အပိုင်း ( ၄ )
ဝရန်တာမှာ လူတွေ သိပ်မရှိပါ။ အေပရယ် ညလေပြည်က သိမ်မွေ့နူးညံ့နေကာ လေထဲမှာ ပန်းရနံ့ ဖျော့ဖျော့လေးတွေ စိမ့်ဝင်နေသဖြင့် စိတ်ရော၊ ကိုယ်ရော လန်းဆန်းသွားမိသည်။
ချန်ကျင်းရွှမ်သည် သူမရဲ့ ဒေါက်ဖိနပ်ကို ချွတ်၍ ကန်ထုတ်ပစ်လိုက်ကာ မြက်ခင်းစိမ်းစိမ်းပေါ် ခြေဗလာဖြင့် ခြေချလိုက်သည်။ တင်းကျပ်နေသော ဒေါက်မြင့်ဖိနပ်ရဲ့ အထိန်းအချုပ်မှ လွတ်သွားခြင်းကြောင့် သူမရဲ့ ခန္ဓာကိုယ် တစ်ခုလုံး ခေါင်းစခြေဆုံး လွတ်လပ်ပေါ့ပါးသွားလေသည်။
တစ်ဝက်တစ်ပျက် ထုံးဖွဲ့ထားသော ဆံပင်တွေကို ဖြည်ချလိုက်ဝောာ့ ပျော့ပြောင်းတောက်ပြောင်သော ပိတုန်းရောင် ဆံနွယ်တွေက သူမရဲ့ ခါးသွယ်သွယ်လေးဆီ လျှောခနဲ ကျလာကာ နှင်းကဲ့သို့ ဖြူကြည်တောက်ပသော အသားအရေကို ဖုံးကွယ်သွားသည်။
ဝရန်တာ လက်ရန်းကို ပျင်းရိပျင်းတွဲ မှီနွဲ့ထားရင်း ဟိုးအဝေး ညကောင်းကင်ပေါ်က လခြမ်းကွေးလေးကို မော့ငေးကာ သက်ပြင်းရှည်ကြီး မှုတ်ထုတ်လိုက်မိသည်။
ခြေသံ တစ်စုံက သူမနားကို အသံမထွက်ဘဲ တရွေ့ရွေ့ တိုးကပ်လာသည်။ သူမ သတိထားမိချိန်မှာဝောာ့ ခြေသံပိုင်ရှင်က သူမရှေ့ကို ရောက်နေပြီ ဖြစ်သည်။ တစ်ယောက်ကို တစ်ယောက် တိတ်ဆိတ်စွာ ကြည့်မိကြသည်။ သူမတို့ နှစ်ယောက်ကြားမှ လေထုပင်လျှင် မိနစ်ပိုင်းလောက် ငြိမ်သက်သွားခဲ့ပါသည်။
သို့သော်လည်း တိတ်ဆိတ်ငြိမ်သက်မှုအောက်မှာဝောာ့ အေးစက်မှု နှစ်ကာလတွေကို သယ်ဆောင်ထားတဲ့ အနည်ထိုင်ပြီးသား ရေထုသည် စတင် အနည်ထလာခဲ့သည်။ ဘယ်လိုပဲဖြစ်ဖြစ် အဆုံးသတ်မှာတော့ ထိုရေထုက ရေခဲကျောက်ဆောင်တွေအဖြစ် ပေါင်းစည်းသွားကာ ပြန်လည် အေးစက်ငြိမ်သက်သွားပါသည်။
ရှောက်ချန်းကျယ်က စီးကရက် တစ်လိပ်ကို ထုတ်ယူရင်း မိတ်ဆွေဟောင်း တစ်ယောက်ကို နှုတ်ဆက်သလို ပေါ့ပေါ့ပါးပါး နှုတ်ဆက်လိုက်သည်။ “ ရှစ်ရမ် ဒီမှာ မရှိတာ ဘယ်လောက် ကြာပြီလဲ။ ”
ချန်ကျင်းရွှမ်ရဲ့ မျက်လုံးထဲ လှောင်ပြောင်သရော်ရိပ်တွေ စွန်းထင်းသွားကာ သူမရဲ့ ဘယ်ဘက် လက်သူကြွယ်ပေါ်က လက်စွပ်ကို လှည့်လိုက်သည်။ “ ရှင်က ကိစ္စတိုင်းကို လိုက်ဂရုစိုက်နိုင်လောက်တဲ့အထိ အားယားနေတဲ့ပုံပဲ ဥက္ကဌရှောက်။ ရှောက်မိသားစုရဲ့ အကြီးအကဲနေရာကို လုယူရတာနဲ့တင် ရှင့်အတွက် မလုံလောက်သေးဘူးလား။ ကျွန်မခင်ပွန်းရဲ့ အချိန်ဇယားကို ရှင် စိုးရိမ်ပေးစရာ မလိုပါဘူး။ ”
ရှောက်ချန်းကျယ်က တိုးတိတ်စွာ ရယ်မောလိုက်သည်။ “ နွေဦးနန်းဆောင်ထဲမှာ သခင်မလေးချန် တစ်ယောက်တည်း စိုးရိမ်နေမှာကို ကျွန်တော်က စိုးရိမ်လို့ပါ။ ”
ချန်ကျင်းရွှမ်ရဲ့ မျက်နှာအမူအရာက တည်ငြိမ်သွားသလို ခန္ဓာကိုယ်ဟန်ကလည်း ခုနတုန်းကထက် လွတ်လပ်ပေါ့ပါးပြီး ပျင်းရိပျင်းတွဲ ပုံစံ ဖြစ်သွားသည်။ သူမရဲ့ ဆံပင်ကို ခါယမ်းလိုက်တော့ ငန်းမလေး တစ်ကောင်လို လည်တိုင်နှင့် သွယ်လျလျ ခါးလေးကို လှစ်ခနဲ အနည်းငယ် ပေါ်သွားစေသည်။ ဝရန်တာ လက်ရန်းပေါ်မှာ လက်တင်ထားပြီး သူ့ကို စောင်းငဲ့ ကြည့်နေတဲ့ ဝိုင်းစက်ရွှန်းစိုတဲ့ မျက်လုံးလေးတွေထဲမှာ ညို့ဓာတ်အပြည့်ပင်။
“ အရင်တုန်းက ကျွန်မ အသက်လည်း ငယ်တော့ နားမလည်ခဲ့ဘူး။ ဘယ်သူမှ မသိအောင် တိတ်တိတ်လေး တွေ့ရတာက ရင်ခုန်စရာကောင်းတယ်လို့ ထင်ခဲ့မိတယ်။ ဒါပေမဲ့ … ” သူမက နောက်ဆုံး စကားလုံးကို ဆက်မပြောဘဲ သူ့ခါးအောက်ပိုင်းဆီ ခဏလောက်ကြာအောင် အကြည့်ပြောင်းလိုက်သည်။ “ ရှစ်ရမ်နဲ့ တွေ့ပြီးမှ ကျွန်မ နားလည်သွားတာက အရွယ်အစား ၊ အရှည် ၊ တင်းမာမှု ၊ ထိန်းထားနိုင်စွမ်း … အဲ့ဒီ အရာတွေက ပိုအရေးကြီးတယ်လို့ နားလည်သွားတယ်။ ကျွန်မကို ဥက္ကဌရှောက်နဲ့ အိပ်ပေးဖို့ ကမ်းလှမ်းချင်တယ် ဆိုရင် အရည်အချင်း ပြည့်မှီတယ်လို့ သက်သေပြနိုင်ပါ့မလား ဆိုတာ စိုးရိမ်မိတယ်။ ”
ထိုစကားတွေကြောင့် သူ့မျက်နှာကို ဒေါက်ဖိနပ်နှင့် အရိုက်ခံရသလို ခံစားရသင့်၏။ ချန်ကျင်းရွှမ်ရဲ့ မျက်နှာ အမူအရာကတော့ မတုန်မလှုပ် တည်ငြိမ်လျက် ဖြစ်ပြီး ခန္ဓာကိုယ်ဟန်ကလည်း ခုနတုန်းကထက် ပိုလို့ သက်သောင့်သက်သာရှိလာပုံပေါ်သည်။ သူမက ခေါင်းကို ဆတ်ခနဲ မော့၍ ငြိမ်သက်နေသော ညမြင်ကွင်းကို ငေးမော ကြည့်လိုက်၏။
ညအခါမှာ ပြန်လည် ဆုံစည်းတဲ့ တွေ့ဆုံမှုက အမြဲတမ်း ပိုနားလည်ရခက်သည်။ နီမြန်းနေတဲ့ မျက်နှာတွေ ၊ တွန့်ကွေးနေတဲ့ မျက်ခုံးတွေ ၊ ဖြူဖျော့နေတဲ့ လက်ဆစ်တွေ ၊ လှိုက်မောဖိုရီနေတဲ့ နှလုံးသားတွေက နွေဦးလေပြည် အမှောင်ထုအောက်မှာ တဆတ်ဆတ် တုန်ခါနေသည်။
ဒေါသကြောင့် ဆိုတာတော့ အသေအချာပါပဲ။
.......
ချန်ကျင်းလန် တစ်ယောက် စိတ်ချမ်းသာနေတာ မျက်နှာပေါ်မှာပါ အတိုင်းသား ပေါ်လွင်နေသောကြောင့် ချန်ကျင်းချွမ်က သူမကို လှည့်ကြည့် လှည့်ကြည့် လုပ်နေရင်း နောက်ဆုံးတော့ မအောင့်နိုင်ဘဲ မေးလာပါတော့သည်။ “ နင် ဘာလို့ အဲ့လောက် ပျော်နေတာလဲ။ ”
ဖုန်းကို လျှောက်ကြည့်နေတဲ့ ချန်ကျင်းလန်က သူ့ကို ခေါင်းလေး တစ်ချက်တောင် မော့မကြည့်ဘဲ ပြန်ဖြေခဲ့သည်။ “ ဘာလဲ ၊ ငါက ပျော်လို့ မရဘူးလား။ ”
အရေးအပေါ် အခန်းကို ပို့ပေးဖို့ လူနာတင်ကားကို ဖုန်းခေါ်ရလောက်တဲ့အထိ တစ်စုံတစ်ယောက်ရဲ့ စိတ်ထဲမှာ အထိနာသွားတာလေ … ။ သူမ မပျော်ဘဲ နေမတဲ့လား။
ချန်ကျင်းချွမ်က တစ်ခုခု ပြောချင်ပုံဖြင့် မျက်ခုံး နှစ်ခု ထိစပ်တော့မလား ထင်မှတ်ရလောက်အောင် မျက်မှောင်ကြုတ်လိုက်သော်လည်း နောက်ဆုံးမှာတော့ ဘာမှ မပြောဖြစ်တော့ဘဲ ဟိုကောင့်ကိုသာ နောက်ဖေးလမ်းကြားထဲမှာ လမ်းပိတ်ရပ်ပြီး မှတ်လောက်သားလောက်ရှိအောင် ရိုက်ဖို့ ဆုံးဖြတ်လိုက်လေသည်။
ချန်ကျင်းလန် အိမ်ပြန်ရောက်တော့ ချန်လီချီက ရေချိုးပြီးပြီ ဖြစ်ကာ ရှစ်ရမ်နှင့် ဗီဒီယိုကောလ် ပြောနေသည်။ ရှစ်ရမ်က တော အထပ်ထပ် ၊ တောင် အထပ်ထပ်ကြားထဲ ရောက်နေတာမို့ သူ့ဆီမှာ အင်တာနက်လိုင်း မကောင်း။ စနေနေ့ညဟာ သူတို့နှစ်ယောက် ဗီဒီယိုကောလ် ပြောဖို့ ပုံသေ သတ်မှတ်ထားတဲ့ အချိန် ဖြစ်သည်။
ချန်လီချီက ရမ်ရှစ်ကို “ အဖေ ” လို့ မခေါ်ဘဲ “ အဖေရှစ် ” လို့ ခေါ်သည်။ အဲ့ဒီ အခေါ်အဝေါ် နှစ်ခုကို ခွဲခြားသိမြင်စေဖို့ နောက်ထပ် မျိုးရိုးနာမည် တစ်ခု ရှိသည်။ ချန်ကျင်းလျန်က ချန်လီချီကို သေသေချာချာ ရှင်းမပြခဲ့ပေမဲ့ ချန်လီချီကတော့ ကွာခြားမှုကို နားလည်ပြီးသားပင်။ ရမ်ရှစ်က သူမရဲ့ အဖေ မဟုတ်မှန်း သူမ သိသည်။ သူမမှာ ရှစ် မျိုးရိုးနာမည် မရှိလို့ သိတာ မဟုတ်ဘဲ အဖေရှစ် အိမ်ပြန်လာတိုင်း အိမ်မှာ ဘယ်တော့မှ ညမအိပ်လို့ သိတာ ဖြစ်လေသည်။ မိဘတွေ ဆိုရင် အန်ကယ်လေးနဲ့ အန်တီလေးနဲ့တို့လို အတူတူ အိပ်ကြရမှာ မဟုတ်လား။
ချန်လီချီသည် သူမရဲ့ လျှို့ဝှက်ချက်လေးကို အဖေရှစ်အား ပြောပြခဲ့သည်။ သူမအမေ ဝင်လာတာကို မြင်တော့ အဖေရှစ်အး တိတ်တိတ် နေရန် ‘ ရှူး ’ ဟု လုပ်ပြလိုက်ပြီး ထိုကိစ္စကို လျို့ဝှက်ထားဖို့ တောင်းဆိုလိုက်၏။ ထို့နောက် အမေဖြစ်သူကို လှည့်ကြည့်ပြီး ရွှင်ပျသော အသံလေးဖြင့် ခေါ်လိုက်သည်။ “ မေမေ။ ”
ချန်ကျင်းလန်က သူမလေးရဲ့ ဆံပင်တွေကို ဆွဲဖွရင်း ဖန်သားပြင်ပေါ်က လူကို နှုတ်ဆက်လိုက်သည်။ သူမက သူတို့ရဲ့ တစ်ယောက်လျှို့ဝှက်ချက်ကို တစ်ယောက် အပြန်အလှန် ပြောပြနေသော အချိန်လေးအား အနှောင့်အယှက်မဖြစ်စေရန်အတွက် သူမ မိတ်ကပ်သွားဖျက်နေတုန်း သူတို့ နှစ်ယောက်ကို စကားဆက်ပြောကြဖို့ မှာခဲ့လိုက်ပါသည်။
ချန်လီချီနှင့် ရမ်ရှစ်သည် သူတို့ရဲ့ လျှို့ဝှက်ချက် အများစုကို အပြန်အလှန် ပြောပြပြီးသားပင်။ ချန်လီချီက သူမနှင့် ရှန်းချူချီရဲ့ လျို့ဝှက် အစီအစဉ်ကို အဖေရှစ် ဘယ်သူ့ကို ပြောမပြဘူး ဆိုတာကို နောက်တစ်ခေါက် အတည်ပြုရန်အတွက် ပါးစပ်ကို တိတ်နှင့် ကပ်သည့် အမူအရာလေးကိုသာ လုပ်ပြလိုက်သည်။ ရမ်ရှစ်ကလည်း စိတ်ချပါ ဟူ၍ ကတိပြန်ပေးသည်။ ချန်လီချီက သူ့ကို ဖလိုင်းကစ် တစ်ခု ပေးလိုက်ကာ လက်ထဲမှာ ဖုန်းကို ကိုင်ထားလျက် သူမအမေကို ရှာဖို့ ပြေးထွက်လာခဲ့လေသည်။
ချန်ကျင်းလန်က ချန်လီချီလေး ပေးသော ဖုန်းကို အသားအရေထိန်သိမ်းရေးပစ္စည်း ဘူးတွေပေါ်မှာ မှီထောင်ထားလိုက်သည်။ ထို့နောက် အခုရက်ပိုင်း ဖြစ်ပေါ်လာတဲ့ အခြေအနေ အသစ်တွေအကြောင်းကို ရမ်ရှစ်နှင့် စကားစမြည် ပြောနေမိသည်။
“ ရှောက်ချန်းကျယ် ပြန်လာပြီဆို။ ” ရမ်ရှစ်ရဲ့ မေးခွန်းကြောင့် မိတ်ကပ်ဖျက်နေသော ချန်ကျင်းလန်ရဲ့ လက်က တုံ့ခနဲ ရပ်တန့်သွားသည်။
“ နင် သတင်းရတာ တော်တော်လေး မြန်တာပဲ။ ”
ရမ်ရှစ်က တစ်ခုခု ပြောဖို့ ပါးစပ်ပြင်နေစဉ်မှာ ချန်ကျင်းလန်က သူ့မျက်လုံးတွေကို စိုက်ကြည့်လိုက်သည်။ “ နင် အဲ့ဒီ အခေါင်အဖျား နေရာမှာပဲ တစ်သက်လုံး ပြန်မလာတော့ဘဲနဲ့ နေသွားဖို့ စီစဉ်နေတာလား။ ”
ရမ်ရှစ်က သူမရဲ့ စိတ်အခြေအနေ သိပ်မကောင်းဘူး ဆိုတာကို သိပေမဲ့ ထိုအချက်ကို ထောက်ပြမနေတော့ပါ။ သူ ဒီတိုင်းပဲ မေးလိုက်သည်။ “ နင် ငါ့ကို ပြန်လာစေချင်လို့လား။ နင် ပြန်လာစေချင်ရင် ငါ အခုချက်ချင်း လေယာဉ်လက်မှတ် ဘိုကင်တင်လိုက်မယ်လေ။ ”
သူက ရိုးရိုးသားသား မေးလိုက်တာ ဖြစ်ကာ သူ့ရိုးသားမှုက သူ့အသံထဲမှာရော ၊ မျက်လုံးထဲမှာပါ အတိုင်းသား ပေါ်လွင်နေသည်။
မနေ့ကတည်းက ချုပ်တည်းထားရသော ချန်ကျင်းလန်ရဲ့ ဒေါသတွေက အမြင့်ဆုံး ရေဆူအမှတ်ကို ရောက်သွားသည်။ နာကျင်ခါးသီးသွားသော သူမရဲ့ မျက်လုံးတွေကို ဂွမ်းဖတ်နှင့် အုပ်ရင်း အမူအရာပျက်သွားတာကိုလည်း ဖုံးကွယ်လိုက်၏။ သူမ ရမ်ရှစ်ကို ပြောလိုက်သည်။ “ ဟင့်အင်း။ နင့်ရဲ့ သုတေသနကိုပဲ အာရုံစိုက်ပါ။ ”
သူမတို့ နှစ်ယောက်ကြားမှ ကိစ္စတွေအတွက် ကြားဝင် ဖြန်ဖြေပေးဖို့ တတိယလူ မလိုအပ်သလို နောက်ဆက်တွဲ ဖြစ်လာစရာ ကိစ္စတွေလည်း မရှိပါ။
အဲ့ဒီညတုန်းက ချန်ကျင်းလန်သည် ချန်လီချီရဲ့ အိပ်ရာထဲမှာ သွားအိပ်ခဲ့သည်။ ချန်လီချီက သူမရဲ့ အမေနှင့မ မအိပ်ရတာ အတော်လေး ကြာသွားပြီမို့ အလွန် စိတ်လှုပ်ရှားနေသည်။ သူမလေးက အမေဖြစ်သူရဲ့ လက်ချောင်းလေးတွေကို ဆုပ်ကိုင်ထားကာ ရောက်တတ်ရာရာ အကြောင်းတွေ တစ်ခုပြီး တစ်ခု ပြောနေခဲ့သည်။ ချန်ကျင်းလန်က သူမသမီးလေးရဲ့ ဆံပင်ကနေ အသီးနံ့ ချိုချိုလေးကို ရနေသည်။ သူမရဲ့ နှလုံးသားထဲမှ အတက်အကျ အစိုင်အခဲတွေလည်း တဖြည်းဖြည်း တည်ငြိမ်သွားကာ သားအမိ နှစ်ယောက်လုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ကြသည်။ နောက်တစ်နေ့မနက် ချန်ကျင်းလန် အိပ်ရာနိုးလာချိန်မှာ သူမရဲ့ အသားအရေသည် ခါတိုင်းထက် ပိုပြီး အစိုဓာတ်ပြည့်ဝနေသလို ခံစားရသည်။
သို့သော်လည်း ထန်ယိချန်းရဲ့ အစီရင်ခံစာကို ကြားပြီးချိန်မှာဝောာ့ သူမရဲ့ နူးညံ့ချောမွတ်သော အသားအရေလေးက ဗြုန်းခနဲ ပျောက်ကွယ်သွားလေသည်။
ယိရှန်း လေလံပွဲ အိမ်တော်သည် လေလံပွဲတွေကို ရာသီအလိုက် ကျင်းပလေ့ရှိသည်။ ထိုလေလံပွဲတွေကို လန်ကျိုးမှာ ကျင်းပတာ ငါးနှစ် ကြာခဲ့ပြီပင်။ ဒီနွေရာသီအတွက် စီစဉ်ထားသော လေလံပွဲက မေလ အစောပိုင်းထဲမှာမို့ လက်ရှိအချိန်ကနေ ရေတွက်ကြည့်လျှင် နှစ်ပတ်တောင် မလိုတော့ပေ။ ဒီနေ့မနက် ယိရှန်းဘက်မှ ထွက်ပေါ်လာသော သတင်းများအရ သူတို့က ဘိုကင်တင်ထားတဲ့ လေလံပွဲကျင်းပရာ နေရာကို ဒီရာသီ တစ်ခုတည်းအတွက် မဟုတ်ဘဲ နောက်လာမည့် ရာသီတွေအတွက်ပါ ဖျက်သိမ်းပစ်ချင်သည်တဲ့။ တာဝန်ရှိသူက စကားအလှကို ရွေးသုံးကာ ယဉ်ယဉ်ကျေးကျေး ပြောခဲ့သည်။ လန်ကျိုးနှင့် လက်တွဲ လုပ်ကိုင်ရတာ အလွန် စိတ်ချမ်းသာရသော်လည်း နောက်ဆုံး မိနစ်ကျမှ ပွဲကျင်းပရာ နေရာတွေကို ပြောင်းလဲတာက သူဌေးရဲ့ ဆုံးဖြတ်ချက်မို့ သူလည်း အမိန့်ကို နာခံရုံသာ တတ်နိုင်ပါတယ်တဲ့။
ထန်ယိချန်းကတော့ စကားအလှ သုံးကာ ကွေ့ဝိုက် ပြောနေတဲ့ အကြောင်းပြချက်တွေကို နားမထောင်ဘဲ ဘယ်နေရာကို လေလံပွဲ ပြောင်းသွားတာလဲ ဆိုတာကိုသာ သူ့လက်အောက်ဝန်ထမ်း တစ်ယောက်ကို မေးလိုက်တော့ ထင်ထားတဲ့အတိုင်းပါပဲ ၊ ရှောက်ကုမ္ပဏီပိုင် ကလပ် တစ်ခု ဖြစ်နေသည်။ အဲ့ဒါက ဒီလထဲမီာတင် ရှောက်ကုမ္ပဏီဘက်ကို ပါသွားတဲ့ ဒုတိယမြောက် ဖောက်သည်ပါ။
ယိရှန်းလို ကာစတန်မာမျိုးကို လန်ကျိုးက လက်လွှတ်ခံမှာ မဟုတ်၍ ပြဿနာကြီး မဟုတ်သော်လည်း ရှောက်ကုမ္ပဏီဘက်ကို ကူးပြောင်းသွားတာကတော့ အတော်လေး စိတ်ဝင်စားစရာကောင်းပါသည်။ ထို့ကြောင့် ထန်ယိချန်းသည် သူ့ဘော့စ်အား အရာ အားလုံးကို အစီရင်ခံပြီးနောက် ထိုအကြောင်းကို ပြောပြလိုက်သည်။
ချန်ကျင်းလန်က သူမရဲ့ မျက်မှန်ကို ချွတ်ကာ စားပွဲပေါ် ပစ်တင်လိုက်သည်။ သူမက နည်းနည်းလေး အဝေးမှုန်သဖြင့် ကွန်ပျူတာသုံးချိန်မှာ အမြဲတမ်း မျက်မှန်တပ်ရသည်။
သတ္ထုဖြင့် ပြုလုပ်ထားသော မျက်မှန်ဘောင်က အနက်ရောင် ရုံးစားပွဲနှင့် ထိခတ်ကာ ဒေါက်ခနဲ အသံမြည်သွားသည်။ ထန်ယိချန်း တစ်ယောက် အလိုလို ခပ်မတ်မတ် ရပ်လိုက်၏။ ဘော့စ် မျက်မှန်လွှင့်ပစ်တဲ့ အချိန်တိုင်း အဲ့ဒါက သူမရဲ့ စိတ်ရှည်သည်းခံမှုဟာ နောက်ဆုံး အကန့်အသတ်ကို ရောက်နေပြီ ဆိုတဲ့ အဓိပ္ပာယ်ပဲ ဖြစ်သည်။ ပြီးတော့ မျက်မှန်တွေကို ဘော့စ် လွှင့်ပစ်တာကလည်း ရှားသည်။ နောက်ဆုံးတစ်ခေါက် အဲ့ဒီလို ဖြစ်ခဲ့တာက မီးဖိုချောင်ဝန်ထမ်း မိန်းကလေးကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်နေသည့် ဟော်တယ် မီးဖိုချောင် မန်နေဂျာကို လက်ပူးလက်ကြပ် မိခဲ့ချိန်တုန်းကပင်။ ဘော့စ်ချန်က ထိုလူကို သက်သေနှင့်တကွ ချက်ချင်း ရဲလက်အပ်ပစ်လိုက်သည်။
“ ယိရှန်းကို Blacklist သွင်းလိုက်။ ” ချန်ကျင်းလန်ရဲ့ မျက်နှာက အမူအရာကင်းမဲ့ တည်ငြိမ်ပြတ်သားနေကာ ခပ်ပြတ်ပြတ် ပြောလိုက်သည်။
ထန်ယိချန်း နာခံစွာ ခေါင်းညိတ်လိုက်ပါသည်။ သူ့ဘော့စ်မှာ နောက်ထပ် ဘာမှ ပြောစရာ မရှိတော့တာကို မြင်တော့ လှည့်ထွက်ဖို့ ပြင်လိုက်သည်။ သို့သော် သူ တံခါးနားကို ရောက်ချိန်မှာပဲ သူမရဲ့ အသံက ထပ်မံ ထွက်ပေါ်လာသည်။ ထန်ယိချန်း လှည့်ကြည့်လိုက်၏။
“ ထားလိုက်တော့။ ” ဟု ချန်ကျင်းလန်က ပြောလိုက်သည်။ သူမရဲ့ အသံထဲမှာ မကျေနပ်သည့် ခံစားချက် တချို့ ပျော်ဝင်နေသည်။ ချန်ကျင်းလန်က တစ်သျှူး တစ်ရွက်ကို ဖြည်းဖြည်းချင်း ထုတ်ယူကာ မျက်မှန်ကို ပွတ်သုတ်လိုက်သည်။ “ ဝန်ဆောင်မှုပေးတဲ့ နယ်ပယ်ထဲမှာ ငါတို့ ကျင်လည်နေတာ။ ကာစတန်မာတွေအတွက်ဆို ငါတို့ရဲ့ တံခါးတွေကို အမြဲ ဖွင့်ထားတယ်။ ဘာ Blacklist လဲ။ ခဏနေရင် ငါ့အတွက် ယိရှန်းကနေ သူတို့ရဲ့ လေလံပွဲ ဖိတ်စာ နှစ်စောင် ယူပေးပါ။ သူတို့က ငါတို့ကို စွန့်ပစ်ပြီး တခြား တစ်ယောက်ကို ရွေးလိုက်တယ် ဆိုတော့ အဲ့ဒီလူမှာ ငါတို့မှာ မရှိတဲ့ အကျိုးအမြတ်တွေ ရှိတာ သေချာတယ်။ ဘယ်နေရာမှာ သူတို့က ငါတို့ထက် သာလဲ ဆိုတာ လေ့လာရအောင်လို့ အဲ့ဒီ လေလံပွဲကို သွားကြည့်ကြတာပေါ့။ ”
ထန်ယိချန်းက သူမကို အံ့ဩကြောင်အစွာ ခဏလောက် ကြည့်နေပြီးမှ အလွန် ရူးကြောင်ကြောင်နိုင်သော မေးခွန်းကို မေးလိုက်သည်။ “ ဘော့စ် တ .. တကယ် သေချာလို့လား။ ”
တကယ်တော့ ဒီမေးခွန်းက ရူးကြောင်ကြောင်မနိုင်ပါ။ ချန်မိသားစုနှင့် ရှောက်မိသားစုကြားမှ ရန်ပွဲက လူတိုင်းအသိ။
အဲ့ဒီလို လွှမ်းမိုးမှုကြီးသော မိသားစုတွေဟာ တစ်ယောက်ကို တစ်ယောက် သဘောမကျလျှင်တောင်မှ တွေ့ဆုံချိန် ခဏမှာဝောာ့ အပြုံးတု တစ်ခုကို လျော့ရဲရဲ တပ်ဆင် ၊ ခပ်ယဲ့ယဲ့ ခေါင်းညိတ်ပြရင်း လောကဝတ်စကား တချို့ကို အပြန်အလှန် ပြောလေ့ရှိသည်။ အချင်းချင်း စိတ်ထဲကနေ ဘိုးဘေးရှစ်ဆက်လောက်ထိ ကျိန်စာတိုက်နေမှာဝောာ့ ရှိတာပေါ့လေ။
သို့သော်လည်း အမှတ်မထင် တွေ့ဆုံမိတာကို ထားလိုက်ပါဦး ၊ မိသားစု နှစ်စုလုံးဟာ ခေါင်းချင်း တိုက်မိလျှင်တောင် မျက်လုံး တစ်ချက် မော့ကြည့်ကြမယ့် လူတွေ မဟုတ်။ ပြီးတော့ ရှောက်မိသားစုဝင်တွေမှာ မဖြစ်မနေ လိုက်နာရမည့် မိသားစုစည်းမျဉ်း သုံးခု ရှိသည်။ နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် မိသားစု နှစ်စုသည် တစ်ယောက် အိမ်ရိပ်ကို တစ်ယောက် မနင်းသလို ပွင့်ပွင့်လင်းလင်း သိသိသာသာလည်း ပြဿနာမဖြစ်ခဲ့ကြ။ ‘ ရေတွင်း နှစ်တွင်းက သူတို့ကြားက မြစ်ရေကို မနှောင့်ယှက်ဘူး ’ ဆိုတဲ့ စကားပုံလိုပါပဲ။
ချန်ကျင်းလန်က တစ်သျှူးကို အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်သည်။ သူမရဲ့ စိတ်ထဲမှာ နှုတ်ခမ်းနီရာ စွန်းထင်းနေသည့် တစ်သျှူးစကို ချေမွထားသော နှင်းဆီ တစ်ပွင့်ကဲသို့ တင်းကျပ်စွာ ဆုပ်ကိုင်ထားသော လက် တစ်ဖက်ကို မြင်ယောင်မိသည်။
ထန်ယိချန်းဆီ သူမ အကြည့်ပြောင်းလိုက်သည်။ “ အင်း။ ငါက နောက်နေတဲ့ပုံပေါက်နေလို့လား။ သူတို့က ငါတို့တံခါးကို လာခေါက်နေပြီပဲ။ ငါတို့မှာ နောက်ဆုတ်စရာ အကြောင်းပြချက် မရှိဘူး။ ”
တကယ်လို့ ထန်ယိချန်း ထင်တာသာ မလွဲလျှင် သူမရဲ့ စကားထဲမှ လူသတ်ချင်နေသလို ကျောချမ်းစရာကောင်းသော အရှိန်အဝါကို သူ ခံစားလိုက်ရပါသည်။ သူတို့က လေလံပွဲကို တက်ရောက်မှာ မဟုတ်ဘဲ ရှောက်မိသားစုရဲ့ ဘိုးဘွားပိုင် အုတ်ဂူကို တူးဖော်တော့မှာများလားဟု ထန်ယိချန်း တစ်ယောက် ခံစားလိုက်ရသည်။
သူ အရင်တုန်းက ဒီလိုမျိုး တစ်ခါမှ မလုပ်ဖူးတာတော့ မဟုတ်။
ထန်ယိချန်းသည် အပြည့်အဝ ကြိုတင် ပြင်ဆင်ထားရန်အတွက် သင့်တော်သော ကိရိယာတွေကို အင်တာနက်ပေါ်မှာ ရှာထားတာ ကောင်းမလားဟု တွေးလိုက်မိသည်။
ချန်ကျင်းလန်ကတော့ ထန်ယိချန်းရဲ့ စိတ်ထဲ ခုန်ဝင်လာတဲ့ အတွေးတွေအကြောင်း မသိရှာ။ ထိုခဏမှာ သူမရဲ့ ဖုန်းက တုန်ခါသွား၍ ကြည့်လိုက်ဝောာ့ စနေနေ့ နေ့ခင်းမှာ ပြန်ရောက်မည်ဖြစ်ကြောင်း လှမ်းပြောသော ရမ်ရှစ်ထံမှ မက်ဆေ့ခ်ျ ဖြစ်နေသည်။
ချန်ကျင်းလန် စာပြန်လိုက်ပါသည်။ [ ရှင် တကူးတကကြီး ပြန်လာစရာ တကယ် မလိုတာပါ။ ]
ရမ်ရှစ်က စာပြန်ပို့သည်။ [ တကူးတက ပြန်လာတာ မဟုတ်ပါဘူး။ ကိုယ်လည်း လီချီလေးကို လွမ်းလို့ပါ။ ကျောင်းမှာလည်း ကိုယ် ကြည့်ပေးမှ ရမယ့် ကိစ္စ တစ်ခု ရှိနေလို့။ ]
ချန်ကျင်းလန်က သူမ သူ့ကို လာကြိုရမလားဟု မေးချင်သော်လည်း ရမ်ရှစ်က သူမအား သူ့ကို လာကြိုတာ မသင့်တော်ဘူးဟု ပြောကာ သူမရဲ့ ခံစားချက်တွေကို နာကျင်အောင် လုက်မှာကို စိုးရိမ်မိသည်။
သူမ ထိုစာလေးကို အကြိမ်ကြိမ် ရေးလိုက် ၊ ဖျက်လိုက် လုပ်နေပြီးမှ နောက်ဆုံးဝောာ့ [ ငါ့ကို နင့်လေယာဉ်ဆိုက်မယ့် အချိန်ကို ပို့ထားလိုက်။ ငါ လီချီနဲ့တူတူ လေဆိပ်မှာ နင့်ကို လာကြိုမယ်။ ]
***