အပိုင်း ( ၆ )
ချန်ကျင်းလန်က သူ့ရင်ခွင်ထဲ ယိုင်လဲကျတော့မလို ဖြစ်သွားသည်။ စိတ်အနှောင့်အယှက်ဖြစ်တဲ့ ခံစားချက်က စိတ်ထဲမှာ ချက်ချင်း ဖြစ်တည်လာကာ သူမတို့နှစ်ယောက်ကြားမှ အကွာအဝေးကို ပိုရှည်စေရန် ခြေ တစ်လှမ်း နောက်ဆုတ်လိုက်၏။ သူမ ထေ့ထေ့ငေါ့ငေါ့ ပြောလိုက်သည်။ “ ‘ လိမ္မာတဲ့ ခွေးက လမ်းမပိတ်တတ်ဘူး ’ ဆိုတဲ့ စကားပုံကို ဥက္ကဌရှောက် မသိတာလား။ ”
ရှောက်ချန်းကျယ်ကတော့ ဘာမှ မပြော။ နှုတ်ခမ်းပါးလေးတွေကို ခပ်တင်းတင်း စေ့ပိတ်ထားကာ ရှည်လျားလှပသော မျက်လုံးတွေထဲမှာ ပျော်ရွှင်မှု ၊ ဒေါသ ၊ တစ်ခုမှ မပါဝင်ဘဲ သူမကို စိုက်ကြည့်နေသည်။
သန့်စင်ခန်းမှာ ဝင်လိုက် ၊ ထွက်လိုက် လုပ်နေတဲ့ အမြဲတမ်း အများကြီး ရှိသည်။ သူမတို့ နှစ်ယောက်လုံးရဲ့ အသွင်အပြင် ၊ အရှိန်အဝါတွေက အများကြားမှာ ထင်းထွက်နေတာမို့ ဖြတ်သွားဖြတ်လာ ဘယ်သူမဆို လည်ပြန်ကြည့်သွားကြသည်။ ချန်ကျင်းလန်က သူ့ကြောင့် စိတ်ရှုပ်မခံချင်ပေ။ “ ကျွန်မရဲ့ မိသားစုက ကျွန်မကို စောင့်နေကြတယ်။ ဥက္ကဌရှောက်မှာ ကျွန်မကို ပြောစရာရှိတယ် ဆိုရင် လန်ချွမ်ရဲ့ ဧည့်ကြိုစားပွဲမှာ ရက်ချိန်း ယူထားလို့ ရပါတယ်။ ”
သူမက သူတို့မှာ ဆွေးနွစရာ တစ်ခုခု ရှိလျှင် အဲ့ဒါက စီးပွားရေးကိစ္စပဲ ဖြစ်လို့ ရသည်ဟု သွယ်ဝိုက် ပြောလိုက်တာ ဖြစ်သည်။ ပြီးတော့ ရှောက်မိသားစုနှင့် ချန်မိသားစုကြားမှာ ဘာစီးပွားရေးကိစ္စမှ မရှိပါ။
“ မိသားစု ” ဟူသော စကားလုံးက ရှောက်ချန်းကျယ်ရဲ့ မျက်ခုံးတွေကို အနည်းငယ် တွန့်ချိုးသွားစေသည်။ သူ ရုတ်တရက် ပြုံးလိုက်ပြီး သူမရဲ့ ဆံပင်ဆီ အကြည့်ရောက်သွားသည်။ ရှောက်ချန်းကျယ် ဖြည်းဖြည်းချင်း ပြောလိုက်ပါသည်။ “ မိန်းကလေးချန်နဲ့ ကျွန်တော်နဲ့က သူငယ်ချင်းဟောင်းတွေပါ ၊ ကျွန်တော်က ရှစ်ရမ်ရဲ့ အတန်းဖော်ဟောင်း တစ်ယောက် ဆိုလည်း မမှားဘူး။ ရှစ်ရမ် တစ်ခေါက် ပြန်လာဖို့ ဆိုတာလည်း ရှားတော့ တကယ်လို့ အဆင်ပြေတယ် ဆိုရင် တစ်နေရာရာမှာ တွေ့ပြီး တစ်နပ်လောက် အတူတူ စားကြမလားလို့ တွေးနေတာပါ။ မိန်းကလေးရှန်းရဲ့ အဖိုးတန် သမီးလေးကိုလည်း ကျွန်တော် အခုထိ မမြင်ရသေးဘူးလေ။ သူမက သိပ်ကို ချစ်စရာကောင်းမှာ သေချာတယ်။ ”
ချန်ကျင်းလန်ရဲ့ မျက်နှာက အေးစက်သွားသည်။ “ မလိုပါဘူး။ ”
ရှောက်ချန်းကျယ် ခေါင်းညိတ်လိုက်၏။ “ မိန်းကလေးရှန်း ပြောတာ မှန်ပါတယ်။ တကယ် မလိုဘူး။ ” ထို့နောက် သူ့အကြည့်က သူမရဲ့ လက်ပေါ်ကို ကျရောက်သွားသည်။ “ မိန်းကလေးချန်က ဒီ အမည်ခံ မိသားစုက မိသားစုအဖြစ်ကနေ ရပ်စဲသွားမှာကို ကြောက်လို့ အရမ်း နောက်မကျသေးခင်မှာ လက်စွပ်ကို ချွတ်ပစ်လိုက်ပြီပဲ။ ”
ချန်ကျင်းလန်သည် သူမရဲ့ လယ်သူကြွယ်ကို လက်မဖြင့် ထိတွေ့စမ်းသပ်ကြည့်လိုက်သည်။ သူမ ဒီနေ့ အပြင်ထွက်လာဝောာ့ လက်စွပ်ဝတ်ဖို့ မေ့ခဲ့တာပင်။
ရှောက်ချန်းကျယ်က သူမရဲ့ လက်လှုပ်ရှားမှုကို မြင်သွားကာ နှုတ်ခမ်းထောင့်စွန်းတွေ မသိမသာ ကော့တက်သွား၏။
ချန်ကျင်းလန် မျက်ခုံးပင့်လိုက်သည်။ “ ကျွန်မ လက်ထပ်လက်စွပ် ဝတ်ထားလား ၊ မဝတ်ထားဘူးလား ဆိုတာကိုတောင် သတိထားမိတဲ့အထိ ရှင် ကျွန်မကို အရမ်း ဂရုစိုက်လိမ့်မယ်လို့ ထင်မထားဘူး။ ” သူမက သူ မြင်နိုင်စေရန် အတွက် လက်ကို ပွင့်ပွင့်လင်းလင်း ထုတ်ပြလိုက်သည်။ “ ရှင်လည်း အိမ်ထောင်ကျသွားရင် သိလာပါလိမ့်မယ် ရှောက်ချန်းကျယ်။ လက်စွပ် ဝတ်ဖို့ မေ့သွားတယ် ဆိုတာ မထူးဆန်းတဲ့ ပုံမှန် ကိစ္စပဲ။ ”
ရှောက်ချန်းကျယ်ရဲ့ ခပ်ယဲ့ယဲ့ အပြုံးက အေးခဲသွားပြီးမှ ပိုလို့တောင် တောက်ပစွာ ပြုံးလိုက်သော်လည်း သူ့မျက်လုံးတွေကတော့ ထက်မြည့်သော ဓားသွားတွေကဲ့သို့ စူးရှသွားသည်။ “ ကျွန်တော် လက်ထပ်တဲ့အခါကျ မိန်းကလေးချန်ကို သေချာပေါက် ဖိတ်စာပို့လိုက်ပါ့မယ်။ ကျွန်တော်နဲ့ ကျွန်တော့်ဇနီးရဲ့ အိမ်ထောင်သည်ဘဝအပေါ် မိန်းကလေးချန်က အကြံဉာဏ် တချို့ ပေးနိုင်မယ်လို့ မျှော်လင့်တယ်။ ”
ချန်ကျင်းလန်က အနည်းငယ် ခေါင်းမော့လိုက်သည်။ “ အပန်းမကြီးပါဘူး။ ရှောက်က ကျွန်မကို ဖိတ်စာ ပို့လိုက်မယ် ဆိုရင် ကျွန်မလည်း မလာဘဲ မနေပါဘူး။ ”
နှစ်ယောက်လုံး တိတ်ဆိတ်သွားချိန်တွင် ရှစ်ရမ်က ချန်ကျင်းလန်ကို ဖုန်းလှမ်းဆက်ခဲ့သည်။
“ ကျွန်မယောက်ျားက ကျွန်ကို မြန်မြန် ပြန်လာဖို့ ဖုန်းဆက်ခေါ်နေပြီ။ ဒါဆို ကျွန်မ ရှင့်ကို ဆက်ပြီး အဖော်ပြုမပေးဝောာ့ဘူးနော်။ ” ချန်ကျင်းလန်က သူ့ကို နှုတ်ဆက်သည့်အနေဖြင့် ဆတ်ခနဲ ခေါင်းညိတ်ပြပြီး ထွက်လာခဲ့လိုက်သည်။
ဒီတစ်ခေါက်တော့ ရှောက်ချန်းကျယ်က သူမကို မတားတော့ပေါ့။ သူ့လက်ထဲမှ မီးမညှိရသေးသော စီးကရက်လေးသည် လက်ဖဝါးထဲမှာပဲ တစ်ပိုင်းပြတ် ကျိုးကြေသွားကာ အမှုန့်တွေအဖြစ် ပြောင်းလဲသွားပြီး အမှိုက်ပုံးထဲ လွှင့်ပစ်ခံလိုက်ရသည်။
ချန်ကျင်းလန်က ဖုန်းကိုင်ချင်ပေမဲ့ ဖုန်းချမည် ဆိုသော နေရာကို မတော်တဆ နှိပ်မိသွားလေသည်။
“ အန်တီ့ရဲ့ စကတ် လှလှလေးက ညစ်ပတ်နေတယ်နော် အန်တီ။ ” ဖြတ်သွားသော ကလေးမလေး တစ်ယောက်က ချန်ကျင်းလန်ရဲ့ ခါးပေါ်က အစွန်းအထင်း တစ်ခုကို ညွှန်ပြပြီး ချစ်စရာ အသံလေးဖြင့် ပြောသည်။
ကလေးမလေးက ချန်လီချီနှင့် သက်တူရွယ်တူလောက်ပဲ ရှိမည် ထင်သည်။ ချန်ကျင်းလန်က ခြေလှမ်းရပ်ကာ ခန္ဓာကိုယ်ကို ငုံ့ကိုင်းပြီး ထိုကလေးမလေးရဲ့ မျက်လုံးကို ကြည့်လိုက်၏။ “ အန်တီ့ကို အသိပေးလို့ ကျေးဇူးပါကွယ်။ အန်တီ အိမ်ပြန်ရောက်ရင် သန့်ရှင်းတဲ့ အဝတ်အစားတွေကို လဲလိုက်ပါ့မယ်။ ”
ကလေးမလေးက ဒီလို အန်တီ လှလှလေး တစ်ယောက် စိုက်ကြည့်တာ ခံနေရ၍ အနည်းငယ် ရှက်ရွံ့သွားသည်။ သူမလေးက ရှက်သွေးဖြာစွာ ပြုံးပြီး သူမအမေရဲ့ ရင်ခွင်ထဲ ပြေးဝင်သွား၏။
အမေဖြစ်သူက ချန်ကျင်းလန်ကို ပြုံးပြသည်။ “ သူက လွယ်လွယ်နဲ့ ရှက်တတ်တယ်။ ”
ချန်လီချီလေးကို သူမ သတိရသွားသည်။ ချန်ကျင်းလန်ရဲ့ မျက်လုံးနွေ နူးညံ့သွားကာ ထိုသားအမိ နှစ်ယောက်ကို နှုတ်ဆက်စကား ပြောပြီးနောက် ခြေလှမ်းတွေကို အရှိန်တင်လိုက်သည်။
သူမရဲ့ ပခုံးပေါ်ကို အလေးချိန် တစ်ခု ကျရောက်လာသည်။ လတ်ဆတ်တဲ့ ရနံ့လေးနဲ့ မွှေးနေတဲ့ အပေါ်ထပ် အင်္ကျီ။ ဘယ်သူ့အင်္ကျီလဲ ဆိုတာကို လှည့်ကြည့်စရာ မလိုဘဲ သိနေသည်။ ချန်ကျင်းလန်သည် ထိုအပေါ်အင်္ကျီကို ဖယ်ချဖို့ လုပ်နေစဉ်မှာပဲ လက် တစ်ဖက်က သူမရဲ့ ပခုံးပေါ် ရောက်လာကာ သူမရဲ့ နား,နားတွင် စကားသံ တိုးတိုး ထွက်ပေါ်လာသည်။ “ မင်းရဲ့ ခင်ပွန်းက ငါ မင်းကို ပေးထားတဲ့ ပစ္စည်းကို မင်းခေါင်းပေါ်မှာ ပန်ထားတယ် ဆိုတာကို သိတယ်လို့ ထင်လား။ ”
ချန်ကျင်းလန်ရဲ့ အသက်ရှူသံ တိုးဖျော့သွားသည်။ သူ့မေးခွန်းကြောင့်လား ၊ သူမတို့ နှစ်ယောက်ရဲ့ နီးကပ်လွန်းတဲ့ အနေအထားကြောင့်လား ဆိုတာကိုတော့ မသိ။ သူ ရှူထုတ်လိုက်သော လေက သူမရဲ့ နားအောက်ကအသားလုံးလေးကို ယားကျိကျိ ဖြစ်စေကာ ခန္ဓာကိုယ် တစ်ခုလုံးကို ကြက်သီးစိမ့်ဖြာသွားစေသည်။
သူမနောက်မှာ ရပ်နေသော အမျိုးသားက သူမရဲ့ အဖြေကို မလိုအပ်ပါ။ သူက သူမရဲ့ ပခုံးကို တိုက်ကာ ခြေလှမ်းကျဲများဖြင့် ထွက်သွားခဲ့သည်။
သန့်စင်ခန်းထဲမှ ထွက်သွားသော တစ်စုံတစ်ယောက်သည် ခုနတုန်းကလို မှုန်ကုပ်မနေတော့သော ကြည်ကြည်လင်လင် မျက်နှာဖြင့် ပြန်ရောက်လာသည်။ ယွမ်ကျုံးကျိုးက အကြောက်အလန့်မရှိ မေးလိုက်သည်။ “ မင်းရဲ့ အပေါ်အင်္ကျီကို သန့်စင်ခန်းထဲမှာ တမင် ထားခဲ့တာလား။ ”
ရှောက်ချန်းကျယ်ကို သူ့ကို ဂရုမစိုက်ဘဲ သူ့ဘေးက လူကို မေးလိုက်သည်။ “ ဘယ်အချိန် လေယာဉ်ဆိုက်မှာလဲ။ ”
“ နောက် ဆယ်မိနစ်လောက် နေရင် ဆိုက်မှာပါ ဘော့စ်ရှောက်။ ”
ရှောက်ချန်းကျယ်သည် မြေးအဘိုး နှစ်ယောက် အချစ်တော်ဇာတ်လမ်းကို သရုပ်ဆောင်ရန် စိတ်မပါတော့ပြီ ဖြစ်သည်။ “ မင်းတို့တွေ ဒီမှာ စောင့်နေကြ။ ငါ အရင် သွားနှင့်တော့မယ်။ ”
လူတိုင်း ဆွံ့အသွားသည်။ လေယာဉ်ပေါ်ကနေ သခင်ကြီးရှောက် ဆင်းလာချိန်မှာ သခင်လေးရှောက် ရှိမနေပါက သခင်ကြီး ဒေါသထွက်သွားမှာ သေချာ၏။ သို့သော် သူ့ကို ဘယ်သူမှ မတားရဲကြ။
ယွမ်ကျုံးကျိုးလည်း ဆွံ့အသွားမိသည်။ သူ ရှောက်ချန်းကျယ်နောက်ကို အမြန် ပြေးလိုက်သွားလိုက်၏။ “ ငါကရော။ ” သူလည်း ပြန်ချင်ပါသည်။
“ မင်းမှာ ခြေထောက်တွေ ရှိတယ် မဟုတ်ဘူးလား။ ပြန်ချင်ရင် အဲ့ဒါတွေကို သုံးလေ။ ”
“ ဒါပေမြဲ ငါ ပြန်သွားရင် မင်းအဘိုးက ငါ့အပေါ် ဘယ်လိုလုပ် အမြင်ကြည်တော့မှာလဲ။ ”
“ သူက မင်းကို လစာ ပေးနေလို့လား။ သူ့ဆီမှာ အမြင်ကြည်ခံရဖို့ လိုအပ်သေးတယ်လား။ ”
ယွမ်ကျုံးကျိုး : “ … ”
သူ့ကို ခေါ်လာတာလည်း ရှောက်ချန်းကျယ် ၊ အခု သူ့ကို ပြန်ဖို့ ပြောနေတာလည်း ရှောက်ချန်းကျယ်ပဲ။ ထားလိုက်ပါတော့ ၊ ဒီ ချစ်ဒုက္ခရောက်နေတဲ့ လိပ်ကြီးကို ငါ အမြင်ကတ်မနေတော့ဘူး … ။
“ ငါ့အိမ်ကို လာပြီး သောက်ချင်လား။ ငါ ပြန်ယူလာတဲ့ ဝိုင် ကောင်းကောင်း တစ်ပုလင်းကို ဖောက်ပေးမယ်လေ။ ငါတို့ရဲ့ သူငယ်ချင်းဆက်ဆံရေးအတွက်လည်း လုံလောက်တယ် မဟုတ်လား။ ”
ယွမ်ကျုံးကျိုးက ရှောက်ချန်းကျယ်ရဲ့ ပခုံးကို ပုတ်ပြီး သူ့သူငယ်ချင်းကြီးကို နှစ်သိမ့်ပေးဖို့ လုပ်လိုက်သော်လည်း ရှောက်ချန်းကျယ်ရဲ့ လမ်းလျှောက်နှုန်းက မြန်လွန်ူသည်။ ယွမ်ကျုံးကျိုးသည် ယိုင်ထွက်သွားကာ ကျောက်တိုင်နှင့် မျက်နှာ တိုက်မိတော့မလိုတောင် ဖြစ်သွားလေသည်။
သူ့ရင်ဘတ်ကိုယ်သူ ဖိရင်း ‘ ဟူး ၊ တော်ပါသေးရဲ့ ’ ဟု ရေရွတ်မိသည်။ သူ့မျက်နှာကို သူ အထိခိုက်မခံနိုင်ပေ။ သခင်ကြီးရှောက် အမြင်ကြည်တာ ၊ မကြည်တာကို ဂရုမစိုက်ပေမဲ့ လာမည့် တနင်္လာနေ့က ရှောက်ကော်ပိုရေးရှင်းမှာ သူ ပထမဆုံး အလုပ်ဝင်တဲ့ နေ့မို့ အဲ့ဒီမှာ ရှိတဲ့ မိန်းကလေး လုပ်ဖော်ကိုင်ဖက် အပျိုလေးတွေ အမြင်ကြည်တာကိုတော့ ခံချင်သည်။
ယွမ်ကျုံးကျိုးရဲ့ နှလုံးသားလေးက အလွန် လျင်မြန်စွာ တဒိန်းဒိန်း ခုန်နေသည်။ ထို့နောက် ကျောက်တိုင်ဘေးက အမှိုက်ပုံးထဲမှာ အဝတ်အစား တချို့ကို သူ မြင်သွားပါသည်။ “ ဟေး ၊ ရှောက်ချန်းကျယ် .. ဒါ မင်းရဲ့ အပေါ်အင်္ကျီ မဟုတ်ဘူးလား။ ဒါက ဘယ်လိုလုပ် အမှိုက်ပုံးထဲ ရောက်နေတာလဲ။ ”
ရှောက်ချန်းကျယ်ကတော့ ဘယ်လိုပဲဖြစ်ဖြစ် လှည့်မကြည့်ချင်ပေ။
သူ့အတွေးထဲမှာ ရှိနေတာ အဝတ်အစားတွေ မဟုတ်ဘဲ ခရမ်းရောင် ဆံညှပ်လေး တစ်ခုသာပင်။
အနက်ရောင် အဝတ်အစားတွေပေါ်မှာ ရှိနေတဲ့ ဆံညှပ် သေးသေးလေး။
ဟိုး လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းကလိုပဲ အသားကျ ရင်းနှီးနေတဲ့ မြင်ကွင်းလေး … ။
အဲ့ဒီနေ့တုန်းက မိုးတွေ ရွာနေခဲ့သည်။ မိုးတိတ်သွားဝောာ့ ကောင်းကင်ပေါ်မှာ သက်တန့်လေး တစ်ခု ပေါ်လာသည်။ သူမနှင့် သူက စိုစွတ်နေတဲ့ ကျောက်သားလမ်းလေးပေါ်မှာ ရှေ့ဆင့် နောက်ဆင့် လျှောက်နေကြသည်။ လေက သူမရဲ့ စကတ်နှင့် ဆံနွယ်ရှည်တွေကို ရှပ်တိုက်သွား၏။
သူမက ဒေါသထွက်နေတာ ဖြစ်သည်။ သူတို့ တွေ့ဆုံဖို့ ချိန်းထားတဲ့ အချိန်က သုံးနာရီ ဆိုပေမဲ့ သူကတော့ လေးနာရီ ကျော်မှ ရောက်လာခဲ့သည်။ သူ့ကို မြင်တော့ သူမရဲ့ မျက်နှာ သေးသေးလေးက စိတ်ဆိုး ဒေါသထွက်ချိန်မှာ ဖောင်းကားလာတတ်သည့် ငါးပူတင်းလေးလို ဖြစ်နေရှာသည်။ သူမက သူ့ကို ဘာစကားမှ မပြောဘဲ ထထွက်သွားသည်။ သူမက အကွာအဝေး တစ်ခုထိ ရောက်အောင် လျှောက်သွားပြီးမှ လမ်းဘေး ဆိုင်ခန်းငယ်လေးကို မြင်ကာ ခြေလှမ်းရပ်သွားသည်။ ထိုဆိုင်လေးထဲ ဝင်ပြီး ပစ္စည်း တစ်ခု ရွေးပြီးမှ ပိုက်ဆံအိတ် မေ့ကျန်ခဲ့တာကို သူမ သတိရသွားသည်။
မိုဘိုင်း ငွေပေးချေသည့် နည်းလမ်းက အဲ့ဒီနှစ်တုန်းက မတွင်ကျယ်သေးပါ။ သူက သူမအစား ငွေရှင်းကာ ဆိုင်ရှင် အဒေါ်ကြီးရဲ့ လက်ထဲမှ ဆံညှပ်လေးကို ယူပြီး သူမကို ပေးလိုက်သည်။
သူမကတော့ ကျေးဇူးတင်ပုံ မရပေ။ “ နင့်ပိုက်ဆံနဲ့ ဝယ်လိုက်တာ ဆိုတော့ နင့်ဘာသာပဲ သိမ်းထားသင့်တာ မဟုတ်ဘူးလား။ ဘာလို့ ငါ့ကို လာပေးတာလဲ။
သူက “ တောင်းပန်တဲ့ လက်ဆောင်ပါ။ ” ဟု ပြန်ပြောလိုက်သည်။
“ နင် ပေးတဲ့ လက်ဆောင်က တကယ့်ကို … ” သူမက ဈေးပေါတယ်လို့ ပြောချင်သော်လည်း အနားမှာ ဆိုင်ရှင် အဒေါ်ကြီး ရှိနေသောကြောင့် အံကြိတ်ပြီး “ အရမ်း ထူးခြားတယ် ” ဟုသာ ပြောလိုက်ရလေသည်။
ဆိုင်ရှင် အဒေါ်ကြီးက သူ့အခက်အခဲကို ကူညီ အမှုလိုက်ပေး၏။ “ မြန်မြန် လာ ၊ မင်းကောင်မလေးကို ဒီဆံညှပ်လေး ပန်ပေးလိုက်။ သူမနဲ့ဆို လိုက်မှာ သေချာတယ်။ ”
စကားလုံး တစ်ခုကို ကြားလိုက်ရသဖြင့် သူမရဲ့ ဖြူနုသော နားရွက်နှင့် လည်တိုင်လေးဟာ ပန်းသွေးရောင် ရဲတက်သွားခဲ့သည်။ သူက သူမနား တိုးကပ်သွားပြီး အခွင့်အရေးကို မိမိရရ အသုံးချ၍ သူမရဲ့ လက်ကလေးကို ဆုပ်ကိုင်ကာ ဆံညှပ်လေးအား ဆံပင်မှာ ပန်ပေးလိုက်သည်။
ကျန်းနန်လမ်းကြားရဲ့ ထောင့် တစ်နေရာမှာ သူမကို သူ ပထမဆုံးအကြိမ် နမ်းရှိုက်ဖြစ်ခဲ့သည်။
အဆုံးသတ်မှာတော့ သူ့ပခုံးပေါ်က အနက်ရောင် အပေါ်အင်္ကျီလေးလည်း မြေကြီးပေါ် လျှောကျသွားကာ သူမရဲ့ ဆံနွယ်ပေါ်က ဆံညှပ်လေးလည်း သူ့အပေါ်အင်္ကျီပေါ် ပြုတ်ကျသွားသည်။
အမြဲတမ်း ရပ်တန့်ထားချင်မိတဲ့ စိတ်နှလုံး နွေးထွေးစရာ အခိုက်အတန့်လေးတွေပါပဲ။
အခုတော့ ထိုအခိုက်အတန့်လေးတွေက သူမနှင့် တခြားလူ တစ်ယောက်ကြားထဲ ရောက်သွားပြီ ဖြစ်သည်။
ရှောက်ချန်းကျယ်က အဝေးကို ငေးကြည့်ရင်း ယွမ်ကျုံးကျိုးကို ပြောလိုက်သည်။ “ ငါတို့ သွားသောက်မှာ မဟုတ်ဘူးလား။ သွားမှာလား ၊ မသွားဘူးလား။ ”
ယွမ်ကျုံးကျိုးက မေးလိုက်သည်။ “ မင်းရဲ့ အပေါ်အင်္ကျီကို ပြန်မယူတော့ဘူးလား။ ”
“ ငါ အဲ့ဒါကို မလိုချင်တော့ဘူး။ ”
ပါးစပ်ကသာ မလိုချင်တော့ဘူးဟု ပြောသော်လည်း ခြေ နှစ်လှမ်းတောင် မလျှောက်ရသေးခင်မှာပဲ သူ နောက်ကြောင်းပြန်လှည့်လိုက်၏။ အပေါ်အင်္ကျီကိုတော့ မယူဘဲ ဆံညှပ်လေးကိုသာ ယူလိုက်သည်။
ယွမ်ကျုံးကျိုးက တစ်ခုခု ပြောဖို့ ပါးစပ်ပြင်နေစဉ်မှာပဲ ရှောက်ချန်းကျယ်က သူ့ကို ကြည့်လာခဲ့သည်။ “ မင်း ငါ့ကို အန်ကယ်ယွမ်လို့ ခေါ်ပြီး တချို့ ကိစ္စတွေကို မပြောချင်ရင် ပါးစပ်ပိတ်ထားလိုက်တာ ပိုကောင်းမယ်။ ”
ယွမ်ကျုံးကျိုးက သူ့ပါးစပ်ကို ချက်ချင်းပဲ တင်းကျပ်နေအောင် ပိတ်ထားလိုက်သည်။ သူ့အဖေကို သူ ကြောက်သည်။ ရှောက်ချန်းကျယ်က ဘယ်လို စကားကိုမဆို ပြောနိုင်သလို သူ့အဖေကလည်း နားထောင်ပါလိမ့်မည်။ သူ ဒီနိုင်ငံမှာ နေပြီး စားကောင်းသောက်ဖွယ်တွေ အကုန်လုံးကို မြည်းစမ်းကြည့်ချင်သေးသည်။ အချိန် ခဏလေးအတွင်းမှာ သူ့ကို သူ့အဖေ အတင်း မရမက ပြန်ခေါ်တာမျိုး မဖြစ်စေချင်ပါ။
ရှောက်ကော်ပိုရေးရှင်းရဲ့ ဒါရိုက်တာ ဘုတ်အဖွဲ့ ခန်းမသည် ရက် တချို့ ကြာသည်ထိ မိုးလေဝသ အခြေအနေ မကောင်းပေ။ သခင်လေးရှောက်နှင့် သခင်ကြီးရှောက်တို့သည် အစည်းအဝေး လုပ်နေစဉ်မှာ ဒါရိုက်တာတွေရှေ့မှာ ငြင်းခုံ စကားများကြသည်။ သခင်ကြီးရှောက်ကို တစ်ယောက်ယောက်က အဲ့လိုမျိုး ပြန်ပြောရဲတာ ဒါ ပထမဆုံး အကြိမ်ပင်။ ယွမ်ကျုံးကျိုး အပါအဝင် ရှောက်ကော်ပိုရေးရှင်းရှိ လူတိုင်းသည် အသံ ချိုးချွတ် မြည်သွားမှာ စိုး၍ ခန္ဓာကိုယ်လေးတွေကို ကျုံ့ထားကြသည်။
ချန်လီချီရဲ့ လတ်တလော နေ့ရက်တွေကတော့ နေသာ၍ ရာသီဥတု သာယာကောင်းမွန်သည်။ သူမရဲ့ ကျစ်ဆံမြီးလေးတွေကလည်း တဖြည်းဖြည်း ရှည်လာပြီ ဖြစ်သည်။ ရှစ်ရမ်ကလည်း သူမကို နေ့တိုင်း ကျောင်းလာကြိုသည်။ ဒီနေ့ သူမ ရှစ်ရမ်အား သူမကို ကုန်တိုက်သို့ လိုက်ပို့ပေးဖို့ တောင်းဆိုထားသည်။ နောက်တစ်ပတ်က ချန်ချူချီရဲ့ မွေးနေ့ ဖြစ်သောကြောင့် သူမရဲ့ ဝက်စုဘူးလေးကိုလည်း ယူလာခဲ့သည်။ ကုန်တိုက်မှာ ချန်ချူချီအတွက် မွေးနေ့လက်ဆောင် တစ်ခုခု ဝယ်ပေးချင်သည်။
“ ကောင်လေးတွေက ဘယ်လို မွေးနေ့လက်ဆောင်မျိုးကို ကြိုက်ကြလဲဟင်။ ”
ရှန်းချူချီကို ဘာလက်ဆောင် ပေးရမလဲ ဆိုတာကို ချန်လီချီ အခုထိ မဆုံးဖြတ်ရသေး။ ရှစ်ရမ်ရဲ့ အမြင်ကို သူမ မေးကြည့်ချင်သည်။
ရှစ်ရမ်က ပြုံးလိုက်သည်။ “ အဖေ သမီးကောင်လေးရဲ့ အရွယ်တုန်းကတော့ စစ်သားရုပ်တွေ ၊ သေနတ်တွေ ၊ လေယာဉ်ပျံ အရုပ်မျိုးတွေကို သဘောကိတယ်။ ”
“ ရှန်းချူချီရဲ့ အဖေက သူ့ကို အဲ့ဒါမျိုးတွေ နှစ်တိုင်း ဝယ်ပေးနေကျ။ သမီးက သူ့ကို မတူတဲ့ အသစ် တစ်ခုခု ပေးချင်တာ။ ”
လျှာထိုးဦးထုပ် ဆောင်းကာ Mask တပ်ထားသော အမျိုးသမီး တစ်ယောက်က သူတို့ဘေးကနေ ဖြတ်သွားသည်။ ရှန်းချူချီရဲ့ နာမည်ကို ကြားတော့ သူမက တုံ့ခနဲ ရပ်သွားပြီး ချန်လီချီကို လှည့်ကြည့်လာသည်။
ချန်လီချီက ထိုအကြည့်ကို သတိထားမိသွားပြီး ပြန်လှည့်ကြည့်လိုက်၏။ ထိုအမျိုးသမီးက သူမကို ပြုံးပြပြီးမှ ခပ်သွက်သွက် လျှောက်ထွက်သွားသည်။ ချန်လီချီက အဖေရှစ်ရဲ့ ပခုံးကို တဖတ်ဖတ် ပုတ်လိုက်သည်။ “ အဲ့အမျိုးသမီးရဲ့ မျက်လုံးအောက်မှာ မှည့်လေး ရှိတာကို အဖေရှစ် မြင်လိုက်လားဟင်။ ”
ရှစ်ရမ်ကတော့ ဖြတ်သွားတဲ့ ထိုအမျိုးသမီးကို နည်းနည်းလေးတောင် သတိမပြုမိ။ “ မမြင်လိုက်ဘူး။ ဘာလို့လဲ။ ”
ချန်လီချီက တစ်ယောက်ယောက် ကြားသွားမှာကို စိုးရိမ်သလိုမျိုး သူမရဲ့ အသံကို တိုးချလိုက်သည်။ “ ရှန်းချူချီရဲ့ အမေမှာလည်း မျက်လုံးအောက်မှာ မှည့် ရှိတယ်။ အဲ့ဒီ အမျိုးသမီးက ရှန်းချူချီရဲ့ အမေ ဖြစ်နိုင်မယ်လို့ အဖေရှစ် ထင်လား။ ”
ရှစ်ရမ်က သူမရဲ့ ကျစ်ဆံမြီးလေးကို ကိုင်လိုက်သည်။ “ မျက်လုံးအောက်မှာ မှည့်ရှိတဲ့ လူတွေ အများကြီး ရှိနိုင်တာပဲလေကွယ်။ ”
“ အိုး ၊ အဲ့ဒါလည်း ဟုတ်သားပဲ။ ” ချန်လီချီ စဉ်းစားလိုက်သည်။ ရှန်းချူချီအတွက် အကောင်းဆုံး မွေးနေ့လက်ဆောင်က သူ့အမေကို ကူရှားပေးတာပဲ ဖြစ်လိမ့်မည်။
အထပ် အနည်းငယ်ကို တက်လိုက် ၊ ဆင်းလိုက် လုပ်ပြီးချိန်ထိ စိတ်ကျေနပ်လောက်စရာ တစ်စုံတစ်ရာကိူ ချန်လီချီ ရှာမတွေ့သေးပေ။ “ သမီး ပင်ပန်းနေပြီ အဖေရှစ်။ သမီးတို့တွေ ခဏ နားပြီး ရေခဲမုန့် နည်းနည်းပါးပါး စားလို့ ရမလား။ ”
ခဏ နားတာက ဒုတိယ ဦးစားပေး ဖြစ်ကာ ရေခဲမုန့် စားတာကတော့ ပထမ ဦးစားပေး ဖြစ်ပါသည်။ ရှစ်ရမ်က ချန်လီချီအား ကိစ္စတိုင်းမှာ အလိုလိုက်သော်လည်း ရေခဲမုန့် စားဖို့ကိုတော့ အလွယ်တကူ သဘောမတူနိုင်ပေ။ လက်ရှိ ရာသီဥတုက အရမ်း မပူသေးသလို သူမရဲ့ အစာအိမ်ကလည်း အားနည်းသည်။ ရေခဲမုန့် စားခြင်းက သူမကို ဗိုက်အောင့်စေပါလိမ့်မည်။
“ အဖေတို့ ရေခဲမုန့် မစားဘူး။ အဲ့အစား ကိတ်မုန့် ဆိုရင်ရော ဘယ်လိုလဲ။ ”
ကိတ်မုန့် ဆိုရင်လည်း အဆင်ပြေပါသည်။ ကိတ်မုန့် စားရတာကိုလည်း သူမ ကြိုက်သည်။ ချန်လီချီက နာခံစွာ ခေါင်းညိတ်လိုက်၏။
လူကြီး တစ်ယောက်နှင့် ကလေး တစ်ယောက်သည် နားနေသည့် နေရာမှာ ထိုင်နေခဲ့ကြသည်။ ချန်လီချီက ကိတ်မုန့်ကို တစ်ဇွန်း ကော်စားပြီး သက်ပြင်းချလိုက်သည်။ “ လက်ဆောင်ပေးရတာ အရမ်း ခက်တယ်။ သမီးအမေအတွက် လက်ဆောင်တွေကို အဖေရှစ် အမြဲတမ်း ဘယ်လို ရွေးတာလဲဟင်။ မေမေက အဖေရှစ် ပေးသမျှ လက်ဆောင်တွေကို အရမ်း ကြိုက်တယ်။ ”
ရှစ်ရမ်ရဲ့ မျက်နှာက တည်ငြိမ်သွားသည်။ “ သမီးအမေရဲ့ နှလုံးသားထဲကို အဖေက ဖောက်ထွင်းမြင်နိုင်လို့ ဖြစ်မယ် ထင်တယ်။ ”
ချန်လီချီရဲ့ မျက်လုံးအကြည့်က လှုပ်ရှားသွားကာ ရှစ်ရမ်နံဘေးသို့ ဖျတ်ခနဲ တိုးကပ်လာခဲ့သည်။ “ သမီးရဲ့ အမေကို သဘောကျလား အဖေရှစ်။ ရိုးရိုးတန်းတန်း သဘောကျတာ မဟုတ်ဘဲနဲ့ ရှန်းချူချီကို သမီး သဘောကျသလိုမျိုးလေ။ သူ့အမေကို ရှာမတွေ့လို့ ရှန်းချူချီ ဝမ်းနည်းတိုင်း သမီးလည်း ဝမ်းနည်းတယ်။ ”
ရှစ်ရမ်က သူမကို အလွန် လေးနက်စွာ ကြည့်လိုက်သည်။ “ ဘာလို့ အဲ့ဒါကို မေးတာလဲ။ ”
“ သမီးအမေကို အဖေရှစ် သဘောကျရင် သူမကို အဖေရှစ်ဘက် ပါလာအောင် သမီး ကူညီပေးမယ်။ အဖေရှစ်နဲ့ သမီးရဲ့ အမေနဲ့ အဆင်ပြေသွားရင် အဖေရှစ်လည်း အိမ်ထောင်ပြုလို့ ရပြီလေ။ အဲ့ဒါဆို သမီးလည်း သမီးရဲ့ အဖေကို ဆက်ရှာနေစရာ မလိုတော့ဘူး။ ”
ရှစ်ရမ် အံ့ဩသွားသည်။ သူ သိချင်စိတ် ပြင်းပြစွာ မေးလိုက်၏။ “ သမီးရဲ့ အဖေကို သမီး ရှာတွေ့ချင်တာလား။ ”
***