Ch 5
Viewers 477

ငါးဆားနယ် ကိုယ်လုပ်တော်


အပိုင်း ၅





 သဲ့ဖေးနှင့် အခြား ကလေးရှိသော ကိုယ်လုပ်တော်များမှာ တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ကြသော်လည်း၊ ဧကရာဇ်၏ မျက်နှာသာရရန် အသည်းအသန် ကြိုးစားနေကြသော အဆင့်နိမ့်ကိုယ်လုပ်တော်အချို့မှာမူ ယွီမြောင်ဟွာ ရာထူးတိုးသည့် သတင်းကြောင့် ဆွံ့အသွားကြရ၏။



ယခုနှစ်၏ ပထမနှစ်ဝက်လုံးတွင် ဧကရာဇ်သည် တိုင်းရေးပြည်ရာများ၌သာ အလုံးစုံ နစ်မြောနေခဲ့သည်။ သူ၏ အာရုံစိုက်မှုကို ရရှိရန် သူတို့ မည်မျှပင် တောင့်တနေပါစေ၊ စောင့်ဆိုင်းရုံမှတစ်ပါး အခြားမရှိသဖြင့် ပို၍ပင် မတည်မငြိမ် ဖြစ်လာကြ၏။ 



ဧကရာဇ်သည် နောက်ဆုံးတွင် အဆောင်တော်များဆီသို့ ပြန်လာတော့မည်ဟု သူတို့ ထင်မှတ်လိုက်ချိန်မှာပင်၊ သူတို့ ဘာမှမလုပ်ရသေးခင်မှာပဲ ယွီမြောင်ဟွာက ဘယ်ကမှန်းမသိ ပေါ်လာပြီး လူအများ၏ အာရုံကို သိမ်းပိုက်သွားခဲ့တော့သည်။



ဒါကို သူတို့ ဘယ်လိုလုပ် သည်းခံနိုင်မှာလဲ။



အကယ်၍ အခြေအနေက ဤအတိုင်းသာ ဆက်သွားနေမည်ဆိုပါက ယွီမြောင်ဟွာက အကောင်းစားတွေကို စားသုံးနေချိန်တွင် သူတို့မှာတော့ အကြွင်းအကျန်တွေနဲ့ပဲ ကျန်ရစ်ခဲ့ရတော့မည် ဖြစ်၏။



ယွီကျဲယွီမှာ တကယ့်ကို နည်းလမ်းတွေ ရှိတာပဲ။ အအေးနန်းဆောင်မှာ အချိန်ခွဲဝေနေထိုင်ခဲ့ပြီးနောက် ဧကရာဇ်ရဲ့ မှတ်ဉာဏ်ထဲကနေ ပျောက်ကွယ်မသွားခဲ့တဲ့အပြင်၊ အခက်အခဲတွေကြားကနေ အခြေအနေကိုပါ ပြောင်းပြန်လှန်နိုင်ခဲ့သေးသည်။



တကယ့်ကို ဒေါသထွက်စရာပဲ။ သဲ့ဖေးက တကယ့်ကို အသုံးမကျတာပဲ။ ယွီမြောင်ဟွာ အအေးနန်းဆောင်မှာ ရှိနေတုန်းက သဲ့ဖေးက ဘာလို့ သူ့ကို အပြတ်မရှင်းခဲ့တာလဲ။ အခုတော့ သူ့ကို ပြန်ပြီး ရုန်းထခွင့် ပေးလိုက်ပြီ။



ခေတ္တမျှအတွင်းမှာပင် နန်းတွင်းရှိ ကွဲအက်သွားသော လက်ဖက်ရည်ခွက် အရေအတွက်မှာ ထိုးတက်သွားခဲ့ပြီး၊ လူအများအပြားမှာ ယွီမြောင်ဟွာ၏ အမည်ကို ကြားလိုက်ရုံနှင့်ပင် အံကြိတ်နေကြတော့၏။


……



မကြာမီ အရည်အသွေးမြင့် မျိုးစေ့များ ရရှိတော့မည်ဟူသော မျှော်လင့်ချက်ကြောင့် ဖေးလင်ယွဲ့သည် စိတ်ကြည်လင်နေခဲ့သည်။ ထိုနေ့ညနေစာတွင် သူ၏ စားချင်စိတ်မှာ အလွန်ပင် ကောင်းမွန်နေခဲ့သဖြင့် ထမင်းကို နောက်ထပ် တစ်ဝက်ခန့် ပို၍ စားမိခဲ့၏။



ညစာစားပြီးနောက်တွင် အမြဲတမ်း ဝီရိယရှိသော ဧကရာဇ်သည် အစီရင်ခံစာများကို ဆက်စစ်ဆေးနေခဲ့သည်။



ထိုအထဲတွင် ယနေ့မွန်းလွဲပိုင်းက ရောက်ရှိလာသော အိမ်ရှေ့မင်းသားထံမှ လျှို့ဝှက်အစီရင်ခံစာ တစ်ခုလည်း ပါဝင်လေ၏။



ယခင်က အတင့်ရဲလှသော အရာရှိအချို့သည် ဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး ရန်ပုံငွေများကို အလွဲသုံးစားလုပ်ရန် ကြိုးပမ်းခဲ့ကြသည်။ ဖေးလင်ယွဲ့သည် ထိုဒေသများရှိ အခြေအနေများကို စုံစမ်းစစ်ဆေးရန်အတွက် ယုံကြည်ရသော လူယုံများကို စေလွှတ်ခဲ့ပြီး အိမ်ရှေ့မင်းသားမှာလည်း ရုပ်ဖျက်ကာ ထိုအဖွဲ့နှင့်အတူ လိုက်ပါသွားခဲ့၏။ ပြင်ပလောကသို့မူ အိမ်ရှေ့မင်းသားသည် ဧကရာဇ်သင်္ချိုင်းတော် တည်ဆောက်ရေးကို ကြီးကြပ်နေသည်ဟုသာ ကြေညာထားခဲ့သည်။



တင်ပြလာသော လျှို့ဝှက်အစီရင်ခံစာအရ အိမ်ရှေ့မင်းသားသည် ပြည်သူတို့၏ လူနေမှုဘဝကို ပိုနက်ရှိုင်းစွာ နားလည်လာခဲ့သည်။ အစီရင်ခံစာတွင် ဖော်ပြထားသော မူဝါဒဆိုင်ရာ အမြင်အချို့ကြောင့် ဖေးလင်ယွဲ့၏ မျက်လုံးများမှာ တောက်ပသွားခဲ့ရ၏။



အိမ်ရှေ့မင်းသားသည် ငယ်စဉ်ကတည်းက ထက်မြက်ပြီး နှိမ့်ချတတ်သူ ဖြစ်ကာ၊ မာန်မာနထောင်လွှားခြင်း သို့မဟုတ် အလိုလိုက်ခြင်းမျိုး မရှိဘဲ အခြားသူများကို ယဉ်ကျေးပျူငှာစွာ ဆက်ဆံတတ်သည်။ ဖေးလင်ယွဲ့သည် ဤအမွေဆက်ခံသူအပေါ် အလွန်ပင် ကျေနပ်အားရနေခဲ့သည်။



လျှို့ဝှက်အစီရင်ခံစာကို ဖတ်ရှုပြီးနောက်တွင် ဖေးလင်ယွဲ့သည် ယွီမြောင်ဟွာ၏ ကိစ္စရပ်များကိုလည်း မေ့လျော့မထားခဲ့ပေ။



နန်းတွင်းအစေခံများမှာ အလုပ်တွင်လှ၏။ အရာအားလုံးကို ထုပ်ပိုးပြင်ဆင်ပြီးစီးသည်နှင့် သူတို့သည် ဖေးလင်ယွဲ့ထံ အစီရင်ခံခဲ့ကြသည်။



ယွီမြောင်ဟွာက သူတို့ကို အအေးနန်းဆောင်ကို ဖြိုဖျက်ခိုင်းခဲ့သည်ဟု ကြားလိုက်ရသောအခါ ဖေးလင်ယွဲ့၏ မျက်ခွံမှာ အနည်းငယ် လှုပ်ခတ်သွားခဲ့၏။



ဤယွီကွေ့ရန်မှာ တကယ့်ကို ထူးခြားသော ကိုယ်ရည်ကိုယ်သွေး ရှိသည်—သူမသည် တစ်စုံတစ်ဦးကို မနှစ်သက်ပါက ဟန်ဆောင်ခြင်းမရှိဘဲ ပေါ်ပေါ်ထင်ထင်ပင် ပြုမူတတ်သည်။ သူမကဲ့သို့သော သူမျိုးနှင့် ဆက်ဆံရခြင်းမှာ အနည်းဆုံးတော့ ချိုသာသော စကားများနောက်ကွယ်မှ လှည့်ဖြားမှုများအတွက် စိုးရိမ်စရာ မလိုတော့ချေ။



တချီအတွက် များစွာသော အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးနိုင်သည့် သူမထံပါလာသော ကောင်းချီးမင်္ဂလာများကို ထောက်ထား၍၊ သူသည် သူမကို အနည်းငယ် ပို၍ ကာကွယ်ပေးရန် ဆန္ဒရှိခဲ့၏။



သူသည် အဝေးမှကြည့်ကာ သူမကို ပြုစုစောင့်ရှောက်ရန် အစေခံအချို့ကို ရွေးချယ်လိုက်သည်။



"စိုက်ပျိုးရေးမှာ ကျွမ်းကျင်တဲ့ နန်းတွင်းအစေခံမလေး နှစ်ယောက်ကို ရှာပြီး ကွမ်ကျွီ နန်းဆောင်ကို ပို့လိုက်ပါ။ သူမ စိုက်ပျိုးရေးလုပ်ပြီး အချိန်ဖြုန်းချင်တယ်ဆိုရင်လည်း လွှတ်ထားလိုက်ပါ။ ပြီးတော့ သူမကို နောက်တစ်ကြိမ် ထပ်ပြီး အကွက်ဆင်မခံရအောင် ဆေးဖက်ဆိုင်ရာ ကျွမ်းကျင်တဲ့ အစေခံမလေးတစ်ယောက်ကိုလည်း ခန့်ထားလိုက်ဦး"



မိန်းမစိုး ချိုင်ရှို့သည် အမိန့်ကို ရိုသေစွာဖြင့် လက်ခံလိုက်ပြီး ချက်ချင်းပင် စတင်စီစဉ်တော့၏။ သူ၏ စိတ်ထဲတွင်မူ ယွီမြောင်ဟွာ၏ အဆင့်အတန်းကို ပို၍ပင် မြှင့်တင်လိုက်မိသည်—သူမသည် ပို၍ပင် ကြီးမြတ်သော ရိုသေလေးစားမှုကို ရထိုက်သူပင် ဖြစ်သည်။ အဆုံးမရှိသော တိုင်းရေးပြည်ရာများကြားမှ ဧကရာဇ်သည် သူမ၏ သာမန်စကားလေးတစ်ခွန်းကို မှတ်မိနေခြင်းက သူမ မည်မျှအထိ မျက်နှာသာပေးခံရသည်ကို သက်သေပြနေခြင်းပင် ဖြစ်၏။



ထိုနေ့ ညနှောင်းပိုင်းတွင် ဖေးလင်ယွဲ့သည် ယွီမြောင်ဟွာ၏ ကိုယ်ပိုင်သေတ္တာထဲမှ ပစ္စည်းများကို သူ့ထံသို့ ယူဆောင်လာရန် သူ၏ အရိပ်ကိုယ်ရံတော်များကို လျှို့ဝှက်စွာ အမိန့်ပေးခဲ့သည်။



ထိုအမိန့်မှာ ထူးဆန်းနေသော်လည်း သစ္စာရှိလှသော အရိပ်ကိုယ်ရံတော်များသည် မေးခွန်းထုတ်ခြင်းမရှိဘဲ နာခံခဲ့ကြလေသည်။



ပစ္စည်းများ သူ့လက်ထဲသို့ ရောက်ရှိလာသောအခါ ဖေးလင်ယွဲ့သည် သူ၏ အခြွေအရံများကို ပြန်လွှတ်လိုက်ပြီး၊ သေတ္တာထဲတွင် နက်ရှိုင်းစွာ ဝှက်ထားသော မျိုးစေ့များနှင့် ခေါက်ထားသော မြေပုံတစ်ခုကို ဖော်ထုတ်လိုက်၏။



ယွီမြောင်ဟွာအား သတိမမူမိစေရန်အတွက် မျိုးစေ့များကို မည်မျှပင် လိုချင်နေပါစေ၊ ဖေးလင်ယွဲ့သည် မိမိကိုယ်ကိုယ် ထိန်းချုပ်ကာ လက်တစ်ဆုပ်စာခန့်ကိုသာ လျှို့ဝှက်စွာ ယူဆောင်လိုက်သည်။



သူသည် မြေပုံကို ဖြန့်ကြည့်လိုက်ရာ—ဒါဟာ နတ်ဘုရားက ပြောခဲ့တဲ့ အံ့ဖွယ်မြေပုံပဲ ဖြစ်ရမည်။



သဘာဝကျစွာပင် စနစ်မှ ထုတ်ပေးလိုက်သော အရာမှန်သမျှမှာ ထူးခြားသော အရည်အသွေးရှိသည်။ အာရုံစိုက်မှု အလွန်အမင်း မခံရစေရန်အတွက် မြေပုံကို အရောင်ဖြင့် မဟုတ်ဘဲ အဖြူအမည်းဖြင့်သာ ပြုလုပ်ထား၏။ သို့သော် ပြဿနာမှာ ၎င်း၏ အလွန်အမင်း အသေးစိတ်ကျလွန်းမှုပင် ဖြစ်သည်—၎င်းတွင် တချီ၏ နယ်နိမိတ်များသာမက ပတ်ဝန်းကျင်နိုင်ငံများ ဖြစ်ကြသော လျန် နိုင်ငံ၊ ပိုင်ယွဲ့ရှင်း နိုင်ငံ၊ ယွဲ့ နိုင်ငံနှင့် ထော်ချွမ် အင်ပါယာတို့ကိုပါ ဖော်ပြထားသည်။



ဖေးလင်ယွဲ့တွင် တချီနယ်နိမိတ်များ၏ မြေပုံများ ရှိသော်လည်း၊ အခြားနိုင်ငံများ၏ တောင်တန်းများ၊ ရေအရင်းအမြစ်များနှင့် သဲကန္တာရများကို ဤမျှအထိ စေ့စေ့စပ်စပ် ဖော်ပြထားသော မြေပုံမျိုး တစ်ခါမျှ မရှိခဲ့ဖူးပါချေ။

 


ဤမြေပုံတစ်ခုတည်း၏ တန်ဖိုးမှာပင် ယွီမြောင်ဟွာအား သူပေးသနားနိုင်သော မည်သည့်ဆုလာဘ်နှင့်မဆို ထိုက်တန်လှ၏။



ဤအခိုက်အတန့်တွင် ဖေးလင်ယွဲ့သည် သဲ့ဖေး၏ ဆေးဖက်ဝင်စွပ်ပြုတ်များနှင့်၊ အသေးအဖွဲ့ကိစ္စများဖြင့် သူ့ကို အမြဲတမ်း နှောင့်ယှက်နေကြသော ကိုယ်လုပ်တော်များအပေါ် စိတ်ပြေသွားခဲ့တော့သည်။



သူ သူတို့အားလုံးကို ခွင့်လွှတ်လိုက်ပြီ။



အကယ်၍ သူတို့သာ ဤမျှအထိ သည်းမခံနိုင်စရာ မကောင်းခဲ့ပါက၊ သူသည် သစ်သီးခြံထဲတွင် ပုန်းနေမိလိမ့်မည် မဟုတ်ဘဲ၊ ယွီမြောင်ဟွာနှင့် ဆုံတွေ့ရန် မည်မျှအထိ ကြာမြင့်သွားဦးမည်ကို မည်သူမျှ မသိနိုင်ပါချေ။



ဒါဟာ သူ့ရဲ့ ဘိုးဘေးဘီဘင်တွေက ယွီမြောင်ဟွာကို လက်လွတ်မခံစေဖို့အတွက် တိတ်တဆိတ် ကာကွယ်ပေးလိုက်ခြင်းပဲ ဖြစ်ရမည်။



ဖေးလင်ယွဲ့သည် ယခုနှစ် နှစ်သစ်ကူးတွင် ဘိုးဘေးစင်မြင့်သို့ သွားရောက်ကာ အမွှေးတိုင်များကို ပို၍ ပူဇော်ရန် ဆုံးဖြတ်လိုက်၏။



ဖေးလင်ယွဲ့သည် မြေပုံပေါ်တွင် ချန်ပါ စပါး ရှိသည့်နေရာကိုလည်း ရှာတွေ့ခဲ့သည်—၎င်းမှာ ယွဲ့ နိုင်ငံရှိ ကျွန်းတစ်ကျွန်းပေါ်တွင် ရှိနေခြင်းပင် ဖြစ်၏။ မြေပုံတွင် စပါး၏ ပုံစံကိုလည်း သေချာစွာ ထည့်သွင်းပေးထားသည်။



သူသည် ထိုနေရာသို့ တစ်စုံတစ်ဦးကို စေလွှတ်ကာ မျိုးစေ့များ ယူဆောင်လာရန် ဆုံးဖြတ်လိုက်၏။



ယခု သူ အတိအကျ သိသွားပြီဖြစ်ရာ ချန်ပါ စပါးမျိုးစေ့ အိတ်လေးအပေါ် အာရုံစိုက်မနေတော့ပေ။ စောသည်ဖြစ်စေ၊ နောက်ကျသည်ဖြစ်စေ သူ အကုန်လုံးကို ရရှိမှာပင် ဖြစ်သည်။



ယွီမြောင်ဟွာသိသွားခြင်းမှ ရှောင်ရှားရန်အတွက် ဖေးလင်ယွဲ့သည် မြေပုံကို မိမိကိုယ်တိုင် ကူးယူရမည် ဖြစ်သည်—ဘာပဲဖြစ်ဖြစ် ၎င်းကို ပြန်ထားပေးရမည် မဟုတ်ပါလား။ မြေပုံမှာ အခြားသူများအား ပေါ့ပေါ့ဆဆ ကြည့်ခွင့်ပေးရန် အလွန်အရေးကြီးလွန်းလှသဖြင့် သူသည် ထိုအလုပ်ကို မည်သူ့ကိုမျှ လွှဲအပ်၍ မရနိုင်ပေ။ ထို့အပြင် ယွီမြောင်ဟွာ၏ ပတ်ဝန်းကျင်ရှိ ထူးခြားဆန်းပြားသော နတ်ဘုရားအစွမ်းများကိုလည်း လူသိမခံနိုင်ပါချေ။



ကြက်မတွန်မီမှာပင် ဖေးလင်ယွဲ့သည် မြေပုံကူးယူခြင်းကို နောက်ဆုံး၌ အပြီးသတ်နိုင်ခဲ့ပြီး၊ သူ၏ အရိပ်ကိုယ်ရံတော်အား မူရင်းမြေပုံကို ပြန်လည်ပေးပို့ခိုင်းလိုက်သည်။



တစ်ညလုံး ပုံဆွဲနေရခြင်းမှာ မမျှော်လင့်ဘဲ ပင်ပန်းလွန်းလှ၏။



ယနေ့တွင် မနက်ခင်း ညီလာခံ မရှိသော်လည်း၊ စည်းကမ်းရှိလှသော ဖေးလင်ယွဲ့သည် ခေတ္တမျှပင် အနားမယူခဲ့ပေ။ ထိုအစား သူသည် အစီရင်ခံစာများကို စတင်စစ်ဆေးတော့သည်။



အစီရင်ခံစာ အနည်းငယ်ကို စစ်ဆေးပြီးနောက်တွင် သူသည် ဗိုက်ဆာလာသဖြင့် မုန့်အချို့ကို မှာယူလိုက်၏။ မုန့်စားနေစဉ်မှာပင် သူက မေးလိုက်သည်။ "ကျဲယွီ အခု ဘာလုပ်နေလဲ"



ချိုင်ရှို့သည် ကွမ်ကျွီနန်းဆောင်ကို အနီးကပ် စောင့်ကြည့်နေခဲ့သည်။ ထိုနေ့မနက်တွင် သူကိုယ်တိုင် အစေခံအုပ်စုတစ်စုကို ရွေးချယ်ကာ၊ သူတို့ကို ဆုံးမသြဝါဒပေးပြီး ထိုနေရာတွင် အလုပ်အကျွေးပြုရန် စေလွှတ်ခဲ့ခြင်း ဖြစ်၏။



သူက အသံကိုနှိမ့်ကာ ပြန်လည်ဖြေကြားလိုက်သည်။ "ကွမ်ကျွီနန်းဆောင်က အခုလောလောဆယ် တော်တော်လေး စည်ကားနေပါတယ်။ ရှု့ဖေးနဲ့ တခြားသူတွေက ယွီကျဲယွီကို ကိုယ်တိုင်ကိုယ်ကျ သွားပြီး ဂုဏ်ပြုနေကြပါတယ်"



ရှု့ဖေး ဟုတ်လား။



ဖေးလင်ယွဲ့သည် သူမ၏ စိတ်နေစိတ်ထားကို ကောင်းကောင်းသိသည်—သူမမှာ အတော်လေး အလိုလိုက်ခံထားရသူ ဖြစ်၏။ သူမ မျက်နှာသာပေးခံရစဉ်က ကွမ်ကျွီနန်းဆောင်ကို ပိုင်ဆိုင်ရန် တောင်းဆိုခဲ့ဖူးသော်လည်း ပြတ်ပြတ်သားသား ငြင်းပယ်ခံခဲ့ရသည်။ သူမ၏ သဘာဝအရ သူမသည် အာဃာတ ထားရှိနေဆဲ ဖြစ်နိုင်၏။



ပုံမှန်အားဖြင့် ဖေးလင်ယွဲ့သည် သူ၏နားထဲသို့ မရောက်ရှိသရွေ့ ကိုယ်လုပ်တော်များအကြား အသေးအဖွဲ ရန်ဖြစ်မှုများကို လျစ်လျူရှုထားနိုင်ပါသည်။ မိဖုရားခေါင်ကြီးက သူတို့ကို ထိန်းကျောင်းထားသဖြင့် သူတို့သည် အလွန်အကျွံ မလုပ်ဝံ့ကြပါချေ။



ဒါပေမဲ့ ယွီမြောင်ဟွာကတော့ မတူဘူး။



သူမထံရှိ နတ်ဘုရားက သူမကို မျက်နှာသာရအောင် ယှဉ်ပြိုင်စေချင်နေပုံရသည်။ အကယ်၍ ရှု့ဖေးသာ တစ်ခုခုလုပ်လိုက်ပါက၊ တာဝန်အသစ်တစ်ခုကို ဖြစ်ပေါ်စေနိုင်မလား။



ထိုသို့ တွေးမိသည်နှင့် ဖေးလင်ယွဲ့မှာ ထိုင်မနေနိုင်တော့ပေ။ အစီရင်ခံစာများမှာလည်း ချက်ချင်း စိတ်ဝင်စားစရာ မကောင်းတော့ပါချေ။



သူ ချက်ချင်း ထရပ်လိုက်၏။ "သွားစို့—ကွမ်ကျွီနန်းဆောင်ကို”



အမျိုးသမီးသုံးယောက်ဆုံလျှင် ပြဇာတ်တစ်ပုဒ်ဖြစ်သည်ဟူသော စကားအတိုင်း ယွီမြောင်ဟွာ၏ ကွမ်ကျွီနန်းဆောင်မှာ လောလောဆယ်တွင် ပြဇာတ်ရုံစင်မြင့်ထက်ပင် ပို၍ စည်ကားနေတော့သည်။ 



စောစောစီးစီး နံနက်အာရုဏ်တက်ကတည်းက ကိုယ်လုပ်တော်များသည် ဂုဏ်ပြုလက်ဆောင်များကို တစ်ယောက်ပြီးတစ်ယောက် ပို့ဆောင်နေကြသဖြင့် သူမအနေဖြင့် အိပ်ရေးဝအောင် အိပ်ရန်ပင် မဖြစ်နိုင်တော့ချေ။ ထို့ကြောင့် ကုတင်ပေါ်မှ မနည်းထကာ ထွက်လာခဲ့ရလေသည်။ 



ထိုလက်ဆောင်များထဲတွင် သဲ့ဖေးပေးပို့သောပစ္စည်းများမှာ အဖိုးတန်ဆုံးဖြစ်ပြီး၊ အထူးသဖြင့် သန္တာကျောက်ပင်နှင့် တောင်ပိုင်းပုလဲများမှာ အလွန်ပင် တန်ဖိုးကြီးပုံရ၏။ ဤလက်ဆောင်များကို လက်ခံရုံနှင့်ပင် သူမအနေဖြင့် စည်းစိမ်အနည်းငယ်ကို ပိုင်ဆိုင်နိုင်ပြီ ဖြစ်သည်။



အဆင့်မြင့်ကိုယ်လုပ်တော်များသည် သူတို့၏ အဆင့်အတန်းကို ငဲ့ကွက်သောအားဖြင့် စိတ်လောနေသည်ဟု အထင်မခံရစေရန် သူတို့၏ အစေခံများမှတစ်ဆင့်သာ လက်ဆောင်များ ပို့ခဲ့ကြ၏။ 



သို့သော် အဆင့်နိမ့်ကိုယ်လုပ်တော်များမှာမူ ထိုသို့သော အပြုအမူမျိုး မရှိကြချေ။ သူတို့သည် ကိုယ်တိုင်ကိုယ်ကျ စိတ်အားထက်သန်စွာ ရောက်ရှိလာကြပြီး၊ အချို့မှာ နောင်တွင် ယှဉ်ပြိုင်ရမည့် ပြိုင်ဘက်ကို အကဲခတ်ရန်ဖြစ်ကာ၊ အချို့မှာ မဟာမိတ်ဖွဲ့ရန် ရည်ရွယ်ချက်ဖြင့်ဖြစ်ပြီး၊ ရှု့ဖေး ကဲ့သို့သော သူများမှာမူ ပြဿနာရှာရန် ရောက်လာကြခြင်း ဖြစ်သည်။



ရှု့ဖေးသည် ရောက်ရှိနေသော ကိုယ်လုပ်တော်များထဲတွင် အဆင့်အမြင့်ဆုံးဖြစ်ပြီး နန်းတွင်းသို့ စတင်ဝင်ရောက်ကတည်းက ဧကရာဇ်၏ မယိမ်းယိုင်သော မျက်နှာသာပေးမှုကို ခံစားခဲ့ရသူ ဖြစ်သည်။ သူမ၏ အလှအပမှာ နန်းတွင်းရှိ ချောမောလှပသော အမျိုးသမီးများအကြားတွင် ပန်းပိတောက်ကဲ့သို့ တောက်ပနေပြီး၊ ထူးခြားသော ပါရမီရှင်တစ်ဦးလည်း ဖြစ်ကာ၊ သီဆိုကပြခြင်းတွင် ကျွမ်းကျင်သည့်အပြင် ပျောက်ဆုံးနေသော သမိုင်းဝင် အကတစ်မျိုးကို ပြန်လည်ဖော်ထုတ်နိုင်ခဲ့သူအဖြစ်ပင် အသိအမှတ်ပြုခံထားရ၏။ သူမသည် ရင်သွေးတစ်ဦးမျှ မထွန်းကားခဲ့သော်လည်း ဖေး ရာထူးအထိ တိုးမြှင့်ခြင်းခံခဲ့ရရာ၊ ၎င်းမှာ နန်းတွင်းရှိ ထူးခြားသော အခွင့်ထူးတစ်ခုပင် ဖြစ်သည်။



ရှု့ဖေးသည် သူမကိုယ်သူမ ဧကရာဇ်၏ နှလုံးသားထဲတွင် အထူးနေရာတစ်ခု ရထားသည်ဟု အမြဲယုံကြည်ခဲ့သော်လည်း၊ သူမထက်ပင် ပိုမြန်ဆန်သောနှုန်းဖြင့် ရာထူးတိုးလာသည့် ယွီမြောင်ဟွာ ပေါ်လာသောအခါတွင်မူ ထိုယုံကြည်ချက်မှာ ယိုင်နဲ့သွားခဲ့ရသည်။ 



လူအများက "အချစ်ဟောင်း" သည် "အချစ်သစ်" အတွက် နေရာဖယ်ပေးရမည့်အချိန် ရောက်ပြီဟု တိုးတိုးတိတ်တိတ် ပြောဆိုနေကြခြင်းမှာ ရှု့ဖေး၏ ဒေါသကို မီးထိုးပေးသကဲ့သို့ ဖြစ်နေတော့၏။ ထိုစကားများသည် ရန်တိုက်ပေးရန်သာ ဖြစ်သည်ကို သူမ သိသော်လည်း စိတ်အထိခိုက်မခံဘဲ မနေနိုင်ခဲ့ပါချေ။



သူမကို ပို၍ နာကျင်စေသည်မှာ ရှု့ဖေးသည် တစ်ခါက ဧကရာဇ်ထံတွင် ကွမ်ကျွီနန်းဆောင်ကို ပေးရန် တောင်းဆိုခဲ့ဖူးသော်လည်း ငြင်းပယ်ခံခဲ့ရခြင်းပင် ဖြစ်သည်။ ဧကရာဇ်သည် အရင်မင်းဆက်၏ မိဖုရားခေါင် ကျန့်ယီ အပေါ် ထားရှိသော လွမ်းဆွတ်မှုကြောင့် ထိုနန်းဆောင်ကို ပိတ်ထားခြင်းဖြစ်မည်ဟု သူမကိုယ်သူမ ဖြေသိမ့်ခဲ့သော်လည်း၊ ယခုမူ ၎င်းကို ယွီမြောင်ဟွာအား ပေးသနားလိုက်လေပြီ။ ၎င်းမှာ ဧကရာဇ်က သူမအား ကွမ်ကျွီနန်းဆောင်နှင့် မထိုက်တန်ဟု ယူဆခြင်းလော။ သူသည် တစ်ခါက သူမ၏ ကကွက်များကို "နတ်သက်ကြွေသကဲ့သို့" ဟုပင် ချီးမွမ်းခဲ့ဖူးသည် မဟုတ်ပါလား။



ရန်ငြိုးဟောင်းများနှင့် မကျေနပ်မှုအသစ်များမှာ သူမ၏ နှလုံးသားထဲတွင် ပြည့်လျှံလာပြီး ယွီမြောင်ဟွာကို အေးစက်သော အထင်အမြင်သေးမှုများဖြင့် စိုက်ကြည့်လိုက်သည်။ 



"ငါ မင်းကို အထင်သေးခဲ့မိတာပဲ ယွီကျဲယွီ" ဟု သူမက ခါးသီးသော သရော်စာဖြင့် ဆိုလိုက်သည်။ "အအေးနန်းဆောင်မှာ ရှိနေတာတောင် အရှင်မင်းကြီးရဲ့ အာရုံကို ဖမ်းစားနိုင်တဲ့ ဒီလိုအလှမျိုး ငါတို့နန်းတွင်းမှာ ရှိနေမယ်လို့ ဘယ်သူက ထင်မှာလဲ။ ညီမလေးအနေနဲ့ ငါတို့ကို မင်းရဲ့ နည်းလမ်းလေးတွေ ဘာလို့ မသင်ပေးတာလဲ။ ငါတို့လို လူဟောင်းတွေက မင်းရဲ့ ထက်မြက်မှုနဲ့ယှဉ်ရင် အရမ်းကို ထုံထိုင်းလွန်းလို့"



အခြားသော ကိုယ်လုပ်တော်များမှာ အံ့သြတုန်လှုပ်သွားကြသည်—ရှု့ဖေးကတော့ တကယ့်ကို အားနာတတ်သူ မဟုတ်ပါချေ။



တိုက်ကြစမ်း၊ တိုက်ကြစမ်း။



ယွီကျဲယွီ ဤအခြေအနေကို မည်သို့ကိုင်တွယ်မည်ကို သူတို့ စိတ်အားထက်သန်စွာ စောင့်ကြည့်နေကြပြီး၊ ထိုအပေါ်မူတည်၍ သူတို့၏ ကိုယ်ပိုင်ဗျူဟာများကို ပြင်ဆင်ရန် စောင့်စားနေကြ၏။



တစ်ရက်တာ အချိန်အတောအတွင်းမှာပင် ယွီမြောင်ဟွာသည် သူမကိုယ်သူမ တည်ငြိမ်အောင် ပြင်ဆင်နိုင်ခဲ့ပြီ ဖြစ်သည်။ မည်သူမျှ မနာလိုမဖြစ်ပါက သင်သည် သာမန်လူတစ်ယောက်သာ ဖြစ်ပေလိမ့်မည်။ သူမသည် အခြားသူများကို ရန်စလိမ့်မည်မဟုတ်သော်လည်း၊ အကယ်၍ တစ်စုံတစ်ဦးက ပြဿနာလာရှာလျှင်မူ ထိုသူ နောင်တရသွားအောင် သူမ လုပ်ဆောင်မည် ဖြစ်သည်။



လာခဲ့စမ်း—အပြန်အလှန် နာကျင်အောင် လုပ်ကြတာပေါ့။



ခေါင်းကို အောက်သို့ ငုံ့လိုက်ရင်း ယွီမြောင်ဟွာက ရှက်ရွံ့စွာ ပြုံးလိုက်သည်။ "ကျွန်မလည်း တကယ်မသိပါဘူး... ဒါပေမဲ့ အရှင်မင်းကြီးက အလှအပတစ်ခုတည်းနဲ့တင် စိတ်လှုပ်ရှားတတ်တဲ့သူ မဟုတ်ပါဘူး။ ဒီလို သာမန်မျက်နှာလေးရဲ့ အောက်မှာရှိတဲ့ ကျွန်မရဲ့ စိတ်နှလုံး ဖြူစင်မှုကို မြင်သွားတာလည်း ဖြစ်နိုင်တာပဲလေ"



ရှု့ဖေးမှာ ဒေါသကြောင့် အသက်ပင် ရှုမဝဖြစ်သွားရ၏။ တကယ့်ကို အရှက်မရှိ ကိုယ့်ကိုယ်ကိုယ် ပြန်ချီးမွမ်းနေခြင်းပင်။ သူမ အတင်းအကျပ် ပြုံးရင်း လှောင်ပြောင်လိုက်သည်။ "မင်းဆီမှာ အဲဒီလို အလှတရားမျိုး ငါတော့ လုံးဝမမြင်မိပါဘူး" အရှက်မရှိခြင်းကိုတော့ အထင်အသား မြင်နေရသည်မှာ အမှန်ပင်။



ယွီမြောင်ဟွာက သဘောထားကြီးစွာဖြင့် လက်ကာပြလိုက်သည်။ "အရှင်မင်းကြီးက အကဲခတ် တော်တာလေ—သာမန်လူတွေ မမြင်နိုင်တဲ့အရာကို သူက မြင်နိုင်တယ်။ အဲဒီအတွက် ကိုယ့်ကိုယ်ကိုယ် အရည်အချင်းမရှိဘူးလို့ အရမ်းကြီး မခံစားပါနဲ့၊ ဒါက နားလည်ပေးလို့ ရပါတယ်"



နန်းတွင်းလုပ်ကြံမှုစနစ်ပင်လျှင် အံ့အားသင့်သွားရ၏။ ယနေ့ ယွီမြောင်ဟွာကို စစ်နတ်ဘုရားမတစ်ပါး ပူးကပ်နေသလော။ စနစ်နှင့် ပေါင်းစည်းပြီးနောက် ခြောက်လတာကာလအတွင်း စနစ်သည် သူမ၏ အေးဆေးတည်ငြိမ်သော အမူအရာကိုသာ ယဉ်ပါးနေခဲ့ခြင်း ဖြစ်သည်။ ယခုကဲ့သို့ စူးရှသော စကားလုံးများမှာ မမျှော်လင့်ထားသော အရာပင် ဖြစ်၏။