အခန်း(၂၆)အစားအသောက်ဖြန့်ဖြူးခြင်း၊ကောက်ပဲသီးနှံနှင့်အ၀ါရောင်သစ်တော်သီးများ
Viewers 38k

အခန်း(၂၆) - အစားအသောက် ဖြန့်ဖြူးခြင်း၊ ကောက်ပဲသီးနှံနှင့် အဝါရောင်သစ်တော်သီးများ ဝယ်ယူခြင်း


နောက်တစ်နေ့သည် အဖွဲ့အတွက် အစားအသောက် ဝေငှသည့်နေ့ဖြစ်သည်။


ဒီလိုနေ့မျိုးဟာ လင်းချင်းဟယ်နဲ့ သူ့သားသုံးယောက်တို့အတွက် ဘာမှမသက်ဆိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့ဟာ အိမ်ခွဲနေသော်လည်း အလုပ်ကူညီလုပ်ကိုင်ပေးသည့်လုပ်အား မရှိပေ။ လုပ်အားမရှိသောကြောင့် အခြေခံအကျဆုံး ကောက်ပဲသီးနှံဝေစုကိုပင် မရရှိပါ။


ဒါက သူတို့အသိုင်းအဝိုင်းရဲ့ စည်းမျည်းပါပဲ။ သူတို့သည် အသက်အရွယ်ကြီးရင့်ခြင်း၊ အားနည်းခြင်း၊ ဖျားနာခြင်း သို့မဟုတ် မသန်မစွမ်းသာ မဟုတ်ပါက အလုပ်များကိုကူညီလုပ်ကိုင်ရမည်ဖြစ်ပြီး လုပ်သားဦးရေကို ရေတွက်ကာ သူတို့ကို ချမှတ်ထားပေးသည့်အလုပ်များကို လုပ်ကိုင်ရမည်ဖြစ်ပါသည်။


မူလပိုင်ရှင်က ငယ်ရွယ်စဥ်ကပင် ပိုးမွေးသလိုအမွေးခံရပြီး လယ်ထဲဆင်း အလုပ်မလုပ်ကိုင်ဖူးတော့ ဘာမှ ပြောစရာမရှိတော့ဘူး။ လောင်တ၊ လောင်အာ့နဲ့ လောင်စန်းတို့တောင်မှ အလုပ်လုပ်ရာမှ မပါဝင်ခဲ့သည့်အတွက် ကောက်ပဲသီးနှံဝေစုရရှိသည့်အဆင့်မှာ မရှိပေ။


ဒါပေမယ့် သူမမှာ ဝေစုတစ်ခုမှမရှိရင်တောင်မှ သူမ ဝယ်ယူသုံးစွဲနိုင်ပါသေးသည်။


ထုတ်လုပ်ရေးအဖွဲ့ထံမှ အစားအသောက်ဝယ်ယူရခြင်းဟာ အလျင်လိုလို့မရပဲ ရွာသူရွာသားတို့၏ဝေစုကို အရင်ဆုံးခွဲဝေပေးပြီး လက်ကျန်ကျန်ရှိတော့သည့်အထိ စောင့်ဆိုင်းရန်သာလိုအပ်သည်။


ယခုနှစ် ထုတ်လုပ်ရေးအဖွဲ့သည် စပါးရိတ်သိမ်းမှု များပြားသည်ကို သူမ သိသောကြောင့် သဘာဝအတိုင်း ပိုလျှံသောစပါးများ ကျန်ရှိနေမည်ဖြစ်သည်။


ဒါ့ကြောင့် လုံးဝစိတ်မပူပေ။


ကျိုးအိမ်တော်ဟောင်းဖက်တွင်တော့ နံနက်ကိုးနာရီမထိုးမီအချိန်တွင်ပင် စပါး အ‌မြောက်အမြား ဝယ်ယူပြီးဖြစ်သည်။ ဟုတ်တာပေါ့။ ဒီသတင်းကို လောင်တနဲ့ လောင်အာ့တို့ ညီအစ်ကိုနှစ်ယောက် လည်ပတ်ရာမှ ပြန်လာတုန်းက ပြောပြခဲ့တာ ဖြစ်သည်။


ဒီနေ့လိုနေ့မျိုးမှာ တစ်ရွာလုံးလူတွေက အရမ်းပျော်နေကြသည်။ ကလေးတွေက လမ်းတစ်လျှောက်လုံး ပြေးလွှားနေကြပြီး လင်းချင်းဟယ်ကလည်း ညီအစ်ကိုနှစ်ယောက်ကို ပြေးလွှားဆော့ကစားဖို့ မတားမြစ်ထားဘူး။


သူတို့ညီအစ်ကိုတစ်ယောက်စီကို ယုန်သကြားလုံးကြီး တစ်လုံးစီပေး၍ ဆော့ကစားဖို့ လွှတ်လိုက်ကြသည်။


ညီအစ်ကိုနှစ်ယောက်စလုံး ပါးစပ်ထဲ ယုန်သကြားလုံးကြီးတစ်လုံးစီ ငုံရင်း ဆော့ကစားနေကြတော့ သူတို့သူငယ်ချင်းတွေရဲ့ မနာလိုပြီး သွားရည်ကျနေသည့်အကြည့်ကို လက်ခံရရှိခဲ့တာကိုလည်း မပြောပါနဲ့တော့။ ကျိုးတုန်နဲ့ ကျိုးကျီတို့သည် ဆယ်နာရီခွဲခန့်တွင် သူတို့မိသားစု၏စပါးများကို သယ်ဆောင်လာကြသည်။


ကျိုးတုန်ရောက်ရှိလာပြီး သိပ်မကြာခင်မှာ ဖြန့်ဖြူးခြင်းပြီးဆုံးတော့မယ်လို့ လင်းချင်းဟယ်အား သတိပေးလေသည်။


ဒီအချိန်သွားလို့ အဆင်ပြေပြီပေါ့။ သူမ ထုတ်လုပ်ရေးအဖွဲ့သို့ ရောက်သွားသည်နှင့် တစ်အုပ်စုလုံးကို သူတို့ကိုယ်ပိုင်ဝေစုများ ဖြန့်ဖြူးခြင်း ပြီးဆုံးသွားပေလိမ့်မည်။

 

“ဒါဆိုရင် မင်း အခုအားပြီလား။ မင်း အဆင်ပြေမယ်ဆိုရင် ရှန်းကျီနဲ့ တွန်းလှည်းတွန်းပြီး လိုက်ခဲ့ပေးပါလား။” လင်းချင်းဟယ် ပြောသည်။


“အခုလား ကိစ္စမရှိပါဘူး။ လိုက်ခဲ့ပါ့မယ်။” ကျိုးတုန်က ပြန်ဖြေသည်။


ဒီတော့ လင်းချင်းဟယ်က ပိုက်ဆံယူပြီး တွန်းလှည်းကို ယူလာခိုင်းသည်။ ထို့နောက် သူမသည် လောင်စန်းလေးကို ပွေ့ချီကာ တံခါးပိတ်လိုက်သည်။


ကျိုးတုန်က သူ့လှည်းကိုယူလာပြီး လင်းချင်းဟယ်အနောက်ကနေ လိုက်ပါသွားခဲ့သည်။


အမျိုးသမီးအများအပြားသည် သူမ ဖြတ်သွားသည်ကို တွေ့လိုက်ရတော့ အားလုံးက တီးတိုး အတင်းတုတ်ကြသည်။ သူမ စားစရာဝယ်သွားမှန် ဘယ်သူက မသိပဲနေမှာလဲ။ ပြောရမယ်ဆိုရင် ဒီနေ့ရက်တွေဟာ ကောင်းမွန်လာနေပြီလေ။ အကယ်၍ သူမသာ အရင်အချိန်မျိုး မွေးဖွားလာခဲ့ရင် သူမက ငတ်သေဖို့ကိုပဲ ထိုင်စောင့်နေရလိမ့်မည်။


ဟိုအရင်တုန်းက ဒီလိုကောင်းမွန်တဲ့ဘဝမျိုး မရှိခဲ့ဘူး။


ဒါပေမယ့် ကျိုးအိမ်တော်ဟောင်းက အဖေကျိုးနဲ့ အမေကျိုးတို့ရဲ့ နာမည်ကောင်းကြောင့် ရွာမှာ သူတို့က ဘာမှသိပ်မပြောကြပါဘူး။


ထုတ်လုပ်ရေးအဖွဲ့ခေါင်းဆောင်က လင်းချင်းဟယ်ကို သဘောမကျတာမျိုး မရှိဘူး။ သူမက ဘဝကို ဘယ်လိုနေထိုင်ရမယ်ဆိုတာ မသိဘူးလို့ ခံစားမိပေမယ့် ဒါက တခြားသူရဲ့အကြောင်းပါပဲ။ ထို့အပြင် သူမမှာ ဝယရန် ပိုက်ဆံရှိပြီး အသင်းထံမှ အပိုတောင်းခြင်းမျိုးလည်း မရှိပေ။


လင်းချင်းဟယ်သည် ဒီတစ်ကြိမ်တွင် အားလုံးစီစဥ်ထားပြီးဖြစ်သည်။ နေရာလွတ်ထဲမှာ ကုန်ပစ္စည်းတွေ အများကြီးရှိနေသောကြောင့် သူမက ထိုအရာတွေကို ဖုံးကွယ်ထားဖို့အတွက် ရည်ရွယ်ထားတယ်။


အနာဂတ်တွင် ကျိုးချင်းပိုင်က ဝင်ငွေမရှိတော့မှာဖြစ်သဖြင့် သူမဟာ ဒီလောက် သုံးစွဲနိုင်တော့မှာ မဟုတ်ဘူး။


ဒါပေမယ့် ရွာသားတွေရဲ့အမြင်မှာတော့ ဒီတစ်ကြိမ်မှာ သူမ အများကြီး ဝယ်ယူခဲ့သည့်အတွက် ပိုက်ဆံဖြုန်းတီးတယ်လို့ မြင်ကြသည်။ အများအားဖြင့် ဂျုံကို ဝယ်ယူခဲ့တာကိုပင်။


သူတို့အမေက အိမ်မှာ နေ့တိုင်း ထမင်းဟင်း ချက်ကျွေးတဲ့အကြောင်း လောင်တက ဟောင်ဖွာဟောင်ဖွာ ကြွားလုံးထုတ် ပြောဆိုတာကို ကြာပြီ။ ကြည့်လိုက်တာနဲ့ သူတို့ ဘာစကားမှ မပြောနိုင်တော့ဘူး။


လင်းချင်းဟယ်က ဂျုံကျင်းတစ်ရာကို ဝယ်ယူလိုက်သည်။ ဂျုံတစ်ကျင်း၏ တန်ဖိုးငွေမှာ ငွေပြားသုံးဆယ်ဖြစ်သည်။ ဂျုံကျင်းတစ်ရာဆိုလျှင် စုစုပေါင်း ယွမ်သုံးဆယ်ကျော်ရှိသည်။


ဂျုံအပြင် မကြိတ်ရသေးသော ပြောင်းဖူးစေ့များကိုလည်း ဝယ်ယူလိုက်သည်။ ကြိတ်ချေထားသော ပြောင်းဖူးမှုန့်များဖြင့် ပြောင်းဖူးဘန်းမုန့်များအဖြစ် ချက်ပြုတ်ကြသည်။ ဒါက တော်တော်စျေးသက်သာပါတယ်။ သူမသည် ကျင်းရှစ်ဆယ်ခန့် မေးမြန်းကြည့်လိုက်သည်။

 

ပြောင်းဆန်က ကျင်းငါးဆယ်ခန့် ရရှိလိုက်သည်။ သူမသည် နောက်ထပ် မတ်ပဲ၊ ပဲနီလေး၊ ပဲပိစပ်၊ မြေပဲနှင့် နှမ်းစေ့များကို ဝယ်ယူခဲ့သည်။ ဒါတွေက သူမအတွက် အများကြီး မလိုအပ်ပါဘူး။ မတ်ပဲ၊ ပဲနီလေးနှင့် ပဲဝါလေးတို့ကို ဆယ်ကျင်းစီခန့် ဝယ်ယူလိုက်သည်။ မြေပဲကိုတော့ ကျင်းသုံးဆယ်လောက် ဝယ်ယူလိုက်သည်။ ပြီးတော့ နှမ်းစေ့ကိုလည်း ကျင်းနှစ်ဆယ်လောက် ဝယ်ယူလိုက်သည်။


လင်းချင်းဟယ်သည် ကန်စွန်းဥ နှစ်ဆယ်ကျင်းကိုလည်း ရရှိခဲ့သည်။


ကန်စွန်းဥခြောက်တွေက ပိုစျေးပေါသော်လည်း သူမ နည်းနည်းမျှ မလိုချင်‌ပေ။ ဤအရာများကို ကန်စွန်းဥမှုန့်အဖြစ် ကြိတ်ချေပြီး စားသုံးနိုင်သော်လည်း အရသာ သိပ်မရှိလှပေ။ ဒါက မူလခန္ဓာပိုင်ရှင်ရဲ့ မှတ်ဥာဏ်ထဲက တစ်ခုပါပဲ။


ဒါပေမယ့် ရွာရှိလူအများစုက အခု ဒါကိုပဲ ချက်ပြုတ်စားသောက်ကြတာဖြစ်သည်။


ဤအရာများကို မေးမြန်းပြီးသော်လည်း လင်းချင်းဟယ်သည် မဖွတ်ရသေးသော ဆန်စပါးကိုမေးရန် ရည်ရွယ်ချက်မရှိပါ။


ဒါပေမယ့် ဒီအရာတွေအတွက် ပိုက်ဆံတော်တော် ကုန်ကျနေဆဲပါပဲ။ သူမက မျက်တောင်ပင်မခတ်ပဲ ပိုက်ဆံသုံးနေတာကို မြင်တော့ ရွာကအမျိုးသမီးတချို့က သူမအစား စိတ်မချမ်းမသာဖြစ်နေကြသည်။


ဤအရာများကို ဝယ်ယူလိုက်ခြင်းအတွက် အနည်းဆုံး ယွမ်ခြောက်ဆယ်ခန့် ကုန်ကျမည်ဖြစ်သည်။


ကျန်တဲ့လူအားလုံးက အစားအသောက်ဝေစုအတွက် ထုတ်လုပ်ရေးအဖွဲ့မှ ဖြန့်ဖြူး‌ပေးတာကိုပဲ စောင့်ဆိုင်းကြသည်။ များများစားစား မရရှိဘူးဆိုရင်တောင် လူတိုင်းက တစ်နှစ်ပတ်လုံး ငွေစုနိုင်ပါသေးသည်။ ဘယ်သူက သူမလိုမျိုး ပြုမူနိုင်မှာလဲ။


အခြားသူများက ထမင်း သိပ်မစားကြဘူး။ ဂျုံကိုရော သိပ်မစားကြပေ။ ပြီးတော့ မိသားစုကြီး တစ်ခုဆိုရင်တောင် ဂျုံကျင်းအနည်းငယ်လောက်ပဲ ရရှိကြသည်။


အကယ်၍ သူမသာ အလုပ်လုပ်ရန် ဆန္ဒရှိပါက သူမအတွက် ဦးစီးခေါင်းဆောင်ဝေစုကို ရရှိနိုင်ရုံသာမက သားသုံးယောက်ရဲ့ဝေစုကိုပါ ရရှိနိုင်မည်ဖြစ်သည်။ ထို့အပြင် သူမသည် အစားအသောက်များ လဲလှယ်နိုင်ရန်အတွက် အလုပ်ရမှတ်များ ရရှိနိုင်ပါသေးသည်။ စားသောက်ဖို့အတွက် မလုံလောက်ရင်တောင်မှ ဝယ်ယူလို့ရနိုင်ပါသေးသည်။ အလွန်ဆုံး သူမက ထိုအစားအသောက်များကို ဝယ်ယူရန်အတွက် ယွမ်အနည်းငယ်လောက်သာ အသုံးပြုရနိုင်သည်။ ဒါဆိုရင် သူမက ပိုက်ဆံအများကြီး ထုတ်သုံးဖို့ မလိုအပ်တော့ဘူးလေ။

 

လင်းချင်းဟယ်သည် လူတိုင်းနှင့် ရင်းနှီးခြင်းမရှိသလို မျိုးဆက်ကွာဟချက် ကြီးမားလွန်းသောကြောင့် သူတို့နှင့်စကားပြောဆိုရန် ရည်ရွယ်ချက်မရှိပေ။ သူမကိုယ်သူမ ထိန်းချုပ်ထားစရာ မလိုဘူး။ ဘာပဲဖြစ်ဖြစ် မူလကိုယ်မှာ ဒီလိုစရိုက်မျိုးရှိလို့ သူမ အလိုက်သင့် နေထိုင်နိုင်ပါသည်။


လင်းချင်းဟယ်သည် ကျိုးတုန်ကို ရိက္ခာသယ်ပို့ခိုင်းပြီး သူမကိုယ်တိုင် အစားအစာများကို မျိုးတူရာစုဖို့ စီစဥ်ခဲ့သည်။


ကျိုးတုန်က ပြောသည်။ “ရှန်ကျီ နေ့လည်ကျရင် ကျွန်တော် ထင်းလာပို့ပေးနိုင်တယ်။ ဒါပေမယ့် မနက်ဖြန်ကျရင် ဆောင်းစပါးစိုက်ပျိုးဖို့ အလုပ်များနေလိမ့်မယ်။ ဒါ့ကြောင့် နောက်ရက်ပိုင်းတွေကျရင် ကျွန်တော့်မှာ အချိန်မရှိဘူး။ ဒီတစ်ခေါက် ထင်းပို့ပေးပြီးရင် ကျွန်တော် ထပ်မပို့ပေးနိုင်လောက်ဘူး။”


“ကောင်းပြီ” လင်းချင်းဟယ် ခေါင်းညိတ်လိုက်သည်။


လောင်တနှင့် လောင်အာ့တို့သည် အိမ်ထဲသို့ဝင်လာပြီး သူတို့ရဲ့မျက်လုံးများက အစားအစာတွေဆီသို့ အကြည့်ရောက်သွားသည်။ ဒီအစားအစာတွေနဲ့ဆို ဆောင်းတွင်းမှာ အစာငတ်ဖို့ ပူစရာမလိုတော့ဘူး။


သူတို့က အခုအချိန်မှာ ဝေဖန်ပိုင်းခြားနိုင်စွမ်း မရှိသေးဘူး။ ပုံမှန်အတိုင်းပဲ သူတို့က သိပ်မသိကြသေးဘူး။ အမှန်အတိုင်းပြောရရင် ဒီအစားအစာတွေကို မစားရလောက်ပါဘူး။


အထူးသဖြင့် ကျိုးချင်းပိုင်က တစ်ချိန်ချိန်မှာ ပြန်ရောက်လာနိုင်သည်။ သို့သော် လင်းချင်းဟယ်သည် အစီအစဥ်အားလုံး ရေးဆွဲထားပြီးပြီ။ ဂျုံ ကျင်း၁၀၀၊ ပြောင်းဖူး ကျင်း၈၀တို့ကို ကျိုးချင်းပိုင် ပြန်ရောက်လာမှ ကြိတ်ခွဲဖို့ စောင့်ဆိုင်းမည်ဖြစ်သည်။ အဲ့ဒီအချိန်မတိုင်ခင် သူမသည် သူမနေရာလွတ်ထဲမှ ပစ္စည်းများကိုသာ တတ်နိုင်သလောက် စားသောက်ဖို့ ပြင်ဆင်ရမည်။


“အမေ နေ့လည်စာ ပြင်ဆင်လိုက်ဦးမယ်။ မင်းတို့ညီအစ်ကိုနှစ်ယောက် လောင်စန်းကို သေချာဂရုစိုက်ထားကြနော်။” လင်းချင်းဟယ်က ညွှန်ကြားသည်။


မနက်စာစားပြီးနောက် လင်းချင်းဟယ်သည် မုန့်ညက်နယ်ကာ နပ်ထားလိုက်တာက အခုအချိန်ဆိုရင် အဆင့်သင့်ရနေပြီလေ။ နေ့လည်စာအတွက် ခေါက်ဆွဲလုပ်မယ်။


နွေကြက်သွန်ဆီလေးတွေနဲ့ ခေါက်ဆွဲကို ဝက်ဆားနယ်ခြောက်နဲ့ တွဲဖက်စားသောက်မယ်ဆိုရင် အနံ့အရသာနှင့် အထူးပြည့်စုံပြီး စားကောင်းပါသည်။ ပြောရင်းဆိုရင်းဖြင့်ပင် လင်းချင်ဟယ်သည် ဒါကို အရမ်းစားချင်လာမိသည်။


အခု သူမမှာ ဘာမှလုပ်စရာ မရှိတာကြောင့် လင်းချင်းဟယ်ဟာ ဘယ်နေ့လောက် အသားချက်စားရင်ကောင်းမလဲလို့ တွေးတောကြည့်နေမိသည်။


လောလောဆယ်တော့ အလျင်စလိုလုပ်စရာ မလိုသေးပါဘူး။ ကလေးတွေရဲ့ ဆွယ်တာအင်္ကျီတွေ အရင်ဆုံး ထိုးပြီးတဲ့အချိန်အထိ စောင့်ကြတာပေါ့။ သူမကိုယ်တိုင် ထိုးပေးရမယ်။ အထူးသဖြင့် မနှစ်ကမှ အသစ်ထိုးထားတဲ့ ဆွယ်တာအင်္ကျီလေးတစ်ထည် ဗီရိုထဲမှာ ရှိနေသေးသည်။ သို့သော်လည်း ဒီကလေးသုံးယောက်မှာ တစ်ထည်မှမရှိသေးပါ။

 

လင်းချင်းဟယ်သည် ဆွယ်တာအင်္ကျီထိုးနည်းကို သိနားလည်သည်။ သူမငယ်ငယ်တုန်းက အဖွားထံမှ သင်ယူတတ်မြောက်ခဲ့သည်။ သူမသည် လက်တွေ့မကျသော်လည်း သူမထံမှာ မူလကိုယ်၏ မှတ်ဥာဏ်တွေ ရှိနေဆဲဖြစ်သည်။ သူမသည် မှတ်ဥာဏ်နှစ်ခုကို‌ပေါင်းစပ်ပြီးတော့ ကောင်လေးများအတွက် ချည်ထိုးပေးနိုင်သည်။ သူများတွေကို ချည်ထိုးခိုင်းစရာ မလိုအပ်တော့ဘူး။


နေ့လည်စာ ခေါက်ဆွဲစားသောက်ပြီးနောက် လင်းချင်းဟယ်သည် လောင်တနှင့် လောင်အာ့တို့ကို ချည်ရစ်ဖို့ သင်ကြားပြသပေးခဲ့သည်။ ဒါက သူတို့နှစ်ယောက်အတွက် ဆွယ်တာထိုးပေးဖို့ဆိုတော့ သူတို့နှစ်ယောက်ဟာ အရမ်းပျော်သွားခဲ့သည်။


ညီအစ်ကိုနှစ်ယောက်၏ အကူအညီဖြင့် ချည်ထိုးသည့်လုပ်ငန်းစဥ်က အရမ်းမြန်တယ်ဆိုတာ စကားထဲထည့်ပြောဖို့တောင်မလိုဘူး။


နေ့လည်တစ်နာရီခန့်တွင် သူမသည် ညီအစ်ကိုသုံးယောက်ကို တစ်ရေးတစ်မောအိပ်ခိုင်းလိုက်သည်။ သူမ တစ်ရေးအိပ်ရာမှ နိုးလာချိန်တွင် လင်းချင်းဟယ်က ညီအစ်ကိုသုံးယောက်အတွက် သကြားခဲနှင့် အဝါရောင်သစ်တော်သီးကိုပေါင်းဖို့ ပြင်ဆင်သည်။

 

သူမသည် ညီအစ်ကိုနှစ်ယောက်ကို ချည်ရစ်ခိုင်းထားသည်။ လင်းချင်းဟယ်သည် ဒီညီအစ်ကိုတွေစားဖို့ သစ်တော်သီးအတွင်းသားတွေကို ခြစ်ယူရတာက သူမကို ပျင်းရိစေသည်။ ထို့နောက် သူမသည် သစ်တော်သီးထဲကို ရေအေး၊ သကြားခဲနှင့် စွံပလွံသီးနီကို ထည့်ကာ ဖြတ်ထားသော သစ်တော်သီးအပေါ်ပိုင်းဖြင့် ပြန်အုပ်လိုက်သည်။ ပြီးတော့ ထိုသစ်တော်သီးကို ပန်းကန်တစ်လုံးထဲထည့်ထားပြီးတော့ ရေနွေးတည်ထားသော ဒယ်အိုးထဲထည့်ကာ အဖုံးအုပ်ပြီး ပေါင်းထားလိုက်သည်။