Ch 4
Viewers 909

👶အခန်း (၄) 

- ထိပ်တိုက်ရင်ဆိုင်ခြင်း 

 


ကျိုးကျင့်သည် သူ့ခန္ဓာကိုယ်က အသုံးမကျလှသေးကြောင်း သိလိုက်ရသဖြင့် စိတ်ပျက်လက်ပျက် ဖြစ်သွားရသည်။ အကယ်၍သာ အိပ်ရာမှထရန် အားယူမနေရပါက သူကိုယ်တိုင် သွားရောက်၍ ထိုကောင်ကို အသေသတ်မိပေလိမ့်မည်။ 

 

ငါ့ရှေ့မှာတင် ငါ့ဇနီးရဲ့ ညီကို ရမ္မက်မျက်လုံးတွေနဲ့ ရဲရဲတင်းတင်း ကြည့်ရဲတယ်တဲ့လား… ငါ့ကို လူသေကောင်လို့ ထင်နေတာလား… 

 

ကျိုးကျင့်၏ မျက်နှာက မုန်တိုင်းထန်နေသော ပင်လယ်ပြင်ကဲ့သို့ မည်းမှောင်သွားသည်။  


"ရှောင်မော့... ရှန်လင်း... မင်းတို့နှစ်ယောက်က ဘာလို့ အရူးတွေလို ရပ်ကြည့်နေတာလဲ… ကိုယ့်ဘာသာ မကိုင်တွယ်နိုင်ရင် အပြင်ထွက်ပြီး လူအကူအညီ သွားတောင်းလေ… နေ့ခင်းကြောင်တောင် အိမ်ထဲကို သူခိုးဝင်လာတာကို ဘာလို့ အော်မခေါ်ကြတာလဲ…" 

 

ရှန်မော့နှင့် ရှန်လင်းတို့က လူတစ်ယောက်ကို မနိုင်ဟု ကျိုးကျင့်က မယုံကြည်သော်လည်း သူတို့ ဒဏ်ရာရမည်ကို စိုးရိမ်မိသည်။ အမှန်တွင် မူလပိုင်ရှင် ကျိုးကျင့်ကိုယ်တိုင်က လူမိုက်တစ်ယောက် ဖြစ်ပြီး သူ့အပေါင်းအသင်းများကလည်း အောက်တန်းစား လူမိုက်များသာ ဖြစ်ကြသည်။ 

 

ထိုကဲ့သို့သော လူမျိုးများက ရန်ဖြစ်ရသည်ကို အသားကျနေသူများဖြစ်ပြီး အကယ်၍ ကိုယ်ခံပညာ အနည်းငယ် တတ်မြောက်ထားပါက ရှန်မော့နှင့် ရှန်လင်းတို့က သူတို့၏ ပြိုင်ဘက် ဖြစ်နိုင်မည် မဟုတ်ပေ။ 

 

ထိုအခါမှသာ ရှန်မော့နှင့် ရှန်လင်းတို့က သတိဝင်လာပြီး ကျိုးကျင့်ကို မယုံကြည်နိုင်သလို စိုက်ကြည့်မိကြသည်။ ဝမ်လီဆိုသည်က ကျိုးကျင့်ကိုယ်တိုင်ပင် သွေးသစ္စာဆိုထားသည့် "ညီအစ်ကိုအရင်းအချာ" ဟု အမြဲပြောလေ့ရှိသော သူငယ်ချင်း ဖြစ်သည်။ 

 

ရှန်မော့က ပထမဆုံး သတိပြန်ဝင်လာပြီး တံမြက်စည်းကို ဆွဲကိုင်လိုက်သည်။ ရှန်လင်းကိုလည်း သစ်သားတုတ်ရှည်တစ်ချောင်း ကမ်းပေးလိုက်ပြီး နှစ်ယောက်သား ဝမ်လီထံသို့ ခက်ထန်သော အကြည့်များဖြင့် လျှောက်သွားကြသည်။ 

 

"မင်း... မင်းတို့ ဘာလုပ်မလို့လဲ…"  

ဝမ်လီက ဆက်လက်အော်ဟစ်နေဆဲပင် ဖြစ်သည်။ 


"ကျိုးကျင့်... မင်း သူတို့ကို မထိန်းတော့ဘူးလား… ဒါက မင်းရဲ့ အခွင့်အာဏာကို စိန်ခေါ်နေတာပဲ… အသိဉာဏ်ရှိတဲ့သူဆိုရင် ဘယ်သူက ဒီလို အော်ဟစ်ဆဲဆိုနေမှာလဲ… မိန်းမဆိုးတွေပဲ ဒီလိုလုပ်တာ…" 

 

ဝမ်လီက ဆက်၍ အော်နေပြန်သည်။  

"ကျိုးကျင့်... မင်း တစ်ခွန်းပဲပြောလိုက်… ငါ ဒီကောင်နှစ်ယောက်ကို သင်ခန်းစာ ပေးလိုက်မယ်… ငါက မင်းအတွက်… ငါတို့ရဲ့ ညီအစ်ကိုသံယောဇဉ်အတွက် လုပ်ပေးတာနော်…" 

 

"မင်း လုပ်ရဲရင် လုပ်ကြည့်စမ်း…"  

ကျိုးကျင့်က အေးစက်စွာ ပြောလိုက်သည်။  


"မင်းသာ ငါ့ယောက်ဖ ဒါမှမဟုတ် ငါ့ဇနီးကို လက်ဖျားနဲ့ ထိကြည့်လိုက်... ငါ နေကောင်းတာနဲ့ မင်းရဲ့ ခြေထောက်တစ်ဖက်ကို ရိုက်ချိုးပစ်မယ်…" 

 

ကျိုးကျင့်သည် ယခင်ဘဝက အဆင့်မြင့် ရာထူးနေရာကို ပိုင်ဆိုင်ခဲ့သူဖြစ်ရာ သူ တကယ်ဒေါသထွက်လာသည့်အခါ ထွက်ပေါ်လာသော အရှိန်အဝါက အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ သူ၏ ထိုးဖောက်စူးရှသော အကြည့်အောက်တွင် ရှေ့မှ အလေအလွင့်လယ်သမားက သိသိသာသာ တုန်လှုပ်သွားရသည်။ ဝမ်လီက ထွက်ပြေးချင်စိတ် ပေါက်သွားသော်လည်း သူ အမြဲ နှိမ်ထားခဲ့သော ကျိုးကျင့်နှင့် ရင်ဆိုင်နေရသည်ကို သတိရကာ သတ္တိမွေး၍ ဆက်ပြောပြန်သည်။ 

 

"ကျိုးကျင့်... အရှက်မရှိမလုပ်စမ်းပါနဲ့… ငါ မင်းကို သတိပေးနေတာ…" 

 

စကားမဆုံးမီမှာပင် ကျိုးကျင့်က ကြမ်းပြင်ပေါ်ရှိ လူနှစ်ယောက်ကို လှမ်းအော်လိုက်သည်။  


"ဘာရပ်ကြည့်နေတာလဲ… အပြင်ထွက်ပြီး လူခေါ်လေ… လူတစ်ယောက် ငါတို့အိမ်ထဲ ဇွတ်ဝင်လာပြီး ရမ်းကားနေတာ မမြင်ဘူးလား…" 

 

တံမြက်စည်းကို ကိုင်ထားသော ရှန်မော့က ဝမ်လီကို မညှာမတာ စတင်ရိုက်နှက်လေတော့သည်။ အစ်ကိုဖြစ်သူ လုပ်သည်ကို မြင်သောအခါ ရှန်လင်းကလည်း အားကျမခံ တုတ်ဖြင့် ပြင်းပြင်းထန်ထန် ရိုက်တော့သည်။ 

 

"ထွက်သွား… အခုချက်ချင်း ထွက်သွားစမ်း…"  

ရှန်မော့က ဒေါသတကြီး အော်ဟစ်ကာ ဝမ်လီကို ရိုက်နှက်နေသည်။ 

 

"မင်းက ဘာကောင်မို့လို့လဲ… သူများအိမ်ထဲ ဝင်ခိုးပြီး ပြဿနာလာရှာရဲတာလဲ… ဒီနေ့တော့ မင်းကို အသေသတ်မယ်…" 

 

ခိုးမှုနှင့် ပြဿနာရှာမှုဟူသော စွပ်စွဲချက်ကို ကျိုးကျင့်က ဝမ်လီအပေါ် ရည်ရွယ်ချက်ရှိရှိ ပုံဖော်ပေးလိုက်ခြင်းဖြစ်ပြီး ရှန်မော့ကလည်း ထိုအချက်ကို သဘောပေါက်လေသည်။ ၎င်းက သူနှင့် ရှန်လင်း၏ ဂုဏ်သိက္ခာကို ကာကွယ်ရန် ဖြစ်သည်။ ဝမ်လီက ရှန်လင်းအပေါ် မဖွယ်မရာ စိတ်ရှိနေသည် သို့မဟုတ် စိုက်ကြည့်နေသည်ဟူသော ကောလာဟလများ ပျံ့နှံ့သွားပါက ရှန်လင်း၏ နာမည်က ပို၍ပင် ပျက်စီးသွားပေလိမ့်မည်။ 'ကောအာ' တစ်ယောက်အနေဖြင့် ရှန်လင်း၏ သိက္ခာက အဖတ်ဆယ်မရအောင် ဖြစ်နေပြီသားဖြစ်ရာ ထပ်မံ အပုပ်ချခံရခြင်းကို မခံနိုင်တော့ပေ။ 

 

"မင်းတို့ ရဲတင်းလှချည်လား…"  

ဝမ်လီက အော်သည်။ 


"ကျိုးကျင့်... မင်း တကယ်ပဲ မင်းရဲ့လူတွေကို ငါ့ကို ဒီလိုလုပ်ခိုင်းတာလား… စောင့်နေလိုက်… မင်းကို ငါ လွယ်လွယ်နဲ့ မလွှတ်ဘူး…"


ဝမ်လီ ထွက်သွားပြီးနောက် ရှန်ညီအစ်ကို နှစ်ဦးလုံး မောဟိုက်သွားကြသည်။ 'ကောအာ' များသည် အမျိုးသမီးများထက် သန်မာသော်လည်း အမျိုးသားတစ်ဦးကိုမူ ယှဉ်နိုင်ရန် ခက်ခဲလှ၏။ သို့သော် 'ကောအာ' နှစ်ယောက် ပူးပေါင်းလိုက်သည့်အခါတွင်မူ အမျိုးသားတစ်ဦးကို ကောင်းကောင်း ဒုက္ခပေးနိုင်ခဲ့ကြသည်။ 

 

"ရှောင်မော့... ဒီနားလာပါဦး… ငါ့ကို ပြပါဦး… ခုနက သူ မင်းကို လက်နဲ့ ရမ်းလိုက်တာ တွေ့လိုက်တယ်… ဒဏ်ရာရသွားလား…"  


ကျိုးကျင့်က အိပ်ရာမှ ထချင်သော်လည်း ခြေထောက်များက အားမရှိသဖြင့် ခုတင်စောင်းတွင်သာ ထိုင်နေရသည်။ 

 

ရှန်လင်းက ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေမိပြီး ဇဝေဇဝါ ဖြစ်သွားရ၏။ သူ့ယောက်ဖက ပုံမှန်ဆိုလျှင် အစ်ကိုဖြစ်သူကို ဂရုစိုက်လေ့မရှိဘဲ ကောအာတစ်ယောက်ဆိုသည်က နုနယ်နေစရာမလိုဘဲ ရိုက်နှက်ဆဲဆိုခြင်းကို ခံနိုင်ရည်ရှိရမည်ဟုသာ အမြဲပြောလေ့ရှိသည်။ 

 

ရှန်မော့က လှုပ်ရှားနေသော သူ့မျက်ဝန်းများကို ဖုံးကွယ်ရန် မျက်လွှာချလိုက်ပြီး ကျိုးကျင့်ထံသို့ တစ်လှမ်းချင်း လျှောက်လာသည်။ ကျိုးကျင့်က ရှန်မော့၏ လက်ကို ဆွဲကိုင်ကာ အသေအချာ စစ်ဆေးကြည့်လိုက်သည်။ 

 

ရှန်မော့၏ လက်များက အလုပ်ကြမ်းများ လုပ်ရခြင်းကြောင့် ကြမ်းတမ်းနေပြီး အသားမာများ တက်နေကာ ထိတွေ့လိုက်လျှင် သဲစက္ကူကဲ့သို့ပင် ဖြစ်နေလေသည်။ ကျိုးကျင့်သည် ယခင်ဘဝက အလုပ်ကြမ်း တစ်ခါမှ မလုပ်ခဲ့ဖူးဘဲ ဘောပင်ဖြင့် စာချုပ်ချုပ်ရုံသာ လုပ်ခဲ့သူ ဖြစ်သည်။ သူ့လက်က နုနယ်လှသည်မဟုတ်သော်လည်း ရှန်မော့ကဲ့သို့တော့ မကြမ်းတမ်းပေ။ အမျိုးသားတစ်ဦး၏ လက်က အမျိုးသမီးငယ်တစ်ဦးကဲ့သို့ နူးညံ့ချောမွေ့ခြင်းမရှိသော်လည်း အလုပ်ကြမ်းသမားတစ်ဦး၏ လက်နှင့်မူ ကွာခြားလှသည်။ 

 

နှိုင်းယှဉ်ကြည့်ပါက ကျိုးကျင့်၏လက်က 'ကောအာ' တစ်ယောက်၏ လက်နှင့်ပင် တူနေပြီး အသားအရောင်သာ မကွာခြားပါက မည်သူက 'ကောအာ' ၊ မည်သူက အမျိုးသားဟူသည်ကို ခွဲခြားရန် ခက်ခဲပေလိမ့်မည်။ 

 

ရှန်မော့၏ လက်များကို ကြည့်ကာ အလုပ်ကြမ်းဒဏ်ကြောင့် အရေပြားများ ကွဲအက်နေသည်ကို မြင်ရသဖြင့် ကျိုးကျင့် စိတ်မကောင်း ဖြစ်သွားရသည်။ သို့သော် ရှန်မော့သည်လည်း ကျိုးကျင့်၏ လက်များကို ထူးဆန်းပြီးနက်ရှိုင်းသော အကြည့်ဖြင့် စိုက်ကြည့်နေသည်ကိုမူ ကျိုးကျင့်က သတိမထားမိပေ။ 

 

ရှန်မော့၏ မျက်နှာအရေပြားကလည်း ထပ်တူပင်ဖြစ်ပြီး ခြောက်သွေ့ကာ အဖတ်များ ကွာကျနေသည်။ အသားအရောင်ကလည်း အာဟာရချို့တဲ့မှုကြောင့် ညိုဝါရောင် သန်းနေသည်။ ကျိုးကျင့်သည် ရှန်မော့၏ ကျန်းမာရေးကို အမြန်ဆုံး ပြန်လည်ကောင်းမွန်အောင် လုပ်ပေးရန်နှင့် မိမိ၏ ဇနီးသည်ကို ကျွေးမွေးပြုစုနိုင်ရန် ငွေရှာရမည်ဟု စိတ်ထဲတွင် စိုးရိမ်တကြီး တွေးတောနေမိသည်။ 

 

သူတို့နှစ်ဦး ကြင်နာစွာဖြင့် လက်ချင်းဆွဲနေစဉ်မှာပင် အနှင်ခံလိုက်ရသဖြင့် အရှက်ရနေသော ဝမ်လီသည် ဤကိစ္စကို ဝမ်မိသားစုထံသို့ သွားရောက်တိုင်တောလေတော့သည်။ 

 

ကျိုးကျင့်က ကြက်သားချက်သော်လည်း မိမိထံသို့ ပို့မလာကြောင်း ကြားရသည့်အခါ အဘွားကြီးဝမ် ဒေါသထွက်သွားလေသည်။ ကျိုးကျင့်က အတော်ကလေး ရဲတင်းလာသည်ဟု သူမ ခံစားရသဖြင့် ချက်ချင်းပင် ထိုနေရာသို့ သွားရောက်ရန် ဒေါသတကြီး ပြင်ဆင်တော့သည်။ ဝမ်လီကလည်း ပြဿနာဖြစ်မည်ကို ကြည့်လိုသဖြင့် နောက်မှ ဝမ်းသာအားရ လိုက်ပါလာခဲ့သည်။ 

 

ကျိုးကျင့်၏ မြက်တံခါးက လက်တွေ့ကျကျ ကာကွယ်ထားခြင်းထက် အလှပြသက်သက်သာ ဖြစ်ရာ အလွယ်တကူပင် တွန်းဖွင့်နိုင်ခဲ့သည်။ 

 

အဘွားကြီးဝမ်က ဝန်လေးခြင်းမရှိဘဲ တံခါးကို တွန်းဖွင့်ကာ ခြံထဲသို့ ဝင်လာ၏။ ဝင်ဝင်ချင်း၌ပင် မွှေးပျံ့နေသော ကြက်သားဟင်းနံ့က လေထဲတွင် ဝေ့ဝဲနေသဖြင့် သူမ သွားရည်ကျသွားမိသည်။ 

 

"ဒီ 'ကြမ္မာဆိုးကောင်'... နင် တစ်ယောက်တည်း စားရဲတယ်ပေါ့… နင် တော်တော် ရဲတင်းနေတာပဲ… မိုးကြိုးပစ်မှာ မကြောက်ဘူးလား…" 

 

အဘွားကြီးဝမ်က ဟင်းအိုးဖုံးကို မလိုက်ပြီး ကြက်သားကို မြင်သောအခါ တတွတ်တွတ် ဆဲဆိုတော့သည်။ ဆဲဆိုနေရင်း၌ပင် သူမက ကြက်သားအချို့ကို အိုးတစ်လုံးထဲသို့ ခပ်ထည့်ကာ ယူသွားရန် ပြင်ဆင်နေလေသည်။ 

 

ထိုအသံကို ကြားသောအခါ ရှန်မော့က ကျိုးကျင့်၏ လက်ထဲမှ သူ့လက်ကို ကမန်းကတန်း ဆွဲထုတ်လိုက်သဖြင့် နားရွက်များပါ နီရဲသွားရသည်။ 

 

"ရှန်လင်း... ငါ မင်းကို ဘာသင်ပေးထားလဲ… မဖိတ်ဘဲလာတဲ့ ဧည့်သည်က သူခိုးပဲ… ခွင့်မတောင်းဘဲ ယူတာက ခိုးတာပဲ… အိမ်ထဲမှာ သူခိုးရောက်နေတာကို ဘာလို့ အပြင်ကို မနှင်ထုတ်သေးတာလဲ…" 

 

ထိုအခါမှ ရှန်လင်းသည် ကျိုးကျင့်က ထိုအဘွားကြီးကို ဂရုမစိုက်တော့ဘဲ အမှန်တကယ်ပင် ဒေါသထွက်နေသည်ကို မှတ်မိသွားသည်။ ရှန်လင်းက အသက် ၁၄ နှစ်သာ ရှိသေးသော်လည်း 'ကောအာ' တစ်ယောက် ဖြစ်သည့်အားလျော်စွာ အမျိုးသားတစ်ဦးထက် အရပ်ပုသော်လည်း အဘွားကြီးတစ်ယောက်ထက်မူ ခေါင်းတစ်လုံးစာ ပိုမြင့်ကာ အင်အားကလည်း ထိုအဘွားအိုကို ဖိနှိပ်ရန် လုံလောက်လှသည်။ 

 

သူက အဘွားကြီးဝမ်၏ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး သူမလက်ထဲမှ ကြက်သားကို ပြန်လုကာ အိုးထဲသို့ ပြန်ထည့်လိုက်သည်။ အိုးဖုံးကို ပိတ်လိုက်ပြီးနောက် အဘွားကြီးဝမ်ကို တံခါးဝသို့ တွန်းထုတ်ကာ အိမ်ပြင်သို့ ရောက်အောင် ပို့ဆောင်လိုက်လေသည်။


"သူများပစ္စည်းကို ခွင့်မတောင်းဘဲ ယူတာ ခိုးတာပဲ… သူခိုးမကြီးရဲ့…" 

 

အဘွားကြီးဝမ်က အသက်ကြီးသော်လည်း မျက်စိအလွန်လျင်သူ ဖြစ်ရာ ကြက်သားကို လက်လွှတ်လိုက်ရသော်လည်း ရှန်လင်း ယူလာသော ဆန်ကြမ်းအိတ်ကို လှမ်းဆွဲလိုက်သည်။ ရှန်လင်းကလည်း အလျှော့မပေးဘဲ သူမ၏လက်ကို ရှိသမျှအားဖြင့် ဆွဲခွာသည်။ သူက အဘွားကြီး၏လက်ကို သွေးထွက်အောင်အထိ အားဖြင့် ဆွဲလိမ်လိုက်သဖြင့် သူမက နာကျင်လွန်း၍ အော်ဟစ်ကာ လက်လွှတ်လိုက်ရတော့သည်။ 

 

"ထွက်သွား… ထွက်သွား… ခင်ဗျားကို ဒီမှာ မကြိုဆိုဘူး…"  


ရှန်လင်းက အဘွားကြီးဝမ်ကို အားဖြင့် တွန်းထုတ်ကာ တံခါးအပြင်သို့ ရောက်အောင် ပို့လိုက်ပါတော့သည်။ 

 

“ဒါ ငါ့သား အိမ်ပဲ… ငါလိုချင်တာ ငါယူမှာပေါ့… နင်က ဘာကောင်မို့လို့လဲ… ဒီမြေခွေးလေးရဲ့…”  

အဘွားကြီးဝမ်က အော်ဟစ်ဆဲဆိုတော့သည်။  


“ဟေ့... နင်... ကြမ္မာဆိုးကောင်… နင့်အဖေနဲ့ အမေအရင်းကို သူများတွေ နှိပ်စက်နေတာကို ဒီအတိုင်း ရပ်ကြည့်နေတော့မှာလား…” 

 

ရှန်မော့၏ တွဲကူမှုဖြင့် ကျိုးကျင့်က ခြံထဲသို့ ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။ ခြံစည်းရိုးပုလေးက လူအရပ်တစ်ဝက်ခန့်သာရှိပြီး ကျိုးကျင့်၏ ခါးလောက်သာ မြင့်သဖြင့် သူနှင့် အဘွားကြီးဝမ်တို့က တစ်ဦးမျက်နှာ တစ်ဦး ရှင်းလင်းစွာ မြင်နေရသည်။ 

 

ကျိုးကျင့်က အေးစက်စွာ ပြောလိုက်သည်။  

“ရှောင်လင်း ပြောတာ မှန်ပါတယ်… အိမ်ရှင်ရဲ့ ခွင့်ပြုချက်မရှိဘဲ သူများအိမ်က ပစ္စည်းကို ယူတာက ခိုးတာမဟုတ်ရင် ဘာဖြစ်ရဦးမှာလဲ…” 

 

ကျိုးကျင့်က အဘွားကြီးဝမ်ကို ဤကဲ့သို့သော လေသံမျိုးဖြင့် ပြောဆိုခြင်းက အလွန်ပင် ရှားပါးလှသည်။ အတိတ်ကဆိုလျှင် သူက သူမ၏ အကြိုက်ကို လိုက်ကာ အမြဲတမ်း ဖားယားပြီး မျက်နှာချိုသွေးခဲ့သူ ဖြစ်သည်။ 

 

ကျိုးကျင့်၏ အမူအရာကို မြင်လိုက်ရသောအခါ အဘွားကြီးဝမ်က ရုတ်တရက် ရင်ထဲ၌ ထိတ်ခနဲ ဖြစ်သွားရ၏။ 

 

သူမက ထိတ်လန့်မှုကို ဝေဝေဝါးဝါး ခံစားလိုက်ရသော်လည်း ချက်ချင်းပင် ကျိုးကျင့်က သူမ၏ မျက်နှာသာပေးမှုကို မျှော်လင့်ကာ နောက်မှ တကောက်ကောက် လိုက်နေတတ်သည့် ငကြောက်လေးတစ်ဦးသာ ဖြစ်ကြောင်း ပြန်သတိရသွားမိသည်။ သူမက သူ့ကို ဘာမှပြန်ပေးလေ့မရှိသဖြင့် ယခု သူ့ အပြုအမူက သူမ၏ အာရုံစိုက်မှုကို ရရှိရန် နည်းလမ်းသစ်တစ်ခု ထွင်နေခြင်းသာ ဖြစ်လိမ့်မည်ဟု တွေးလိုက်၏။ ထိုကဲ့သို့သော လူမျိုးများကို လျစ်လျူရှုထားခြင်းက အကောင်းဆုံးပင် ဖြစ်သည်။ 

 

ဤသို့တွေးလိုက်သည်နှင့် အဘွားကြီးဝမ်၏ စိုးရိမ်စိတ်များ ပျောက်ကွယ်သွားပြီး သူမ၏ မောက်မာသော အမူအရာ ပြန်ဝင်လာတော့သည်။ 

 

“ကြမ္မာဆိုးကောင်... နင် တစ်ယောက်တည်း စားရဲတယ်ပေါ့… အရိုက်ခံချင်လို့လား…”  

သူမက ဟိန်းဟောက်လိုက်သည်။  


“ငါ ပြောလိုက်မယ်... နင့်ရဲ့ ယောက်ဖဆိုတဲ့ကောင်က တကယ့်ကို အသုံးမကျတဲ့ လူမိုက်လေးပဲ… သူက ငါ့ကိုတောင် လက်ပြန်ပါပြီး အပြင်ကို တွန်းထုတ်ရဲတယ်… ဒီနေ့တော့ ငါ စိတ်ကျေနပ်တဲ့အထိ သူ့ကို သင်ခန်းစာ ကောင်းကောင်း ပေးရမယ်နော်…” 

 

ထိုစကားကို ကြားလိုက်ရသည့်အခါ ရှန်လင်း၏ မျက်နှာက ဖြူလျော့သွားတော့သည်။ 

 

သူ အလွန် နောင်တရသွားမိသည်။ ကျိုးကျင့်က ဤမြေခွေးမကြီး၏ စကားကို နားအထောင်ဆုံး လူစားမျိုး ဖြစ်သည်။ 

 

ပြီးခဲ့သည့်အကြိမ်ကလည်း ဤအဘွားကြီးက အသားစားချင်သည်ဆိုသဖြင့် ရှန်လင်း၏ အစ်ကိုဖြစ်သူကို တောင်ပေါ်သို့ အမဲလိုက်ခိုင်းခဲ့သည်။ မိုးရွာထားသဖြင့် လမ်းများ ချော်နေကြောင်း၊ မိုးစဲမှ သွားပါမည်ဟု အစ်ကိုဖြစ်သူက ပြောသော်လည်း၊ ထိုအဘွားကြီးက ကျိုးကျင့်ကို မြှောက်ပင့်ပေးကာ အစ်ကိုဖြစ်သူက မိဘအပေါ် မသိတတ်သူဟု စွပ်စွဲခိုင်းပြီး ကျိုးကျင့်က သူမရှေ့၌တင် အစ်ကိုဖြစ်သူကို တုတ်ဖြင့် အပြင်းအထန် ရိုက်နှက်ခဲ့ဖူးသည်။ 

 

ထိုစဉ်က ရရှိခဲ့သော ဒဏ်ရာများက ယခုထက်ထိ ကောင်းကောင်း မပျောက်ကင်းသေးပေ။ 

 

ရှန်လင်း ကြောက်လန့်နေသည်ကို မြင်သောအခါ အဘွားကြီးဝမ်က ပို၍ပင် ရဲတင်းလာတော့သည်။ 

 

“ပြီးခဲ့တဲ့အကြိမ်က အဲဒီလူမိုက်ကို တစ်ရက်တိတိ အိပ်ရာထဲလဲအောင် ငါ လုပ်ခဲ့ပြီးပြီ… ဒီတစ်ခါတော့ သူ အိပ်ရာထဲမှာ နှစ်ရက် လဲနေရမယ်… ခုနစ်ရက်တိတိ ထမင်းမကျွေးနဲ့… ဒါမှ ဒီအိမ်ကို ဘယ်သူ အုပ်ချုပ်တာလဲဆိုတာ သူ သင်ခန်းစာ ရသွားမှာ…” 

 

အလုပ်အားလပ်သည့် ရာသီဖြစ်သဖြင့် ရွာသားများက အချိန်ပို များနေကြသည်။ သူတို့က တစ်ဦးအကြောင်း တစ်ဦး အတင်းပြောရန်နှင့် စပ်စုရန် အမြဲအသင့်ရှိနေကြရာ၊ ယနေ့ အဘွားကြီးဝမ် ပြဿနာရှာနေသည်ကို မြင်သောအခါ အပုပ်နံ့ရသည့် ယင်ကောင်များကဲ့သို့ စုရုံးလာကြသည်။ အဘွားကြီးဝမ်နှင့် ကျိုးကျင့်တို့၏ ပြဿနာက တစ်ရွာလုံးတွင် အထူးဆန်းဆုံးဖြစ်သဖြင့် စိတ်ဝင်တစား ကြည့်နေကြခြင်းဖြစ်ပေသည်။ 

 


👶👶👶