အခန်း(၂၃) - ကျောက်မီးသွေး မီးဖို
စတိုးဆိုင်၏ ထောင့်တစ်နေရာဆီ သွားပြီးနောက် စောင်အဖုံးနှစ်ခုကို သိမ်းလိုက်ကာ ပဒေသာကုန်စုံ စတိုးဆိုင်အတွင်း ဆက်လက် လှည့်ပတ်ကြည့်ရှုနေသည်။
ဆိုင်ထဲတွင် လူကြီးနှင့် ကလေးတွေအတွက် အသင့်ဝတ်နိုင်သော အဝတ်အစားများ ရှိသည်။
မှောင်ခိုဈေးတွင် အထည်တစ်လိပ်ကို သုံးယွမ်သာ ကျသင့်ပြီး ကူပွန်လက်မှတ် အသုံးပြုရန် မလိုအပ်သော်လည်း စတိုးဆိုင်ထဲတွင် လူကြီးတစ်ယောက်ရဲ့ အဝတ်အစားက ငါးယွမ် ကုန်ကျလိမ့်မည်။
ကလေးတွေအတွက်က ဈေးပေါပြီး သုံးယွမ်လောက် ကျသင့်မည်။
အဲလိုဖြစ်တာတောင်မှ အထည် ကူပွန်လက်မှတ်ကို လိုအပ်နေသေးသည်။
မှောင်ခိုဈေးမှ အထည်တစ်လိပ်ဖြင့် ကိုယ်တိုင်လုပ် အဝတ်အစား ငါးစုံ သို့မဟုတ် ခြောက်စုံလောက် ပြုလုပ်နိုင်ပြီး စတိုးဆိုင်၏ နှပ်ချခြင်းကို ခံစရာမလိုဘူး။
ဒါပေမယ့် လင်းချင်းဟယ်က ကျောက်မီးသွေးမီးဖို အကြောင်းကိုတော့ မေးမြန်းလိုက်သည်။
“ ဒီအချိန်မှာ ကျောက်မီးသွေးမီးဖို ရနိုင်ဖို့က မလွယ်ကူဘူး “ ငယ်ရွယ်သော အရောင်းဝန်းထမ်းသည် သူမ(လင်းချင်းဟယ်)က စိတ်ရင်းကောင်းပုံပေါ်ပြီး ငယ်ရွယ်ကြည့်ကောင်းသည့်အပြင် အနီးအနားမှာလည်း ဘယ်သူမှမရှိတာ မြင်သောကြောင့် သူမနဲ့အတူ စကားစမြည် ပြောရန် စိတ်ဆန္ဒရှိသည်။
“ မလွယ်ကူဘူး ဆိုပေမယ့် တကယ်လို့ ရှိရင် ၎င်းနဲ့ အလဲအလှယ်လုပ်ဖို့ အစ်မမှာ တစ်စုံတစ်ခု ရှိတယ် “ လင်းချင်းဟယ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“ ဘာနဲ့ အလဲအလှယ် လုပ်မှာလဲ “ အရောင်းဝန်ထမ်းက သူမကို စိုက်ကြည့်ပြီး မေးသည်။
လင်းချင်းဟယ်၏ အဝတ်အစားနှင့် စိတ်သဘောထား ကောင်းမည့်ပုံကြောင့် မဟုတ်လျှင် အရောင်းဝန်ထမ်းက သူမကို စကားစမြည်ပြောဖို့ ဆန္ဒရှိမှာမဟုတ်ဘူး။ အခုအချိန်တွင် ဒီအလုပ်နေရာက ဝန်ထမ်းများသည် အလွန်အမင်း မာနကြီးမောက်မာကြပြီး ကျေးလက်နယ်သားများကို အထင်အမြင်သေးကြသည်။
“ လိုအပ်တဲ့အရာကို အစ်မ ပေးနိုင်တယ် “ လင်းချင်းဟယ်က ပွင့်ပွင့်လင်းလင်း ပြောသည်။
“ အစ်မလေသံက လှောင်နေသလိုပဲ “ အရောင်းဝန်ထမ်းက သူမကို စူးစမ်းစစ်ဆေးသလို ပြောသည်။
“ ညီမလေး.... မင်းမှာ အဆက်အသွယ်တွေ မရှိဘူးလား။ ရှိရင် ညီမရဲ့ဆောင်ရွက်ခကို အစ်မ မတွန့်တိုပါဘူး။ ညီမကို အစ်မ ဘာမှ မဖုံးကွယ်ထားဘူး။ အစ်မတို့မိသားစုမှ ဘာမှ မလိုအပ်ဘူး၊ မီးဖိုပဲ လိုနေတာ။ ပြီးတော့ အဲဒါက ဆောင်းရာသီမှာ ရေနွေးထည့်ဖို့ အဆင်ပြေတယ်။ ပုံမှန်အားဖြင့် ချက်ပြုတ်ဖို့ မသုံးဘူး “ လင်းချင်းဟယ်က သူမကို မျက်စိတစ်ချက် ဝေ့ကြည့်ပြီး တိုးတိုးလေး ပြောသည်။
“ တစ်ယောက်ကိုတော့ ညီမ သိပေမယ့် သူမှာ အိုး မရှိဘူး။ အစ်မသာ အိုး ရှာပေးနိုင်ရင် မီးဖိုကို အစ်မနဲ့ အလဲအလှယ်လုပ်ဖို့ ညီမ သူ့ကို မေးပေးမယ် ပြီးတော့ ကျောက်မီးသွေးတစ်ချို့လည်း ရနိုင်တယ် “ အရောင်းဝန်ထမ်းက သူမအသံကို နိမ့်လိုက်ပြီး တိုးတိုးလေး ပြန်ပြောသည်။
“ ညီမလေး.... သေချာလို့လား “
သူမက ပဒေသာကုန်စုံ စတိုးဆိုင်ကြီးမှာ အလုပ်လုပ်သောကြောင့် အဆက်အသွယ်များ ရှိလိမ့်မည်ဟု လင်းချင်းဟယ် ကနဦး၌ တွေးတောခဲ့သည်။ ဒါကြောင့် သူမ(လင်းချင်းဟယ်)က စုံစမ်းမေးမြန်းပေးရန် သူမအား လှုံဆော်ပေးပြီး အကျိုးအမြတ်အနည်းငယ်ကို ကတိပေးခဲ့သည်။ တကယ်တော့ အဲဒါက သူမကိုယ်တိုင် စန်းတဝါးဝါး လျှောက်ရှာနေတာထက် ပိုကောင်းသည်။
မမျှော်လင့်ထားဘဲ သူမ အခွင့်အရေးကောင်းကို ဖမ်းမိလိုက်တာပဲ။
“ အဲဒါက အစ်မ အိုး ယူလာနိုင်တဲ့အပေါ် မူတည်တယ်။ အစ်မမှာ တကယ်ပဲ အိုး ရှိတာလား “ ငယ်ရွယ်သော အရောင်းဝန်ထမ်းက သူမကို ကြည့်လာသည်။
“ ဘာလို့ ညီမကို လိမ်ရမှာလဲ။ အလဲအလှယ်ကို ဘယ်အချိန် လုပ်မလဲ “ လင်းချင်းဟယ်က တိုးတိုးပြောသည်။
“ ညီမအစား ဆိုင်ကို ကြည့်ပေးဖို့ တစ်ယောက်ယောက်ကို သွားမေးပြီး အစ်မအတွက် လူသွားခေါ်လာပေးမယ်။ အဲဒါက နှစ်နာရီနီးပါးတော့ ကြာလိမ့်မယ်။ ဒါပေမယ့် အရင်ဆုံး အစ်မရဲ့အိုးကို ညီမကို ပြပေးရမယ် “ အရောင်းဝန်ထမ်းက လိမ္မာပါးနပ်စွာ သိသိသာသာ တုံ့ပြန်သည်။
“ ဒါဆို ဒီမှာ အရင်စောင့်နေဦး “ လင်းချင်းဟယ်က ပြောသည်။
ထို့နောက် သူမသည် စတိုးဆိုင်အပြင်သို့ ထွက်သွားပြီး ကျိုးတုန်းကို သမဝါယမအဖွဲ့၏ ဝင်ပေါက်အနီး ခေါ်လာလိုက်သည်။ သူ့ကို ဒီနေရာမှာ စောင့်နေစေပြီး သူမကိစ္စကို ဖြေရှင်းရန် ပြန်သွားလိုက်သည်။
ဘယ်သူမှမရှိသည့် နေရာကို သူမ တွေ့သွားသောအခါ ခေတ်ဟောင်း ကိုင်းနှစ်ခုပါ အိုးကို ထုတ်ယူလိုက်ပြီး နိုင်လွန်အိတ်ထဲ ထုတ်ပိုးလိုက်သည်။
ထို့နောက် သူမနှင့်အတူ သယ်သွားပြီး အရောင်းဝန်ထမ်းကို ရှာလိုက်သည်။ သူမ၏မျက်လုံးက အရောင်လက်သွားပြီး ပြောသည်။ “ ဒီလောက်ကောင်းတဲ့အိုးနဲ့ အလဲအလှယ် လုပ်ချင်တာ သေချာလား အစ်မ “
“ သေချာတယ် မီးဖိုးနဲ့ အလဲအလှယ်လုပ်မှာ။ ကျောက်မီးသွေးမီးဖိုက ကောင်းနေမှာ ဖြစ်မှာနော်။ ငါ့အိုးက တံဆိပ်အသစ် “ သိုသိုသိပ်သိပ် ကိုင်းညွှတ်လိုက်ပြီး ပြောလိုက်သည်။ “ ပြီးတော့ ဒါက ရှန်ဟိုင်းကနေ လာတာ စက်မှုပစ္စည်း လက်မှတ်ကူပွန်မပါဘဲတောင် 225 ယွမ် ကျသင့်တယ် “
အရောင်းဝန်ထမ်းက အဲဒါကို မယုံကြည်ဘူး။ အိုးရဲ့ဈေးနှုန်းက ဘယ်လောက်ပဲ ဈေးကြီးကြီး ဒီလောက်ထိတော့ ပုံကြီးချဲ့ ချဲ့ကားစရာ မဖြစ်နိုင်လောက်ဘူး။ နှစ်ရာ ငါးဆယ့်ငါးယွမ်! သူမရဲ့လစဉ်လစာတောင် ဆယ့်ငါးယွမ်ပဲ ရတာ။
ဒါပေမယ့် ဒီအိုးက တကယ် အရည်အသွေးကောင်းတယ်ဆိုတာ မငြင်းပယ်နိုင်ဘူး။ ပြီးတော့ ဒီမှာရှိတဲ့အိုးတွေနဲ့လည်း မတူဘူး။ ဒါကြောင့် ရှန်ဟိုင်းက လာတယ်ဆိုတာ တကယ်ဖြစ်နိုင်တယ်။
“ ဈေးမဆစ်ပါနဲ့။ ညီမတို့မီးဖိုကလည်း အသစ်ပါပဲ။ ဒါပေမယ့် အစ်မအတွက် ညီမတို့ ကျောက်မီးသွေးတွေ ပိုပေးမယ် “ အရောင်းဝန်ထမ်းက ပြောသည်။
“ ကောင်းပြီလေ။ မြန်မြန်လုပ် “ လင်းချင်းဟယ်က ဆော်သြလိုက်သည်။
နောက်နှစ်နာရီ ကြာရင် ကုန်စုံစတိုးဆိုင်ကြီး၏ ဝင်ပေါက်၌ အရောင်းဝန်ထမ်းက သူမနှင့် တွေ့ဆုံရန် စီစဉ်ခဲ့သည်။ လင်းချင်းဟယ်ကလည်း သဘောတူလိုက်သည်။ သူမသည် ဘယ်သူမှ မရှိချိန်တွင် နယ်မြေထဲသို့ နိုင်လွန်အိတ်ကို ပြန်ထည့်လိုက်ပြီးနောက် လှည့်ပတ်ကြည့်ရန် မှောင်ခိုဈေးသို့ ဦးတည်လိုက်သည်။
ယခုအချိန်တွင် မှောင်ခိုဈေးကွက်၌ အသားရောင်းနေသူများ ရှိနေဆဲ ဖြစ်သော်လည်း လင်းချင်းဟယ်က ဘာမှမဝယ်ချင်ပေ။ ဆန့်ကျင်ဘက်အနေနဲ့ သူမသည် အဘွားအိုတစ်ယောက်ဆီ ဝက်ဗိုက်သား နှစ်ဂျင်းကို အမြတ်အစွန်းရှာပြီး ရောင်းချခဲ့သည်။
သူမက အသားလက်မှတ် မလိုချင်သောကြောင့် အဘွားအိုသည် တစ်ဂျင်းကို ငါးပြား ပေးခဲ့သည်။ အဘွားအိုက မျက်တောင် တစ်ချက်တောင် မခတ်ဘူး။
ယင်းကြောင့် လင်းချင်းဟယ်သည် အစ်မမိန်ထံမှ ကုန်ပစ္စည်းများ ရယူရောင်းချခြင်းဖြင့် စီးပွားရေး အခွင့်အလမ်း ရရှိနိုင်ကြောင်းကို မြင်ခဲ့သည်။ ဒါပေမယ့် အဲဒါကို တွေးကြည့်ပြီးတော့ သူမမှာ ပိုက်ဆံ တကယ် မချို့တဲ့လျှင် ဒီလမ်းကို သူမ မလုပ်နိုင်ဘူး။
လင်းချင်းဟယ်သည် အသားမှ ငွေ သုံးယွမ် ရရှိလိုက်ပြီး မှောင်ခိုဈေးကွက်မှ လက်ရက်ကန်းပိတ်စ တစ်လိပ်ကို ဝယ်ယူခဲ့သည်။
ထို့နောက် သူမသည် သူမ ဝယ်ထားပြီးသား ဖြစ်သော မှိုကဲ့သို့သော တခြား တောင်ပေါ်ပစ္စည်းများကို ကြည့်ရှုသည်။ သူမ လိုချင်သော ရွှေဖရုံသီးများကို မှောင်ခိုဈေး၏ ထောင့်တစ်နေရာတွင် တွေ့လိုက်သည်။ ၎င်းတို့က တော်တော်လေးကြီးသည်။ တစ်လုံးက သုံးနပ် သို့မဟုတ် လေးနပ်လောက် စားရန် လုံလောက်ပေမယ့် ငါးလုံးသာ ရှိသည်။ သူမက သုံးပြားနဲ့ ဝယ်ခဲ့သည်။
ထိုအရာများကို လှည်းပေါ် နေရာချရန် သယ်သွားလိုက်သည်။ အထူးသဖြင့် ပိတ်စလိပ်ပေါ့။ လင်းချင်းဟယ်သည် လှည်းအား ထောင့်တစ်နေရာသို့ ဆွဲလာရန် ကျိုးတုန်းကို ခိုင်းလိုက်သည်။ ထို့နောက် သူမသည် ၎င်းတို့ကို နယ်မြေထဲမှ ထုတ်ယူပြီး လှည်းအောက်ခြေတွင် နေရာချ ထည့်လိုက်သည်။
တစ်ချိန်တည်းမှာပဲ သူမ မကြာခင်က ဝယ်လာသည့် စောင်အဖုံးနှစ်ခုကိုလည်း လှည်းအောက်ခြေမှာ ထည့်လိုက်သည်။
ထိုပစ္စည်းများကို မြင်လိုက်ရသောအခါ ကျိုးတုန်း၏မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
ဒေါ်လေးမှာ ပိုက်ဆံနည်းနည်းလေးပဲ ရှိတယ်ဆိုတဲ့အကြောင်း ကောလာဟလတွေ ရွာထဲမှာ အမြဲတမ်း ပျံလွင့်နေရတဲ့ အကြောင်းရင်းကို နောက်ဆုံးတော့ သူ နားလည်သွားပြီ။
ဒါတွေကို သူ့မျက်လုံးနဲ့သာ တပ်အပ် မမြင်လိုက်ရရင် သူ့ဒေါ်လေးက ဘယ်လောက်တောင် အသုံးစွဲကြီးပြီး လက်ဖွာတယ်ဆိုတာ သိလိုက်မှာ မဟုတ်ဘူး။
“ တုန်းလေး..... မိန်းမတစ်ယောက်အနေနဲ့ ပိုက်ဆံ သုံးစွဲဖို့ တာဝန်ယူရင် ရပြီလေ။ ပိုက်ဆံရှာတာက မင်းတို့ ယောကျာ်းတွေရဲ့ အလုပ်ပဲ။ မိန်းမတွေက ပိုက်ဆံသုံးစွဲပြီး အိမ်က ဝေယျာဝစ္စအရာရာကို ဂရုစိုက်ဖို့ တာဝန်ရှိတယ်။ မဟုတ်ရင် ယောကျာ်းတွေ ပိုက်ဆံရှာလည်း ဘာထူးမှာလဲ။ ငွေကို သုံးစွဲဖို့ ရှာရတာ…… စုဆောင်းဖို့ မဟုတ်ဘူး “ လင်းချင်းဟယ်က ရှင်းပြသည်။
ကျိုးတုန်း : “ ………… “
ရွာသူရွာသားတွေ ပြောနေကြတာတွေ အားလုံးက ကောလာဟလတွေပဲ မဟုတ်ဘူး။ ဒေါ်လေး၏ ဒီယုံကြည်ချက်က အမှန်တကယ်ပင် ကြောက်စရာကောင်းလှသည်။
ထိုအရာများကို ဝယ်ယူပြီးနောက် လင်းချင်းဟယ်သည် သူ့ကို စတိုးဆိုင်သို့ ခေါ်ဆောင်လာကာ စောင့်ဆိုင်းနေခဲ့သည်။ နာရီဝက်လောက် စောင့်ပြီးမှ အရောင်းဝန်ထမ်းက ပြန်လာသည်။ စက်ဘီးနှင့် ပြန်လာသော သူမသည် မောဟိုက်နေပြီး သူမ(လင်းချင်ဟယ်)ကို မြင်သောအခါ သိသိသာသာ စိတ်သက်သာရာရသွားသည်။
“ ညီမနဲ့ လိုက်ခဲ့ပါ “ အရောင်းဝန်ထမ်းက တိုးတိုးလေး ပြောသည်။
“ တုန်းလေး… ဒီမှာစောင့်နေဦး “ လင်းချင်းဟယ်သည် မှောင်ခိုဈေးမှ ထွက်လာပြီးနောက် သူမထည့်ထားသည့် မြွေသားရေအိတ်ကို လှည်းထဲမှ ထုတ်ယူလိုက်သည်။ သူမက ကျိုးတုန်းကို ပြောပြီး အရောင်းဝန်ထမ်းနောက်သို့ လိုက်သွားသည်။
လူငယ်တစ်ယောက်သည် စက်ဘီးပေါ်တင်ထားသည့် ကျောက်မီးသွေးမီးဖိုနဲ့ ကျောက်မီးသွေး အိတ်တစ်ဝက်ကျော် နှင့်အတူ သူတို့ကို စောင့်နေသည်။
“ ဒါက အသစ်မဟုတ်ဘူး “ လင်းချင်းဟယ်က မီးဖိုကို ကြည့်ပြီး စိတ်ကျေနပ်မှုမရှိပေ။
“ အသစ်မဟုတ်တာနဲ့ဘဲ ဆုံးဖြတ်ချက် မချပါနဲ့ဦး။ ဒါက သုံးလို့ကောင်းနေတုန်းပါပဲ။ ကျွန်တော်တို့အိမ်မှာ အကြိမ်ပေါင်းများစွာ မသုံးရသေးပါဘူး။ အဓိက,ကတော့ ကျွန်တော်တို့မှာ ဒယ်အိုးမရှိလို့ မဟုတ်ရင် ကျွန်တော်တို့မိသားစုက ဒါကို ထုတ်လာမှာမဟုတ်ဘူး “ အပြာရောင် အလုပ်ဝတ်စုံ ဝတ်ထားသော လူငယ်က ပြောသည် “ ဒါတင်မကသေးဘူး ကျောက်မီးသွေး အများကြီးလည်း ယူလာပေးတယ်လေ။ နောက် ကျောက်မီးသွေးတွေ ကုန်သွားရင် ကျွန်တော့်ညီမဆီ သွားရှာလို့ရတယ်။ အတွင်းဈေးနဲ့ပဲ ရောင်းပေးမယ် “
“ ဘယ်လိုလုပ် ညီမ ဖြစ်မှာလဲ။ မင်းရဲ့ဇနီး ဆိုတာ သိသာနေတာ “ လင်းချင်းဟယ်က သူတို့ကို မျက်စိတစ်ချက်ဝေ့ကြည့်ရင်း ပြောလိုက်သည်။
နောက်ဆုံးတော့ ဒီခေတ်က လူတွေက ရိုးရှင်းတယ်။ နှစ်ယောက်သား သူတို့အကြောင်း ပေါ်သွားသောအခါတွင် ချက်ချင်းပင် ရှက်သွားကြသည်။ ပြီးတော့ သူတို့က ကျွမ်းကျင်အတတ်ပညာရှင်တွေ မဟုတ်ကြဘူး။
အရောင်းဝန်ထမ်းက ရှက်သွေးဖြန်းသွားပြီး “ လက်မထပ်ရသေးပါဘူး “
“ ဒီမောင်လေးက နောင်အနာဂါတ်မှာ မင်းသုံးဖို့ လိုအပ်တဲ့ဒယ်အိုးကို ပြင်ဆင်ထားပြီးပြီ။ မဆိုးဘူး။ သူနဲ့အတူရှိနေရင် မင်းအနာဂါတ်မှာ ကောင်းချီးခံစားရမှာပါ “ လင်းချင်းဟယ်က မှတ်ချက်ပေးပြီး ဆက်ပြောသည်။ “ ကောင်းပြီလေ မင်းဆန္ဒအတိုင်းပေါ့။ မိသားစုကနေ ခွဲထွက်ရင် ဒယ်အိုး မပါဘဲ မင်း နေလို့မရနိုင်ဘူး။ ခွဲခွာတဲ့အချိန်တုန်းက ငါ့မိခင်မိသားစုကနေ ဒယ်အိုးကို ရခဲ့တာ မဟုတ်ရင် ခွဲခွာခွင့်ပြုမှာ မဟုတ်ဘူး “