"အဲ့ဒီလိုလား" ရှဲ့ယွမ်ရွှင်းက တည်ငြိမ်အေးစက်သော မျက်နှာပေးဖြင့် သူမကို လွှတ်ပေးလိုက်သည်။ သူသည် သူမ၏မေးစေ့ကို ခုနလေးတင် ထိတွေ့ခဲ့သည့် လက်ချောင်းများကို မြှောက်လိုက်ပြီး သူမ၏အဝတ်အစားပေါ်တွင်သာ အမှုမဲ့အမှတ်မဲ့ သုတ်လိုက်သည်။
ရှန်လင်း : “......”
—ဟင်း... နင့်ရဲ့ ယောက်ျားလက်ကြီးတွေ ညစ်ပတ်နေတာကိုတောင် ငါက ဘာမှမပြောဘဲ နေပေးတာကို၊ နင်ကများ ငါ့မျက်နှာ ညစ်ပတ်နေတယ်လို့ လာပြောရတယ်လား... နင့်လက်တွေက ရွှေတွေ ငွေတွေ စီခြယ်ထားတာမလို့လား... အဲ့လောက်တောင် မိမိုက်နေရင်လည်း လာမထိနဲ့လေ…
သူက ဘာစကားတစ်ခွန်းမှ မဆိုဘဲ သူမကို စိုက်ကြည့်နေသည်။ ရှန်လင်း၏ ဟန်ကိုယ်ဖို့ သတ္တိများမှာလည်း ချက်ချင်းပင် လျော့ကျသွားရ၏။ သူမ၏ စိတ်ထဲတွင် လှည့်ပတ်နေသော အတွေးများကို သူ ကြားနိုင်မှာမဟုတ်ဘူးဆိုတာကို သူမ သိနေသော်လည်း သူ့အကြည့်တွေက သူမကို အကုန်အစင် ဖောက်ထွင်းမြင်နေရသလို ဘာကြောင့် ခံစားနေရပါလိမ့်။ ရှဲ့ယွမ်ရွှင်းက သူမဘေးမှ ဝဲခနဲ ဖြတ်ကျော်သွားပြီး သူမ၏ အနားယူကုလားထိုင်ပေါ်တွင် ဝင်ထိုင်လိုက်ကာ မူလက သူမအတွက် ရည်ရွယ်ထားသည့် စပျစ်သီးများကို စတင်စားသုံးတော့သည်။
ရှန်လင်းရဲ့ မျက်လုံးတွေက သူမရဲ့ စားစရာတွေကို စားနေတဲ့ သူ့ဆီမှာပဲ စိုက်ကြည့်နေမိတယ်။ ပုန်ကန်ချင်စိတ် တဖွားဖွား ဖြစ်ပေါ်နေတဲ့ သူမရဲ့ လက်ကလေးတွေကလည်း သူ့ကို ရိုက်နှက်ချင်စိတ်ကြောင့် တရိုးရိုး ဖြစ်နေတော့တာပဲ။ ထားလိုက်ပါတော့၊ ဘယ်လိုပဲဖြစ်ဖြစ် သူမက နိုင်မှာမှ မဟုတ်တာ။ ပိုပြီး ဒေါသထွက်မလာခင်မှာပဲ သူမဟာ အတင်းအကျပ် အကြည့်လွှဲလိုက်ရတယ်။
သူမသည် သူ့အနားသို့ တဖြည်းဖြည်းချင်း တိုးကပ်သွားလိုက်သည်။ မျက်လုံးအိမ်ထောင့်မှတစ်ဆင့် စင်ပေါ်ရှိ ကပြဖျော်ဖြေသူနှစ်ဦးမှာ ချွေးစေးများ ပြန်နေသည်ကို သူမ သတိထားမိလိုက်သည်။ သူတို့သည် ရှဲ့ယွမ်ရွှင်းကို သေလုမတတ် ကြောက်လန့်နေကြမှန်း သူမ သိပါ၏။ အမှန်အတိုင်း ပြောရလျှင် ဘယ်သူက မကြောက်ဘဲ နေနိုင်မှာလဲ။ သူမကိုယ်တိုင်ပင် ကြောက်နေသည်မဟုတ်ပါလား။ အဘယ်ကြောင့်ဆိုသော် ခုနက သူတို့ ကပြခဲ့သော ဇာတ်ညွှန်းမှာ မူရင်းမဟုတ်ဘဲ သူမ ကိုယ်တိုင် ပြင်ဆင်ထားသည့် ဗားရှင်းဖြစ်နေသောကြောင့်ပင်... လင်သားက ရက်စက်သလို ဇနီးသည်က ပို၍ပင် ရက်စက်သည့် ဇာတ်လမ်းမျိုးပင် ဖြစ်သည်။
“အရှင်… အရှင် မသိလို့ပါ… ကျွန်မ ဇာတ်လမ်းထဲက ခင်ပွန်းသည်အတွက် စိတ်မကောင်းဖြစ်ပြီး ငိုနေတာပါ…သူက သူ့ဘဝကို ဖျက်ဆီးပစ်မယ့် မိန်းမယုတ်တစ်ယောက်နဲ့ လက်ထပ်မိသွားတာ၊ သူက သနားဖို့ သိပ်ကောင်းတာပဲ….သူမက သူ့ကို နှိပ်စက်နေတာကို ကြည့်ပြီး ကျွန်မ သိပ်ဒေါသထွက်လွန်းလို့ ပြေးသွားပြီး တားမိတော့မလို့ပဲ။ သူမရဲ့ ရက်စက်မှုက နေ့ခင်းကြောင်တောင်ကြီးမှာတောင် ကျွန်မကို ကြက်သီးထသွားစေတယ်”
"မင်း ငိုနေတာလား... ငါကိုယ်တော်မြင်လိုက်တာကတော့ မင်းရယ်နေတာပဲ" ရှဲ့ယွမ်ရွှင်းက သူမကို သူ့အနားသို့ ဆွဲခေါ်ကာ စပျစ်သီးတစ်လုံး ခွံ့ကျွေးရင်း ပြန်ဖြေလိုက်သည်
ရှန်လင်း စပျစ်သီးကို ဝါးစားလိုက်သည်။
—နင် မြင်တာ မမှားဘူး ငါ တကယ်ပဲ ရယ်နေတာ တော်တော်လေးကို ပျော်ပျော်ရွှင်ရွှင်နဲ့ ရယ်နေတာ…
သူမ မငြင်းခဲ့ပါဘူး။ သူမ တကယ်ပဲ ရယ်နေခဲ့တာပါ။ သူမပါးစပ်ထဲ သူအတင်းထိုးထည့်ပေးထားတဲ့ သစ်သီးကို နောက်တစ်လုပ် ထပ်ကိုက်လိုက်ပြီး ဗလုံးဗထွေးနဲ့ ပြောလိုက်တယ် "ကျွန်မ မျက်နှာက ရယ်နေပေမဲ့ ရင်ထဲမှာတော့ ငိုနေတာပါ။ သူများတွေကို ကျွန်မရဲ့ အားနည်းချက်ကို မမြင်စေချင်လို့ တကယ့်ခံစားချက်အမှန်ကို ဖုံးကွယ်ဖို့ ရယ်မောခြင်းကို အသုံးချခဲ့တာပါ"
—လုံးဝ မဖြစ်နိုင်ဘူး…
—ငါ့ကို ယုံတဲ့သူကတော့ ငအပဲ…
ရှန်လင်းက မျှော်လင့်ချက်အပြည့်နဲ့ သူ့ကို မော့ကြည့်လိုက်သည်။ သူမ တကယ်ကိုပဲ ရိုးရိုးသားသား ပြောခဲ့တာပဲ… သူလည်း ယုံကြည်မှာပါ၊ ဟုတ်တယ်မလား။ သူမရဲ့ သရုပ်ဆောင်ချက်ကလည်း တော်တော်လေးကို ကောင်းတာပဲ။ ပြီးတော့ သူမရဲ့ ပါးစပ်ထဲမှာလည်း အစာတွေ ပြည့်နှက်နေပြီဖြစ်လို့ ကျေးဇူးပြုပြီး ထပ်မကျွေးပါနဲ့တော့။
တစ်ခုခုသာ မလုပ်လိုက်လျှင် သူမ၏ ပါးစပ်နှင့် ဝမ်းဗိုက်တို့ နာကျင်လာသည်အထိ အတင်းအကျပ် အကျွေးခံရတော့မည်မှာ အမှန်ပင်။ ထို့ကြောင့် သူမက အခြေအနေကို ပြောင်းပြန်လှန်လိုက်ကာ သူ့ကိုသာ ပြန်၍ ခွံကျွေးလိုက်တော့သည်။ ရှဲ့ယွမ်ရွှင်းသည် သူမ၏ ပြုံးရွှင်နေသော မျက်နှာကို စိုက်ကြည့်လိုက်ပြီးနောက် သူမ အလိုရှိသည့်အတိုင်းပင် ပါးစပ်ဟကာ သူမ ခွံကျွေးသည်ကို စားလိုက်သည်... ထို့နောက် သူမ၏ လက်ချောင်းလေးများကို ငုံခဲကိုက်ထားရင်း ပြန်လွှတ်မပေးဘဲ နေလေသည်။
သူ နောက်ဆုံးတော့ လွှတ်ပေးလိုက်သည်နှင့် ရှန်လင်းက တုန်တုန်ယင်ယင်ဖြင့် သူမ၏ သနားစရာ လက်ချောင်းလေးကို မြှောက်ကြည့်လိုက်သည်။ ထိုလက်ချောင်းပေါ်တွင် အသစ်စက်စက် ကိုက်ရာတစ်ခု ထင်ကျန်နေလေပြီ။ အား... နာလိုက်တာ။
ရှဲ့ယွမ်ရွှင်းက မေးလိုက်သည် “ဘာပြောချင်လို့လဲ”
ရှန်လင်းက သူ့ကို အလွန်အမင်း ရိုးသားပွင့်လင်းတဲ့ အမူအရာနဲ့ ကြည့်ကာ ပြောလိုက်သည် "အရှင်မင်းကြီး... အရှင့်ရဲ့ သွားတွေက တကယ်ကို တစ်မျိုးလေးပဲ"
—နင်က ခွေးလား ဘာလား… နင်ကိုက်လိုက်တာ ငါ့လက်ချောင်းက သေမတတ် နာနေတာ… နင်က အဲ့လောက်တောင် ကိုက်ရတာ ဝါသနာပါနေမှတော့ ငါ့ဘက်ကလည်း နင့်ကို ပန်းကန်ပြားနဲ့ပဲ ခွံ့ကျွေးလိုက်ရမှာ… အဲ့ဒါမှ နင့်ရဲ့ အဖိုးတန်လှတဲ့ သွားတွေအကုန်လုံး အမြစ်ကနေ ကျိုးပြုတ်ထွက်ကုန်မှာ…
ရှဲ့ယွမ်ရွှင်းက ခပ်တိုးတိုး ရယ်မောလိုက်ပြီးနောက် သူမကို ရင်ခွင်ထဲသို့ ဆွဲသွင်းကာ မျက်နှာကို သွားများဖြင့် တိုက်ရိုက်ပင် လှမ်းကိုက်လိုက်တော့သည်။ ရှန်လင်း တစ်ကိုယ်လုံး တောင့်ခဲသွားရ၏။ ဘာကြောင့်များ အခုကျမှ မျက်နှာကို လာကိုက်နေရတာပါလိမ့်။ စစ်စစ်တုန်နေသော သူမ၏ လက်ချောင်းကလေးအကြောင်းကို တွေးမိလိုက်ရုံနှင့်တင် ရှန်လင်းမှာ ဟန်ဆောင်ရှိုက်ကာ အသနားခံချင်စိတ်များ ပေါ်ပေါက်လာရသည်။ သူသာ တကယ်ကိုက်လိုက်လျှင် သူမမျက်နှာမှာ အမှန်တကယ်ပင် နာကျင်ရတော့မည်ဖြစ်သည်…
ဒါပေမဲ့ သူမ သတိထားမိလိုက်တာက —နင် ကိုက်လိုက်တာက ငါ့အတွက် လုံးဝ မနာပါလား… သူက ကိုက်နေတာ မဟုတ်ဘဲ သူလုပ်နေတာက… ခပ်ဖွဖွလေး ခဲနေတာပဲ။ သူမရဲ့ ပါးပြင်ကို အသာအယာလေး အုပ်ကိုင်ပြီး တမြည့်မြည့် နမ်းရှုပ်နေတာနဲ့ ပိုတူနေတယ်။
ဒီခံစားချက်က ကလေးငယ်တစ်ယောက် နို့သီးတုကို အားရပါးရ စို့နေတာနဲ့ အတိအကျတူနေတယ်။ ရှန်လင်းမှာ စိတ်ထဲကနေ အစအနမကျန် ပြိုလဲသွားရတယ်။ ဒါက ဘယ်လိုမျိုး နိမိတ်မရှိတဲ့ နှိုင်းယှဉ်ချက်ကြီးလဲ။ ဘယ်လိုကလေးမျိုးကများ ဒီလောက်တောင် ကြမ်းတမ်းနေလို့လဲ။
သူမကတော့ ဒီဆင်းရဲဒုက္ခထဲမှာတောင် ပျော်စရာကို ရှာဖွေဖို့ ကြိုးစားနေဆဲပင်။ အကယ်၍ သူကသာ ကလေးဆိုလျှင် သူမက သူ့ကိုချော့မြှူပေးရတဲ့ ချော့နို့သီးပေါ့။ ဒါဆို သူမရဲ့မျက်နှာလေးက နူးညံ့အိစက်နေတယ်လို့ ဆိုလိုတာ မဟုတ်ပါလား။ တကယ်တော့... သူမက အဲဒီအချက်ကိုတောင် စိတ်မဆိုးမိပါဘူး… ဟိဟိ….
ရှဲ့ယွမ်ရွှင်းသည် သူမ၏ ပါးပြင်တစ်ခုလုံးကို တံတွေးများဖြင့် ပေပွသွားအောင် လုပ်ပြီးမှသာလျှင် ရပ်တန့်လိုက်တော့သည်။ သူမ မျက်နှာကို ပြန်သုတ်နေသည်ကိုလည်း သူ မတားဆီးဘဲ ပြောလိုက်သည်မှာ "သူတို့တွေ ရပ်သွားကြပြီ၊ ဆက်ကြည့်ချင်သေးတယ်ဆိုရင် ဆက်ကခိုင်းလိုက်လေ"
ရှန်လင်းက စိတ်အေးလက်အေးပင် ကိုယ်လက်သန့်စင်လိုက်သည်။ သူ့ကိုကြည့်ရသည်မှာ အံ့သြစရာကောင်းလောက်အောင်ပင် လိမ္မာယဉ်ကျေးနေသည်ဟု သူမ ရုတ်တရက် ခံစားလိုက်ရသည်။ သူမက သူမမျက်နှာကို သုတ်နေသည့်တိုင် သူက စိတ်မဆိုးခဲ့ပေ။ သူ ဒေါသတကြီး ပေါက်ကွဲထွက်လာလိမ့်မည်ဟု သူမ ထင်မှတ်ထားခဲ့သော်လည်း တကယ်တမ်းတွင်မူ သူက တော်တော်လေးကို... ဆင်ခြင်တုံတရားရှိနေသည် မဟုတ်ပါလား။
ထို့နောက် သူမ၏ မျက်နှာအမူအရာ တောင့်တင်းသွားသည် ။
ဒုက္ခပါပဲ…….
မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး…….
သူမ တကယ်ပဲ သူ့အပေါ်ထားတဲ့ စံနှုန်းတွေကို ဒီလောက်အထိ လျှော့ချပစ်လိုက်တာလား။ ဂျောက်ဂျက်အမြဲတမ်းလုပ်တတ်တဲ့ ကလေးတစ်ယောက်က တစ်ခါတလေမှ လိမ်လိမ်မာမာ နေပြတာကို လက်ခုပ်တီးပြီး ချီးကျူးနေမိသလိုမျိုး ဖြစ်နေသည်။ ဒါကို ပိုပြီးတွေးမိလေလေ သူမ ဦးရေပြားတွေပါ စိမ့်တက်လာလေလေပင်။ ထိုသို့ နှိုင်းယှဉ်မိခြင်းက သူမကို ဗိုက်ထဲတွင် နည်းနည်းတော့ မအီမသာ ဖြစ်သွားစေသည်။
“အရှင်မင်းကြီး ဘာများကြည့်ချင်တာ ရှိပါသလဲ” ရှန်လင်းက မေးလိုက်သည်။ ရှဲ့ယွမ်ရွှင်းက သူမရဲ့ သူဌေးကြီး ဖြစ်နေသည် မဟုတ်ပါလား။ အရင်ဆုံး သူဌေးကို မေးရမည်—သူမမှာ အခြေခံ ရှင်သန်မှု ဗီဇလေးတော့ ရှိပါသေးသည်။
“ဟင့်အင်း ဒီလိုပျင်းစရာကောင်းတဲ့ အရာတွေကို ကျွန်မ စိတ်မဝင်စားဘူး”
ရှန်လင်း ခေါင်းညိတ်ပြလိုက်ပြီး တွေးတောနေမိသည်မှာ။
—ငါ နားလည်သွားပြီ နင့်အတွက်တော့ လူသတ်ရတာ တစ်ခုတည်းကပဲ ပျော်စရာလို့ သတ်မှတ်ထားတာကိုး…
သူ သူမကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ သူမက တကယ်ပဲ သူ့ကို နားလည်ပေးနိုင်ခဲ့သည်ပင်။ ဤကဲ့သို့သော ကပြဖျော်ဖြေမှုမျိုးတွေက သူ့အတွက်တော့ ပျင်းရိဖွယ်ရာသာ ဖြစ်သော်လည်း ယခု သူမရှိနေသည်မို့ ကြည့်ရှုရန်ကလည်း မဖြစ်နိုင်သည့်အရာတော့ မဟုတ်တော့ပေ။
သူက “မင်း ဘာကြည့်ချင်လဲ၊ အဲဒါကိုပဲ သူတို့ကို ကပြခိုင်းလိုက်” လို့ ပြောလိုက်တယ်
“ဒါဆိုရင် ကျွန်မပဲ ရွေးလိုက်ရမလား”
"မင်းပဲ ရွေးလိုက်" ရှဲ့ယွမ်ရွှင်းက ကန့်ကွက်ခြင်း မရှိခဲ့ပါဘူး။
ရှန်လင်းသည် မူလက ကပြဖျော်ဖြေသူများကို ခေါ်ယူ၍ သူမကိုယ်တိုင် ပြင်ဆင်မွမ်းမံထားသည့် ပြဇာတ်များကို ကပြခိုင်းရန် ကြံရွယ်ထားသော်လည်း ဘေးနားရှိ ရှဲ့ယွမ်ရွှင်းကို တစ်ချက်ကြည့်လိုက်မိပြီးနောက် ထိုအတွေးကို တိတ်တဆိတ်ပင် ဘေးဖယ်ထားလိုက်ရသည်။ သူမသည် ပြီးခဲ့သည့်အကြိမ်က ဖျော်ဖြေသူများ ယူဆောင်လာခဲ့သည့် ဖျော်ဖြေမှုအမျိုးမျိုး ပါဝင်သော စာအုပ်ငယ်လေးကို လိမ္မာရိုသေစွာ ဖွင့်လှစ်လိုက်ပြီး ထိုအထဲမှ တစ်ခုခုကို ရွေးချယ်ရန် ပြင်လိုက်တော့သည်။
ရှန်လင်းက မွေးရာပါ သတိကြီးတတ်သူမို့ မဟုတ်ဘဲ ရှဲ့ယွမ်ရွှင်းက သူမ၏ သရုပ်မှန်ကို ဖော်ထုတ်မိစေရန် ငါးစာချကာ ချော့မြှူနေခြင်း ဖြစ်နိုင်သည်ဟု သူမ သံသယဝင်နေခြင်းပင် ဖြစ်သည်။ သူမကတော့ သူ့ရှေ့တွင် သူမ၏ မထိန်းချုပ်နိုင်သည့် သဘာဝအမှန်ကို ထုတ်ပြရန် အစီအစဉ်မရှိပေ။ သူမက ထိုမျှအထိတော့ မိုက်မဲသူ မဟုတ်ပါချေ။
ရှန်လင်းက 《ပန်းဆောင်တွင်း ဆုံစည်းမှု》 ဟု အမည်ရသည့် ပြဇာတ်တစ်ခုကို ဂရုတစိုက် ရွေးချယ်လိုက်သည်။ ခေါင်းစဉ်တွင် "ပန်း" ဟူသော စကားလုံး ပါဝင်နေမှတော့ ပန်းကြည့်သည့်အကြောင်းနှင့်သာ ဆိုင်ရမည် မဟုတ်ပါလား။ ကပြဖျော်ဖြေသူများကလည်း အချက်ပေးသံ ရသည်နှင့် တစ်ပြိုင်နက် လျင်မြန်စွာ စတင်လိုက်ကြတော့သည်။
ခဏမျှ ကြည့်ရှုနေပြီးနောက် ရှန်လင်း၏ မျက်နှာတစ်ခုလုံး အေးခဲသွားရသည်။ သူမ ကိုယ်တိုင်က အတော်လေးကို နိုးနပ်မှုမရှိသေးဘူးဆိုတာကို သူမ သဘောပေါက်လိုက်သည်။
《ပန်းမဏ္ဍပ်မှာ ဆုံတွေ့ခြင်း》 ဆိုတဲ့ နာမည်က ပန်းနဲ့ ပတ်သက်နေပေမဲ့ တကယ်တမ်းတော့ ပန်းအလှကြည့်တာနဲ့ လုံးဝ မဆိုင်ခဲ့ဘူး။ အဲဒါက မိန်းမပျိုလေးတစ်ယောက် ယောက်ျားတစ်ယောက်နောက် ခိုးရာလိုက်ပြေးတဲ့ အကြောင်းအရာ ဖြစ်နေတာ။ ဒါမျိုး ဖြစ်လာမယ်လို့ သူမ တကယ်ကို မထင်ထားမိခဲ့ဘူး။
ရှန်လင်းမှာ မယုံကြည်နိုင်ဟန်ဖြင့် ကြည့်နေမိသည်
ပြဇာတ်ထဲမှ အမျိုးသမီးမှာ ချမ်းသာကြွယ်ဝသော ဂုဏ်သရေရှိ အမျိုးအနွယ်မှ ဆင်းသက်လာသူတစ်ဦး ဖြစ်သည်။ မီးထွန်းပွဲတော်တစ်ခုတွင် သူမသည် မိသားစုချင်း ရန်သူဖြစ်နေသော လူငယ်တစ်ဦးနှင့် ဆုံတွေ့ခဲ့သည်။ သူတို့နှစ်ဦး ရင်းနှီးကျွမ်းဝင်လာကာ ချစ်ကြိုက်သွားကြသဖြင့် သူမက သူ့ကို လက်ထပ်ရန် ဆန္ဒရှိခဲ့သည်။ သို့သော် သူမ၏ မိသားစုက ငြင်းဆန်ခဲ့သည်။ သူသည် ရန်သူ့သား ဖြစ်နေရုံသာမက လူကောင်းတစ်ယောက်လည်း မဟုတ်ခဲ့ပေ။ ထို့အပြင် ထိုလူ၌ ချစ်မြတ်နိုးရသည့် သားသမီးနှစ်ဦးပင် ရှိနှင့်နေပြီ ဖြစ်သည်။
ရှန်လင်းက မျက်ခုံးတစ်ဖက် ပင့်လိုက်သည်။
—တကယ်လို့သာ နင် သူ့ကို တကယ်လက်ထပ်လိုက်ရင် မိထွေးဖြစ်လာမှာပေါ့၊ အသိဉာဏ်မရှိလိုက်တာ၊ မိထွေးလုပ်ရတာ ဘယ်လောက်ခက်ခဲတယ်ဆိုတာ နင် မသိဘူးလား၊ သူတို့အပေါ် ကောင်းကောင်းဆက်ဆံရင်လည်း တစ်ခုခု ကြံစည်နေတယ်လို့ အပြောခံရမယ်၊ မကောင်းပြန်ရင်လည်း ရက်စက်တယ်လို့ အပြောခံရမှာ၊ ဘယ်လိုလုပ်လုပ်ကို အဆင်မပြေနိုင်တာ…
ရှဲ့ယွမ်ရွှင်းက သူမရဲ့ ရင်ထဲက စကားသံတွေကို ကြားလိုက်ရတဲ့အခါ ကပြဖျော်ဖြေသူတွေဆီကို တစ်ချက် ဝေ့ကြည့်လိုက်တယ် ။
ထိုသခင်မလေးက မည်သူ့ဖျောင်းဖျမှုကိုမျှ နားမဝင်ဘဲ သူ့ကိုလက်ထပ်ရန်သာ အခိုင်အမာစိတ်ပိုင်းဖြတ်ထားကာ အစာငတ်ခံဆန္ဒပြသည်အထိ လုပ်ဆောင်ခဲ့သည်။ သို့သော် သူမ၏မိသားစုက အလျှော့မပေးဘဲ ဆက်လက်ငြင်းဆန်ခဲ့သဖြင့် သူမမှာ အစာငတ်လွန်း၍ သတိလစ်လုနီးပါး ဖြစ်ခဲ့ရသည်။ သူမ အသက်ဆုံးရှုံးလုနီးပါးပင် ဖြစ်ခဲ့ရသည်။
ရှန်လင်း "……"
—နင်က မွေးကတည်းက ဦးနှောက်မပါလာတာလား ယောက်ျားတစ်ယောက်အတွက်နဲ့ အသက်နဲ့ရင်းရတယ်လို့လား တကယ်ပဲ လောကကြီးရဲ့ အရိုက်အနှက်ကို ခံစားကြည့်ဖို့ လိုနေတာပဲ…
—ဒီလောကမှာ ငါ့အသက်ထက် ပိုအရေးကြီးတာ ဘာမှမရှိဘူး…
ရှဲ့ယွမ်ရွှင်းက ခပ်တိုးတိုးရယ်လိုက်သည်။ သူက သူမကို ဖက်လုံးတစ်လုံးကဲ့သို့ သဘောထားကာ သူမ၏ ပေါင်ပေါ်သို့ မှီချလျက် ရုတ်တရက် တိုးကပ်လာ၏။ သူ၏အကြည့်တို့က စင်မြင့်ထက်သို့ ပေါ့ပေါ့ပါးပါးပင် ရောက်ရှိနေသော်လည်း အမှန်တကယ် အာရုံစိုက်နေခြင်း မဟုတ်မှန်း သိသာလှသည်။ ထိုအစား ရှန်လင်း၏ စိတ်ထဲမှ အတွေးစလေးများက သူ့အတွက် ပို၍ စိတ်ဝင်စားစရာ ကောင်းနေသည်။ သူမ၏ စိတ်ထဲမှ ဝေဖန်ချက်များကို နားထောင်နေရခြင်းက ကပြဖျော်ဖြေမှုထက်ပင် ပို၍ ဖျော်ဖြေမှု ပေးနိုင်စွမ်း ရှိနေလေတော့သည်။
ရှန်လင်းမှာလည်း ဘာတတ်နိုင်မှာလဲ။ သူမမှာ လိမ္မာတဲ့ “ခေါင်းအုံး” လေးအဖြစ်ပဲ နေပေးရုံပေါ့
ရှဲ့ယွမ်ရွှင်းက သူမရဲ့ ဝဲကျနေတဲ့ ဆံနွယ်စလေးတွေကို ဆော့ကစားနေရင်း စနောက်ကျီစယ်တဲ့ လေသံနဲ့ မေးလိုက်သည် "မင်း တော်တော်လေး အာရုံစိုက်ပြီး ကြည့်နေတာပဲ။ သူတို့ ကပြတာကို သဘောကျလို့လား"
ရှန်လင်းက လိမ္မာသိမ်မွေ့စွာ ပြန်ဖြေလိုက်သည် "အင်း သူတို့က ကောင်းပါတယ်"
—ဟင့်အင်း၊ ငါမကြိုက်ဘူး၊ ဇာတ်လမ်းကလည်း တုံးအလွန်းပြီး အဓိပ္ပာယ်မရှိလိုက်တာ၊ အေး... ငါ အဲဒီအမျိုးသမီးအကြောင်း ပြောနေတာ…
သူတို့နှစ်ဦး စကားပြောနေကြစဉ်မှာပင် စင်ပေါ်မှ ဖျော်ဖြေတင်ဆက်မှုများကတော့ ဆက်လက်ရှိနေဆဲပင် ဖြစ်သည်။
အမျိုးသမီးငယ်က သူမရဲ့ အစေခံမလေးကို သခင်လေးဆီ စေလွှတ်ပြီး ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် သူ့ကို လက်ထပ်မယ်လို့ အခိုင်အမာ ပြောကြားခဲ့သည်။ သခင်လေးကလည်း သူမကို အမြဲတမ်း စောင့်ကြိုနေမှာပါဟု ပြောခဲ့သည်။ စိတ်လှုပ်ရှားကြည်နူးသွားတဲ့ သူမဟာ အိမ်ကနေ ခိုးထွက်ပြီး သူနဲ့ တိတ်တဆိတ် တွေ့ဆုံခဲ့ကာ နောက်ဆုံးမှာတော့ သူ့အိမ်ကို လိုက်သွားပြီး ကိုယ်လုပ်တော်အဖြစ် ခံယူခဲ့လေသည်။ သူတို့ရဲ့ မင်္ဂလာဦးညမှာတင် သခင်လေးက သူ့ရဲ့ ကလေးနှစ်ယောက်ကို သူမကို ပြုစုစောင့်ရှောက်ဖို့ အပ်နှံခဲ့သည်။ ကလေးတွေက သူမကို အမျိုးမျိုး လှောင်ပြောင်ကျီစယ်ကြတယ်၊ စားစရာထဲကို ပိုးကောင်တွေ ထည့်တယ်၊ ရေနစ်လုနီးပါးအထိ ရေကန်ထဲကို တွန်းချခဲ့ကြသည်။ သူမကတော့ တစ်ခါမှ စိတ်မဆိုးခဲ့ဘူး။ သူမ ကိုယ်ဝန်ရလာတဲ့အခါမှာလည်း သူတို့က ထပ်မံနှောင့်ယှက်ပြီး ကိုယ်ဝန်ပျက်ကျအောင် လုပ်ခဲ့ကြလို့ သူမမှာ နောင်တစ်ချိန် ကလေးမရနိုင်တော့တဲ့အထိ ဖြစ်သွားခဲ့ရသည်။ အဲ့ဒီလောက်အထိ ဖြစ်ခဲ့တာတောင်မှ အဆိုပါ အမျိုးသမီးငယ်က အဆိုးကို အကောင်းနဲ့ တုံ့ပြန်ခဲ့ပြီး သခင်လေးက ကလေးတွေကို အပြစ်ပေးမှာကိုတောင် တားဆီးပေးခဲ့သည်။
နောက်ပိုင်းတွင် သခင်လေးသည် တရားဝင်ဇနီးကို လက်ထပ်ထိမ်းမြားခဲ့သည်။ ထိုဇနီးသည်က ကလေးနှစ်ဦးကို နှိပ်စက်ညှဉ်းပန်းသော်လည်း သူမကမူ သူမ၏ နူးညံ့သိမ်မွေ့မှုနှင့် ကြင်နာမှုတို့ဖြင့် ကလေးများကို ကာကွယ်ပေးခဲ့ရာ နောက်ဆုံးတွင် ကလေးများက သူမအား "အမေ" ဟု စတင်ခေါ်ဝေါ်လာကြသည်အထိပင်။ တရားဝင်ဇနီးသည်က သခင်လေးရှေ့တွင် သူမကို ဂုံးချောစကားများ ပြောဆိုခဲ့သဖြင့် သခင်လေးသည် သူမ၏ပါးကို ရိုက်ပုတ်ခဲ့သည်။ သူမသည် နာကျင်ဝမ်းနည်းစွာ ငိုကြွေးခဲ့သော်လည်း သူ့အား တိတ်တဆိတ် ဆက်လက်ပြုစုစောင့်ရှောက်ပေးခဲ့သည်။ နှစ်ရှည်လများ ကျန်းမာရေးချို့တဲ့လာပြီးနောက် နောက်ဆုံးတွင် သူမ ကွယ်လွန်သွားခဲ့ရာ သခင်လေးသည် သူမအတွက် ဝမ်းနည်းတသခြင်းဆိုင်ရာ ကဗျာများစွာကို ရေးသားခဲ့သည်။ လူအများက သူ့အား သံယောဇဉ်ကြီးမား၍ သစ္စာရှိသူတစ်ဦးအဖြစ် ချီးမွမ်းပြောဆိုကြသည်။
ရှန်လင်း စကားပင် မဆိုနိုင်တော့ချေ။ “……” ဤဇာတ်ကွက်မှာ တကယ့်ကို ရူးသွပ်လွန်းလှသည်။ ၎င်းက သူမ၏ ကမ္ဘာအပေါ် ရှုမြင်ပုံကိုပင် ဖျက်ဆီးနေလေပြီ။ ရှဲ့ယွမ်ရွှင်းနှင့်အတူ ပြဇာတ်ကြည့်ခြင်းက သူမ၏စိတ်ကို ဤမျှအထိ ညစ်ညူးသွားစေမည်ဟုသာ ကြိုသိခဲ့လျှင် သူမ မည်သည့်အခါမှ သဘောတူခဲ့မည် မဟုတ်ပေ။
သူမ စိတ်အာရုံတွေ လွင့်ပျံ့သွားခဲ့သည်။
—ငါ ဒါကို ဘာလို့ ကြည့်နေမိတာလဲ… ငါ့ဦးနှောက်ကို မြည်းကန်သွားတာလား…
—ငါ ဒီလပိုင်းအတွင်း ပြဇာတ်တွေ ထပ်မကြည့်တော့ဘူး…
ရှဲ့ယွမ်ရွှင်းက စိတ်ကြည်လင်စွာဖြင့် "ဘာလို့ ဒီလောက် တိတ်ဆိတ်နေတာလဲ၊ မကြိုက်လို့လား" ဟု မေးလိုက်သည်။ သူကတော့ သူမ၏ အတွေးများမှတစ်ဆင့် အဖြေကို သိရှိပြီးသားပင် ဖြစ်သည်။
ရှန်လင်းက "ကျွန်မ မကြိုက်ဘူး" ဟု ခပ်အေးအေးပင် ပြောလိုက်သည်။ သူမမှာ ငိုင်တွေနေသည့် အရှိန်မပြယ်သေးသဖြင့် မိမိ၏ အဖြေက မည်မျှအထိ ပွင့်လင်းရိုးသားသွားသည်ကို သတိမမူမိလိုက်ပေ။
မျှော်လင့်ထားသည့်အတိုင်း ရှဲ့ယွမ်ရွှင်းက ထိုစကားကို ကြားလိုက်ရချိန်တွင် မျက်နှာက ချက်ချင်း တည်တင်းသွားသည်။ သူ့အသံက အေးစက်မာကြောသွားကာ “ကြားလိုက်ကြတယ်မလား ရှန်ကွေ့ရန်က သူ မကြိုက်ဘူးလို့ ပြောနေတယ်လေ ဒါတွေကို အကုန် ယူသွားလိုက်ကြတော့”
မိန်းမစိုးကြီးဖုန်းက ဦးညွှတ်လိုက်သည် "မှန်လှပါ အရှင်မင်းကြီး" သူက လက်ဝေ့ယမ်းလိုက်ရာ လူများက အပြေးအလွှား တက်လာပြီး ကပြဖျော်ဖြေသူများကို ဆွဲခေါ်သွားကြတော့သည်
ဆူညံလှုပ်ရှားမှုများကြောင့် ရှန်လင်း လက်တွေ့ကမ္ဘာသို့ ပြန်လည်သတိဝင်လာသည်။ ရှဲ့ယွမ်ရွှင်း သယ်ဆောင်လာတတ်သည့် မုန်တိုင်းများနှင့် ပတ်သက်၍ သူမမှာ ကျင့်သားရနေပြီဖြစ်သည်။ အကြိမ်ကြိမ် မြင်တွေ့ဖူးပြီးနောက်တွင် သူမမှာ ၎င်းတို့နှင့် အသားကျသွားခြင်းသာ ဖြစ်သည်။ ရှန်လင်းသည် မိမိကိုယ်ကိုယ် ထူးခြားသူတစ်ယောက်ဟု တစ်ခါမျှ မတွေးတောခဲ့ဖူးချေ။ ရှဲ့ယွမ်ရွှင်းက သူမအပေါ်တွင်တော့ အခြားသူများထက် စိတ်ရှည်သည်းခံမှု အနည်းငယ် ပိုရှိကာ သူမရှိနေသည့်အချိန်ဆိုလျှင် ဒေါသအနည်းငယ် လျော့ပါးသွားတတ်သည်ဟု ဝေဝေဝါးဝါး ခံစားရရုံသာ ရှိသည်။ အကယ်၍ သူက အခြားမည်သူ့ကိုမဆို သတ်ဖြတ်ချင်သည်ဆိုပါက သူမအနေဖြင့် မမြင်ချင်ယောင်ဆောင်နေလိမ့်မည် ဖြစ်သည်။ သို့သော် ဤကပြဖျော်ဖြေသူများမှာမူ သူမကိုယ်တိုင် ကပြခိုင်းထား၍ ရောက်ရှိနေကြသူများ ဖြစ်နေသည်။ ထို့ကြောင့် သူမအနေဖြင့် လျစ်လျူရှုထားရန် မဖြစ်နိုင်တော့ပေ။
ပြဇာတ်တစ်ပုဒ် ကပြမိရုံလေးနဲ့ လူသတ်တယ်ဆိုတာ… တကယ့်ကို ဝမ်းနည်းစရာကောင်းတဲ့ အကြောင်းပြချက်ပါပဲ။
သူမအတွက် အန္တရာယ်မရှိသရွေ့တော့ သူတို့အတွက် စကားပြောပေးမှာပဲ။ အကယ်၍ ရှဲ့ယွမ်ရွှင်းက သူတို့ကို သတ်ဖို့သာ ဇွတ်အတင်းလုပ်နေမယ်ဆိုရင်တော့ နောက်ဘဝမှာ ပိုကောင်းတဲ့ မိသားစုမှာ ဝင်စားပါစေလို့ပဲ သူမ ဆုတောင်းပေးနိုင်တော့မယ်။ ဒါက နည်းနည်းတော့ သူတော်ကောင်းယောင်ဆောင်ရာ ရောက်နေပေမဲ့ ဒီထက်ပိုပြီး လုပ်ပေးဖို့ကျတော့ သူမ တကယ်ပဲ မတတ်နိုင်တော့ဘူး။
ရှန်လင်းက ရှဲ့ယွမ်ရွှင်း၏ အင်္ကျီလက်စကို အသာအယာ ဆွဲလိုက်သည်။ သူ့၏ အကြည့်အောက်တွင် သူမက ခေါင်းငုံ့ကာ အနားသို့ တိုးကပ်ပြီး တိုးတိုးလေး ပြောလိုက်သည်မှာ -
“အရှင်မင်းကြီး ကျွန်မ မနှစ်သက်တာက အဲ့ဒီကပြသူနှစ်ယောက် သရုပ်ဆောင်သွားတဲ့ သခင်မလေးနဲ့ သခင်လေးကိုပါ သူတို့က သရုပ်ဆောင်ကောင်းကြပါတယ် ဒါပေမဲ့ အရမ်းကောင်းလွန်းနေတာကြောင့်ပဲ ကျွန်မ မနှစ်သက်တာပါ ဒါက သူတို့အမှားတော့ မဟုတ်ပါဘူး ပြီးတော့ လူသတ်မယ့်အစား ကျွန်မမှာ ပျော်စရာကောင်းတဲ့ အကြံတစ်ခုရှိတယ် နန်းတွင်းမှာ ဆုလာဘ်ချီးမြှင့်ဖို့ လိုအပ်နေတဲ့ အမတ်တွေ ရှိလားဟင် ရှိရင် အရှင်မင်းကြီးက အဲ့ဒီကပြသူတွေကို သူတို့ဆီလွှတ်ပြီး ဖျော်ဖြေခိုင်းလိုက်ပါလား ပိုကောင်းသွားအောင် အဲ့ဒီကပြသူတွေကို နေရာချင်းလဲခိုင်းလိုက်ပါ သခင်လေးကို သခင်မလေးနေရာမှာ သရုပ်ဆောင်ခိုင်းပြီး သခင်မလေးက သူ့ကို လက်ထပ်လိုက်တဲ့ပုံစံမျိုးပေါ့ သူတို့ရဲ့ မျက်နှာအမူအရာတွေက တကယ်ကို စိတ်ဝင်စားဖို့ကောင်းမှာပဲလို့ ကျွန်မ ထင်မိတယ်”
“အဲ့ဒီလိုဆိုရင် အရှင်မင်းကြီးလည်း အပန်းပြေပြီး အမတ်တွေလည်း ဆုလာဘ်တွေ ရကြမှာပါ။ ဒါဆို အားလုံးအတွက် အဆင်ပြေသွားတာပေါ့။ အရှင်မင်းကြီးရော ဘယ်လိုသဘောရပါသလဲ”
ရှဲ့ယွမ်ရွှင်းက ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပျင်းရိပျင်းတွဲလေသံဖြင့် ပြောလိုက်သည် "မဆိုးပါဘူး။ မိန်းမစိုးကြီးဖုန်း... ရှန်ကွေ့ရန် ပြောတာတွေကို မှတ်တမ်းတင်ထားလိုက်"
ရှန်လင်းကတော့ မမြင်နိုင်တဲ့ မိကျောင်းမျက်ရည်တွေကို တိတ်တဆိတ် ကျနေမိတော့တယ်။
—ငါက ဘာလို့ သစ္စာရှိအမတ်တွေကို အကွက်ဆင်နေတဲ့ ဆိုးယုတ်တဲ့ကိုယ်လုပ်တော်တစ်ယောက်လို ခံစားနေရတာလဲ…
—ဒုက္ခလှလှတွေ့တော့မယ့် အမတ်မင်းတို့ရေ၊ နင်တို့ရဲ့ ပေးဆပ်မှုအတွက် ကျေးဇူးတင်ပါတယ်… ကောင်းကင်ဘုံက နင်တို့ကို စောင့်ရှောက်ပါစေ…