Ch-5
Viewers 157

အခန်း (၅) နှုတ်ချိုလှချည်လား


“လင်းအာ နန်းတွင်းဝင်တုန်းက ငါတို့ဆီက အကူအညီ သိပ်မရခဲ့ဘူး၊ ဒါပေမဲ့ အခု သူ့အခြေအနေကို သိလိုက်ရပြီဆိုမှတော့ အမှားပြင်ဖို့ နောက်မကျသေးပါဘူး” ဟု ရှန်ခန်ကျန့်က ကြံစည်တွေးတောရင်း ပြောလိုက်သည်။ “မင်းက ဒီအိမ်တော်ရဲ့ သခင်မကြီးပဲ။ နောက်ရက်အနည်းငယ်ကြာရင် နန်းတော်ထဲသွားပြီး လင်းအာကို သွားတွေ့လိုက်ဦး ငွေကြေးတချို့လည်း တစ်ခါတည်း ယူသွားဖို့ မမေ့နဲ့ သူက အခု နန်းတော်ထဲမှာ ကွေ့ရန် တစ်ယောက် ဖြစ်နေပြီဆိုတော့ အရင်တုန်းကလို အမြင်မျိုးနဲ့ သူ့ကို ကြည့်လို့မရတော့ဘူး ဧကရာဇ်မင်းမြတ် သူ့အပေါ် ထားရှိတဲ့ မျက်နှာသာပေးမှုတွေကို ကြည့်ရသလောက်တော့ သူက ကွေ့ရင် အဆင့်မှာတင် ရပ်တန့်နေမယ့်သူ မဟုတ်ဘူး။ တကယ်လို့ သူက ကိုးပါးသော ကြင်ယာတော်တွေထဲက တစ်ယောက်အဖြစ် ထပ်ပြီး ရာထူးတိုးလာခဲ့ရင်တော့ မင်းအနေနဲ့ သူ့ကို ပိုပြီးတော့တောင် ဂရုစိုက်ရလိမ့်မယ်။”


“မှန်ပါတယ်၊ သူ့ကို ကွေ့ရန်တစ်ယောက် ဖြစ်လာစေတာက အကောင်းဆုံးပါပဲ သခင်ကြီးအနေနဲ့က ဝန်ကြီးတစ်ဦးဖြစ်ပြီး သူကလည်း အရှင့်ရဲ့ သမီးအရင်းဖြစ်တာကြောင့် ဂုဏ်ဒြပ်က နိမ့်ကျနေမှာ မဟုတ်ပါဘူး။ မိသားစုထဲမှာ ဂွေ့ရန်တစ်ယောက် ရှိနေတာက သူမရဲ့ညီမဖြစ်သူ ရှန်ရှီးလေးရဲ့ အိမ်ထောင်ရေး ကံအလားအလာကိုလည်း မြှင့်တင်ပေးရာ လည်းရောက်တယ် တကယ်လို့ ရှန်ရှီးလေးရဲ့ အိမ်ထောင်ရေးကသာ အဆင်မပြေဖြစ်ခဲ့ရင် ပြင်ပလောကက သူမကို ဘယ်လိုများ ဝေဖန်ကဲ့ရဲ့ကြမှာလဲ။”


သခင်မကြီးကျန်းသည် ရှန်လင်းကို မနှစ်မြို့ပေ။ ရှန်ခန်ကျန့်၏ စကားများအရ သူသည် သူမနှင့် ရှန်လင်းကြားမှ အဆင်မပြေမှုများကို ပြေလည်အောင် ဖြေရှင်းရန် ဆုံးဖြတ်ထားပြီး ဖြစ်ကြောင်း သူမ သိလိုက်သည်။ သူမအနေဖြင့် ထိုအခြေအနေကို ပြောင်းလဲ၍ မရနိုင်တော့သဖြင့် ရှန်ရှီးအတွက် မည်သို့ အကျိုးအမြတ် ရှာဖွေပေးရမည်ကိုသာ စဉ်းစားရတော့သည်။ ရှန်လင်းသည် ယခုအခါတွင် ‘ကွေ့ရန်’ တစ်ဦး ဖြစ်နေသော်လည်း ၎င်းမှာ အမြဲတမ်း မျက်နှာသာပေး ခံရလိမ့်မည်ဟု မဆိုလိုပေ။ အကယ်၍ ရှန်လင်း မျက်နှာသာ ရရှိနေဆဲ ကာလအတွင်းမှာပင် ရှီးအာအတွက် ကောင်းမွန်သော အိမ်ထောင်တစ်ခုကို စီစဉ်ပေးနိုင်ခဲ့လျှင် အဆုံးသတ်တွင် ရှီးအာသည် ရှန်လင်းထက်ပင် ပို၍ သာယာသော ဘဝဖြင့် နေထိုင်သွားနိုင်ပေလိမ့်မည်။


ယခုအချိန်တွင်မူ သခင်မကြီးကျန်းအနေဖြင့် အလိုရှိပါက ရှန်ရှီးကို မြင့်မြတ်သောမျိုးရိုးအသိုင်းအဝိုင်းအတွင်းသို့ သွင်းကာ မင်းသမီးတစ်ပါးဖြစ်အောင်ပင် ဖန်တီးပေးနိုင်ပြီဖြစ်သည်။ နောက်ဆုံးတော့လည်း ရှန်လင်းသည် သူမအား စိတ်ကျေနပ်နှစ်သက်စေမည့် ကိစ္စရပ်တစ်ခုကို လုပ်ဆောင်ပေးနိုင်ခဲ့လေပြီ။


သခင်မကြီးကျန်းသည် ရှန်ခန်ကျန့်အား အလွန်ပင် ချိုသာနူးညံ့စွာ ပြုံးပြကာ ခေါင်းငြိမ့်ပြလိုက်ပြီး ကြင်နာတတ်သော မိခင်တစ်ဦး၏ ပုံရိပ်ကို အပြည့်အဝ ဖော်ဆောင်နေသော်လည်း၊ သူထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် သူမ၏ မျက်နှာအမူအရာက ချက်ချင်းပင် ပြောင်းလဲသွားတော့သည်။


“သခင်ကြီးကတော့ တကယ်ကို နုံအတာပဲ ပန်းဆိုတာ ရက်တစ်ရာတိုင်အောင် မပွင့်လန်းနိုင်သလို၊ အရှင်မင်းကြီးရဲ့ ရက်စက်ကြမ်းကြုတ်မှုအကြောင်းကလည်း လူတိုင်းအသိပဲ သူ့ရဲ့ ထိုင်းမှိုင်းနေတဲ့ မျက်နှာပေးနဲ့ဆိုရင် အရှင်မင်းကြီးက ခဏတဖြုတ် စိတ်ဝင်စားရုံသက်သက်ပဲလေ မကြာခင်မှာပဲ ငြီးငွေ့သွားမှာ အခုမှ ကွေ့ရန်တစ်ယောက် ဖြစ်လာရုံနဲ့ ကြင်ယာတော်အဆင့်အထိ တက်လှမ်းနိုင်မယ်လို့ တကယ်ပဲ ထင်နေကြတာလား တကယ့်ကို ရယ်စရာကောင်းတဲ့ အိမ်မက်ပဲ”


ဘေးနားတွင် ခစားနေသော အထိန်းတော်ကြီးက "သခင်မကြီး၊ သမီးကြီးက မျက်နှာသာပေးခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ သခင်မကြီးအနေနဲ့ ဒုတိယသခင်မလေးအတွက် အစီအစဉ်တွေ စတင်ပြင်ဆင်ထားသင့်ပါပြီ" ဟု လျှောက်တင်လိုက်သည်။


“မင်း ပြောလိုက်တာက ငါ့စိတ်ထဲက အတိုင်းပဲ” သခင်မကြီးကျန်းက လက်ကိုင်ပုဝါဖြင့် နှုတ်ခမ်းကို ခပ်ဖွဖွတို့လိုက်သည်။ “ဝန်ကြီးချုပ်ယန် ရောက်ရှိလာတဲ့ သတင်းက ကြာကြာ ဖုံးကွယ်ထားလို့ ရမှာ မဟုတ်ဘူး။ မြို့တော်က မှူးမတ်မျိုးနွယ်တွေ ဒီသတင်းကို ကြားတာနဲ့ ဖိတ်စာတွေ တသီတတန်းကြီး ရောက်လာတော့မှာ။ ရှီးအာ ဘယ်လောက်အထိ ထူးကဲသာလွန်တယ်ဆိုတာကို လူတိုင်း သိမြင်သွားအောင်လို့ အဲဒီပွဲလမ်းသဘင်တွေကို ငါကိုယ်တိုင် ရှီးအာကို ခေါ်သွားမယ်။”


အထိန်းတော်ကြီးက “သခင်မကြီး... ငွေကြေးတချို့လည်း ပြင်ဆင်ပေးထားရမလားရှင့်” ဟု မေးမြန်းလိုက်သည်။


သခင်မကြီးကျန်းက ခပ်တိုးတိုး ရယ်မောလိုက်၏။ "ဒါပေါ့၊ ဒါက သခင်ကြီးရဲ့ အမိန့်ဖြစ်နေတာကိုး။ ပြီးတော့ ငွေစနည်းနည်း စုစည်းပြီး နန်းတော်ဆီ ပို့လိုက်ပါဦး၊ သူ့အနေနဲ့ အစေခံတွေကို ဆုလာဘ်ပေးကမ်းနိုင်အောင်လို့…..ငါကတော့ သူမဆီကနေ ဘာမှအများကြီး မမျှော်လင့်ထားပါဘူး၊ ဒါပေမဲ့ အနည်းဆုံးတော့ ငါတို့အကြားမှာ ဆက်ဆံရေးမပြေလည်ဘူးလို့ အပြင်လူတွေ ထင်သွားတာမျိုးတော့ မလိုလားဘူး။"


သခင်မကြီးကျန်းသည် သူတစ်ပါးတို့၏ အတင်းအဖျင်းပြောစရာ ခေါင်းစဉ်တစ်ခု အဖြစ်မခံလိုပေ။ ရှန်လင်း၏ ကွေ့ရန် အဆင့်အတန်းကိုလည်း သူမက စိုးစဉ်းမျှပင် အရေးမထားခဲ့ချေ။ ထိုဧကရာဇ်သည် ကိုယ်လုပ်တော် မည်မျှကိုပင် သတ်ဖြတ်ခဲ့ပြီးပြီနည်း။ သူသည် မိဖုရားခေါင်ကြီးကိုပင် သတ်ဖြတ်ခဲ့သူ ဖြစ်သည်။ ကွေ့ရန် တစ်ဦး ဖြစ်လာရုံဖြင့် ဘဝက အေးချမ်းသာယာသွားလိမ့်မည်ဟု ရှန်လင်းက တကယ်ပင် ထင်မှတ်နေသလော။ ဧကရာဇ်၏ မျက်နှာသာပေးမှုကို ရရှိရန်မှာ ဘယ်သောအခါမှ မလွယ်ကူသည့် အရာပင်။


......


ရှန်လင်းသည် နေ့စဉ်ရက်ဆက်ဆိုသလို ထိုက်ကျီနန်းဆောင်၌ပင် နေထိုင်ကာ ဧကရာဇ်၏ အိပ်ဆောင်တာဝန်ကို ထမ်းဆောင်နေရသည်။ အမှန်အတိုင်း ပြောရလျှင် "အိပ်ဆောင်တာဝန်" ဆိုသည်ထက်— အတူအိပ်ပေးရခြင်းမျိုးသာ ဖြစ်သည်။ ရှဲ့ယွမ်ရွှင်း၏ ခြောက်လှန့်မှုကို ခံထားရသည့်နောက်တွင် ရှန်လင်းမှာ နိုးနိုးချင်း ချက်ချင်းပင် မျက်လုံးမဖွင့်ရဲတော့ပေ။ ထိုမိစ္ဆာဘုရင်ကြီး စိတ်ဖောက်ပြန်နေခြင်း ရှိမရှိ အကဲခတ်သည့်အနေဖြင့် သူမ၏မျက်လုံးများကို ခေတ္တမျှ မှိတ်ထားတတ်သေးသည်။ သူက ထူးထူးခြားခြား တစ်ခုခု လုပ်မနေမှသာလျှင် သူမလည်း အိပ်ရာမှ ထလေတော့သည်။ အမှန်တကယ်ပင် ရှဲ့ယွမ်ရွှင်း စိတ်ရူးပေါက်နေခြင်း ရှိမရှိကို ကြိုတင်သိရှိနိုင်မည့် အာရုံခံနိုင်စွမ်းမျိုး သူမ၌ ကိန်းအောင်းနေပြီဟုပင် ဆိုရမည်။


ယနေ့တွင် ဧကရာဇ်မင်းမြတ်သည် ညီလာခံတက်ရောက်ခဲ့သည်။ ရှဲ့ယွမ်ရွှင်းမှာ ပုံမှန်ညီလာခံတက်လေ့ရှိသူတစ်ဦး မဟုတ်ပေ။ အများဆုံးရှိလှ တစ်လလျှင် နှစ်ကြိမ်ခန့်သာ တက်ရောက်တတ်ပြီး ၎င်းမှာလည်း သူ၏ စိတ်အလိုရှိမှုအပေါ်တွင်သာ မူတည်သည်။ အကယ်၍ သူသာ မတက်လိုပါက နှစ်ကြိမ်မဆိုထားနှင့် တစ်ကြိမ်တစ်ခါမျှပင် ညီလာခံသို့ ပေါ်လာမည်မဟုတ်ပေ။ ရှဲ့ယွမ်ရွှင်းမှာ ညီလာခံတက်ရန် ခြောက်လတိုင်တိုင် ပျက်ကွက်ခဲ့ဖူးသည့် မှတ်တမ်းပင် ရှိခဲ့လေသည်။


ရှန်လင်း တစ်ကြိမ်မက သက်ပြင်းချမိသည်မှာ အာဏာရှင်တစ်ဦးသည်ကား အမှန်တကယ်ပင် မည်သည့်အရာကိုမျှ ကြောက်ရွံ့ခြင်းမရှိပေဟူ၍တည်း။


သူမသည် ထိုက်ကျီနန်းဆောင်ထဲမှ သာသာယာယာလေး လျောခနဲ ထွက်လာခဲ့ကာ နွေးထွေးသော နေရောင်ခြည်ကို ခံစားရင်း ပေါ့ပါးသော ခြေလှမ်းများဖြင့် ချန်လော့နန်းတော်သို့ ပြန်လာခဲ့သည်။ ရာသီဥတုမှာ အလွန်ပင် သာယာလှသဖြင့် သူမသည် အစေခံများကို အပြင်ဘက်၌ ညောင်စောင်းတစ်ခု ပြင်ဆင်ခိုင်းလိုက်သည်။ လှဲလျောင်းလိုက်သည်နှင့် သူမသည် နန်းတွင်းအစေခံမလေး၏ ပုံပြင်ပြောပြသံကို စတင် နားထောင်လေတော့သည်။


နန်းတွင်းအစေခံမလေးမှာ တစ်ဦးတည်းသာဖြစ်သော်လည်း ပြဇာတ်အဖွဲ့တစ်ခုလုံးကို အစားထိုးနိုင်စွမ်းရှိပေသည်။ သူမ၏ ရှေ့မှောက်တွင်သာ တီဗွီဖန်သားပြင်ကြီးတစ်ခု ရှိနေခဲ့လျှင် မိမိကိုယ်မိမိ ဇာတ်လမ်းတစ်ပုဒ်ကို ထိုင်ကြည့်နေရသည်ဟု ရှန်လင်း ကျိန်းသေပေါက် ပြောမိပေလိမ့်မည်။


အစပိုင်းလေးကို ကြားလိုက်ရရုံဖြင့် ရှန်လင်းသည် လက်ကိုမြှောက်ကာ ရပ်တန့်စေလိုက်သည်။ “တခြားတစ်ခုကို ပြောင်းလိုက်တော့။ ဒါကို ငါ ကြားဖူးပြီးသား။”


“မှန်လှပါ အရှင်။”


အစေခံမလေးက နောက်ထပ်ပြောကွက်တစ်ခုသို့ ပြောင်းလဲလိုက်သော်လည်း ထိုအရာမှာ ရှန်လင်း ကြားဖူးပြီးသားဖြစ်နေပြန်သည်။ ရှန်လင်း မျက်မှောင်ကြုတ်လျက် ကြည့်နေစဉ်မှာပင် ထိုမိန်းကလေးမှာ ထိတ်လန့်တကြားဖြင့် ချက်ချင်းပင် ဒူးထောက်ကျသွားတော့သည်။ "အရှင်မ၊ ကျွန်မမျိုးမကို ခွင့်လွှတ်ပေးတော်မူပါ!"


ရှန်လင်းသည် အလုပ်အကျွေးပြုရ လွယ်ကူသော သခင်မတစ်ဦး ဖြစ်သည်။ အမှန်စင်စစ် နန်းတွင်းအစေအပါးတို့သည် သူမအား ဤမျှအထိ ကြောက်ရွံ့နေရန် မလိုအပ်သော်လည်း လက်တွေ့တွင်မူ ထိုသို့မဟုတ်ဘဲ လုံးဝဆန့်ကျင်ဘက် ဖြစ်နေလေသည်။ ရှန်လင်း၏ နောက်ကွယ်တွင် ဧကရာဇ်မင်းမြတ် ရှိနေခြင်းကြောင့်သာ သူတို့ တုန်လှုပ်ချောက်ချားနေကြခြင်း ဖြစ်သည်။ သူမအား စိတ်အနှောင့်အယှက်ဖြစ်စေမိမည်ကို သူတို့ အထူးစိုးရိမ်ကြ၏၊ အကယ်၍ တစ်စုံတစ်ရာ မှားယွင်းသွားပါက ဧကရာဇ်မင်းမြတ်က ကိုယ်ရံတော်များကို စေခိုင်းကာ သူတို့အား ဆွဲထုတ်၍ ကွပ်မျက်ခိုင်းနိုင်သောကြောင့် ဖြစ်သည်။


“ထကြတော့” ဟု ရှန်လင်းက ပြောလိုက်သည်။ သူမသည် ဤသို့ ဒူးထောက်ခြင်းမျိုးကို ကျင့်သားရနေပြီဖြစ်ရာ ကျင့်သားမရခဲ့လျှင်လည်း သူမ အဘယ်သို့ တတ်နိုင်ပါအံ့နည်း။ လူတိုင်း တန်းတူညီမျှကြောင်းနှင့် မည်သူမျှ ဒူးထောက်ရန် မလိုကြောင်း ထိုနေရာတွင် ရပ်၍ တရားဟောနေရမည်လော။ သူမသည် ထိုမျှအထိ မမိုက်မဲပေ။ မည်သည့်အခြေအနေတွင် မည်သို့ လိုက်လျောညီထွေ ပြောဆိုပြုမူရမည်ကို သူမ ကောင်းစွာ သိရှိနားလည်ထားလေသည်။


“မင်းဆီမှာ ဝတ္ထုစာအုပ်အသစ်တွေ မရှိတော့ဘူးလား။ ဒါတွေအားလုံးက ငါကြားဖူးပြီးသားတွေချည်းပဲ။”


အစေခံမလေးမှာ တုံ့ဆိုင်းသွားလေသည်။ "မယ်မယ်... ကျွန်တော်မျိုးမတို့ဆီမှာ မရှိပါဘူး" ရှန်လင်းက ပုံပြင်စာအုပ်များကို ဤမျှအထိ နှစ်သက်လိမ့်မည်ဟု သူမ လုံးဝမထင်မှတ်ထားခဲ့မိပေ။


ရှန်လင်းသည် သူမ၏ အပါးတော်မြဲအပျိုတော် လျိုကျူဘက်သို့ လှည့်လိုက်သည်။ “လျိုကျူ... နန်းတော်ထဲမှာ တခြားဘယ်နေရာတွေမှာ ဝတ္ထုစာအုပ်အသစ်တွေ ထပ်ရှာလို့ရနိုင်ဦးမလဲဆိုတာ နင်သိလား”


နန်းတော်ထဲတွင် သမိုင်းမှတ်တမ်းများနှင့် ဂန္ထဝင်ကျမ်းစာများ ပြည့်နှက်နေသည့် ထျန်းလုဆောင် ရှိကြောင်း သူမ သိထားသော်လည်း၊ သူမ ဖတ်ရှုလိုသည်မှာ ပညာရပ်ဆိုင်ရာ ကျမ်းစာများ မဟုတ်ဘဲ ဝတ္ထုများသာ ဖြစ်သည်။


“နန်းတော်ထဲက ဝတ္ထုစာအုပ်တွေကို ယွဲ့ဖူကလူတွေ ရေးသားကြတာပါ” ဟု လျိုကျူးက ရှင်းပြလေသည်။ “အကယ်၍ အရှင်မက ဝတ္ထုအသစ်တွေ အလိုရှိတယ်ဆိုရင် ကျွန်မတို့ ဟိုဘက်ကို လူလွှတ်လိုက်လို့ ရပါတယ်။ ယွဲ့ဖူမှာ ကခုန်ခြင်းနဲ့ ပြဇာတ်အတတ်ပညာတွေမှာ ကျွမ်းကျင်တဲ့ ဖျော်ဖြေရေးသမားတွေလည်း ရှိပါတယ်”


"ဂီတနန်းဆောင်လား?" ဟု ရှန်လင်းက မေးလိုက်သည်။ "သူတို့တွေကို ချန်လော့နန်းတော်ဆီ လာခိုင်းလို့ ရမလား? ကျွန်မ သူတို့တွေ ပုံပြင်ဇာတ်လမ်းတွေကို ကပြဖျော်ဖြေတာ ကြည့်ချင်လို့။"


“အရှင့်ရှေ့မှောက်မှာ ဖျော်ဖြေခွင့်ရတာ ဂီတနန်းဆောင်ကလူတွေအားလုံးအတွက် ဂုဏ်ယူစရာပါပဲ” ဟု လျှို့ကျူးက ဆိုသည်။ “ကျွန်မ သူတို့ကို အခုချက်ချင်း သွားခေါ်လိုက်ပါ့မယ်၊ ခေတ္တလောက် စောင့်ဆိုင်းပေးတော်မူပါရှင်။”


ရှန်လင်း အကြာကြီး စောင့်ဆိုင်းနေစရာ မလိုလိုက်ပေ။ မကြာမီမှာပင် ဂီတနန်းဆောင်မှ အနုပညာရှင်များ ရောက်ရှိလာကြသည်။ အမျိုးသားရော အမျိုးသမီးပါ ရုပ်ရည်ရူပကာ ပြေပြစ်ကြပြီး အဖွဲ့ခေါင်းဆောင်ဖြစ်သူမှာ စင်ပေါ်သို့ မတက်မီ သူမထံသို့ ဇာတ်ညွှန်းအချို့ကို လာရောက်ပေးအပ်လေသည်။


ကပြဖျော်ဖြေမှုမှာ အလွန်ပင် အသက်ဝင်လှသည်။ ဇာတ်လမ်းမှာ ဆင်းရဲနွမ်းပါးသော မိသားစုမှ ဆင်းသက်လာသည့် ကောင်လေးတစ်ဦးအကြောင်း ဖြစ်၏။ ဆင်းရဲသော်လည်း ထိုကောင်လေးမှာ ဉာဏ်ပညာထက်မြက်သူဖြစ်ပြီး အောင်မြင်ကျော်ကြားရန်အတွက် နန်းတွင်းစာမေးပွဲ ဖြေဆိုခြင်းကသာ တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း ကောင်းစွာနားလည်ထားသည်။ သူက ပညာသင်လိုစိတ် ပြင်းပြသော်လည်း မိသားစုက မတတ်နိုင်သဖြင့် ကျောင်းတော်အပြင်ဘက်မှနေ၍ သင်ခန်းစာများကို နေ့စဉ်မပြတ် ခိုးယူနားထောင်ခဲ့ရသည်။ ကျောင်းတော်မှ ပညာရှိတစ်ဦးက သူ၏ ဝီရိယနှင့် ထူးချွန်မှုကို သတိထားမိသွားကာ တပည့်အဖြစ် လက်ခံသင်ကြားပေးရုံသာမက ပညာသင်စရိတ်များကိုပါ တာဝန်ယူပေးခဲ့ပြီး နောက်ဆုံးတွင် သူ၏အချောအလှ သမီးပျိုနှင့်ပင် လက်ဆက်ပေးခဲ့လေသည်။


ရှန်လင်းက နှာခေါင်းတစ်ချက်ရှုံ့လိုက်ရင်း ထိုပညာရှိ၏ ရင်းနှီးမြှုပ်နှံမှုမှာ အတော်ပင် ကြီးမားလှသည်ဟု စိတ်ထဲမှ ရေရွတ်နေမိသည်။ ထိုရင်းနှီးမြှုပ်နှံမှုများကို သူ ပြန်ရနိုင်ပါ့မလားဟုလည်း သူမ တွေးတောနေမိလေသည်။


ပညာရှိ၏ သမီးပျိုသည် အိမ်ထောင်ပြုသည့်အခါ ခွဲတမ်းပစ္စည်းများ ယူဆောင်လာခဲ့သဖြင့် မိသားစု၏ ဝန်ထုပ်ဝန်ပိုးကို လျော့ပါးသက်သာစေခဲ့သည်။ သူမသည် သားဖြစ်သူကို ပြုစုပျိုးထောင်ပေးကာ လယ်ယာလုပ်ငန်းများကိုလည်း ဝိုင်းဝန်းကူညီခဲ့ရာ သူမ၏လက်ဖဝါးများ ကြမ်းတမ်းလာပြီး မျက်နှာလေး နေလောင်ညိုမှောင်သွားခဲ့သော်လည်း လိမ္မာယဉ်ကျေးသော ဇနီးကောင်းတစ်ဦးအဖြစ် ကျော်ကြားလာခဲ့သည်။ ထိုအမျိုးသားမှာမူ ပညာရှိနှင့် စာသင်ကျောင်းတို့၏ သွန်သင်ပြသမှုအောက်တွင် နန်းတွင်းစာမေးပွဲ၌ ပထမစွဲကာ ထိပ်တန်းပညာရှိ ဖြစ်လာခဲ့သည်။ ထို့နောက် အောင်ပွဲခံလှည့်လည်ပွဲ၌ မင်းသမီးတစ်ပါးက သူ့ကို သဘောကျကာ မျက်စိကျသွားခဲ့တော့သည်။


ရှန်လင်း : “...”


အို... ဒါကတော့ တကယ်ကို ရယ်စရာကောင်းလောက်အောင် ဇာတ်လမ်းဆန်လွန်းနေတာပဲ။


မင်းသမီးသည် သူ၏ ရုပ်ရည်နှင့် ပါရမီအပေါ် စွဲလန်းသွားကာ သူ့ကို လက်ထပ်ရန် အသေအချာ ဆုံးဖြတ်ခဲ့သည်။ မိမိတွင် ဇနီးနှင့် သားသမီးများ ရှိနှင့်ပြီးဖြစ်ကြောင်း သူက ပြောဆိုသော်လည်း မင်းသမီးကမူ အလျှော့မပေးဘဲ အတင်းအကျပ် ဆက်လက်တောင်းဆိုခဲ့သည်။ အခြားနည်းလမ်း မရှိတော့သဖြင့် မင်းသမီးသည် သူတို့သားအမိကို မြင်တွေ့သွားပါက အတင်းအကျပ် လုပ်နေသည်များကို ရပ်တန့်သွားလိမ့်မည်ဟု မျှော်လင့်ကာ ဇနီးနှင့် သားသမီးကို မြို့တော်သို့ အမြန်ခေါ်ဆောင်ရန် လူလွှတ်ခဲ့သည်။ သို့သော် လမ်းခရီး၌ သူ၏ ဇနီးနှင့် သားသမီးတို့သည် မြေပြိုမှုနှင့် ကြုံတွေ့ခဲ့ရကာ အသက်ဆုံးပါးသွားခဲ့ကြသည်။


သူသည် အကြီးအကျယ် စိတ်ထိခိုက်ကြေကွဲနေခဲ့သည်။ မင်းသမီးလေးက သူ့ဘေးတွင် အမြဲရှိနေပေးကာ နှစ်သိမ့်ပေးခဲ့သဖြင့် သူသည် အလွန်အမင်း စိတ်လှုပ်ရှားထိခိုက်သွားရပြီး သူမကို လက်ထပ်ယူခဲ့သည်။ သူသည် သူမကို ကွယ်လွန်သွားပြီဖြစ်သော ဇနီးသည်၏ ဂူဗိမာန်သို့ပင် ခေါ်ဆောင်သွားကာ မိမိမှာ အဆင်ပြေပြေ နေထိုင်နေကြောင်း၊ ဘဝမှာ ပြည့်စုံသွားပြီဖြစ်၍ သူမအနေဖြင့် စိုးရိမ်ပူပန်စရာ မလိုတော့ကြောင်း ပြောပြခဲ့သည်။ နောက်ဆုံးတွင်မူ သူသည် ရာထူးအဆင့်မြင့်မားသော ဝန်ကြီးတစ်ဦး ဖြစ်လာခဲ့ပြီး ကျန်ရှိသော ဘဝတစ်လျှောက်လုံးတွင် မင်းသမီးလေးအပေါ်၌သာ အစွမ်းကုန် အလိုလိုက်ယုယရင်း ဖြတ်သန်းသွားခဲ့သည်။


ရှန်လင်း : “…”


ဒါက ဘယ်လိုမျိုး အဓိပ္ပာယ်မရှိတဲ့ ဇာတ်ကွက်လဲ။ ဇနီးသည်ကို ဆုံးရှုံးလိုက်ရပြီးမှ ရာထူးတက်၊ ကြွယ်ဝလာရတယ်လို့လား။ ပြီးတော့ သူ့အပေါ် ရင်းနှီးမြှုပ်နှံပေးခဲ့တဲ့ အဲဒီပညာရှိဆိုရင် အရာအားလုံးကိုတောင် ဆုံးရှုံးသွားခဲ့ရသေးတယ်။ ရင်နာစရာပဲ၊ တကယ့်ကို ရင်နာစရာကောင်းလွန်းတယ်။ အဲဒီပညာရှိနဲ့ သူ့သမီးကတော့ လူတိုင်းက လက်ညှိုးထိုးပြီး "သူတို့လိုလူမျိုး မဖြစ်စေနဲ့" လို့ ပြောရမယ့် နမူနာပုံစံတွေ ဖြစ်သွားရရှာပြီ။


ရှန်လင်း မျက်မှောင်ကြုတ်လိုက်သည်ကို ကပြဖျော်ဖြေသူများ သတိပြုမိသွားကြပြီး သူမ အဘယ်ကြောင့် မကျေမနပ်ဖြစ်နေသည်ကို မသိနိုင်သဖြင့် တုံ့ကနဲ ဖြစ်သွားကြသည်။ ရှန်လင်းသည် သူတို့ကို ဆူပူကြိမ်းမောင်းခြင်း မပြုဘဲ ဇာတ်လမ်းကို အနည်းငယ်မျှသာ ပြင်ဆင်စေလိုခြင်း ဖြစ်သည်။ ကပြဖျော်ဖြေသူများသည်လည်း သူမ၏ တောင်းဆိုချက်နှင့်အညီ ဇာတ်ညွှန်းကို ချက်ချင်းပင် ပြင်ဆင်လိုက်ကြပြီး စင်မြင့်ထက်သို့ ပြန်လည်တက်လှမ်းသွားကြလေသည်။


အသစ်ပြန်လည်ရေးသားထားသော ဇာတ်လမ်း၏ ပထမတစ်ဝက်မှာ များသောအားဖြင့် မူလအတိုင်းပင် ရှိနေသေးပြီး ပညာရှိသည် သူ၏သမီးဖြစ်သူကို ထိုလူနှင့်ပင် လက်ထပ်ပေးခဲ့ဆဲ ဖြစ်သည်။ ထို့နောက်မှသာလျှင် အပြောင်းအလဲများ စတင်ပေါ်ပေါက်လာတော့သည်။


သမီးဖြစ်သူသည် သူမ၏တင်တောင်းပစ္စည်းများနှင့်အတူ ရောက်ရှိလာခဲ့ရာ ထိုပစ္စည်းများတွင် ငွေကြေးများသာမက သန်မာထွားကျိုင်းသည့် အစေအပါးအုပ်စုတစ်စုလည်း ပါဝင်လာခဲ့သည်။ သူမသည် အိမ်တွင်းရေးကိစ္စများကို ချက်ချင်းပင် လက်လွှဲရယူ စီမံခန့်ခွဲလေတော့သည်။ လယ်ယာအလုပ်များကို အပြင်လူများအား ငှားရမ်းစေခိုင်းလိုက်ပြီး သူမကိုယ်တိုင်မူ အိမ်၌ပင်နေ၍ စာဖတ်ခြင်း၊ စောင်းတီးခြင်းတို့ဖြင့်သာ အေးချမ်းစွာ အချိန်ကုန်လွန်စေခဲ့သည်။ သူမ၏ခင်ပွန်း နန်းတွင်းစာမေးပွဲတစ်ခု အောင်မြင်တိုင်းတွင် သူမသည် ငွေကြေးအကုန်အကျခံကာ ခင်ပွန်းဖြစ်သူအတွက် ကိုယ်လုပ်တော်များကို ရှာဖွေပေးခဲ့သည်။ သူ ထိပ်တန်းပညာရှိဘွဲ့ကို ရရှိသည့်အချိန်တွင် ကိုယ်လုပ်တော်ပေါင်း ဆယ့်ရှစ်ယောက်ရှိနေပြီဖြစ်ကာ ဝဝဖြိုးဖြိုးနှင့် စားကောင်းသောက်ဖွယ်များဖြင့်လည်း ပြည့်စုံလျက်ရှိသည်။ ဤတစ်ကြိမ်တွင် မင်းသမီးတစ်ပါး ပေါ်ပေါက်လာခဲ့သော်လည်း ထိုမင်းသမီးက သူ့အပေါ် စိတ်ဝင်စားမှုမရှိခဲ့ပေ။ နောက်ဆုံးတွင်မူ သူသည် ခရိုင်အုပ်ချုပ်ရေးမှူးအဖြစ် နေရပ်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ထိုပညာရှိမှာ လူအများ၏ ရိုသေလေးစားမှုကို ကျယ်ကျယ်ပြန့်ပြန့် ရရှိခဲ့လေသည်။


“ဟား ဟား ဟား ဟား!” ရှန်လင်းသည် စားပွဲကို ရိုက်ကာ နံဘေးများ အောင့်သည်အထိ တဟားဟား ရယ်မောလေသည်။ “ဒါမှ တကယ့်ကို ကြည့်ကောင်းတာ၊ နောင်ကျရင်လည်း ဒီလိုပဲ လုပ်စမ်းပါ။” သူမသည် အမျိုးသမီးက တစ်ကိုယ်ကောင်းမဆန်ဘဲ အနစ်နာခံတတ်သည့် ဇာတ်လမ်းမျိုးများကို မနှစ်သက်ပေ။ သူမသည် နတ်မိမယ်လေးတစ်ပါး ဖြစ်ရာ ထိုကဲ့သို့ အဓိပ္ပာယ်မရှိသော အရာများဖြင့် သူမကို မည်သူမျှ လာရောက်ဖျက်ဆီးခွင့် ပေးမည်မဟုတ်ပေ။


ရှဲ့ယွမ်ရွှင်း ရောက်ရှိလာချိန်တွင် ရှန်လင်းမှာ ဖျော်ဖြေသူများကို စိတ်အားထက်သန်စွာ အာရုံစိုက်ကြည့်ရှုနေဆဲပင်။ သူသည် စင်မြင့်ထက်သို့ လှမ်းကြည့်လိုက်သည်။


လင်မယားအဖြစ် ဟန်ဆောင်နေကြသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ရှိလေသည်။ ထိုအမျိုးသားမှာ အပြင်းအထန် ဖျားနာပြီး သွေးများအန်ထုတ်နေရသော်လည်း အမျိုးသမီးမှာမူ အိမ်ရှိ စည်းစိမ်ဥစ္စာများကိုသာ ရေတွက်နေပြီး နေ့စဉ်နေ့တိုင်း သူ၏ခုတင်ဘေးသို့ ပြေးသွားကာ “ရှင်သေမှာကိုပဲ ကျွန်မ စောင့်နေခဲ့တာ၊ အခုတော့ တကယ်ပဲ သေရတော့မှာပေါ့—ဒါဟာ အကောင်းဆုံးပဲ!” ဟူသော စကားမျိုးကို ပြောဆိုနေခဲ့သည်။


"ရှင်သာ သေသွားလိုက်ပါဦး၊ ရှင့်ရဲ့ စည်းစိမ်တွေကို စိတ်ကြိုက် ဖြုန်းတီးပစ်မယ်၊ ရှင့်ရဲ့ အချစ်တော် ကိုယ်လုပ်တော်ကိုလည်း နှိပ်စက်မယ်၊ ရှင့်သားကိုလည်း ရိုက်နှက်ပြီး ညတိုင်း ညတိုင်း ယောက်ျားအသစ်တစ်ယောက်နဲ့ အတူအိပ်ပစ်မှာ။" ထိုအမျိုးသားမှာ အလွန်အမင်း ဒေါသထွက်လျက် မကျေမချမ်းနှင့် အသက်ထွက်သွားရရှာရာ သူ၏ သေဆုံးခြင်းမှာ နာကျည်းချက်များဖြင့် ပြည့်နှက်နေလေသည်။


ရှန်လင်းမှာ အသက်ရှူပင် မဝနိုင်တော့လောက်အောင် တဟားဟား ရယ်မောနေမိတော့သည်။


ရှဲ့ယွမ်ရွှင်း : “…”


"ဘာကို ရယ်နေတာလဲ" ဟု သူက မေးလိုက်သည်။


အားလုံး ဒူးထောက်လိုက်ကြစဉ် ရှန်လင်းက ထရပ်ကာ ဦးညွှတ်လျက် "အရှင်မင်းကြီး" ဟု ဆိုလိုက်သည်။


ရှဲ့ယွမ်ရွှင်းက အနားသို့ တိုးကပ်လာသည်။ ရှန်လင်းသည် ခေါင်းကိုငုံ့ထားရင်း သူမရှေ့တွင် သူရပ်တန့်သွားသည်အထိ နီးကပ်လာသည့် သူ၏ဝတ်ရုံနက်စကို ကြည့်နေမိသည်။ လေထုက အသက်ရှူရကျပ်မတတ် တိတ်ဆိတ်ငြိမ်သက်နေပြီး သူမ၏ရင်ခုန်သံများကလည်း မြန်ဆန်လာခဲ့သည်။ သူမက ဖျော်ဖြေပွဲကို ကြည့်ရှုနေရုံမျှသာဖြစ်ပြီး သူ့ကို အမျက်ထွက်စေမည့် မည်သည့်အရာကိုမျှ မပြုမူခဲ့ပါ... ဟုတ်တယ်မလား။


သူသည် လက်ကိုဆန့်လိုက်ကာ သူမ၏မေးစေ့ကို လက်ညှိုးဖြင့် ခပ်ဖွဖွ ပွတ်သပ်လိုက်သည်။ သူ သူမ၏မေးစေ့ပေါ်သို့ ပေးထားသော ထိတွေ့မှုမှာ သူမ၏ဦးခေါင်းကို သူပွတ်သပ်ပေးခဲ့စဉ်ကအတိုင်းပင် ဖြစ်သည်ဟု ရှန်လင်း အလေးအနက် တွေးတောနေမိသည်…ခွေးကလေးတစ်ကောင်အား ချော့မြှူနေသကဲ့သို့ နူးညံ့သိမ်မွေ့လှသည်။


သူသည် လက်ကို အသာအယာ မြှောက်လိုက်ရာမှ သူမ၏မျက်နှာကို မြင်လိုက်ရပြီး "မင်း ပါးတွေ ရယ်လွန်းလို့ နီမြန်းနေပြီ" ဟု ဆိုလေသည်။


ရှန်လင်းက ညင်သာစွာ ပြန်လည်ဖြေကြားလိုက်သည်။ "အဲ့ဒီဇာတ်သမလေး ဘယ်လောက်တောင် ယုတ်မာလိုက်သလဲဆိုတာကို ကျွန်မ ရယ်နေမိတာပါ။ သူမက တကယ့်ကို အကျင့်သီလ ပျက်ပြားနေတာပဲ၊ သူမရဲ့ ခင်ပွန်းအပေါ်ကို ဘယ်လိုများ ဒီလောက်တောင် ရက်စက်ရက်ရတာလဲ?"


—ဟင်း... ငါ့စကားတွေက ဘာလို့များ ပျားရည်တွေ သုတ်လိမ်းထားသလိုမျိုး ဒီလောက်တောင် ချိုသာနေရတာပါလိမ့်….


********