Ch 3
Viewers 907


👶အခန်း (၃) 

- မိတ်ဆွေယုတ်တို့ ဆိုက်ရောက်လာခြင်း 

 

“လျှောက်မပြောနဲ့တော့…” 


ရှန်မော့က ရှန်လင်းကို မမာလွန်းမပျော့လွန်းသော လေသံဖြင့် ဆူငေါက်လိုက်သည်။ 

 

ကျိုးကျင့်ကမူ အနေရခက်သလို ဖြစ်သွားပြီး ခေါင်းကိုသာ ကုတ်နေမိ၏။ 

 

“ဒါနဲ့... ငါက မိသားစုနဲ့ စောစောစီးစီး အဆက်အသွယ်ပြတ်ခဲ့တယ်… ကိုယ့်ဘာသာ ရုန်းကန်နေထိုင်ခဲ့ရတယ်… နှိပ်စက်တာလည်း ခံခဲ့ရတယ်ဆိုတော့ သူတို့နဲ့ ပတ်သက်မှုက တော်တော်လေး ဆိုးရွားနေမယ်လို့ ငါထင်ထားတာ… အဲဒါကို ဘာလို့ ငါက သူတို့ကို နေ့တိုင်း စားစရာတွေ ပို့ပေးဖို့ သဘောတူခဲ့ရတာလဲ…” 

ကျိုးကျင့်က မေးမြန်းလိုက်သည်။ 

 

“ခင်ဗျား ဘာတွေးနေလဲဆိုတာ ဘယ်သူက သိမှာလဲ…  ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် နှိပ်စက်ရတာကို သဘောကျနေတဲ့ အရူးပဲနေမှာပေါ့…” 

ရှန်လင်းက ပြန်ဖြေသည်။ 

 

“စကားကို လျှောက်မပြောနဲ့… မဟုတ်ရင် အိမ်ပြန်တော့…” 


ရှန်မော့က ရှန်လင်းကို ထပ်မံတားမြစ်လိုက်ပြီးနောက် ကျိုးကျင့်ဘက်သို့ လှည့်ကာ ပြောလေ၏။ 


“ဖြစ်နိုင်တာကတော့ ခင်ဗျားက ငယ်ငယ်လေးကတည်းက မိသားစုနဲ့ ခွဲခွာခဲ့ရပြီး မိခင်မေတ္တာ ငတ်မွတ်ခဲ့လို့ အဲဒီမေတ္တာကို ရဖို့အတွက် ပိုပြီး အလိုလိုက်ခဲ့တာ ဖြစ်နိုင်ပါတယ်… ဒါကြောင့်လည်း ခင်ဗျားအမေ ခိုင်းသမျှကို တသွေမတိမ်း လိုက်နာခဲ့တာပေါ့…” 

 

“အခု ခင်ဗျားဒဏ်ရာရခဲ့တာကလည်း ခင်ဗျားအမေက တောဝက်သား စားချင်တယ်ဆိုလို့ ခင်ဗျားက တောနက်ထဲအထိ သွားရှာရင်း တောဝက်သားလည်း မရ၊ အသက်ပါ ထွက်လုနီးပါး ဖြစ်ခဲ့ရတာလေ…” 

 

‘ထွက်လုနီးပါး’ မဟုတ်ဘဲ ထို‘သူ’က အမှန်ပင် အသက်ထွက်သွားခဲ့ခြင်း ဖြစ်သည်။ 

 

ထားလိုက်ပါတော့လေ… မူလပိုင်ရှင်နဲ့ အဘွားကြီးဝမ်တို့ကြားက ရန်ငြိုးရန်စတွေက မူလပိုင်ရှင် သေဆုံးသွားချိန်မှာတင် အဆုံးသတ်သွားခဲ့ပြီ… ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်ဆိုတာ အရေးမကြီးတော့ဘူး… အခုအချိန်ကစပြီး ငါက တခြားကမ္ဘာက လာတဲ့ ကျိုးကျင့်ပဲ… 

 

အမှန်စင်စစ် လွန်ခဲ့သော ရက်အနည်းငယ်က ခန္ဓာကိုယ် တဖြည်းဖြည်း ပြန်လည်ကျန်းမာလာချိန်တွင် ကျိုးကျင့်သည် ယခင်က သတိမထားမိသော ပြဿနာတစ်ခုကို သတိပြုမိခဲ့သည်။ ဤခန္ဓာကိုယ်က သူ့ ခန္ဓာကိုယ်ပင် ဖြစ်သည်။ ယခင်ဘဝကထက် ပိုမိုနုပျိုနေသော်လည်း နှစ်ပေါင်း ၃၀ နီးပါး အသုံးပြုလာခဲ့သော မိမိခန္ဓာကိုယ်ကို သူ လွဲမှားစရာ အကြောင်းမရှိပေ။ 

 

သို့သော် အဘယ်ကြောင့် ဘေးပတ်ဝန်းကျင်မှ လူအားလုံးက သူ့ကို အမဲလိုက်ရင်း ဒဏ်ရာရခဲ့သော ကျိုးကျင့်ဟု တစ်ထစ်ချ သတ်မှတ်နေကြသည်ကို တွေးမရချေ။ သူတို့နှစ်ဦးက အဘယ်မျှအထိ တူညီနေသလဲဆိုလျှင် အနီးကပ်ဆုံးလူများပင် ခွဲခြားနိုင်စွမ်း မရှိကြပေ။ 

 

ယခင်ဘဝ၌ သွေးသားမတော်စပ်သော်လည်း ရုပ်ချင်း ထပ်တူကျသူများ ရှိတတ်ကြောင်း သတင်းများတွင် သူ ဖတ်ဖူးခဲ့သည်။ ဤကမ္ဘာတွင် အဘွားကြီးဝမ်နှင့် သူက ပတ်သက်မှု အလှမ်းဝေးလှပြီး လက်ထပ်ထားသော ဇနီးသည်ကလည်း သူ့ကို ကြည့်မရသူ ဖြစ်နေသည်။ သူတို့နှင့် ရင်းနှီးမှု မရှိခဲ့ကြသဖြင့် ရုပ်ချင်းတူနေသောအခါ အားလုံးက သူပင်ဖြစ်သည်ဟု မှတ်ယူလိုက်ကြပြီး ထပ်မံစုံစမ်းခြင်း မပြုကြတော့ပေ။ ဤသည်က သူ့အတွက် အခွင့်ကောင်းပင်ဖြစ်၏။ 


မူလပိုင်ရှင် မည်သည့်နေရာသို့ ရောက်နေသည်၊ ရုတ်တရက် ပြန်ပေါ်လာမည်လားဆိုသည်ကို သူ မသေချာသော်လည်း၊ ရှန်ညီအစ်ကိုတို့၏ စကားအရ မူလပိုင်ရှင်က အခြေအနေ ဆိုးရွားနေခဲ့သဖြင့် သေဆုံးသွားနိုင်ခြေ များသည်။ အကယ်၍ မသေဘဲ ပြန်လာခဲ့လျှင်ပင် ကျိုးကျင့်ထံတွင် ထိုသူ့ကို နှုတ်ပိတ်နိုင်မည့် နည်းလမ်းများ ရှိပြီးသား ဖြစ်သည်။ 

 

မည်သို့ပင်ဆိုစေကာမူ ငွေရှိလျှင် အရာအားလုံး ဖြစ်နိုင်သည်။ ငွေသာရှိလျှင် ဝမ်မိသားစုအနေဖြင့် အရေးမပါသော သားတစ်ယောက်ကို စွန့်လွှတ်ရန် ဝန်လေးမည်မဟုတ်ကြောင်း သူ ယုံကြည်သည်။ 

 

“ခင်ဗျား အိမ်မှာ တစ်ယောက်တည်း နေခဲ့နိုင်မလား… ကျွန်တော်နဲ့ ညီလေးက ခင်ဗျား အားပြန်ပြည့်အောင် တောနက်ထဲသွားပြီး အမဲလိုက်ဖို့ စီစဉ်ထားတယ်…” 

ရှန်မော့က မေးသည်။ 

 

“တောနက်ထဲ ဟုတ်လား…”  

ကျိုးကျင့်က သဘောမတူပေ။  


“မင်းတို့ နှစ်ယောက် မသွားသင့်ဘူး… အဲဒါက အရမ်းအန္တရာယ်များတယ်…” 

 

ဤနေရာတွင် ကျား၊ မ ခွဲခြားမှုက အမျိုးသား၊ အမျိုးသမီး နှင့် ကောအာ ဟူ၍ သုံးမျိုးရှိကြောင်း ကျိုးကျင့်က သိထားပြီးဖြစ်၏။ ကောအာများက ခန္ဓာကိုယ်ဖွဲ့စည်းပုံက အမျိုးသားနှင့် တူသော်လည်း သားအိမ်ပါရှိသဖြင့် အူလမ်းကြောင်းမှတစ်ဆင့် ကိုယ်ဝန်ဆောင်နိုင်သည်။ ကောအာ တို့၏ အခြေအနေက အတော်လေး ခက်ခဲလှ၏။ မွေးဖွားနှုန်း နိမ့်ပါးသကဲ့သို့ ကိုယ်ဝန်ရရန်လည်းခက်ခဲသည်။ ကိုယ်ဝန်ရလျှင်လည်း နောက်ထပ် ကောအာတစ်ဦးကိုသာ မွေးဖွားရန် အခွင့်အလမ်း များလှသည်။ ထို့အပြင် သူတို့က အမျိုးသမီးများကို ကိုယ်ဝန်ရအောင် မလုပ်နိုင်ကြပေ။ 

 

ထို့ကြောင့် ဆင်းရဲသော လယ်သမားမိသားစုများပင် ကောအာများမွေးဖွား(ပြုစုပျိုးထောင်)ခြင်းကို ရှောင်ကြဉ်ကြပြီး၊ များသောအားဖြင့် အမျိုးသမီးများကို ငြီးငွေ့နေသည့် ချမ်းသာသော မိသားစုများထံသို့သာ ကစားစရာအဖြစ် ရောင်းချခံရလေ့ရှိသည်။ ကောအာများ၏ ကံကြမ္မာက များသောအားဖြင့် နိမ့်ကျသော မယားငယ်ဘဝဖြင့်သာ အဆုံးသတ်ရတတ်သည်။


ယင်းက မူလပိုင်ရှင်သည် ရှန်မော့အပေါ် အလွန်အမင်း မုန်းတီးခဲ့ပြီး ရှန်မော့ကို ကိုယ်ထိလက်ရောက် နှိပ်စက်ရခြင်း၏ အကြောင်းရင်းလည်း ဖြစ်သည်။ 

 

“ရပါတယ်… ကျွန်တော်နဲ့ ညီလေးက အဲဒီကို ခဏခဏ သွားနေကြပါ… မှောင်တာနဲ့ ကျွန်တော်တို့ ပြန်လာခဲ့မယ်…” 

 

သူတို့ကို တား၍မရမှန်း သိသဖြင့် ကျိုးကျင့်က မှာကြားရလိုက်တော့သည်။ 


“ဂရုစိုက်ပါ… စောစောသွားပြီး စောစောပြန်လာခဲ့ပါ…” 

 

ရှန်မော့က ကံကောင်းသည်ဟု ဆိုရမည်။ ထိုနေ့ညနေ သူတို့ ပြန်ရောက်လာသောအခါ တောကြက်တစ်ကောင် ဖမ်းမိလာခဲ့သည်။ 

 

“ကော… ဒီညတော့ ကျွန်တော်တို့ အစားကောင်း စားရတော့မယ်…”  


ရှန်လင်းက မြေပြင်ပေါ်မှ တောကြက်ကို ကြည့်ကာ သွားရည်တမြားမြားဖြင့် တံတွေးကို အားပါးတရ မျိုချနေတော့သည်။ 

 

ကျိုးကျင့်က ထိုမြင်ကွင်းကို ကြည့်ကာ ရယ်ချင်စိတ် ပေါက်လာသည်။ သူကိုယ်တိုင်လည်း အသားစားချင်နေသော်လည်း သူတို့လောက်တော့ မပြင်းပြပေ။ ဤသည်က ဤခန္ဓာကိုယ်သည် သူ၏ ခန္ဓာကိုယ်အစစ်အမှန် ဖြစ်ကြောင်း ပိုမိုခိုင်မာစေသည်။ လပေါင်းများစွာ ဟင်းရွက်သာ စားခဲ့ရသဖြင့် အသားကို တောင့်တနေသော်လည်း စိတ်ကို ထိန်းချုပ်နိုင်စွမ်း ရှိနေသေးသည်။ 

 

ကျိုးကျင့်၏ ရယ်သံတိုးတိုးလေးကို ကြားသောအခါ ရှန်လင်းက လှည့်ကြည့်ပြီး မျက်စောင်းထိုးလိုက်သည်။  


“ဘာရယ်တာလဲ… စားဖို့ စိတ်မပါရင်လည်း မစားနဲ့… ဒါဆို ကြက်တစ်ကောင်လုံးကို ကျွန်တော်နဲ့ ကောပဲ စားမှာ…” 

 

“ညီလေး... ဒီကြက်က ကျိုးကျင့် အားပြန်ပြည့်ဖို့အတွက် ရှာလာတာပါ… သူလည်း ငါတို့လိုပဲ အသားမစားရတာ နှစ်ဝက်လောက် ရှိနေပြီဆိုတော့ တောင့်တနေမှာပေါ့…” 

ရှန်မော့က ပြောသည်။  


“သူ မစားဘူးဆိုရင်တောင် ငါတို့ နှစ်ယောက်တည်း အကုန်စားလို့ မဖြစ်ဘူး… တစ်ဝက်ကို ဦးလေးနဲ့ အဒေါ်တို့ဆီ ပို့ပေးရဦးမယ်…” 

 

“ဟိုမြေခွေးမကြီးအကြောင်းကို မေ့နေတာ…”  

ရှန်လင်းက မကျေမနပ်ဖြင့် နှုတ်ခမ်းစူလိုက်သည်။ 

 

“ဦးလေးနဲ့ အဒေါ်တို့ဆီ စားစရာ တစ်ဝက် ပို့ပေးရမယ်ဆိုတဲ့ ထူးထူးခြားခြား အကြောင်းရင်း ရှိလို့လား…” 

ကျိုးကျင့်က ရုတ်တရက် မေးလိုက်သည်။ 

 

ရှန်မော့က ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ ပြန်ဖြေသည်။ 


“တကယ်တော့ ဘာမှမရှိပါဘူး… ခင်ဗျားက ခင်ဗျားအမေရဲ့ ဂရုစိုက်မှုကို လိုချင်လွန်းလို့ ခင်ဗျားကိုယ်တိုင်ပဲ တောင်းဆိုခဲ့တာပါ…” 

 

ကိုယ်တိုင် တောင်းဆိုခဲ့တာ ဟုတ်လား… မူလပိုင်ရှင်က အရူးလား… ကိုယ့်ဘာသာတောင် ဝအောင်မစားနိုင်၊ ငတ်လုနီးပါး ဖြစ်နေတာတောင်… ကိုယ့်ကို သားသမီးလို သဘောမထားတဲ့ အဘွားကြီးကို အလေးပေးနေတယ်ပေါ့… ဟိုဘက်က လူတွေက ကောင်းကောင်းမွန်မွန်နေနေကြတာ… သူ့ကိုတောင် စောစောသေပါစေလို့ ကျိန်ဆဲနေကြဦးမယ်… အခုတော့ သူက သူတော်စင်ဝင်စားသလို လုပ်နေတယ်ပေါ့… 

 

ကျိုးကျင့်က ထိုကဲ့သို့သော မိုက်မဲမှုကို နားမလည်နိုင်ပေ။ သူ၏ မူဝါဒက “ကျေးဇူးရှိလျှင် ကျေးဇူးဆပ်၊ ရန်ရှိလျှင် ရန်တုံ့ပြန်” ရမည်ဟူ၍သာ ဖြစ်သည်။ 

 

ထို့အပြင် ထိုအဘွားကြီးက သူ့အပေါ် မည်သည့်ကျေးဇူးမှ မရှိပေ။ သူ့ကို ပြုစုပျိုးထောင်ခဲ့သည်လည်း မဟုတ်၊ မည်သည့်အကျိုးကျေးဇူးမှလည်း မပေးခဲ့ပေ။ မည်သို့ပင်ဆိုစေ ဤခန္ဓာကိုယ်က သူ့ခန္ဓာကိုယ် ဖြစ်နေသည်က ငြင်းမရပေ။ အဘယ့်ကြောင့် ဤနေရာသို့ ရောက်လာပြီး ခန္ဓာကိုယ်က အဘယ့်ကြောင့် နုပျိုသွားသည်ကို မသိသော်လည်း ၎င်းက သူ၏ ကိုယ်ပိုင်ခန္ဓာကိုယ်သာ ဖြစ်သည်။ သူက ထိုအဘွားကြီးအပေါ် မည်သည့်အကြွေးမှ မတင်သဖြင့် မူလပိုင်ရှင်ကဲ့သို့ မိုက်မဲသော သားသမီးဝတ္တရားကို ဆက်လက်လုပ်ဆောင်ရန် အစီအစဉ်မရှိပေ။ 

 

“ထူးထူးခြားခြားအကြောင်းရင်း မရှိဘူးဆိုရင် နောက်ကို ဘာမှ ပို့ပေးစရာ မလိုတော့ဘူး… တောဟင်းရွက်ဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ငါတို့အတွက်ပဲ ထားမယ်…” 

 

ကျိုးကျင့်သည် သူ့ဆုံးဖြတ်ချက်က ရုတ်တရက်ဆန်နေသည်ကို ဂရုမစိုက်ပေ။ သူက ဘာမှမမှတ်မိတော့သည့် လူတစ်ယောက် ဖြစ်သောကြောင့် မှတ်ဉာဏ်ပျောက်နေသူ တစ်ယောက်က အမူအရာ ပြောင်းလဲသွားခြင်းက သဘာဝကျလှသည်။ 

 

“ဘာလို့ ရုတ်တရက်ကြီး မပို့တော့ဘူးလို့ ဆုံးဖြတ်လိုက်တာလဲ…”  

ရှန်မော့က ဇဝေဇဝါဖြင့် မေးသည်။ 

 

“ကောရာ... ဘာလို့ ဒီလောက် ရိုးအနေရတာလဲ… မပို့တာ ပိုကောင်းတာပေါ့…”  

ရှန်လင်းက ဝင်ပြောသည်။  


“ဟိုအဘွားကြီးနဲ့ မခွဲဝေရရင် အကုန်လုံး ကျွန်တော်တို့အပိုင် ဖြစ်မှာပေါ့…” 

 

“ဒါပေမဲ့... ကျွန်တော် တောကြက် ဖမ်းလာတာကို တစ်ရွာလုံး မြင်သွားကြပြီ… တစ်ဝက် ပို့မပေးရင် အဒေါ်က လာပြီး ပြဿနာရှာမှာကို စိုးရိမ်တယ်…” 

ရှန်မော့က ဆိုသည်။ 

 

ကျိုးကျင့်က နှာခေါင်းရှုံ့လိုက်သည်။ သူသည် ထိုအဘွားကြီးကို ကြည့်မရသည်က ကြာပြီ ဖြစ်သည်။ အကယ်၍ သူမကသာ သူ့ကို နှိပ်စက်ရန် ကြိုးစားလာဦးမည်ဆိုလျှင် သူ မည်မျှအထိ တုံ့ပြန်နိုင်သည်ကို ပြသရပေလိမ့်မည်။ 

 

“ရပါတယ်… ငါ ဆုံးဖြတ်ပြီးပြီ… နောက်ကို မပို့ဘဲ နေရင်လည်း အနှေးနဲ့အမြန် ဒီကိစ္စက ဖြစ်လာမှာပဲ… ဒီနေ့ပဲ တစ်ခါတည်း ရှင်းလိုက်ကြတာပေါ့…” 

ကျိုးကျင့်က ဆက်ပြောသည်။


“သူ လာရင်လည်း မင်းတို့ အားနာနေစရာ မလိုဘူး… သင့်တော်သလိုသာ ကိုင်တွယ်လိုက်… ငါ့ကို ဝမ်မိသားစုစာရင်းက ပယ်ဖျက်ပြီး ကျိုးမျိုးရိုး ပြောင်းထားပြီးကတည်းက ငါနဲ့ ဝမ်မိသားစုနဲ့ ဘာမှမပတ်သက်တော့ဘူး… သူ့ကို ‘အဒေါ်’ လို့ ခေါ်နေတာက တစ်ရွာတည်းသားတွေမို့လို့ ယဉ်ကျေးမှုအရ ခေါ်တာပဲ ရှိတယ်…” 

 

“ကျိုးကျင့်... ခင်ဗျား ဘယ်လိုလုပ်ပြီး...”  

ရှန်မော့က ကန့်ကွက်ရန် ကြိုးစားသည်။ 

 

“သေခြင်းနဲ့ ရှင်ခြင်းကြား ရောက်သွားတဲ့အခါ အရင်က မမြင်ခဲ့တဲ့အရာတွေကို မြင်လာရတတ်တယ်… ပြီးတော့ ငါ့မှာ မှတ်ဉာဏ်တွေ မရှိတော့ဘဲ တခြားလူတွေဆီက အတိတ်အကြောင်းကို ကြားရတဲ့အခါ ဝမ်မိသားစုက ငါ့အပေါ် ဘာသံယောဇဉ်မှ မရှိခဲ့ဘူးဆိုတာ သိလိုက်ရတယ်… တကယ်လို့ သူတို့မှာ စာနာစိတ် နည်းနည်းလောက်လေးပဲ ရှိရင်တောင် ၁၀ နှစ်သား ကလေးတစ်ယောက်ကို အိမ်က နှင်ထုတ်ပြီး တဲစုတ်လေး တစ်လုံးပဲ ပေးထားမှာ မဟုတ်ဘူး… အဲဒီနှစ်တွေမှာ ငါ ဘယ်လို ရုန်းကန်ခဲ့ရလဲဆိုတာ မမှတ်မိပေမဲ့ တော်တော်လေး ခက်ခဲခဲ့မှာတော့ သေချာတယ်လေ…” 

 

“အဲဒီလို တဲစုတ်မျိုးက နွေရာသီ မိုးသည်းရင် အပြင်မှာရွာသလို အထဲမှာလည်း ရွာတာပဲ… ဆောင်းတွင်းကျပြန်တော့လည်း အပြင်မှာ နှင်းကျသလို အထဲမှာလည်း နှင်းတွေဖွေးနေတာ… အဲဒီလို ရှည်လျားလှတဲ့ ဆောင်းရာသီတွေကို တစ်ခုပြီးတစ်ခု ငါ အသက်ဘေးက လွတ်ခဲ့တာက တကယ်တော့ ကံကောင်းလွန်းလို့ပဲ… သူတို့မှာမှ သံယောဇဉ် မရှိတာ… ငါကရော ဘာလို့ ဒီမိသားစုအပေါ် တွယ်ကပ်နေရဦးမှာလဲ…” 

 

“အခုတော့ ပြောရတာ ကောင်းတာပေါ့… တစ်နေ့နေ့မှာ အတိတ်ကို ပြန်မှတ်မိသွားရင် ကောကိုပဲ ပြန်အပြစ်တင်နေဦးမှာ… အဲဒီကျမှ အဒေါ်နဲ့ ပြန်အဆင်ပြေအောင် လုပ်ပေးပါဦးဆိုပြီး ကောကို လာမပူဆာနဲ့နော်…” 

ရှန်လင်းက ဝင်ပြောသည်။ 

 

“လုံးဝ မဖြစ်နိုင်တာ…” 

 

“အဲလောက်ကြီးတော့ အပိုင်မပြောနဲ့...” 

 

ရှန်မော့က ရှန်လင်း၏ စကားကို ဖြတ်ပြောလိုက်သည်။  

“ညီလေး... ငါ သူ့ကို ယုံတယ်…” 

 

“ကောရာ...” 

 

“တော်ပြီ… ဆက်မပြောနဲ့တော့… သူပြောသလိုပဲ လုပ်ကြစို့…”  

ရှန်မော့က ဆိုသည်။  


“အခုတော့ တောကြက်တစ်ကောင်လုံး ငါတို့အပိုင် ဖြစ်သွားပြီလေ… မင်း မပျော်ဘူးလား…” 

 

“ပျော်တော့ ပျော်ပါတယ်… ဒါပေမဲ့ ကြောက်တယ်...” 

 

“ကြောက်စရာ မလိုပါဘူး… ငါ ဘာမှအဖြစ်မခံဘူး…”  

ကျိုးကျင့်က ပြတ်ပြတ်သားသား ပြောလိုက်သည်။  


“ဒါပေမဲ့ စိတ်မရှိပါနဲ့ဦး… ဒီကြက်တစ်ကောင်လုံးကိုတော့ မင်းတို့ကို အကုန်မကျွေးနိုင်သေးဘူး…” 

 

“ဘာလဲ... အခုမှ စကားပြန်လှည့်တာလား…”  

ရှန်လင်းက အော်လိုက်သည်။ 

 

“မဟုတ်ပါဘူး…”  

ကျိုးကျင့်က အနေရခက်စွာဖြင့် ပြန်ဖြေသည်။  

“ငါတို့ဆီမှာ ဆန်ကုန်နေပြီလေ… ဒီကြက်တစ်ဝက်ကို ရွာသားတွေဆီမှာ ဆန်ကြမ်းနည်းနည်းလောက်နဲ့ သွားလဲလို့ ရမလား… မဟုတ်ရင် မနက်ဖြန်ကျ စားစရာ မရှိဘဲ နေလိမ့်မယ်…” 

 

ရှန်မော့က သဘောပေါက်သွားကာ “ကျွန်တော် ပျော်လွန်းလို့ ဒါကို မေ့သွားတာပဲ… အခုပဲ ဆန်သွားလဲလိုက်ဦးမယ်…” ဟု ဆိုကာ ထွက်သွားသည်။ 

 

ရှန်လင်းကမူ တိုးတိုးလေး ရေရွတ်နေမိသည်။  

“တစ်ခါ လဲကျပြီးတော့ လူက ထုံထိုင်းသွားတာ မဟုတ်ဘဲ အိမ်ထောင်ကို ဘယ်လို ထိန်းသိမ်းရမလဲတောင် သိလာပါလား…” 

 

မြို့ပေါ်မှ ဆိုင်များတွင် ဆန်ကြမ်းတစ်ပိဿာကို ဆယ်ဝမ် ပေးရသည်။ ဈေးထဲ၌ တောကြက်တစ်ပိဿာကို ဝမ်နှစ်ဆယ်ခန့် ရနိုင်သော်လည်း ရွာသားများကမူ ထိုဈေး မပေးနိုင်ကြပေ။ ထို့ကြောင့် သာမန်ကြက်ဈေးဖြစ်သော ၁၅ ဝမ်နှင့်သာ လဲလှယ်ကြရသည်။ 

 

တောကြက်တစ်ဝက်က ၂.၅ ပေါင်ခန့် ရှိသဖြင့် ဆန်ကြမ်း သုံးပေါင်ကျော်နှင့် လဲလှယ်နိုင်ခဲ့သည်။ 

 

ရှန်လင်း ဆန်များကို သယ်ပြီး ပြန်ရောက်လာသောအခါ အိမ်အနှံ့ လိုက်ရှာပြီး ဆန်အိတ်ဝှက်ရန် နေရာရှာတော့သည်။ သို့သော် ကျိုးအိမ်၌ မည်သည့်ပရိဘောဂမှ မရှိ၊ ဗီရိုငယ်လေးပင် မရှိသဖြင့် ရှန်လင်းက စိုးရိမ်တကြီးဖြင့် ချွေးပြန်နေရှာသည်။ 

 

“ဘာလုပ်နေတာလဲ…”  

ကျိုးကျင့်က ကြည့်မနေနိုင်တော့ဘဲ လှမ်းမေးလိုက်သည်။  


“မီးဖိုချောင်ထဲမှာပဲ ထားလိုက်ပါ… ဘယ်သူမှ လာမခိုးပါဘူး…” 

 

“ဘယ်သူမှ မခိုးဘူး ဟုတ်လား…”  

ရှန်လင်းက ပြန်အော်သည်။  


“ဟိုမြေခွေးမကြီးက ခွေးနှာခေါင်းလိုပဲ… အနံ့ရတာနဲ့ ရောက်လာမှာ… သူသာ တွေ့သွားရင် မရမက အကုန်ယူသွားမှာပေါ့…” 

 

ကျိုးကျင့်က တည်ငြိမ်စွာပင်  ပြန်ပြောသည်။ 

“ယူသွားရင်လည်း ယူပါစေ… မင်း ပြန်လုယူလို့ ရတာပဲ…” 

 

“ဒါပေမဲ့ ခင်ဗျားက ခွင့်မပြုဘူးလေ...” 

 

“ငါ ခွင့်ပြုတယ်လို့ ပြောပြီးပြီပဲ… နောက်ဆိုရင် အထင်အရှားကို ပြန်လုယူလိုက်… ဒါက ကျိုးမိသားစုရဲ့ အိမ်ဖြစ်ပြီး ဝမ်မိသားစုက လာပြီး ပြဿနာရှာစရာ မလိုဘူးလို့ သူ့ကို ပြောလိုက်…” 

 

“တကယ်လား… ကျွန်တော် တကယ် ပြန်လုလို့ ရမှာလား…”  


ထိုမြေခွေးမကြီးကို အတိအလင်း ရင်ဆိုင်နိုင်မည်ဟူသော အတွေးကြောင့် ရှန်လင်းက တစ်စုံတစ်ရာကြောင့် စိတ်လှုပ်ရှားသွားသည်။ 

 

သူက မော့ကြည့်လိုက်ရာ ရှန်မော့၏ စူးစိုက်ကြည့်နေသော မျက်ဝန်းများနှင့် ဆုံသွားသည်။ ရှန်မော့၏ မျက်လုံးများက မှင်ရည်ဖြင့် ဆိုးထားသကဲ့သို့ အလွန်နက်မှောင်နေပြီး အနက်အဓိပ္ပာယ်ကို ဖတ်ရခက်လှသည်။


ယခုအချိန်အထိ ကျိုးကျင့်သည် ရှန်မော့ ဘာတွေးနေသည်ကို နားမလည်သေးပေ။ ရက်အနည်းငယ်ကြာ ထိတွေ့ဆက်ဆံကြည့်ရာတွင် ရှန်မော့က အလျှော့ပေးတတ်သူတစ်ဦးဟု မထင်ရပေ။  

 

ဒါဆိုရင် ရှန်မော့က ဒီလောက်မာကျောသူဆိုရင် ဘာကြောင့် အရင်က ရိုက်နှက်တာကို ခံခဲ့ရတာလဲ… မိမိကိုယ်တိုင် ငတ်ပြတ်နေပါလျက်နဲ့ ဘာလို့ အဘွားကြီးဝမ်ဆီကို စားစရာသောက်စရာတွေ ပို့ပေးခဲ့ရတာလဲ… 

 

အမှန်စင်စစ် ကျိုးကျင့်က ခေတ်သစ်လူသားတစ်ဦး၏ အမြင်ဖြင့်သာ ရှန်မော့ကို ကြည့်နေခြင်း ဖြစ်သည်။ ထိုခေတ်ကာလတွင် “ကြက်နှင့်ညား ကြက်နောက်လိုက်၊ ခွေးနှင့်ညား ခွေးနောက်လိုက်” ဆိုသည့် အယူအဆက ပုံမှန်ဖြစ်နေပြီး၊ ယောက်ျားဖြစ်သူက မိန်းမဖြစ်သူကို ကြမ်းတမ်းစွာ ဆက်ဆံခြင်းက ထူးဆန်းသည့် ကိစ္စမဟုတ်ပေ။ အပြန်အလှန်အားဖြင့် ဇနီးဖြစ်သူက ခင်ပွန်းကို ပြန်လည်အာခံပါက “မိန်းမဆိုး” ဟု အမည်တပ်ခံရကာ ကွာရှင်းခံရသည်အထိ ဖြစ်နိုင်သည့် ခေတ်ဖြစ်ပေသည်။ 

 

ရှန်မော့က မည်မျှပင် မခံချင်စိတ်ရှိပါစေ၊ သူ ဘာမှမတတ်နိုင်ပေ။ သူက ကျိုးကျင့်နှင့် လက်ထပ်ပြီးသား ဖြစ်သဖြင့် မည်မျှပင် ဆိုးရွားပါစေ၊ ကွာရှင်းခံရပြီး မိဘအိမ် ပြန်ပို့ခံရသည့် ကံကြမ္မာထက်စာလျှင် ဤဘဝက ပိုတော်သေးသည်ဟု မှတ်ယူထားပုံရသည်။ 

 

ရှန်မော့၏ မျက်ဝန်းထဲတွင် ခဏတာ တုန်လှုပ်မှု အနည်းငယ် ဖြတ်ပြေးသွားသည်။ သူက ချက်ချင်းပင် ဟန်ဆောင်ထိန်းသိမ်းလိုက်သော်လည်း ကျိုးကျင့်ကမူ မြင်လိုက်လေသည်။ ကျိုးကျင့်က မမြင်ချင်ယောင်ဆောင်ကာ အကြည့်လွှဲလိုက်ရာ ရှန်မော့ သက်ပြင်းချလိုက်သည်ကို သတိထားမိလိုက်၏။ 

 

ထိုစဉ်မှာပင် ကျိုးကျင့်အိမ်တံခါးကို ဝုန်းခနဲ ကန်ဖွင့်သံ ကြားလိုက်ရသည်။ ထို့နောက် အမျိုးသားတစ်ဦးက မိမိအိမ်ကဲ့သို့ပင် ရဲရဲတင်းတင်း ဝင်လာလေတော့သည်။ 

 

“ဟေ့… ကျိုးကျင့်... မင်း ကြက်သားစားနေတာလား… အတော်ပဲ… ငါလည်း နည်းနည်းလောက် စားရတာပေါ့…” 

 

ထို့နောက် ထိုသူက ခုတင်ခြေရင်းတွင် ပေါ့ပေါ့ပါးပါးပင် တင်ပျဉ်ခွေ ထိုင်ချလိုက်သည်။ သူ့ မျက်လုံးများကမူ ရှန်လင်းကို စူးစူးစိုက်စိုက် ကြည့်နေ၏။ 

 

ထိုခေတ်တွင် အမျိုးသားနှင့် အမျိုးသမီးများ သို့မဟုတ် အိမ်ထောင်မကျသေးသူများ ရောရောနှောနှော ထိုင်လေ့မရှိကြပေ။ လယ်သမားမိသားစုများတွင် ထိုအလေ့အထကို တင်းတင်းကျပ်ကျပ် မလိုက်နာနိုင်ခြင်းက မလိုက်နာချင်၍ မဟုတ်ဘဲ အခြေအနေမပေး၍ပင်။


 á€žá€­á€Żá€ˇá€žá€ąá€Źá€ş အမျိုးသားတစ်ဦးက တံခါးမခေါက်ဘဲ ဝင်လာပြီး အိမ်ထောင်မရှိသေးသည့် မိန်းကလေး သို့မဟုတ် ကောအာငယ်လေးတစ်ဦးကို ဤမျှ ရဲတင်းစွာ စိုက်ကြည့်ခြင်းက လူမိုက်ဆန်လှသည့် အပြုအမူပင် ဖြစ်လေသည်။



👶👶👶