အခန်း(၂၅)ရွာထဲမှာအကောင်းဆုံးအမေ
Viewers 38k

အခန်း(၂၅) - ရွာထဲမှာ အကောင်းဆုံးအမေ


အကြီးဆုံးမရီးသည် ဆန်းစစ်ပြီး စိတ်ထဲ တွက်ချက်လိုက်သည်။ သူမ၏နှစ်နှစ်အရွယ် သားလေးအတွက် အနွေးထည် နှစ်ထည် ပြုလုပ်ပေးရန် လုံလောက်သည်ဟု ယူဆလိုက်ပြီး အနည်းငယ် ရှည်လို့ရသေးသောကြောင့် နောက်နှစ်အထိ ဝတ်နိုင်သည်။ 


“ ပြီးတဲ့တစ်ခေါက် တတိယမရီးကို အကူအညီတောင်းတုန်းက ကျွန်မမှာ သကြားညို အတော်အသင့် ရှိနေလို့ သကြားညို နှစ်ဂျင်း ပေးခဲ့တယ်။ အခု အိမ်မှာ သကြားညို သိပ်မကျန်တော့ဘူး။ ဒီသကြားခဲ အိတ်သေးလေးကို အကြီးဆုံးမရီး ယူသွားပြီး တနီနှင့် အာ့နီ တို့ကို ကျွေးလိုက်ပါ “ လင်းချင်းဟယ်သည် သကြားခဲအိတ်လေးကို ထုတ်ပိုးရန် ဆီစိမ်စက္ကူကို အသုံးပြုရင်း ဆိုသည်။ 


“ လောင်တနဲ့ သူ့ညီတွေ စားဖို့အတွက် ထား,ထားလိုက်ပါ “ အကြီးဆုံးမရီးက ယဉ်ကျေးသိမ်မွေ့စွာ ပြောသည်။ 


“ အိမ်မှာ နည်းနည်းကျန်သေးတယ်။ ယူသွားလိုက်ပါ “ လင်းချင်းဟယ်က သူမလက်ထဲ ထည့်ပေးလိုက်သည်။ 


အကြီးဆုံးမရီးသည် လက်ခံလိုက်ပြီးနောက် အလုပ်စလုပ်ရန် ပိတ်စများနှင့်အတူ ပြန်သွားလိုက်သည်။ 


ထို့နောက် လင်းချင်းဟယ်သည် မေးမြန်းရန် လှည့်လိုက်သည် “ အမေ…… ဒီတစ်ခါ မှောင်ခိုဈေးထဲမှာ မီးဖိုချောင်းသုံး ဓားအသစ် တွေ့ခဲ့တယ်။ ကျွန်မရဲ့မီးဖိုချောင်မှာ သုံးတဲ့ဓားနဲ့ တပုံစံတည်းပဲ။ ကျိုးအိမ်ရှိ ဓားဟောင်းက ပဲ့ရာတွေရှိနေပြီး သုံးလို့ အဆင်မပြေလောက်တော့ဘူး။ ဒါကြောင့် ကျွန်မ ဝယ်လာခဲ့တယ်။ ငါးယွမ် ကျသင့်ပြီး ကူပွန်လက်မှတ် မလိုဘူး။ အမေ လိုချင်လား။ အမေဆီကနေ တစ်ပြားမှ အမြတ်မယူပါဘူး “ 


“ ငါ့ကို ပြကြည့် “ ကျိုးအမေသည် ခဏတွန့်ဆုတ်နေပြီးမှ ပြောသည်။ 


အိမ်ရှိ မီးဖိုချောင်သုံးဓားသည် အမှန်တကယ်ပင် ပဲ့ရာ အနည်းငယ် ရှိနေသည်။ မနက်ခင်းမှာ လောင်တတို့ မနက်စာအတွက် အသားလှီးချိန်တွင် လင်းချင်းဟယ်၏ဓားကို သုံးရတာက သူမအတွက် အမှန်တကယ်ပင် လွယ်ကူလှသည်။ 


လင်းချင်းဟယ်က ‘ဓား’အား သူမကို ပြလိုက်သည်။ ကျိုးအမေသည် သူမကို ပေးရန် ငါးယွမ်ကို ထုတ်ယူလိုက်သည်။ လင်းချင်းဟယ်သည် ကသိကအောက်မဖြစ်ဘဲ လက်ခံပြီး ထုတ်ပြောသည်။ “ အဲဒါက ကျွန်မမှာ အသိအကျွမ်းရှိနေလို့ပါ မဟုတ်ရင် ဒီဓားကို ငါးယွမ်နဲ့ ဝယ်လို့မရနိုင်ဘူး။ ကျွန်မ ကြွားနေတာ မဟုတ်ဘူး။ ခရိုင်မြို့ရှိ ပစ္စည်းတွေက အရမ်းဈေးကြီးတယ် ဒါပေမယ့် တကယ့်ကို အရည်အသွေး ကောင်းတယ်။ ကျွန်မရဲ့ဒယ်အိုးနဲ့ အဖုံးပါအိုးစောက်လိုပေါ့ “ 


ထိုအခါမှ ဒုတိယမရီးသည် မီးဖိုချောင်ထဲတွင် ဒုတိယဒယ်အိုးတစ်ခု ရှိနေသည်ကို သတိပြုမိပြီး ၎င်းသည် အဖုံးပါ ကိုင်းနှစ်ဖက်ရှိသော အိုးတစ်လုံး ဖြစ်သည်။ 


အဖုံးပါ အိုးစောက်ကလည်း အသစ်စက်စက်ပင်။ 


“ မင်း ပိုက်ဆံ ဘယ်လောက်တောင် သုံးခဲ့တာလဲ “ ကျိုးအမေက သိချင်စိတ်ကို မထိန်းနိုင်တော့ဘူး။ 


“ မနက်ဖြန် စပါးတွေ ဝေငှတဲ့အခါ ကျွန်မ အသင်းအဖွဲ့ကနေ စပါးတွေ ဝယ်လိုက်မယ်။ မိသားစုကတော့ လောင်တတို့အဖေ ပိုက်ဆံ ပြန်ပို့မယ့်အချိန်ကိုပဲ စောင့်ရတော့မယ် “ လင်းချင်းဟယ်၏စကားကြောင့် ကျိုးအမေသည် လှည့်ထွက်သွားပြီး ရှုးရှုးရှားရှားဖြင့် ပြန်သွားသည်။ 


သူမသည် တစ်စုံတစ်ယောက်ကို ခုတ်ထစ်ချင်သလို မီးဖိုချောင်သုံး ဓားတစ်ချောင်းကို ကိုင်ထားသည်။ 


ဒုတိယမရီးသည် လျှို့ဝှက်စွာ ရေရွတ်ခဲ့သည်။ စတုတ္ထမတ်လေးက ဘယ်လောက်ပဲ ရှာနိုင်ရှာနိုင် ဒီမိသားစုကို ဖျက်ဆီးနေတဲ့ စတုတ္ထရဲ့ဇနီးကို ဘယ်လိုမှ တောင့်မခံနိုင်ဘူး။ 


လင်းချင်းဟယ် လိမ်ပြောမယ်လို့ သူမ မထင်ဘူး။ ဘာလို့လဲဆိုတော့ သူမဆီက ပိုက်ဆံချေးရန် သူတို့တွေ တောင်းဆိုမှာ မဟုတ်လို့ လိမ်ပြောရန် မလိုအပ်ပါဘူး။ 


ကျောက်မီးသွေးမီးဖို၊ ကျောက်မီးသွေး၊ အိုးအသစ်၊ အဖုံးပါ အိုးစောက်အသစ် နှင့် ပိတ်စထည်တွေ..... အားလုံးကို မြင်တွေ့ခဲ့သည်။ သူမအခန်းထဲမှာ ထည့်ထားတဲ့ မမြင်ရတဲ့ပစ္စည်းတွေကကော???


ဒါတွေအားလုံးက ပိုက်ဆံအများကြီး ကုန်ကျလိမ့်မည်။ 


သူမနှင့် ဒုတိယမရီး၏ ဆက်ဆံရေးမှာ ပုံမှန်အားဖြင့် သိပ်မကောင်းဘူး။ ကျိုးအမေ ပြန်သွားသည့်အတွက် သူမလည်း အကြာကြီး မနေတော့ဘူး။ စိတ်ကြီးဝင် မာန်တက်သော စိတ်ခံစားချက်ဖြင့် သူမ ပြန်လာခဲ့သည်။ 


လင်းချင်းဟယ်တွင် ဘယ်လိုအမြင်မျိုး ရှိနေလဲ။ ဒီဒုတိယမရီး ဘယ်လို တွေးထင်နေမယ်ဆိုတာ သူမ ဘယ်လိုလုပ် မသိနိုင်မှာလဲ။ 


သူမ တွေးချင်သလို တွေးနေပါစေ။ 


အမှန်တကယ်တော့ ဒီတစ်ကြိမ် သူမ ပိုက်ဆံ အများကြီး မသုံးခဲ့ဘူး။ ကျောက်မီးသွေး တစ်အိတ် အပါအဝင် ကျောက်မီးသွေးမီးဖိုကို အိုးတစ်လုံးဖြင့် အလဲအလှယ် လုပ်ခဲ့သည်။ ကိုင်းနှစ်ခုပါ ဒယ်အိုးနှင့် အဖုံးပါ အိုးစောက်က ပိုက်ဆံအများကြီး မကုန်ကျဘူး။ ပိတ်စတစ်လိပ်အတွက်ပဲ ပိုက်ဆံလိုအပ်ပြီး ထိုပိုက်ဆံကို နယ်မြေထဲက အသားရောင်းပြီး ရရှိခဲ့သည်။ သူမ ထပ်မထည့်လိုက်ရဘူး။ 


ကျန်တာက အစားအစာတွေ။ ကြွေထည်နှင့် ခြေထောက်ဆေးဇလုံကလည်း ပိုက်ဆံ သိပ်မကုန်ဘူး။ လင်းချင်းဟယ် စာရင်းပြန်တွက်ကြည့်လိုက်ရင် သူမ ယွမ် ၂၀ ထက် ပိုပြီး မသုံးခဲ့ဘူး။ 


ပစ္စည်းအမြောက်အများကို ဒီလောက်ပိုက်ဆံဖြင့် ဝယ်ယူရန်မှာ အလွန် အကျိုးရှိသည်။ 


“ မင်းရဲ့အစ်ကိုကြီးကို ပန်းသီးစားရအောင် သွားခေါ်လိုက် “ လင်းချင်းဟယ်က လောင်အာ့ကို ပြောသည်။


လောင်အာ့သည် သူ့အစ်ကို ကို သွားခေါ်ရန် ချက်ချင်း ပြေးထွက်သွားသည်။ ဒီတစ်ခါတွင် လောင်တသည် အဝေးကြီး မသွားသောကြောင့် မကြာခင်မှာပဲ လောင်အာ့နှင့်အတူ ပြန်လာသည်။ 


လင်းချင်းဟယ်သည် သူတို့အတွက် ပန်းသီးကို လေးပိုင်း စိတ်လိုက်ပြီး တစ်ယောက်ကို တစ်စိတ်စီ ရသည်။ 


“ အမေ…… ကြောင်အိမ်ထဲမှာ အများကြီး ရှိသေးတာလား “ လောင်အာ့က မေးသည်။ 


“ ဟုတ်တယ် ပြီးတော့ တစ်ခြားအရာတွေကောပဲ။ သစ်တော့သီး၊ ယုန်ဖြူတံဆိပ် သကြားလုံး၊ ကောက်ညင်းချိုချောင်း၊ မုယောရောနို့မှုန့်၊ စည်သွပ်ဗူး စတာတွေပေါ့။ မင်းတို့တွေ ကျိုးနွံနာခံရင် စားရလိမ့်မယ်။ နေ့တိုင်း အပြင် ပြေးထွက်သွားပြီး အဝတ်အစားတွေကို ညစ်ပတ်အောင် လုပ်ရင် ထိုအရာတွေကို စားဖို့ စဉ်းတောင်မစဉ်းစားနဲ့ “ လင်းချင်းဟယ်သည် စကားပြောနေရင်း လောင်တကို အနည်းငယ် လေးနက်သောအဓိပ္ပါယ်ရှိသည့် အကြည့်တစ်ချက် ပေးလိုက်သည်။ 


လောင်တသည် အံ့သြမှင်တက်သွားသည်။ လောင်အာ့လည်း အတူတူပဲ။ သူတို့တွေက တစ်ဖအေ တစ်မအေ ထဲက မွေးလာတယ်ဆိုတာ မအံ့သြလောက်ပါဘူး။ သူတို့၏အမူအယာတွေက ပုံတူကူးထားသလို တထေရာတည်းပဲ။ 


ထိုအတိုင်းပြောရုံတင်မကပဲ လင်းချင်းဟယ်သည် သူတို့ကို အခန်းထဲ ခေါ်သွားပြီး ပြသလိုက်သည်။ 


“ အမေ…… အမေ…… အမေက အရမ်းအံ့သြစရာကောင်းတာပဲ “ လောင်အာ့သည် အလိုလိုက်အကြိုက်ဆောင်ရန် လင်းချင်းဟယ်ကို ပွေ့ဖက်ဖို့ စိတ်အားထက်သန်နေသည်။ 


လောင်အာ့သည် ရှက်ရွံ့သွားပြီး ရေရွတ်သည် “ ဒါဆို…… နောင်ကျရင် လျှော့ကစားတော့မယ် “ 


“ ကောင်းပြီ “ လင်းချင်းဟယ်က ခေါင်းညိမ့်လိုက်သည်။ သူမသည် ခန့်မှန်းခြေအားဖြင့် ဂျင်းတစ်ဝက်ရှိသော အဆီများအသားကို ဆီစိမ်စက္ကူဖြင့် ထုပ်ပိုးလိုက်သည်။ ထိုအရာကို ကျိုးအိမ်က ကြိုက်လိမ့်မည်။ “ ဒါကို မင်းအဘိုးနဲ့ အဘွား စားဖို့ သွားပို့ပေးလိုက် “ 


“ ကျွန်တော် အဲဒီကို သွားလိုက်မယ် “ လောင်တသည် အဆီများအသားကို ယူကာ သူတို့၏ အဘိုးနှင့် အဘွားထံ ပို့ပေးလိုက်သည်။ 


နောက်တော့ အိမ်ပြန်ဖို့ မစောင့်နိုင်တော့ဘဲ စားစရာကို ကြိုတင်မျှော်လင့် စောင့်စားနေမိသည်။ 


ဒီည အမေက သူတို့အတွက် ဝက်သားနှင့်ပဲ ရောချက်ပေးမှာ။ ကြားရုံနဲ့တင် အရမ်းမွှေးလာသလိုပဲ။ ပြီးတော့ ဟင်းအနှစ်ကို ထမင်းအပေါ် လောင်းချလိုက်တာ…… သူ ထမင်းနှစ်ပန်းကန်ခွဲကို အသာလေး စားနိုင်တယ်။ 


သေချာတာပေါ့…… သူ အိမ်ပြန်ရောက်သွားတော့ သူ့အမေက ဆန်ကို စိမ်ထားပြီ။ 


“ လောင်တ… မင်းရဲ့ အစ်မ ရှီးလေးကို သွားခေါ်လိုက်ဦး “ လင်းချင်းဟယ်က ပြောသည်။ 


ကျိုးလောင်တသည် သူ့ကို သူမ အခု လုပ်ခိုင်းတာတွေ အားလုံးကို လုပ်ပေးသည်။ သူ့အမေက သူတို့အတွက် အရသာရှိသော စားစရာအများကြီး ဝယ်လာသောကြောင့် သူမ သူ့ကို သြဇပေးစေခိုင်းလည်း သူ လုံးဝမကန့်ကွက်ဘူး။ 


သူတို့အမေက ကမ္ဘာပေါ်မှာ အကောင်းဆုံး မိခင်ပါပဲ။ တစ်ရွာလုံးက အမေတွေ အားလုံးကို အတူတကွ ပေါင်းထည့်လိုက်ရင်တောင် သူတို့အမေလောက် ဘယ်သူမှ မကောင်းနိုင်ဘူး။ 


ကျိုးရှီးသည် သူမအစ်ကိုကြီးထံမှ ကြားထားပြီး ဖြစ်သောကြောင့် လင်းချင်းဟယ်က သူမအား ကျန်ပိတ်စများကို ပေးလိုက်သည်။ “ သူတို့တစ်ယောက်စီ အတွက် ဖိနပ်တစ်ရံစီ ပြီးတော့ ခြေအိတ် နှစ်စုံစီ လုပ်ပေး၊ ကျန်တာကို မင်းအစ်ကိုထက် သုံးဆလောက် ကြီးတဲ့ ခြေအိတ် နှစ်စုံ လုပ်ပေးပါ “ 


ထုံးစံအတိုင်း အဲဒါက ကျိုးချင်းပိုင်အတွက် ပြင်ဆင်ထားခြင်း ဖြစ်သည်။ 


သူမအတွက်ကတော့ မလိုအပ်ပါဘူး။ မူလပိုင်ရှင်ရဲ့ ခြေအိတ်တွေက အကုန်ကောင်းသည့်အပြင် ငါးစုံ ရှိသည်။ 


ကျိုးရှီးက သေချာအတည်ပြုသည်။ 


“ ညနေ ရှစ်နာရီခွဲလောက်မှာ စောင် ယူဖို့ မင်းအစ်ကိုနဲ့အတူ လိုက်လာခဲ့ “ လင်းချင်းဟယ်က အခိုင်အမာ ပြောသည်။ 


ဟုတ်တာပေါ့ ညနက်မှ တိတ်တိတ်လေး စောင် လာယူတာက ပိုကောင်းသည်။ 


ထိုစောင်သည် လေးဂျင်း နီးပါး အလေးချိန်ရှိပြီး အလွန်ကောင်းသည်။ 


“ ကျေးဇူးတင်ပါတယ် ဒေါ်လေး “ ကျိုးရှီးသည် ဤကာလအတွင်း၌ စောင်တစ်ထည်သည် မည်မျှ အရေးကြီးတယ်ဆိုတာကို နားလည်ထားသည်။ ပိုက်ဆံရှိရင်တောင် ရနိုင်ရန် မလွယ်ကူသေးဘူး။ 


“ ကျေးဇူးတင်စရာ မလိုပါဘူး။ ဒီနေ့ မင်းအစ်ကိုက အလုပ် ကြိုးကြိုးစားစား လုပ်ခဲ့တယ်။ ဖိနပ်နဲ့ ခြေအိတ်တွေကို အလောတကြီး လုပ်စရာ မလိုဘူး။ ဒါကြောင့် ညဘက်မှာ ရေနံဆီသုံးပြီး အလုပ်လုပ်စရာ မလိုဘူး “ လင်းချင်းဟယ်က ပြောသည်။ 


တခြားသူတွေအတွက် သူမ ပိုမပေးနိုင်ဘူး။ သူမသည် ကျိုးတုန်းကို ဒီနေ့ တစ်နေကုန် ပင်ပန်းစေသော်လည်း သူ့ကို အဖြူရောင် ဘန်းမုန့် သုံးခု စားရန် ပေးခဲ့သည်။ တစ်နှစ်အတွင်း ဂျုံမှုန့်ဖြူနှင့် အသားများစွာ မစားရသော ကျိုးတုန်းအတွက် ဒါက လုံလောက်သော ဆုလာဘ် ဖြစ်နေပြီ။ 


ဖိနပ်နှင့် ခြေအိတ်များ ပြုလုပ်ခြင်းအတွက်တော့ ထည့်မတွက်ဘူး။ နောက်ဆုံးတော့ သူမက ဒီလောက်ကြီးမားသော စောင်တစ်ထည်ကို ပေးခဲ့သည်။ ပြီးတော့ ဒါက လင်းချင်းဟယ်၏ ပုံစံ မဟုတ်တော့ဘူး။ 


ညနေပိုင်းတွင် လင်းချင်းဟယ်သည် သူမသားသုံးယောက်နှင့်အတူ ညစာ စားခဲ့သည်။ အကြီးဆုံး သားနှစ်ယောက်သည် ထမင်းကို စားရင်း ကျေနပ်ပျော်ရွှင်နေကြသည်။ အငယ်ဆုံးလေး လောင်စန်းလည်း ပါးစပ်တွင် ဆီတဝင်းဝင်း ဖြစ်နေသည်။ 


ထမင်းကျွေးပြီးသောအခါ သူမသည် ညီအစ်ကိုတွေကို ခြံဝင်းထဲတွင် ဆော့ကစားစေပြီးမှ လင်းချင်းဟယ် ကိုယ်တိုင် ထမင်းစားသည်။ 


ညနေ ရှစ်နာရီတွင် ကျိုးတုန်းနှင့် ကျိုးရှီး ရောက်လာသည်။ လင်းချင်းဟယ်သည် သူတို့အတွက် အစားထိုးသုံးမည့် စောင်ကို ပေးပြီးနောက် တံခါးပိတ်ကာ အိပ်ရာဝင်လိုက်သည်။ 


အခုတော့ နေ့ရက်တွေက တကယ့်ကို အေးလာပြီ။ မနေ့ညက သိပ်မဆိုးပေမယ့် ဒီညတော့ အအေးဓာတ်ကို သူမ တကယ် ခံစားရသည်။ 


ဒီညက အရမ်းအေးသောကြောင့် ကလေးသုံးယောက်ကို သူမ၏အုတ်ကုတင်တွင် လာအိပ်ရန် ခေါ်လိုက်သည်။ 


အိမ်တွင် လက်ထပ်ပြီးကတည်းက ရှိသော လေးဂျင်း အလေးချိန်ရှိသည့် စောင်နှစ်ထည် ရှိသည်။ ကျိုးတုန်းတို့မောင်နှမကို ပေးလိုက်သော စောင်ကို ထည့်ပေါင်းရင် စုစုပေါင်း သုံးထည် ရှိသည်။ မူလပိုင်ရှင်သည် လုံလောက်သော ထောက်ပံ့မှုဟု ယူဆနိုင်သည့် အရာများကို နှစ်သက်သဘောကျသည်။ 


ခုနစ်ဂျင်း လေးသည့် စောင်နှစ်ထည် အတွက်တော့ လင်းချင်းဟယ်သည် ထိုစောင်များကို အုတ်ကုတင် ခေါင်းရင်းတွင် ထား,ထားသည်။ သူတို့တွေ ဒီလောက်ကြီးမားတဲ့ စောင်ကြီးကို အသုံးပြုရန် မလိုအပ်သေးဘူး။ 


သူတို့လေးယောက်အတွက် လေးဂျင်း လေးသော စောင်ကြီးတစ်ထည်ကိုပဲ အသုံးပြုတာနဲ့တင် လုံလောက်နေပြီ။ 


နောက်ဆုံးတော့ ကောင်လေးသုံးယောက်လုံးက အပူပေးစက်တွေလိုပါပဲ။ ထို့ကြောင့် သူတို့၏ ခန္ဓာကိုယ်သည် အလွန် ပူနွေးလာသည်။