Ch-4
Viewers 154

အခန်း (၄) - ဖြစ်နိုင်လို့ကတော့ သေအောင်ရိုက်သတ်ပစ်ချင်တယ်


***

နိုးလာသည့်တိုင်အောင် ရှန်လင်းသည် ခုတင်ထက်၌ပင် ငြိမ်သက်စွာ လဲလျောင်းနေဆဲ။ နေ့စဉ်ပြုလုပ်နေကျ အကျင့်အတိုင်းပင် သူမ၏ စိတ်အာရုံတစ်ခုလုံးမှာလည်း ဘာကိုမျှ တွေးတောမရဘဲ ဗလာဟင်းလင်း ဖြစ်နေသည်။ 


သို့သော် ယနေ့နံနက်ခင်းမှာမူ ထိုပုံမှန်အခြေအနေနှင့် ကွဲပြားသွားခဲ့သည်။ ဦးရေပြားဆီမှ ရုတ်တရက် စူးကနဲ နာကျင်မှုကို ခံစားလိုက်ရသည့် ခဏ၌ သူမသည် မည်သည့်ခံစားချက်မျှ မပေါ်လွင်သော မျက်နှာထားဖြင့် ခေါင်းကို ဖြည်းညင်းစွာ လှည့်ကြည့်မိလိုက်သည်။ 


ထိုနေရာတွင်မူ— သူ ရှိနေလေပြီ။


သူမ၏ ဘေးနားတွင် ရှဲ့ယွမ်ရွှင်းမှာ တစ်စောင်းမှီကာ လဲလျောင်းနေပြီး သူ၏ သွယ်လျသော လက်ချောင်းများကြား၌ သူမ၏ ဆံနွယ်တစ်မျှင်ကို ရစ်ပတ်ကိုင်တွယ်ထားသည်။ သူမ နိုးထလာသည်ကို မြင်လိုက်ရသောအခါတွင်မူ သူသည် အလေ့အကျင့်တစ်ခုကဲ့သို့ပင် ထိုဆံနွယ်လေးကို အသာအယာ ထပ်မံဆွဲယူလိုက်ကာ—


"နိုးပြီလား..."


ရှန်လင်းမှာမူ... ပြောစရာစကားလုံးတို့ ဆွံ့အသွားကာ ကြောင်တောင်တောင်ကြီး ဖြစ်နေမိတော့သည်။


ရှန်လင်း : “......”


ဒီလူက ဘာလို့ ဒီလောက်တောင် လက်ရည်သွက်နေရတာလဲ။ ကြည့်ရတာ သူ့ရဲ့ လှုပ်ရှားမှုတွေက အသားကျလွန်းနေသလိုပဲ။ ငါ့ဆံပင်ကိုများ ဘယ်နှကြိမ်တောင် အခုလို ဆွဲကိုင်ဖူးနေလို့ ဒီလောက်အထိ ကျွမ်းကျင်ပိုင်နိုင်နေရတာလဲ


နာကျင်မှုကြောင့် ရှန်လင်း၏ မျက်နှာလေးမှာ ရှုံ့မဲ့သွားရရှာသည်။ 


ဒီလူယုတ်မာကြီးက အခုထိ ညီလာခံမတက်သေးဘဲ ဘာလုပ်နေတာလဲ။ မျက်လုံးနှစ်လုံး ပွင့်လာတာနဲ့ သူ့မျက်နှာကြီးကို အနီးကပ် မြင်လိုက်ရတာက ဘယ်လောက်တောင် ရင်တုန်ပန်းတုန်ဖြစ်စရာကောင်းသလဲဆိုတာ သူသိရဲ့လား…ပိုပြီးဆိုးတာက... သူနိုးလာကတည်းက ငါ့ဆံပင်တွေကို ဒီလိုပဲ တရစပ် ဆွဲဆော့နေတာလား။


ဆံပင်များ အဆွဲခံရလွန်းသဖြင့် သူမ၏ ဦးရေခွံတစ်ခုလုံး လန်ထွက်သွားပြီလားဟုပင် တကယ်တမ်း စိုးရိမ်လာမိတော့သည်။


ရှဲ့ယွမ်ရွှင်းက တည်ငြိမ်လွန်းသော်လည်း အေးစက်စက်နိုင်လှသည့် လေသံဖြင့် ဆိုလိုက်၏။


"မင်း တော်တော်လေး ကြာအောင် အိပ်ပျော်နေခဲ့တာပဲ။ ကိုယ်တော် ကိုယ်တိုင် ခေါ်နေတာတောင် မင်းက လုံးဝ နိုးမလာခဲ့ဘူး..."


ရှန်လင်းမှာ ရင်တထိတ်ထိတ်ဖြင့်ပင် တုန်တုန်ယင်ယင် မေးလိုက်မိသည်။


"အရှင်... အရှင်မင်းကြီးက ကျွန်တော်မျိုးမကို ခုနက ဘယ်လိုများ ခေါ်လိုက်တာပါလဲဘုရား..."


—သူမ စိုးရိမ်နေတဲ့အတိုင်းတော့ လုံးဝ မဟုတ်ပါစေနဲ့လို့ပဲ စိတ်ထဲကနေ တဖွဖွ ဆုတောင်းနေမိတော့သည်။


ရှဲ့ယွမ်ရွှင်းက သူမ၏ ဆံနွယ်အုံကို နောက်တစ်ကြိမ် ထပ်မံ၍ ခပ်ကြမ်းကြမ်း ဆွဲဆောင့်လိုက်ပြန်သည်။ သူ၏ အေးစက်လှသော အကြည့်များက သူမမျက်နှာထက်သို့ စူးစိုက်ကျရောက်နေပြီး နှုတ်ခမ်းဖျားမှလည်း တိုးညင်းလှသော်လည်း သွေးပျက်စရာကောင်းလှသည့် စကားတစ်ခွန်း ထွက်ပေါ်လာ၏။


"ဒီလိုမျိုးလေ..."


“…..”


သူမမှာ အံ့ဩလွန်း၍ ဆွံ့အသွားရကာ စကားပင် မဆိုနိုင်တော့ချေ။ 


ဒီလူကတော့ တကယ့်ကိုပဲ... လူတစ်ယောက်ကို နှိုးတဲ့နေရာမှာ ဆံပင်ကို အားနဲ့ ဆွဲဆောင့်တာက ဘယ်ခေတ် ဘယ်အခါကစပြီး စံပြနည်းလမ်း ဖြစ်သွားရတာလဲ။ 


—ဒီလူယုတ်မာကြီး... တကယ်ကို ယုတ်မာပက်စက်လှချည်လား!


သူမ၏ ဆံနွယ်များကို ဆွဲဆောင့်ထားရုံနှင့်ပင် အားရကျေနပ်ခြင်း မရှိသေးသည့်နှယ်၊ ရှဲ့ယွမ်ရွှင်းက ဆုပ်ကိုင်ထားသည်ကို လွှတ်ပေးလိုက်ကာ ကုတင်ခြေရင်းဆီသို့ မေးထိုးပြလိုက်သည်။ သူ၏ သွေးအေးလှသော မျက်ဝန်းအစုံက တုန်လှုပ်နေသည့် ရှန်လင်းကို စိုက်ကြည့်နေရင်း နှုတ်ခမ်းထောင့်တို့က အနည်းငယ် ကွေးညွှတ်သွားကာ—


“ကြည့်စမ်း... သူလည်းပဲ မင်းကို နှိုးချင်နေပုံရတယ်။ ဒါကြောင့်လည်း မင်းရဲ့ခြေဖျားတွေကို တဖွဖွ လာကိုင်နေတာပေါ့...”


ရှန်လင်း၏ အသားအရေပေါ်သို့ တစ်စုံတစ်ခုသော အေးစက်စက် အထိအတွေ့က စိမ့်ဝင်ထိခတ်လာသည်မှာ အမှန်တကယ်ပင် ဖြစ်၏။ ထိုစိမ့်အေးလှသော အထိအတွေ့ကြောင့် သူမ၏ အာရုံကြောများ တစ်ဖျပ်ဖျပ် တုန်ရင်သွားကာ တစ်ကိုယ်လုံး ရှိန်းခနဲ ဖြစ်သွားရသည်။


သူမ မျက်လွှာကို အသာချ၍ အောက်သို့ ငုံ့ကြည့်လိုက်မိရာ... အရေခွံဖြင့် ပြုလုပ်ထားသော ထိုအလှပဂေးမ၏ အသားစမရှိတော့သည့် ဗလာဟောင်းလောင်း လက်နှစ်ဖက်မှာ သူမ၏ ခြေဖျားပေါ်သို့ ပျော့ခွေစွာ တင်မှီနေသည်ကို မြင်လိုက်ရသည်။ လေတစ်ချက် အဝှေ့တွင် ထိုအရေခွံလက်တို့က အနည်းငယ် တုန်ခါယိမ်းထိုးသွားပြီး သူမကို အသာအယာ ပွတ်သပ်ချော့မြှူနေသကဲ့သို့……ထိုအထိအတွေ့ကြောင့် ရှန်လင်း၏ ခြေဖျားလက်ဖျားများ အေးစက်တုန်ယင်လာကာ တစ်ကိုယ်လုံးရှိ ကြက်သီးမွေးညင်းတို့မှာလည်း တဖြန်းဖြန်း ထသွားတော့သည်။


ရှန်လင်း၏ ပထမဆုံး တုံ့ပြန်မှုမှာ ကြောင်အမ်းအမ်း ဖြစ်သွားခြင်းပင်။ သူမ၏ ဦးနှောက်ထဲတွင် အတွေးစတို့ ရှုပ်ထွေးသွားပြီး မျက်လုံးအဝိုင်းသားဖြင့် ကြည့်နေမိသည်။


— မဟုတ်သေးဘူးလေ... ဒီလူက ကုတင်ဘေးမှာ ကျောက်ရုပ်လို ငြိမ်ငြိမ်လေး မတ်တတ်ရပ်နေရမှာ မဟုတ်ဘူးလား။ အခုကျမှ ဘာလို့ ငါ့အနားကို ဒီလောက်တောင် ကပ်လာရတာလဲ။


ရုတ်တရက်ဆိုသလို ထိတ်လန့်တုန်လှုပ်မှုက ရင်ထဲသို့ လှိုင်းလုံးကြီးတစ်ခုနှယ် တိုးဝင်လာသည်။ ရှန်လင်းတစ်ယောက် ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေမိရင်း ခြေဖျားလက်ဖျားများပင် အေးစက်တုန်ယင်လာရ၏။


ဒါကြီးက... ခုတင်ပေါ်ကို ဘယ်လိုလုပ်ပြီး ရောက်နေတာလဲ


နောက်ဆုံးမှာတော့... အစွန်းကုန် သွေးပျက်ထိတ်လန့်စရာကောင်းလှတဲ့ အခိုက်အတန့်ကြီးက ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာသည်။


သေစမ်း... အဲ့ပေါက်လွတ်ပဲစားကြီးက ငါ့ခြေထောက်ကို လာထိနေပြီ!


“အားးးးးးးးး!”


နန်းဆောင်တစ်ခုလုံးကို တုန်ခါသွားစေလောက်အောင် စူးရှလှသည့် အော်ဟစ်သံကြီးက လေထုထဲတွင် ပဲ့တင်ထပ်သွားသည်။ ထိုအသံနက်ကြီးထဲတွင် အတိုင်းအဆမရှိသော ထိတ်လန့်ကြောက်ရွံ့မှုနှင့် နာကျင်မှုဝေဒနာတို့ အတိုင်းသား ပေါ်လွင်နေကာ ကြားရသူတိုင်း၏ ကျောရိုးထဲအထိ စိမ့်ခနဲ ဖြစ်သွားစေလေတော့သည်။


ရှန်လင်းဆီမှ စူးစူးဝါးဝါး အော်သံတစ်ချက် ထွက်ပေါ်လာပြီးနောက် လန့်ဖျပ်သွားသည့် ကြောင်တစ်ကောင်နှယ် ကုတင်ပေါ်မှ ဝုန်းခနဲ ထခုန်လိုက်သည်။ သူမသည် ရှဲ့ယွမ်ရွှင်း၏ ကိုယ်ပေါ်ကိုပင် လွှားခနဲ ခုန်ကျော်သွားကာ ဖိနပ်စီးဖို့ပင် အချိန်မဆိုင်းနိုင်တော့ဘဲ ခြေဗလာဖြင့် ထိုင်ကျိနန်းဆောင်အတွင်းမှ အသက်လုကာ သုတ်ခြေတင် ပြေးထွက်သွားတော့၏။


ရှဲ့ယွမ်ရွှင်းထံမှ ဟက်ဟက်ပက်ပက် ရယ်မောသံကြီး ထွက်ပေါ်လာတော့သည်။


"ဟား... ဟား... ဟား... ဟား..."


ထိုရယ်မောသံမှာ ကြည်လင်ပြတ်သားနေသော်လည်း နားထောင်ရသူအဖို့မူ ကျောချမ်းစရာကောင်းလှသည့် အေးစက်မှုမျိုး ကိန်းအောင်းနေ၏။ လေထုထဲတွင် ပဲ့တင်ထပ်သွားသော သူ၏ရယ်သံကြောင့် ဘေးပတ်ဝန်းကျင်တစ်ခုလုံးမှာပင် အေးခဲသွားသယောင် ခံစားလိုက်ရသည်။


အော်ဟစ်ကာ ပျာပျာသလဲ ထွက်ပြေးသွားသည့် သူမ၏ ကျောပြင်ကို ကြည့်ရင်း ရှဲ့ယွမ်ရွှင်းသည် တဟားဟားနှင့် အားရပါးရ အော်ရယ်တော့သည်။


နန်းတွင်းမိန်းမစိုးချုပ် ဖုန်းကုန်းကုန်းမှာ အထဲသို့ အမြန်ဝင်လာပြီး ရှန်လင်းကို ပြန်လည်ဖမ်းဆီး ခေါ်ဆောင်လာရမည်လားဟု ဝပ်တွားခလျှောက်လေသည်။ ရှဲ့ယွမ်ရွှင်းမှာမူ ရယ်လွန်းသဖြင့် အသက်ရှူပင် မဝနိုင်တော့ဘဲ လက်ကိုသာ ခါယမ်းပြလိုက်ရင်း— 


“ဟားဟား... မလိုဘူး၊ သူမဘာသာသူမ ပြန်လာလိမ့်မယ်... ဟားဟားဟားဟား”


မိန်းမစိုးအကြီးအကဲ ဖုန်းသည် နန်းဆောင်ရှေ့သို့ ပြန်လည်ရောက်ရှိလာချိန်တွင် မြင်လိုက်ရသော မြင်ကွင်းကြောင့် ခြေလှမ်းများ တန့်သွားရသည်။ ရှန်ကွေ့ရန်မှာ ခြေဗလာဖြင့် နန်းဆောင်ထဲမှ ကမူးရှုထိုး ပြေးထွက်လာသည်ကို မြင်လိုက်ရသဖြင့် တစ်စုံတစ်ရာ ကြီးကြီးမားမား ဘေးဒုက္ခတစ်ခုခု ဖြစ်ပွားပြီဟု ထင်မှတ်ကာ လှမ်း၍ ဖမ်းဆီးတားဆီးရန်ပင် ပြင်လိုက်မိသေးသည်။ 


သို့သော် နန်းဆောင်အတွင်းမှ ပဲ့တင်ထွက်လာသော အရှင်မင်းကြီး၏ လှိုက်လှိုက်လှဲလှဲ ရယ်မောသံကြောင့် သူ၏ လှုပ်ရှားမှုများမှာ ရုတ်ခြည်း ရပ်တန့်သွားခဲ့ရ၏။ ယနေ့နံနက်ခင်းက အရှင်မင်းကြီးသည် ထို "မိန်းမလှအရေပြားကော်ဇော" ကို ရှန်ကွေ့ရန်၏ ခြေရင်း၌ အရောက်သွားခင်းထားရန် ရုတ်တရက် အမိန့်ပေးခဲ့သည်ကို သူ ပြန်လည်သတိရလိုက်မိသည်။ ယခု ရှန်ကွေ့ရန် ဤသို့ ဝိညာဉ်လွင့်မတတ် လန့်ဖျန့်ကာ ထွက်ပြေးလာရခြင်းမှာလည်း ထိုအရာကြောင့်သာ ဖြစ်ပေလိမ့်မည်ဟု သူ ရိပ်မိနားလည်လိုက်လေတော့သည်။


မိန်းမစိုးကြီး ဖုန်းမှာတော့ ရှန်ကွေ့ရန်၏ ပျာပျာသလဲ ဖြစ်နေသော အမူအရာကို ကြည့်ကာ အလိုလို ပြုံးမိသွားတော့သည်။ သူမမှာ ကြောက်ရွံ့ထိတ်လန့်နေပုံ ရသလို အတန်ငယ်လည်း သတ္တိနည်းလွန်းလှသည်ဟု သူက ယူဆလိုက်မိ၏။


ရှန်ကွေ့ရန်အပေါ် အရှင်မင်းကြီး အဘယ်ကြောင့် ဤမျှအထိ ထူးထူးခြားခြား စိတ်တော်ကျနေရသနည်းဟူသည်ကို သူ နားမလည်နိုင်သေးသော်လည်း၊ အရှင်မင်းကြီး၏ စိတ်တော်ကြည်လင်နေမှုကပင် အရာရာကို အဆင်ပြေချောမွေ့သွားစေသဖြင့် သူ စိတ်အေးသွားရတော့သည်။


မိန်းမစိုးကြီး ဖုန်းသည် အရှင်မင်းကြီး၏ စောစောက ရယ်မောသံကို ပြန်လည်ကြားယောင်ရင်း မျက်နှာတစ်ခုလုံး ပီတိရိပ်တို့ ဝေစည်နေလေသည်။ လူအသက်များကို သတ်ဖြတ်ညှဉ်းဆဲခြင်းမှလွဲ၍ အခြားသော ကိစ္စရပ်တစ်ခုကြောင့် အရှင်မင်းကြီး ယခုကဲ့သို့ စိတ်လွတ်ကိုယ်လွတ် အားရပါးရ ရယ်မောသည်ကို သူ၏ သက်တမ်းတစ်လျှောက် တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့သည်မှာ အမှန်ပင် ဖြစ်တော့သည်။


ရှန်လင်းသည် သိုက်ကျိနန်းဆောင်အတွင်းမှ သုတ်ခြေတင် ပြေးထွက်လာခဲ့သော်လည်း သိပ်မကြာခင်မှာပင် သူမ၏ ဂဏာမငြိမ်ဖြစ်နေသော စိတ်အစုံကို အမြန်ဆုံး ပြန်လည်ထိန်းချုပ်လိုက်နိုင်ခဲ့သည်။ 


— ဒီအခွင့်အရေးကို အသုံးချပြီး အကြောက်လွန်နေတဲ့ဟန်ဆောင်ကာ ချန်လော့နန်းတော်ကို အရောက် ပြေးပြန်သွားရမလား... —


ထိုသို့ တွေးတောကာ ကိုယ်ကိုလှည့်၍ ပြေးထွက်ရန် ပြင်လိုက်သော်လည်း ခြေလှမ်းအချို့အကွာ၌ပင် သူမ ရုတ်တရက် တုံ့ဆိုင်းသွားမိသည်။


ရှဲ့ယွမ်ရွှင်းဆိုသည်မှာ ခန့်မှန်းရခက်လွန်းသည့် အရူးတစ်ပိုင်း လူသတ်သမားကြီးသာ ဖြစ်သည်။ သူမသာ အလွန်အကျွံ ခြေဆန့်မိသွားပါက ထိုစိတ်မမှန်သည့် လူသားက နောက်ထပ် မည်သည့်ရူးသွပ်မှုမျိုးကို ထပ်မံပြုလုပ်ဦးမည်နည်း။ ထို့ထက် ပို၍အရေးကြီးသည်မှာ သူမသည် အရှင်မင်းကြီးကို တစ်ပါးတည်း ပစ်ပယ်ထားခဲ့ကာ ကိုယ်လွတ်ရုန်း ထွက်ပြေးလာခဲ့ခြင်းပင် ဖြစ်သည်။


သေချာပါတယ်... အကယ်၍ ရှဲ့ယွမ်ရွှင်းသာ သူမ၏လုပ်ရပ်ကို 'အရှင်မင်းကြီးအား မလေးမစား စော်ကားခြင်း' ဟု သတ်မှတ်ကာ အသက်ကို နှုတ်ယူလိုက်မည်ဆိုပါက သူမမှာ နောင်တရကာ ငိုကြွေးခွင့်ပင် ရတော့မည် မဟုတ်ချေ။


ရှဲ့ယွမ်ရွှင်း၏ စရိုက်ကို သူမ ကောင်းကောင်း သိထားသည် မဟုတ်ပါလား။ ထိုလူသာဆိုလျှင် ဤသို့သော ကိစ္စမျိုးကို ဝန်လေးနေမည် မဟုတ်ဘဲ ဧကန်မုချ လုပ်ဆောင်လိမ့်မည်မှာ မြေကြီးလက်ခတ်မလွဲပင်။


သိက္ခာရှိရှိနှင့် သေခြင်းတရားကို ရင်ဆိုင်မလား၊ သို့မဟုတ် အရှက်တရားကို လွှင့်ပစ်ကာ အသက်ရှင်ခွင့်ရရန် မျက်နှာပြောင်တိုက်၍ အသနားခံမလားဆိုသည့် လမ်းနှစ်သွယ်ကြားတွင် ရှန်လင်းကတော့ တုံ့ဆိုင်းမနေဘဲ ဒုတိယလမ်းကိုသာ သဘာဝကျကျ ရွေးချယ်လိုက်သည်။ 


သူမသည် ခြေလှမ်းတို့ကို နောက်သို့ပြန်လှည့်ကာ ထိုက်ကျီနန်းဆောင်ဆီသို့ ပြန်လည်ဦးတည်သွားတော့သည်။ သူမ၏ မျက်နှာထက်တွင်မူ အရာအားလုံးကို စတေးရန် အသင့်ပြင်ထားသည့်အလား 'သေမထူး နေမထူး' ဟူသော ပြတ်သားသည့် အရိပ်အယောင်တို့က အထင်အရှား စိုးမိုးထား၏။ ထွက်ခွာသွားသော သူမ၏ ကျောပြင်ရိပ်ကလေးမှာမူ ကြည့်ရသူအဖို့ ရင်နင့်စေလောက်အောင်ပင် အထီးကျန်ဆိတ်သုဉ်းလွန်းလှပေသည်။


ဦးညွှတ်အလေးပြုနေကြသည့် နန်းတွင်းအစေခံများ၏ တန်းစီလျက်ရှိသော အကြားမှ ကျော်လွန်လာခဲ့ပြီးနောက်တွင်တော့ ရှန်လင်းသည် သူမ၏ ရင်ထဲ၌ မွန်းကြပ်စွာ အောင့်ထားခဲ့ရသမျှ သက်ပြင်းရှည်ကြီးကို စိတ်အေးလက်အေး မှုတ်ထုတ်ပစ်လိုက်မိတော့သည်။


— တော်ပါသေးတယ်... ဘယ်သူမှ ငါ့မျက်နှာကို မမြင်လိုက်ရလို့ မဟုတ်လို့ကတော့ ဒီလောက်ရှက်စရာကောင်းတဲ့ အခြေအနေမှာ ငါ့ရဲ့ ရှက်စိတ်တွေက အရှိန်အဟုန်နဲ့ အိမ်ခေါင်မိုးကိုတောင် ဖောက်ထွက်သွားလောက်တယ်


မိန်းမစိုးကြီး ဖုန်းကတော့ သူမကို အလွန်ပင် ကြင်နာသနားစရာကောင်းလှသည့် မျက်နှာပေးမျိုးဖြင့် ပြုံးကြည့်နေရှာသည်။ ရှန်လင်းမှာမူ ထိုအပြုံးများကို ဆက်မကြည့်ဝံ့တော့သဖြင့် နေရောင်က အရမ်းစူးနေတာကြောင့် သူ့ကို ငါမမြင်ရတာပဲ ဖြစ်မှာပါဟုသာ ကိုယ့်ကိုယ်ကိုယ် အယုံသွင်းလိုက်ပြီး အကြည့်လွှဲလိုက်တော့သည်။


ရှန်လင်း အဆောင်ခန်းမထဲသို့ ခြေချလိုက်စဉ်မှာပင် ရှဲ့ယွမ်ရွှင်းတစ်ယောက် စက်တော်ခေါ်ရာ နေရာ၌ မရှိတော့ဘဲ နိုးထနှင့်နေပြီဖြစ်ကြောင်း သတိပြုမိလိုက်သည်။ သူမ အနီးအနားကို ဝှေ့ဝဲရှာဖွေကြည့်မိရာ ဘယ်ဘက်ရှိ အဆောင်ငယ်ထဲတွင် လျှောက်လဲချက်လွှာ တစ်ထပ်ကြီးကို ကိုင်ဆောင်ထားသည့် သူ့ကို တွေ့လိုက်ရလေသည်။


အမယ်..... ဒီလူက ကြည့်ရတာထက် ပိုပြီး နိုင်ငံ့အရေးမှာ ကြိုးစားအားထုတ်ပုံရသားပဲ။ တစ်ကယ့် ဧကရာဇ်ကောင်း တစ်ပါးပါလား…

ရှန်လင်းက စိတ်ထဲမှ တိတ်တဆိတ် ချီးကျူးနေမိသော်လည်း ထိုအတွေးမှာ စက္ကန့်ပိုင်းပင် မခံလိုက်ပေ။ နောက်တစ်ခဏ၌ ရှဲ့ယွမ်ရွှင်းက လက်ထဲရှိ စာလွှာများကို စိတ်မရှည်တော့သကဲ့သို့ ကြမ်းပြင်ပေါ်သို့ ဝုန်းကနဲ ဆောင့်ကြီးအောင့်ကြီး ပစ်ပေါက်လိုက်လေတော့သည်။


—သူ့ကို အလုပ်တွေ အပတ်တကုတ် ကြိုးစားနေတာပါလို့ ထင်ခဲ့မိတဲ့ ငါ့မျက်စိတွေကတော့ တကယ်ကို ကန်းနေခဲ့တာပဲ။ ငါ့အမြင်တွေက ဘယ်အချိန်ကတည်းက ဒီလောက်တောင် ဝေဝါးသွားခဲ့ရတာလဲ...။


ရှန်လင်းသည် ကိုယ်ကိုအနည်းငယ် ကိုင်းညွှတ်လိုက်ပြီး ကြမ်းပြင်ပေါ်၌ ဟိုတစ်စဒီတစ်စ ပြန့်ကျဲနေသော စာရွက်အချို့ကို လိုက်လံကောက်ယူလိုက်သည်။


“အရှင်မင်းကြီး... အရှင်က တိုင်းရေးပြည်ရာ ကိစ္စတွေကို စီမံဆောင်ရွက်နေတာပါလား...”


ကြမ်းပြင်တစ်ခုလုံးတွင် စာရွက်များက ပြန့်ကျဲလွန်းလှသဖြင့် တစ်ကြိမ်တည်းနှင့် အကုန်လိုက်ကောက်ရန်မှာ မလွယ်ကူလှပေ။ ထို့ကြောင့်လည်း သူမသည် အလုပ်ရှုပ်နေသည့်ပုံစံ ပေါက်စေရန်အတွက်သာ အနီးအနားရှိ စာရွက်အချို့ကို ခပ်နွဲ့နွဲ့လေး လိုက်လံကောက်ယူရင်း ဟန်ဆောင်နေခြင်း ဖြစ်လေသည်။


ရှဲ့ယွမ်ရွှင်းက တည်ကြည်အေးစက်သော အမူအရာဖြင့် ခေါင်းကို အသာအယာ ညိတ်ပြလိုက်ကာ—


“အင်း...”


ဟု တိုတိုတုတ်တုတ်ပင် အတည်ပြုလိုက်လေသည်။


ရှန်လင်း - “......”


—တကယ်ကို အရှက်မရှိတဲ့နေရာမှာတော့ အတောမသတ်နိုင်ပါလား..စာရွက်တွေ လိုက်ကောက်ပေးနေရင်းနဲ့ မျက်လုံးက အလိုလိုရောက်သွားလို့ အမှတ်မထင် ခိုးကြည့်မိတာ၊ တစ်ရွက်မှလည်း အမိန့်တော်ပြန်တမ်းတွေ မဟုတ်ဘဲ အမတ်တွေရဲ့ လျှောက်တင်လွှာတွေချည်း ဖြစ်နေတာပဲ


—သူကတော့ ဒါတွေကို အပျော်သဘောနဲ့ပဲ ဟိုပစ်ဒီပစ် လုပ်နေတာ နေမှာ


ရှဲ့ယွမ်ရွှင်းက သူမ၏ မျက်နှာထက်မှ အမူအရာအပြိပ်အယောင်တို့ကို တစ်ချက်ချင်း စေ့စေ့စပ်စပ် အကဲခတ်လိုက်သည်။ သူ၏ အေးစက်တည်ငြိမ်လှသော မျက်ဝန်းအစုံက ရှန်လင်း၏ စိတ်အတွင်းပိုင်းအထိ ထိုးဖောက်မြင်နိုင်စွမ်း ရှိနေသယောင်။


"မင်း... ထွက်သွားတော့မလို့ မဟုတ်လား" 


သူ့ထံမှ ထွက်ပေါ်လာသော အသံမှာ တိုးညင်းသော်လည်း ဖိအားများဖြင့် ပြည့်နှက်နေသည်။ 


"ဘာလို့ ပြန်လှည့်လာရတာလဲ"


ရှန်လင်းသည် သူမ၏ ရင်ဘတ်လေးကို အသာအယာဖိကာ စိုးရိမ်ထိတ်လန့်နေသည့် အမူအရာဖြင့် တိုးညင်းစွာ လျှောက်တင်လိုက်သည်။


“အရှင်မင်းကြီး... အရှင်က အမိန့် မမိန့်ကြားခင်အထိတော့ ကျွန်တော်မျိုးမ ဘာမှမဖြစ်သလိုပါပဲ။ ဒါပေမဲ့ အရှင်က အခုလိုလည်း မိန့်ကြားလိုက်ရော... ကျွန်တော်မျိုးမ တကယ်ကို ကြောက်လန့်သွားရပါတယ်...”


ရှဲ့ယွမ်ရွှင်းကမူ ထူးထူးခြားခြားပင် စိတ်ဝင်တစားရှိဟန်ဖြင့်—


"ဘာကိုများ အဲ့လောက်တောင် ကြောက်နေတာလဲ..." ဟု ခပ်အေးအေး မေးမြန်းလိုက်လေသည်။


ရှန်လင်း၏ မျက်နှာထက်မှ တင်းမာမှုများမှာ တဖြည်းဖြည်း အရည်ပျော်ကျသွားကာ နူးညံ့သိမ်မွေ့သော အမူအရာအဖြစ်သို့ ပြောင်းလဲသွားသည်။ သူမ၏ မျက်ဝန်းအစုံမှာ ရှက်ရွံ့မှုကြောင့် အရည်လဲ့နေသော်လည်း ထိုမျက်ဝန်းများအတွင်း၌မူ သူ့အပေါ် ထားရှိသော နက်ရှိုင်းသည့် သံယောဇဉ်နှင့် မြတ်နိုးတွယ်တာမှုတို့မှာ အထင်းသား ပေါ်လွင်နေတော့သည်။


“မနေ့ညက အိပ်မက်ထဲမှာ... အရှင်မင်းကြီးကို ကျွန်တော်မျိုးမဆီကနေ လုယူသွားမယ့် အလှလေးတစ်ယောက်အကြောင်း မြင်မက်ခဲ့လို့ပါ... ဒီနေ့မနက်မှာ အဲဒီ... ‘အသားရေလှလှလေး’ ကို မြင်လိုက်ရတော့ အရှင်မင်းကြီးကိုများ ကျွန်တော်မျိုးမဆီကနေ အတင်းအဓမ္မ လုယူသွားလေမလားဆိုပြီး တုန်လှုပ်ခြောက်ခြားသွားရပါတယ်။ အရှင်မင်းကြီးက ကျွန်တော်မျိုးမတစ်ဦးတည်းရဲ့ အရှင်သခင်ဆိုတာ သိပေမဲ့လည်း... ရင်ထဲမှာ စိုးရိမ်ပူပန်မှုတွေက လှိုင်းတံပိုးလို တရိပ်ရိပ်တက်လာပြီး ချန်လော့နန်းတော်ကိုပဲ ပြေးဝင်ကာ အားရပါးရ ငိုချပစ်လိုက်ချင်စိတ် ပေါက်သွားမိပါတယ်ရှင်...”


သူမသည် ပြောရင်းနှင့် ရင်ဘတ်လေးကို လက်ဖြင့်အသာအယာဖိကာ ရှေးခေတ်အလှဘုရင်မ ရှီရှီး (Xi Shi) ကဲ့သို့ပင် နွဲ့နှောင်းလှပသည့် ဟန်ပန်တစ်ခုကို ဖမ်းလိုက်လေသည်။ 


ရှဲ့ယွမ်ရွှင်းက နှုတ်ခမ်းအစုံကို ခနဲ့တဲ့တဲ့ ကွေးညွတ်လိုက်ရင်း အေးစက်စွာ ဆိုလေသည်။


“ကိုယ်တော်က မင်းပိုင်တဲ့သူတဲ့လား... မင်းရဲ့ စိတ်ကူးယဉ် အိမ်မက်တွေကတော့ တော်တော်လေးကို အတင့်ရဲလွန်းနေတာပဲ”


ရှန်လင်းသည် သူမ၏မျက်နှာထက်တွင် အသည်းကွဲမတတ် ဝမ်းနည်းပူဆွေးနေသည့်ဟန်ပန်ကို အပီအပြင် ဖော်ကျူးလိုက်သော်လည်း၊ သူမ၏ ရင်ထဲ၌မူ စိတ်ပျက်လက်ပျက်ဖြင့် မျက်လုံးအိမ်ကို တလှန်လှန် လုပ်နေမိတော့သည်။


—သွားသေလိုက်လေ!


—နင့်ကို ပစ်ထားခဲ့ပြီး ကိုယ်လွတ်ရုန်း ထွက်ပြေးသွားလို့ အပြစ်ပေးခံရမှာကိုသာ မကြောက်ရင်၊ ဒီလောက်အထိ အော့နှလုံးနာစရာကောင်းတဲ့ စကားမျိုးတွေကို ငါ့ရဲ့ တန်ဖိုးရှိလှတဲ့ ပါးစပ်ကနေ အလကားနေရင်း လွှတ်ခနဲ ထွက်လာပါ့မလား


သူမ၏ စိတ်ထဲမှ အသံများကို အမှန်တကယ်ပင် ကြားလိုက်ရသည့်အလား ရှဲ့ယွမ်ရွှင်းက သူမ၏လက်ကောက်ဝတ်ကို ဆတ်ခနဲ ဆွဲယူကာ သန်မာသော ရင်ခွင်ကျယ်ကြီးထဲသို့ အတင်းအကျပ် ဆွဲသွင်းလိုက်လေသည်။ ထို့နောက် အကောင်ပေါက်လေးတစ်ကောင်ကို ချော့မြှူနေသကဲ့သို့ သူမ၏ ဦးခေါင်းထိပ်လေးအား ခပ်ဖွဖွ ပုတ်ပေးနေရင်းမှ—


"ပြောစမ်းပါဦး... မင်းက တကယ်ပဲ အူကြောင်ကြောင်နိုင်လှချည်လား။ ငါ့ကို တစ်ယောက်ယောက်က လုယူသွားမှာကို အဲ့လောက်တောင် စိုးရိမ်နေရင် မင်းကိုယ်တိုင်လည်း ဘာလို့ ဝင်မပါတာလဲ။ နှစ်ယောက်တည်း ကစားတာထက်စာရင် သုံးယောက်ဆိုရင် ပိုပြီး ပျော်ဖို့ကောင်းတာပေါ့..."


ရှန်လင်း၏ တစ်ကိုယ်လုံးမှာ ကျောက်ရုပ်တစ်ရုပ်နှယ် တောင့်တင်းသွားကာ သွေးကြောထဲရှိ သွေးများပင် အေးခဲသွားသယောင် ခံစားလိုက်ရသည်။ သူ့အား ကျောခိုင်းထားမိသော်လည်း သူမ၏ မျက်နှာလေးမှာမူ ဖော်ပြမတတ်နိုင်သော ထိတ်လန့်မှုများကြောင့် အကျည်းတန်စွာပင် တွန့်လိမ်ရှုံ့မဲ့နေတော့၏။


—ဒီရှဲ့ယွမ်ရွှင်းဆိုတဲ့လူကတော့... တကယ့်ကို အဆင့်အတန်းမရှိတဲ့ လူယုတ်မာ ထိပ်ခေါင်တင်ပဲ! ဘယ်လိုတောင် ယုတ်မာရက်စက်တဲ့ကောင်မျိုးပါလိမ့်….


— ငါသာ သူ့ကို ယှဉ်တိုက်နိုင်တဲ့ အစွမ်းသာရှိလို့ကတော့... ဒီကောင့်ဦးနှောက်တွေကို အပိုင်းပိုင်းအစစဖြစ်သွားအောင် ငါကိုယ်တိုင် ထုခြေပစ်လိုက်တာ ကြာလှပြီ


ရှန်လင်းတစ်ယောက် အစွမ်းကုန် စိတ်ပျက်အားငယ်သွားရတော့သည်။ အထူးသဖြင့် ဤမျှအရှက်မရှိသည့် စကားမျိုးကို သူက မည်သို့မျှ မဖြစ်သလိုမျိုး သဘာဝကျကျကြီး ပြောထွက်နိုင်လွန်း၍ပင်။ 


— ဒီလောက် ရွံစရာကောင်းတဲ့ ယောက်ျားတွေရဲ့ လောကကြီးထဲမှာဆိုရင်တော့... ရှင်ဟာ တကယ့်ကို အတုမရှိတဲ့ ထိပ်သီးကြီးပါပဲလို့ ကျွန်မ လိုလိုလားလားကြီး ဝန်ခံလိုက်ပါရစေ….


သူမသည် သူ၏ရင်ခွင်တွင်းဝယ် အသက်မဲ့သော ရုပ်သေးရုပ်တစ်ရုပ်နှယ် ပျော့ခွေကျလျက်ရှိပြီး စိတ်ဝိညာဉ်တို့မှာလည်း ကိုယ်ပြင်ပသို့ လွင့်စင်ပျောက်ကွယ်နေသကဲ့သို့ ရှိသည်။ ထိုသို့သော သူမ၏ အခြေအနေကို မြင်သောအခါ ရှဲ့ယွမ်ရွှင်းက သူမ၏ ပါးပြင်နုနုကို လှမ်း၍ ဆွဲညှစ်လိုက်၏။ ပါးပြင်ကို ဆွဲညှစ်ရုံနှင့်ပင် အားမရနိုင်သေးဟန်ဖြင့် သူ၏လက်ချောင်းအေးစက်စက်များက လည်တိုင်ကျော့ကျော့ဆီသို့ တရွေ့ရွေ့ တိုးကပ်သွားပြန်သည်။ 


သူ၏ အသက်ရှူငွေ့နွေးနွေးတို့က သူမ၏ အသားစိုင်ပေါ်သို့ ခပ်ပါးပါး ရိုက်ခတ်သွားရာ ရှန်လင်း၏ တစ်ကိုယ်လုံး စိမ့်ခနဲ တုန်ယင်သွားတော့သည်။ 


ပါးကို အညှစ်ခံရတာကမှ တော်သေးတယ်၊ အခုလို လည်ပင်းကို လာကိုင်နေတာကတော့ တကယ့်ကို သေမင်းနဲ့ ရင်ဆိုင်နေရသလိုပဲ!


ရှန်လင်းသည် စားပွဲပေါ်ရှိ စာပုံများထဲမှ သူမ အစောပိုင်းက သီးသန့်ဖယ်ထုတ်ထားခဲ့သော စီရင်စာလွှာကို အသာအယာ ပြန်လည်ကောက်ကိုင်လိုက်သည်။ ထို့နောက် သူမ တတ်နိုင်သမျှ အနူးညံ့ဆုံးနှင့် အယုယဆုံးဟု ထင်ရသော လေသံကို ဖျစ်ညှစ်ထုတ်ကာ—


“အရှင်မင်းကြီး... ကျွန်တော်မျိုးမ ဒီမှာ ရှိနေတာက အရှင့်ကို အနှောင့်အယှက်များ ဖြစ်စေပါသလားဟင်...”


ရှဲ့ယွမ်ရွှင်းက တည်ငြိမ်အေးစက်လှသော အကြည့်တို့ဖြင့်ပင် ခပ်တိုးတိုး တုန့်ပြန်လိုက်သည်။


“အင်း...နည်းနည်းပေါ့”


ရှန်လင်း - “......”


—ဟမ်... သူက တကယ်ကြီး ဝန်ခံလိုက်တာပါလား။ ပုံမှန်ဆိုရင် "မနှောင့်ယှက်ပါဘူး" လို့ အလိုက်တသိလေး ပြန်ပြောရမှာ မဟုတ်ဘူးလား.. အခုတော့ဖြင့်... ဗြောင်ကြီးကို ဝန်ခံချလိုက်တာပါလား


ရှဲ့ယွမ်ရွှင်းက သူမအား ခပ်အေးအေးတစ်ချက်ကြည့်ကာ...


"မင်းကတော့ တကယ့်ကို ကပ်တွယ်တတ်တာပဲ။ ဒီညောင်စောင်းတစ်ခုလုံးမှာ မင်းရဲ့ကိုယ်နဲ့တင် ပြည့်နှက်နေတော့တာပဲ" ဟု ခပ်ပြတ်ပြတ်ပင် ပြောထွက်လာလေသည်။


ရှန်လင်း သူမ၏သွားများကို တင်းတင်းကြိတ်ထားလိုက်မိသည်။ စိတ်လိုက်မာန်ပါ မလုပ်မိစေရန်လည်း သူမကိုယ်သူမ အကြိမ်ကြိမ်အခါခါ ပြန်လည်ထိန်းချုပ်နေရသည်။ အကယ်၍သာ သူမ အရှိန်လွန်ပြီး အရှင်မင်းကြီးကို လုပ်ကြံမိလိုက်လျှင် သူမကိုယ်တိုင်လည်း ရှင်လမ်းရှိတော့မည် မဟုတ်ပေ။ ထို့ထက် ပိုဆိုးသည်မှာ... အကယ်၍သာ သူမက အရှင်မင်းကြီးကို မသတ်နိုင်ဘဲ ကိုယ့်ဘက်ကသာ အသတ်ခံလိုက်ရလျှင်ကော။


ဒါပေမဲ့လည်း သူမ၏ ရင်ထဲ၌တော့ ဒေါသမီးစတို့က ငြိမ်းအေးမသွားဘဲ တလှပ်လှပ် တောက်လောင်နေဆဲပင်။


—ငါကများ... သူ့ကို တွယ်ကပ်နေတယ်ပေါ့လေ? အောင်မယ်... ဟုတ်များနေသလားလို့ အစောတုန်းက ဘယ်သူက ငါ့ကို အရင်ဆုံး အတင်းအဓမ္မ ရင်ခွင်ထဲ ဆွဲသွင်းထားတာလဲဆိုတာကို သေသေချာချာလေး ပြန်စဉ်းစားကြည့်သင့်တယ်နော်…..


—နန်းဆောင်တစ်ခုလုံး ငါ့ကိုယ်နဲ့တင် ပြည့်နေတယ်လို့ ပြောရအောင် ငါက အဲ့လောက်တောင် ဝနေလို့လား? ဒီခွေးစိတ်ပေါက်နေတဲ့ လူကို တကယ်ပဲ အသေသတ်လိုက်ချင်တော့တာပဲ မိန်းကလေးတစ်ယောက်ကို 'ဝတယ်' လို့ ဘယ်တော့မှ မပြောရဘူးဆိုတဲ့ အခြေခံစည်းကမ်းကိုတောင် ဒီလူကြီး မသိတာလား? အို... ကောင်းကင်ဘုံရှင်ကြီးရယ်... မျက်စိလေး ဘာလေး ဖွင့်ကြည့်ပြီး ဒီလူ့ကို မိုးကြိုးလေး ဘာလေးများ ပစ်ချပေးလို့ မရဘူးလားဟင်….


ရှန်လင်းသည် လက်ထဲမှ လျှောက်တင်လွှာကို ဖြန့်ဖွင့်လိုက်ရင်း နှုတ်ခမ်းပါးတို့ တွန့်ကွေးရုံမျှ သာယာစွာ ပြုံးလိုက်မိသည်။


“အရှင်မင်းကြီး... အရှင့်ရဲ့ အမိန့်တော်မှတ်ချက်တွေကို ကျွန်တော်မျိုးမ တစ်ခါမှ မမြင်ဖူးသေးဘူးပဲ။ အရှင့်ရဲ့ အရေးအသားတွေက သေချာပေါက်ကို ဖတ်ရှုသူကို ဖမ်းစားနိုင်လောက်အောင် ခန့်ညားထည်ဝါနေမှာ အမှန်ပါပဲနော်”


—ရှင် ဆံပင်တွေ ကျွတ်ပြောင်သွားတဲ့အထိသာ အလုပ်တွေပိနေမယ်ဆိုရင်၊ အဲ့ဒီပုံစံက အခုထက်တောင် ပိုပြီး စွဲမက်စရာကောင်းနေဦးမှာ အမှန်ပဲ။


ရှဲ့ယွမ်ရွှင်းသည် သူမ၏ ပြုံးရွှင်နေသော မျက်နှာလေးအား စေ့စေ့စပ်စပ် အကဲခတ်နေမိသည်။ သူမ၏ နှုတ်ထွက်စကားများမှာ အပြစ်ဆိုဖွယ်မရှိအောင် လိမ္မာပါးနပ်လှသော်လည်း စိတ်ထဲမှ တိတ်တဆိတ် ကြံစည်နေသော အတွေးစများမှာမူ ဆန်းကြယ်စွာ ကောက်ကျစ်လှသလို၊ တစ်ခါတစ်ရံတွင်လည်း ကလေးကလားဆန်စွာ မိုက်မဲလွန်းလှသဖြင့် သူ့အတွက်တော့ အလွန်ပင် စိတ်အာရုံကို ဖျော်ဖြေပေးနိုင်သော အရာတစ်ခု ဖြစ်နေလေတော့သည်။


ရှဲ့ယွမ်ရွှင်းသည် လျှောက်တင်လွှာကို လှမ်းယူကာ အပေါ်ယံမျှသာ တစ်ချက်ဝေ့ကြည့်လိုက်သည်။ ထို့နောက် စုတ်တံကို ကောက်ကိုင်ကာ အမိန့်မှတ်ချက်ကို အားပါပါ ရေးသားလိုက်ပြီးလျှင် ထိုလျှောက်တင်လွှာကို ရှန်လင်း၏ ရင်ခွင်ထဲသို့ ဂရုမစိုက်သလိုပင် ပစ်ချလိုက်လေသည်။


— ဟမ်... ခဏလေးအတွင်းမှာပဲ သူ အဖြေပေးပြီးသွားတာလား —


ရှန်လင်းသည် မသိချင်စိတ်ကို မအောင့်နိုင်တော့ဘဲ ထိုစာလွှာကို ဆွဲဖွင့်၍ သူ့ထံမှ ပြန်ကြားချက်ကို ဖတ်ကြည့်လိုက်သည်။ သို့သော် မြင်လိုက်ရသည့် အဖြေကြောင့် သူမ၏ ကျောပြင်တစ်ခုလုံး စိမ့်ခနဲ အေးစက်သွားရ၏။ စာလွှာထဲ၌ ရေးထွင်းထားသည်မှာ အတိုချုံးသော်လည်း ရက်စက်လွန်းလှသည့် အမိန့်တစ်ကြောင်းတည်းသာ...


“အားလုံးကို သတ်ပစ်လိုက်။”


ဤသို့သော အေးစက်ရက်စက်လှသည့် စကားမျိုးမှာ ရှဲ့ယွမ်ရွှင်း၏ ပင်ကိုယ်ဟန်ပန်ပင် ဖြစ်လေသည်။


ထိုလျှောက်လွှာပေါ်ရှိ လက်မှတ်မှာ ဝန်ကြီးချွီ၏ လက်မှတ်ဖြစ်နေသည်ကို ရှန်လင်း သတိထားမိသွားသည်။ အစီရင်ခံစာတစ်ခုလုံး၏ ဆိုလိုရင်းကို ခြုံငုံကြည့်လိုက်လျှင် စာတစ်ကြောင်းတည်းနှင့်ပင် လုံလောက်နေတော့၏။ ၎င်းမှာ — ဘေးအန္တရာယ် ကယ်ဆယ်ရေး ရန်ပုံငွေများ အလွဲသုံးစားပြုလုပ်ခံရသည်ဟု သံသယရှိရသော်လည်း ထိုကိစ္စနှင့်ပတ်သက်၍ သူကိုယ်တိုင်မှာမူ တစ်စုံတစ်ရာ သိရှိခြင်းမရှိပါဟူ၍သာ ဖြစ်သည်။


ဘေးအန္တရာယ် ကယ်ဆယ်ရေး ရန်ပုံငွေတွေကိုတောင် အလွဲသုံးစား လုပ်ရက်ကြတယ်ပေါ့ ဒီလူတွေမှာ အသိတရားဆိုတာ နည်းနည်းလေးတောင် မရှိကြတော့ဘူးလား ပြည်သူဆိုတာ နိုင်ငံတစ်ခုရဲ့ အဓိက အခြေခံအုတ်မြစ်ပဲ။ သူတို့အပေါ် နန်းတော်က ဘယ်လိုပြုမူခဲ့သလဲဆိုတာကို ပြည်သူတွေက ရင်ထဲမှာ အမြဲတမ်း ကမ္ပည်းတင် မှတ်ကျောက်တင်ထားကြမှာ


ရှန်လင်းသည် သူမ၏ စိတ်ထဲတွင် ရှဲ့ယွမ်ရွှင်းကို လူသတ်ဝါသနာပါသော အရူးတစ်ယောက်အဖြစ် အမြဲတစေ သတ်မှတ်ထားသော်လည်း၊ လက်တွေ့တွင်မူ သူ သတ်ဖြတ်ခဲ့သူအများစုမှာ အာဏာရှိ အရာရှိကြီးများနှင့် မှူးမတ်မျိုးနွယ်စုများသာ ဖြစ်ကြသည်။ သာမန်အရပ်သားပြည်သူများကိုမူ သူက အပျော်သဘောဖြင့် အကြောင်းမဲ့ သတ်ဖြတ်ခြင်းမျိုးကို သူမ တစ်ခါမျှ မတွေ့မြင်ခဲ့ဖူးချေ။ 


သို့သော်ငြားလည်း ထိုအချက်ကြောင့်ပင် သူ့ကို မေတ္တာတရားကြီးမားသည့် မင်းကောင်းမင်းမြတ်တစ်ပါးဟုတော့ သူမ လုံးဝ မယူဆနိုင်ပါ။ သူမ သိထားသလောက်ဆိုလျှင် သူက အရပ်သားတွေကို သတ်ဖြတ်ခြင်း မပြုသည်မှာ ကြင်နာသနားတတ်၍ မဟုတ်ဘဲ  "အရာရှိတွေနဲ့ မှူးမတ်တွေကို သတ်ရသလောက် သူ့အတွက် စိတ်လှုပ်ရှားစရာ မကောင်းလို့ပဲ ဖြစ်မှာပါ" ဟုသာ သူမက ခနဲ့တဲ့တဲ့ တွေးတောမိတော့သည်။


တကယ်လို့ သူသာ တိုင်းသူပြည်သားတွေအပေါ် စာနာထောက်ထားစိတ် အမှန်တကယ် ရှိခဲ့မယ်ဆိုရင်၊ သူနတ်ရွာစံပြီးတဲ့နောက်မှာ တစ်ခေတ်တစ်ခါက ဝေဝေဆာဆာရှိခဲ့တဲ့ တာလျန်မင်းဆက်ကြီးတစ်ခုလုံး နန်းမွေခံမရှိဘဲ ဒီလောက်အထိ အထီးကျန်ဆန်စွာ မျိုးဆက်ပြတ်တောက်သွားစရာ အကြောင်းမရှိဘူး


မည်သို့ပင်ဆိုစေကာမူ... ဝန်ကြီးချွီ၏ လျှောက်တင်လွှာအပေါ် ရှဲ့ယွမ်ရွှင်း ချမှတ်ပေးလိုက်သည့် မှတ်ချက်စကားများက ရှန်လင်းကို အတော်လေးပင် စိတ်ကျေနပ်မှု ပေးစွမ်းနိုင်ခဲ့ပေသည်။


ရှဲ့ယွမ်ရွှင်းသည် သူမ၏ တုံ့ပြန်ပုံကြောင့် အနည်းငယ် အံ့အားသင့်သွားမိသည်။ မိမိ၏ စကားတစ်ခွန်းသည် လူပေါင်းများစွာ၏ အသက်ကို ခြွေယူကာ သွေးမြေကျစေတော့မည်ကို သူကောင်းစွာ သိထားသည်။ ထို့ကြောင့်ပင် သူမအနေဖြင့် သေလုမတတ် ကြောက်လန့်တုန်ယင်သွားလိမ့်မည်ဟု သူတွေးထင်ထားခဲ့သော်လည်း ယခုမူ ရှန်လင်း၏ မျက်နှာထက်၌ ထူးဆန်းသော ကျေနပ်အားရမှုတစ်ခု အထင်အသား ယှက်သန်းနေသည်ကိုသာ တွေ့လိုက်ရလေတော့သည်။


သူ့မျက်ခုံးအစုံက တင်းမာစွာ စုကြုတ်သွားသည်။


သူမက အသည်းငယ်လှသည် မဟုတ်ပါလား။ လူအရေခွံတစ်စကို မြင်လိုက်ရရုံမျှနှင့်ပင် ဝိညာဉ်လွင့်မတတ် တုန်လှုပ်ချောက်ချားသွားတတ်သည့် ထိုမိန်းကလေးက ယခုမူ အဘယ်ကြောင့် ဤမျှ အေးဆေးတည်ငြိမ်နေနိုင်ရတာလဲ…ထူးဆန်းစရာကောင်းလှသည်။


ရှန်လင်း : “……”


တာ့လျန်အင်ပါယာ တစ်ခွင်လုံးတွင် ရှဲ့ယွမ်ရွှင်း၏ အရှိန်အဝါနှင့် အာဏာစက်မှာ မည်သူမျှ မလှန်ဝံ့လောက်အောင်ပင် ပြင်းထန်လှသည်။ ဝန်ကြီးချွီ၏ လျှောက်တင်လွှာအပေါ် သူ၏ အဆုံးအဖြတ် ကျဆင်းလာသည်နှင့်တစ်ပြိုင်နက် နန်းတွင်းဗဟိုမှ တုံ့ဆိုင်းခြင်း အလျဉ်းမရှိဘဲ ချက်ချင်း လက်တွေ့အကောင်အထည်ဖော်လေတော့သည်။ 


ပိုဟိုင်ခရိုင်၏ အုပ်ချုပ်ရေးမှူးအား စစ်ဆေးမေးမြန်းကာ ပြစ်ဒဏ်စီရင်ရန် မြို့တော်သို့ ဆင့်ခေါ်ခဲ့ရုံမျှမက၊ ဤကိစ္စနှင့် ပတ်သက်ဆက်နွှယ်နေသည့် အရာရှိအားလုံးကိုလည်း အကျဉ်းချခြင်း၊ ပြည်နှင်ဒဏ်ပေးခြင်းနှင့် ကွပ်မျက်ခြင်းတို့ဖြင့် တစ်ယောက်မကျန် နှိမ်နင်းခဲ့လေသည်။ မြို့မဈေးလမ်းမများထက်ဝယ် သွေးညှီနံ့များ လှိုင်လှိုင်ထကာ သွေးချောင်းစီးခဲ့ရလေပြီ။ 


ဝန်ကြီးချွီ၏ လက်အောက်ခံအရာရှိများက အောင်ပွဲခံနေကြသော်လည်း ဝန်ကြီးချုပ်ယန်၏ လူယုံတော်အများအပြားမှာမူ အသက်ပျောက်ခဲ့ရသည်။ သို့ဖြစ်ရာ ဝန်ကြီးချုပ်ယန်သည် ညီလာခံမှ အထွက်တိုင်း မျက်နှာတစ်ခုလုံး ပုပ်သိုးနေကာ အလိုမကျခြင်းများ အထင်အရှား မြင်တွေ့နေရလေတော့သည်။


မြင်းရထားလုံးအတွင်း၌ ထိုင်နေသော နန်းရင်းဝန်ယန်သည် သူ၏ ညိုမှိုင်းနေသည့် မျက်နှာထားကို အတတ်နိုင်ဆုံး ဖိနှိပ်ထားလိုက်သည်။ သူ၏ စိတ်မသက်မသာ ဖြစ်နေမှုများအား မည်သူမျှ ရိပ်မိခြင်း မရှိစေရန် မျက်နှာကို တည်ငြိမ်အေးဆေးသည့် ဟန်ပန်ဖြင့်သာ အတင်းအကျပ် ဖန်တီးထိန်းသိမ်းထားလေတော့သည်။


မိမိ၏ လက်အောက်ငယ်သား အရာရှိများ တစ်ဦးပြီးတစ်ဦး အသက်ပျောက်သွားကြသည်ကို သူ အမှန်တကယ် ဝမ်းနည်းကြေကွဲနေခြင်း မဟုတ်ပါ။ သို့သော်လည်း သွေးအေးလှသော အရှင်မင်းကြီးကိုယ်တိုင် ယခုကဲ့သို့ ပြတ်သားသည့် သတ်မိန့်ထုတ်ပြန်လိုက်ခြင်းအပေါ်တွင်မူ သူ အနည်းငယ်မျှ အံ့အားသင့်သွားမိသည်။ 


အကြောင်းမူကား ပြီးခဲ့သည့်တစ်ခေါက် ညီလာခံတွင် ဝန်ကြီးချူက ပြတ်ပြတ်သားသား ထွက်ဆိုကန့်ကွက်ခဲ့စဉ်က အရှင်မင်းကြီးမှာ တစ်စုံတစ်ရာ အရေးယူအပြစ်ပေးခြင်းမရှိဘဲ လျစ်လျူရှုထားပေးခဲ့ဖူးသောကြောင့်ပင်။ နန်းရင်းဝန်ကြီးယန်တစ်ယောက် အခြေအနေအရပ်ရပ်ကို သေသေချာချာ သဘောမပေါက်နိုင်သေးသော်လည်း၊ အန္တရာယ်များလှသော နန်းတော်တွင်းသို့ ထပ်မံဝင်ရောက်စုံစမ်းရန်မူ စိတ်ကူးမရှိခဲ့ပေ။


သူ့တစ်ကိုယ်လုံး သေဘေးနှင့် ရင်ဆိုင်နေရပြီဖြစ်ကြောင်း သိလိုက်ရသည့်ခဏတွင် အသက်ရှင်လိုစိတ်က တစ်ဟုန်ထိုး မြင့်တက်လာသည်။ သူ... လုံးဝ မသေချင်သေးပါ။


သူတို့၏ အရှင်မင်းကြီးသည်ကား အသက်ပေါင်းများစွာကို ခြွေချရာ၌ မျက်တောင်တစ်ချက်ပင် မခတ်ဘဲ အလွန်တရာ သွေးအေးရက်စက်တတ်သူ ဖြစ်ပေသည်။


ရှေ့ဆီမှ ပျံ့လွင့်လာသော ရုတ်ရုတ်သဲသဲ ဆူညံသံများကြောင့် ဝန်ကြီးချုပ်ယန်သည် ရထားလုံး၏ လိုက်ကာစကို အသာအယာမကာ အပြင်ဘက်သို့ အကဲခတ်ကြည့်လိုက်သည်။ လူအုပ်ကြီး၏ အလယ်တွင် ဝန်းရံခြင်းခံထားရသော ပြည်သူ့အင်အားဦးစီးဌာနဝန်ကြီး ရှန်ခန်ကျန့်ကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် သူ၏ မျက်ဝန်းအစုံမှာ အဓိပ္ပာယ်ပါပါ ကျဉ်းမြောင်းသွားလေတော့သည်။


လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ဘေးဒုက္ခကယ်ဆယ်ရေး ရန်ပုံငွေဆိုင်ရာ အရှုပ်အထွေးများကြားတွင် ခေါင်းပူအောင် ဖြေရှင်းနေရသဖြင့် အရှင်မင်းကြီး၏ သာယာကြည်ဖြူမှုကို အပြည့်အဝ ရရှိနေသည့် 'ရှန်ကေကွ့ရန်' ၏ အကြောင်းကို သူ လုံးဝသတိမမူမိဘဲ လျစ်လျူရှုမိခဲ့သည်။ အရှင်မင်းကြီးသည် သူမအား ညစဉ်ညတိုင်း အိပ်ဆောင်တော်သို့ ခေါ်ယူကာ အတူတကွ စက်တော်ခေါ်လေ့ရှိသည် မဟုတ်ပါလား။


သူမှတ်မိသလောက် အမှားအယွင်း မရှိခဲ့လျှင် ဤရှန်ကွေ့ရန်မှာ ရှန်ခန်ကျန့်၏ သမီးတော်ပင် ဖြစ်ရမည်။ သို့ဖြစ်ရာ လူအပေါင်းက သူ့အား ဝိုင်းဝန်းကာ ထောပနာပြု ဂုဏ်ပြုနေကြသည်မှာလည်း မဆန်းတော့ပေ။


ရှေးအစဉ်အဆက် ဧကရာဇ်မင်းမြတ်တို့အဖို့ ကိုယ်လုပ်တော်တစ်ဦးတစ်ယောက်အပေါ် ထူးထူးခြားခြား မျက်နှာသာပေးကာ အလိုလိုက်ယုယခြင်းမှာ လောကနိယာမအရ ထူးဆန်းလှသည့် ကိစ္စမဟုတ်ပေ။ သို့သော်လည်း... ယခုကဲ့သို့ ကျောက်စိမ်းကဲ့သို့ အေးစက်ခက်ထန်လှသည့် အရှင်မင်းကြီးထံမှ ထိုသို့သော အပြုအမူမျိုး မြင်တွေ့ရသည်မှာကား အမှန်တကယ်ပင် ယုံနိုင်ဖွယ်မရှိအောင် အံ့ဩတုန်လှုပ်ဖွယ်ရာပင်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ဤရှန်ကွေ့ရန်မှာ အရှင်မင်းကြီး၏ စိတ်နှလုံးကိုပင် ညှို့ယူဖမ်းစားနိုင်သည်အထိ မည်မျှပင် အစွမ်းထက်မြက်လှသည်ကို သိသာထင်ရှားနေတော့သည်။


ဝန်ကြီးချုပ်ရန်သည် ရှဲ့ယွမ်ရွှင်း၏ အမျက်ဒေါသကို မဆွမိစေရန် အထူးသတိထားရသလို၊ နန်းတွင်းရှိ သူ၏သမီးဖြစ်သူသည်လည်း အရှင်မင်းကြီး၏ ရှေ့မှောက်တွင် ငုံးငယ်လေးတစ်ကောင်ပမာ ငြိမ်ကုပ်နေရရှာကြောင်း သူ ကောင်းစွာသိရှိထားသည်။ 


အကယ်၍သာ ဤရှန်ကွေ့ရန်သည် အရှင်မင်းကြီး၏ မျက်နှာသာပေးမှုကို အမှန်တကယ် ရရှိထားသည်ဆိုပါက၊ သူသည် ရှန်ခန်ကျန့်ထံမှ နည်းနာအချို့ကို တောင်းခံကာ နန်းတွင်းရှိ မိမိသမီးထံသို့ လျှို့ဝှက်ပါးလိုက်သင့်သည်ဟု တွေးမိ၏။ ထိုသို့ဖြင့် သမီးဖြစ်သူသည် မျက်နှာသာပေးခံရသော ထိုကြင်ယာတော်နှင့် မဟာမိတ်ဖွဲ့ကာ နန်းတွင်း၌ အခြေခိုင်အောင် ကြိုးပမ်းနိုင်မည် မဟုတ်ပါလား။


ဤအကြံကို အဖန်ဖန်အထပ်ထပ် စဉ်းစားကြည့်လေ၊ ပို၍ပင် ဆီလျော်လှသည်ဟု သူ ယူဆမိလေတော့သည်။ ထို့ကြောင့်ပင် သူသည် ဆိုင်းမတွတော့ဘဲ အစေခံများကို အသင့်ပြင်ရန် စေခိုင်းလိုက်ပြီးနောက် ထမ်းစင်ဖြင့် ရှန်ခန်ကျန့်၏ အိမ်တော်ဆီသို့ တန်းတန်းမတ်မတ်ပင် ထွက်ခွာလာခဲ့တော့သည်။


ရှန်ခန်ကျန့်မှာမူ မိမိ၏သမီးဖြစ်သူက မည်သို့သော လျှို့ဝှက်ချက်၊ မည်သို့သော အတတ်ပညာများဖြင့် အရှင်မင်းကြီး၏ မျက်နှာသာကို ဤမျှအထိ ရယူဆုပ်ကိုင်ထားနိုင်သနည်းဟူသော ဝန်ကြီးချုပ်ယန်၏ စူးစမ်းလိုသည့် မေးခွန်းများရှေ့တွင် စကားလုံးတို့ ဆွံ့အကာ ဘာပြန်ပြောရမှန်းမသိ ဖြစ်နေရတော့သည်။


သူ... သူ ဘာဆိုဘာမှကို သိမနေခဲ့တာပါလား 


ရှန်ခန်ကျန့်သည် အချိန်မကြာသေးမီကမှ ပြန်လည်ရှာဖွေတွေ့ရှိခဲ့သည့် ဤသမီးဖြစ်သူမှာ ယခုကဲ့သို့ ဧကရာဇ်မင်းမြတ်၏ ထူးကဲသောမျက်နှာသာပေးမှုကို ရရှိလိမ့်မည်ဟု အိပ်မက်ပင် မက်ဖူးခဲ့ခြင်းမရှိသဖြင့် အံ့အားသင့်ကာ မှင်သက်နေမိသည်။ 


သူနှင့် သခင်မကြီးကျန်းတို့နှစ်ဦးစလုံးမှာ ရှန်လင်းတစ်ယောက် နန်းတွင်းကိုယ်လုပ်တော် ရွေးချယ်ပွဲတွင် မည်သို့မျှ အရွေးခံရမည်မဟုတ်ဟုသာ တထိုက်တည်း မှတ်ယူထားခဲ့ကြသော်လည်း ယခုမူ သူမမှာ 'ရှန်ကွေ့ရန်' ဟူသော ဘွဲ့အမည်ဖြင့် နန်းတွင်းထဲသို့ ခံ့ညားစွာ ဝင်ရောက်နိုင်ခဲ့လေပြီ။ ရှန်ခန်ကျန့်တစ်ယောက် မိမိ၏ သွေးသားရင်းချာဖြစ်သော သမီးဖြစ်သူအား မိမိကိုယ်တိုင်ပင် စိုးစဉ်းမျှ နားမလည်နိုင်တော့ကြောင်း သိလိုက်ရသဖြင့် စိတ်ထဲတွင် ဝေခွဲမရနိုင်အောင်ပင် ဖြစ်နေတော့သည်။


အမှန်စင်စစ် ရှန်ခန်ကျန့်အနေဖြင့် ဤစကားမျိုးကို ဝန်ကြီးချုပ်ယန်အား တဲ့တိုးပြောထွက်ရန် မဝံ့ရဲခဲ့ပေ။ ထိုသို့ပြောလိုက်ခြင်းက ဝန်ကြီးချုပ်ကို အငြိုးအတေး ဖြစ်သွားစေနိုင်မှန်း သူ ကောင်းကောင်းကြီး သိနားလည်ထားသည်။ သူသည် အခြေအနေအရပ်ရပ်ကို အကောင်းအဆိုး ခွဲခြားနိုင်သည့် အသိတရားမျိုးတော့ ရှိနေသေးသူပင်။


ထို့ကြောင့်လည်း ရှန်ခန်ကျန့်သည် ရှန်ရှီး၏အကြောင်းကိုသာ အရေးတယူ ဆက်လက်ပြောဆိုနေတော့သည်။ စင်စစ်မူ ရှန်ရှီးဖြစ်စေ၊ ရှန်လင်းဖြစ်စေ သူ့အတွက်မူကား အထွေအထူး ကွာခြားလှသည်မဟုတ်။ အဆုံး၌မူ ထိုမိန်းကလေးနှစ်ဦးစလုံးမှာ သူ့သွေး၊ သူ့သား၊ သူ့သမီးရင်းချာများသာ ဖြစ်ကြသည်မဟုတ်ပါလော။ သို့ဖြစ်ရာ သူ့မျက်လုံးထဲတွင်မူ ထိုသမီးနှစ်ဦးစလုံးမှာ အပိုအလိုမရှိ တစ်သားတည်းပင် ဖြစ်နေတော့သည်။


ဝန်ကြီးချုပ်ရန်အား လိုက်လံပို့ဆောင်ပေးပြီးချိန်တွင်မူ ရှန်ခန်ကျန့်မှာ တစ်ချိန်လုံး စကားတပြောပြောဖြင့် ဧည့်ခံနေခဲ့ရသဖြင့် အာခေါင်များပင် ခြောက်ကပ်နေချေပြီ။


ရှန်ခန်ကျန့်သည် နောက်ဖေးဆောင်ရှိ သခင်မကြီးကျန်းရှိရာသို့ အလျင်အမြန်ပင် ခြေလှမ်းကျဲကျဲဖြင့် လျှောက်လှမ်းလာခဲ့သည်။ သူ့မျက်နှာထက်၌ ဖုံးဖိ၍မရနိုင်သော ဝမ်းသာပီတိရိပ်တို့က အထင်အသား ထင်ဟပ်နေ၏။ သခင်မကြီးကျန်းကို မြင်သည်နှင့် သူက စိတ်လှုပ်ရှားစွာဖြင့်...


"သခင်မ... တို့သမီးလေးကတော့ တကယ့်ကို စွမ်းဆောင်နိုင်ခဲ့ပြီဟေ့။ ငါတို့ကို မျက်နှာပွင့်အောင် လုပ်ပေးနိုင်ခဲ့ပြီ!"


သခင်မကြီးကျန်းက သူမ၏ နှုတ်ခမ်းပါးတို့ကို သာယာစွာ တွန့်ကွေးလိုက်ပြီး အဓိပ္ပာယ်ပါသော အပြုံးတစ်ခုကို ဆင်မြန်းလိုက်သည်။ သူမက ရှေ့တွင်ရှိနေသော ခင်ပွန်းဖြစ်သူ၏ မျက်နှာရိပ်မျက်ကဲကို အကဲခတ်ရင်း တိုးညင်းသော လေသံဖြင့် မေးမြန်းလိုက်၏။


"သခင်ကြီး... အရှင် ဆိုလိုတာက... ရှီးအာလေးကို ပြောတာလားရှင့်"


“ကျွန်မတို့ ရှီးအာလေးက ခုတလောမှာတော့ ပန်းထိုးအတတ်ပညာကို အတော်လေး နှံ့နှံ့စပ်စပ် သင်ယူနေတာပဲ။ တကယ်ကို အားကိုးထိုက်တဲ့ မိန်းကလေးတစ်ယောက် ဖြစ်လာပါပြီ။ သိတဲ့အတိုင်းပဲလေ... ဟိုးအရင် ကလေးဘဝတုန်းကဆိုရင် ပန်းထိုးသင်ရမှာကို လက်ညှိုးလေးတွေ နာတယ်ဆိုပြီး ဂျီကျကာ အမြဲတမ်း ငြင်းဆန်ခဲ့တာ သူပဲမဟုတ်လား။ အခုတော့ဖြင့် အရွယ်လည်းရောက်၊ အသိတရားလေးလည်း ရှိလာပြီဆိုတော့ ကိုယ်တိုင်ကိုယ်ကျ စိတ်ပါလက်ပါနဲ့ သင်ယူလိုစိတ် ရှိနေတော့တာပဲ...”


ရှန်ခန်ကျန့်သည် အိပ်မက်ကမ္ဘာတစ်ခုထဲတွင် နစ်မြောနေသကဲ့သို့ ယောင်ယောင်မှားမှား ရေရွတ်လိုက်သည်။


“မဟုတ်သေးဘူး... ငါ့သမီး လင်းအာကို ကြည့်ဦး! အရှင်မင်းကြီးက သူ့ကို ‘ကွေ့ရင်’ အဆင့်အထိ တိုးမြှင့်ခန့်အပ်ပြီး မြှောက်စားထားတာ။ အခုဆိုရင် လင်းအာက တစ်နန်းတော်လုံးမှာ အရှင်မင်းကြီးရဲ့ မျက်နှာသာပေးမှုကို အခံရဆုံးပဲ။ ဝန်ကြီးချုပ်ယန် ကိုယ်တိုင်တောင် လင်းအာအကြောင်းကို ငါ့ဆီမှာ လာပြီး စုံစမ်းမေးမြန်းခဲ့သေးတယ်။ လင်းအာ ဒီအိမ်ကို ပြန်ရောက်လာတဲ့နေ့ကတည်းက ဒီကလေးဟာ သာမန်မိန်းကလေးတစ်ယောက် မဟုတ်ဘူးဆိုတာ ငါသိပြီးသားပါ။ ငါ့အမြင် မမှားခဲ့ပါဘူး... ငါ လုံးဝ မမှားခဲ့ဘူး...”


သခင်မကြီးကျန်းသည် သူမ၏ လက်ကိုင်ပဝါစကို တင်းတင်းဆုပ်ကိုင်ထားရင်း ရှန်ခန်ကျန့်၏ ဝမ်းသာအားရ မြည်တမ်းနေသော စကားလုံးများကို ကိုယ်ဟန်မပျက် တောင့်တောင့်ကြီး ရပ်နားထောင်နေရှာသည်။


မိမိ အစဉ်တစိုက် နှိမ်ချဆက်ဆံလာခဲ့သည့် ရှန်လင်းသည် နန်းတွင်းဝယ် 'ကွေ့ရန်' ဘွဲ့အမည်ဖြင့် ဤမျှအထိ မြတ်နိုးယုယခြင်း ခံရလိမ့်မည်ဟု သခင်မကြီးကျန်း လားလားမျှ မတွေးတောခဲ့မိပေ။ 


စိတ်ထဲရှိသည့်အတိုင်းသာ လွှတ်ခနဲ ပြောထွက်လိုက်မိပါက 'ဧကရာဇ်သည် အမြင်အာရုံ ဝေဝါးနေသလော' ဟုပင် ပြစ်မှားမိတော့မည့်အလား။ အကယ်၍သာ ထိုသို့သော မိုက်မဲသည့်စကားလုံးများ သူမနှုတ်မှ ထွက်ကျသွားခဲ့လျှင် တစ်ဆွေမျိုးလုံး၏ ဦးခေါင်းများ မြေခသွားနိုင်သည်ကို သိရှိနားလည်သဖြင့်သာ မိမိကိုယ်ကို အတင်းအကျပ် ထိန်းချုပ်ထားရလေသည်။


**