Ch-3
Viewers 147

အခန်း (၃) - ယုတ်မာလိုက်တာ


သူမ ထွက်ခွာသွားပြီးနောက် ရှဲ့ယွမ်ရွှင်း တစ်ယောက် မည်သို့သော အဓိပ္ပာယ်မရှိသည့် ကိစ္စရပ်များကို လျှောက်လုပ်ခဲ့သည်ကို ရှန်လင်း လုံးဝ မသိရှိခဲ့ပေ။ တစ်နေ့တာလုံး သူမ၏ စိတ်အာရုံတို့မှာ အစွမ်းကုန် တင်းကျပ်နေခဲ့ရပြီး ယခုအခါ ချန်လော့နန်းတော်ကဲ့သို့ ဘေးကင်းလုံခြုံ၍ စိတ်အေးချမ်းရသည့် နေရာသို့ ရောက်ရှိလာပြီ ဖြစ်သောကြောင့် တင်းကျပ်နေခဲ့သမျှတို့မှာ လျော့ပါးသွားကာ ပင်ပန်းနွမ်းနယ်မှုများက အစားထိုး ဝင်ရောက်လာတော့သည်။


ရှန်လင်းသည် အနားယူရန် ကုတင်ပေါ်တွင် မျက်လုံးမှိတ်၍ လဲလျောင်းနေရင်း သူမ၏ နှုတ်ခမ်းထက်၌ အပြုံးဖျော့ဖျော့လေးတစ်ခု ရှိနေလေသည်။ သို့သော် ခဏအကြာတွင် ထိုအပြုံးလေးမှာ မှေးမှိန်သွားကာ အိပ်ချင်စိတ်ဟူသမျှလည်း အစအနမကျန် ပျောက်ကွယ်သွားတော့သည်။


ယနေ့ ကြုံတွေ့ခဲ့ရသမျှကို ပြန်လည်တွေးတောမိရုံနှင့်ပင် ရှန်လင်း၏ ခြေဖျားလက်ဖျားများ အေးစက်တုန်ယင်လာရသည်။ သူမ၏ ရင်ထဲ၌ ကြောက်ရွံ့တုန်လှုပ်မှုများကသာ အတိုင်းအဆမဲ့ စိုးမိုးလျက်ရှိသည်။ ဤနန်းတွင်းမှ ဧကရာဇ်သည် ဤမျှအထိ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု သူမ လုံးဝမထင်မှတ်ထားခဲ့ပေ။ အကယ်၍သာ ဤသို့ဖြစ်မည်ကို ကြိုတင်သိခဲ့ပါလျှင် သေလုအောင် ရိုက်နှက်ခံရပါစေဦးတော့... ရှန်လင်းတစ်ယောက် ဤနန်းတော်ထဲသို့ မည်သည့်နည်းနှင့်မျှ ခြေချခဲ့မည်မဟုတ်ပေ။


ရှန်လင်း စိတ်မအေးနိုင်ဖြစ်လျက် ညည်းတွားမိသည်။ “ငါ တကယ်ပဲ စိတ်လိုက်မာန်ပါ လုပ်မိသွားတာပဲ။”


ရှန်လင်းသည် စာအုပ်ထဲ၌ ဧကရာဇ်နှင့် ပတ်သက်၍ ရေးသားထားသမျှကို အသည်းအသန် ပြန်လည်စဉ်းစားကြည့်မိသည်။ တစ်နေ့နေ့တွင် မတော်တဆ ပြစ်မှားမိခြင်းမျိုး မရှိစေရန်အတွက် သူ့အကြောင်းကို ပိုမိုနားလည်ထားချင်ခဲ့သည်။ သို့သော် သူမမှတ်မိသမျှမှာ ထိုဝတ္ထု၏ စာမျက်နှာအများစုသည် ဇာတ်လိုက်မင်းသားနှင့် မင်းသမီးအကြောင်းကိုသာ အလေးပေးဖော်ပြထားခြင်းပင်။ ထိုစဉ်က သူမအနေဖြင့် အခြားသူများကို မည်သို့မျှ အာရုံစိုက်မိလိမ့်မည်မဟုတ်ရာ ဧကရာဇ်နှင့် ပတ်သက်၍ တစ်စုံတစ်ရာ မှတ်မိနေဖို့ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ချေ...


အရှင်...?


ရှန်လင်း ရုတ်တရက် ဆတ်ခနဲ မတ်မတ်ထထိုင်လိုက်မိသည်။


စာအုပ်ထဲမှ အခန်းတစ်ခန်းကို သူမ ပြန်လည်အမှတ်ရမိလိုက်သည်။ ရှန်မိသားစုသည် ဇာတ်လိုက်မင်းသားနှင့် မင်းသမီးတို့၏ အချစ်ရေးကို နောက်ဆုံးတွင် သဘောတူညီခဲ့ကြခြင်းမှာ မူလရှန်လင်း၏ ကူညီမှုကြောင့်သာ မဟုတ်ဘဲ နန်းတွင်းစားသောက်ပွဲတစ်ခုအတွင်း သူတို့နှစ်ဦး၏ သံယောဇဉ်များ ပိုမိုနက်ရှိုင်းသွားခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။


ထိုစဉ်က ကျင်းပသော ဧည့်ခံပွဲတွင် တော်ဝင်မိသားစုဝင် မင်းသားတစ်ပါးသည် ဧကရာဇ်မင်းမြတ်၏ မျက်နှာသာပေးမှုကို ရရှိလိုသဖြင့် အလွန်ရှားပါးသော ခြင်္သေ့ဖြူတစ်ကောင်ကို ဆက်သခဲ့သည်။ သို့သော် ထိုခြင်္သေ့သည် ရုတ်တရက် သောင်းကျန်းလာကာ သံလှောင်အိမ်ကို ချိုးဖျက်၍ ဧကရာဇ်မင်းမြတ်ထံသို့ တည့်တည့်မတ်မတ် ပြေးဝင်လာလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။ ထိုအခိုက်အတန့်တွင် အမျိုးသားဇာတ်လိုက်ဖြစ်သူ ရှန်ကျင်ရှို့က ရှေ့မှဝင်၍ ကာကွယ်ပေးခဲ့ပြီး ခြင်္သေ့၏ ပြင်းထန်သော လက်သည်းချက်ကို ရင်ဘတ်တွင် အလူးအလဲ ခံလိုက်ရသည်။ ဧကရာဇ်သည် ခြင်္သေ့ကို မိမိ၏ဓားဖြင့်ပင် သုတ်သင်လိုက်ပြီးနောက် ထိုမင်းသားသည် ဧကရာဇ်ကို လုပ်ကြံရန်အတွက် ခြင်္သေ့ကို တိတ်တဆိတ် ရူးသွပ်အောင် ပြုလုပ်ခဲ့ကြောင်း သိရှိသွားခဲ့သည်။ ထို့ကြောင့် ဧကရာဇ်သည် ထိုမင်းသားအား နေရာ၌ပင် မီးကင်၍ သေဒဏ်ပေးရန် အမိန့်ချမှတ်ခဲ့လေသည်။


ထို့နောက်တွင်မူ ရှန်လင်းသည် ကိုယ်နှင့်မဆိုင်သည်ကို ဝင်ပါလွန်းသည်ဟု ဧကရာဇ်မင်းမြတ်ကပင် ညည်းညူအပြစ်တင်ခဲ့သေးသည်။


ရှန်လင်း၏ အမြင်တွင် ထိုခြင်္သေ့သည် အခြားသူများအတွက် ကြောက်မက်ဖွယ်ရာ သားရဲကြီးတစ်ကောင် ဖြစ်နိုင်သော်လည်း၊ လက်ရှိဧကရာဇ် ရှဲ့ယွမ်ရွှင်း ရှေ့မှောက်တွင်မူ လူမှား၍ လက်သည်းထုတ်ပြမိသည့် ကိုယ်လုံးကိုယ်ထည် ကြီးမားသော အိမ်မွေးကြောင်တစ်ကောင်မျှသာ ဖြစ်ပေလိမ့်မည်။


ထိုစဉ်အခါက ရှန်မိသားစုတစ်စုလုံးမှာ ရှန်ကျင်ရှို့သည် ရရှိထားသော ဒဏ်ရာများဖြင့် သေဆုံးတော့မည်ဟု ယူဆကာ နာရေးအတွက် အဖြူရောင်ပိတ်စများကိုပင် အသင့်ပြင်ဆင်နေကြပြီ ဖြစ်သည်။ သူ အသက်ရှင် ကျန်ရစ်လိမ့်မည်ဟု မည်သူကမျှ မယုံကြည်ခဲ့ကြသော်လည်း ရှန်ရှီး၏ ပြုစုစောင့်ရှောက်မှုအောက်တွင် သူသည် အသက်ဘေးမှ အံ့ဩဖွယ်ရာ ပြန်လည်လွတ်မြောက်လာခဲ့လေသည်။


ဒဏ်ရာများ သက်သာပျောက်ကင်းသွားသည်နှင့်တစ်ပြိုင်နက် သူသည် ရှန်ရှီးကို လက်ထပ်လိုကြောင်း ရှန်ခန်ကျန့်နှင့် သခင်မကြီးကျန်းတို့အား အသိပေးခဲ့သည်။ သခင်မကြီးကျန်းက ရှန်ရှီးမှာ ဘုန်းကံကြီးမားသူဖြစ်သည်ဟု ဆိုသလို ရှန်ခန်ကျန့်ကလည်း သူမသည် မိမိ၏ သားရင်းကို ကယ်တင်ပေးခဲ့သူဖြစ်သည်ဟု ယူဆသောကြောင့် ဤလက်ထပ်ပွဲကို ကြည်ဖြူစွာ သဘောတူခဲ့ကြလေသည်။ နောင်တွင် ရှန်ကျင်ရှို့ နန်းတွင်းသို့ဝင်၍ အမှုထမ်းသည့်အခါ ဧကရာဇ်မင်းမြတ်က သူ အသက်ရှင်နေသေးသည်ကို သတိပြုမိသွားပြီး မြင့်မြတ်သော ဘွဲ့ထူးဂုဏ်ထူးတစ်ခုအား ချီးမြှင့်ပေးသနားခဲ့သည်။ ထို့ကြောင့် ရှန်ရှီးသည်လည်း သဘာဝကျစွာပင် မြို့စားမင်းကတော်တစ်ဦး ဖြစ်လာခဲ့တော့သည်။


နောင်သော် ဧကရာဇ် ရှဲ့ယွမ်ရွှင်း နတ်ရွာစံလေသည်။ သူ၌ သားသမီးမရှိသည့်အပြင် တော်ဝင်မျိုးနွယ်စု အများစုမှာလည်း သူကိုယ်တိုင်၏ လက်ဖြင့်ပင် သုတ်သင်ခံထားရပြီးဖြစ်ရာ နန်းတွင်း၌ သင့်တော်သော နန်းလျာကို ရှာမတွေ့နိုင်ခဲ့ကြပေ။ တိုင်းပြည်အနှံ့ ဆူပူအုံကြွမှုများ ဖြစ်ပွား ကာ ဖရိုဖရဲဖြစ်လာပြီးနောက် တာ့လျန် မင်းဆက်သည်လည်း ပျက်သုဉ်းသွားခဲ့ရသည်။ ရှန်ကျင်ရှို့သည် ဧကရာဇ်သစ်၏ ယုံကြည်အားထားရသော လက်ရုံးတစ်ဦး ဖြစ်လာကာ အောင်မြင်မှု အထွတ်အထိပ်သို့ ရောက်ရှိခဲ့လေသည်။


မင်းဆက်သစ်ကို ထူထောင်ပြီးသည့်နောက် တစ်ခါတွင် ရှန်ကျင်ရှို့က တာ့လျန်မင်းဆက် ပျက်သုဉ်းသွားခဲ့ရခြင်းမှာ အကြောင်းရင်း တစ်ခုတည်းကြောင့်သာ ဖြစ်သည်ဟု သီးသန့် ရေရွတ်ညည်းတွားခဲ့ဖူးသည်။ ထိုအကြောင်းရင်းမှာ ရှဲ့ယွမ်ရွှင်းက ထိုမင်းဆက်ကို ပျက်စီးစေလိုသည့် ဆန္ဒရှိခဲ့ခြင်းကြောင့်ပင် ဖြစ်တော့သည်။


ရှဲ့ယွမ်ရွှင်း သက်ရှိထင်ရှားရှိနေစဉ်အခါက ရည်မှန်းချက်ကြီးမားသူဟူသမျှသည် သူ၏ခြေဖဝါးအောက်တွင် ဝပ်စင်းနေရသော ခွေးတစ်ကောင်မျှသာ ဖြစ်ခဲ့လေသည်။


ရှဲ့ယွမ်ရွှမ်းသာ တာ့လျန်မင်းဆက်ကို ဆက်လက်တည်တံ့စေလိုပါက အရိုက်အရာဆက်ခံမည့်သူ တစ်ဦးတစ်ယောက်မျှ ချန်ရစ်မထားဘဲ နေမည်မဟုတ်ပေ။ သူသည် သေဆုံးသွားခဲ့သည်မှာ မှန်သော်လည်း မင်းဆက်တစ်ခုလုံးကိုပါ သူနှင့်အတူ အုတ်ဂူထဲသို့ ဆွဲခေါ်သွားခဲ့လေပြီ။


လက်ရှိ ဧကရာဇ် ရှဲ့ယွမ်ရွှင်းသည် ရာဇဝင်တစ်လျှောက် ထီးနန်းစိုးစံခဲ့ဖူးသမျှသော အုပ်ချုပ်သူများအနက်အတ္တအကြီးဆုံးနှင့် အထိန်းအကွပ်မဲ့ဆုံးသော မင်းတစ်ပါးဟု ဆိုရပေမည်။ ထို့အတူ သူသည် ရက်စက်ကြမ်းကြုတ်ပြီး သွေးအေးလှသလို လူသတ်ခြင်းကိုလည်း သာမန်ဝါသနာတစ်ခုကဲ့သို့ သဘောထားသူ ဖြစ်သည်။


ရှန်လင်းက ဤသည်ကို အပြည့်အဝ လက်ခံမိသည်။ အခြားသော အမျိုးသားများသာဆိုလျှင် လှပချောမောသည့် အမျိုးသမီးတစ်ဦးအပေါ် အနည်းဆုံးတော့ သနားကြင်နာစိတ် အနည်းငယ် ရှိကောင်းရှိပေလိမ့်မည်။ သူတို့သည် တွေဝေတုံ့ဆိုင်းသွားခြင်း၊ စိတ်ပျော့ပြောင်းသွားခြင်း သို့မဟုတ် သူမကို အလျှော့ပေး ချမ်းသာပေးခြင်းမျိုး ပြုလုပ်ကြပေလိမ့်မည်။ သို့သော် ရှဲ့ယွမ်ရွှင်းကမူ ထိုသို့သောသူမျိုး လုံးဝမဟုတ်ပေ။ မည်သည့်အရာကမျှ တုန်လှုပ်ချောက်ချားအောင် မစွမ်းဆောင်နိုင်သည့် သူ၏ ပြတ်သားခိုင်မာမှုမှာ ကျောက်စာတိုင်တွင် ထွင်းထုထားသည့်အလား အပြောင်းအလဲမရှိ ခိုင်မြဲလှပေသည်။


အကယ်၍သာ ရှဲ့ယွမ်ရွှင်းသည် ထီးနန်းမစိုးစံမီ နှိပ်စက်ညှင်းပန်းမှု သို့မဟုတ် မတရားမှုများကို ခံစားခဲ့ရသည့် မင်းသားတစ်ပါး ဖြစ်ခဲ့မည်ဆိုလျှင် သူ၏ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးဆာတတ်သော ဗီဇတို့အတွက် အကြောင်းပြချက် ရှိကောင်းရှိနိုင်ပေလိမ့်မည်။ သို့သော် ပြဿနာမှာ... သူက ထိုသို့သောသူ မဟုတ်ခဲ့ခြင်းပင် ဖြစ်သည်။


သူ မဟုတ်ခဲ့ပေ။


ရှဲ့ယွမ်ရွှင်းသည် ကွယ်လွန်သူ မိဖုရားခေါင်ကြီး၏ သားတော်ဖြစ်ကာ ခမည်းတော် ဧကရာဇ်မင်းမြတ်၏ အချစ်ဆုံးသားတော်လည်း ဖြစ်သည်။ မိဖုရားခေါင်ကြီး နတ်ရွာစံပြီးနောက် ဧကရာဇ်မင်းမြတ်သည် ငယ်ရွယ်သော ရှဲ့ယွမ်ရွှင်းကို မိမိအနားတွင် အမြဲခေါ်ထားကာ ကိုယ်တိုင်ကိုယ်ကျ ပြုစုပျိုးထောင်ပေးခဲ့ပြီး အတိုင်းအဆမရှိ ချစ်မြတ်နိုးတော်မူခဲ့သည်။ ဧကရာဇ်မင်းမြတ်သည် အိမ်ရှေ့စံအဖြစ် တရားဝင် အမိန့်တော် မထုတ်ပြန်ခဲ့သော်လည်း အကယ်၍ တစ်စုံတစ်ဦးကို ရွေးချယ်မည်ဆိုပါက ထိုသူမှာ ရှဲ့ယွမ်ရွှင်းသာ ဖြစ်လိမ့်မည်ဟု နန်းတွင်းနှင့် ပြည်သူပြည်သားအပေါင်းက သိရှိထားကြသည်။ သူသည် အမည်နာမအရ အိမ်ရှေ့စံ မဟုတ်သော်ငြား အိမ်ရှေ့စံတစ်ဦး ပိုင်ဆိုင်အပ်သည့် အခွင့်အာဏာနှင့် အခွင့်အရေး အလုံးစုံကို ရရှိခံစားခဲ့သူ ဖြစ်သည်။


ဧကရာဇ်မင်းမြတ်သည် နတ်ရွာမစံမီ ရှဲ့ယွမ်ရွှင်း၏ အနာဂတ်အတွက် အရာရာကို ကြိုတင်စီမံပေးခဲ့သည်။ ထူးချွန်ထက်မြက်သော အမတ်ကြီးများနှင့် စစ်သူကြီးများကို ချန်ရစ်ပေးခဲ့သည့်အပြင် မိဖုရားခေါင်ကြီးကိုပင် ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ပေးခဲ့သည်။ ထို့ကြောင့် ဧကရာဇ်မင်းမြတ်သည် မည်သည့်စိုးရိမ်ပူပန်မှုမျှမရှိဘဲ စိတ်အေးလက်အေး နတ်ရွာစံသွားခဲ့လေသည်။ သို့သော် ရှဲ့ယွမ်ရွှင်းသည် ထီးနန်းတက်လာသောအခါ မင်းသားဘဝကပင် ရှိခဲ့သော သူ၏ကြမ်းတမ်းရက်စက်တတ်သည့် ဗီဇမှာ ပြောင်းလဲသွားခြင်းမရှိသည့်အပြင် ပို၍ပင် အထိန်းအကွပ်မဲ့လာခဲ့တော့သည်။


သူသည် မိမိအား ဆန့်ကျင်သူဖြစ်စေ၊ ထောက်ခံအားပေးသူဖြစ်စေ ညီအစ်ကိုမောင်နှမအားလုံးကို သတ်ဖြတ်ခဲ့သည်။ ထို့ပြင် မျက်နှာသာရရန် ကြိုးပမ်းကြသော အနောက်ဆောင်မှ အလှပဂေးအမြောက်အမြားကိုလည်း ကွပ်မျက်ခဲ့လေသည်။ အချို့သော အမျိုးသမီးများကိုမူကား တစ်နေ့၌ တိုက်ဆိုင်စွာ မြင်တွေ့ခဲ့ပြီး နောက်တစ်နေ့တွင် ပြန်လည်သတိရမိကာ စိတ်အလိုမကျသည့်အတွက်သာ သတ်ဖြတ်ခဲ့ခြင်းဖြစ်ရာ မည်သည့်ခိုင်လုံသော အကြောင်းပြချက်မျှ မရှိပေ။ အနောက်ဆောင်၌ ကျန်ရစ်သည့် အမျိုးသမီးအနည်းငယ်မှာလည်း နန်းဆောင်ပြင်ပသို့ ထွက်ခဲလှပြီး ဧကရာဇ်က ဆင့်ခေါ်ခြင်း မပြုသရွေ့ လူလုံးထွက်မပြဝံ့ကြချေ။


ရှဲ့ယွမ်ရွှင်း ဤကဲ့သို့ ရူးသွပ်စွာ ပြုမူသောင်းကျန်းနေသည်ကို နန်းတွင်းအမတ်များက တားဆီးထိန်းကျောင်းရန် တစ်ကြိမ်တစ်ခါမျှ မကြိုးစားခဲ့ကြပါသလော။


အမှန်စင်စစ် သူတို့မှာ ကန့်ကွက်လိုသောစိတ် ရှိကြသော်လည်း နတ်ရွာစံအရှင်မင်းကြီး ကိုယ်တိုင် တိုင်းပြည်၏မိခင်အဖြစ် ရွေးချယ်တင်မြှောက်ခဲ့သည့် မိဖုရားခေါင်ကြီးပင်လျှင် သူ၏လက်ချက်ဖြင့် အသက်ပျောက်ခဲ့ရသည်ကို မြင်တွေ့လိုက်ရသည့်အခါတွင်မူ သူ့ကို ဆန့်ကျင်လိုသည့် သတ္တိများ အစအနပင် မကျန်တော့ဘဲ ပျောက်ဆုံးသွားကြလေတော့သည်။ သတ္တိအနည်းငယ်ရှိသည့် အရာရှိအချို့က ရှေ့ထွက်၍ ကန့်ကွက်နားတော်လျှောက်ခဲ့ကြသော်လည်း ရှဲ့ယွမ်ရွှင်းကမူ သူတို့ကို ယင်ကောင်တစ်ကောင်ကို ရိုက်သတ်သကဲ့သို့ အမှုမဲ့အမှတ်မဲ့ပင် သတ်ဖြတ်ပစ်လိုက်လေသည်။


ထိုအကြောင်းကို တွေးမိရုံနှင့်ပင် ရှန်လင်းမှာ စိတ်မပါတပါ ဖြစ်သွားရသည်။ သူမ၏ အမြင်တွင်မူ ရှဲ့ယွမ်ရွှင်းမှာ လူမှုပတ်ဝန်းကျင်ကို ဆန့်ကျင်လိုသည့် စရိုက်လက္ခဏာများ အပြည့်ရှိသော မွေးရာပါ အရူးတစ်ယောက်သာ ဖြစ်လေသည်။


သူ့ကဲ့သို့သော လူစားမျိုး၏ အနီးအပါး၌ ရှိနေရခြင်းမှာ အသက်ကိုးချောင်းပင် ရှိစေဦးတော့၊ လုံလောက်နိုင်မည် မဟုတ်ပေ။


ထိုသို့ စိုးရိမ်ပူပန်နေရင်းဖြင့်ပင် ရှန်လင်းသည် နောက်ဆုံး၌ အိပ်ပျော်သွားခဲ့တော့သည်။


နောက်တစ်နေ့တွင်။


ရှန်လင်းသည် မွန်းတည့်ချိန်အထိ အိပ်မောကျနေခဲ့သည်။ သူမ နိုးလာသည့်အခါ နန်းတွင်းအပျိုတော်များက ကိုယ်လက်သန့်စင်ပေးပြီး အဝတ်အစားများ လဲလှယ်ဆင်ယင်ပေးကြသည်။ ဆံပင်ပြင်ပေးသည့် အပျိုတော်၏ လက်ရာမှာ အံ့မခန်းလှပေသည်။ သူမ ပြင်ဆင်ပေးလိုက်သည့် ဆံပင်ပုံစံမှာ အလွန်တရာ ကျော့ရှင်းလှပကာ နတ်မိမယ်တစ်မျှ တင့်တယ်လွန်းလှသဖြင့် ရှန်လင်းမှာ ကြေးမုံပြင်ကို မြှောက်ကိုင်ပြီး ဤလောကတွင် အလှဆုံးသော အမျိုးသမီးမှာ မည်သူနည်းဟုပင် မေးမြန်းချင်စိတ် ပေါက်သွားမိတော့သည်။


သူမ ထိုနေရာတွင် ထိုင်နေစဉ်အတွင်း အစေခံမလေးများ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။ တစ်ဦးက ယပ်ခတ်ပေးနေသလို အခြားတစ်ဦးကလည်း သူမ၏ ခြေထောက်များကို နှိပ်နယ်ပေးနေသည်။ နှိပ်နယ်ပေးမှုမှာ အလွန်ပင် သက်သောင့်သက်သာရှိလှသဖြင့် သူမမှာ ကျေနပ်ပီတိဖြစ်လွန်းကာ ညည်းတွားသံပင် ထွက်ပေါ်လုနီးပါး ဖြစ်သွားရသည်။ သူမ စာဖတ်လိုသော်လည်း စာအုပ်ကို ကိုယ်တိုင်ကိုင်ထားရန်ပင် မလိုအပ်ချေ။ တစ်စုံတစ်ယောက်က သူမအတွက် စာကို သက်ဝင်လှုပ်ရှားပြီး ပီပြင်ပြတ်သားစွာ ဖတ်ကြားပြလေသည်။ သူမ ဗိုက်ဆာလာသည့်အခါတွင်လည်း လှီးဖြတ်ပုံ၊ ပြင်ဆင်ပုံနှင့် အရသာတို့မှာ အပြစ်ပြောစရာမရှိအောင် ပြည့်စုံလှသည့် ဟင်းလျာများကို စားပွဲအပြည့် ခင်းကျင်းပေးကြသည်။ ဤကဲ့သို့ အဘက်ဘက်မှ အလိုလိုက်ဂရုစိုက်မှုများကြားတွင် ရှန်လင်း၏ မနေ့ညက စိုးရိမ်ပူပန်မှု အားလုံးတို့သည်လည်း အစအနပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားတော့သည်။


ဤကဲ့သို့ အေးအေးလူလူ နေထိုင်ရခြင်းမှာ နတ်ဘုရားတို့၏ စည်းစိမ်ပင် ဖြစ်ပေလိမ့်မည်။ နန်းတွင်းတစ်နေရာတွင် ကြောက်မက်ဖွယ်ကောင်းလှသော ဧကရာဇ် ရှိနေသည်ဆိုသော်လည်း ရှန်လင်းကတော့ အနည်းငယ်မျှပင် စိုးရိမ်ပူပန်ခြင်း မရှိပေ။ လှပချောမောသည့် မိန်းမလှလေးများစွာ ရှိနေသည့်ကြားတွင် ရှဲ့ယွမ်ရွှင်းအနေဖြင့် သူမကို မှတ်မိနေလိမ့်မည်ဟုလည်း သူမ မယုံကြည်ပါ။ ထိုသို့သော ယုံကြည်ချက်အပြည့်ဖြင့် သူမသည် ရှုခင်းကြည့်ရှုရန် ဇရပ်လေးဆီသို့ ပေါ့ပါးသော ခြေလှမ်းများဖြင့် ထွက်ခွာသွားလေတော့သည်။


သို့ရာတွင် လက်တွေ့အခြေအနေကမူ ရှဲ့ယွမ်ရွှင်းက သူမကို မှတ်မိနေခဲ့ကြောင်း သက်သေပြနေလေသည်။


ချန်းယန်နန်းဆောင်အတွင်းဝယ် ရှဲ့ယွမ်ရွှင်းသည် ရာဇပလ္လင်ထက်၌ စံမြန်းနေသော်လည်း စိတ်အာရုံတို့မှာမူ ထိုနေရာတွင် ရှိမနေဘဲ အဝေးတစ်နေရာသို့ လွင့်ပျံ့နေသည်မှာ အထင်အရှားပင်။ ပလ္လင်အောက်တွင်မူ တင်လျှောက်ရန် ကိစ္စရှိသော အမတ်အရာရှိများက ရှေ့သို့ တိုးထွက်လာကြပြီး တင်ပြစရာ မရှိသူတို့ကမူ မိမိတို့နေရာ၌ပင် တိတ်ဆိတ်စွာ ရပ်မြဲအတိုင်း ရပ်နေကြလေသည်။


အခွန်ဝန်ကြီး ချွိသည် ရှေ့သို့တစ်လှမ်းတိုးထွက်၍ လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး... ပိုဟိုင်နယ်စားကြီးလီက သူရဲ့တာဝန်များကို ပျက်ကွက်ခဲ့ကြောင်း အကျွန်ုပ် လျှောက်တင်လိုပါတယ် မကြာသေးမီက ဖြစ်ပွါးခဲ့တဲ့ ရေဘေးဒုက္ခသည်များအတွက် ပေးပို့လိုက်တဲ့ ကယ်ဆယ်ရေး ရန်ပုံငွေတွေထဲက ဆယ်ပုံတစ်ပုံ၊ နှစ်ပုံခန့်သာ ဘေးသင့်ပြည်သူများထံသို့ အမှန်တကယ် ရောက်ရှိခဲ့ပါတယ်..ကျန်တဲ့ ငွေစင်တွေကဘယ်နေရာကိုရောက်ရှိသွားလဲဆိုတာကို အစအနရှာမရ ဖြစ်နေပါတယ် ဒါကြောင့် သည်ကိစ္စကိုစုံစမ်းစစ်ဆေးရန်အတွက် လူစေလွှတ်ပေးဖို့ အရှင်မင်းကြီးကိုလျှောက်ထားအပ်ပါတယ်"


နန်းရင်းဝန်ယန် ရှေ့သို့တစ်လှမ်းတိုးထွက်လာကာ “အရှင်မင်းကြီး... သည်အမှုကို အစအဆုံး သေချာစွာ စုံစမ်းစစ်ဆေးပေးဖို့ရန် အကျွန်ုပ်

 လည်း လျှောက်ထားအပ်ပါတယ် အရှင်မင်းကြီး  မြို့စားမင်းလီကအရှင်မင်းကြီးအပေါ် အကြွင်းမဲ့ သစ္စာရှိသူဖြစ်တာမို့  အရှင်မင်းကြီးကိုထိခိုက်နစ်နာစေမယ့် ဘယ်ကိစ္စကိုမဆို ဘယ်သောအခါ မှ လုပ်ဆောင်မယ့်သူမဟုတ်ပါဘူး “ 


ဘုရင်ခံ လီသည် ဝန်ကြီးချုပ် ယန်၏ အုပ်စုဝင်တစ်ဦး ဖြစ်သည်။ ဘေးအန္တရာယ် ကယ်ဆယ်ရေး ရန်ပုံငွေကိစ္စတွင် ပါဝင်ပတ်သက်သူ များပြားလှသဖြင့် ဝန်ကြီး ချွိက အပြစ်အားလုံးကို ဘုရင်ခံ လီတစ်ဦးတည်းအပေါ် ပုံချသည်ကို ဝန်ကြီးချုပ် ယန်က မည်သို့မျှ ခွင့်ပြုမည် မဟုတ်ပေ။


အုပ်စုနှစ်စုမှာ ချက်ချင်းပင် အခြေအတင် အငြင်းပွားမှုများ စတင်လာကြသော်လည်း ရှဲ့ယွမ်ရွှင်းမှာမူ ထိုစကားများကို တစ်လုံးတစ်ပါဒမျှပင် နားထဲမထည့်ခဲ့ပေ။ သူသည် မိန်းမစိုးကြီး ဖုန်းအား အနားသို့ လက်ဟန်ပြ ခေါ်ယူလိုက်ပြီး တိုးညှင်းစွာ တစ်စုံတစ်ခုကို မှာကြားလိုက်သည်။ မိန်းမစိုးကြီး ဖုန်းသည်လည်း မှာကြားချက်များကို ကြားနာပြီးနောက် ဦးညွှတ်ဂါရဝပြုကာ တိတ်တဆိတ် ပြန်လည်ဆုတ်ခွာသွားခဲ့လေသည်။


ရှဲ့ယွမ်ရွှမ်းသည် ချန်ယန်နန်းဆောင်၌ ဆက်လက်ရှိနေပြီး တိုင်းရေးပြည်ရာများကို နားညောင်းလိုစိတ် အလျှဉ်းမရှိတော့ပေ။ “အကယ်၍ တခြားတင်ပြစရာ ကိစ္စရပ်များ မရှိတော့လျှင် ဒီနေ့ညီလာခံကို ဒီတင်ပဲ ရုပ်သိမ်းလိုက်တော့မည်”


အမတ်မင်းများမှာ ဆွံ့အသွားကြလေတော့သည်။


"မဟုတ်ပါဘူး အရှင်၊ ကိစ္စတစ်ခု ရှိပါသေးတယ်။ ကျွန်တော်မျိုးမတို့ အခုနတင် ဘုရင်ခံလီနဲ့ ဘေးအန္တရာယ် ကယ်ဆယ်ရေး ရန်ပုံငွေအကြောင်း ပြောဆိုနေကြတာ မဟုတ်ပါလား။"


သို့သော် ရှဲ့ယွမ်ရွှင်း၏ မျက်နှာထက်မှ အထင်အရှား မြင်တွေ့နေရသော စိတ်မရှည်မှုကို မြင်ရသောအခါ မျက်မှောက်၌ပင် အသတ်ခံရမည့်အရေးကို စိုးရိမ်သဖြင့် မည်သူမျှ နှုတ်မဟရဲကြတော့ချေ။


ရှဲ့ယွမ်ရွှမ်သည် နေရာမှထကာ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားလေသည်။ ဝန်ကြီးချုပ်ယန်က ဦးစွာနောက်မှ လိုက်ပါသွား၏။ ဝန်ကြီးချွီသည်လည်း စိတ်အားလျော့သွားခြင်း မရှိပေ။ သူ၏ အင်္ကျီလက်အတွင်းဝယ် လျှောက်လဲလွှာကို ထည့်သွင်းသိမ်းဆည်းထားဆဲဖြစ်ရာ တစ်ချိန်ချိန်တွင်မူ ဧကရာဇ်မင်းမြတ်အနေဖြင့် ဤစာလွှာကို မလွဲမသွေ မြင်တွေ့ရမည်သာ ဖြစ်သည်။


တစ်စုံတစ်ယောက်က စိုးရိမ်ပူပန်စွာဖြင့် တိုးတိုးလေး ဆိုလာသည်။ “ဝန်ကြီးချုပ်ရန်... ဝန်ကြီးချွီက ဒီနေ့တော့ ကျွန်ုပ်တို့ကို အလစ်အငိုက် တိုက်ခိုက်လိုက်တာပဲ။ ဘုရင်ခံလီကို သတိပေးဖို့ လူတစ်ယောက်လောက် လွှတ်လိုက်ရမလား။ အကယ်၍ အရှင်မင်းကြီးကသာ စုံစမ်းစစ်ဆေးဖို့ ဆုံးဖြတ်လိုက်ရင် အဲဒီငွေတွေကို လက်ဝယ်ထားခဲ့တဲ့သူတိုင်းတော့ အသက်ပျောက်ကြရမှာပဲ။”


ဝန်ကြီးချုပ်ယန်က “မလိုအပ်ပါဘူး။ ဒီကိစ္စက ဟိုးဟိုးကျော်သွားမှာ မဟုတ်ဘူး။ စဉ်းစားကြည့်စမ်းပါဦး... ဝန်ကြီးချူက ဘာကြောင့် ရှေ့ထွက်လာတာလို့ ထင်သလဲ။ အဲဒီငွေတွေက သူ့လက်ထဲကနေ ထွက်သွားတာမို့လို့လေ။ သူလည်းပဲ ဒီအမှုထဲ ငြိစွန်းသွားမှာကို စိုးရိမ်နေတာ။ သူ့ရဲ့ စီမံခန့်ခွဲမှုအောက်က ဘဏ္ဍာရေးဝန်ကြီးဌာနကနေ ငွေတွေထွက်သွားတိုင်း သူက အစီရင်ခံစာတစ်စောင် အမြဲရေးလေ့ရှိတယ်။ ဒီတစ်ကြိမ်လည်း အရင်အတိုင်းပါပဲ” ဟု ပြန်လည်ဖြေကြားလေသည်။


“ခင်ဗျား အဲ့ဒီလို ပြောလိုက်မှပဲ ကျွန်တော်လည်း စိတ်အေးသွားရတော့တယ်”


ချန်ယန်နန်းဆောင်မှ ထွက်ခွာလာပြီးနောက် ဇယွမ်ရွှင်းသည် ထိုက်ကျိခန်းမသို့ ပြန်မသွားတော့ဘဲ ချန်လဲ့နန်းဆောင်ရှိရာသို့သာ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်တော့သည်။


သူ အထဲသို့ ဝင်လာသည်နှင့် နန်းတွင်းအပျိုတော်များနှင့် မိန်းမစိုးများအားလုံး ဝပ်စင်းဂါရဝပြုကြလေသည်။ ရှန်လင်းကို မည်သည့်နေရာတွင်မျှ မတွေ့ရသဖြင့် သူက “ရှန်ကွေ့ရန် ဘယ်မှာလဲ” ဟု မေးမြန်းလိုက်၏။


“အရှင်မင်းကြီး... ရှန်ကွေ့ရန် ရှန်လင်းကတော့ ရှုခင်းကြည့်ရှုဖို့ အပြင်ဘက်က မဏ္ဍပ်ဆီကို ကြွသွားပါတယ်ဘုရား” ဟု အပျိုတော်တစ်ဦးက ပြန်လည်လျှောက်တင်လိုက်သည်။


“ရှုခင်းကြည့်နေတာလား?”


ဇဲ့ယွမ်ရွှင်းက မျက်ခုံးပင့်လိုက်ရင်း "တိုက်ဆိုင်လိုက်တာ၊ ငါ့ဆီမှာလည်း သူမ သဘောကျစေမယ့် အရာတစ်ခု ရှိနေတာပဲ" ဟု ဆိုကာ ရှန်လင်းကို ရှာဖွေရန် လှည့်ထွက်သွားလေသည်။


ရှဲ့ယွမ်ရွှင်း သူမအား လိုက်လံရှာဖွေနေသည်ကို ရှန်လင်း အနည်းငယ်မျှပင် မရိပ်မိခဲ့ပေ။ သူမသည် ဇရပ်လက်ရန်းတွင် ပျင်းရိပျော့ခွေစွာ မှီထိုင်ရင်း၊ နန်းတွင်းအစေခံမလေး တစ်ရှောင်ရှောင် ကမ်းပေးနေသည့် ငါးစာလုံးလေးများကို ငါးများထံသို့ ပစ်ကျွေးနေလေသည်။


ရှန်လင်းသည် ငါးလေးများကို အစာကျွေးနေရင်းပင် ငါးစာတစ်လုံးကို သူမ၏ပါးစပ်ထဲသို့ ခပ်ပေါ့ပေါ့ပင် ကောက်ထည့်လိုက်မိသည်။ နှစ်ချက်မျှ ဝါးကြည့်လိုက်ရာ သူမ၏မျက်ဝန်းအစုံမှာ ဝင်းလက်တောက်ပသွားလေသည်။ ၎င်း၏အရသာမှာ တကယ်တမ်းတွင် အတော်ပင် စားကောင်းလှပေသည်။


ရုတ်တရက် လက်တစ်ဖက်က သူမ၏ပါးပြင်ကို လှမ်းဆွဲညှစ်လိုက်ပြီး “မင်းက ငါးလေးလား” ဟု မေးလိုက်လေသည်။


ရှန်လင်း မှင်သက်သွားရသည်။ ထိုရင်းနှီးနေသော အဆိတ်လေးနှင့် ထိုရင်းနှီးနေသော အသံကြောင့်ပင် ဖြစ်တော့သည်။


— သူပဲ…..ဧကရာဇ်ပဲ!


ရှန်လင်းက “အရှင်မင်းကြီး... ကျွန်တော်မျိုးမ မဟုတ်ပါဘူး” ဟု ဆိုလိုက်သည်။


— ကျွန်မက သာမန်လူသားတစ်ယောက်သက်သက်ပါ ရှင့်မျက်စိတွေများ ကန်းနေလို့လား?


ရှဲ့ယွမ်ရွှင်း၏ စိတ်အစဉ်မှာ ပို၍ပင် ကြည်လင်တောက်ပလာကာ “မင်းက ငါးမှမဟုတ်ဘဲနဲ့ ဘာလို့ ငါးစာတွေ စားနေတာလဲ” ဟု ဆိုလိုက်သည်။


"ကျွန်မ သိချင်စိတ် ဖြစ်မိသွားရုံသက်သက်ပါပဲ။ နောက်တစ်ခါ အခုလို မလုပ်တော့ပါဘူး" ဟု ရှန်လင်းက ပြန်လည်ဖြေကြားလိုက်သည်။ ထို့နောက် သူမသည် လက်ကျန်အစာလုံးလေးများကို ရေထဲသို့ အလျင်အမြန်ပင် ပစ်ချလိုက်တော့သည်။


ရှဲ့ယွမ်ရွှင်းက "စားလို့ကောင်းရဲ့လား" ဟု တစ်ဖန်ထပ်မေးလိုက်ပြန်သည်။


ရှန်လင်းက ပြုံးလိုက်ပြီး “ဟင့်အင်း၊ မစားကောင်းပါဘူး” ဟု ဆိုလိုက်သည်။


— စတာပါ၊ အနံ့ကလည်း မွှေးသလို အရသာကလည်း ပိုလို့တောင် ကောင်းနေသေးတယ်


—ဒါကို စားဖို့တောင် စိတ်မကူးနဲ့


— တစ်ဖဲ့လေးတောင် မပေးဘူး၊ ရှင် စားချင်စိတ်တွေ ပြင်းပြလွန်းလို့ သေတောင်သေသွားပါစေလို့ပဲ ဆုတောင်းပေးလိုက်မယ်!


“အရှင်မင်းကြီးက ကျွန်တော်မျိုးမဆီ ကြွမြန်းလာတာလား” ဟု ရှန်လင်းက မေးမြန်းလိုက်သည်။


ရှဲ့ယွမ်ရွှင်းသည် သူမ၏ဘေးတွင် ဝင်ထိုင်လိုက်ပြီး သူမ၏လက်ကလေးကို ဆုပ်ကိုင်လိုက်သည်။ “အင်း... မင်းကြည့်ဖို့ ကောင်းတာလေးတစ်ခု ကိုယ် ယူလာခဲ့တယ်။ မင်း ရှုခင်းကြည့်နေတယ်လို့ အစေခံတွေက ပြောတာနဲ့ ကိုယ် ဒီဘက်ကို လာခဲ့တာ”


“အရှင်မင်းကြီးက ကျွန်တော်မျိုးမကို ဘယ်လိုထူးခြားတဲ့အရာများ ပြသချင်လို့ပါသလဲဘုရား”


ရှဲ့ယွမ်ရွှင်းက “ခန့်မှန်းကြည့်ပါဦး” ဟု ဆိုလိုက်သည်။


ရှန်လင်းက “ကျွန်တော်မျိုးမက ဉာဏ်နုံ့လွန်းလှတာကြောင့် မခန့်မှန်းတတ်ပါဘူး” ဟု ပြန်လည်လျှောက်တင်လိုက်သည်။


—ငါ့ဖင်ကိုပဲခန့်မှန်းလိုက်!!


ရှဲ့ယွမ်ရွှင်းသည် အသံကျယ်ကျယ်ဖြင့် တဟားဟား အော်ရယ်လိုက်တော့သည်။


ရှန်လင်းသည် အသက်ကို ဝအောင် တစ်ချက် ရှူသွင်းလိုက်သည်။


—ငါထင်သားပဲ၊ သူက တကယ့်ကို အရူးတစ်ယောက်ပဲ ဘာမဟုတ်တာကို အကြောင်းမရှိ အကြောင်းမရှာ ရယ်နေတာ ဘာတွေ ဒီလောက် ရယ်နေတာလဲ၊ ဒီအရူးကောင်ရဲ့!


ရှဲ့ယွမ်ရွှင်းက ပို၍ပင် ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။


ရှန်လင်း - “…”


သူ့ရယ်သံများ စဲသွားချိန်တွင် သူက “ဖုန်း... အဲဒီအလှလေးကို ရှန်ကွေ့ရန် ရှန်လင်း ကြည့်ရှုနိုင်ဖို့ ခေါ်ဆောင်လာခဲ့စမ်း” ဟု ဆိုလိုက်လေသည်။


ရှန်လင်း၏ မျက်နှာထက်တွင် အံ့အားသင့်သွားသည့် အရိပ်အယောင်လေးတစ်ခု ထင်ဟပ်သွားသည်။ အလှလေးတစ်ယောက်တဲ့လား။ ဘယ်လိုအလှမျိုးလဲ။ ဘယ်လောက်တောင် လှနေလို့လဲ။


သူမသည် စိတ်လှုပ်ရှားမှုကိုပင် အနည်းငယ် ခံစားလိုက်ရ၏။ ရှဲ့ယွမ်ရွှင်းက 'အလှလေး' ဟု တင်စားခေါ်ဆိုသူမှာ ရင်သပ်ရှုမောဖွယ်ရာ ကောင်းလောက်အောင်ပင် လှပနေမည်မှာ အမှန်ပင် မဟုတ်ပါလော။


မကြာမီမှာပင် မိန်းမစိုးကြီးဖုန်းသည် အလှပဂေးဟု ဆိုအပ်သူကို ခေါ်ဆောင်၍ ရောက်ရှိလာလေသည်။


ရှန်လင်းသည် သူမလက်ထဲ၌ ကိုင်ထားသော လူရေခွံကို စိုက်ကြည့်နေမိပြီး အချိန်အတော်ကြာသည့်တိုင်အောင် စိတ်နှင့်လူ ပြန်မကပ်နိုင်ဘဲ ဖြစ်နေခဲ့သည်။


သူမ၏ဘေး၌ မိုက်မဲလှသော ဧကရာဇ်က ဂုဏ်ယူဝင့်ကြွားသော လေသံဖြင့် ဆိုလာသည်။


“ဒီအလှလေးက ကတာ တော်တော်လှတာ။ မင်း သူမ ကပြတာကို တစ်ခါမှ မမြင်ဖူးသေးတာကို ကိုယ်တော် သတိရမိပြီး နှမြောစရာကြီးလို့ ခံစားမိတာနဲ့၊ သူမရဲ့ အရေခွံကို ခွာပြီး မင်းကြည့်ရှုခံစားနိုင်အောင် ယူလာပေးတာ။ ကဲ... ဘယ်လိုလဲ? သူမ ကနေတာက တကယ်ပဲ ချစ်စရာမကောင်းဘူးလား?”


ရှန်လင်းမှာ မှင်တက်လျက် ရပ်နေမိသည်။


—ဒါ... ဒါ ဘယ်လိုတောင်လဲ! ရှင်က တကယ့်ကို စိတ်မနှံ့တဲ့သူပဲ၊ လူသတ်ရတာ ဝါသနာပါတဲ့ မိစ္ဆာကောင်ကြီး! ကျွန်မက အသက်ရှင်နေတဲ့ အလှပဂေးတစ်ယောက်ကို မြင်ချင်တာလေ၊ ရှင် ခွာယူလာတဲ့ လူအရေခွံကြီးကို မြင်ချင်တာ မဟုတ်ဘူး! ကျွန်မကိုလည်း ရှင့်လိုပဲ စိတ်ဖောက်ပြန်နေတယ်လို့ ထင်နေတာလား။ ရှဲ့ယွမ်ရွှင်း... ရှင်က တကယ့်ကို လူစိတ်မရှိတဲ့ မိစ္ဆာကောင်ပဲ!


ဆဲ့ယွမ်ရွှင်းက သူမကို ကြည့်ကာ “နှစ်သက်ရဲ့လား” ဟု မေးလိုက်သည်။


ရှန်လင်း၏ နှုတ်ခမ်းအစုံမှာ တဆတ်ဆတ် တုန်ယင်နေ၏။ သူမမှာ ကြောက်လန့်လွန်း၍ သေလုမတတ် ဖြစ်နေရသည့်တိုင် ထိုလူယုတ်မာက သူမ သဘောကျရဲ့လားဟု မေးမြန်းနေသေးသည်။


“...ကျွန်မ နှစ်သက်ပါတယ်”


— ကျွန်မ လုံးဝမကြိုက်ဘူး! အရမ်းမုန်းတာပဲ! ကြားရဲ့လား၊ ရှင့်လို လူယုတ်မာကြီး!


ရှဲ့ယွမ်ရွှင်းက “မင်း သဘောကျတယ်ဆိုရင်တော့ နောက်တစ်ခါကျရင် ဒီလိုမျိုး အလှပဂေးတွေကို ပိုပြီး ခေါ်လာပေးပါ့မယ်” ဟု ဆိုလိုက်သည်။


နောက်တစ်ကြိမ်တဲ့လား။ နောက်ထပ် နောက်တစ်ကြိမ်ဆိုတာ ရှိဦးမှာတဲ့လား။


ရှန်လင်း၏ သူငယ်အိမ်များ ပြူးကျယ်သွားရသည်။ သူမ မည်သို့သော အမူအရာမျိုး ပြုလုပ်ရမည်ကိုပင် မသိတော့ပေ။ သူမသည် သူကဲ့သို့ အရူးတစ်ယောက် မဟုတ်သည်မို့ ဤသို့သော အရေပြားအလှတရားမျိုးကို မည်သို့လျှင် နှစ်သက်နိုင်ပါမည်နည်း။


ရှဲ့ယွမ်ရွှမ်းက “ဘာလို့ ဘာမှမပြောတာလဲ။ ဝမ်းသာလွန်းလို့ စကားတောင် မထွက်တော့တာလား” ဟု မေးမြန်းလိုက်သည်။


ရှန်လင်းက ယဉ်ကျေးပျူငှာစွာ နှစ်ချက်မျှ ရယ်မောလိုက်သည်။ သူက သူမကို စိတ်အေးလက်အေး မနေစေလိုမှတော့ သူမကလည်း သူ့ကို စိတ်အေးလက်အေး ရှိနေစေရန် အစီအစဉ်မရှိတော့ပေ။ သူမသည် ရှိသမျှ သတ္တိဗျတ္တိတို့ကို အားတင်းစုစည်းကာ သူမ၏ လေသံကို ပျားရည်စက်များ ကျလုမတတ် အလွန်အမင်း ချိုသာနူးညံ့အောင် ပြောင်းလဲလိုက်တော့သည်။


“အရှင်မင်းကြီး... အရှင်က ဒီအလှလေးကိုဒီလောက်အထိ သဘောကျနှစ်သက်နေသည်မှတော့ ဘာကြောင့် အကျိုးရှိရှိ အသုံးတော်မခံစေတာလဲ  သူမကို အရှင်၏အိပ်ဆောင်တော်မှာ ထားပြီး ညစဉ်ညတိုင်း အပါးတော်မှာ ခစားစေသင့်ပါတယ်  သင်းပျံ့သော နံ့သာရနံ့တွေနဲ့ နွေးထွေးတဲ့င်္အကျီလက်တို့ထက်မှာ အလှလေးတစ်ယောက်ကို ဘေးမှာထားပြီးအိပ်စက်ရတာက ပိုပြီးတော့ သာယာကြည်နူးစရာ ကောင်းမှာပါ”


—ငါကတော့ မရဲဘူး တစ်ကယ်လို့သာ အဲ့ဒီလိုအရာမျိုးကငါ့ရဲ့ ခုတင်ဘေးမှာ လာရပ်နေမယ်ဆိုရင် ကြောက်လွန်းလို့ အသက်တောင် ထွက်သွားနိုင်လောက်တယ်


ရှဲ့ယွမ်ရွှမ်က “မင်းရဲ့ အကြံက တကယ်ကို ထူးမွန်လှတယ် ကောင်းပြီလေ... ဒီညတော့ သူ့ကို ငါ့ရဲ့ အိပ်ဆောင်ထဲမှာပဲ ထားလိုက်မယ်” ဟု ဆိုလိုက်သည်။


ရှန်လင်းက ရွှင်ပျစွာဖြင့် “အရှင်မင်းကြီးက အမျှော်အမြင် ကြီးမားလှပါတယ်ဘုရား” ဟု ပြန်လည်လျှောက်တင်လိုက်သည်။


ထိုည၊ ထိုက်ကျိနန်းဆောင်အတွင်း၌။


ရှန်လင်း၏ အသံမှာ တောင့်တင်းနေလျက် “...အရှင်မင်းကြီး?” ဟု ဆိုလိုက်သည်။


ရှဲ့ယွမ်ရွှင်းသည် အိပ်ဆောင်ဝတ်ရုံကို ဝတ်ဆင်ကာ ခုတင်ထက်၌ တစ်စောင်းမှီလျောင်းလျက် ခုတင်ဘေးတွင် ရပ်နေသည့် အသားအရေစိုပြည်လှပသော မိန်းမပျိုလေးအား စိုက်ကြည့်နေသည်။ ရှန်လင်း ဝင်လာသည်ကို မြင်သောအခါ သူက လက်တစ်ဖက်ကို မြှောက်ကာ သူမအား အနားသို့လာရန် လက်ဟန်ပြ၍ ခေါ်လိုက်လေသည်။


“ဒီကို လာခဲ့။”


"ဟုတ်ကဲ့" ဟု ရှန်လင်းက မျက်နှာသေဖြင့် လျှောက်လာခဲ့သည်။


ရှန်လင်းသည် လှဲလျောင်းနေရင်း စောင်စွန်းကို ကိုက်ထားမိကာ သူမ၏ မကျေနပ်ချက်အာဃာတတို့မှာ ရှဲ့ယွမ်ရွှင်းထံသို့ တိုက်ရိုက် ဦးတည်နေတော့သည်။


—"ဒီလူယုတ်မာ... တကယ်ပဲ ငါ့ကိုပါ နင့်ဘေးမှာ လာအိပ်ခိုင်းရတယ်လို့။ အစောက ငါပေးခဲ့တဲ့ အကြံဉာဏ်ကနင့်ကို ခြောက်လှန့်ဖို့လေ၊ ငါ့ကိုယ်ငါ ပြန်ခြောက်ဖို့ မဟုတ်ဘူး!"


ခုတင်ဘေးနားတွင် ထိုသို့သောအရာတစ်ခု ရပ်နေသည့်အခါ ရှန်လင်း မည်သို့လျှင် အိပ်ပျော်နိုင်ပါတော့မည်နည်း။


ရှန်လင်းသည် အသက်ကိုပင် ခပ်ပြင်းပြင်း မရှူဝံ့ရှာပေ။ သူမသည် ကိုယ်ကိုလှည့်ရန်လည်း မဝံ့၊ လှုပ်ရှားရန်လည်း မဝံ့ရဲသလို ပတ်ဝန်းကျင်ကိုလည်း လုံးဝ လှည့်ပတ်မကြည့်ဝံ့ပေ။ မျက်လုံးထောင့်မှတစ်ဆင့် ရှဲ့ယွမ်ရွှင်းကို ခိုးကြည့်လိုက်ရင်း သူမ စိတ်ထဲမှ တိတ်တဆိတ် တွေးတောလိုက်မိသည်မှာ -


—ဒီညသာ ငါအိပ်မပျော်ခဲ့ရင် နင့်ကို ခေါင်းအုံးနဲ့ ဖိသတ်ပစ်မှာ


"မင်း ဘာလို့ မအိပ်သေးတာလဲ" ဟု ရှဲ့ယွမ်ရွှင်းက မေးလိုက်သည်။


ရှန်လင်းက “ကျွန်တော်မျိုးမ အရှင်မင်းကြီး အရင်စက်တော်ခေါ်တာကိုစောင့်နေချင်လို့ပါ”ဟု တိုးညှင်းသောလေသံဖြင့် ပြန်လည်လျှောက်တင်လိုက်၏။


—ဘာလို့လဲလို့ မေးနေသေးတာလား? အိပ်လို့မရတာပေါ့၊ ဒီလူအရဲ့!


ရှဲ့ယွမ်ရွှမ်းက “အရေပြားအလှလေးကို ကုတင်ပေါ်တက်ခိုင်းပြီး မင်းကို ချော့သိပ်ခိုင်းလိုက်ရမလား” ဟု ဆိုလာ၏။


ရှန်လင်း၏ ကိုယ်လေးမှာ တောင့်တင်းသွားရသည်။ “...အရှင်ကတော့ သိပ်ကိုဆိုးတာပဲ။ ကျွန်တော်မျိုးမတို့ နှစ်ယောက်ကြားထဲမှာ ဘယ်သူ့ကိုမှ ဝင်မရှုပ်စေချင်ဘူး။ အခု အိပ်တော့မယ်။” အသားအရေနူးညံ့သော အလှလေးတစ်ယောက်က ခုတင်ဘေးတွင် ရှိနေမည်ဆိုလျှင် တစ်မျိုးပေါ့။ သို့သော် ခုတင်ပေါ်အထိ ဆိုလျှင်မူ... ထိုကဲ့သို့သော ‘ကောင်းချီး’ မျိုးကိုတော့ သူမ လုံးဝ တောင့်မခံနိုင်ပါချေ။


ရှန်လင်းသည် မျက်လုံးအစုံကို မှိတ်ထားရင်း တဖြည်းဖြည်း အိပ်မောကျသွားလေသည်။ အိပ်စက်အနားယူရန်မှာ သူမ ထင်မှတ်ထားသလောက်ပင် ခက်ခဲမနေခဲ့ပေ။ သူမ ပြန်လည်နိုးထလာချိန်၌မူ မိုးပင်စင်စင်လင်းနေပြီ ဖြစ်သည်။