Part 23
ကျီယွဲ့ရဲ့လုပ်ကိုင်နိုင်စွမ်းက တကယ်ကိုပဲမြင့်လွန်းတယ်။ နေ့လည်ကသူမပို့ပေးမယ်ဆိုပြီး ပြောထားတဲ့အရာတွေက ညနေခင်းမှာပဲ ဒလီဗယ်ရီ နဲ့ရောက်လာတော့တယ်။ လက်ခံသူနာမည်မှာ ထန်ထန် ဖြစ်ပြီး ပေးပို့သူနေရာမှာ ကျီယွဲ့ နာမည်နဲ့ဖြစ်တယ်။
ထန်ထန် ပါဆယ်ထုတ်ကို လက်ခံလိုက်ပြီး လက်မှတ်ထိုးပေးလိုက်တယ်။ ပါဆယ်ကိုဖောက်လိုက်တဲ့အခါမှာတော့ သူမ တစ်ခါမှမမြင်ဖူးတဲ့ ပုလင်းတွေကိုတွေ့လိုက်ရတယ်။ ပုလင်းတွေပေါ်မှာ စာတွေရေးထားသော်လဲ တရုတ်စာတွေမဟုတ်တဲ့အတွက် တစ်လုံးမှ သူမ မဖတ်တတ်ဘူး။
ဒါကြောင့် သူမအနေနဲ့ ဘူးထဲကိုဆက်ရှာကြည့်လိုက်တဲ့အခါမှာ အသုံးပြုနည်းရေးပေးထားတဲ့ စာရွက်ကိုတွေ့လိုက်ရတယ်။ အဲ့ဒီအထဲမှာ ပစ္စည်းတွေရဲ့ စာရင်းနဲ့ ဘယ်လိုအသုံးပြုရမယ်ဆိုတာကိုပါ ရေးထားတာကို တွေ့လိုက်ရတယ်။
အသုံးပြုနည်းတွေကို ဖတ်ပြီးတဲ့နောက် ကျိရှောင်ကျိုး လူရွေးမှန်သွားမှန်း သူမထောက်ခံလိုက်မိတယ်။ အမျိုးအစားတစ်ခုချင်းစီက ထန်ထန် လိုအပ်တဲ့အရာတွေအတွက် အထောက်အကူပြုတယ်။
ပါဆယ်ထဲတွင်ပါဝင်သောအရာတွေက အစိုဓာတ်ထိန်းခရင်မ်...အသားဖြူခရင်မ်တွေအပြင် အသားအရည်ကိုပြုပြင်ပေးတဲ့အရာ စတာတွေပါဝင်တယ်။ မျက်နှာပေါ်မှာသုံးဖို့အတွက် ပစ္စည်းတွေဒီလောက်များမှန်း သူမ အခုမှသိတော့တယ်။ သူမ မျက်နှာသုံးဖို့အတွက်သာမက ဆံပင်ကိုထူပြီး နူးညံ့တောက်ပြောင်စေတဲ့ ပစ္စည်းတွေကိုပါ ထည့်ပေးထားတာတွေ့လိုက်တယ်။
ပုလင်းအောက်ခြေမှာ ကျီယွဲ့ က မှတ်စုတိုလေးတွေရေးထားပေးတယ်။ ဒါတွေက သူမကိုယ်တိုင်အသုံးပြုနေတာဖြစ်ပြီး အကျိုးသက်ရောက်မှုကောင်းကြောင်းပါဝင်တယ်။
ကျီယွဲ့ ရဲ့အကူအညီက သူမအတွက် အရမ်းကိုအထောက်အကူဖြစ်တဲ့အတွက် ကျေးဇူးအထူးတင်နေပြီး စျေးကြီးလောက်တဲ့ ပစ္စည်းတွေကို ဒီလိုမျိုးလက်ခံတာ မမှန်ဘူးလို့ သူမခံစားမိတယ်။ ဒါတွေအားလုံးက နိုင်ငံခြားထုတ်ကုန်တွေဖြစ်တဲ့အတွက် စျေးကြီးမှာအသေအချာပဲ။ ဒီလိုပစ္စည်းမျိုးကို သူမအလွယ်တကူလက်မခံရဲပေ။
ဒီပစ္စည်းတွေက သူမကိုလှပအောင်ပြုလုပ်ပေးနိုင်တယ်ဆိုရင်တောင် သူမကိုယ်တိုင်ပဲဝယ်သင့်တယ်။
ဒါကြောင့် နောက်ကျနေပေမယ့်လဲ အသေးလေးဆီက ကျီယွဲ့ ဖုန်းနံပါတ်ကိုယူပြီး ဆက်လိုက်တယ်။
“ ထန်ထန်လား...’’
“ကျီယွဲ့... ကျွန်မပါ, ကျွန်မရှင့်ကို အနှောက်အယှက်များပေးမိသွားလား’’
‘’ ရပါတယ်, ကျွန်မ အိမ်ရောက်နေပြီလေ, ဘာကိစ္စများလဲ...’’
ကျီယွဲ့ က အခုလေးတင်ပဲ ခြေထောက်ဆေးပြီးသွားတာဖြစ်တယ်။ သူမ ခြေထောက်တွေကို ကုကျန်းအန်း က ခြောက်သွေ့သွားအောင် အ၀တ်နဲ့သုတ်ပေးနေတာဖြစ်တယ်။
ကျီယွဲ့ ကိုစကားပြောဖို့အဆင်ပြေမှန်းသိသွားတဲ့ ထန်ထန် က သူမအတွေးတွေကို ပြောလိုက်တော့တယ်
“ ရှင် ကျွန်မဆီကိုပို့ပေးတဲ့ဟာတွေအတွက် ပြောချင်လို့ပါ, ကျွန်မ အဲ့ဒါတွေကို လက်မခံပါရစေနဲ့, အဲ့ဒါတွေက အရမ်းစျေးကြီးလွန်းတယ်’’
ကျီယွဲ့က အဲ့အရာတွေအတွက် စိတ်မရှိပဲ
‘’အာ... အဲ့ဒါတွေက ဘာမှမဟုတ်ပါဘူး, အဲ့လောက်လဲစျေးမကြီးပါဘူး, ရှင်တွေးသလောက် တန်ဖိုးမရှိပါဘူးနော်, သုံးသာသုံးလိုက်ပါ ကျွန်မတို့က သူစိမ်းတွေမှ မဟုတ်တာ’’
ထန်ထန် က ပုံမှန်လိုမျိုးမပြောနိုင်ပေ, သူမကော အရင်ခန္ဓာပိုင်ရှင်ကော နှစ်ယောက်လုံး ကျီယွဲ့ နဲ့မရင်းနှီးပေ။
“ မဟုတ်တာ ကျွန်မအနေနဲ့ အဲ့ဒါတွေအတွက် ဘာမှမလုပ်ပေးခဲ့ဖူးဘူးလေ ကျီယွဲ့ ရယ်, ရှင့်အတွေးတွေကို ကျွန်မနားလည်ပါတယ် ဒါပေမယ့် ကျွန်မတကယ်ကိုပဲ လက်ခံလို့မဖြစ်လို့ပါ, ကျေးဇူးပြုပြီး ပြန်ယူလိုက်ပါနော်’’
သူမလက်ဆောင်ကို ထန်ထန် ဒီအတိုင်းလက်ခံမှာမဟုတ်မှန်း သူမ နားလည်လိုက်တယ်။ ဒါကြောင့် သူမမျက်လုံးကိုလှိမ့်လိုက်ပြီး
“ ကျွန်မအဲ့ဒါတွေကို ပို့ပေးပြီးပြီလေ ဘယ်လိုလုပ်ပြီးပြန်ယူရပါ့မလဲ...ပို့ပေးတာကိုတော့မပြောပါနဲ့တော့ ပြန်ပို့ပေးတာကျ မလွယ်ဘူးလေ, တစ်ချို့ပစ္စည်းတွေက အသယ်အပို့တွေများရင် လမ်းမှာပဲပျက်စီးတတ်တယ်, ရှင်လက်မခံချင်ဘူးဆိုရင်လဲ ကျွန်မတို့အလဲအလှယ်လုပ်ကြမလား... ကျွန်မအတွက်တစ်ခုခုချက်ပေးနိုင်မလား... ကျွန်မ ရှင့်ဟင်းချက်လက်ရာတွေကိုလွမ်းနေတာ...’’
‘’ဒါက…”
ထန်ထန် အနေနဲ့ သူမရဲ့ဟင်းတွေက ဒီပစ္စည်းတွေနဲ့ တန်ဖိုးညီတယ်လို့မထင်မိဘူး။ သူမအနေနဲ့ ဒီကိစ္စကို ဆက်ပြောနေမယ်ဆိုရင် ဆက်ဆံရေးတိုးတက်ဖို့လမ်းမမြင်တော့တဲ့အတွက် သူမခေါင်းကိုသာငြိမ့်လိုက်ကာ
“ အိုကေ, ကျွန်မ ရှင့်အတွက်တစ်ခုခုချက်ပေးပါရစေ, ချက်ပြီးရင် အသေးလေးနဲ့ ထည့်ပေးလိုက်ပါမယ်’’
“ ကောင်းလိုက်တာ, ကျွန်မ သဘောတူတယ်, အဲ့ဒါတွေကို စိတ်ချလက်ချနဲ့သာသုံးလိုက်တော့...’’
ကျီယွဲ့ ချက်ချင်းပဲပြောလိုက်တယ်
ဖုန်းပြောပြီးတဲ့နောက် ကုကျန်းအန်းက စပ်စုစွာနဲ့မေးလိုက်တယ်
. “ မင်းနဲ့ ထန်ထန် ဘယ်တုန်းက အဲ့လောက်ရင်းနှီးသွားကြတာလဲ... သူ့ကိုဘာတွေပို့ပေးလိုက်တာလဲ’’
သူမ ပြုံးလိုက်ပြီး ခြေထောက်ကို ကုကျန်းအန်းရှေ့သို့ရွေ့လိုက်ကာ
‘’ အချစ်လေး, ကျွန်မကို နှိပ်ပေးပါဦး, ကျွန်မ ခြေထောက်တွေ အရမ်းနာနေလို့…’’
ကုကျန်းအန်းက သူမခြေထောက်ကိုနှိပ်ပေးရင်းနဲ့ ဆူလိုက်တယ်
“ ဒီလောက်မြင့်တဲ့ဒေါက်ဖိနပ်တွေကို ဘယ်သူစီးခိုင်းတာလဲ ညတိုင်းခြေထောက်နာတယ်ဆိုပြီး ကိုယ့်ကိုပြောနေတာပဲ အဲ့ဒါမင်းအမှားပဲ”
" အာ... ရှင်တို့ယောကျာ်းလေးတွေက မိန်းကလေးတွေရဲ့ ဆွဲဆောင်တဲ့ အလှအပအဆင့်အတန်းကို နားမလည်ကြဘူးပဲ’’
ကျီယွဲ့က နှုတ်ခမ်းထော်လိုက်ပြီး စကားကိုပြန်ဆက်လိုက်တယ်
“ ရှောင်ကျိုး ကျွန်မကို ဒီနေ့ဖုန်းခေါ်တယ်လေ, သူ့မာမီပိုလှပလာအောင်ဘယ်လိုလုပ်ရလဲ သိချင်လို့တဲ့။ သူကတော်ရုံဆို ကျွန်မအကူအညီယူတာရှားတယ်လေ ပြီးတော့ ကျွန်မကိုပျော်အောင်လုပ်သွားသေးတယ်, အဲ့ဒါကြောင် ဒီအတိုင်း သူ့ကိုကူညီလိုက်ရုံပါ, ကျွန်မသုံးနေကျ အလှကုန်တွေကို ထန်ထန် အတွက်ပို့ပေးလိုက်တယ်လေ’’
ကုကျန်းအန်း. က ခေါင်းငြိမ့်လိုက်ပြီး သူမခြေထောက်ကိုဆက်နှိပ်ပေးနေတယ်။
‘’အာ , အချစ်လေး, ကျွန်မရှင့်ကိုမေးစရာရှိလို့, အရင်တုန်းက ရှင် ထန်ထန် ကိုတွေ့ဖူးလား...သူမက အရင်ကတည်းက ဒီလိုပုံစံပဲလား....’’
ကျီယွဲ့က ရုပ်ဆိုးတယ်ဆိုတဲ့ အသုံးအနှုန်းကို သတိထားပြီးရှောင်ပြောလိုက်တယ်။
သူမမေးပြီးတဲ့နောက် ကုကျန်းအန်း က ထန်ထန် ကိုပထမဆုံးတွေ့ဖူးတဲ့အချိန်ကို ပြန်စဉ်းစားနေတော့တယ်။
ကျိယန် နဲ့ ထန်ထန် လက်ထပ်မှတ်ပုံတင်ပြီးတဲ့နောက် ကျိယန် က သူမကို သူတို့အဖွဲ့ဆီခေါ်လာပြီး မိတ်ဆက်ပေးဖူးတယ်။ ဒါပေမယ့် အဲ့အချိန်ကို သူသေချာမမှတ်မိတော့ဘူး
“ ကိုယ်သေချာမမှတ်မိတော့ဘူး, သူမက မလှပါဘူး ဒါပေမယ့် အခုပုံစံထက် ပိုကြည့်ကောင်းပါတယ်’’
တစ်ယောက်ယောက်က ချောလွန်း ရုပ်ဆိုးလွန်းတယ်ဆိုရင် သူ့အနေနဲ့မှတ်မိလောက်တယ်။ သူမမှတ်မိဘူးဆိုမှတော့ ထနထန်က အဲ့အချိန်တုန်းက ပုံမှန်ရုပ်ရည်ပဲဖြစ်နိုင်တယ် ဒါကြောင့် သူမမှတ်မိတာပဲဖြစ်မယ်
“ သူမသာသေချာ ဂရုစိုက်လိုက်မယ်ဆိုရင် အသေအချာချောလာမှာပဲ ရှောင်ကျိုး လေးတောင် ဒီလောက်ခန့်ညားနေတာ သူ့အမေပုံစံဆိုရင် ရုပ်ဆိုးနေမှာမဟုတ်လောက်ဘူးလေ’’
ကုကျန်းအန်း က ကျီယွဲ့ စကားကို ဘာမှမတုံံ့ပြန်ပေ။ သူက မတ်တပ်ရပ်လိုက်ပြီး သူမ ကို သူတို့အခန်းဆီသို့ ပွေ့ချီသွားရင်းပြောလိုက်တယ်
“ ကောင်းပါပြီ, တခြားတစ်ယောက် ကြည့်ကောင်းတာ မကောင်းတာကို စဉ်းစားနေမယ့်အစား မင်းမှာအချိန်တွေပိုနေရင် ကိုယ့်ယောက်ကျားဘယ်လောက်တောင် ချောမောခန့်ညားနေလဲဆိုတာ စဉ်းစားသင့်တယ်”
ကျီယွဲ့ အကျယ်ကြီးအော်ရယ်မိတော့တယ်။
. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .
တခြားတစ်ဖက်မှာတော့ ထန်ထန်က သက်ပြင်းချလိုက်ပြီး ပုလင်းလေးတွေကို သူမအခန်းက စားပွဲပေါ်မှာ နေရာချလိုက်တယ်။ ထို့နောက် သူမရဲ့ကျေးဇူးတုံ့ပြန်မှုကို ဘယ်လိုဖော်ပြသင့်လဲစဉ်းစားလိုက်တယ်။ ပုံမှန်အားဖြင့် သူမဟင်းပွဲတစ်ချို့ချက်လိုက်သင့်တယ်၊ ဒါပေမယ့်လဲ အဲ့ဒါက မလုံလောက်ဘူးလို့ သူမခံစားမိတယ်။ တခြားတခုခုကိုလဲ သူမပေးချင်မိသေးတယ် မဟုတ်ရင် ဒီတန်ဖိုးကြီးလက်ဆောင်တွေကို သူမစိတ်အေးအေးနဲ့ အသုံးပြုနိုင်မှာ မဟုတ်ဘူး။
အချိန်အကြာကြီး သူမတွေးနေပေမယ့်လဲ, အကြံထွက်မလာပေ။ သူမဆီမှာ ပိုက်ဆံကော လက်၀တ်ရတနာကော တစ်ခုမှမရှိတဲ့အပြင် ချေးငှားဖို့လဲ မဖြစ်နိုင်ပေ။ ဒါကြောင့် သင့်တော်တဲ့လက်ဆောင်တစ်ခုခု ပြန်၀ယ်မပေးနိုင်ပေ။
သူမဘာလုပ်သင့်လဲ...
အဲ့ဒီကိစ္စကို အချိန်အတော်ကြာ သူမစဉ်းစားပြီးနောက် ကျီယွဲ့အတွက် သူမကိုယ်တိုင် တစ်ခုခုလုပ်ပေးဖို့ကိုသာ စဉ်းစားလို့ရတော့တယ်။ ဟင်းချက်တာအပြင့် သူမနောက်ထပ်ကျွမ်းကျင်တဲ့အရာကတော့ အရာ၀တ္ထုလေးတွေအဖြစ် ပန်းထိုးပေးတာပဲဖြစ်တယ်။
သူမအနေနဲ့ ကျီယွဲ့ ကို လက်ကိုင်ပုဝါတစ်ထည်လောက် ပန်းထိုးပေးရင်ကောင်းမလား...
ဒါပေမယ့် သူမအကြံကိုချက်ချင်းဖျက်လိုက်တယ်။ သူမ ပန်းထိုးထားတာကို တခြားသူကိုမပေးသင့်ဘူး။ အဲ့လိုသာဆိုရင် သူမက မူလပိုင်ရှင်မဟုတ်မှန်း ဖော်ပြသလို ဖြစ်သွားနိုင်တယ်။
အခုရက်ပိုင်း သူမကြည့်နေတဲ့ ယဉ်ကျေးမှုအမွေအနှစ်အစီအစဉ်မှာ အဲ့ဒီပန်းထိုးတာကို ဘယ်သူမှမလုပ်တော့မှန်း တွေ့မိတယ်။ အခုဆိုရင် ပန်းထိုးတတ်တဲ့သူတွေက အတော်လေးကိုရှားပါးနေပြီပဲဖြစ်တယ်။ မူလခန္ဓာကိုယ်ပိုင်ရှင်လဲ သေချာပေါက် ပန်းထိုးတတ်မှာ မဟုတ်လောက်ဘူး။ တကယ်လို့ သူမသာ အခုအချိန်မှာ ပန်းထိုးပေးလိုက်မယ်ဆိုရင် တခုခုမှားနေမှန်း တခြားသူတွေက အလွယ်တကူ သတိထားမိသွားနိုင်တယ်။
ရုတ်တရက် ဟင်းချက်ကျွမ်းကျင်လာတာက လက်ခံနိုင်ချေရှိတယ်။ ဒါပေမယ့် ရှားပါးကျွမ်းကျင်မှုဖြစ်တဲ့ ပန်းထိုးခြင်းကိုသာပြလိုက်မယ်ဆိုရင် ဒါက မယုံကြည်စရာ မဖြစ်နိုင်စရာတွေ ဖြစ်သွားနိုင်တယ်။
ပန်းထိုးပေးတာက မဖြစ်နိုင်ဘူးဆိုရင် တခြားတစ်ခုဖြစ်တဲ့ အပ်ချုပ်တာဆိုရင်ကော...သူမအနေနဲ့ အဓိက ပြဿနာက မူလခနာကိုယ်ပိုင်ရှင်က အပ်ချုပ်ပညာကိုတတ်ကျွမ်းလားဆိုတာပဲ။
သူမအတွေးထဲမှ သက်ပြင်းချလိုက်မိပြီး အတွေးပင်လယ်ထဲ နစ်မျောနေမိတယ်။ သူမရဲ့အချိန်ကာလမှာဆိုရင် အပ်ချုပ်ပညာရပ်က အမျိုးသမီးတွေအနေနဲ့ တတ်ထားရမယ့် ကျွမ်းကျင်မှုတစ်ခုထဲမှာပါဝင်တယ်။ အမျိုးသမီးတိုင်းငယ်စဉ်ကတည်းက ဒီပညာရပ်ကိုအဓိကထားပြီး သင်ကြားရတယ်။ ဒါပေမယ့် အခုအချိန်ကာလမှာတော့ ဒါတွေက သိသိသာသာကိုရှားပါးနေပြီး ယုံကြည်ဖို့ခက်ခဲလှတယ်။
ထန်ထန်က အပ်ချုပ်ပညာရပ်ကို သူမအသက် ငါးနှစ်အရွယ်ကတည်းက သင်ကြားခဲ့ရတာဖြစ်ပြီး အကြိမ်ပေါင်းများစွာလေ့ကျင့်ပြီးဖြစ်တယ်။ ဒါကြောင့် ဒီအရာက သူမကျွမ်းကျင်မှုတွေထဲက တစ်ခုပဲဖြစ်တယ်။
မူလခန္ဓာကိုယ်ပိုင်ရှင်အကြောင်းကို သူမသေသေချာချာ မသိသေးမှန်း ရုတ်တရက်သတိရသွားတယ်။ မူလပိုင်ရှင်ရဲ့ ကောင်းခြင်းဆိုးခြင်းတွေကိုသာသိရင် အနာဂါတ်မှာ သူမကိုယ်သူမ အလွယ်တကူ ထုတ်ဖော်မိမှာမဟုတ်တော့ဘူး။
ဒီအချက်ကိုတွေးရင်း သူမ ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး သူမအိပ်ခန်းအတွင်းမှာ စတင်ရှာဖွေတော့တယ်။ မူလပိုင်ရှင်ရဲ့အချက်အလက်တွေကိုသိဖို့ သူမအားလုံးကို ကြည့်ရှုဖို့လိုအပ်တယ်။
ကံမကောင်းစွာနဲ့ပဲ တခန်းလုံးကို အချိန်တော်တော်ကြာရှာဖွေပေမယ့်လဲ အသုံးဝင်တာ တစ်ခုမှမတွေ့ဘူးဖြစ်နေတယ်။ သူမရှာဖွေနေတဲ့အရာက လုံခြုံစွာလျှိုဝှက်ထားသလားမသိပေ။
ထန်ထန် အဆက်မပြတ်လှုပ်ရှားနေတာကိုတွေ့လိုက်တဲ့ ရှောင်ကျိုး က စပ်စုစွာနဲ့
“ မာမီ ဘာလုပ်နေတာလဲ.... ဘာရှာနေတာလဲ...’’
ထန်ထန်ကိ်ုယ်တိုင်လဲ သူမရှာဖွေနေတဲ့အရာက ဘာမှန်းမသိတဲ့အတွက်
“ မာမီ့ပစ္စည်းအဟောင်းတွေကို ရှာနေတာလေ, ဘယ်နားထားမိလဲ မာမီ မမှတ်မိတော့လို့’’
ရှောင်ကျိုး က မျက်တောင်ခတ်လိုက်ပြီး သူမကိုတစ်ချက်ကြည့်လိုက်ပြီး ပြေးထွက်သွားတယ်။ သိပ်မကြာခင်မှာပဲ စာအိတ်ကြီးတစ်ခုကိုယူလာကာ သူမအားပေးလိုက်တယ်
“ မာမီအတွက်’’
သူမ နားမလည်စွာနဲ့
“ ဒါကဘာလဲ..."
ရှောင်ကျိုးက အိပ်ယာပေါ်အကုန်သွန်ချလိုက်ပြီး ဖြေလိုက်တယ်
“ ဒါတွေက မာမီလွှင့်ပစ်ထားတာတွေလေ, အဖွားလီက အဲ့ဒါတွေကိုပြန်ကောက်ပြီး ဒါတွေကလွှင့်ပစ်လို့မရဘူးတဲ့’’
မူလပိုင်ရှင် လွှင့်ပစ်ထားတဲ့အရာတွေကို သူမချက်ချင်းပဲ တချက်ကြည့်လိုက်တယ်။ ပထမဆုံးပစည်းက အနီရောင်စာအုပ်ဖြစ်ပြီး အဖုံးပေါ်မှာ
တရုတ်ပြည်သူ့ သမတနိုင်ငံ လက်ထပ်လက်မှတ်...လို့ရေးထားတယ်။ ဒါဟာ စုံတွဲ တစ်တွဲလက်ထပ်ပြီးကြောင်း သက်သေပြတဲ့အရာတစ်ခုပဲ။ မူလပိုင်ရှင်က ဒီလောက်အရေးကြီးတာကို စွန်ပစ်မယ်လို့ သူမ မမျှော်လင့်ခဲ့မိဘူး။ သူမအခန်းထဲမှာ ဒါကိုမတွေ့ဖူးတာ အံ့ဩစရာမဟုတ်ပါဘူး။
ဘုရားရေ အန်တီလီသာ ကောက်မထားခဲ့ရင် ဒါတွေကပျောက်သွားတာ ကြာလှပေါ့။
သူမ အန်တီလီအပေါ် ပြောမပြတတ်အောင် ကျေးဇူးတင်နေမိတယ်။ ကံကောင်းလို့ သူမကောက်ယူပေးထားတာပဲ။ ထန်ထန် က အဲ့ဒါကို တဖက်သို့ရွေ့လိုက်ပြီး အခုချိန်ကစလို့ သူမဒါတွေကို မပျောက်အောင်စောင့်ရှောက်မယ်လို့ ဆုံးဖြတ်ချက်ချလိုက်တယ်။
လက်ထပ်မှတ်ပုံတင်စာချုပ်ကို ကြည့်ပြီးတဲ့နောက် သူမက တခြားအရာတွေကိုဆက်ကြည့်လိုက်တယ်။ လက်စွပ်မှလွဲ၍ တခြားသူမနားမလည်သော လက်မှတ် အနည်းငယ်ကိုတွေ့လိုက်တယ်။ ဒါတွေကို နောက်မှသူမစပ်စုတော့မယ်။
နောက်ဆုံးတစ်ခုအနေနဲ့ အဖုံးပေါ်မှာ A တက္ကသိုလ် မှဂုဏ်ပြုလက်မှတ် လို့ရေးထားတဲ့ အပြာရောင်အဖုံးနဲ့ တစ်ခုကို သတိထားမိသွားတယ်။
သူမ A တက္ကသိုလ်အကြောင်းကိုသိတယ်။ ဒါက ကျောင်းသားတွေအားလုံးတက်ချင်တဲ့ တက္ကသိုလ်တစ်ခုဖြစ်ပြီး ၀င်ခွင့်ရဖို့ အမှတ်များစွာလိုအပ်တဲ့ တက္ကသိုလ်တစ်ခုဖြစ်တယ်။
ထန်ထန် အနေနဲ့ မူလခန္ဓာကိုယ်ပိုင်ရှင်က ဒီလိုကောင်းမွန်တဲ့ ကျောင်းကိုတက်ခဲ့လိမ့်မယ်လို့ သူမ မထင်ထားခဲ့ဘူး။ သူမက မူလပိုင်ရှင်ကို အသုံးမ၀င်ဘူးလို့ မှတ်ယူထားတာဖြစ်တယ်။ ကြည့်ရတာ သူမ မှားယွင်းသွားပုံပဲ။
အဖုံးကိုလျင်မြန်စွာဖွင့်လိုက်တဲ့အခါ အထဲမှာ စာရွက်အပိုင်းအစကိုတွေ့လိုက်ရတယ်။ အဲ့မှာ သူမနာမည်ကိုရေးထားပြီး အနုပညာဌာနနဲ့အ၀တ်အစားဒီဇိုင်မေဂျာ ဟုပါရှိတယ်။
အချိန်အတော်ကြာ လေ့လာပြီးနောက် ထန်ထန်အဲ့ဒါကို နားမလည်နိုင်သေးဘူးဖြစ်တယ်။ ဒါကြောင့် သူက အသေးလေးကိုမေးလိုက်တယ်
“ ပေါင်ပေါင်, အနုပညာဌာန နဲ့ အ၀တ်အစားဒီဇိုင်းမေဂျာ ဆိုတာ ဘာလဲ...’’
ကျိရှောင်ကျိုး သူလဲမသိတဲ့အတွက် ကြောင်သွားတယ်။
ကံကောင်းစွာနဲ့ပဲ တစ်ခုခုကို သူနားမလည်ရင် တစ်စုံတစ်ယောက်ကိုမေးတတ်တဲ့ ကောင်းမွန်တဲ့အကျင့်ရှိတယ်။ ဒီတစ်ကြိမ်တော့ သူက ကျိုးကျီ ဆီက အကူအညီယူတော့တယ်။ ကျိုးကျီက ရှောင်ကျိုးကို စပ်စုတတ်တဲ့ ကလေးလို့ယူဆလိုက်ပြီး သေသေချာချာ ရှင်းပြလိုက်တယ်။
သူမကလဲ ဘေးကနေအတူတူ နားထောင်နေတာဖြစ်တယ်။ ရှင်းပြပြီးတဲ့အခါမှာတော့ သူမ မျက်လုံးတွေတောက်ပသွားပြီး အသေးလေးလုပ်နေကျလို အိပ်ယာပေါ်မှာ ပျော်လွန်းလို့ လှိမ့်ချင်စိတ်တွေပေါက်နေတော့တယ်။
မူလပိုင်ရှင်က အ၀တ်အစားချုပ်တာနဲ့ ပတ်သတ်ပြီး လေ့လာခဲ့တဲ့အတွက် ဘယ်လိုချုပ်ရမလဲဆိုတာ သိပြီးဖြစ်မယ် ဒါက အပ်ချုပ်ပညာရပ်ကို တတ်တာနဲ့အတူတူပဲပေါ့။ သူမအနေနဲ ပန်းထိုးခြင်းပညာရပ်ကို မသိသလိုနေစရာမလိုတော့ဘူး။ ဒီပညာရပ်တွေကို အသုံးချလို့ရပြီဖြစ်တယ်။
ကောင်းကင်က သူမကိုကြည့်ရှု့စောင့်ရှောက်နေတာပဲ။ သူမအနေနဲ့ ကျေးဇူးအထူးတင်တယ်လို့ ခံစားလိုက်မိတယ်။ ဒါပေမယ့် မူလပိုင်ရှင်ကို သူမပိုပြီးတောင် ကျေးဇူးတင်နေမိတယ်။ သူမက အ၀တ်အစားဒီဇိုင်းတွေကို သင်ယူခဲ့တယ်လေ။
အားလုံးကဒီလိုဖြစ်နေမှတော့ ကျီယွဲ့ အတွက် သူမဖိနပ်တစ်ရံ လုပ်ပေးနိုင်ပြီဖြစ်တယ်။ အဲ့ဒါက အရမ်းတန်ဖိုးမကြီးပေမယ့်လဲပေါ့, ဒါက ထန်ထန် သူမကိုပေးနိုင်တဲ့ အကောင်းဆုံးအရာပဲဖြစ်တယ်။
အသုံး၀င်တဲ့အချက်အလက်တွေကို လေ့လာပြီးတဲ့နောက် သက်သောင့်သက်သာဖြစ်သွားတယ်လို့ ခံစားလိုက်ရတယ်။ သူမ ခံစားချက်တွေကောင်းမွန်နေတဲ့အတွက် ကျီယွဲ့ ပို့ပေးတဲ့ စကင်ကဲ တွေအားလုံးကို ကြိုးစားပြီး လေ့လာနေတော့တယ်။
ဒါတွေသုံးရုံနဲ့ ကျီယွဲ့ လိုမျိုး လှပနိုင်လားဆိုတာ သူမတွေးနေမိတယ်။ သူမ မှတ်မိသလောက်ဆိုရင် ကျီယွဲ့က ဖြူဖွေးနူးညံ့တဲ့အသားအရည်နဲ့ ကျက်သရေရှိတဲ့ ဆံပင်ရှည်ကြီးတွေပိုင်ဆိုင်ထားတယ်။
သူမနှလုံးသားလေး ဂနာမငြိမ်ဖြစ်လာပြီး စမ်းသုံးကြည့်ဖို့ကို မစောင့်နိုင်ဘူးဖြစ်နေတော့တယ်။
မျက်နှာပေါ်က ဒဏ်ရာများကြောင့် စကင်ကဲ တွေကို အသုံးပြုလို့မရသေးပေမယ့် သူမဆံပင်အတွက်တော့ အသုံးပြုလို့ရပြီဖြစ်တယ်။ ဆံပင်က မျက်နှာလိုပဲ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပဲဖြစ်တယ်။ သူမ ဆံပင်တွေကို မြက်ခြောက်တွေလိုမျိုး ပစ်မထားနိုင်ပါဘူး။
အဲ့ဒီညမှာပဲ ကျီယွဲ့ ပေးတဲ့ ပစည်းတွေနဲ့ သူမဆံပင်ကို အသုံးပြုတော့တယ်။ အဲ့ဒါတွေက လျော်ဖို့ လိမ်းဖို့နဲ့ ပေါင်းတင်ဖို့တွေပါ ပါ၀င်တယ်။ အားလုံးပြီးစီးဖို့အတွက် သူမ အချိန်နှစ်နာရီတောင် ယူလိုက်ရတယ်။ ဘေးနားမှာ စောင့်ကြည့်နေတဲ့ ကျိရှောင်ကျိုး ပင် မခံမရပ်နိုင်ဖြစ်ပြီး မိန်းမတွေက အရမ်းကြောက်စရာကောင်းတာပဲလို့ တွေးနေတော့တယ်။
သူမကတော့ အချိန်ယူရတာကို စိတ်အနှောက်အယှက်မဖြစ်တဲ့အပြင့် ပျော်ရွှင်နေတော့တယ်။ အားလုံးပြီးသွားတဲ့အခါ သူမစိတ်ထင်နေတာကြောင့်ပဲလား မသိပေမယ့် သူမဆံသားတွေက ပိုမိုကောင်းမွန်လာတယ်လို့ ခံစားနေမိတယ်။
စိတ်ပိုင်းဆိုင်ရာကြောင့်ပင်ဖြစ်ပါစေ သူမအနေနဲ့ ဒါက သူမပိုလှပလာမယ်လို့ မျှော်လင့်နေမိတယ်။
(ထိုညမှာပဲ သူမအိမ်မက် မက်ခဲ့တယ်။ အိမ်မက်ထဲမှာ သူမတကယ်ကိုလှပသွားခဲ့ပြီး ပိန်သွယ်တဲ့ခနာကိုယ် ပျော့ပြောင်းနေတဲ့ဆံပင်ရှည် ဖြူဖွေးနေတဲ့အသားအရည် တွေနဲ့ အဖြူရောင်၀တ်စုံကို၀တ်ဆင်ထားပြီး နေရောင်အောက်မှာ နတ်သမီးတစ်ပါးလို လှပနေခဲ့တယ်။
ကျိရှောင်ကျိုး က သူမကိုကြည့်နေရင်း အေးခဲသွားရတယ်။ သူ့လက်ထဲက မုန့်ကိုတောင် မေ့သွားပြီး သူမဆီကိုပြေးလာတယ်။ သူက သူမခြေထောက်တွေကိုဖက်ထားရင် သူမကိုမြှောက်ပင့်နေတယ်
“ မာမီ, မာမီက အရမ်းအရမ်းလှတာပဲ’’
ထန်ထန် က ရှက်ရွံစွာနဲ့ ပြုံးလိုက်ပြီး အသေးလေးကို ငုံ့နမ်းလိုက်တယ်
“ ကျေးဇူးပဲ ပေါင်ပေါင်’’
ထို့နောက် ယူနီဖောင်း၀တ်ထားတဲ့ ကျိယန် လမ်းလျောက်၀င်လာတာကို တွေ့လိုက်ရတယ်။ အဖြူရောင်၀တ်စုံ ၀တ်ဆင်ထားတဲ့ သူမကိုတွေ့ပြီးတဲ့နောက် သူလဲပဲအေးခဲသွားတယ်။ သူမကို ကြည့်နေတဲ့ သူမျက်၀န်းတွေက တောက်ပနေပြီး သူမက သူ့ဇနီးဖြစ်ကြောင်း သေချာအောင် အချိန်တစ်ခုယူနေတာကို တွေ့လိုက်ရတယ်။ သူက သူမဆီသို့ လျောက်လာပြီး သူမမျက်နှာကို သူ့လက်နဲ့ထိတွေ့လိုက်ကာ ရေရွတ်လိုက်တယ်
“ ထန်ထန် မင်းအရမ်းလှတာပဲ’’
သူမ အရမ်းကိုရှက်နေပြီး သူကိုမကြည့်ရဲအောင်ဖြစ်နေကာ သူမမျက်နှာက မက်မွန်ပန်းပွင့်လေးတွေလို အနီရောင်သို့ပြောင်းလာနေတယ်။
ကျိယန် က သူမအလှကိုကြည့်နေရင်း သူ့ရဲ့ စိတ်တွေက ပြန့်ကျဲနေတယ်။ သူက သတိလက်လွတ်နဲ့ သူမကိုနမ်းဖို့ လျောက်လာတယ်။
သူမခြေချောင်းလေးတွေ ကွေးသွားပြီး သူမနှုတ်ခမ်းမှ ရယ်သံတွေထွက်ကျလာတော့တယ်။) (အိပ်မက်ကောင်းနေမှနှောက်ယှက်တာ😂)
‘’ မာမီ ! မာမီ ! မြန်မြန်ထပါတော့ ! “
ထန်ထန် လှုပ်နှိုးမှုနဲ့ အော်သံကြောင့် နိုးသွားတော့တယ်။ သူမမျက်လုံးတွေကို ဖွင့်လိုက်တဲ့အခါ ရှောင်ကျိုး ရဲ့ မျက်နှာကို အနီးကပ်တွေ့လိုက်ရတယ်။ အသေးလေးက မျက်မှောင်ကြုတ်ထားပြီး သူမကိုကြည့်နေတယ်။
‘’ ဘာဖြစ်လို့လဲ ပေါင်ပေါင်’’
သူမက အိပ်ချင်မူးတူးလေသံနဲ့ အသေးလေးကို မေးလိုက်တယ်။
သူမ နိုးလာတာ သေချာမှ အသေးလေး က သက်ပြင်းချလိုက်တယ်။ သူက သူမကိုပြေးဖက်လိုက်ပြီး
“ သားအရမ်းစိတ်ပူနေတာ, မာမီက အိပ်နေရင်းရယ်နေတာ, အဲ့ဒါအရမ်းကြောက်ဖို့ကောင်းတာပဲ, အိပ်မက်ဆိုးမက်နေတာလား, မာမီ, ဒါပေမယ့် အိပ်မက်ဆိုးမက်တာမို့လို့ မငိုရဘူးလေ’’
ထန်ထန် အေးခဲသွားတယ်။ သူမ အိမ်မက်ကို သတိရသွားပြီး ချက်ချင်းပဲ ပါးတွေရဲတက်လာတော့တယ်။ အရမ်းရှက်ဖို့ကောင်းတယ်လို့ ခံစားလိုက်ရပြီး
‘’ မဟုတ်ပါဘူး မာမီအိမ်မက်ဆိုး မက်တာမဟုတ်ဘူး’’
ရှောင်ကျိုး က သူမနဖူးကို လက်နဲ့စမ်းလိုက်ရင်း
“ မာမီ, ဘာလို့ မျက်နှာကနီနေတာလဲ... ဖျားနေတာလား...’’
သူမလက်ကိုယမ်းလိုက်ကာ
“ မဟုတ်ပါဘူး မာမီမှာ အဖျားမရှိပါဘူး, နည်းနည်းပူတယ်လို့ ခံစားမိရုံပါ, ခဏနေရင် ကောင်းသွားမှာပါ’’
ကျိရှောင်ကျိုးသက်ပြင်းချလိုက်ပြီး သူမကို တစ်ချက်နမ်းကာ အိပ်ယာပေါ်မှဆင်းပြီး ရေချိုးခန်းထဲသို့၀င်သွားတော့တယ်
“ မာမီ, သားသွားတိုက်လိုက်ဦးမယ်, မြန်မြန်ထတော့’’
ရှောင်ကျိုး အရိပ်လေး အခန်းထဲမှပျောက်သွားတဲ့အခါမှ သူမမျက်နှာကိုအုပ်ရင်း တိတ်တဆိတ်အော်ဟစ်နေမိတယ်။ သူမအရမ်းရှက်နေမိတယ်။ သူမက ကျိယန် သူမကိုဒီလိုကိစ္စတွေလုပ်မယ်ဆိုလို့ စိတ်ကူးယဉ်ပြီး အိမ်မက်မက်နေတယ်….အား…အား… သူမ ဘာလို့အရှက်မရှိရတာလဲ။
တစ်စုံတစ်ခုကိုဆက်တိုက်တွေးနေရင် အိမ်မက်မက်တတ်တယ်လို့ ကြားဖူးတယ်။ ဒါက သူမလိုချင်တာတွေများလား ဖူး… အဲ့ဒါအမှန်မဟုတ်ပါဘူး။ သူမ ခေါင်းက ယာယီပျက်စီးသွားတာပဲဖြစ်မယ်။
ထန်ထန် တွေးနေတာကိုရပ်လိုက်တယ်။ ထို့နောက် အိပ်ယာမှထကာ သူမလုပ်နေကျဖြစ်တဲ့ မနက်စာလုပ်ဖို့အတွက် မီးဖိုချောင်ထဲသို့ ၀င်သွားလိုက်တော့တယ်။