြရာတွင် ရှန်လင်သည် ဧကရာဇ်ကို နောက်ဆုံး၌ မြင်လိုက်ရတော့သည်။ သူ၏မျက်နှာမှာ ထုဆစ်ထားသကဲ့သို့ အချိုးအစားကျကာ ပြတ်သားလွန်းလှပြီး ဖြူဖျော့သောအသားအရေ၊ နက်မှောင်သောမျက်ခုံးအစုံနှင့် ဓားသွားသဖွယ် ထက်မြက်သော မျက်ဝန်းများ ရှိလေသည်။ သူဝတ်ဆင်ထားသော အနက်ရောင်ဝတ်ရုံတော်က သူ့အား ပိုမိုခန့်ညားထည်ဝါစေသည်။ အမှန်အတိုင်းပြောရလျှင် သူသည် မှင်သက်ဖွယ်ကောင်းလောက်အောင် ချောမောလှပသူဖြစ်ရာ လက်ထဲတွင် သွေးများစက်လက်ကျနေသည့် ဓားကို ကိုင်စွဲထားသော်လည်း သူ၏ရုပ်ရည်မှာပင် သေစေလောက်အောင် ဆွဲဆောင်မှုရှိလှပေသည်။


“ပြောစမ်း” ရှဲ့ယွမ်ရွှင်းက အမိန့်ပေးလိုက်သည်။


မိန်းကလေးများမှာ ရှိုက်သံကို မြိုသိပ်ကာ “အ... အရှင်မင်းကြီး...” ဟု ပြောလိုက်ကြသည်။


“အ... အရှင်မင်းကြီး...”


ရှန်လင်သည် တုန်တုန်ယင်ယင်နှင့်ပင် စိတ်ကိုအားတင်းကာ “အရှင်မင်းကြီး” ဟု ဆိုလိုက်သည်။


ရှဲ့ယွမ်ရွှင်း၏ စူးရှပြီး အန္တရာယ်အငွေ့အသက်တို့ ပြည့်နှက်နေသော အကြည့်များက သူမထံသို့ ချက်ချင်းပင် ကျရောက်လာခဲ့သည်။


“???”


ရှန်းလင်၏ ရင်ခုန်သံတို့ တစ်ချက်မျှ ဆိုင်းတွသွားသည်။ သူက သူမကို ဘာကြောင့်များ ဤသို့ စိုက်ကြည့်နေရပါသနည်း။


ခန်းမဆောင်အတွင်းသို့ ခြေချမိကတည်းက သူမသည် အလွန်ပင် ငြိမ်ကုပ်၍ လိမ္မာယဉ်ကျေးနေခဲ့သည်။ သူမ၏ စိတ်အလိုမှာ ထောင့်တစ်နေရာ၌သာ ကွေးကွေးလေး ပုန်းအောင်းနေချင်မိသော်လည်း ဧကရာဇ်၏ အကြည့်တို့ကမူ သူမထံမှ တစ်ဖဝါးမခွာ ရှိနေသည်။ ထိုကဲ့သို့ အသက်ရှူရကျပ်လှသော ဖိအားများအောက်တွင် ရှန်လင်းမှာ မြေတူးရှူးကြွက်တစ်ကောင်ကဲ့သို့ စူးစူးဝါးဝါး အော်ဟစ်ပစ်လိုက်ချင်သော်လည်း မဝံ့ရဲရှာပေ။ သူမ အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေမိသည်။


အခြားသော အလှပဂေးများမှာ ကြောက်လန့်တုန်ရီနေကြပြီး ရှန်လင်းမှာလည်း သူတို့နှင့်အတူ လိုက်ပါကာ တုန်ယင်နေမိလေသည်။


ရုတ်တရက် ရှဲ့ယွမ်ရွှင်း ဓားကိုမြှောက်ကာ ရှန်လင်း၏လည်ပင်းသို့ တေ့လိုက်သည်။ သူမဘေးရှိ အလှပဂေးလေးများ၏ ခြေထောက်များမှာ တဆတ်ဆတ်တုန်ယင်နေသည်ကို သူ မြင်နေရ၏။ သူက တည်ငြိမ်အေးစက်သော မျက်နှာထားဖြင့် "ငါ မင်းကို သတ်လိုက်မှာကို ကြောက်နေတာလား” ဟု မေးလိုက်သည်။


ရှန်လင်း၏ မျက်ရည်များမှာ ချက်ချင်းပင် မျက်နှာပေါ်သို့ တဖြိုင်ဖြိုင် စီးကျလာတော့သည်။


မိမိ၏ မျက်ရည်အိတ်များက ဤမျှထိ ထိခိုက်လွယ်ကာ မျက်ရည်များ အလွယ်တကူ စီးကျလာလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့မိပေ။ ယခင်ကမူ နန်းပြင်၌ တစ်စုံတစ်ယောက် သေဆုံးသည်ကို မြင်ရရုံနှင့်ပင် သူမ ထိတ်လန့်တုန်လှုပ်ခဲ့ရသော်လည်း၊ ယခုမူ သူမ၏ ကြောက်ရွံ့မှုအားလုံးမှာ မိမိကိုယ်တိုင်အတွက်သာ ဖြစ်နေသည့်အတွက် မျက်ရည်များက ပို၍ပင် တရဟော စီးကျလာရတော့သည်။ တစ်ကြိမ်တစ်ခါ သေဖူးခဲ့ပြီးနောက်တွင်မူ သူမသည် မိမိ၏အသက်ကို အခြားအရာအားလုံးထက် ပို၍တန်ဖိုးထားတတ်လာခဲ့ပြီ ဖြစ်သည်။


နန်းတွင်းသို့ ဝင်ရောက်ကာ ရှန်မိသားစုနှင့် ဝေးရာသို့ ရှောင်တိမ်းခြင်း၊ ရှန်ရှီးနှင့် ရှန်ကျင်ရှို့တို့ထံမှ ကင်းဝေးအောင် နေထိုင်ခြင်းဖြင့် ဘေးကင်းလုံခြုံစွာ အသက်ဆက်နိုင်မည်ဟု သူမ ထင်မှတ်ခဲ့သည်။ သို့သော် ယခုမူ ဧကရာဇ်မင်းမြတ်မှာ သူမ၏ မျက်စိရှေ့မှောက်၌ပင် ရူးသွပ်ဖောက်ပြန်နေလေပြီ။


ဓားသွားက သူမ၏လည်ပင်းပေါ်သို့ ဖိကပ်လျက်ရှိသည်။ သူ၏လက်တစ်ချက်မျှ ချော်ထွက်သွားသည်နှင့် သူမမှာ ထိုနေရာ၌ပင် အသက်ပျောက်သွားနိုင်သည်။ သူမ ဘာမှလည်း မလုပ်ခဲ့ပါဘဲနှင့်။ သူက ဘာကြောင့်များ သူမကိုမှ ရည်ရွယ်ကာ ရောက်လာရသနည်း။


မျက်ရည်များ တသွင်သွင် စီးကျနေသည့်ကြားမှပင် သူမသည် သတ္တိမွေးကာ အားတင်း၍ ပြောလိုက်သည်၊ “အရှင်မင်းကြီး... ကျွန်တော်မျိုးမ မကြောက်ပါဘူး။”


—အရူးတစ်ယောက်က လူတွေသတ်နေတာ၊ သူပထမဆုံး လိုက်နေတာကလည်း ငါ့ကိုပဲ! ငါကြောက်တာပေါ့! ငါတော့ သေရချည်ရဲ့

! နင့်ကိုယ်နင်က သိပ်ဟုတ်နေတယ်ပေါ့!!ကောင်းပြီလေ၊ နင်ကစားချင်တယ်ဆိုရင်လည်း ငါပါ ဓားတစ်လက် ကိုင်ပြရသေးတာပေါ့!


“အရှင်မင်းကြီရဲ့လက်နဲ့အသေခံရတာကကျွန်တော်မျိုးမအတွက် ဂုဏ်ယူဖွယ်စရာပါပဲ”


—ခွေးဧကရာဇ်၊ နားထောင်စမ်း! ငါ မသေချင်ဘူး! ငါ တကယ်ကို မသေချင်ဘူး!


ထိုစဉ် မမျှော်လင့်ဘဲ ရှဲ့ယွမ်ရွှင်းက "ဟားဟားဟား..." ဟု ရယ်မောလိုက်လေသည်။


သူ၏ သတ်ဖြတ်လိုစိတ်များအားလုံး တစ်စမကျန် ပျောက်ကွယ်သွားတော့သည်။


ရှန်လင်း၏ အတွေးစများကို သူ အသေအချာ ကြားနေရသည်။ ဤမျှ ထူးဆန်းသော အဖြစ်အပျက်မျိုးအပေါ် သူ အကြောက်အလန့် မရှိပေ။ လောကတစ်ခုလုံးသည် သူ၏ အုပ်စိုးမှုအောက်တွင်သာ ရှိနေသည်ဖြစ်ရာ၊ သူ စိတ်အလိုကျသရွေ့ သူမကို ဆက်လက် တည်ရှိခွင့် ပေးထားမည်သာ ဖြစ်သည်။ ဤသို့ဖြင့် သူမသည် မိမိ၏ အသက်ဇီဝကို တစ်ဖန်ပြန်လည် ရယူနိုင်ခဲ့လေတော့သည်။


ရှဲ့ယွမ်ရွှင်းထံမှ ဖြာထွက်နေသည့် ကြည်နူးရွှင်ပျဖွယ် စိတ်အရှိန်အဝါကို ခန်းမအတွင်းရှိ လူတိုင်း အတိုင်းသား ခံစားမိနေကြသည်။


ရှန်လင်း မျက်တောင်ခတ်လိုက်သည်။


—သူ ဘာကြောင့် ရယ်နေတာလဲ။ ငါ အခုပြောလိုက်တဲ့အထဲမှာ ဘာကများ ရယ်စရာကောင်းနေလို့လဲ။ သူကပဲ ရယ်ရလွယ်လွန်းနေတာလား၊ ဒါမှမဟုတ် တကယ်ပဲ ရူးနေတာလား။ အေးလေ... ရူးနေတာပဲ ဖြစ်မှာပါ။ ထားလိုက်ပါတော့၊ အရူးတစ်ယောက်နဲ့ ငါ အကျိုးသင့်အကြောင်းသင့် ပြောမနေတော့ဘူး။


ရှဲ့ယွမ်ရွှင်း၏ ရယ်သံများ တဖြည်းဖြည်း စဲသွားသည်နှင့်အမျှ ရှန်လင်းလည်း သူ နောက်ထပ် ဘာဆက်လုပ်မည်ကို မခန့်မှန်းနိုင်ဘဲ အသက်အောင့်ကာ စောင့်ကြည့်နေမိသည်။


—သူရယ်နေတာပဲ။ ငါ့ကြောင့် ရယ်နေတာဆိုတော့ သူ ငါ့ကို သတ်တော့မှာမဟုတ်ဘူးမလား။ ဒါပေမဲ့ သူက လူသတ်ရူးကြီးပဲလေ။ လူသတ်နေရင်းနဲ့မှ ရယ်တတ်တဲ့ စိတ္တဇကောင်မျိုးများလား... တကယ့်ကို အရူးပဲ!


—သူ ငါ့ကို သတ်မှာလား၊ မသတ်ဘူးလား၊ သတ်မှာလား၊ မသတ်ဘူးလား... အားးး! ငါတော့ ရူးတော့မှာပဲ! ဒီခွေးဧကရာဇ်စုတ်!


ရှန်လင်းသည် စိတ်ထဲတွင် သူ့ကို အပြင်းအထန် ကျိန်ဆဲနေမိသော်လည်း သူမ၏ မျက်နှာထက်၌မူ မည်သည့် ခံစားချက် အရိပ်အယောင်မျှ ပေါ်လွင်ခြင်း မရှိပေ။


သူမ၏ ကျိန်ဆဲသံနှင့် ညည်းညူသံ အလုံးစုံကို ရှဲ့ယွမ်ရွှင်း တစ်လုံးမကျန် ကြားသွားခဲ့သည်ဆိုသည်ကိုမူ သူမ လုံးဝမသိရှိခဲ့ပေ။


သူက နောက်တစ်ကြိမ် ထပ်မံရယ်မောလိုက်ပြန်သည်။ “ဟားဟားဟား”


ရှန်လင်း မှင်သက်သွားသည်။


—နင်……အယုတ်တမာကောင်!


ရှန်လင်းသည် အင်္ကျီလက်အတွင်း၌ လက်ကို တင်းတင်းဆုပ်ထားရင်း "အရှင်မင်းကြီး..." ဟု သတိကြီးစွာဖြင့် လျှောက်တင်လိုက်သည်။


ရှဲ့ယွမ်ရွှန်းက မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ရင်း “ဟင်...” ဟု ဆိုလိုက်သည်။


“လက်တွေ ညောင်းနေပြီလားဟင်” သူမက သတိကြီးစွာ အကဲခတ်ရင်း မေးလိုက်သည်။ “ညောင်းနေရင် ဓားကို အောက်ချထားပေးလို့ ရမလား?”


သူက ခပ်ပါးပါးလေး ပြုံးလိုက်သည်။ "ငါကိုယ်တော် မပင်ပန်းပါဘူး။"


ရှန်လင်း မှင်တက်သွားသည်။


သူ အမျက်မရှသည်ကို မြင်သောအခါ သူမသည် စိတ်ကို အားတင်းကာ သတ္တိမွေးလိုက်ပြီး ရှန်ရှီး၏ နူးညံ့နွဲ့နှောင်းသော လေယူလေသိမ်းကို အတုခိုးလျက် “ဒါပေမဲ့ အရှင်မင်းကြီး ပင်ပန်းသွားမှာကို ကျွန်တော်မျိုးမ စိုးရိမ်မိလို့ပါ” ဟု ဆိုလိုက်သည်။


ရှဲ့ယွမ်ရွှင်း၏ အကြည့်တို့က စူးရှသွားသည်။ "ဒါဆို မင်းက ကိုယ့်ကို သနားနေတာပေါ့လေ?"


ရှန်လင်းသည် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းငြိမ့်လိုက်ရာ သူမ၏ ပါးပြင်လေးများမှာလည်း ရဲရဲနီလျက် ပူနွေးလာခဲ့သည်။ သူမသည် ရှက်သွေးဖြန်းနေသော မိန်းကလေးတစ်ဦးပမာ "အရှင်မင်းကြီးကလည်း... အရမ်းဆိုးတာပဲရှင်..." ဟု တိုးတိုးလေး ညည်းတွားလိုက်လေသည်။


—ရှင်သန်ဖို့အတွက်နဲ့ အရာရာကို စတေးခဲ့ပြီးပြီ။ သိက္ခာဆိုတာကိုတောင် အရေးမစိုက်နိုင်တော့ဘူး။ ငါ့ထက် ပိုပြီး ကြံ့ကြံ့ခံနိုင်တဲ့သူ ဘယ်သူရှိဦးမှာလဲ။


ရှဲ့ယွမ်ရွှင်းသည် နောက်ဆုံး၌ သူမ၏လည်ပင်းထက်မှ ဓားကို ဖယ်ခွာလိုက်ပြီး မိန်းမစိုးချုပ်ဖုန်း၏ ရင်ခွင်ထဲသို့ ပေါ့ပေါ့ပါးပါးပင် ပစ်ပေးလိုက်သည်။ သူက ကျေနပ်အားရဟန်ဖြင့် ရှန်လင်း၏ပါးပြင်ကို ဆွဲဆိတ်လိုက်ကာ -


"ရှန်ကွေ့ရန်ကို ချန်လော့နန်းဆောင်ဆီ ပြန်ခေါ်သွားလိုက်ကြ" ဟု မိန့်တော်မူလေသည်။


ရှန်ကွေ့ရန်လား။


ဒီလိုနဲ့ပဲ သူမကို ဂွေ့ရန်အဆင့် တိုးမြှင့်ပေးလိုက်တာလား။ ဒီရာထူးတိုးတာက လွယ်ကူလွန်းနေသလိုပင်... မဟုတ်သေးပါဘူး၊ မလွယ်ကူပါဘူး။ သူမ အသက်နဲ့တောင် ရင်းလိုက်ရတာပဲကိုး။ သူ့စိတ်များ ပြန်ပြောင်းသွားမလားဟု စိုးရိမ်စိတ်ဖြင့် ရှန်လင်းမှာ ကျေးဇူးတော်ချီးမွမ်းကာ အလျင်အမြန်ပင် ဦးညွှတ်အရိုအသေပြုလိုက်တော့သည်။


သူမ၏ ပါးပြင်လေးများမှာ ဆွဲရသည်မှာ တော်တော်ပင် အိစက်ညက်ညောပုံရသည်။ ရှဲ့ယွမ်ရွှင်းမှာ ခေတ္တမျှ လက်မလွှတ်နိုင်ဘဲ ဆွဲနေမိပြီးမှ နောက်ဆုံးတွင် လက်လွှတ်ပေးလိုက်ရာ ရှန်လင်း၏ ဖြူဝင်းနုနယ်သော အသားအရေလေးမှာ နီရဲတက်သွားတော့သည်။


နန်းတော်ထဲမှ ထွက်လာခဲ့ပြီးနောက် သူဆွဲလိမ်ထားခဲ့သော ပါးပြင်တစ်ဖက်ကို သူမ အသာအယာ တို့ထိကြည့်လိုက်မိသည်။


“အား... နာလိုက်တာ။”


—ငါ မသေသွားဘူး….အဆိတ်ခံလိုက်ရတာလေးတင်ကို နာလိုက်တာ သူ့လက်အားက တော်တော်သန်တာပဲ... အား!!!!


ချန်လော့နန်းဆောင်သို့ ရောက်ရှိသောအခါ ရှန်လင်သည် ထိုနန်းဆောင်က သူမစိတ်ကူးထားသည်ထက်ပင် ပိုမိုခမ်းနားကျယ်ဝန်းနေသည်ကို တွေ့လိုက်ရသည်။ နန်းတွင်းအပျိုတော်များနှင့် မိန်းမစိုးများမှာ နေရာအနှံ့ ရှိနေကြပြီး ပန်းပုလက်ရန်းများ၊ ကျောက်စိမ်းအဆင်တန်ဆာများနှင့် ကျောက်တောင်အတုများရှိသည့် နန်းဆောင်ပြာသာဒ်များမှာလည်း ဝေဝေဆာဆာ ရှိလှသည်။ သူမအနေဖြင့် နေထိုင်အခြေချရန်အတွက် မည်သည့်အရာကိုမျှ ကိုယ်တိုင်သယ်ဆောင်လာရန်ပင် မလိုခဲ့ပေ။


ရှန်လင်းသည် သူမနေထိုင်ရမည့်နေရာကို အလွန်ပင် စိတ်ကျေနပ်သွားမိသည်။ သူမအား လမ်းပြခေါ်ဆောင်လာသည့် မိန်းမစိုးမှာ မထွက်သွားသေးသည်ကို မြင်သောအခါ သူမ၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားပြီး “အရှင်မင်းကြီးရဲ့ မျက်နှာသာပေးမှုကြောင့်သာ ကျွန်မက ချန်လော့နန်းဆောင်မှာ နေထိုင်ခွင့်ရတာပါ။ အရှင်မင်းကြီးရဲ့ အိပ်ဆောင်က ဒီကနေ ဘယ်လောက်တောင် ဝေးမယ်ဆိုတာကိုတော့ ကျွန်မ မသိပါဘူး။ ဒါပေမဲ့ ညတိုင်း ညတိုင်း အိပ်မပျော်ခင်မှာ အဲ့ဒီဘက်ကို အဝေးကနေ လှမ်းမျှော်ကြည့်နေမိမှာပါ။ အဲ့ဒီလိုမှ မဟုတ်ရင် ကျွန်မ အိပ်လို့ပျော်မှာ မဟုတ်ပါဘူး” ဟု ဆိုလိုက်သည်။


— သူနေတဲ့နေရာနဲ့ ဝေးလေ ပိုကောင်းလေပဲ။ ဒါဆိုရင်တော့ ငါ အမှန်တကယ်ပဲ စိတ်အေးလက်အေး အိပ်ပျော်နိုင်တော့မှာ အသေအချာပါပဲ။


—ဟင်း…..


—အဲဒါက နည်းနည်းတော့ ရွံစရာကောင်းသလိုပဲ…


“အရှင်မ သီတင်းသုံးမည့် စံအိမ်တော်က အရှင်မင်းကြီး၏ ထိုက်ကျိနန်းဆောင် အနောက်ဘက်တည့်တည့်တွင် တည်ရှိပါသည်” ဟု မိန်းမစိုးက ရှင်းပြလေသည်။ “နန်းဆောင်အသီးသီးထဲမှာဆိုရင် အရှင်မရဲ့ ချန်လဲ့နန်းဆောင်ကသာ အရှင်မင်းကြီးနှင့် အနီးဆုံး ဖြစ်ပါတယ်”


ရှန်လင်း၏ အသံမှာ တုန်ရီနေပြီး "ကျွန်မက... အရှင်မင်းကြီးနဲ့ အနီးစပ်ဆုံးသူလား" ဟု မေးလိုက်သည်။


မိန်းမစိုးက ခေါင်းညိတ်လိုက်သည်။ “မှန်လှပါ အရှင်မ။”


မျက်ရည်များက တစ်ဖန် ပြန်လည်ဝဲတက်လာပြန်ရာ သူမက ရှိုက်သံဖြင့် "ကျွန်မ... ကျွန်မ တကယ်ကို ကြည်နူးမိပါတယ်။ အရှင်မင်းကြီးက ကျွန်မအပေါ် ဒီလောက်အထိ ကြင်နာလိမ့်မယ်လို့ မထင်မှတ်ထားခဲ့မိဘူး" ဟု အစ်အောက်သော အသံဖြင့် ပြောလိုက်တော့သည်။


—ငါ တကယ်ကို သေချင်နေမိပြီ။


မိန်းမစိုးသည် ခန်းမဆောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာပြီး ရှဲ့ယွမ်ရွှင်း၏ဘေးတွင် ရိုသေသေဖြင့် ဒူးထောက်ကာ၊ ရှန်လင်း ချန်လဲ့နန်းဆောင်သို့ ရောက်ရှိချိန်က ပြသခဲ့သည့် တုံ့ပြန်ပုံများကို အသေးစိတ် ပြန်လည်လျှောက်တင်လေသည်။


ရှန်လင်းသာ ထိုနေရာတွင် ရှိနေခဲ့ပါက သူ့အား ဓာတ်ပြားဟောင်းတစ်ချပ်နှယ် ထင်မှတ်သွားကာ အသက်ရှူမှားလောက်အောင်ပင် အံ့အားသင့်သွားပေလိမ့်မည်။ သာမန်မျှသာ ထင်ရသော ဤမိန်းမစိုးသည် သူမပြောခဲ့သမျှ စကားလုံးတိုင်းကို တစ်လုံးမကျန် အလွတ်မှတ်မိနေခဲ့ခြင်း ဖြစ်သည်။


မိန်းမစိုးက “ရှန်ကွေ့ရန်က အရှင်မင်းကြီးရဲ့ စီစဉ်ပေးမှုတွေအတွက် အထူး ကျေးဇူးတင်ရှိနေပါတယ်.. ကျွန်တော်မျိုး ထွက်ခွာလာတဲ့အချိန်မှာ သူမဟာ စိတ်နှလုံး ထိခိုက်ကြည်နူးနေပြီး အရှင်မင်းကြီးရဲ့ ဂုဏ်ကျေးဇူးတော်တွေကို တသသ ချီးမွမ်းနေပါတယ်” ဟု လျှောက်တင်လေသည်။


ရှဲ့ယွမ်ရွှမ်းက လက်တစ်ဖက်ဖြင့် မေးထောက်ကာ ထုံးစံအတိုင်း တည်ငြိမ်အေးစက်သော မျက်နှာထားဖြင့် အောက်ရှိ မိန်းကလေးများကို ကြည့်နေသည်။ “ရှန်ကွေ့ရန်က... ငါ့ကို ချီးမွမ်းနေတာလား”


ဗြုန်းခနဲ သူက စားပွဲကို ဒုန်းခနဲ ရိုက်ချကာ တဟားဟား ရယ်မောလေတော့သည်။ "ငါ့ကို ချီးကျူးနေတာလား... ဟားဟားဟား။" ရှန်လင်းက စိတ်ထဲတွင် သူ့အား တစာစာ အော်ဟစ်ဆဲဆိုနေမည့် စကားလုံးများကို တွေးမိလိုက်ရင်း သူမက အပြင်ပန်းတွင် သူ့ကို ပို၍ ချီးကျူးလေလေ၊ စိတ်ထဲ၌မူ ပို၍ ပြင်းပြင်းထန်ထန် ကျိန်ဆဲနေမည်ဖြစ်ကြောင်း သူ ကောင်းကောင်းကြီး သိနေလေသည်။


မိန်းမစိုးက ပျာပျာသလဲ ဖားချော့လိုက်သည်၊ “အရှင်မင်းကြီးကကောင်းကင်နဲ့မြေပြင်ကို အုပ်စိုးတဲ့ပြိုင်ဘက်ကင်းပါရမီရှင်တစ်ဦးပါပဲ....”


ရှဲ့ယွမ်ရွှင်းက သူ့အား အကြည့်တစ်ချက် ဝေ့ကြည့်လိုက်ရုံဖြင့် ထိုမိန်းမစိုးမှာ ချက်ချင်းပင် နှုတ်ဆိတ်သွားတော့သည်။ ဧကရာဇ်က သူ့ကိုပါ အပြင်သို့ ဆွဲထုတ်ကာ ကွပ်မျက်ရန် အစောင့်များကို အမိန့်ပေးလိုက်မည်ကို သူ အလွန်အမင်း ထိတ်လန့်နေမိ၏။


“ထွက်သွား”


“မှန်... မှန်လှပါ ဘုရား” မိန်းမစိုးက ထစ်ထစ်ငေါ့ငေါ့ လျှောက်တင်ကာ တုန်တုန်ယင်ယင်ဖြင့် နောက်သို့ ဆုတ်ခွာသွားလေသည်။


ခမ်းမဆောင်အတွင်း၌ ရှန်ကွေ့ရန် ရှိနေခြင်းက အခြားသော အလှပဂေးများအား ရဲတင်းလာစေဟန်တူ၏။ သတ္တိကောင်းလှသော မိန်းမပျိုတစ်ဦးသည် ရှဲ့ယွမ်ရွှင်း၏ အာရုံကို ဖမ်းစားနိုင်ရန် ရှေ့သို့ထွက်၍ ကပြအသုံးတော်ခံရန် ခွင့်ပန်လေသည်။ ရှဲ့ယွမ်ရွှင်းက ခွင့်ပြုခဲ့သော်လည်း ကပွဲတစ်ဝက်အရောက်တွင် ထိုအကမှာ ကြည့်မရအောင် ရုပ်ဆိုးလှသည်ဟု ဆိုကာ သူမအား အရှင်လတ်လတ် အရေခွံနွှာပစ်ရန် အစောင့်များကို အမိန့်ပေးလိုက်တော့သည်။ အစောင့်များက ခွာယူထားသော အရေခွံအား ပြန်လည်ယူဆောင်လာသည့်အခါ ရှဲ့ယွမ်ရွှန်းက ထိုအရေခွံကို လက်ညှိုးညွှန်ပြကာ ဤသို့ ကပြနိုင်မှသာလျှင် လှပသောအကကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ဆိုလေသည်။


ကျန်ရှိနေသော မိန်းကလေးများသည် ယုံနိုင်စရာမရှိလောက်အောင်ပင် ထိတ်လန့်တုန်လှုပ်သွားကြသည်။ ထိုနေ့၏ လက်ကျန်အချိန်တစ်လျှောက်လုံးတွင်မူ သူတို့အနက် တစ်ဦးတစ်ယောက်မျှ အတန်းပြင်သို့ ထွက်ရန် မဝံ့ရဲကြတော့ချေ။

***********