Ch 8
Viewers 915

👶အခန်း (၈)

 - ရှာဖွေတွေ့ရှိခြင်း 

 - 

 

တစ်လမ်းလုံးတွင် ရှန်မော့က စိတ်မကြည်မလင် ဖြစ်နေပုံရပြီး စကားလည်း နည်းနေသဖြင့် လေထုက အတော်လေး လေးလံနေသည်။ ကျိုးကျင့်က ပတ်ဝန်းကျင်အခြေအနေကို ပေါ့ပါးသွားစေရန် အကြိမ်ကြိမ် ကြိုးစားသော်လည်း ရှန်မော့က စကားတစ်ခွန်းစ နှစ်ခွန်းစသာ ပြန်ဖြေသောကြောင့် ကျိုးကျင့်က ဘာလုပ်ရမှန်းမသိ ဖြစ်နေရသည်။ 

 

သူ၏ ယခင်ဘဝတွင် တစ်စုံတစ်ဦးကို မည်သို့ ချော့မော့ရမည်ဆိုသည်ကို သူ တစ်ခါမျှ မသင်ယူခဲ့ဖူးပေ။ အချိန်အတော်များများတွင် လူတို့သည် သူ့အနားသို့ အလိုလို ချဉ်းကပ်လာကြသူများသာ ဖြစ်သည်။ 

 

မည်မျှကြာအောင် လျှောက်လာခဲ့သည်မသိ၊ ကျိုးကျင့်၏ စကားစမြည်ပြောရန် ကြိုးစားမှုများနှင့် ရှန်မော့၏ လေးလံသော ပြန်လည်ဖြေကြားမှုများကြားတွင် နောက်ဆုံး၌ ရှန်မော့က နေရာတစ်ခုကို လက်ညှိုးညွှန်ပြကာ ပြောလိုက်သည်။  


“အဲဒီနေရာပဲ… အိမ်နီးနားချင်းရွာက ကျောက်တာ့ တောင်ပေါ်မှာ လမ်းပျောက်တုန်းက ခင်ဗျားကို စတွေ့ခဲ့တဲ့နေရာပေါ့…” 

 

ကျောက်တာ့ ကျိုးကျင့်ကို တွေ့ရှိခဲ့သည့် ပုံပြင်က အတော်ပင် ထူးဆန်းအံ့ဩဖွယ် ကောင်းလှသည်။ ကျောက်တာ့သည် အခြားသူများထက် တောနက်ထဲသို့ ပို၍ ဝင်ရောက်တတ်သော မုဆိုးတစ်ဦး ဖြစ်သည်။ တစ်နေ့တွင် သူက တောယုန်တစ်ကောင်ကို လိုက်ဖမ်းနေစဉ် မသိမသာ လမ်းပျောက်သွားကာ တောအုပ်ထူထူထဲမှ ပြန်ထွက်ရန် လမ်းရှာနေခဲ့ရသည်။ အတန်ကြာသောအခါ ဆူညံသံတစ်ခုကို ကြားရသဖြင့် ထိုအသံနောက်သို့ လိုက်သွားရာ ဒဏ်ရာများဖြင့် သတိမေ့မြောနေသော ကျိုးကျင့်ကို မြေပြင်ပေါ်တွင် လှဲလျောင်းလျက် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ 

 

ကျိုးကျင့်က ဒဏ်ရာအပြင်းအထန် ရရှိထားသည်ကို မြင်သောအခါ အရိုးများ ထိခိုက်ထားသည်လား မသေချာသဖြင့် ကျောက်တာ့က မဆင်မခြင် မရွှေ့ရဲဘဲ တောင်အောက်သို့ ပျာပျာသလဲ ပြေးဆင်းခဲ့ရသည်။ ရွာအတော်များများသို့ လိုက်လံမေးမြန်းပြီးနောက် လူပျောက်တိုင်တန်းထားသည့် ကျိုးမိသားစုကို နောက်ဆုံးတွင် ရှာတွေ့ခဲ့သည်။ 

 

ရှန်မော့က ကျောက်တာ့နှင့်အတူ တောင်ပေါ်သို့ ပြန်တက်လာခဲ့သည်။ သူတို့နှစ်ဦးက သစ်သားပြားတစ်ခုကို သုံး၍ ကျိုးကျင့်ကို ထမ်းပိုးကာ တောင်အောက်သို့ သယ်ဆောင်လာခဲ့ကြသည်။ ထိုစဉ်က ကျိုးကျင့်၏ ပုံစံက အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် ဒဏ်ရာမရှိသည့်နေရာ ဟူ၍ မရှိပေ။ သူ့အဝတ်အစားများကလည်း စုတ်ပြတ်သတ်နေပြီး သူ့ဆံပင်များကလည်း အကြောင်းရင်းမသိရဘဲ တစ်စုံတစ်ခုက ဖြတ်တောက်ထားသကဲ့သို့ အလွန်တိုကာ မညီမညာ ဖြစ်နေခဲ့သည်။ ရွာသားများကမူ သူက ဓားကိုင်ထားသူတစ်ဦးနှင့် တိုးခဲ့ပြီး မတော်တဆ မိမိဆံပင်ကို မိမိ ပြန်ဖြတ်မိခဲ့ခြင်း ဖြစ်နိုင်ကြောင်း ထင်ကြေးပေးခဲ့ကြသည်။ 

 

ယခုအခါတွင်မူ ထိုနေရာက အခြားနေရာများကဲ့သို့ပင် ရိုးရိုးရှင်းရှင်း ဖြစ်နေပြီး မြေပြင်ပေါ်တွင် သွေးစွန်းသည့် အစအနပင် မကျန်တော့ပေ။ 

 

သို့သော် ရှန်မော့ကမူ ထိုနေရာကို အတိအကျ မှတ်မိနေဆဲဖြစ်ပြီး တိကျစွာ လက်ညှိုးညွှန်ပြနေသည်။ သို့သော် သူ့အမူအရာက တစ်မျိုးဖြစ်နေပြီး ခံစားချက်အတော်များများကို ထိန်းချုပ်ထားရပုံရသည်။ 

 

ကျိုးကျင့်ကမူ သူ၏ အာရုံအားလုံးကို ရှာဖွေရေးတွင်သာ နှစ်မြှုပ်ထားပြီး မြေပြင်ပေါ်တွင် ဝပ်၍ သေချာစွာ လိုက်ရှာနေတော့သည်။ ကျိုးကျင့်က နေရာအနှံ့ လိုက်ရှာနေစဉ် ရှန်မော့ကမူ သူ့နောက်မှ လိုက်ပါလာရင်း တူးနိုင်မည့် တောဟင်းရွက်များကို ရှာဖွေနေသလို ကျိုးကျင့်ကိုလည်း သူ့မျက်စိအောက်မှ အပျောက်မခံဘဲ စောင့်ကြည့်နေရှာသည်။ 

 

ရုတ်တရက် မြက်တောထဲတွင် လှုပ်ရှားမှုတစ်ခု ဖြစ်သွားသည်။ ထိုအခါ ကျိုးကျင့်က လုပ်လက်စများကို ချက်ချင်း ရပ်လိုက်သည်။ ထိုစဉ် နှုတ်ခမ်းသုံးလွှာရှိသော တောယုန်တစ်ကောင်သည် မြက်များကို ဝါးစားနေပြီး ဖြည်းဖြည်းချင်း ခေါင်းပြူထွက်လာလေသည်။ 

 

ကျိုးကျင့်က စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရပြီး သူ့တောင်းထဲသို့ လက်ကို ဖြည်းဖြည်းချင်း လှမ်းကာ မြှားတစ်စင်းကို ယူ၍ လေးကြိုးကို ဆွဲလိုက်သည်။ အမွေးအတောင်ပါသော မြှားတစ်စင်းက ယုန်ထံသို့ လျင်မြန်စွာ ပျံသန်းသွားတော့သည်။ 

 

သို့သော် ကျိုးကျင့်၏ မြားပစ်ချက်က အလွန်ပင် ညံ့ဖျင်းလှသည်။ သူက ယုန်ကို လွဲချော်သွားရုံသာမက ၎င်းကို ထိတ်လန့်သွားစေသဖြင့် ယုန်က ထွက်ပြေးသွားတော့သည်။ 

 

ကျိုးကျင့်က ချက်ချင်း မတ်တတ်ရပ်ကာ နောက်မှ လိုက်ဖမ်းနေစဉ် ရှန်မော့ကို လှမ်းအော်လိုက်သည်။  


“ရှောင်မော့... လိုက်ခဲ့ဦး…” 

 

သူတို့နှစ်ဦးက ယုန်နောက်သို့ လိုက်ဖမ်းကြသည်။ ယုန်တွင်းက အနီးနားတွင် ရှိပုံရပြီး ၎င်းက လမ်းကြောင်းမဲ့ ပြေးနေခြင်းမျိုး မဟုတ်ဘဲ ဦးတည်ချက်တစ်ခုသို့ ပြေးနေခြင်း ဖြစ်သည်။ 

 

မည်မျှကြာအောင် ပြေးခဲ့ကြသည်မသိ၊ ရုတ်တရက် ကျိုးကျင့်က နောက်မှ အော်သံတစ်ခု ကြားလိုက်ရသည်။ ရှန်မော့ လဲကျသွားခြင်း ဖြစ်သည်။ ကျိုးကျင့်က ယုန်ကို လိုက်ဖမ်းခြင်းကို ချက်ချင်းရပ်ကာ နောက်သို့ လှည့်ပြီး သူ့ထဲသို့ ပြေးသွားတော့သည်။


ရှန်မော့က မြေပြင်ပေါ်တွင် လဲလျောင်းလျက် သူ့ခြေချင်းဝတ်ကို ပွတ်နေရှာသည်။ 

 

“အများကြီး နာသွားလား…”  

ကျိုးကျင့်က သူ ခြေချင်းဝတ် လည်သွားမှာကို အစိုးရိမ်ဆုံး ဖြစ်သည်။ ဤခေတ်ကာလတွင် အရိုးဆက်ပညာက မတိုးတက်သေးသဖြင့် ခြေချင်းဝတ်လွဲသူများက ခြေမသန်ဘဲ ဖြစ်သွားတတ်ကြသည်။ 

 

ကျိုးကျင့်သည် ရှန်မော့၏ ဖိနပ်နှင့် ခြေအိတ်များကို ချွတ်လိုက်သည်။ သူ့အာရုံစိုက်မှုက အခြားနေရာသို့ ရောက်နေသဖြင့် ရှန်မော့၏ နားရွက်ဖျားလေးများ တိတ်တဆိတ် နီမြန်းသွားသည်ကို သတိမထားမိပေ။ ရှန်မော့၏ ခြေချင်းဝတ်က အနည်းငယ် နီနေရုံသာရှိပြီး ဒဏ်ရာရခြင်း သို့မဟုတ် ဖောရောင်ခြင်း မရှိသည်ကို မြင်ရမှ သူ စိတ်သက်သာရာ ရသွားတော့သည်။ 

 

“သွားကြစို့… ဆက်မရှာတော့ဘူး… အိမ်ပြန်ကြရအောင်…”  


ကျိုးကျင့်က အနည်းငယ် နောင်တရမိသွားသည်။ အကယ်၍ သူ၏ ဇွတ်တရွတ် ရှာဖွေမှုကြောင့် ရှန်မော့သာ ဒဏ်ရာအပြင်းအထန် ရသွားခဲ့လျှင် သူ အကြီးအကျယ် နောင်တရမိပေလိမ့်မည်။ 

 

မမျှော်လင့်ဘဲ ထိုစကားကို ကြားလိုက်ရသောအခါ ကျိုးကျင့်က ထိုနေရာသို့ သွားရန် အကြံပြုကတည်းက စိတ်မကြည်မလင် ဖြစ်နေသော ရှန်မော့က အမှန်တကယ်ပင် ပြုံးပြလိုက်သည်။ 

 

“ဘာမှမဖြစ်ပါဘူး… ပြေးနေတုန်း တစ်ခုခုနဲ့ ခလုတ်တိုက်သွားတာပါ…”  


ရှန်မော့က ပြောနေစဉ် သူ ခလုတ်တိုက်ခဲ့သည့် အရာကို လှည့်ရှာလိုက်သည်။ သူက လက်ဖြင့် ညွှန်ပြကာ ထပ်ပြောလိုက်သည်။ 


“အဲဒါပါ... ဘာမှန်းတော့ ကျွန်တော် မသိဘူး…” 

 

ကျိုးကျင့်က ရှန်မော့ လက်ညှိုးညွှန်ရာသို့ လိုက်ကြည့်လိုက်ရာ ချက်ချင်းပင် သူ့မျက်လုံးများက တောက်ပသွားပြီး ရင်ခုန်သံများ မြန်လာတော့သည်။ သူက အလွန်ဝမ်းသာသွားသဖြင့် ရှန်မော့ကို ဆွဲယူကာ သူ့ပါးပြင်ကို နမ်းလိုက်မိသည်။ 

 

ရှန်မော့က ဆွံ့အလျက် မတ်တတ်ရပ်နေမိပြီး သူ အနမ်းခံလိုက်ရသည့် နေရာကို ငေးငိုင်စွာ ကိုင်ကြည့်နေမိတော့သည်။ 

 

“ရှောင်မော့... မင်းက တကယ့်ကို ငါ့ရဲ့ ကံကောင်းခြင်း ကြယ်ပွင့်လေးပဲ… ငါတို့တွေ သူဌေးဖြစ်ပြီဟေ့…”   


ကျိုးကျင့်က စိတ်လှုပ်ရှားလွန်းသဖြင့် သူ့ကိုယ်သူ မထိန်းနိုင်ဘဲ ထိုနေရာသို့ ချက်ချင်း ပြေးသွားချင်နေတော့သည်။ သို့သော် သူက ရှန်မော့ ခြေချင်းဝတ်လွဲ‌နေခြင်းကို မမေ့သေးသဖြင့် ကြောင်အမ်းအမ်း ဖြစ်နေဆဲဖြစ်သော ရှန်မော့ကို ဖြည်းဖြည်းချင်း တွဲကူကာ ထိုနေရာသို့ လျှောက်သွားခဲ့ကြသည်။ 

 

မြက်တောထဲတွင် တိတ်တဆိတ် လဲလျောင်းနေသည်က စုတ်ပြတ်နေသော အဝါရောင် ခရီးဆောင်သေတ္တာ (suitcase) တစ်လုံး ဖြစ်သည်။ ဤအရောင်က ကျိုးကျင့်ကဲ့သို့သော ယောက်ျားတစ်ယောက် သုံးမည့်အရောင် လုံးဝမဟုတ်ပေ။ ဤအရာက သူနှင့်အတူ လေယာဉ်ပေါ်တွင် ပါလာပြီး အတူတူ ပြုတ်ကျခဲ့သည့် မိန်းကလေးငယ်တစ်ဦးဦး၏ ပစ္စည်း ဖြစ်ရမည်ဟု ကျိုးကျင့်က ခန့်မှန်းလိုက်သည်။ 

 

သေတ္တာ၏ သော့က ပြုတ်ကျခဲ့သည့် ဒဏ်ကြောင့် ပျက်စီးနေပြီး အားအနည်းငယ် စိုက်လိုက်ရုံဖြင့် ၎င်းကို ဖွင့်ထုတ်နိုင်ခဲ့သည်။ အတွင်းမှ အရာများကို မြင်လိုက်ရသောအခါ ကျိုးကျင့်က ဤသေတ္တာသည် အလှအပကြိုက်သော မိန်းကလေးငယ်တစ်ဦး၏ သေတ္တာဖြစ်ကြောင်း ပို၍ သေချာသွားတော့သည်။ 

 

အတွင်းဘက်တွင် အလှပြင်ပစ္စည်းများ (cosmetics) ဖြင့် ပြည့်နှက်နေသည်။ ဖန်ပုလင်း အများစုက ကွဲအက်နေပြီး နို့နှစ်ရောင် အရည်များက နေရာအနှံ့ ပျံ့ကျဲနေသဖြင့် ကြည့်ရသည်က စိုစွတ်ကာ အတော်လေး ပွစာကျဲနေသည်။ 

 

သို့သော် ကျိုးကျင့်ကမူ အနည်းငယ်မျှပင် စိတ်မပျက်သည့်အပြင် ထိုပွစာကျဲနေသည့် အခြေအနေကို ဂရုမစိုက်ဘဲ ရတနာသိုက်ကို ရှာတွေ့လိုက်ရသည့်အလား အားပါးတရ ရယ်မောနေတော့သည်။ 

 

သူ့ရယ်သံက ကျယ်လောင်လှပြီး ရပ်တန့်၍ မရနိုင်အောင် ဖြစ်နေသည်။ 

 

ရှန်မော့က သူ၏ ရူးသွပ်လုနီးပါး ရယ်မောသံကြောင့် ထိတ်လန့်သွားပြီး ကြောက်ကြောက်လန့်လန့်ဖြင့် မေးလိုက်သည်။  

“ဒါ... ဒါတွေက ဘာတွေလဲ…” 

 

“ဒါတွေလား… ဒါတွေအားလုံးက ရတနာတွေပဲ… ငါ ပြောပြမယ်… မင်းတို့ဆီမှာ ဒီလိုပစ္စည်းမျိုးတွေ ရှိမှာ မဟုတ်ဘူး… ငါ ဒါကို မြို့ထဲသယ်သွားလို့ကတော့ သူဌေးအိမ်က အမျိုးသမီးတွေနဲ့ မိန်းမပျိုတွေက ဒါကို ဘာလုပ်ရမလဲဆိုတာ ချက်ချင်း သိလိမ့်မယ်… သူတို့တွေ ဒါကို ဝယ်ဖို့ ငါ့ကို တောင်းပန်ကြလိမ့်မယ်…”  


ကျိုးကျင့်က စိတ်လှုပ်ရှားလွန်းသဖြင့် သူ့စကားမှားနေခြင်းကိုပင် သတိမထားမိလိုက်ပေ။ 

 

“မင်းတို့ဆီမှာ ဟုတ်လား…”  

 

သူ ဘာကို ဆိုလိုတာလဲ…  

 

ဤနေရာမှ မဟုတ်သူတစ်ဦးသာလျှင် ဒေသခံများကို “မင်းတို့” ဟု ရည်ညွှန်းပြောဆိုလိမ့်မည်။ 

 

ရှန်မော့က ထိုစကားအမှားကို သေချာပေါက် သတိပြုမိသော်လည်း သူက ဘာမှမမေးခဲ့ပေ။ သူက ခေါင်းကိုသာ ငုံ့ထားပြီး နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။ 

 

“ရှောင်မော့... မြန်မြန်… မင်းရဲ့တောင်းကို ချလိုက်… ကိုယ် တူးထားတဲ့ အရွက်တွေကို မင်းတောင်းထဲ ပြောင်းထည့်လိုက်… ကိုယ့်တောင်းကိုတော့ ဒီသေတ္တာထဲက ပစ္စည်းတွေ သယ်ဖို့ သုံးမယ်…” 

 

ရှန်မော့က မေးသည်။  

“ခင်ဗျား ခရီးဆောင်သေတ္တာလို့ ခေါ်တဲ့ ဒါကြီးကိုရော မယူတော့ဘူးလား…”


ကျိုးကျင့်က ပြန်ဖြေသည်။  

“မယူတော့ဘူး… အပေါက်တွေ အများကြီးနဲ့ ဘာမှတန်ဖိုးမရှိဘူး… ထားခဲ့လိုက်တော့…” 

 

ကျိုးကျင့်က မပျက်စီးသေးသော ပစ္စည်းအားလုံးကို သူ့တောင်းထဲသို့ တစ်ပြိုင်နက် ထည့်လိုက်ပြီး ကျောတွင် ပိုးလိုက်သည်။ မပျက်စီးဘဲ ကျန်ရစ်သော ပစ္စည်းက များများစားစား မရှိသဖြင့် အလွန်အမင်း မလေးလံပေ။ 

 

“အိမ်ပြန်ကြရအောင်…” 

ကျိုးကျင့်က ပြောလိုက်ပြီး သူ့မျက်နှာမှ အပြုံးက ပျောက်ကွယ်မသွားပေ။ 

 

ကျိုးကျင့် - “ရှောင်မော့... ကိုယ်တို့ ဒီတစ်ခါတော့ ကံထူးပြီဟေ့… မင်းရဲ့ ကောင်းစားမယ့်နေ့တွေ ရောက်လာပြီ… မကြာခင်မှာ မင်းက သူဌေးလေးလို နေရတော့မယ်… အကောင်းဆုံးတွေ စားသောက်ရမယ်… လူတွေက မင်းကို တွေ့ဖို့တောင် တောင်းပန်ရလိမ့်မယ်…” 

 

ရှန်မော့၏ လက်က ကျိုးကျင့်၏ လက်ထဲတွင် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားခြင်း ခံနေရပြီး ၎င်းက သူ့အတွက် လုံခြုံမှုပေးနိုင်သည့် တစ်ခုတည်းသော အရာကဲ့သို့ ဖြစ်နေလေသည်။ 

 

ရှန်မော့သည်လည်း ဤအခြေအနေ၏ ပျော်ရွှင်မှုကို နောက်ဆုံးတွင် နားလည်သွားပုံရပြီး ဤယောက်ျားသည် အဖိုးတန်သောအရာများ ရှာတွေ့သွားသဖြင့် သူ့ကို ထားပစ်ခဲ့မည် မဟုတ်ကြောင်း စိတ်ချလက်ချ ခံစားလိုက်ရသည်။ 

 

“ခင်ဗျားကလည်း ချဲ့ကားပြောနေပြန်ပြီ…” 

ရှန်မော့က တိုးတိုးလေး ပြောလိုက်သည်။  


“ကျွန်တော်ကတော့ ဗိုက်ဝဝ စားရရင်ပဲ ကျေနပ်ပါပြီ…” 

 

“မင်းကတော့လေ... မင်းရဲ့ ယောက်ျားအပေါ် ထားတဲ့ မျှော်လင့်ချက်က နည်းလွန်းတယ်…”  

ကျိုးကျင့်က အားရပါးရ ရယ်မောလိုက်သည်။  


“စောင့်ကြည့်နေလိုက်… မကြာခင်မှာ မင်းရဲ့ ယောက်ျားက မင်းကို ဗိုက်ဝအောင်တင် မဟုတ်ဘူး… အနပ်တိုင်းမှာ အသားဟင်းကို မင်းငြီးငွေ့သွားတဲ့အထိ ကျွေးဦးမှာ…” 

 

"အဲဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…"  

ရှန်မော့က ပြန်ပြောသည်။  


"ကျွန်တော်ကတော့ အသားစားရတာကို ဘယ်တော့မှ ငြီးငွေ့လာမှာ မဟုတ်ဘူး… နောက်ပြီး ဘယ်လို အိမ်မျိုးက အနပ်တိုင်း အသားစားနေလို့လဲ… အိမ်နီးနားချင်းရွာက အချမ်းသာဆုံး မိသားစုတွေတောင် အဲဒီလို မစားနိုင်ကြပါဘူး…" 

 

"အဲဒါက သူတို့အိမ်က ယောက်ျားတွေက အစွမ်းအစ မရှိလို့ပေါ့… မင်းရဲ့ယောက်ျားက သူတို့ထက် အများကြီး ပိုတော်တယ်ဆိုတာ မကြာခင် သိရပါလိမ့်မယ်…" 


ကျိုးကျင့်က ယုံကြည်မှုအပြည့်ဖြင့် ဆိုလိုက်သည်။ 

 

ဆုပ်ကိုင်ထားသော လက်ဖဝါးများမှတစ်ဆင့် နွေးထွေးမှုတို့သည် တစ်ဦးထံမှတစ်ဦးသို့ စီးဝင်နေပြီး၊ ရှန်မော့က သူတို့၏ ယှက်နွယ်ထားသော လက်ချောင်းလေးများကို ကြည့်ကာ မထိန်းနိုင်ဘဲ ပြုံးမိသွားတော့သည်။ 

 

သူတို့ တောင်အောက်ခြေသို့ ရောက်ခါနီးတွင် မြက်တောထဲ၌ တောကြက်ဖနှစ်ကောင် တစ်ကောင်နှင့်တစ်ကောင် လိုက်တမ်းပြေးတမ်း ကစားနေကြခြင်းကို ရုတ်တရက် တွေ့လိုက်ရသည်။ 

 

ကျိုးကျင့်က ခြေလှမ်းများကို ရပ်လိုက်သည်။ ကြည့်ရသည်က ထိုကြက်နှစ်ကောင်က မိတ်လိုက်ရန် ပြင်ဆင်နေကြခြင်း ဖြစ်ပြီး၊ အထီးက အမနောက်သို့ တကောက်ကောက်လိုက်နေကာ ပတ်ဝန်းကျင်ကို လုံးဝ သတိမထားမိကြပေ။ 

 

ဒါက လက်လွတ်မခံသင့်တဲ့ အခွင့်အရေးကောင်းပဲ… အခုသာ သူတို့ကို မဖမ်းမိရင်တော့ ငါ့မိန်းမလေးရှေ့မှာ အရှက်ကွဲတော့မှာပဲ… 

ကျိုးကျင့်က တွေးလိုက်သည်။ 

 

သူ တွန့်ဆုတ်မနေတော့ဘဲ လေးကိုဆွဲကာ မြှားများကို ခပ်သွက်သွက်ပင် ပစ်ခတ်လိုက်လေသည်။ ကံကောင်းထောက်မစွာဖြင့်၊ ကြောင်ကန်း ဆန်အိုးတိုးဆိုသလိုပင် မြှားတစ်စင်းက ပစ်မှတ်ကို ထိမှန်သွားလေသည်။ 

 

ရှန်မော့က ကျိုးကျင့်ကို အထင်ကြီး လေးစားစွာဖြင့် ကြည့်နေပြီး သူ့မျက်လုံးလေးများက တောက်ပနေတော့သည်။ 

 

"ကျိုးကျင့်... ခင်ဗျား တကယ်တော်တာပဲ…" 

 

ကျိုးကျင့်က ချီးကျူးစကားကြောင့် အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကို ကုတ်နေမိသည်။ အမှန်တွင် သူက တောကြက်နှစ်ကောင်ကို ထိရန်အတွက် မြှားတောင်းတစ်ခုလုံး ကုန်လုနီးပါး ပစ်ခဲ့ရသည်။ သို့သော်လည်း မိမိဇနီးသည်၏ အားကိုးတကြီး ကြည့်ခြင်းကို ခံရသည့်အတွက် မည်သူမျှ မပျော်ဘဲ နေမည် မဟုတ်ချေ။ 

 

သူက ကြက်နှစ်ကောင်ကို အမြန်ချည်နှောင်ကာ ရှန်မော့၏ တောင်းထဲသို့ ထည့်ပြီး သေချာဖုံးအုပ်လိုက်သည်။ အပြန်လမ်းတွင် စပ်စုတတ်သော အိမ်နီးနားချင်းများ၏ အမေးအမြန်းကို ရှောင်လွှဲလိုသောကြောင့် ဖြစ်သည်။ 

 

သူတို့ အိမ်ပြန်ရောက်သောအခါ ရှန်လင်းက ခြံဝင်းထဲတွင် ဘာလုပ်ရမှန်းမသိဘဲ ထိုင်နေ၏။ သူတို့ပြန်လာသည်ကို မြင်သော်လည်း တောင်းထဲတွင် လေးလံသော ပစ္စည်းများ မပါဘဲ ပေါ့ပေါ့ပါးပါးသာ ရှိနေသည်ကို တွေ့ရသဖြင့် သူက ကြောင်အမ်းအမ်း အမူအရာဖြင့် ကြည့်နေလေသည်။ 

 

ကျိုးကျင့်က ရှန်လင်း၏ ပုံစံကို မြင်သောအခါ စနောက်ချင်စိတ် ပေါ်လာသည်။  

"ညီလေး... ဒီနေ့တော့ တောဟင်းရွက် သိပ်မရဘူး… အိမ်မှာလည်း ဆန်ပြတ်နေပြီ… မင်းလည်း ရှန်မိသားစုအိမ်မှာပဲ သွားစားလိုက်တော့တာ ပိုကောင်းမယ်… ဝမ်ချွန်းဟွာနဲ့တော့ ရန်မဖြစ်နဲ့ဦးနော်…" 

 

ရှန်လင်းက ကျိုးကျင့်ကို စိတ်တိုတိုဖြင့် စိုက်ကြည့်လိုက်သည်။


"ဒါ ခင်ဗျားရဲ့ အပြစ်တွေပဲ… ကျွန်တော်နဲ့ ကောသာ သွားရရင် အခုဆို တောင်းနှစ်လုံးအပြည့် ရနေပြီ… စားဖို့လည်း စိုးရိမ်နေရမှာ မဟုတ်ဘူး…" 

 

"ဩော်... ဟုတ်လား… ငါ့ကို အပြစ်တင်နေမှတော့ ဒီည ဒီမှာ စားဖို့မလိုတော့ဘူးပေါ့…" 

ကျိုးကျင့်က စနောက်ရင်း တောကြက်တစ်ကောင်ကို ထုတ်ကာ ရှန်လင်း၏ ရှေ့တွင် ဝေ့ယမ်းပြလိုက်သည်။ 

 

ကောင်လေး၏ မျက်လုံးများက ပြူးထွက်သွားပြီး ကြက်သားနောက်သို့ အရူးတစ်ယောက်လို လိုက်ကြည့်နေမိရာ ကျိုးကျင့်က ချက်ချင်းပင် ပြန်သိမ်းလိုက်သည်။ 

 

ထို့နောက် ရှန်လင်းက ရှန်မော့ကို သနားစရာမျက်နှာလေးဖြင့် လှမ်းကြည့်လိုက်သည်။ 

 

ရှန်မော့က သူတို့နှစ်ဦး၏ အပြန်အလှန် အခြေအတင်ဖြစ်မှုကို ကြည့်ပြီး မရယ်ဘဲ မနေနိုင်တော့ပေ။ 

 

"ကဲပါ... ကဲပါ... မင်းယောက်ဖက စနေတာပါ… မင်း မပြန်ခင် ဒီတောကြက်ကို ညစာအဖြစ် ချက်စားကြမယ်…" 


ရှန်မော့က ပြောကာ ကြက်မွေးနှုတ်ရန်အတွက် ရေနွေးအိုးကို မီးဖိုပေါ် တင်လိုက်သည်။  


"ပေးပါ... ကျွန်တော်ပဲ လုပ်လိုက်ပါ့မယ်…" 

 

ကျိုးကျင့်က ဘေးသို့ဖယ်ပေးရင်း ဆိုသည်။ 

"ကိုယ်ပဲ လုပ်ပါ့မယ်… မင်း နားလိုက်ပါဦး… တစ်နေ့လုံး ပင်ပန်းနေပြီပဲ…" 

 

ရှန်မော့က ခံစားချက်မျိုးစုံ ဖြစ်ပေါ်သွားသော်လည်း သူ့ရင်ထဲ၌ နွေးထွေးမှုများ ပျံ့နှံ့သွားသည်ကိုတော့ ငြင်းဆို၍ မရပေ။ 

 

ကျိုးကျင့်က သူ့ကို တစ်နေ့လုံး ပင်ပန်းနေပြီဟု ပြောသော်လည်း၊ ကျိုးကျင့်ကိုယ်တိုင်လည်း အလားတူ ပင်ပန်းနေမည်ကို သူ သိပေသည်။ 

 

ဤရွာထဲတွင် အမျိုးသားအတော်များများက သူတို့၏ လက်တွဲဖော်များကို ကောင်းမွန်စွာ မဆက်ဆံကြဘဲ၊ ကျေးဇူးတင်စကား တစ်ခွန်းမျှမဆိုဘဲ၊ အိမ်မှုကိစ္စအားလုံးကို ခိုင်းစေတတ်ကြသည်။ သူတို့နှင့် လက်ထပ်လိုက်ရခြင်းကပင် ထာဝရ ကျေးဇူးတင်နေရမည်ဟု ထင်မှတ်နေကြပြီး မိသားစု၏ လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်ပါက ကြီးလေးသော အပြစ်တစ်ခုဟု ယူဆကြသည်။ 

 

သို့သော် ကျိုးကျင့်က ထိုသို့မဟုတ်ပေ။ 

 

သူက ရှန်မော့ကို သူနှင့်တန်းတူ ထားရှိကာ ဂရုစိုက်မှု၊ နွေးထွေးမှုနှင့် ထောက်ပံ့မှုများကို ပေးအပ်ခဲ့သည်။ 

 

ယခင်ဘဝက လူချမ်းသာတစ်ဦး ဖြစ်ခဲ့သော်လည်း ကျိုးကျင့်သည် အိမ်မှုကိစ္စများကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ပေသည်။ 

 

ချမ်းသာသောသူက ဟင်းမချက်တတ်ဟု ပြော၍မရပေ။ လူတိုင်းတွင် နူးညံ့သော အစိတ်အပိုင်းတစ်ခု ရှိတတ်ကြပြီး ထိုအစိတ်ပိုင်းကို မိမိနှင့် အနီးစပ်ဆုံးသူများကိုသာ ပြသတတ်ကြသည်။ 

 

"ကျိုးကျင့်... ဒီကြက်သား တစ်ဝက်ကို ပိုင်းပြီး ဆန်ကြမ်းနဲ့ သွားလဲလိုက်ရင် မကောင်းဘူးလား…" 

ရှန်မော့က မေးသည်။ 

 

ကျိုးကျင့်က ခေါင်းခါလိုက်သည်။ 

"မလိုပါဘူး… ဒီတစ်ကောင်ကိုတော့ ငါတို့ပဲ စားကြမယ်… ငါတို့မှာ နောက်တစ်ကောင် ရှိသေးတာပဲ… အဲဒီတစ်ကောင်ကို မြို့ထဲသယ်သွားပြီး ရောင်းကြတာပေါ့…" 

 

"ရွာထဲမှာပဲ လဲလိုက်ရင် ကြေးပြား နည်းနည်းလျော့မှာ… မြို့ထဲသွားရောင်းရင်တော့ ပိုရနိုင်တာပေါ့…" 

 

ကျိုးကျင့်က ကြေးပြားအနည်းငယ် ရသည်ထက် ပို၍ တွေးတောနေသည်။ သူက သူတို့သယ်လာသော အခြားပစ္စည်းများကိုလည်း ထည့်သွင်းစဉ်းစားနေခြင်း ဖြစ်သည်။ အကယ်၍ စနစ်တကျ ကိုင်တွယ်နိုင်ပါက ၎င်းတို့က ရတနာသိုက်လေး ဖြစ်လာနိုင်သော်လည်း၊ မှားယွင်းစွာ ကိုင်တွယ်မိပါက ဒုက္ခရောက်နိုင်ပေသည်။ 

 

ထို့ကြောင့် ဝယ်ယူမည့်သူ၏ စရိုက်လက္ခဏာက စိတ်ချရရန် အရေးကြီးသည်။ ထို့ကြောင့် သူတို့က ဂုဏ်သိက္ခာရှိသော မိသားစုမှ ယုံကြည်စိတ်ချရသူတစ်ဦးကို ရှာဖွေရန် လိုအပ်သည်။ 

 

ဆီနှင့် ဆား မပါသောကြောင့် မည်သည့်ဟင်းမဆို အရသာပေါ့ပျက်ပျက် ဖြစ်နေလိမ့်မည်ဟု ကျိုးကျင့်က ယူဆထားသော်လည်း ၎င်းက သူ့အမြင်သာ ဖြစ်သည်။ 

 

ရှန်ညီအစ်ကိုတို့ကမူ အလွန်ပင် မြိန်ရည်ယှက်ရည် စားသောက်နေကြသည်။ 

 

ရှန်မော့က ကျိုးကျင့်အတွက် ကြက်ပေါင်အကြီးကြီးကို အရင်ဆုံး ဖဲ့ပေးရန် သတိရနေပြီး ကျိုးကျင့်ကလည်း သူ့အတွက် အသားတစ်ဖတ် ပြန်ဖဲ့ပေးခဲ့သည်။ 

 

ရှန်လင်းကမူ စကားပင် မပြောနိုင်တော့ပေ။ ကျိုးကျင့် သတိရလာကတည်းက သူ့အစ်ကိုက အတော်လေး ထူးဆန်းလာသည်ဟု သူ ခံစားနေရသည်။ 

 

ယခင်ကဆိုလျှင် သူ့အစ်ကိုက ကျိုးကျင့်အပေါ် အေးစက်စက်နှင့် ဂရုမစိုက်သလို နေခဲ့ခြင်းဖြစ်သည်။ ကျိုးကျင့်ကို သူ ရန်စဝံ့၍တော့ မဟုတ်ပေ။ သို့သော် သူ့အစ်ကိုက ပြန်လည် တုံ့ပြန်ရန် ဝန်လေးနေတတ်ပြီး ၎င်းက အရှက်ရစေကာ သူ့ဂုဏ်သိက္ခာကို ထိခိုက်စေမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်ဟု သူ ခံစားရသည်။ သူ၏ နာမည်ပျက်က ယခုထက် ပိုဆိုးသွားပါက နောင်တွင် အိမ်ထောင်ဖက် ရှာရန် မလွယ်ကူတော့မည်ကို စိုးရိမ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ 

 

ညစာစားပြီးနောက် ကျိုးကျင့်သည် ခန်ကုတင်ပေါ်တွင် လဲလျောင်းနေစဉ် ရှန်လင်း ပန်းကန်ဆေးနေသည်ကို ကြည့်နေသည်။ သူက  မေးလိုက်သည်။ 


"မင်း တောကြက်သားလည်း ဝဝလင်လင် စားပြီးပြီဆိုတော့ အိမ်မပြန်သေးဘူးလား…" 

 

ရှန်လင်းက ကျိုးကျင့်ကို စိတ်တိုတိုဖြင့် စိုက်ကြည့်ကာ ဒေါသတကြီး ထွက်ခွာသွားတော့သည်။


ရှန်မော့က သက်ပြင်းချကာ ဆိုသည်။ 

"ခင်ဗျား ရှောင်လင်းကို အမြဲတမ်း အနိုင်မကျင့်သင့်ဘူး…" 

 

ကျိုးကျင့်က နှာခေါင်းရှုံ့ကာ ပြန်ဖြေလိုက်သည်။ 

 

"ကိုယ့်မှာ သူ့ကို အနိုင်ကျင့်ဖို့ အချိန်ရှိလို့လား… ကိုယ်တို့တွေ မပျက်စီးသေးတဲ့ ပစ္စည်းအားလုံးကို အမြန် သယ်လာခဲ့ကြတာပဲ…  ဘာတွေပါလာသလဲဆိုတာ ကြည့်ချင်သေးတယ်… မနက်ဖြန်ကျရင် တစ်ခုခုကို မြို့ထဲသယ်သွားရအောင်… အဲဒါကို ရောင်းလို့ရရင် အိမ်အတွက် ဆန်၊ ဂျုံနဲ့ ဆီတွေ ဝယ်နိုင်တာပေါ့…"




👶👶👶