အခန်း(၂၄)ဘာမှမကျန်တော့ဘူး
Viewers 38k

အခန်း(၂၄) - ဘာမှမကျန်တော့ဘူး 


အရောင်းဝန်ထမ်းနှင့် သူမ၏စေ့စပ်ထားသော လူငယ်လေးသည် သူမထံမှ အလဲအလှယ် လုပ်ရန် စိတ်ဆန္ဒရှိကြောင်း ကြားလိုက်ရသည့်အတွက် စိတ်အေးသွားကြသည်။ 


သူတို့နှစ်ယောက်သည် လက်ထပ်ရန်နှင့် မိသားစုမှ အိမ်ခွဲနေရန် အမှန်တကယ်ပင် ပြင်ဆင်နေကြခြင်း ဖြစ်သည်။ 


“ နောက်ပိုင်း ကျောက်မီးသွေးတွေ သုံးလို့ကုန်သွားရင် မင်းရဲ့ဇနီးကို ငါ လာရှာလိုက်မယ်။ ပစ္စည်းကောင်းတာတွေ ရနိုင်ဖို့ သေချာပါစေ “ လင်းချင်းဟယ်က လူငယ်လေးကို ပြောလိုက်သည်။


“ ဒီအကြောင်းကို ဘယ်သူကိုမှ သိခွင့်မပေးပါနဲ့ “ လူငယ်က ခေါင်းညိမ့်ပြီး ထုတ်ပြောသည်။ 


“ သေချာတာပေါ့ ငါ့မိသားစုမှာ ကျွေးမွေး ပြုစုပျိုးထောင်ရမယ့် သား သုံးယောက် ရှိသေးတယ်။ ဒါကြောင့် မင်းရဲ့ကျောက်မီးသွေးအပေါ်ပဲ မှီခိုအားထားရတော့မယ် “ လင်းချင်းဟယ်က အခိုင်အမာ ပြောဆိုသည်။ 


နှစ်ဘက်စလုံး တစ်ယောက်နဲ့တစ်ယောက် နှုတ်ဆက်လိုက်ကြသည်။ လူငယ်လေးက ဒယ်အိုး ထည့်ထားသော နိုင်လွန်အိတ်နှင့်အတူ စက်ဘီးစီးပြန်သွားသည်။ လင်းချင်းဟယ်က ပစ္စည်းကို စောင့်ကြည့်ရန် အရောင်းဝန်ထမ်းအား ပြောပြီးနောက် ကျိုးတုန်းကို ခေါ်ရန် ထွက်လာသည်။ 


ကျောက်မီးသွေးမီးဖိုနှင့် ကြီးမားသော ကျောက်မီးသွေးအိတ် တစ်ဝက်ကို မြင်သည်နှင့်တစ်ပြိုင်နက် ကျိုးတုန်းသည် ထပ်မံ အံ့သြ ကြက်သေ သေသွားပြန်သည်။ 


သူ့ဒေါ်လေးက တကယ် လုပ်နိုင်စွမ်းရှိတာပဲ……… မြို့ပေါ်နေ မိသားစုတွေ အသုံးပြုတဲ့ ကျောက်မီးသွေးမီးဖိုနှင့် ကျောက်မီးသွေးကိုတောင် ရှာနိုင်တယ်။ 


ဒါပေမယ့် ဒါက……… ဘယ်လောက်တောင် ကုန်ကျသွားမလဲ????


အောင်မြင်စွာ အလဲအလှယ် လုပ်ပြီးသွားပြီးနောက် အရောင်းဝန်ထမ်းသည် ပြန်သွားသည်။ လင်းချင်းဟယ်သည် မှောင်ခိုဈေးဆီ တစ်ဖန်ပြန်ပြေးသွားပြီး လှည့်ပတ်ကာ လျှောက်ကြည့်ပြန်သည်။ သူမ ထိုနေရာတွင် ရှိနေစဉ် နယ်မြေထဲမှ ခေတ်ဟောင်း ကိုင်းနှစ်ခုပါ ဒယ်အိုး နောက်တစ်ခုကို ထုတ်ယူကာ နိုင်လွန်အိတ်ဖြင့် ထုတ်ပိုးပြီး လှည်းထဲ ထည့်လိုက်သည်။ 


တခြားပစ္စည်းများ ဖြစ်သည့် ခြေထောက်ဆေးဇလုံ နှင့် အလားတူပစ္စည်းများလည်း ရှိသေးသည်။ သူမသည် ပဒေသာ ကုန်စုံစတိုးဆိုင်သို့ ထပ်သွားသည်။ သူမ၏ သားတစ်ယောက်ချင်းစီ အတွက် ဦးထုပ်တစ်လုံးစီ ဝယ်လိုက်သည်။ ဖတ်လတ်ကျနေသော ရှည်လျားသည့်အဖတ်ပါသော ဦးထုပ်က နားရွက်များကို ဖုံးကွယ်ပေးနိုင်ပြီး နှင်းကိုက်နာ ဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်သည်။ 


၎င်းအတွက် စက်မှုသုံး ကူပွန်လက်မှတ် သုံးခု ထုတ်သုံးရသည်။ 


ဒါပေမယ့် စက်မှုသုံး ကူပွန်လက်မှတ် အနည်းငယ် ကျန်နေသေးသည်။ နောက်ဆုံးတစ်ခေါက်က ကျိုးချင်ပိုင်သည် ထိုကူပွန်လက်မှတ်များကို ပေးပို့ခဲ့သည်။ ဒါကြောင့် သူမသည် ကလေးတွေအတွက် ဆွယ်တာများ ထိုးပေးရန် သိုးမွှေးချည်ခင်ကို ဝယ်ခဲ့သည်။ 


အစောပိုင်းက သူမသည် ဖိနပ်နှင့် ခြေအိတ်များကို ဝယ်ယူလိုသော်လည်း ခြေအိတ်အတွက် အထည် ကူပွန်လက်မှတ်များ လိုအပ်ပြီး ကင်းဗတ်စ်ဖိနပ်အတွက် စက်မှုသုံး ကူပွန်လက်မှတ်များ လိုအပ်သည်။ ကျန်ရှိသော အထည် လက်မှတ်နှင့် စက်မှုသုံး လက်မှတ်များကို ကြီးမားသော ဂွမ်းကပ်စောင်ဖုံး နှစ်ခု၊ ဦးထုပ်များနှင့် သိုးမွှေးချည်ခင်ကို ဝယ်ယူရန် သုံးစွဲလိုက်ပြီ။ အခု အားလုံး သုံးပြီးသွားပြီ။ 


ဒါပေမယ့် ဒီပိတ်စတစ်လိပ်ဖြင့် ခြေအိတ်များနှင့် ဖိနပ်များကို ပြုလုပ်နိုင်သည်။ 


“ ရှီးလေး ဖိနပ်နဲ့ခြေအိတ် လုပ်တတ်လား “ 


လုပ်စရာများ အများစု ပြီးသွားပြီးနောက် လင်းချင်းဟယ်နှင့် ကျိုးတုန်းသည် အဖြူရောင် ဘန်းမုန့်ကို စားနေရင်း သူတို့ အိမ်ပြန်ရန် ပြင်ဆင်နေချိန်တွင် လင်းချင်းဟယ်က မေးလိုက်သည်။ 


ဒီတစ်ကြိမ်တွင် တစ်ယောက်ကို တစ်ခုစီပဲ။ 


“ လုပ်တတ်တယ် “ ကျိုးတုန်းသည် နောက်အနာဂါတ်မှာ ထပ်စားရန် အခွင့်အလမ်းမရှိသကဲ့သို့ ကြီးမားသော အဖြူရောင် ဘန်းမုန့်ကို စားနေသောကြောင့် ထိုမေးခွန်းကို ကြားလိုက်တာနဲ့ အလျင်အမြန် ခေါင်းညိမ့်လိုက်သည်။ 


“ ဒါဆို ငါ့ကောင်လေးတွေအတွက် တစ်ယောက်ကို ဖိနပ်တစ်ရံစီ နှင့် ခြေအိတ်နှစ်စုံစီ လုပ်ပေးဖို့ ဒီတစ်ကြိမ်တော့ ရှီးလေးကိုပဲ ဒုက္ခပေးရတော့မယ် “ လင်းချင်းဟယ်က ပြောသည်။ 


“ ကိစ္စမရှိပါဘူး။ အဝတ်အစား ချုပ်ဖို့ကော လိုအပ်သေးလား။ ကျွန်တော့်ညီမလေးက အဝတ်အစား ဘယ်လိုချုပ်ရမလဲဆိုတာလည်း သိတယ် “ ကျိုးတုန်းက ထုတ်ပြောသည်။


“ ရတယ် မလိုပါဘူး။ သူတို့အတွက် အဝတ်အစား ချုပ်ဖို့ သူတို့ရဲ့ အဒေါ် အကြီးဆုံးကိုပဲ ပြောလိုက်တော့မယ်။ သူမက အားနေတာ “ လင်းချင်းဟယ်က ပြန်ဖြေသည်။ ပြီးတော့ အကြီးဆုံးမရီးကလည်း လုပ်ပေးဖို့ ဆန္ဒရှိတယ်လေ။ 


ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ သူမ(လင်းချင်းဟယ်)က အခကြေးငွေပေးပြီး သူမအလုပ်ကို အကြောင်းမဲ့ မဖြစ်စေပါဘူး။ 


သူတို့ အိမ်ပြန်ရောက်သောအခါ လေးနာရီ ထိုးခါနီးနေပြီ။ လင်းချင်းဟယ်သည် သေလုမျောပါး မောပန်းနွမ်းနယ်နေသည်။ 


ပစ္စည်းများကို ထုတ်ယူချပြီးသောအခါ သူမသည် ကျိုးတုန်းကို ရေသောက်ရန် အိမ်ထဲ ဝင်ခိုင်းလိုက်ပြီးနောက် အရင် ပြန်ခွင့်ပေးလိုက်သည်။ 


ကျိုးအမေနှင့် ကလေးတွေက အိမ်မှာ မရှိဘူး။ သူတို့တွေက ကျိုးမိသားစုအိမ်မှာ ဖြစ်လိမ့်မည်။ ဒီနေ့ အသင်းအဖွဲ့က လူထုရိက္ခာများကို လွှဲပြောင်းပေးအပ်သောကြောင့် အလုပ် လုပ်စရာ မရှိဘူး။ 


မနက်ဖြန်က အရေးကြီးသောနေ့…… အစားသောက် ပေးဝေမည့်နေ့ ဖြစ်သည်။ 


လင်းချင်းဟယ်သည် တော်တော် ပင်ပန်းနေသော်လည်း ပစ္စည်းများကို တစ်ခုပြီး တစ်ခု အမျိုးအစား ခွဲနေသေးသည်။ သူမသည် နယ်မြေထဲမှ ခေတ်ဟောင်းစတိုင် အဖုံးပါ အိုးစောက်ကိုလည်း ထုတ်ယူလိုက်သည်။ 


အခုဆိုရင် သူမမှာ ကျောက်မီးသွေးမီးဖို ရှိပြီဖြစ်သောကြောင့် အဖုံးပါအိုးစောက်ဖြင့် အရာအားလုံးကို အလွယ်အကူ သူမ ချက်ပြုတ်နိုင်ပြီ။ 


စောင်ကို အခန်းထဲတွင် ထားလိုက်ပြီး မွေ့ရာ နှစ်ခုကိုလည်း ထုတ်ယူလိုက်သည်။ 


ဒီအခွင့်အရေးကို အသုံးပြုပြီး လင်းချင်းဟယ်သည် မီးဖိုချောင်သုံးဓား ကဲ့သို့သော ပစ္စည်းအများအပြားကိုလည်း ထုတ်ယူနိုင်သည်။ သူမသည် ကျိုးအမေကို ဓားတစ်လက်လောက် ဝယ်ချင်လား မေးမြန်းရန် စီစဉ်ထားပြီး စက်မှုသုံး ကူပွန်လက်မှတ်ကိုလည်း မလိုအပ်ဘူး။ 


ဒါကို ကျိုးအမေကို တိုက်ရိုက် ပေးလိုက်ရန်အတွက်ကတော့ မေ့လိုက်တာ ကောင်းပါတယ်။ သူမ မေ့လဲသွားလိမ့်မည်။ 


သူမ မှတ်မိတာ မှန်ကန်တယ်ဆိုရင် ကျိုးမိသားစုတွင် ဓားတစ်ချို့ လိုနေသည်။ 


တခြား အထောက်အပံ့ ပစ္စည်းအားလုံးကို သူမအခန်းထဲ ထည့်ထားလိုက်သည်။ ကြွေထည် သို့မဟုတ် ခြေထောက်ဆေးဇလုံ စသည့်ပစ္စည်းများကို ၎င်းတို့ရှိသင့်သည့်နေရာတွင် နေရာတကျ ထားလိုက်သည်။ 


ဒါကြောင့် ပစ္စည်းအများကြီး ဝယ်ပြန်လာပေမယ့် တကယ်တမ်း နေရာချ ဖြန့်ထားလိုက်တော့ ဘာမှမများတော့ဘူး။ 


ဒါပေမယ့် အပြန်လမ်းတွင် သူမနှင့် ကျိုးတုန်းကို လူတော်တော်များများ မြင်ခဲ့သည်။ သူတို့သည် လှည်းတစ်ခုလုံး ပြည့်နေသည့် အိတ်ကြီး အိတ်ငယ် အသွယ်သွယ်ကို အထူးသဖြင့် သတိထားမိကြသည်။ 


တချို့အိမ်ထောင်စုတွေ အုပ်စုဖွဲ့ပြီး အတူတူဝယ်ရန်တောင်မှ သူမ၏ တစ်ဝက်တောင် မရှိနိုင်ဘူး။ 


ရွာရှိလူတိုင်း အလွန် အံ့သြပြီး လက်ဖျားခါသွားသော်လည်း သူမကို ကြည့်နေသည့်မျက်လုံးများက ကျိုးချင်းပိုင် ပေးပို့လိုက်သော ငွေအားလုံးကို အသုံးပြုနိုင်ဖွယ် ရှိသည့် ဒီကြွယ်ဝချမ်းသာမှုကို ဆုတ်ယုတ်စေသည့် အမျိုးသမီးအား အော်ဟစ်လုနီးပါးပဲ။ 


အိမ်၌ ကျိုးအမေသည် မကြာခင်မှာပဲ ထိုသတင်းကို ကြားလိုက်ရသည်။ သူမ(လင်းချင်းဟယ်)သည် လှည်းအပြည့်ပစ္စည်းများ သယ်ပြန်လာသောကြောင့် သူမနှလုံးသားထဲ ဆို့နင့်သွားသည်။ 


“ သွားရအောင်၊ မင်းတို့အမေ ဘာပစ္စည်းကောင်းတွေ ဝယ်လာတယ်ဆိုတာ ကြည့်ရအောင် မင်းတို့အိမ်ဆီ ပြန်ကြစို့ “ ကျိုးအမေသည် လောင်အာ့နှင့် လောင်စန်းတို့နှင့်အတူ ပြန်လာသည်။ 


မရီးသုံးယောက် တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြသည်။ အခုချိန်တွင် အလုပ်မရှိသလို ဘာမှလည်း လုပ်စရာ သိပ်မရှိသောကြောင့် အကြီးဆုံးမရီးနှင့် ဒုတိယမရီးသည် အနောက်မှ နီးနီးကပ်ကပ် လိုက်လာသည်။ 


တတိယမရီးအနေနဲ့ကတော့ သူမသည် ထိုပစ္စည်းတွေရဲ့ ဝေစု မရနိုင်သည့်အတွက် စိတ်မဝင်စားပေ။ 


လောလောဆယ် သူမသည် အဝတ်အစားများကို မြန်မြန်ဆန်ဆန် ပြုလုပ်ပြီးစီးချင်နေပြီ။ ဒါမှ သူမသမီးအတွက် ပြုလုပ်နိုင်မည်။ မနေ့ညက အိပ်ပျော်နေစဉ် နည်းနည်းအေးသလို သူမ ခံစားလိုက်ရသည်။ 


သူမ၏အမြန်နှုန်းကလည်း အလွန်အမင်း လျင်မြန်သည်။ ဒီနေ့ မပြီးနိုင်ပေမယ့် မနက်ဖြန်မနက်ဆိုရင် လောင်အာ့အတွက် ဂွမ်းကပ်အင်္ကျီ ကို သေချာပေါက် ပြီးနိုင်သည်။ 


ကျိုးအိမ်တွင် အပ်ချုပ်စက် ရှိသည်။ လင်းချင်းဟယ် ရွေ့ပြောင်းသွားပြီးနောက် ကျိုးအမေသည် ကျန်ရှိသောငွေများနှင့် ကူပွန်လက်မှတ်များကို ဒေါသတကြီးဖြင့် အပ်ချုပ်စက်ဝယ်ရန် အသုံးပြုလိုက်ပြီး ကျိုးအိမ်တွင် အသုံးပြုရန် ထားခဲ့သည်။ 


ဒီတော့ အပ်ချုပ်စက်အကူအညီဖြင့် အရှိန်က အရမ်းမြန်သည်။ ဝါဂွမ်းကို လုပ်ဆောင်ရန် အချိန် ပိုကြာရုံသာ မဟုတ်ရင် ပိုမိုမြန်ဆန်နိုင်သည်။ 


လောင်အာ့နှင့် လောင်စန်းတို့ကို ပြန်ခေါ်သွားသော ကျိုးအမေ၊ အကြီးဆုံးမရီးနှင့် ဒုတိယမရီးဘက် ပြန်ကြည့်မယ်ဆိုလျှင် သူတို့ရောက်သွားသည့်အချိန်မှာတော့ လင်းချင်းဟယ်သည် အရာ တော်တော်များများကို သေချာပြင်ဆင်ပြီး သေသပ်စွာ စနစ်တကျ နေရာချပြီးသွားပြီ။ 


“ အမေ…… အဖွားက အမေ လှည်းအပြည့် ပစ္စည်းတွေ ဝယ်ပြန်လာတယ်လို့ ကြားခဲ့တယ် “ လျင်သော လောင်အာ့က သူမခြေထောက်ကို လာဖက်ပြီး ပြောသည်။ 


ကျိုးအမေနှင့် သူမ၏မရီးတွေ အတူတကွ လာသည်ကို သူမ မြင်လိုက်တာနှင့်တစ်ပြိုင်နက် လင်းချင်းဟယ်သည် ဘာအကြောင်းဆိုတာ သိလိုက်ပြီး ပြောသည် “ လှည်းအပြည့် ဟုတ်လား။ ဒါကတော့ သူတို့တွေ အရမ်း ချဲ့ကားပြောလိုက်တာပဲ။ ဘယ်လိုလုပ် အဲလောက် ပစ္စည်းအများကြီး ဖြစ်နိုင်မှာလဲ “ 


ကျိုးအမေက ကြည့်ရှုစစ်ဆေးသောအခါ အမှန်တကယ်ပင် များများစားစား မမြင်ပေ။ ဒါကြောင့် သူမသည် စိတ်ထဲတွင် သက်သာရာရသွားသည်။ 


ထိုအချိန်တွင် ဒုတိယမရီးသည် မီးဖိုချောင်ထဲရှိ ကျောက်မီးသွေးမီးဖိုကို မြင်သွားပြီး သူမမျက်လုံးများ ပြူးကျယ်သွားသည်။ “ ဘုရားရေ…… စတုတ္ထရဲ့ဇနီး…… ကျောက်မီးသွေးမီးဖိုကို မင်း ဘယ်ကနေ ရလာတာလဲ။ ဘာလို့ ယူပြန်လာတာလဲ “ 


“ ပြီးတဲ့တစ်ခေါက် ကျွန်မသွားတုန်းက တစ်ယောက်ယောက်ဆီမှာ ကျွန်မ အပ်နှံထားခဲ့တာ။ ဒါကြောင့် အခုတစ်ချိန် ကျွန်မ အဲဒီကို ရောက်တော့ ပြန်သယ်လာခဲ့တာ။ ကျောက်မီးသွေး အိတ်တစ်ဝက်ကျော်ကိုကောပဲ။ အဲအရာတွေကြောင့် အများကြီးလို့ ထင်နေရတာပါ “ လင်းချင်းဟယ်က ထိုအတိုင်း ရှင်းပြသည်။ 


“ အိမ်မှာ မီးလင်းဖို ရှိတယ်လေ!! “ ကျိုးအမေသည် စိတ်ထိခိုက်သွားပြီး သူမ၏သားအစား နာကျင်ဝမ်းနည်းမှုကို ခံစားလိုက်ရသည်။ ဒီကျောက်မီးသွေးမီးဖိုကို မြို့ကလူတွေပဲ အသုံးပြုကြတာ။ စတုတ္ထရဲ့ဇနီးကို ပေးလိုက်ဖို့ဆိုရင် အလဲအလှယ်လုပ်ရန် ငွေဘယ်လောက်တောင် သုံးလိုက်ရမလဲဆိုတာ ဘယ်သူသိမှာလဲ။ 


“ မီးဖိုက အဆင်မပြေဘူး။ ဆောင်းရာသီမှာ ကျောက်မီးသွေးမီးဖိုရှိတာက ပိုပြီး အဆင်ပြေ အသုံးဝင်တယ်။ နောက်ပြီးတော့ အခန်းထဲမှာ ထည့်ထားရင်လည်း အခန်းကို အနွေးဓာတ် ပေးနိုင်တယ် “ လင်းချင်းဟယ်က ပြောသည်။ 


ဘယ်လောက်တောင် ကုန်ကျလိုက်မလဲ။ 


ကျိုးအမေသည် ထိုစကားကို ကျယ်ကျယ်မပြောလိုက်ပေမယ့် အကြီးဆုံးမရီးနှင့် ဒုတိယမရီးက သဘောပေါက် နားလည်လိုက်သည်။ 


“ ဒါနဲ့… မရီးကြီး… တနီ နဲ့ အာ့နီ အတွက် မရီးလုပ်ပေးတဲ့ အဝတ်အစားတွေက တော်တော်ကောင်းတယ်လို့ ကျွန်မ ထင်တယ်။ လောင်တနဲ့ သူ့ညီတွေအတွက် အနွေးအင်္ကျီ နှင့် အတွင်းဝတ်ဘောင်းဘီ နှစ်ထည်စီ ချုပ်လုပ်ပေးဖို့ အားနိုင်လား “ လင်းချင်းဟယ်က မေးလိုက်သည်။ 


“ မင်းမှာ ပိတ်စထည် ရှိသေးတာလား “ အကြီးဆုံးမရီးက မေးသည်။ 


“ ရှိသေးတယ် “ လင်းချင်းဟယ်က ခေါင်းညိမ့်သည်။ ပြီးနောက် သူမသည် အခန်းထဲ ဝင်သွားပြီး ကလေးတွေအတွက် ဖိနပ်နှင့် ခြေအိတ်များ ပြုလုပ်ပေးဖို့ ကျိုးရှီးအတွက် တစ်ချို့ကို သီးသန့်ဖယ်ထားရန် အခန်းထဲတွင် ပိတ်စအနည်းငယ်ကို ကိုက်ညှပ်ထားလိုက်ပြီး ကျန်တာကို အပြင်သယ်ယူလာသည်။ 


“ တစ်ယောက်ကို နှစ်စုံစီ။ နည်းနည်း ရှည်ပေးပြီး အရမ်းရှည်စရာ မလိုပါဘူး။ ကျန်တဲ့ပိတ်စကို မရီးအတွက် လုပ်အားခအနေနဲ့ ယူထားလိုက်ပါ။ အဲဒါက ကျိုးယန်လေးအတွက် အတွင်းဝတ် အနွေးထည် နှစ်ထည် လုပ်ပေးဖို့ လုံလောက်လိမ့်မယ် “ လင်းချင်းဟယ်က ပြောလိုက်သည်။ 


အတွင်းဝတ် အနွေးထည်နှင့် ဘောင်းဘီများကို နွေဦးရာသီတွင်လည်း ဝတ်ဆင်နိုင်သည်။ ဆိုလိုတာက နွေဦးအတွက် နောက်ထပ် အဝတ်အစား ပြုလုပ်စရာ မလိုအပ်တော့ဘူး။ နွေရာသီအတွက်ကတော့ နှစ်ထည်ထက်ပိုပြီး ပြုလုပ်ရမယ်။ ဒါပေမယ့် အဲအကြောင်းကို နွေရာသီရောက်မှပဲ ပြောကြတာပေါ့။ အခုချိန်က အရမ်းစောလွန်းသေးသည်။