Ch 1
Viewers 472

ငါးဆားနယ် ကိုယ်လုပ်တော်


အပိုင်း ၁





"အား... Host! မြန်မြန်လုပ်၊ ဇီးပန်းဥယျာဉ်ကို အပြေးသွားတော့။ အခု ဧကရာဇ်မင်းမြတ် အဲဒီမှာ ရှိနေတယ်လေ။ ဒီအခွင့်အရေးသာ လွတ်သွားရင် မတော်တဆ ဆုံတွေ့သလို ဟန်ဆောင်ဖို့ နောက်တစ်ကြိမ် ဘယ်တော့မှ အခွင့်အရေးရမှာ မဟုတ်ဘူး။ မြန်မြန် ပြင်ဆင်ပြီး ထွက်တော့"



ယွီမြောင်ဟွာသည် သူမ၏ ဦးနှောက်ထဲမှ အလန့်တကြား အော်ဟစ်နေသည့် အသံကို လျစ်လျူရှုထားကာ၊ ယခုလေးတင် ခူးဆွတ်ထားသည့် ခရမ်းသီးကို စနစ်အား ပျော်ပျော်ရွှင်ရွှင် ထုတ်ကြွားနေလိုက်သည်။



"ကြည့်စမ်း စနစ်... ဒီခရမ်းသီးရဲ့ ဝိုင်းစက်နေတဲ့ ပုံစံနဲ့ ရတနာတစ်ပါးလို ပြောင်လက်နေတဲ့ အခွံအရောင်ကို။ ဒါဟာ တကယ့်ကို ခရမ်းသီးတွေရဲ့ ဘုရင်ပဲ။ ဒါတွေအားလုံးကို ငါ့လက်နဲ့ကိုယ်တိုင် စိုက်ခဲ့လို့ပေါ့။ ဒီညစာအတွက်တော့ စိတ်ချရပြီ၊ ချွေ့ဝေကို ပဲသီးနဲ့ ခရမ်းသီး အချိုကြော် ခိုင်းရမယ်"



"Host ရယ်... ကျွန်တော်ကို ဒူးထောက်တောင်းပန်အောင် မလုပ်ပါနဲ့။ အဲဒီ ခရမ်းသီးကို ခဏမေ့ထားစမ်းပါ။ နန်းတွင်းလုပ်ကြံမှု တာဝန်တွေ ပြီးမြောက်ဖို့က ပိုအရေးကြီးတယ်လေ"



"စိတ်အေးအေးထားစမ်းပါ၊ အရင်ဆုံး အကောင်းဆုံး ပဲသီးတွေကို အရင်ရွေးပါရစေအုံး။ အပြစ်အနာအဆာ ကင်းတဲ့ ပဲသီးတွေမှသာ ငါ့ရဲ့ ခရမ်းသီးနဲ့အတူ ဒယ်အိုးထဲ ပါဝင်ခွင့်ရှိတာ" 



ယွီမြောင်ဟွာသည် သူမ၏ စိတ်ထဲတွင် တကျီကျီ နားပူနားဆာ လုပ်နေသည့် စနစ်ကို ဂရုမစိုက်ဘဲ ထားလိုက်ပြီး၊ "မြင်ပေမဲ့ မသိချင်ယောင်ဆောင်" သည့် နည်းလမ်းဖြင့် ကျွမ်းကျင်စွာ တုံ့ပြန်နေလေ၏။



ယွီမြောင်ဟွာသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ၌ နန်းတွင်းသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ သူမ မည်သူ့ကို သွားရောက် စိတ်အနှောင့်အယှက် ပေးမိသည်အား မသိသော်လည်း၊ နန်းတွင်းရောက်ပြီး ဆယ့်ငါးရက်အတွင်းမှာပင် သူမ သဲ့ဖေးထံ လက်ဆောင်ပေးခဲ့သော သစ်ခွပန်းတွင် အဆိပ်များ တွေ့ရှိခဲ့ရ၏။ 



ထို့နောက် သူမ၏ အဆောင်၌လည်း ထိုအဆိပ်မျိုးနှင့် တူညီသော အဆိပ်ပုလင်းငယ်ကို တွေ့ရှိခဲ့ရသည့်အပြင်၊ သူမ၏ အစေခံမလေး ယွီကျူးကလည်း သူမသည် မနာလိုစိတ်ဖြင့် သဲ့ဖေးအား အဆိပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သက်သေထွက်ဆိုခဲ့သည်။ သက်သေနှင့် အထောက်အထားများ ခိုင်လုံနေသဖြင့် ယွီမြောင်ဟွာမှာ "ကွေ့ရန်" ဂုဏ်ပုဒ်အား ရုပ်သိမ်းခံရကာ အရပ်သားအဆင့်သို့ ရာထူးအချခံလိုက်ရပြီး အအေး နန်းဆောင်ဆီသို့ နှင်ထုတ်ခြင်း ခံခဲ့ရ၏။



ကံဆိုးမှုဆိုသည်မှာ တစ်ခုတည်း လာလေ့မရှိပေ။ အအေး နန်းဆောင်၏ ကြမ်းတမ်းလှသော ပတ်ဝန်းကျင်ကြောင့် သူမသည် မကြာမီမှာပင် အပြင်းအထန် ဖျားနာကာ အိပ်ရာထဲ လဲတော့သည်။ သူမအပေါ် သစ္စာရှိလှသော အစေခံမလေး နှစ်ယောက်သာ သူတို့၏ စုဆောင်းငွေများကို အသုံးပြုပြီး နန်းတွင်းသမားတော်အား မခေါ်ပေးခဲ့ပါက သူမ ထိုနေရာမှာပင် သေဆုံးသွားနိုင်၏။



ထိုခက်ခဲသော အခြေအနေများကြောင့် သူမသည် ခေတ်သစ်ကမ္ဘာရှိ သူမ၏ အတိတ်ဘဝမှတ်ဉာဏ်များကို ပြန်လည်ရရှိခဲ့ပြီး၊ ဧကရာဇ်၏ မျက်နှာသာပေးမှုကို ရယူလိုသည့် ဆန္ဒများလည်း လုံးဝ ကွယ်ပျောက်သွားခဲ့တော့သည်။ ဒုတိယအကြိမ် ဘဝသစ် ရလာသော်လည်း သူမ၏ ဉာဏ်ရည်မှာ မှော်ဆန်စွာ တိုးတက်လာခြင်း မရှိကြောင်း သူမကိုယ်တိုင် သိရှိနားလည်ထား၏။ နန်းတွင်းရေး တိုက်ပွဲဆိုသည်မှာ အလွန်တရာ ထက်မြက်သူများသာ ကစားသည့် ဂိမ်းတစ်ခု ဖြစ်သဖြင့် သူမ မပါဝင်ချင်တော့ချေ။



အအေး နန်းဆောင်သည် ထင်သလောက် ဆိုးရွားမနေခဲ့ပေ။ ပတ်ဝန်းကျင်က တိတ်ဆိတ်ပြီး လေကောင်းလေသန့် ရသည့်အပြင် ကျယ်ဝန်းသော ရင်ပြင်ကြီးလည်း ပါရှိရာ သူမ၏ အတိတ်ဘဝ စံနှုန်းနှင့် တိုင်းတာလျှင် တကယ့်ကို ဇိမ်ခံဗီလာကြီး တစ်ခုပင် ဖြစ်သည်။ သူမ၏ အတိတ်ဘဝ၌ အရိုးကျေအောင် အလုပ်လုပ်ခဲ့လျှင်တောင် မြို့တော်၌ ဤကဲ့သို့သော နေရာမျိုးကို သူမ ဘယ်သောအခါမှ ပိုင်ဆိုင်နိုင်မည် မဟုတ်ပေ။



ထို့ကြောင့် ယွီမြောင်ဟွာသည် သူမ၏ အေးချမ်းလှသော ဘဝသစ်ကို လက်ခံလိုက်ပြီး အစေခံမလေး နှစ်ယောက်နှင့်အတူ ထိုအအေး နန်းဆောင်အား သူမ၏ ကိုယ်ပိုင် စိုက်ပျိုးရေးခြံလေးအဖြစ် ပြောင်းလဲလိုက်၏။



သူတို့သည် အသုံးမပြုသော အဆောင်များကို ကြက်မွေးမြူရန် ပြင်ဆင်လိုက်ပြီး ခြံဝန်းရှိမြေအား ဟင်းသီးဟင်းရွက်ဥယျာဉ်အဖြစ် ပြောင်းလဲကာ ခရမ်းသီး၊ ပဲသီးနှင့် အခြားသော သီးနှံများကို စိုက်ပျိုးခဲ့ကြသည်။



ဆန်နှင့် ဟင်းခတ် အမွှေးအကြိုင်များအတွက်မူ သူတို့သည် ကြက်ဥများနှင့် လဲလှယ်လိုက်ကြ၏။ နန်းတွင်းစားဖိုဆောင်သည်လည်း ဂုဏ်သရေ ကျဆင်းသွားသော ကိုယ်လုပ်တော်တစ်ဦးအတွက် ဟင်းချက်ပေးရမည်ကို ငြီးငွေ့နေသဖြင့်၊ ရိက္ခာအချို့ကို ဖြတ်တောက်ကာ ကျန်ရှိသော ကုန်ကြမ်းများကိုသာ သူမထံ တိုက်ရိုက် ပို့ပေးရန် ဝမ်းမြောက်ဝမ်းသာ သဘောတူခဲ့ကြလေသည်။



ရင်ပြင်ထဲတွင် ဟင်းသီးဟင်းရွက်များ ဝေဆာလာပြီး ကြက်များလည်း တုတ်တုတ်ဖြိုးဖြိုးဖြင့် ဥများ စတင်ဥလာသည့် အချိန်မှာပင်... နန်းတွင်းလုပ်ကြံမှုစနစ်က ရောက်ရှိလာခဲ့၏။



"Host... ရှေ့ကိုသာ တိုးလိုက်ပါ။ ကျွန်တော်ပေးတဲ့ တာဝန်တွေကို ပြီးမြောက်အောင် လုပ်ဆောင်မယ်ဆိုရင်၊ အခြားကိုယ်လုပ်တော်တွေကို နင်းခြေပြီး မိဖုရားခေါင်ကြီးကိုပါ နန်းချနိုင်ပါလိမ့်မယ်။ ဂုဏ်သရေရှိတဲ့ မိဖုရားကြီး ဖြစ်လာဖို့ဆိုတာ လက်တစ်ကမ်းမှာတင် ရှိနေပါပြီ"



"ပထမဆုံးအနေနဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ဒီအအေး နန်းဆောင်ကနေ ထွက်သွားဖို့၊ ဧကရာဇ်နဲ့ ဆုံတွေ့ဖို့နဲ့ သင့်မှာ အပြစ်မရှိကြောင်း သက်သေပြဖို့ပါပဲ။ ဒီတာဝန်ကို ပြီးမြောက်အောင် လုပ်နိုင်ရင် တစ်နှစ်ကို သုံးသီးစား စပါးမျိုးစေ့တွေကို ရရှိမှာပါ။ ရာထူးတိုးတာနဲ့ ချမ်းသာကြွယ်ဝမှုတွေက မကြာခင် ရောက်လာတော့မှာပါ"



စနစ်၏ အားတက်သရော ပြောဆိုချက်များကို ပြန်လည်တွေးတောရင်း ယွီမြောင်ဟွာမှာ ခေါင်းခါယမ်းမိသည်။ သူမသည် စိတ်ဝင်စားခြင်း မရှိပေ။ လက်ရှိဘဝက အကောင်းဆုံးပင် ဖြစ်၏။ အကယ်၍ သူမသာ ယခုအချိန်တွင် ဧကရာဇ်အား သွားရောက်ရှာဖွေပါက လက်ရှိ ပိုင်ဆိုင်ထားသော အအေး နန်းဆောင်ကိုပင် ဆုံးရှုံးသွားနိုင်သည်။



ခရမ်းသီး နောက်ထပ်နှစ်လုံး ခူးပြီးနောက် သူမသည် ပဲသီးခင်းဘက်သို့ ကူးလိုက်ပြန်၏။



နန်းတွင်းလုပ်ကြံမှုစနစ် - "Host... အဲဒီပဲသီးတွေကိုပဲ အာရုံမစိုက်နေပါနဲ့။ Host က စားဖို့၊ စားဖို့၊ စားဖို့ပဲ သိတာပဲလား။ သမိုင်းတွင်မဲ့ ဂုဏ်သရေရှိ မိဖုရားကြီး မဖြစ်ချင်ဘူးလား"



နန်းတွင်းလုပ်ကြံမှုစနစ် -  "အနည်းဆုံးတော့ အချစ်တော် ကိုယ်လုပ်တော်အဆင့်ကိုပဲ ဖြစ်ဖြစ် ရောက်အောင် ကြိုးစားပါအုံး"



နန်းတွင်းလုပ်ကြံမှုစနစ် - "အခုချက်ချင်း ဇီးပန်းဥယျာဉ်ကို မသွားဘူးဆိုရင် ဧကရာဇ်မင်းမြတ် ထွက်သွားတော့မှာနော်"



နန်းတွင်းလုပ်ကြံမှုစနစ် -  "အား... ဒီနေ့ သူက စိတ်ကြည်နေတာ။ Host စကားကိုလဲ နားထောင်နိုင်ခြေ ရှိတယ်။ ဒီလိုအခွင့်အရေးက နောက်တစ်ခါ လာမှာ မဟုတ်ဘူး"



နန်းတွင်းလုပ်ကြံမှုစနစ် - "ဝါး... သူ ထွက်သွားပြီ! သုံးလတောင် ကြာသွားပြီ၊ ကျွန်တော်တို့ တစ်ခုတောင် ပြီးအောင် မလုပ်နိုင်သေးဘူး။ Host က ကျွန်တော်တွေ့ဖူးသမျှထဲမှာ အဆိုးဆုံး Host ပဲ။ Host ကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး၊ ဘယ်တော့မှပဲ"



စနစ်၏ ငြီးတွားသံများက အလွန်အမင်း ဆူညံလွန်းလှသဖြင့် ယွီမြောင်ဟွာသည် သူမ၏ စိတ်အေးချမ်းစေရန် စနစ်အား ကျွမ်းကျင်စွာဖြင့် "အသံပိတ်" လိုက်တော့သည်။



အစကတည်းက သူမသည် ဤနန်းတွင်းလုပ်ကြံမှုစနစ်နှင့် ချိတ်ဆက်လိုစိတ် မရှိခဲ့ပေ။ သူမ တဝက်တပျက် အိပ်ပျော်နေစဉ် ထိုစနစ် ပေါ်လာခဲ့ခြင်းဖြစ်ပြီး အိပ်မက်ဟု ထင်ကာ သတိလက်လွတ်ဖြင့် သဘောတူလိုက်မိရာမှ ယခုကဲ့သို့ စနစ်နှင့် တွဲပါလာရခြင်းပင်။



ယွီမြောင်ဟွာသည် အခြား မြေကွက်လပ်တစ်ခုဆီသို့ လျှောက်သွားကာ ကြက်သွန်မြိတ်တစ်ဆုပ်ကို ဆွတ်လိုက်၏။ "ချင်းလျို ဒီညစာအတွက် ခရမ်းသီးနဲ့ ပဲသီးအချိုကြော်လေး စားချင်တယ်"



သူမ၏ အစေခံမလေးနှစ်ယောက် ဖြစ်သည့် ချင်းလျိုနှင့် ချွေ့ဝေတို့မှာ ကိုယ်စီ အရည်အချင်း ရှိကြလေသည်။ တစ်ဦးမှာ ပန်းထိုးခြင်းနှင့် အပ်ချုပ်ခြင်းတွင် ကျွမ်းကျင်ပြီး အခြားတစ်ဦးမှာ ဟင်းချက်ကောင်းသူ ဖြစ်၏။



ချင်းလျိုက ရွှင်ပျစွာဖြင့် သဘောတူခဲ့သည်။ "တခြား ဘာစားချင်သေးလဲ သခင်မ။ ကြက်ဥပေါင်းလား၊ ဒါမှမဟုတ် ကြက်ဥနဲ့ သခွားသီးကြော်မလား" 



ထိုစဉ် ချွေ့ဝေသည် ခြင်းတောင်းတစ်လုံးကို ကိုင်လျက် ခြံဝင်းထဲသို့ ဝင်လာ၏။ "မှိုနဲ့ ကြက်သားစွပ်ပြုတ်ကော ဘယ်လိုလဲ။ ဒီနေ့ လတ်ဆတ်တဲ့ မှိုအချို့ ခူးလာခဲ့တယ်" 



မှိုနှင့် ကြက်သားစွပ်ပြုတ် ချက်နည်းကို ယွီမြောင်ဟွာက ချင်းလျိုအား သင်ကြားပေးထားခြင်း ဖြစ်သည်။ သို့သော် သူမမှာ စာတွေ့သာ သိရှိခြင်း ဖြစ်သဖြင့်၊ ကိုယ်တိုင်ချက်လျှင်မူ အရသာမှာ... မရေမရာပင်။



ကျင်းဟွာနန်းဆောင် (အအေး နန်းဆောင်) သို့ နှင်ထုတ်ခံထားရသော်လည်း ယွီမြောင်ဟွာသည် ထိုနန်းဆောင်၏ တံတိုင်းအတွင်း၌သာ ပိတ်လှောင်မနေခဲ့ပေ။ ထိုနေရာတွင် စောင့်ကြပ်သူများ မရှိသလို အနီးအနားရှိ သစ်သီးခြံကိုလည်း သွားလာခွင့် ရှိ၏။ နန်းဆောင်တံတိုင်း တစ်နေရာ၌ ခွေးတိုးပေါက်တစ်ခုတောင် ရှိနေပြီး ယခင် နှင်ထုတ်ခံခဲ့ရဖူးသော ကိုယ်လုပ်တော် တစ်ဦးဦးက တူးထားခဲ့ပုံရသည့် ထိုအပေါက်သည် သစ်သီးခြံဆီသို့ တိုက်ရိုက် ရောက်ရှိသည်။



ယွီမြောင်ဟွာ၏ စိတ်အခြေအနေမှာ ရွှင်လန်းသွားရ၏။ "ဒါဆို ဒီညစာအတွက် ခရမ်းသီးပဲသီးကြော်၊ မှိုကြက်သားစွပ်ပြုတ်၊ ပြီးတော့ ကြာဆံနဲ့ ဂေါ်ဖီထုပ်လဲ ထည့်ချက်ကြတာပေါ့" 



သူတို့တွင် ကြက် တစ်ဒါဇင်ကျော် ရှိသဖြင့် ညစာအတွက် တစ်ကောင် စတေးလိုက်ရခြင်းမှာ ပြဿနာ မဟုတ်ပေ။ သူမသည် ချွေ့ဝေ ခူးလာသော မှိုများကို စစ်ဆေးကြည့်ရာ အားလုံးမှာ စားသုံးရန် ဘေးကင်းသော အမျိုးအစားများသာ ဖြစ်ကြောင်း တွေ့ရသည်။ သူမ၏ အတိတ်ဘဝ ကျေးလက်ဒေသတွင် နေထိုင်ခဲ့မှုကြောင့် မည်သည့်အရာက စားသုံးနိုင်သည်ကို သူမ ကျွမ်းကျင်စွာ သိရှိလေသည်။



ချင်းလျိုက ဟင်းသီးဟင်းရွက်နှင့် မှိုများကို ဆေးကြောရန် ယူသွားစဉ်၊ ချွေ့ဝေကမူ လက်ကိုင်ပဝါများ ချုပ်ရန် ပန်းထိုးဘောင်ကို ပြင်ဆင်လိုက်၏။ ဤလက်ကိုင်ပဝါများကို အခြားပစ္စည်းများနှင့် လဲလှယ်နိုင်သည်။ ဆောင်းရာသီ ရောက်တော့မည် ဖြစ်သဖြင့် အအေး နန်းဆောင်ရှိ ပါးလွှာသော စောင်များမှာ မလုံလောက်နိုင်ပေ။ လက်ကိုင်ပဝါများများ ချုပ်နိုင်လေလေ နွေးထွေးစေရန် ယုန်သားမွေးများနှင့် များများလဲလှယ်နိုင်လေလေ ဖြစ်၏။



ယွီမြောင်ဟွာက ကူညီရန် ကမ်းလှမ်းသော်လည်း သူမ၏ အစေခံမလေးများသည် ဟင်းသီးဟင်းရွက် ခူးဆွတ်ရခြင်းမှာ "ပင်ပန်းလှသည်" ဟု ဆိုကာ သူမကို အနားယူရန် အတင်း စေလွှတ်လိုက်ကြသည်။



ယွီမြောင်ဟွာ -  "..."



ကောင်းပြီလေ... တီဗီကြည့်ဖို့ အချိန်ရောက်ပြီ။



သူမသည် သူမ၏ အဆောင်ထဲသို့ ဝင်သွားရာ ကုတင်ထက်တွင် ချိတ်ဆွဲထားသော ချွေ့ဝေ၏ လက်ရာ ဆေးဖက်ဝင်အမွှေးအိတ်မှ လွှင့်ပျံ့နေသော အနံ့ကို ရရှိလိုက်၏။ စင်ပေါ်မှ ဖတ်ဖန်များလွန်း၍ ဟောင်းနွမ်းနေသော ပုံပြင်စာအုပ်တစ်အုပ်ကို ယူကာ ဖတ်နေဟန် ဆောင်လိုက်သည်။ ၎င်းမှာ စနစ်အား "အသံပြန်ဖွင့်" ပေးရန်အတွက် အယောင်ပြခြင်းသာ ဖြစ်၏။



စဉ်းစားကြည့်မှ သူမ ယနေ့အတွက် "Sign-in" မဝင်ရသေးကြောင်း သတိရသွားသည်။



သူမသည် မျက်စိရှေ့မှ "Sign-in" ခလုတ်ကို နှိပ်လိုက်ရာ အကြောင်းကြားချက်တစ်ခု ပေါ်လာ၏။ [သင်သည် ၉၂ ရက်ဆက်တိုက် Sign-in ဝင်ခဲ့ပါသည်။ ဆုလာဘ် - ၉ မှတ်]



ယွီမြောင်ဟွာ ကျေနပ်သွားရသည်။ ပင်မတာဝန်များနှင့် နှိုင်းယှဉ်လျှင် ဤရမှတ်များမှာ အလွန်နည်းပါးသော်လည်း သူမ၏ လိုအပ်ချက်များအတွက်မူ လုံလောက်၏။



Sign-in မှ ရရှိသော ရမှတ်များမှာ ၁ မှတ်မှ ၁၀ မှတ်အတွင်း ရှိတတ်ပြီး၊ သူမမှာ ကံကောင်းသူ ဖြစ်သဖြင့် အများအားဖြင့် ၅ မှတ်အထက် ရရှိလေ့ရှိသည်။ ဤရမှတ်များကို စနစ်၏ ဈေးဆိုင်တွင် ပစ္စည်းဝယ်ရန် အသုံးပြုနိုင်၏။



အဆိပ်ဖြေဆေး၊ အလှပဆေး၊ သက်တမ်းဆယ်နှစ် တိုးစေသော ဆေးများ… ဤဆေးများမှာ အလွန်ဈေးကြီးပြီး အမှတ်တစ်ထောင်ကျော် ပေးရသော်လည်း ဖျော်ဖြေရေး ပစ္စည်းများမှာမူ များစွာ ဈေးသက်သာသည်။



ဥပမာအားဖြင့် ကာတွန်းတစ်အုပ်လျှင် ၂ မှတ်၊ ဝတ္ထုတစ်အုပ်လျှင် ၁ မှတ်နှင့် ရုပ်သံဇာတ်လမ်းတွဲ တစ်ခုလျှင် ၃ မှတ်သာ ကျသင့်၏။



နန်းတွင်းလုပ်ကြံမှုစနစ် - "ကျွန်တော် သင့်ကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး၊ နှလုံးသားမရှိတဲ့ ကျေးဇူးကန်းတဲ့ မိန်းမ! သင့်အကြောင်းကို ကျွန်တော် ကောင်းကောင်း သိသွားပြီ။ သင်ဟာ ကျွန်တော်ရဲ့ ချစ်ခြင်းမေတ္တာကို ဆုံးရှုံးလိုက်ရပြီ၊ ပစ္စည်းတွေ လဲလှယ်ပေးတဲ့အခါမှာလဲ နောက်ဆို ပြုံးပြတော့မှာ မဟုတ်ဘူး! သင် ဘယ်လောက် အဖိုးတန်တဲ့အရာကို ဆုံးရှုံးလိုက်ရလဲဆိုတာ ဘယ်တော့မှ သိမှာ မဟုတ်ဘူး"



သူမ ယခုလေးတင် "Blacklist" မှ ပြန်ဖွင့်ပေးလိုက်သော စနစ်မှာ သူမအပေါ် အငြိုးအတေးများဖြင့် ပြည့်နှက်နေသည်မှာ သိသာလှသည်။



စနစ်က သူမအတွက် ပစ္စည်းလဲပေးနေစဉ် မျက်နှာသေနှင့် အေးစက်စက် လုပ်နေမည့်ပုံကို မြင်ယောင်ကာ ယွီမြောင်ဟွာ ရယ်ချင်သွားသော်လည်း သူမသာ ရယ်လိုက်ပါက စနစ်မှာ ပို၍ စိတ်ဆိုးသွားနိုင်၏။



"အဟမ်း... ကဲပါ စနစ်ရယ်၊ စိတ်မဆိုးပါနဲ့တော့။ ဧကရာဇ်လဲ ထွက်သွားပြီပဲ၊ အခုလောလောဆယ် တာဝန်ကို လုပ်လို့မရတော့ဘူးလေ။ နင် ဒီလိုပဲ စိတ်ကောက်နေရင် စက်ပတ်လမ်းတွေ ပြတ်တောက်ကုန်ပါအုံးမယ်။ နင် စိတ်ဆိုးလို့ နေမကောင်းဖြစ်ရင် ဘယ်သူကမှ ကြည့်ပေးမှာ မဟုတ်ဘူးနော်"  



၎င်းမှာ မူလကတည်းက သိပ်ပြီး ဉာဏ်မကောင်းလှရာ၊ စက်ပတ်လမ်းများ ချို့ယွင်းသွားပါက ပို၍ပင် ထုံထိုင်းသွားနိုင်သည်။



နန်းတွင်းလုပ်ကြံမှုစနစ်မှာ ပို၍ပင် ဒေါသထွက်သွားကာ "ဒါ ဘယ်သူ့ကြောင့် ဒီလို ဖြစ်ရတာလဲ!"



ဤမိန်းမသည် ၎င်းခံစားနေရသမျှ ဒုက္ခအားလုံး၏ အရင်းအမြစ်မှာ သူမဖြစ်ကြောင်းကို အနည်းငယ်မျှပင် သတိမပြုမိချေ။



"ဒါဆို ဒီလိုလုပ်ရအောင်... ဒီနေ့ ငါရတဲ့ အမှတ်ထဲက ၄ မှတ်ကို မင်းကို ပေးလိုက်မယ်" ယွီမြောင်ဟွာက ရက်ရက်ရောရော ဆိုလိုက်၏။



ဘာပဲဖြစ်ဖြစ် ရုပ်သံဇာတ်လမ်းတွဲ တစ်ခုသည် သူမကို ရက်ပေါင်းများစွာ ဖျော်ဖြေပေးနိုင်သည်။ စနစ်အား အမှတ်အနည်းငယ် ပေးလိုက်ခြင်းမှာ သူမအတွက် ကိစ္စမရှိပေ။ သနားစရာ ကောင်းလှသည့် စနစ်မှာ သူမကဲ့သို့ အပျင်းထူသော Host နှင့် ဆုံတွေ့ရခြင်းမှာ ကံမကောင်းလှသည်ဟု သူမ တွေးမိသည်။



စနစ်သည် ရမှတ် ၄ မှတ်ကို ချက်ချင်းပင် နှုတ်ယူလိုက်သည်။ "ဒါက သင့်ဆန္ဒအရ ပေးတာနော်၊ ကျွန်တော် တောင်းတာ မဟုတ်ဘူး။ ပြီးတော့ ကျွန်တော်က ဒီလောက်နဲ့ စိတ်ပြေမဲ့သူ မဟုတ်ဘူး၊ အခုထိ စိတ်ဆိုးနေတုန်းပဲ" 



"အင်းပါ... အင်းပါ"



ယွီမြောင်ဟွာသည် ရုပ်သံဇာတ်လမ်းတွဲများ ရှိရာသို့ ဝင်ကြည့်လိုက်ရာ အမျိုးအမည် များပြားလွန်းသဖြင့် မျက်စိပင် လည်သွားရ၏။ "စနစ်... မကောင်းတဲ့ ပတ်သက်မှုတွေ၊ ဝမ်းနည်းစရာ အချစ်ဇာတ်လမ်းတွေ၊ လူတိုင်းအပေါ် ကောင်းပြနေတဲ့ မင်းသားတွေ ပါတာမျိုးနဲ့ နန်းတွင်းကိုယ်လုပ်တော် ဇာတ်လမ်းမျိုးတွေကို ဖယ်ထုတ်ပေးစမ်းပါ" 



သူမသည် သူမ မကြိုက်သည့် အချက်များကို တန်းစီပြောပြလိုက်သည်။ ပြီးခဲ့သည့်အကြိမ်က သူမ ရွေးချယ်ခဲ့သော ဇာတ်လမ်းတွင် မင်းသား၏ မိသားစုက မင်းသမီး၏ တစ်ဆွေမျိုးလုံးကို သတ်ပစ်ခဲ့သော်လည်း၊ မင်းသားက တောင်းပန်လိုက်ရုံနှင့် မင်းသမီးက ခွင့်လွှတ်လိုက်၏။ သူတို့သည် အတူတူ ပေါင်းဖက်သွားကြပြီး အမြွှာကလေးများပင် ရရှိခဲ့ကြသေးသည်။ ထိုဇာတ်လမ်းကြောင့် ယွီမြောင်ဟွာမှာ ဒေါသထွက်လွန်းသဖြင့် တစ်ညလုံး အိပ်မပျော်ခဲ့ဘဲ၊ ထိုကဲ့သို့သော အမှိုက်ဇာတ်လမ်းအတွက် အချိန်ဖြုန်းခဲ့မိခြင်းကို နောင်တရနေခဲ့၏။



နန်းတွင်းလုပ်ကြံမှုစနစ်သည် မျက်နှာသေဖြင့်ပင် သူမ အလိုရှိသည့်အတိုင်း ဇာတ်လမ်းတွဲ နှစ်ရာကျော်ကို ဖယ်ထုတ်ပေးလိုက်သည်။ ယွီမြောင်ဟွာသည် တစ်ခုချင်းစီ လိုက်ကြည့်ပြီးနောက် နောက်ဆုံးတွင် ပေါ့ပေါ့ပါးပါး အချစ်ဇာတ်လမ်း တစ်ခုကို ရွေးချယ်လိုက်၏။



စတုရန်းမီတာ ရာပေါင်းများစွာ ကျယ်ဝန်းသော အိမ်ကြီးတွင် နေထိုင်ရင်း၊ ကြက်မွေး၊ ဟင်းသီးဟင်းရွက်စိုက်ကာ စနစ်နှင့်အတူ တီဗီဇာတ်လမ်းတွဲများကို နေ့တိုင်း ကြည့်ရှုနေရသည့် ဘဝမှာ သူမ အတိတ်ဘဝက အိပ်မက်မက်ခဲ့ဖူးသော အငြိမ်းစားဘဝမျိုးပင် မဟုတ်ပါလား။ ထို့ကြောင့် သူမအနေဖြင့် တာဝန်များကို ပြီးမြောက်အောင် လုပ်ဆောင်ရန် စိတ်အားထက်သန်မှု မရှိခြင်းမှာ သဘာဝကျလှသည်။



သူမ ရွေးချယ်လိုက်သော ဇာတ်လမ်းတွင် မင်းသမီးမှာ ဟင်းချက်ကျွမ်းကျင်သူ တစ်ဦး ဖြစ်၏။ ခေတ်သစ်မှ ကူးပြောင်းလာပြီးနောက် သူမသည် မင်းသားအား ဟင်းချက်ကောင်းမှုဖြင့် အရင်ဆုံး ဖမ်းစားလိုက်ပြီးမှ၊ သူမ၏ ဆွဲဆောင်မှုဖြင့် နှလုံးသားကို သိမ်းပိုက်လိုက်ခြင်း ဖြစ်သည်။ 



တစ်ဦးနှင့်တစ်ဦး ရန်ဖြစ်ရာမှ ချစ်သူဖြစ်သွားကြသည့် ပုံစံမျိုးပင်။ မင်းသမီးက အရသာရှိသော ဟင်းလျာများကို တစ်ခုပြီးတစ်ခု ချက်ပြနေသည်ကို ကြည့်ရင်း ယွီမြောင်ဟွာမှာ သွားရည်ကျလာတော့သည်။



သစ်တော်သီးနှင့် ကြက်သားကြော်မှာ တကယ့်ကို စားချင်စဖွယ် ကောင်းလှ၏။ သူမ ထိုကဲ့သို့သော ချက်ပြုတ်နည်းမျိုးကို တစ်ခါမျှ မမြင်ဖူးပေ။ သူမတွင် ကြက်သားနှင့် မှိုများ ရှိပြီးသား ဖြစ်သဖြင့် သစ်တော်သီးသာ လိုတော့သည်။



သစ်သီးခြံထဲတွင် သစ်တော်ပင်များ ရှိပြီး ယခုမှာ သီးချိန်လည်း ဖြစ်၏။ ယွီမြောင်ဟွာသည် ယခင်က ချင်းလျိုနှင့်အတူ သွားခူးဖူးသော်လည်း၊ ထိုသစ်တော်သီးများမှာ အလွန်ချဉ်လွန်းသဖြင့် တစ်လုံးကိုပင် ကုန်အောင် မစားနိုင်ဘဲ လွှင့်ပစ်ခဲ့ရသည်။ သို့သော် ထိုကဲ့သို့ ချဉ်သော သစ်တော်သီးများမှာ ဟင်းချက်ရန်အတွက်မူ အကောင်းဆုံးပင် ဖြစ်၏။



သူမသည် စနစ်၏ ဈေးဆိုင်မှ ငရုတ်ပင်များကိုလည်း လဲလှယ်နိုင်ပြီး နောက်မှ ချွေ့ဝေတို့ကို သစ်သီးခြံထဲတွင် တွေ့ခဲ့သည်ဟု ပြောလိုက်လျှင် ရသည်။ မတတ်နိုင်ပေ၊ သူမသည် အစပ် အစားအစာများကို စားချင်နေသည်မှာ ကြာပြီပင်။ ငရုတ်ပင်တစ်ပင်လျှင် အမှတ် ၁၀၀ ပေးရသော်လည်း သူမ သုံးစွဲရန် ဝန်မလေးပေ။ သူမသည် ယခင်က အမှတ်များကို သိပ်မသုံးခဲ့သဖြင့် ယခု ဝယ်ယူရန် လုံလောက်၏။



လုပ်ချင်လျှင် ချက်ချင်းလုပ်တတ်သော ယွီမြောင်ဟွာသည် သူမ၏ အကြံအစည်ကို အကောင်အထည်ဖော်ရန် ပြင်ဆင်တော့သည်။ ချွေ့ဝေနှင့် ချင်းလျိုတို့ကမူ သူမ အပြင်ထွက်မည်ကို မြင်သောအခါ ဘယ်သွားမလို့လဲဟု မေးကြ၏။ ယွီမြောင်ဟွာက လက်ဝေ့ယမ်းရင်း ပြောလိုက်သည်။ "မင်းတို့ အလုပ်ပဲ မင်းတို့ လုပ်နေကြပါ။ ငါ သစ်တော်သီး သွားခူးမလို့" 



သူမသည် သစ်သီးခြံထဲသို့ အကြိမ်ပေါင်းများစွာ ရောက်ဖူးသည်။ ထိုနေရာတွင် လူသူ ကင်းဝေးလေ့ရှိပြီး အန္တရာယ်ရှိသော တိရစ္ဆာန်များလည်း မရှိဘဲ ကြွက်နှင့် ငှက်အချို့သာ ရှိတတ်၏။ ထို့ကြောင့် ချွေ့ဝေတို့က သူမအတွက် စိုးရိမ်ခြင်း မရှိကြပေ။



ယွီမြောင်ဟွာသည် ကျွမ်းကျင်စွာဖြင့် ခွေးတိုးပေါက်မှ ထွက်လာခဲ့ပြီး သစ်တော်ပင်များကို တွေ့သည်အထိ လျှောက်သွားလိုက်သည်။ "သေစမ်း...!" မရောက်တာ ကြာသွားသဖြင့် အောက်ဘက် ကိုင်းများရှိ သစ်တော်သီးများမှာ အကုန် ခူးပြီးသား ဖြစ်နေသည်ကို သူမ တွေ့လိုက်ရ၏။ သူမ အနေဖြင့် အပေါ်သို့ တက်ခူးရန်သာ ရှိတော့သည်။