Ch 9
Viewers 911

👶အခန်း (၉) 

- လင်မယားအရာ မြောက်ခြင်း 

 


ကျိုးကျင့်သည် ဝါးတောင်းကို ဆွဲထုတ်လိုက်ပြီး အတွင်းရှိ ပစ္စည်းများကို မြေပြင်ပေါ်တွင် ဖြန့်ခင်းလိုက်သည်။ 

 

အတွင်း၌ မျက်နှာပေါင်းတင်ဆေးသုံးဘူး၊ နှုတ်ခမ်းနီ တစ်ဆက်(set) ၊ မျက်တောင်ကော့ဆေး၊ အိုင်းလိုင်နာ၊ လက်လိမ်းခရင်မ် နှစ်ဘူးနှင့် ၁၂၀ မီလီလီတာပါဝင်သော မျက်နှာသစ်ဆေး တစ်ဘူးတို့ ပါရှိသည်။ 

 

"ဒါတွေက ဘာတွေလဲ…"  

ရှန်မော့က မေးသည်။ 

 

"ဒါတွေက အမျိုးသမီးသုံး အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေလေ… တန်ဖိုးအများကြီးရှိတာ…"  


ကျိုးကျင့်က ပြန်ဖြေလိုက်ပြီး နှုတ်ခမ်းနီများ ပါဝင်သောဘူးကို ဖွင့်လိုက်သည်။ အတွင်း၌ ပြွန်ချောင်းလေး ငါးခုပါရှိပြီး အရောင်များက ယခုခေတ်ကာလနှင့် လိုက်ဖက်ညီကာ အလွန်အမင်း တောက်ပြောင်လွန်းခြင်း မရှိပေ။ 

 

သူက နှုတ်ခမ်းနီတစ်ချောင်းကို လှည့်ထုတ်ကာ ရှန်မော့ကို ပြလိုက်သည်။  


"ဒါကို နှုတ်ခမ်းနီလို့ ခေါ်တယ်… မင်း သိမှာမဟုတ်ဘူး… မင်းတို့ဆီက နှုတ်ခမ်းလိမ်းအဆီလိုမျိုးပေါ့… ဒါပေမဲ့ ကိုယ်အာမခံရဲတယ်… ဒီမှာသုံးနေတဲ့ နှုတ်ခမ်းလိမ်းအဆီတွေက ဒါကို ဘယ်လိုမှ မမီဘူး…" 

 

ရှန်မော့က သိလိုစိတ်ဖြင့် ကြည့်နေစဉ်မှာပင် ကျိုးကျင့်က တောက်ပသော အနီရောင်နှုတ်ခမ်းနီကို သူ့ရှေ့တွင် ကိုယ်တိုင် ဆိုးပြလိုက်သည်။ 

 

"ဘယ်လိုလဲ… ကြည့်လို့ကောင်းတယ်မလား…" 

 

ရှန်မော့၏ အမူအရာက ပြောရခက်လှသည်။  

 

"သိပ်တော့ မဟုတ်ဘူး… သွေးသောက်ထားတဲ့အတိုင်းပဲ… ဟားဟား..."  

သူက မတ်တတ်ရပ်လိုက်ပြီး ပြောသည်။ 


"ကျိုးကျင့်... ခင်ဗျားက ယောက်ျားတစ်ယောက်ဖြစ်ပြီး ဘာလို့ မိန်းမတွေနဲ့ 'ကောအာ' တွေ ဆိုးတဲ့အရာကို ဆိုးနေတာလဲ… ကြည့်ရတာ အရမ်းထူးဆန်းတယ်…" 

 

ကျိုးကျင့်က နှုတ်ခမ်းနီကို သေချာပြန်ပိတ်၍ ဘေး၌ချထားပြီးနောက် ရှန်မော့ကို စနောက်ပြီး လှမ်းဖက်လိုက်သည်။ 

 

"ဘယ်သူက သွေးသောက်ထားတဲ့ပုံ ပေါက်နေလို့လဲ…"  

သူက ရှန်မော့၏ ပါးပြင်ကို အသံထွက်အောင် နမ်းလိုက်ရာ နှုတ်ခမ်းနီရာများ ထင်ကျန်ရသဖြင့် ရှန်မော့က ရယ်မောလျက် ရှောင်တိမ်းနေတော့သည်။ 

 

သူတို့နှစ်ဦးစလုံးက ငယ်ရွယ်နုပျိုသော အရွယ်များဖြစ်ကြပြီး စနောက်ရာမှတစ်ဆင့် ခံစားချက်တို့က တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။ ကျိုးကျင့်၏ ခန္ဓာကိုယ် တုံ့ပြန်မှုကို အဝတ်အစားများကြားမှပင် ရှန်မော့က သတိပြုမိသွားရာ သူ့မျက်နှာလေးက နီမြန်းသွားပြီး မြေပြင်ပေါ်တွင် တောင့်တောင့်ကြီး လှဲလျောင်းနေမိလေသည်။ 

 

ကျိုးကျင့်က အနည်းငယ် ရှက်သွားသဖြင့် ထရန်ပြင်လိုက်သော်လည်း သူ့အင်္ကျီကို ဆွဲထားသော လက်ချောင်းလေးများကို ခံစားလိုက်ရ၏။ ရှန်မော့၏ မျက်နှာက ရှက်လွန်း၍ သွေးထွက်မတတ် နီနေပြီး မျက်နှာကို လွှဲထားကာ ကျိုးကျင့်၏ မျက်လုံးများကို မကြည့်ဝံ့ရှာပေ။ 

 

"ကျွန်တော်... ကျွန်တော်တို့ အခုထိ လင်မယားအရာ မမြောက်သေးဘူးနော်… ကျွန်တော်က 'ကောအာ' တစ်ယောက် ဖြစ်နေလို့လား… အဲဒါကြောင့်ပဲ ခင်ဗျားက ကျွန်တော့်ကို မထိချင်တာလား…" 

ရှန်မော့က ဆိုသည်။ သူ့အသံက သနားစရာကောင်းလှပြီး နာကျည်းမှုတို့ဖြင့် ပြည့်နှက်နေသည်။ 

 

ထိုအမူအရာသည် ကျိုးကျင့်၏ သနားစိတ်ကို နှိုးဆွပေးမည့်အစား သူ၏ ပြင်းပြသော ရမ္မက်ဇောကိုသာ ပို၍ လောင်မြိုက်စေခဲ့သည်။ ၎င်းက တောက်လောင်နေသော မီးထဲသို့ ဆီတစ်ပုံး လောင်းထည့်လိုက်သကဲ့သို့ ဖြစ်သွားပြီး သူ့စိတ်ထဲတွင် သားရဲဆန်သော အလိုဆန္ဒများမှလွဲ၍ ဘာမှမရှိတော့ပေ။ 

 

သူက ရှန်မော့ကို ဖိချလိုက်သည်။ သူက တစ်ခုခု မှားယွင်းနေသည်ဟု ခံစားရသော်လည်း ဆန္ဒဇောများ ဖုံးလွှမ်းနေသဖြင့် သေချာမစဉ်းစားနိုင်တော့ချေ။ 

 

ထိုကဲ့သို့သော အချိန်မျိုးတွင် မည်သည့်ယောက်ျားမှ ဆင်ခြင်တုံတရား ထားနိုင်မည် မဟုတ်ချေ။ 

 

ထိုညတွင် စောင်ပုံထဲ၌ လှိုင်းလုံးများကဲ့သို့ ထကြွသော စိတ်ဇောများအောက်တွင် ကျိုးကျင့်သည်လည်း ဇနီးသည်ရှိသော ယောက်ျားတစ်ယောက် ဖြစ်လာခဲ့သည်။ 

 

၎င်းက ကျိုးကျင့်၏ ပထမဆုံး အတွေ့အကြုံဖြစ်ပြီး ရှန်မော့က ရပ်တန့်ပေးရန် တောင်းပန်သည့်တိုင်အောင် မနားတမ်း နွှဲခဲ့လေသည်။ 

 

အမြဲတမ်း စောစောထလေ့ရှိသော ရှန်မော့သည်ပင် နေအတော်မြင့်မှ နိုးလာခဲ့သည်။ 

 

ကျိုးကျင့်က အရင်နိုးနေခြင်း ဖြစ်သည်။ သူက သူ့ရင်ခွင်ထဲ၌ အိပ်ပျော်နေသော ဇနီးငယ်လေး၏ ချောမောသော မျက်နှာလေးကို ငေးကြည့်ကာ အလွန်အမင်း မြတ်နိုးစိတ်များ ဖြစ်ပေါ်နေမိသည်။ သူက မထိန်းနိုင်ဘဲ ဇနီးလေးကို အကြိမ်အနည်းငယ် ငုံ့နမ်းလိုက်မိသည်။ 

 

ကျိုးကျင့်က သူ့ရင်ခွင်ထဲမှ ဇနီးငယ်လေးကို တန်ဖိုးထားနေမိသည်။ ယခုအခါ သူသည်လည်း မိန်းမရှိသော ယောက်ျားတစ်ယောက် ဖြစ်လာခဲ့ပြီး မိမိ၏ ဇနီးသည်ကပင် မိမိကို စတင်ချဉ်းကပ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းက အလွန်လှပသော ခံစားချက်တစ်ခုပင် ဖြစ်သည်။ 

 

ရှန်မော့၏ မျက်နှာပေါ်တွင် ယမန်နေ့ညက ကျိုးကျင့် ချန်ထားခဲ့သော နှုတ်ခမ်းနီရာ အချို့ ရှိနေသေးသည်။ 

 

ကျိုးကျင့်သည် ထိုအရာများကို သုတ်ပေးရန် လက်လှမ်းလိုက်စဉ်မှာပင် ယမန်နေ့ညကတည်းက ခံစားနေရသော ထူးဆန်းသည့် အချက်ကို သတိပြုမိသွားသည်။


ရှေ့နောက်မညီညွတ်မှုများ အများကြီး ရှိနေသည်။  

 

ဘာလို့ ငါ့ဇနီးလေးက ဘာမေးခွန်းမှ မမေးတာလဲ… 

 

အထူးသဖြင့် ဒီထူးဆန်းတဲ့ ပစ္စည်းတွေအကြောင်း… 

 

ဘာလို့ ရှန်မော့က ဒါတွေအားလုံးကို ပုံမှန်အတိုင်းပဲ လက်ခံနေရတာလဲ… 

 

ရှန်မော့က ကျိုးကျင့်၏ အကြည့်ကြောင့် နိုးလာခဲ့သည်။ သူ မျက်လုံးဖွင့်လိုက်သည်နှင့် ကျိုးကျင့်၏ စူးစိုက်သော အကြည့်နှင့် ဆုံသွားသည်။ ထိုအကြည့်က ရှန်မော့ကို ဗီဇအရ အန္တရာယ်ရှိသည်ဟု ခံစားရစေသဖြင့် သူ့ရင်ထဲ၌ ထိတ်ခနဲ ဖြစ်သွားသည်။ ယခင်ညက ရရှိခဲ့သော နွေးထွေးမှုတို့က ပျောက်ကွယ်သွားရလေပြီ။ 

 

"မင်း ဘယ်တုန်းက သိခဲ့တာလဲ…" 


ကျိုးကျင့်က ခံစားချက်ကင်းမဲ့သော လေသံဖြင့် ရုတ်တရက် မေးလိုက်သည်။ ယခုအခါ သူတို့နှစ်ဦးကြားက နူးညံ့မှုတို့က ဝေးကွာလှသော အိမ်မက်တစ်ခုကဲ့သို့ ဖြစ်သွားသည်။ 

 

အမှန်တရားက ရောက်ရှိလာခဲ့ပြီဖြစ်ရာ ကမ္ဘာကြီးက မှောင်မိုက်သွားသလိုပင် ဖြစ်နေလေ၏။ 

 

ရှန်မော့က သူ့နှုတ်ခမ်းကို ကိုက်ထားပြီး အကြည့်လွှဲကာ တိတ်ဆိတ်နေသည်။ 

 

ကျိုးကျင့်က ထပ်မံ ဖိအားပေးသည်။  

"ငါ့ကို ငတုံးတစ်ယောက်လို ဆက်ဆံရတာ ပျော်စရာကောင်းတယ်လို့ မင်းထင်နေတာလား…" 

 

ရှန်မော့က ဘာမှပြန်မပြောဘဲ နှုတ်ခမ်းကို ပို၍ တင်းတင်းကိုက်ထားရာ သွေးစအချို့ပင် ထွက်လာတော့သည်။ 

 

သွေးကို မြင်လိုက်ရသောအခါ ကျိုးကျင့်က အရာအားလုံးကို မေ့သွားသည်။ သူက ဒေါသတကြီးဖြင့် ရှန်မော့၏ မေးစေ့ကို ကိုင်လိုက်သည်။ 

 

"ငါ့ကို ကစားရတာ အဆင်ပြေတယ်လို့ မင်းထင်နေတာလား… အခု ငါ အားလုံးကို သိသွားပြီဆိုတော့ ငါ မင်းကို လက်မလွှတ်နိုင်အောင်လို့ ကိုယ့်ကိုယ်ကိုယ် ပြန်နှိပ်စက်ပြနေတာလား…" 

 

"ခင်ဗျား တကယ်ပဲ ဂရုစိုက်လို့လား… တကယ်လို့ ခင်ဗျား အားလုံးကို သိနေခဲ့ရင်တောင် ကျွန်တော့်ကို လိုချင်နေဦးမှာလား…" 


ရှန်မော့က အက်ရှရှအသံဖြင့် နောက်ဆုံးတွင် စကားပြောလာသည်။ 

 

"ငါက ဂရုမစိုက်ဘူး ဟုတ်လား… တကယ်လို့ ငါသာ ဂရုမစိုက်ရင် မင်းကို ပစ်ထားခဲ့တာ ကြာလှပြီ…" 

 

"အခုလည်း ခင်ဗျား ကျွန်တော့်ကို အလွယ်တကူ ပစ်ထားခဲ့လို့ ရတာပဲ… ဘာပဲဖြစ်ဖြစ် ခင်ဗျားက တကယ့် ကျိုးကျင့်မှ မဟုတ်တာ… သွားပါ... ထွက်သွားလိုက်ပါ… သူတို့တွေ ကျွန်တော့်ကို ရေကန်ထဲ ပစ်ချပါစေတော့…" 

 

မိမိတို့၏ တာဝန်ဝတ္တရားများမှ သွေဖည်သော အမျိုးသမီးများနှင့် 'ကောအာ' များသည် ရေတွင်းသို့ ပစ်ချခံရခြင်းကဲ့သို့သော ပြင်းထန်သည့် ပြစ်ဒဏ်များကို ရင်ဆိုင်ရလေ့ရှိသည်။ 

 

ကျိုးကျင့်က အော်ဟစ်လိုက်သည်။ 

"မင်း ငါ့နှလုံးသားကို ဓားနဲ့ထိုးဖို့ ကြိုးစားနေတာလား ရှန်မော့… ငါ မင်းကို ဘယ်လောက်အထိ ဂရုစိုက်တယ်ဆိုတာ မင်း နားမလည်ဘူးလား… ငါသာ ထွက်သွားချင်ရင် သတိရလာတဲ့ အချိန်ကတည်းက ထွက်သွားမှာပေါ့… မင်း ငါ့ကို အိပ်ရာပေါ် ခေါ်လာတဲ့အထိ စောင့်နေမှာ မဟုတ်ဘူး…" 

 

ရှန်မော့က ပြန်လည် တိတ်ဆိတ်သွားပြန်သည်။ 

 

ကျိုးကျင့်က ဘာလုပ်ရမှန်းမသိ ဖြစ်သွားရသည်။ သူက ရှန်မော့၏ မေးစေ့ကို ကိုင်ကာ စစ်ဆေးကြည့်လိုက်သည်။ သူ့နှုတ်ခမ်းထောင့်လေး ဒဏ်ရာရသွားရုံသာ ရှိသည်ကို အတည်ပြုပြီးမှသာ သူ့ စိတ်အနည်းငယ် လျော့သွားတော့သည်။ 

 

"ရှန်မော့... မင်း ငါ့ကို ဘယ်လို ချုပ်ကိုင်ရမလဲဆိုတာ ကောင်းကောင်းသိတာပဲ… မင်း ငါ့ကို အိပ်ရာပေါ် ခေါ်လာတယ်… အခု မင်းက ဘယ်လောက်ထိ ကောင်းလဲဆိုတာ ငါသိသွားပြီဆိုတော့ ငါ ဘယ်လိုလုပ် ထွက်သွားနိုင်မှာလဲ…  မင်းကို မြင်တိုင်း ငါ ဘယ်မှ မရွေ့နိုင်တော့ဘူး… ငါ့စိတ်ထဲမှာ မင်းတစ်ယောက်ပဲ ရှိတော့တာ…" 

 

"ကဲပါ... ငါ အရှုံးပေးပါတယ်…" 

ကျိုးကျင့်က ဆိုသည်။  


"ဒါပေမဲ့ မင်းရဲ့လက်ထဲကို ငါ ဘယ်လို ရောက်သွားသလဲဆိုတာတော့ ရှင်းပြရမယ်… ခေတ်သစ်ကမ္ဘာက လာတဲ့ ငါလိုလူက ရှေးခေတ်က မင်းလိုလူရဲ့ အနိုင်ယူတာကို ဘယ်လိုများ ခံလိုက်ရတာလဲ…" 

 

ရှန်မော့က သူ့မျက်လုံးများကို မှိတ်လိုက်ပြီး သူ့အပေါ်သို့ ရိုက်ခတ်လာသော စိတ်ပျက်အားငယ်မှု လှိုင်းလုံးများကို ထိန်းချုပ်ရန် ကြိုးစားနေသည်။ 

 

"ကျောက်တာ့ ခင်ဗျားကို တောင်ပေါ်က သယ်လာတဲ့နေ့… ခင်ဗျားကို မြင်လိုက်ရတဲ့ အချိန်ကတည်းက ခင်ဗျားက ကျိုးကျင့် မဟုတ်မှန်း ကျွန်တော် သိခဲ့တယ်… ကျွန်တော် ကျိုးကျင့်နဲ့ လက်ထပ်ခဲ့တာ ခြောက်လပဲ ရှိသေးပေမဲ့ သူ့ကိုတော့ လုံးဝ မမှားနိုင်ပါဘူး…" 

 

"ကျိုးကျင့်မှာ ဓားဒဏ်ရာ အမာရွတ်အရှည်ကြီး ရှိတယ်… အဲဒါက လက်ထပ်ပြီး မကြာခင်မှာ အတိုက်ခိုက်ခံရလို့ ရခဲ့တာ… ဒါပေမဲ့ ခင်ဗျားမှာ အဲဒီအမာရွတ် မရှိဘူး… အမာရွတ်ဆိုတာ ဒီအတိုင်း ပျောက်ကွယ်သွားတာမျိုး မဟုတ်ဘူးလေ… ဒါကြောင့် ခင်ဗျားက သူ မဟုတ်မှန်း ကျွန်တော် သိလိုက်တာ…" 

 

"ဒါဆို ဘာလို့ ဘာမှမပြောခဲ့တာလဲ… ဘာလို့ ငါ့ကို ပြန်သယ်လာခဲ့တာလဲ… မင်းတို့မိသားစုက အရမ်းဆင်းရဲတာတောင် ဘာလို့ ငါ့ကို ကျွေးမွေးပြီး စောင့်ရှောက်ခဲ့တာလဲ… အဲဒီတုန်းက အဘွားကြီးဝမ်က ငါတို့အိမ်က နောက်ဆုံးကျန်တဲ့ တောဟင်းရွက်တွေကို ယူသွားတာ ငါမှတ်မိတယ်… ငါ့မှာ ဟင်းရည်တစ်ဝက် ကျန်တာကို မင်းက မစားဘဲနဲ့ ငါ့အတွက် ချန်ပေးခဲ့ပြီး မင်းဗိုက်ကိုတော့ ရေအေးတွေနဲ့ပဲ ဖြည့်ခဲ့တယ်လေ… ဘာလို့ အဲဒီလို လုပ်ခဲ့တာလဲ…"


"ဘာလို့လဲ ဟုတ်လား… ဘာလို့လဲဆိုတော့ ကျွန်တော်က အဲဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာမို့လို့ပါ…"  


ယခုအခါ အမှန်တရား ပေါ်ပေါက်သွားပြီဖြစ်ရာ ရှန်မော့က စိတ်ပျက်သွားမိသည်။ ထိုသံယောဇဉ်သာ မရှိခဲ့လျှင် သူက အမျိုးသမီးတစ်ဦးထက် 'ကောအာ' တစ်ဦးကို ရွေးချယ်မည် မဟုတ်ချေ၊ 

 

ထို့အပြင် သူ့ရှေ့မှ အမျိုးသားက ပထမအမြင်နှင့်ပင် သာမန်လူမဟုတ်ကြောင်း သိသာလှသည်။ ယခင် ကျိုးကျင့်ပင်လျှင် သူက အမျိုးသမီးမဟုတ်ဘဲ 'ကောအာ' ဖြစ်နေရုံမျှဖြင့် မင်္ဂလာဦးညတွင် သူ့ကို ထိတွေ့ရန် ငြင်းဆန်ခဲ့ဖူးသည်။ 

 

"ကျွန်တော် ဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာပါ… အဲဒီနေ့က ခင်ဗျား ဝတ်ထားတဲ့ အဝတ်တွေက စုတ်ပြတ်နေပြီး ဘာမှန်းမသိသာပေမဲ့ ထိကြည့်လိုက်ရင် အရမ်းကို နူးညံ့နေတာ… အဲဒါက ကျိုးကျင့် ဝတ်နေကျ အထည်ကြမ်းတွေ မဟုတ်တာ သေချာတယ်… အဲဒီလို ပစ္စည်းမျိုးက သာမန်သူဌေးအိမ်တွေတောင် မဝတ်နိုင်တဲ့အရာပဲ… နောက်ပြီး အဲဒီနေ့က ခင်ဗျား ကျွန်တော့် လက်ကို ကိုင်လိုက်တဲ့အခါ ခင်ဗျားရဲ့လက်တွေက 'ကောအာ' တွေရဲ့ လက်ထက်တောင် ပိုပြီး နုနယ်နေတယ်… ဒါက ခင်ဗျားက မြင့်မြတ်တဲ့ မျိုးရိုးက လာသူဖြစ်မယ်ဆိုတာကို ပိုပြီး သေချာစေခဲ့တာပေါ့…" 

 

"ကျွန်တော့်မှာ တခြားလမ်း မရှိတော့ဘူး… တကယ်လို့ အဘွားကြီးဝမ်သာ သူ သေသွားပြီဆိုတာ သိသွားရင် ကျွန်တော့်ကို သူ့အတွက် ဝမ်းနည်းခွင့်တောင် ပေးမှာ မဟုတ်ဘူး… သူက ကျွန်တော်ကို သူဌေးအိမ်တစ်ခုမှာ ကိုယ်လုပ်တော် ဒါမှမဟုတ် အစေခံအဖြစ် ရောင်းစားလိုက်မှာ သေချာတယ်… အဲဒါက ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျသလိုပဲ… ကျွန်တော့်ရဲ့ ကံကြမ္မာက ကျွန်တော့် လက်ထဲမှာ မရှိတော့ဘူး… ဒါကြောင့် ခင်ဗျားကိုပဲ တွယ်ကပ်ထားဖို့ကလွဲလို့ ကျွန်တော့်မှာ ရွေးချယ်စရာ မရှိခဲ့ဘူး… ခင်ဗျားက မြင့်မြတ်တဲ့ မျိုးရိုးက လာတယ်ဆိုတာ ကျွန်တော် သိတယ်… တကယ်လို့ ကျွန်တော် အဲဒီနေ့က ခင်ဗျားအသက်ကို ကယ်တင်ပြီး ခင်ဗျားအပေါ် ကောင်းကောင်း ဆက်ဆံခဲ့ရင်၊ နောင်တစ်ချိန်မှာ ခင်ဗျား ကျွန်တော့် ကို အထင်သေးခဲ့ရင်တောင် ခင်ဗျား ကျွန်တော့်အပေါ် အသက်ကြွေးတော့ တင်နေဦးမှာပဲ…" 

 

ကျိုးကျင့်က လေးနက်သော အသံဖြင့် မေးလိုက်သည်။ 


"မင်းပြောတဲ့ ကျိုးကျင့် သေသွားပြီဆိုတာ ဘာလို့ ဒီလောက်တောင် သေချာနေရတာလဲ…" 

 

"ဘာလို့လဲဆိုတော့ ကျွန်တော် ကိုယ်တိုင် မြင်ခဲ့လို့ပေါ့…" 

 

အကြီးမားဆုံး ဝမ်းနည်းမှုက သေဆုံးသွားသော နှလုံးသားပင် ဖြစ်သည်။ အခြေအနေက ဤအဆင့်သို့ ရောက်ရှိလာခဲ့ပြီဖြစ်ရာ နောက်ပြန်လှည့်ရန် လမ်းမရှိတော့ပေ။ ရှန်မော့ အရာအားလုံးကို ဖွင့်ချရန် ဆုံးဖြတ်လိုက်သည်။  


"အဲဒီနေ့က သူ ကျွန်တော့်ကို အဘွားကြီးဝမ်ရဲ့ ရှေ့မှာ အရှက်ခွဲပြီးတဲ့နောက် တောင်နောက်ဘက်ကို တန်းသွားခဲ့တာ… သူ ညစာစားဖို့ ပြန်မလာတာနဲ့ ကျွန်တော် လိုက်ရှာခဲ့တယ်လေ…" 

 

"အဲဒီတုန်းက မိုးရွာပြီးစဆိုတော့ တောင်ပတ်လမ်းက ရွှံ့တွေဗွက်တွေနဲ့ အရမ်းချောနေတာ… ပတ်ဝန်းကျင်မှာလည်း ဘယ်သူမှမရှိဘူး… သူ့ရဲ့ခြေရာတွေကပဲ အထင်သားပေါ်နေခဲ့တာ… ကျွန်တော်လည်း အဲဒီခြေရာတွေနောက်ကိုပဲ လိုက်သွားမိတယ်… တောနက်ထဲ ရောက်သွားတဲ့အခါ ခြေရာတွေက ဟိုတစ်ကွက် ဒီတစ်ကွက်နဲ့ ရှုပ်ထွေးနေပြီး ဘေးနားမှာလည်း တောဝက်ခြေရာတွေကို တွေ့လိုက်ရတယ်… အဲဒီအချိန်မှာပဲ သစ်ပင်တွေကြားထဲက တိုးတိုးတိတ်တိတ် အသံတွေကြားရလို့ တောဝက်များလားဆိုပြီး ကြောက်ကြောက်လန့်လန့်နဲ့ သစ်ပင်ပေါ်တက်ပုန်းနေမိတာ…" 

 

"ကျွန်တော် သစ်ပင်ပေါ်မှာ အခြေချပြီးတာနဲ့ သူ တောဝက်အကြီးကြီးတစ်ကောင်ရဲ့ အလိုက်ခံနေရတာကို မြင်လိုက်ရတယ်… သူ သိပ်မြန်မြန် မပြေးနိုင်ဘူး… ဒဏ်ရာအပြင်းအထန် ရထားပုံရတယ်… အင်္ကျီတစ်ထည်လုံးလည်း သွေးတွေရွှဲလို့… လက်တစ်ဖက်ကလည်း သွေးထွက်နေတဲ့ ဒဏ်ရာကို ဖိထားရသေးတယ်… တောဝက်က သူ့ကို ခဏလေးနဲ့ မှီသွားပြီး အဝေးကြီးကို လွင့်ထွက်သွားအောင် ဝှေ့လိုက်တာ… သူ မြေပြင်ပေါ်မှာ ခဏလောက် ရုန်းကန်နေသေးပေမဲ့ နောက်တော့ ငြိမ်ကျသွားတယ်… တောဝက်က အရှိန်မသတ်ဘဲ သူ့ကို ကျွန်တော့်မျက်စိရှေ့က ပျောက်သွားတဲ့အထိ အဝေးကို ဆက်ပြီးတွန်းထုတ်သွားတော့တာပဲ… ကျွန်တော် သစ်ပင်ပေါ်မှာ ဘယ်လောက်တောင် ကြာအောင် ဝပ်နေမိလဲမသိဘူး… ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားတော့မှ သစ်ပင်ပေါ်က ဆင်းပြီး လာခဲ့တဲ့လမ်းအတိုင်း အိမ်ကို အမြန်ဆုံး ပြန်ပြေးခဲ့ရတာ…" 

 

ရှန်မော့က ဇာတ်လမ်းကို အဆုံးသတ်လိုက်ကာ ဆိုသည်။ 


"အဲဒီလောက် ဒဏ်ရာအပြင်းအထန် ရထားတာဆိုတော့ သူ ဘယ်လိုမှ အသက်ရှင်နိုင်မှာ မဟုတ်တော့ဘူး..." 

 

ကျိုးကျင့်က ပြန်မေးသည်။ 

"ဒါဆို မင်း ငါ့အပေါ် ကောင်းပြနေတာတွေ၊ ငါနဲ့အတူ အိပ်ဖို့အထိ ဝန်မလေးတာတွေက သူသေသွားပြီဆိုတာ မင်းသိနေလို့ပေါ့… အဘွားကြီးဝမ်က မင်းကို ရောင်းစားမှာ ကြောက်လို့ ငါ့ကို ရည်ရွယ်ချက်ရှိရှိ အသုံးချခဲ့တာပေါ့… ဟုတ်လား…" 

 

"ဟုတ်တယ်…"  

ရှန်မော့က ပြတ်သားစွာ ပြန်ဖြေသည်။ ဤအဆင့်သို့ ရောက်မှတော့ ငြင်းဆိုနေခြင်းထက် အမှန်အတိုင်း ဝန်ခံလိုက်ခြင်းက ပို၍ ထိရောက်မည်ဟု သူ ယုံကြည်သွားပုံရသည်။


ကျိုးကျင့်က ဒေါသကြောင့် အံကြိတ်လိုက်မိသည်။ သူသည် ရှန်မော့၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။ 


"ငါ့ဘဝမှာ ငါ့အနားမှာ လူတွေ မပြတ်ခဲ့ဖူးဘူး… ပုံစံမျိုးစုံနဲ့  မိန်းမပျို လှလှလေးတွေ အများကြီးပဲ… သူတို့မှာ ဘယ်လို မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိတယ်ဆိုတာ ငါ တစ်ချက်ကြည့်ရုံနဲ့ သိတယ်… ငါ့တစ်သက်လုံး သူတို့ကို သတိထားပြီး ကာကွယ်လာခဲ့တာ… ဒါပေမဲ့ အခုတော့ ရှေးခေတ်က မင်းလိုလူတစ်ယောက်ရဲ့ လှည့်ဖြားမှုကို ခံလိုက်ရပြီး ငါ့ကို ကစားစရာတစ်ခုလို အသုံးချတာ ခံလိုက်ရတယ်ပေါ့လေ…" 

 

၎င်းက တစ်သက်လုံး မုဆိုးလုပ်လာပြီးမှ နောက်ဆုံး ယုန်ထောင်တာ မိမိကိုယ်တိုင် ပြန်မိသွားသကဲ့သို့ ခံစားချက်မျိုးပင် ဖြစ်သည်။ 

 

ကျိုးကျင့်က ရှန်မော့၏ နုနယ်သော လည်တိုင်လေးကို အားရပါးရ ခပ်ပြင်းပြင်း ကိုက်လိုက်မိသည်။ 

 

"မင်း ငါ့ကို လိမ်ချင်လိမ်နိုင်တယ်၊ ဒါမှမဟုတ် ငါ့ကို ဂရုစိုက်သလို ဟန်ဆောင်နေလို့လည်း ရတယ်… မင်းမှာ ငါ့အပေါ် ဘယ်လို ခံစားချက်မှ မရှိလည်း ငါ ဂရုမစိုက်ဘူး… ဒါပေမဲ့ တစ်ခုတော့ မှတ်ထားလိုက်… မင်း ငါနဲ့အတူ အိပ်ပြီးပြီဆိုရင် မင်းက ငါပိုင်တဲ့လူပဲ… မင်း ငါ့ကို လိမ်ညာဖို့ သတ္တိရှိခဲ့ရင်လည်း မင်း တစ်သက်လုံး ငါ့ကို ဆက်ပြီး လိမ်ညာသွားဖို့သာ ပြင်ထားတော့… မင်း ငါ့လက်ထဲကနေ ဘယ်တော့မှ လွတ်မှာ မဟုတ်ဘူး…" 

 

"ဘာ... ဘာပြောလိုက်တာလဲ…"  

ရှန်မော့၏ မျက်လုံးများက ပြူးကျယ်သွားသည်။  

 

ကျိုးကျင့်က ငါ့ကို ပစ်မထားဘူးတဲ့လား… အဲဒီအစား ငါ့ကို သူ့အနားမှာပဲ ဆက်ထားချင်နေတာလား… 

 

သူက 'ကောအာ' တစ်ယောက်သာ ဖြစ်ပြီး 'ကောအာ' များကို မည်သူမှ မနှစ်သက်ကြပေ။ 

 

'ကောအာ' များဆိုသည်က ဤကမ္ဘာပေါ်၌ မရှိသင့်သောသူများဟု အားလုံးက ပြောကြသည်။ သူ့ ဖခင်ရင်းပင်လျှင် သူနှင့် သူ့ညီလေးကို မနှစ်သက်ခဲ့ပေ။ 

 

နောက်ပြီး ငါက အခုလို ယုတ်မာပြီး ရက်စက်တဲ့သူလေ… 

 

ဥပဒေအရ ငါ့ခင်ပွန်းဖြစ်သူ၊ လင်မယားအရာ မမြောက်သေးသည့်တိုင် ခင်ပွန်းဖြစ်သူ သေလုမျောပါး ဖြစ်နေတာကို လက်ပိုက်ကြည့်နေခဲ့တဲ့ ငါ့လိုလူကို ကျိုးကျင့်က ဘာလို့ လိုချင်နေရသေးတာလဲ… 

 

ကျိုးကျင့်ကမူ သူ့ကို တွေးတောနေရန် အချိန်မပေးတော့ပေ။ သူက ရှန်မော့၏ နှုတ်ခမ်းအစုံကို ချက်ချင်းပင် သိမ်းပိုက်လိုက်ပြီး သူတို့နှစ်ဦးက ပြင်းပြသော အနမ်းများကြားတွင် နစ်မျောသွားကြပြန်သည်။ 

 

… 

 

ရှန်လင်းက ယနေ့တွင် ပုံမှန်ထက် နောက်ကျမှ ရောက်လာခဲ့သည်။ အကြောင်းကမူ ဝမ်ချွန်းဟွာက စောစောစီးစီး နိုးလာပြီး သူ့ကို အကြောင်းမဲ့ လိုက်လံ ပြဿနာရှာနေသောကြောင့် ဖြစ်သည်။ 

 

သူ့အစ်ကိုဖြစ်သူက သူ့ကို သည်းခံရန်သာ အကြံပေးခဲ့သည်။ မဟုတ်ပါက သူ့နာမည်ပျက်က ပို၍ ဆိုးရွားသွားပေလိမ့်မည်။ ထိုသို့ဖြစ်ပါက သူ အိမ်ထောင်မကျနိုင်လျှင် ဝမ်ချွန်းဟွာ၏ မထီမဲ့မြင်ပြုမှုများကို တစ်သက်လုံး သည်းခံသွားရပေလိမ့်မည်။ 

 

နောက်ဆုံးတွင် ဝမ်ချွန်းဟွာ၏ လက်ထဲမှ လွတ်မြောက်လာပြီးနောက် အစ်ကိုဖြစ်သူ၏ အိမ်သို့ ရောက်လာခဲ့ရာ တံခါးက တင်းတင်းကျပ်ကျပ် ပိတ်ထားသည်ကို တွေ့လိုက်ရ၏။ ခြံဝင်းတစ်ခုလုံးကလည်း မည်သူမှ နိုးသေးပုံမရဘဲ တိတ်ဆိတ်နေသည်။ 

 

သို့သော် ၎င်းက လုံးဝ မဖြစ်နိုင်ချေ။ သူ့အစ်ကိုက အလွန် ဝီရိယရှိသူဖြစ်ပြီး ထူးခြားသော အခြေအနေမျိုး မရှိလျှင် ဤအချိန်အထိ အိပ်နေမည်မဟုတ်ပေ။ 

 

ထိုအကြောင်းကို တွေးမိသည်နှင့် ရှန်လင်း၏ ရင်ထဲ၌ ထိတ်ခနဲ ဖြစ်သွားရသည်။  

 

ကျိုးကျင့်က အရှိန်လွန်ပြီး ငါ့အစ်ကိုကို အိပ်ရာထဲက မထနိုင်အောင်အထိ ရိုက်နှက်ထားတာလား… 

 

တွေးလေလေ ဖြစ်နိုင်ခြေ ပိုရှိလေလေဟု သူ ခံစားရသည်။ ရှန်လင်းက စိုးရိမ်တကြီးဖြင့် တံခါးကို တွန်းဖွင့်ကာ အိမ်ထဲသို့ ပြေးဝင်သွားတော့သည်။ အိမ်ထဲသို့ ခြေတစ်လှမ်း ချလိုက်သည်နှင့် အစ်ကိုဖြစ်သူ၏ အက်ရှရှ ညည်းညူသံကို ကြားလိုက်ရသည်။ 

 

ဒီ ကျိုးကျင့်ကတော့ တကယ်ပဲ ငါ့အစ်ကိုကို နာအောင် လုပ်ထားတာပဲ… 

 

သူက ဘာမှ စဉ်းစားမနေတော့ဘဲ အိပ်ရာရှိရာသို့ ခေါင်းပြူ၍ အမြန်ကြည့်လိုက်ရာ၊ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ရှန်လင်းက သူခိုးတစ်ယောက်လို ထိတ်လန့်သွားပြီး အပြင်သို့ ပြန်ပြေးထွက်ခဲ့ရသည်။ 

 

ရှန်လင်းက တံခါးဝသို့ ရောက်သည်အထိ ပြေးသွားပြီးမှ ထိုင်ချလိုက်ကာ သူ့ရင်ဘတ်ကို ဖိထားမိသည်။ သူ့နှလုံးသားက လည်ပင်းထဲမှ ထွက်ကျလာတော့မည့်အလား ခုန်နေတော့သည်။ 

 

ဘုရားရေ... ငါ့အစ်ကိုက... ကျိုးကျင့်နဲ့... နေခင်းကြောင်တောင်ကြီးမှာ အခုလို ကိစ္စမျိုးတွေ လုပ်နေကြတာလား... သူတို့တွေ တကယ်ပဲ အရှက်မရှိကြဘူး… 

 

ရှန်လင်းက သူ့မျက်နှာကို လက်ဖြင့် အုပ်ထားမိပြီး ပါးပြင်နှစ်ဖက်ကလည်း ရှက်လွန်းသဖြင့် ပူထူနေတော့သည်။ 

 

ဒါပေမဲ့... အရင်တုန်းက ကောက ကျိုးကျင့်ကို အထင်သေးခဲ့တာ မဟုတ်ဘူးလား… 

 

သူ့ကို ရှောင်ဖို့အတွက် နည်းလမ်းပေါင်းစုံ သုံးခဲ့တာလေ… ရှောင်လို့မရရင်လည်း ညဖက် အလုပ်တွေကို အကြောင်းပြပြီး ကျိုးကျင့် အိပ်ပျော်သွားတဲ့အထိ စောင့်ပြီးမှ အိပ်ရာဝင်တာ… နောက်ပြီး ကျိုးကျင့် မနိုးခင် စောစောထတာမျိုးတွေ လုပ်ခဲ့တာ…


အဲဒီတုန်းက ကျိုးကျင့်ကလည်း ငါ့အစ်ကိုကို သိပ်ဂရုစိုက်ပုံမရပါဘူး… သူ့ကို လက်ထပ်တာက အလုပ်တွေ သက်သာအောင်၊ ခိုင်းဖတ်တစ်ယောက် ရအောင် လုပ်ခဲ့တာပဲ မဟုတ်လား… 

 

ဒါကို တစ်ညတည်းနဲ့ ဘယ်လိုများ ဒီလောက်အထိ ဖြစ်သွားကြတာလဲ… နောက်ပြီး အရှက်အကြောက်ကြီးတဲ့ ငါ့အစ်ကိုကပါ... 

 

ဒါက တကယ့်ကို အရှက်မဲ့တဲ့ ကိစ္စပဲ…



👶👶👶