Ch 10
Viewers 914

👶အခန်း (၁၀) 

- အဲဒီလူက မင်းဖြစ်နေလို့သာ… 

 


"ဒါ ရှန်လင်း မဟုတ်လား… ဘာလို့ ဒီမှာ လာဆောင့်ကြောင့်ထိုင်နေတာလဲ…" 

 

ရောက်လာသူက ဝမ်ကျားရွာ ရွာလူကြီး၏ သွေးဝေးတူတော်သူ ဝမ်ပိုင်ချွန်းပင်။ 

 

သူက အရပ်ရှည်ပြီး သန်မာကာ လယ်ယာအလုပ်တွင်လည်း ကျွမ်းကျင်သူဖြစ်၏။ ရွာထဲရှိ အခြားသူများကဲ့သို့ ရှန်ညီအစ်ကိုများအပေါ် စိတ်အစွဲမထားဘဲ စိတ်သဘောထားကောင်းသူဖြစ်ရာ သူက သူတို့ကို တွေ့တိုင်း အမြဲတမ်း ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်တတ်သည်။ 

 

ရှန်လင်း မော့ကြည့်လိုက်သောအခါ နီမြန်းနေသော သူ့မျက်နှာက အရာအားလုံးကို ဖော်ပြနေတော့သည်။ 

 

ဝမ်ပိုင်ချွန်းကမူ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ထိတ်လန့်သွားရသည်။ 

 

"ရှန်လင်း... ဘာဖြစ်လို့လဲ… မျက်နှာကလည်း အရမ်းနီနေတာပဲ… ဖျားနေတာလား… ငါ သမားတော်ဆီ လိုက်ပို့ပေးမယ်လေ…"  


စကားပင် မဆုံးသေးမီ ဝမ်ပိုင်ချွန်းက ရှန်လင်းကို ချီပိုး၍ သမားတော်ထံ ခေါ်သွားရန် အပြေးအလွှား ရောက်လာတော့သည်။ 

 

ဝမ်ပိုင်ချွန်း၏ လက်က ရှန်လင်း၏ အဝတ်အစားကို ထိမိသွားသောအခါ ရှန်လင်းက မီးလောင်သကဲ့သို့ ခံစားလိုက်ရပြီး သူ အတင်းအကြပ် မေ့ဖျောက်ထားသည့် ပုံရိပ်များက ဦးနှောက်ထဲသို့ ပြန်လည် တိုးဝင်လာပြန်သည်။ 

 

ထိုအခါ ရှန်လင်းက ရှက်စိတ်နှင့် ဒေါသတို့ဖြင့် ပြည့်နှက်သွားရသည်။  


ရှက်စရာကောင်းလွန်းတဲ့ အဲဒီကိစ္စကို မေ့ခါနီးမှ ဘာလို့ အခုမှ ပြန်သတိရနေရတာလဲ… 

 

ဒါတွေအားလုံးက အမြင်ကပ်ဖို့ကောင်းတဲ့ ဝမ်ပိုင်ချွန်းကြောင့်ပဲ… သူသာ ရုတ်တရက် လှမ်းမခေါ်ဘဲ မျက်နှာနီနေတာကို မပြောခဲ့ရင် ငါ ဒါတွေကို ပြန်သတိရနေမှာ မဟုတ်ဘူး… 

 

ခိုင်လုံသော အကြောင်းပြချက်တစ်ခု ရှာတွေ့သွားသကဲ့သို့ ရှန်လင်းက အော်ဟစ်လိုက်သည်။  


"ခင်ဗျားပဲ ဖျားနေတာ… ခင်ဗျားပဲ ကယောင်ခြောက်ခြား ဖြစ်နေတာ…"  

 

ထိုသို့ ပြောဆိုပြီးနောက် သူက နောက်သို့လှည့်ကာ ခြံထဲသို့ ပြေးဝင်သွားပြီး တံခါးကို ဝုန်းခနဲ ပိတ်လိုက်တော့သည်။ 

 

အပြင်ဘက်တွင် ဝမ်ပိုင်ချွန်းက ခြံထဲသို့ ပြေးဝင်သွားသော ရှန်လင်းကို ကြည့်က အမူအရာက ချက်ချင်းပင် မှောင်မှောင်မိုက်မိုက် ဖြစ်သွားရသည်။ 

 

"ပိုင်ချွန်း... မင်း ရှန်လင်းနဲ့ ထပ်စကားပြောနေပြန်ပြီလား…" 


အမေလီက အနားသို့ ချဉ်းကပ်လာစဉ် မကျေမနပ် ပြောလိုက်သည်။ 

 

"အမေကလည်း... ရှန်လင်းက လူကောင်းတစ်ယောက်ပါ… သူ့အပေါ် အစွဲမထားပါနဲ့တော့…" 

 

"အစွဲမထားရဘူး ဟုတ်လား… အိမ်ထောင်ပြုရမယ့် အရွယ်ရောက်နေတဲ့ 'ကောအာ' တစ်ယောက်က သူ့ယောက်ဖအိမ်မှာ ဘာလို့ အဲဒီလောက်အထိ ကပ်နေရတာလဲ… နောက်ပြီး သူ့ယောက်ဖကရော ဘယ်လိုလူလဲ ကြည့်ဦး… အလုပ်အကိုင် မယ်မယ်ရရ မရှိတဲ့လူလေ… အဲဒီလိုလူတွေနဲ့ အချိန်အတော်ကြာ နေရင် လူကောင်းတောင် လူဆိုး ဖြစ်သွားနိုင်တယ်… ငါ့အမြင်မှာတော့ ဒီပုတ်ထဲကဒီပဲဆိုသလို ရှန်ညီအစ်ကိုတွေက တစ်ပုံစံတည်းပဲ…" 

 

"အမေ…" 

 

"ကဲပါ... ကဲပါ... ငါ ဆက်မပြောတော့ဘူး…" 

 

အမေလီက ရှန်ညီအစ်ကိုများက လူကောင်းမဟုတ်ဟု အခိုင်အမာ ယုံကြည်ထားသော်လည်း ပြင်ပလူတစ်ယောက်အတွက်နှင့် သူမ၏သားနှင့် အငြင်းပွားလိုခြင်း မရှိပေ။  


"ဒါပေမဲ့ ငါ မင်းကို တစ်ခုတော့ သတိပေးရမယ်… သူ့ကို သီးသန့် စကားသွားမပြောနဲ့တော့… အဲဒီ ရှန်လင်းက အိမ်ထောင်ဖက် ရှာလို့ရမယ့်သူ မဟုတ်ဘူး… သူက မင်းကို လာတွယ်ကပ်နေမှာ စိုးရတယ်… ငါ့သားက ဒီလောက်အထိ ထူးချွန်ထက်မြက်တာကို..." 

 

"အမေ... တော်ပါတော့…" 

 

သူတို့နှစ်ဦး အခြေအတင် ပြောဆိုလျက် ထွက်ခွာသွားကြစဉ် ရှန်လင်းက ခြံထဲ၌ ဆောင့်ကြောင့်ထိုင်ကာ သူတို့စကားကို နားထောင်ကာ နှုတ်ခမ်းစူနေမိသည်။ 

 

သူက မကျေမနပ်ဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။  


"ကျွန်တော် အိမ်ထောင်ဖက် မတွေ့ရင်တောင် ခင်ဗျားရဲ့ သားကိုတော့ လက်ထပ်မှာ မဟုတ်ဘူး… ခင်ဗျားရဲ့ သားကပဲ အရမ်းအလိုရှိနေရတဲ့လူ ကျနေတာပဲ… လူတိုင်း မြည်းစမ်းချင်နေတဲ့ စားကောင်းသောက်ဖွယ်ကြီးများ ထင်နေလား… တကယ်ပဲ အရှက်မရှိလိုက်တာ…" 

 

"ဘာတွေ ပြောနေတာလဲ…" 

 

နောက်ဘက်မှ ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် ရှန်လင်းက အော်ဟစ်လျက် လန့်ခုန်သွားရသည်။ သူ လှည့်ကြည့်လိုက်သောအခါ ကျိုးကျင့် ဖြစ်နေသည်ကို တွေ့ရသည်။ ရှန်လင်း၏ မျက်နှာက နီမြန်းသွားပြီး အကြည့်များကလည်း ဂနာမငြိမ် ဖြစ်နေတော့သည်။ 

 

"ဘာ... ဘာမှမဟုတ်ပါဘူး… ကျွန်တော့်အစ်ကိုရော… မတွေ့မိလို့…" 

 

ရှန်လင်း၏ အမူအရာက ဝန်ခံချက်တစ်ခုကဲ့သို့ ဖြစ်နေသဖြင့် ကျိုးကျင့်က မျက်ခုံးတစ်ဖက်ကို ပင့်ကာ စနောက်သလို ကြည့်လိုက်သည်။ ရှန်လင်းက ချက်ချင်းပင် ပါးစပ်ပိတ်ကာ ဆက်မမေးရဲတော့ပေ။ 

 

"အိမ်မှာ ဆန်ပြတ်နေပြီ…" 

ကျိုးကျင့်က ဆိုသည်။  


"တောင်ပေါ်သွားပြီး ရွာသားတွေနဲ့ စားစရာ လဲလှယ်လို့ရမယ့် အရာတစ်ခုခု ရှာတွေ့မလား သွားကြည့်မလို့… မင်း လိုက်မလား…" 

 

"ကျွန်တော်..."  

ရှန်လင်း ပြန်ဖြေရန် ကြိုးစားစဉ်မှာပင် ကျိုးကျင့်၏ အနောက်မှ အမျိုးသားတစ်ဦး ထွက်လာသည်။


"ခင်ဗျား မြို့ကိုသွားပြီး တောကြက် သွားရောင်းမလို့ မဟုတ်ဘူးလား… ကျွန်တော်လည်း မြို့ကို လိုက်ခဲ့မယ်…" 

 

ကျိုးကျင့်က ရှန်မော့ကို ခံစားချက်မပါသော အကြည့်ဖြင့် လှည့်ကြည့်လိုက်သည်။ သူက ရှန်မော့၏ အနားသို့ လျှောက်သွားကာ သူတို့နှစ်ဦးသာ ကြားနိုင်သော လေသံဖြင့် ပြောလိုက်သည်။ 

 

"မင်း မြို့ကို သွားနိုင်သေးတယ်လို့ ထင်နေတာလား… ငါမင်းကို အလွယ်တကူ လွှတ်ပေးခဲ့မိတာ မှားသွားပြီထင်တယ်…" 

 

ရှန်မော့၏ မျက်နှာက ပထမတွင် နီမြန်းသွားသော်လည်း၊ နောက်ပိုင်းတွင် တစ်ခုခုကို သတိရသွားသကဲ့သို့ ညှိုးငယ်သွားရသည်။ သူက နှုတ်ခမ်းကို ကိုက်ထားပြီး မည်သည့်အချိန်တွင်မဆို လဲကျသွားတော့မည့်အလား အလွန်ပင် သနားစရာကောင်းလှသည်။ 

 

သို့သော် ကျိုးကျင့်က ရက်စက်စွာပင် နောက်သို့လှည့်ကာ ဘေးရှိ လေးနှင့်မြှားကို ကောက်ကိုင်လျက် တံခါးဝသို့ လျှောက်သွားတော့သည်။ 

 

ထွက်ခွာတော့မည် အချိန်တွင် သူက ခေတ္တမျှ တွန့်ဆုတ်သွားပြီး ဒေါသများကြားမှ စိုးရိမ်စိတ်တို့ကလည်း ရှိနေဆဲပင်။ 

 

ကျိုးကျင့်က ရှန်လင်းကို လှည့်ပြောလိုက်သည်။  

"မင်းအစ်ကိုကို သေချာကြည့်ထားပေးဦး… သူ အိပ်ရာထဲမှာပဲ နားနေပါစေ… အပြင်ထွက်ခွင့် မပြုဘူး… ငါ စားစရာ သွားရှာပြီးရင် ချက်ချင်းပြန်လာခဲ့မယ်…" 

 

ရှန်လင်းက တစ်ခုခု မှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။ သူတို့နှစ်ဦးက ခုနလေးတင်... ကိစ္စတစ်ခုခုကြောင့် အခြေအတင် ဖြစ်ထားကြပုံရပြီး သူတို့ကြားတွင် မည်သည့် သံယောဇဉ်အရိပ်အယောင်မျှ မတွေ့ရပေ။ 

 

အမှန်တကယ်တွင် သူ့အစ်ကိုက ပုံမှန်ထက် ပို၍ သတိထားနေပုံရသည်။ 

 

"ကော... ဒီနေ့ ကျိုးကျင့် ဘာဖြစ်နေတာလဲ… ဘာလို့ အငေါ်တူးတဲ့လေသံနဲ့ ထူးထူးဆန်းဆန်း ဖြစ်နေရတာလဲ… သူ့ပုံစံက အဝေးကြီးကိုသွားပြီး ဘယ်တော့မှ ပြန်မလာတော့မယ့်သူလိုမျိုး မှာနေတာပဲ…" 

 

ရှန်မော့၏ မျက်နှာက ချက်ချင်းပင် ဖြူလျော်သွားရသည်။ 

 

"ကျိုးကျင့်... ကျိုးကျင့်..."  

သူက ဘာကိုမျှ မစဉ်းစားတော့ဘဲ အရာအားလုံးကို ပစ်ပယ်ကာ အပြင်သို့ အပြေးအလွှား ထွက်သွားတော့သည်။ 

 

ကျိုးကျင့်က ဝေးဝေးမရောက်သေးဘဲ နောက်သို့ လှည့်ကြည့်လိုက်သောအခါ ရှန်မော့က အလောတကြီးဖြင့် သူ့နောက်သို့ ထော့နဲ့ထော့နဲ့ လိုက်လာသည်ကို တွေ့လိုက်ရသည်။ 

 

သူက ဒေါသထွက်သွားကာ တိုးတိုးလေး ဆဲဆိုလိုက်ပြီး သူ့ထံသို့ အပြေးအလွှား သွားလိုက်သည်။ 

 

"အိမ်မှာပဲ နားနေပါလို့ ငါမပြောခဲ့ဘူးလား… ဘာလို့ ငါ့နောက်ကို လိုက်လာရတာလဲ…"  


ကျိုးကျင့်၏ အသံက တင်းမာနေသော်လည်း စိတ်ပျက်မှုများအောက်တွင် စိုးရိမ်စိတ်တို့က ကိန်းအောင်းနေလေသည်။ 

 

ရှန်လင်း ပြောခဲ့သည့် စကားကို တွေးမိသောအခါ ရှန်မော့က ပို၍ ထိတ်လန့်သွားပြီး သူ့မာနများအားလုံး ပျောက်ကွယ်သွားရလေပြီ။ သူက တောင်းပန်တိုးလျှိုးလိုက်သည်။  


"မသွားပါနဲ့ ကျိုးကျင့်... မသွားပါနဲ့… ကျွန်တော် မှားသွားတာ သိပါပြီ… တောင်းပန်ပါတယ်… ခင်ဗျားကို နောက်တစ်ခါ ဘယ်တော့မှ မလိမ်တော့ပါဘူး… နောင်ဆိုရင် ကျွန်တော် လူကောင်းတစ်ယောက် ဖြစ်အောင် နေပါ့မယ်… ဒုက္ခရောက်နေသူကိုလည်း ဘယ်တော့မှ ကျောခိုင်းမှာ မဟုတ်ပါဘူး..." 

 

မိမိမြတ်နိုးရသူက ဤမျှအထိ အသည်းအထန် တောင်းပန်နေသည်ကို မြင်သောအခါ ကျိုးကျင့်၏ နှလုံးသားက နာကျင်သွားရသည်။ သူက ရှန်မော့ကို သူ့ရင်ခွင်ထဲသို့ တင်းတင်းကျပ်ကျပ် ဆွဲသွင်းလိုက်သည်။ 

 

"ရှန်မော့... ငါ မင်းကို မေးခွန်းတစ်ခုပဲ မေးမယ်… မင်း ငါ့အပေါ် ပြခဲ့တဲ့ ကြင်နာမှုတွေ၊ သံယောဇဉ်တွေ အားလုံးက… သူ သေသွားလို့နဲ့ မင်း ရောင်းစားခံရမှာ ကြောက်လို့ပဲလား… အဲဒီတော့ တခြားဘယ်သူပဲဖြစ်ဖြစ် မင်းကို ကူညီခဲ့ရင် မင်းက အခုလိုပဲ လုပ်မှာလား…" 

 

"ကျိုးကျင့်... ခင်ဗျားက ကျွန်တော့်ကို ဘယ်လိုလူလို့ ထင်နေတာလဲ…"  


ရှန်မော့က ကျိုးကျင့်၏ ရင်ခွင်ထဲမှ ရုန်းထွက်လိုက်ပြီး ဒေါသကြောင့် မျက်လုံးများ နီမြန်းနေတော့သည်။  


"ဟုတ်တယ်... ကျွန်တော့်ကို ကယ်တင်မယ့်သူကို ကျွန်တော် ရှာခဲ့တာမှန်တယ်… ဒါပေမဲ့... ဒါပေမဲ့ အဲဒီလူက 'ခင်ဗျား' ဖြစ်နေလို့သာ ကျွန်တော်က အဲဒီနည်းလမ်းကို သုံးခဲ့တာ… အဲဒီလူက 'ခင်ဗျား' ဖြစ်နေလို့သာ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်နဲ့ ခင်ဗျားကို ရစ်ပတ်ဖို့ ကြိုးစားခဲ့တာ… ကျွန်တော် လုပ်ခဲ့သမျှ အရာအားလုံးက အဲဒီလူက 'ခင်ဗျား' ဖြစ်နေလို့ပဲ…" 

 

ရှန်မော့၏ အသံက ဝမ်းနည်းမှုတို့ဖြင့် ပြည့်နှက်နေပြီး သူက ဆက်ပြောသည်။ 

"ဒါပေမဲ့ နောက်ဆုံးတော့ ကျွန်တော် မှားသွားခဲ့တာပဲ… ကျွန်တော်က မိုက်မဲတဲ့ 'ကောအာ' တစ်ယောက်မို့လို့… မနေ့ညက ကိစ္စကြောင့် ခင်ဗျားမှာ ကျွန်တော့်အပေါ် သံယောဇဉ်တွေ ကျန်နေဦးမှာပဲလို့ ထင်ခဲ့မိတာ… ဒါကြောင့်ပဲ ခင်ဗျား ထွက်မသွားလောက်ဘူးလို့ ယူဆခဲ့တာ… ဒါပေမဲ့ နောက်ဆုံးတော့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးခဲ့မိတာပဲ… သွားပါ... ထွက်သွားလိုက်ပါ... ကျွန်တော်..." 

 

ကျိုးကျင့်က ရှန်မော့ကို သူ့ရင်ခွင်ထဲသို့ တစ်ဖန် ပြန်လည် ဆွဲဖက်လိုက်ပြီး စိတ်လှုပ်ရှားဖွယ် လေသံဖြင့် မေးလိုက်သည်။


"ရှောင်မော့... အဲဒါက တကယ်ပဲ ကိုယ် ဖြစ်နေလို့လား… မင်း ဘာတွေပဲ ပေးဆပ်ရပါစေ ကိုယ့်ကို မရရအောင် ဆွဲထားချင်ခဲ့တာ တကယ်ပဲလား…" 

 

"ဟုတ်တယ်… ဘယ်သူမှ ကျွန်တော့်အပေါ် ဒီလောက်အထိ မကောင်းခဲ့ဖူးဘူး… ငယ်ငယ်ကတည်းက အဖေက ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်လုံး 'ကောအာ' တွေ ဖြစ်နေလို့ မချစ်ခဲ့တာကို မှတ်မိနေတယ်… အဘွားကလည်း ကျွန်တော်တို့ကို အောက်တန်းစားတွေလို့ အမြဲ ဆဲဆိုတတ်တယ်… အဲဒီတုန်းက အမေကလည်း ကျွန်တော်တို့ကို ဘယ်တော့မှ မချော့ခဲ့ဖူးဘူး… မဖက်ခဲ့ဖူးဘူး… သူက 'ဘာလို့ ငါက ကောအာကို မွေးရတာလဲ… အနည်းဆုံး မိန်းကလေးတောင် ဘာလို့ မဖြစ်ရတာလဲ…' ဆိုပြီး ငိုပဲငိုနေခဲ့တာ…" 

 

"ကျွန်တော် ခင်ဗျားကို ကယ်ခဲ့တာက ခင်ဗျားက ချမ်းသာတဲ့ မိသားစုက လာတာမှန်း သိလို့ပါ… ခင်ဗျားရဲ့အသက်ကို ကယ်ခဲ့ရင် ခင်ဗျားက ကျေးဇူးဆပ်လိမ့်မယ်လို့ ကျွန်တော် ထင်ခဲ့တာ… အဘွားကြီးဝမ်က ကျွန်တော်ကို ငွေနည်းနည်းနဲ့ ရောင်းစားချင်နေတာ… တကယ်လို့ ကျွန်တော်သာ သူ့ကို ငွေငါးတေးပေးပြီး 'သူ့' အတွက် တစ်သက်လုံး ဝမ်းနည်းခြင်း အထိမ်းအမှတ်နဲ့ နေသွားပါ့မယ်… ဘယ်တော့မှ အိမ်ထောင်မပြုတော့ပါဘူးလို့ ကတိပေးရင် အဘွားကြီးဝမ်က သဘောတူလိမ့်မယ်…" 

 

"ဒါပေမဲ့ နောက်တော့... နောက်တော့ ကျွန်တော် လောဘကြီးလာမိတယ်… အဘွားကြီးဝမ်က ကျွန်တော်တို့အိမ်က ဟင်းရွက်တွေကို ယူသွားတဲ့နေ့က ကျန်နေတဲ့ ဟင်းရည်တစ်ဝက်ကို ခင်ဗျား မစားဘဲ နေခဲ့တာကို ကျွန်တော် သေသေချာချာ မှတ်မိနေတယ်… အဲဒီတုန်းက ခင်ဗျား အပြင်းအထန် ဖျားနေတာ… စားစရာက ခင်ဗျားအတွက် အရေးကြီးဆုံးပဲလေ… ဒါတောင် ခင်ဗျားက ကျွန်တော်ကို ပေးခဲ့သေးတယ် မဟုတ်လား…" 

 

"ကျွန်တော်က ရည်ရွယ်ချက်ရှိရှိနဲ့ ရေအေးတွေ သောက်ခဲ့တာပါ… ခင်ဗျား ကျွန်တော့်ကို သနားလာပြီး ကူညီပေးမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့… တကယ်လည်း ခင်ဗျားက ပျာပျာသလဲ ဖြစ်သွားပြီး စိုးရိမ်တကြီး အသံတွေ ထွက်လာခဲ့တာပဲ… ခင်ဗျားစကားတွေကို ကျွန်တော် နားမလည်ပေမဲ့ ရေအေးမသောက်ဖို့ တားနေမှန်းတော့ ကျွန်တော် သိလိုက်တယ်… အဲဒီနောက်ပိုင်းမှာလည်း အဘွားကြီးဝမ်ကို ခင်ဗျား မောင်းထုတ်ပေးခဲ့တယ်လေ… တကယ်တော့ ကျွန်တော် အနိုင်ကျင့်ခံနေရတဲ့အချိန်မှာ ဘယ်သူမှ ကျွန်တော့်ဘက်ကနေ မရပ်တည်ပေးခဲ့ဖူးဘူး…" 

 

"အဲဒီအချိန်တုန်းက 'ခင်ဗျားသာ တကယ့် သူဖြစ်နေရင် ဘယ်လောက်ကောင်းမလဲ' လို့ ကျွန်တော် တွေးမိခဲ့တယ်… အဲဒါဆိုရင် ကျွန်တော်က လောကမှာ အပျော်ရွှင်ရဆုံး 'ကောအာ' တစ်ယောက် ဖြစ်မှာသေချာတယ်… အစကတော့ ဘာမှမပြောဘဲ ဒီအတိုင်းပဲ လျှို့ဝှက်ထားဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့တာပါ… ခင်ဗျားသာ ထွက်မသွားရင် ကျွန်တော် ဘာမှမသိသလိုမျိုး ဟန်ဆောင်နေမှာ… ဒါပေမဲ့ အဲဒီနေ့က ခင်ဗျားက တောင်ပေါ်ကို ဇွတ်တက်ပြီး ခင်ဗျားရဲ့ မတော်တဆမှု ဖြစ်ခဲ့တဲ့နေရာကို သွားကြည့်ချင်နေတယ်… အဲဒီမှာ ခင်ဗျားက ထူးဆန်းတဲ့ ပစ္စည်းတွေ အများကြီး ရှာတွေ့တော့ ကျွန်တော် စိတ်မအေးနိုင်တော့ဘူး… ခင်ဗျား ထွက်သွားတော့မယ်ဆိုတာ ကျွန်တော် သိလိုက်ရတယ်… ခင်ဗျား ထွက်မသွားနိုင်အောင်လို့ ကျွန်တော်က..." 

 

"တော်ပါတော့ ရှောင်မော့ရာ…" 


ကျိုးကျင့်က ဖြတ်ပြောလိုက်သည်။ သူ့ရင်ထဲ၌ နာကျင်နေရသော်လည်း ဤသို့ ဖွင့်ဟပြောဆိုခဲ့သည့်အတွက် သူ နောင်တမရပေ။ အကယ်၍ ရှန်မော့ကသာ ဤအကြောင်းများကို ထုတ်မပြောခဲ့လျှင် သူတို့နှစ်ဦးလုံး၏ ရင်ထဲ၌ ထာဝရ အဖုအထစ် ဖြစ်နေပေလိမ့်မည်။ 

 

"ရှောင်မော့... ကိုယ် မင်းကို တစ်ခါမှ မပြောခဲ့ဖူးတဲ့ စကားတစ်ခွန်း ရှိတယ်… ကိုယ် သတိရလာလို့ မင်းကို စတွေ့လိုက်ရတဲ့ အချိန်မှာပဲ 'ဒီလူက ဘယ်သူလဲ… ဘာလို့ သူ့ကို မြင်မြင်ချင်း ငါ သဘောကျသွားရတာလဲ… ငါတို့နှစ်ယောက်ကြားမှာ ဘာလို့ တစ်ခုခု ဖြစ်လာစေချင်တာလဲ…' လို့ ကိုယ် တွေးခဲ့မိတာ…" 

 

ရှန်မော့က မယုံကြည်နိုင်ဟန်ဖြင့် မျက်လုံးအပြူးသားနှင့် ကျိုးကျင့်ကို စိုက်ကြည့်နေမိသည်။ 

 

"မယုံဘူးလား… မင်း ကိုယ့်အပေါ် အကွက်ချပြီး မကြံစည်ခင်ကတည်းက ကိုယ်က မင်းကို အရင် စိတ်ဝင်စားခဲ့တာပါ… အခုတော့ ကိုယ် အားလုံးကို လက်ခံလိုက်ပါပြီ… မင်းရဲ့ ရင်ထဲမှာ ကိုယ် ရှိနေသရွှေ့တော့ ကိုယ် မင်းကို ချစ်သလိုမျိုး မင်းကလည်း ကိုယ့်ကို ပြန်ချစ်လာအောင် ကိုယ် လုပ်နိုင်မယ်လို့ ယုံကြည်တယ်…" 

 

"ခင်ဗျား... ခင်ဗျားက ကျွန်တော် ဘယ်လောက်တောင် ယုတ်မာခဲ့တယ်ဆိုတာ သိနေတာတောင် ကျွန်တော့်ကို တကယ်ပဲ ချစ်နေတုန်းပဲလား… သူ သေသွားတာကို ကျွန်တော် ကိုယ်တိုင် မြင်ခဲ့တာနော်… ကျွန်တော် သူ့ကို မကယ်ခဲ့ဘူး… သူ အန္တရာယ်ရှိနေတာကိုလည်း ဘယ်သူ့ကိုမှ မပြောခဲ့ဘူး..." 

 

"မပြောပါနဲ့တော့ ရှောင်မော့…" 

ကျိုးကျင့်က နူးညံ့စွာ ဆိုလိုက်သည်။ 

 

ဤကိစ္စက ရှန်မော့၏ နှလုံးသားတွင် ထာဝရ အမာရွတ်တစ်ခုအဖြစ် ကျန်ရှိနေမည်ကို သူက သိပေသည်။  


"မင်း မှားတယ်လို့ ကိုယ် တစ်ခါမှ မတွေးဖူးဘူး ရှောင်မော့… ကိုယ် နောင်တရတာ တစ်ခုပဲ ရှိတယ်… အဲဒါက ကိုယ် ပိုပြီး စောစော မရောက်လာခဲ့တာပဲ… ကိုယ်သာ စောစော ရောက်ခဲ့ရင် သူ့ကို မိအောင်ဖမ်းပြီး အေးအေးဆေးဆေး သေခွင့်တောင် ပေးမှာ မဟုတ်ဘူး… ကိုယ် အမုန်းဆုံး လူစားကတော့ အစွမ်းအစ မရှိဘဲ ကိုယ့်အိမ်က လူကိုပဲ နှိပ်စက်တတ်တဲ့ ယောက်ျားတွေပဲ… အဲဒီလိုလူတွေက သေသင့်တာ ကြာလှပြီ…"


"ကျိုးကျင့်... ခင်ဗျားက ကျွန်တော့်အပေါ် အရမ်းကောင်းတာပဲ… ဘာလို့ ကျွန်တော့်အပေါ် ဒီလောက်တောင် ကြင်နာရတာလဲ…" 

ရှန်မော့က မယုံနိုင်သေးဘဲ မေးနေမိသည်။ 

 

"ဘာလို့လဲဆိုတော့ ကိုယ်က မင်းကို ချစ်လို့လေ… မင်းက ကိုယ်ရဲ့ဇနီးလေ…" 

ကျိုးကျင့်က ခိုင်မာစွာ ပြန်ဖြေသည်။  


"ရှောင်မော့... ကိုယ်နဲ့အတူ ထာဝရ နေသွားပေးပါ… ကိုယ်ရဲ့ ဇနီးသည် ဖြစ်ပေးပါ… ဟုတ်ပြီလား…" 

 

သူက ရှန်မော့ကို နူးညံ့မှုတို့ ပြည့်နှက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေပြီး သူ့စကားလုံးများတွင် တောင်းဆိုမှုနှင့် ကတိကဝတ်နှစ်ခုလုံး ပါဝင်နေသည်။ 

 

"ခင်ဗျား... ထွက်မသွားတော့ဘူး မဟုတ်လား…" 

ရှန်မော့က စိုးရိမ်တကြီး မေးလိုက်သည်။ 

 

"မသွားတော့ဘူး… ဘယ်တော့မှ မသွားတော့ဘူး… မင်း ရှိတဲ့နေရာက ကိုယ်ရဲ့ နေရာပဲ…" 

ကျိုးကျင့်က မယိမ်းမယိုင်သော သန္နိဋ္ဌာန်ဖြင့် ပြန်ဖြေလိုက်သည်။ 

 

"ခင်ဗျားရဲ့ မိသားစုကရော…"  

ရှန်မော့က စိုးရိမ်စိတ်ဖြင့် ထပ်မေးသည်။ 

 

ကျိုးကျင့်က သူ့ရင်ခွင်ထဲမှ လူသားလေးကို ငုံ့ကြည့်လိုက်သည်။ သူ့အမူအရာက တည်ငြိမ်ပြီး နူးညံ့နေလေသည်။ 


"ရှောင်မော့... ကိုယ့်မှာလည်း လျှို့ဝှက်ချက် တစ်ခု ရှိတယ်… ကြားလိုက်ရင်တော့ မကြောက်နဲ့ဦးနော်… ကိုယ်က တကယ်တော့ ဒီကမ္ဘာက လူမဟုတ်ဘူး… ကိုယ်က တခြားအာကာသနဲ့ အချိန်ကာလတစ်ခုက လာတာ… ဒီနေရာနဲ့ လုံးဝ မတူတဲ့ နေရာတစ်ခုကပေါ့…" 

 

"တခြားကမ္ဘာက ဟုတ်လား…" 

ရှန်မော့က မျက်လုံးလေးများ ဝိုင်းသွားပြီး ထပ်ပြောလိုက်သည်။  


"ကျွန်တော် မကြောက်ပါဘူး… ခင်ဗျား ဘယ်နေရာကပဲ လာလာ ကျွန်တော် မကြောက်ဘူး… ခင်ဗျား ကျွန်တော့်ကို ပစ်မသွားဘူးဆိုရင် ဘာကိုမှ မကြောက်ဘူး…" 

 

"ရှောင်မော့... ကိုယ် ကတိပေးပါတယ်… ကိုယ် ဘယ်တော့မှ ထွက်မသွားတော့ဘူး…" 

ကျိုးကျင့်က ကတိပြုလိုက်သည်။ 

 

ရုတ်တရက် ရှန်မော့က ကျိုးကျင့်၏ ရင်ခွင်ထဲတွင် အနည်းငယ် လှုပ်ရှားသွားသည်။ ရှန်မော့၏ ဖြူလျော့နေသော မျက်နှာကို မြင်လိုက်ရသောအခါ ကျိုးကျင့်သည် သူ ပို၍ ဂရုမစိုက်မိသည့်အတွက် တိတ်တဆိတ် ကျိန်ဆဲလိုက်မိသည်။ သူက ရှန်မော့ကို ပွေ့ချီကာ အိမ်သို့ အမြန်ပြန်လာခဲ့တော့သည်။ 

 

"တောင်ပေါ်ကို ထပ်မသွားနဲ့တော့… အိမ်မှာ ရှိတာပဲ စားကြရအောင်… မနက်ဖြန်ကျမှ မြို့ကို သွားပြီး တောကြက်သား ရောင်းမယ်… ပြီးတော့ အကြွေးဆပ်ဖို့ ဆန်ဝယ်ကြမယ်… ဘယ်လိုလဲ…" 

 

ရှန်မော့က ကျိုးကျင့်၏ အင်္ကျီလက်စလေးကို ဆွဲထားမိသည်။ သူက အိမ်မက်တစ်ခုထဲ ရောက်နေသကဲ့သို့ ခံစားနေရပြီး ဤအရာက သူ့ဘာသာ ဖန်တီးထားသော လှပသည့် လှည့်စားမှုတစ်ခု ဖြစ်နေမည်ကို စိုးရိမ်နေမိသည်။  


"ကျွန်တော်... ကျွန်တော် ဒီနေ့တော့ ခင်ဗျားကို အဝေးကို မသွားစေချင်ဘူး…" 

 

ယခုအခါ အရာအားလုံးကို ပွင့်ပွင့်လင်းလင်း ပြောဆိုပြီးသွားပြီဖြစ်ရာ ကျိုးကျင့်၏ ရင်ထဲ၌ ရှန်မော့အတွက် နာကျင်နေမိသည်။ 

 

ငါ သူ့ကို ဘယ်လိုများ ငြင်းဆန်နိုင်မှာလဲ… ထမင်းတစ်နပ်လောက် မစားရတာက ကိစ္စမရှိဘူး… ငါတို့ ဒီလောက်တောင် အောင့်အည်းလာနိုင်ခဲ့တာပဲ… နောက်ထပ် တစ်ရက်လောက် ဗိုက်ဆာတာက ဘာဆန်းတော့မှာလဲ… 

 

သူ့ဇနီးလေးက အတက်အကျပေါင်းများစွာကို ကြုံတွေ့ခဲ့ရပြီးပြီ။ ယခုအချိန်တွင် သူက စိတ်အားငယ်နေပြီး လုံခြုံမှု မရှိသလို ခံစားနေရကာ အဖော်ပြုပေးရန် လိုအပ်နေသည်။ ရှန်မော့က သူ့ကို မသွားစေချင်ဘူးဆိုလျှင် သူက လုံးဝ ထွက်မသွားတော့ပေ။ 

 

"ကောင်းပြီလေ... ဒီနေ့ ကိုယ် ဘယ်မှ မသွားတော့ဘူး… အိမ်မှာပဲ နေပြီး မင်းကို အဖော်ပြုပေးမယ်…" 

ကျိုးကျင့်က နူးညံ့သိမ်မွေ့သော လေသံဖြင့် ကတိပေးလိုက်တော့သည်။



👶👶👶