Ch 7
Viewers 910

👶အခန်း (၇) 

- တောင်ပေါ်တက်ခြင်း 

 

တစ်လခန့် အနားယူပြုစုပြီးနောက် ကျိုးကျင့်၏ ခန္ဓာကိုယ်သည် ယခင်ဘဝက သူ၏ ကိုယ်ဟန်အနေအထားနှင့် အနည်းငယ် နီးစပ်လာခဲ့ပေပြီ။ 

 

ယခင်ကဲ့သို့ ထိပ်တန်းကြံ့ခိုင်မှုမျိုးကို မမီသေးဘဲ အတွင်းပိုင်း၌ အားနည်းချက် အနည်းငယ် ရှိနေသေးသော်လည်း လက်ရှိအခြေအနေတွင်မူ အသုံးပြုရန် လုံလောက်နေပြီဟု ဆိုရမည်။ 

 

မကြာသေးမီက ရှန်မော့နှင့် ရှန်လင်းတို့သည် တောင်ပေါ်တက်ကာ တောဟင်းရွက်များ တူးကြသည်။ တောထဲတွင် ရှာဖွေရရှိသမျှသည် သူတို့၏ အဓိက အစားအစာများ ဖြစ်လာခဲ့၏။ 

 

ကံကောင်းသောနေ့များတွင် ရှာဖွေရရှိမှု များပြားသဖြင့် ဗိုက်ဝရုံသာ ရှိသော်လည်း၊ ကံမကောင်းသော နေ့များတွင်မူ ငတ်မသေရုံတမည်သာ ရှင်သန်နေကြရသည်။ 

 

ကျိုးကျင့် ဤကမ္ဘာသို့ ရောက်ရှိလာသည်က တစ်လရှိပြီ ဖြစ်သည်။ စားလိုက် အိပ်လိုက်၊ အိပ်ရာနိုးလျှင် ပြန်စားလိုက်နှင့် အလုပ်အကိုင် ဟူသမျှ ဘာမှမလုပ်ရသေးသော်လည်း တစ်နေ့ထက်တစ်နေ့ ပိန်ပါးလာနေသည်။ ဤအတိုင်း ဆက်သွားနေခြင်းက ရေရှည်အတွက် အဖြေမဟုတ်ပေ။ 

 

ကျိုးကျင့်က မနက်စာအဖြစ် ထမင်းရည်ကို သောက်လိုက်ပြီး ဆန်အိတ်ကို လှမ်းကြည့်လိုက်ရာ ဆန်ကြမ်း လက်တစ်ဆုပ်စာခန့်သာ ကျန်တော့သည်ကို တွေ့လိုက်ရ၏။ အကယ်၍သာ ငွေအမြန်မရှာနိုင်ပါက မနက်ဖြန်တွင် သူတို့ စားစရာ ပြတ်လပ်သွားပေလိမ့်မည်။ 

 

ကြက်တစ်ဝက်နှင့် လဲလှယ်ထားသော ဆန်ကြမ်း သုံးပေါင်ကျော်ကို တစ်လနီးပါးချွေတာစားသောက်ခဲ့ကြခြင်း ဖြစ်သည်။ 

 

ထိုအကြောင်းကို တွေးမိတိုင်း သူတို့ မည်သို့ ခြိုးခြံခဲ့ကြသည်ကို ကျိုးကျင့်က လုံးဝ စဉ်းစား၍မရနိုင်အောင် ဖြစ်ရသည်။ 

 

ပုံမှန်အားဖြင့် လူသုံးယောက်ရှိသော မိသားစုတစ်ခုတွင် တစ်နေ့ သုံးနပ်စားလျှင် နှစ်ရက်အတွင်း အနည်းဆုံး ဆန်ပေါင်ဝက်ခန့် ကုန်နိုင်ပေသည်။ သို့သော် သူ၏ ယခင်ဘဝက ခြောက်ရက်စာမျှသာ ရှိသော ဆန်ပမာဏကို ဤကမ္ဘာရှိ သူ့မိသားစုက တစ်လတိတိ ဖန်တီးစားသောက်ခဲ့ကြခြင်း ဖြစ်သည်။ 

 

ထိုကာလအတွင်း သူတို့ မည်သို့သော ဘဝမျိုးဖြင့် ဖြတ်သန်းခဲ့ရမည်ကို ခန့်မှန်းကြည့်ရုံနှင့်ပင် သိနိုင်ပေသည်။ 

 

ကံကောင်းထောက်မစွာဖြင့် ယခုက မေလလယ်ပိုင်း ဖြစ်သဖြင့် တောင်ပေါ်တွင် စားသုံးနိုင်သော အပင်များ ပေါများသည့် ရာသီဖြစ်သည်။ အကယ်၍သာ ဆောင်းရာသီ ရောက်လာခဲ့ပါက သူတို့အားလုံး အအေးဒဏ် သို့မဟုတ် အစာငတ်မွတ်မှုကြောင့် သေဆုံးသွားနိုင်ပေသည်။ 

 

ကျိုးမိသားစု၏ အိမ်လေးက သနားစရာကောင်းလောက်အောင် သေးငယ်လှပြီး တဲအိုလေး တစ်လုံးသာ ဖြစ်သည်။ မီးဖိုချောင်နှင့် အိပ်ခန်းကြားတွင်ပင် ခြားထားသော နံရံ မရှိပေ။ 

 

ခြံဝင်းကလည်း ဆယ်မီတာပတ်လည်ခန့်သာ ရှိပြီး အလွန်ပင် သန့်ရှင်းပြောင်စင်နေရာ၊ ၎င်းက သူတို့တွင် လယ်ယာသုံးပစ္စည်း တစ်ခုမှ မရှိသောကြောင့်လားဟု ကျိုးကျင့်က တွေးနေမိသည်။ ခြံဝင်းအတွင်း ဘာမှမရှိခြင်းက အိမ်လေးကို ပို၍ ခြောက်ကပ်စေသည်။ 

 

“ငါတို့ ခြံဝင်းက သေးပေမဲ့ ဟင်းသီးဟင်းရွက်လေးတွေတော့ စိုက်လို့ရတာပဲ… ဒါဆိုရင် စားချင်တိုင်း ဝယ်နေစရာ မလိုတော့ဘူးပေါ့…” 

ကျိုးကျင့်က ရှန်မော့ကို အကြံပြုလိုက်သည်။ 

 

စိုက်ပျိုးရေးသည် ကျိုးကျင့် ကျွမ်းကျင်သော အလုပ်မဟုတ်ပေ။ သူက စိုက်ပျိုးရေးနှင့် ပတ်သက်၍ လုံးဝဗဟုသုတ မရှိသူဟု မဆိုနိုင်သော်လည်း မြို့ပြတွင် မွေးဖွားကြီးပြင်းခဲ့သူ ဖြစ်သဖြင့် လယ်ထဲတွင် ကိုယ်တိုင်ကိုယ်ကျ အလုပ်မလုပ်ခဲ့ဖူးပေ။ သူက မျိုးစေ့အများစုကို မခွဲခြားတတ်သော်လည်း သီးနှံများ အောင်မြင်ဖြစ်ထွန်းလာသောအခါတွင်မူ အချို့ကို ခွဲခြားနိုင်စွမ်း ရှိသည်။ (🤣)

 

ရှန်မော့ကမူ အိမ်ထောင်စုအသုံးစရိတ်အတွက် တစ်ခါတစ်ရံတွင် အဝတ်အထည်များ ချုပ်လုပ်ပေးတတ်သည်။ သို့သော် ကျေးလက်ရွာလေးတွင် အိမ်တိုင်းလိုလို အချုပ်အလုပ်အတတ်ပညာကို တတ်ကြပြီး အမျိုးသားအချို့ပင်လျှင် အဝတ်စုတ်များကို ဖာထေးတတ်ကြရာ အလုပ်ရရန်က မလွယ်ကူလှပေ။ 

 

မီးဖွားခါနီး အမျိုးသမီးရှိသော မိသားစု သို့မဟုတ် အိမ်မှုကိစ္စ မလုပ်တတ်သေးသူများ ရှိမှသာ သူ့ကို ငှားရမ်းလေ့ရှိကြသည်။ 

 

အခြေအနေကောင်းသော လများတွင် ကြေးပြား ဆယ်ပြားခန့် ရတတ်ပြီး၊ အခြေအနေမကောင်းလျှင်မူ ကြေးပြားတစ်ပြားပင် မရရှိပေ။ 

 

ရှန်မော့က သူ ဖာထေးနေသော အဝတ်ပေါ်မှ နောက်ဆုံးအပ်ချက်ကို အဆုံးသတ်လိုက်ပြီး ပြောလိုက်သည်။ 

“ကျွန်တော်လည်း အဲဒီအကြောင်း စဉ်းစားနေတာပါ… ဒါပေမဲ့ အခု ကျွန်တော်တို့ဆီမှာ ကြေးပြား ငါးပြားပဲ ရှိတော့တယ်… မျိုးစေ့ဝယ်ဖို့တောင် မလောက်ဘူး…” 

 

“တကယ်တော့ လယ်သမား တော်တော်များများက မနှစ်က မျိုးစေ့တွေကို သိမ်းထားတတ်ကြတယ်… သူတို့မှာ မရှိတာဆိုရင်လည်း တခြားအိမ်တွေနဲ့ လဲတာ ဒါမှမဟုတ် အိမ်နီးနားချင်းတွေဆီက နည်းနည်းပါးပါး တောင်းတာနဲ့တင် လုံလောက်ပါတယ်… ဒါပေမဲ့ ကျွန်တော်တို့အတွက်တော့ အားကိုးစရာ ဘယ်သူမှ မရှိဘူး…” 

 

ပထမအချက်က ကျိုးမိသားစုက ဆင်းရဲလွန်းလှသည်။ အခြားမိသားစုများက သူတို့နှင့် မပတ်သက်လိုကြဘဲ၊ တစ်ခါ ပတ်သက်မိပါက စားစရာ လာတောင်းပြီး အဖုအထစ် ဖြစ်မည်ကို စိုးရိမ်ကြသည်။


ဒုက္ခပေးသော ဒုတိယအချက်က ကျိုးကျင့်ကိုယ်တိုင်ပင် ဖြစ်သည်။ အတိတ်က ကျိုးကျင့်သည် အလုပ်အကိုင်မရှိ၊ အသုံးမကျသည့်အပြင် အကျင့်စရိုက်ကလည်း အလွန်ဆိုးရွားလှ၏။ သူက အလုပ်လည်းမလုပ်၊ စာလည်းမသင်ဘဲ ရွာမှ လူကြီးသူမများနှင့် တွေ့လျှင်လည်း ရှောင်ဖယ်သွားတတ်ကြသည်။ စကားပြောဖြစ်လျှင်လည်း အမြဲတမ်း ရန်ပွဲနှင့်သာ အဆုံးသတ်လေ့ရှိသည်။ 

 

အဒေါ်ကြီးတစ်ဦးက သူ့ကို မထီမဲ့မြင်ကြည့်လျှင် ကြည့်မည်၊ သို့မဟုတ် နောက်တစ်ဦးက သူ့ကို ‘ကျိုး’ ဆိုသည့် မျိုးရိုးနှင့် မတန်သူ၊ မိဘနှင့် တစ်မိသားစုလုံးကို ကံဆိုးစေသူ၊ မည်သူမှ မလိုချင်သည့် လေလွင့်ကလေးဟု ဆဲဆိုကြပေလိမ့်မည်။ 

 

၎င်းက ကျိုးကျင့်၏ စိတ်ပိုင်းဆိုင်ရာ အားနည်းချက်ကြောင့်ဖြစ်ပြီး တစ်လောကလုံးက သူ့ကို စောင့်ကြည့် ဝေဖန်နေကြသည်ဟု ထင်မှတ်နေသည့် စိတ်ဝေဒနာ တစ်မျိုးပင် ဖြစ်သည်။ 

 

ရှန်မော့က ထိုအကြောင်းများကို အသေးစိတ် ရှင်းပြနေစရာ မလိုပေ။ ကျိုးကျင့်ကိုယ်တိုင်အဖြစ်အပျက်များကို ရိပ်မိပြီးသားပင်။ 

 

ဥပမာအားဖြင့် လွန်ခဲ့သည့် ရက်အနည်းငယ်က သူ လမ်းလျှောက်လေ့ကျင့်ခန်း လုပ်ရင်း ရွာထဲရှိ သက်ကြီးရွယ်အို အမျိုးသမီးအချို့ကို ရင်းရင်းနှီးနှီး စကားပြောဆိုခဲ့သည်။ သူတို့၏ တုံ့ပြန်မှုက ကျိုးကျင့်၏ ရုတ်တရက် ယဉ်ကျေးပျူငှာလာမှုကြောင့် အံ့ဩတုန်လှုပ်သွားကြခြင်း သို့မဟုတ် ကျိုးကျင့်တွင်  မကောင်းသော ရည်ရွယ်ချက်တစ်ခုခု ရှိနေသည်ဟု ထင်ကာ နောက်သို့ ဆုတ်သွားကြခြင်းမျိုးသာ ဖြစ်သည်။ 

 

အတိုချုပ်ပြောရလျှင် မည်သူမျှ ပုံမှန်အတိုင်း မတုံ့ပြန်ကြပေ။ ထိုအချက်ကို ကြည့်ရုံနှင့် ကျိုးကျင့်သည် ရွာထဲတွင် မည်သို့သော ပုံရိပ်မျိုး ချန်ထားခဲ့သည်ကို ခန့်မှန်းနိုင်ပေသည်။ 

 

ကျိုးကျင့်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ 

“ရပါတယ်… ခဏနေရင် ငါ မင်းနဲ့အတူ တောင်ပေါ် လိုက်ခဲ့မယ်… တစ်ခုခု ဖမ်းမိမလား ကြည့်ရအောင်… ရလာတာနဲ့ ရွာသားတွေဆီမှာ ဟင်းသီးဟင်းရွက် မျိုးစေ့ ဒါမှမဟုတ် ဆန်နဲ့ လဲလို့ ရနိုင်တာပဲ…” 

 

“ခင်ဗျား တောင်ပေါ် တက်မလို့လား…”  

ရှန်လင်းက ကျိုးကျင့်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်သည်။ 

 

“ဟိုတစ်ခါ လောဘကြီးတဲ့ မိန်းမကြီးအတွက် တောဝက်လိုက်ပေးမယ်ဆိုပြီး ဇွတ်တက်သွားတာကလွဲရင် ခင်ဗျားက တောင်ပေါ်တက်ဖို့ အမြဲ ငြင်းနေကျ မဟုတ်လား… ကျွန်တော်တို့ ခေါ်တိုင်းလည်း ခင်ဗျားက ကျွန်တော်တို့ကို မကောင်းကြံသူတွေ၊ ခင်ဗျားကို သားရဲတွေနဲ့ သတ်ခိုင်းဖို့ လုပ်နေတာလို့ ပြောနေကျပဲလေ…” 

 

မူလကျိုးကျင့်သည် အလွန်ပင် သူရဲဘောကြောင်သူ ဖြစ်သည်။ သူက စိတ်အစွဲကြီးနေပြီး တောင်ပေါ်တက်လျှင် တစ်ခုခု ဆိုးဆိုးရွားရွား ဖြစ်လိမ့်မည်ဟု အမြဲ ယုံကြည်ထားသူ ဖြစ်သည်။ အမှန်တကယ်လည်း ပထမဆုံးအကြိမ် တောင်ပေါ်တက်သည့်အခါတွင်ပင် သူ အသက်ဆုံးရှုံးခဲ့ရသည်။ 

 

ကျိုးကျင့်က ပြန်ပြောလိုက်သည်။ 

“လူမိုက်ကနေ လူလိမ္မာဖြစ်တာက ရွှေထက်တောင် တန်ဖိုးရှိပါသေးတယ်… အတိတ်က ကိစ္စတွေကို ဘာလို့ ပြန်ပြောနေမှာလဲ… ခဏနေရင် ငါ မင်းအစ်ကိုနဲ့အတူ တောင်ပေါ်တက်မယ်… မင်းကတော့ ဒီမှာပဲနေပြီး အိမ်ကို စောင့်ကြည့်နေ… နားလည်လား…” 

 

ရှန်လင်းက နှုတ်ခမ်းစူလိုက်ပြီး ဆိုသည်။ 

“ဒီလို ပျက်စီးနေတဲ့ အိမ်မှာ ဘာကို စောင့်နေရမှာလဲ… ဘယ်သူကများ လာစိတ်ဝင်စားမှာမို့လို့လဲ…”  

 

“အိမ်စုတ်ပေမဲ့ ဒါက ရတနာသိုက်ပဲ... မင်း နားမလည်ပါဘူး…” 

 

“ရတနာသိုက် ဟုတ်လား… ဒီတဲစုတ်က အလွန်ဆုံးရှိမှ ကြေးပြား နှစ်ရာပဲ တန်တာပါ…” 

 

“ညီလေး... လိမ္မာစမ်းပါ… အိမ်မှာပဲ နေပြီး အိမ်ကို စောင့်နေလိုက်…”  

ရှန်မော့က ပြတ်သားသော လေသံဖြင့် ဆုံးဖြတ်ချက် ချလိုက်သည်။ 

 

ရှန်လင်းက မကျေမနပ်ဖြင့် တိုးတိုးလေး ရေရွတ်နေပြန်သည် ။ 

“ကောက ကျွန်တော် သူ့ကို လူကြောက်လို့ ပြောလိုက်လို့ လက်စားချေနေတာပဲ… နောက်ပြီး အရင်ကဆိုရင် ကောက ကျွန်တော့်ကို သွားလေရာ ခေါ်တာ… ဒါပေမဲ့ ဒီလူ ဒဏ်ရာရပြီးကတည်းက ကော ပြောင်းလဲသွားပြီ… အခုဆိုရင် သူခိုင်းသမျှ အကုန်လုပ်နေတော့တာပဲ…” 

 

ရှန်လင်း၏ ကလေးဆန်သော စကားများကြောင့် ရှန်မော့က အရှက်သည်းကာ မျက်နှာတစ်ခုလုံး နီမြန်းသွားရသည်။ 

 

“ကျွန်တော်... ကျွန်တော် ဒီအဝတ်တွေ သွားပို့လိုက်ဦးမယ်…” 

ရှန်မော့က ထစ်ထစ်ငေါ့ငေါ့ ပြောကာ ကမန်းကတန်း ထွက်ပြေးသွားတော့သည်။ 

 

ကျိုးကျင့်က ရှန်မော့၏ ထွက်ခွာသွားသော ပုံရိပ်ကို အပြုံးလေးဖြင့် ကြည့်နေမိပြီး ရှန်မော့ မျက်စိရှေ့မှ ပျောက်ကွယ်သွားမှသာ အကြည့်လွှဲလိုက်သည်။ 

 

“ဒါနဲ့... မင်းအစ်ကိုရဲ့ အမဲလိုက်ကိရိယာတွေ ဘယ်မှာလဲ… သွားရှာပြီး အခြေအနေ ကြည့်လိုက်ဦး…”  

ကျိုးကျင့်က ပြောလိုက်သည်။ 

 

ရှန်လင်းက ကျိုးကျင့်ကို ထူးဆန်းသလို ကြည့်လိုက်သည်။  

“ဘာ အမဲလိုက်ကိရိယာလဲ… ကျွန်တော်တို့က ကျွမ်းကျင်မုဆိုးတွေမှ မဟုတ်တာ… အဲဒီလိုမျိုးတွေ ဘယ်ရှိမှာလဲ…” 

 

“ဒါဆိုရင် မင်းတို့ တောင်ပေါ်တက်ရင် ပုံမှန် ဘာတွေ ယူသွားတတ်လဲ…”


ကျိုးကျင့်က အခြေအနေကို နားမလည်နိုင်ဘဲ မေးလိုက်သည်။ 

 

“ဓားတွေပေါ့…”  

ရှန်လင်းက ပုံမှန်အတိုင်းပင် ပြန်ဖြေသည်။  

“တံစဉ်းတွေရယ်… တောဟင်းရွက်တူးဖို့ ဓားရှည်တွေရယ်ပေါ့…” 

 

ဒါကြောင့်လည်း သူတို့တွေ တောင်ပေါ်တက်ရင် ဆယ်ခါမှာ ကိုးခါ လက်ဗလာနဲ့ ပြန်လာကြတာကိုး… 

 

ကျိုးကျင့်က ဘာမှထပ်မပြောတော့ဘဲ လေးကြိုးပြုလုပ်ရန် သစ်သားနှင့် ပစ္စည်းအချို့ကို ထွက်ရှာလေတော့သည်။ သူက အရည်အသွေးကို အထူးတလည် ဂရုမစိုက်တော့ဘဲ လက်ရှိတွင် အသုံးပြု၍ရလျှင်ပင် တော်ပြီဟု မှတ်ယူထားသည်။ 

 

အကောင်းဆုံးကမူ တိရစ္ဆာန်အကြောများကို သုံးရမည်ဖြစ်ပြီး နွားအကြောက အကောင်းဆုံးရွေးချယ်မှုဖြစ်သော်လည်း ယခုလိုခေတ်ကာလတွင် နွားကို စိတ်တိုင်းကျ သတ်ဖြတ်ခွင့်မရှိပေ။ ထို့ကြောင့် နွားအကြောရရန် လုံးဝလမ်းမရှိချေ။ ချမ်းသာသော မိသားစုများတွင် ရှိတတ်သော်လည်း ဈေးအလွန်ကြီးပြီး သူတို့တွင် ငွေမရှိပေ။ 

 

နောက်ဆုံးတွင် ကျိုးကျင့်က နွယ်ပင်တစ်မျိုးကို ရှာတွေ့ခဲ့သည်။ မည်သည့်အပင်မှန်း သူသေချာမသိသော်လည်း လေးပြုလုပ်ရန် ခိုင်ခံ့မှုရှိသဖြင့် အဆင်ပြေလှသည်။ ထို့အပြင် သူက မြှားအစင်းပေါင်းများစွာနှင့် ထိပ်ဖျားချွန်ထားသော ဝါးချွန်နှစ်ခုကိုလည်း ပြုလုပ်ခဲ့သည်။ 

 

အရာအားလုံး ပြီးစီးသွားချိန်တွင် မွန်းတည့်နေပြီဖြစ်သည်။ ရှန်ညီအစ်ကိုတို့က အစားအစာများ ပြင်ဆင်ပြီး သူ့ကို စောင့်နေကြသည်။ 

 

တံခါးသံကို ကြားသည်နှင့် ရှန်မော့က အပြင်သို့ ပြေးထွက်လာပြီး ကျိုးကျင့်ကို မြင်လိုက်ရမှသာ သူက သက်ပြင်းချနိုင်တော့သည်။ 

 

"ပြန်လာပြီလား… လာ... စားကြရအောင်… ဟင်းတွေ အဆင်သင့်ဖြစ်နေတာ ကြာပြီ…" 

 

ရှန်လင်းကလည်း ရှန်မော့၏နောက်မှ ပျာပျာသလဲ လှမ်းအော်သည်။  

"ဘယ်တွေသွားနေတာလဲ… တစ်ခွန်းမှလည်း မပြောခဲ့ဘူး… ခင်ဗျားသာ စောစောပြန်မလာရင် ကောက စိတ်ပူလွန်းလို့ အပြင်ထွက်ရှာတော့မှာ…" 

 

ကျိုးကျင့်က လေးနှင့်မြှား လုပ်နေရင်း အချိန်ကုန်မှန်းမသိ ဖြစ်သွားခဲ့ရာ မနက်ခင်းတစ်ခုလုံး ကုန်ဆုံးသွားသည်ကို သတိမထားမိလိုက်ပေ။ 

 

ဤခေတ်ကာလတွင် လက်ကိုင်ဖုန်း သို့မဟုတ် ဆက်သွယ်ရေးကိရိယာများ မရှိသဖြင့် လူတစ်ယောက်ကို ရှာဖွေရန် အမှန်တကယ်ပင် ခက်ခဲလှသည်။ သူက ဤအချက်ကို ထည့်မတွေးမိဘဲ ရှန်မော့ကို အကြောင်းမဲ့ စိတ်ပူအောင် လုပ်မိသွားလေပြီ။ 

 

"တောင်းပန်ပါတယ်… ပြောဖို့မေ့သွားတာ… နောက်တခါ အပြင်သွားရင် သေချာပြောခဲ့ပါ့မယ်…" 

ကျိုးကျင့်က ပြောကာ သူလုပ်လာသော လေးနှင့်မြှားကို ရှန်မော့ထံ ကမ်းပေးလိုက်သည်။ 

 

"ဒါတွေ သွားလုပ်နေတာ… မဟုတ်ရင် ဒီနေ့ နေ့လယ် တောင်ပေါ်တက်တဲ့အခါ တောကြက်တွေနဲ့တိုးရင် ဖမ်းဖို့ ကိရိယာရှိမှာ မဟုတ်ဘူး…" 

 

လေးနှင့်မြှားက အချိန်တိုအတွင်း လုပ်ထားခြင်းဖြစ်၍ အတော်ကလေး ကြမ်းတမ်းလှသည်။ သို့သော် ရှန်မော့၏လက်ထဲတွင်မူ ၎င်းက ရှားပါးရတနာတစ်ခုကဲ့သို့ ဖြစ်နေတော့သည်။ ပုံမှန်အားဖြင့် ကျွမ်းကျင်မုဆိုးများတွင်သာ ဤကဲ့သို့သောအရာများ ရှိတတ်ပြီး သူတို့လို လယ်သမားများတွင်မူ ပေါက်ပြားနှင့် တုတ်များသာ ရှိကြသည်။ 

 

ရှန်လင်းကလည်း ဘေးမှ ချောင်းကြည့်ကာ ချက်ချင်းပင် စိတ်ဝင်တစား ဖြစ်သွားသည်။ သူ့မျက်လုံးများက တောက်ပသွားပြီး လေးနှင့်မြှားကို စိုက်ကြည့်နေတော့သည်။  


"ဒါကို ဘယ်လိုလုပ်လိုက်တာလဲ…" 

 

အတိတ်က ကျိုးကျင့်သည် ပညာမတတ်သူဖြစ်ရာ ဤကဲ့သို့သောအရာများကို သဘာဝကျကျ လုပ်နိုင်မည်မဟုတ်ပေ။ သူ ဘယ်လိုပြန်ဖြေရမှန်း မသိဖြစ်နေစဉ် ရှန်မော့က ဝင်၍ ပြောပေးလိုက်သည်။  


"ကျိုးကျင့်က အရင်က ဒီလိုမျိုး တစ်ခါမှ မလုပ်ဖူးတာပဲ… သူ မလုပ်တတ်ဘူးလို့ မင်းက ဘယ်လိုသိတာလဲ… မြန်မြန်စားကြစို့… စားပြီးရင် တောင်ပေါ်တက်ရဦးမယ်…" 

 

ရှန်လင်းက တစ်ခုခု ပြောဦးမည်ပြုသော်လည်း ရှန်မော့က လေးနှင့်မြှားကို သူ့ရင်ခွင်ထဲ ထည့်ပေးလိုက်သဖြင့် ရှန်လင်းက သူတွေးနေသည်များကို မေ့သွားကာ ထိုပစ္စည်းကိုသာ စိတ်လှုပ်ရှားစွာ ငေးကြည့်နေတော့သည်။ 

 

သို့သော်လည်း သူက အစားစားရန်ကိုမူ မမေ့ခဲ့ပေ။ 

 

စားသောက်ပြီးနောက် သူတို့နှစ်ဦးက တောင်ပေါ်သို့ တက်ခဲ့ကြသည်။ အစားဝဝလင်လင် စားမထားရသဖြင့် ပြင်းထန်သော လှုပ်ရှားမှုများကြောင့် ဗိုက်နာမည်ကို စိုးရိမ်စရာမလိုပေ။ အမှန်တွင် ဗိုက်ထဲတွင် အစာရှိနေသဖြင့် အားအနည်းငယ် ပိုရှိသလို ခံစားရသည်။ 

 

သားကောင်ရှာရန် ရည်ရွယ်ချက်ဖြင့် သူတို့က ရွာသားများ သွားလေ့ရှိသည်ထက် ပို၍ နက်ရှိုင်းသော တောထဲသို့ ဝင်ခဲ့ကြသည်။ အတန်ကြာသောအခါ ရှန်မော့က ဆက်သွားရန် ငြင်းဆန်တော့သည်။ 

 

"ဒီထက် ပိုနက်တဲ့နေရာ သွားရင် တောဝက်တွေ ဒါမှမဟုတ် မြွေကြီးတွေနဲ့ တိုးနိုင်တယ်… အရမ်းအန္တရာယ်များတယ်… ဆက်မသွားသင့်ဘူး…" 

 

သူတို့၏ အမဲလိုက်ခရီးက အဆင်မပြေလှပေ။ ယခုအချိန်ထိ ကြက်မွေးတစ်ပင်ပင် မမြင်ရသေးချေ။ 

 

အမှန်အတိုင်းပြောရလျှင် ကျိုးကျင့်က အနည်းငယ် စိတ်ပျက်မိသည်။ သို့သော် အကယ်၍ တောဝက် သို့မဟုတ် အခြားသားရဲကြီးများနှင့် တိုးခဲ့လျှင်လည်း သူနှင့် ရှန်မော့က သေချာပေါက် ကိုင်တွယ်နိုင်မည်မဟုတ်ပေ။


"ကောင်းပြီလေ... တောထဲကို ဒီလောက်အထိ ရောက်နေပြီဆိုတော့ ရွာသားတွေလည်း ဒီနားမလာကြဘူး… တစ်ခုခုတော့ ရှာတွေ့နိုင်မှာပါ…"  


ထိုသို့ပြောရင်းပင် အနီးနားရှိ သစ်မြစ်အချို့တွင် မှိုများနှင့် မှိုနားရွက်များကို တွေ့လိုက်ရရာ ၎င်းတို့က ဆီပူထိုးစားလျှင် အလွန်အရသာရှိပေလိမ့်မည်။ 

 

သူတို့နှစ်ဦးသည် ငုံ့၍ အတော်ကြာအောင် ဟင်းရွက်တူးကြသည်။ သို့သော် ကျိုးကျင့်၏ ကျောပိုးအိတ်ထဲတွင် တစ်ဝက်ပင် မပြည့်သေးသောကြောင့် သူက စိတ်ဓာတ်ကျလာမိ၏။  

 

စားစရာအတွက် တောင်ပေါ်ကိုပဲ ဒီအတိုင်း ဆက်အားကိုးနေရရင် ဇနီးလေးကို ဘယ်လို ဝဝလင်လင် ကျွေးနိုင်မှာလဲ… 

 

သူ ငုံ့နေရာမှ ရှန်မော့၏ ပိန်ပါးသော ကိုယ်ဟန်ကို ရှင်းလင်းစွာ မြင်နေရသည်။ ရှန်မော့က လေတိုက်လျှင်ပင် လွင့်ပါသွားတော့မည့်အလား မြေပြင်ပေါ်တွင်ငုံ့ကိုင်း၍ တူးနေရှာသည်။ 

 

ကျိုးကျင့်၏ ရင်ထဲ၌ ရုတ်တရက် ဆစ်ခနဲ နာကျင်သွားရသည်။ 

 

"ရှောင်မော့... ငါ မတော်တဆဖြစ်ခဲ့တဲ့ နေရာကို မင်းသိလား… အဲဒီကို တစ်ချက်လောက် သွားကြည့်ချင်လို့…" 

 

ကျိုးကျင့် သတိရသည်က သူ နိုင်ငံရပ်ခြား အစည်းအဝေးသွားစဉ်က သူ့တွင် သိန်းပေါင်းများစွာ တန်သော နာရီတစ်လုံး ပါခဲ့သည်။ ၎င်းက စက်နာရီဖြစ်ပြီး အချိန်ကို တိကျစွာ ပြသပေးသည်။ အကယ်၍ ၎င်းကို ရှာတွေ့ခဲ့လျှင် ပျက်စီးနေသည်ဖြစ်စေ၊ မပျက်စီးသည်ဖြစ်စေ ဈေးကောင်းရနိုင်ပေသည်။ အနည်းဆုံးတွင် သူနှင့် သူ၏ ဇနီးလေးက ငတ်မည့်ဘေးကို နေ့စဉ် စိုးရိမ်နေရတော့မည်မဟုတ်ပေ။ 

 

တောဟင်းရွက်တူးနေသော ရှန်မော့၏လက်များက ရုတ်တရက် ရပ်တန့်သွားပြီးနောက် သူက စိုးရိမ်တကြီး မေးလိုက်သည်။  


"ဘာလို့... ဘာလို့ အဲဒီအကြောင်း သိချင်ရတာလဲ…" 

 

ကျိုးကျင့်က အကျိုးစီးပွားအတွက်သာ အာရုံရောက်နေသဖြင့် ရှန်‌မော့၏ စိုးရိမ်မှုကို သတိမထားမိပေ။ 

 

"သွားကြည့်ချင်လို့ပါ… အများကြီး မမှတ်မိပေမဲ့ မတော်တဆ မဖြစ်ခင်မှာ တစ်ခုခု တကယ်ရှာတွေ့ခဲ့သလို ခံစားရလို့…" 


ကျိုးကျင့်က အဆင်ပြေသလို ပြောလိုက်သည်။  

"တောဝက်ကို မဖမ်းမိခဲ့ရင်တောင်မှ တကယ်လို့ ဂျင်ဆင်း ဒါမှမဟုတ် လင်ဇီးမှိုတွေ တွေ့ခဲ့ရင် ငါတို့ နောင်ဆို ကောင်းကောင်း စားရမှာလေ…" 

 

ရှန်မော့က တိတ်ဆိတ်သွားပြီး ဟင်းရွက်တူးခြင်းကို ရပ်လိုက်သည်။ 

 

ကျိုးကျင့်က ရှန်မော့၏ ဂနာမငြိမ်ဖြစ်နေမှုကို နောက်ဆုံးတွင် သတိပြုမိသွားပြီး ဇဝေဇဝါဖြင့် မေးလိုက်သည်။  


"ဘာဖြစ်လို့လဲ… တစ်ခုခုနဲ့ ထပ်တိုးမှာ စိုးရိမ်လို့လား… စိတ်မပူပါနဲ့… ဒီတစ်ခါတော့ သတိထားသွားမှာမို့ ဘာမှမဖြစ်နိုင်ပါဘူး…" 

 

ရှန်မော့က မှိုင်တွေစွာဖြင့် ပြန်ဖြေသည်။  

"မသွားလို့ မရဘူးလား… ဒီအတိုင်းပဲ နေတာက ပိုမကောင်းဘူးလား…" 

 

ကျိုးကျင့်က ခဏတာမျှ ဆွံ့အသွားသည်။  

ဗိုက်ဝအောင် မစားရဘဲ နေရတာကို ဘယ်လို ပိုကောင်းနိုင်မှာလဲ…" 

 

"ရှောင်မော့... မင်း မသွားချင်ဘူးဆိုတာ အကြောင်းအရင်း ထူးထူးခြားခြား ရှိလို့လား… ငါကတော့ အရေးကြီးတဲ့အရာတစ်ခုခု ကျန်ခဲ့တယ်လို့ ခံစားရလို့ သွားကြည့်ချင်တာပါ… ငါတို့အိမ်ရဲ့ အခြေအနေအရ တစ်ခုခု ရှာတွေ့ခဲ့ရင် ငါတို့တွေ ဝဝလင်လင် စားနိုင်မှာပေါ့…" 

 

အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ရှန်မော့က နောက်ဆုံးတွင် ပြောလိုက်လေသည်။  


"ကောင်းပြီလေ... သွားကြတာပေါ့… ကျွန်တော် လိုက်ပို့ပေးပါ့မယ်…"



👶👶👶