အခန်း(၂၈) - ဆောင်းရာသီအတွက် ထင်းများသိုလှောင်ခြင်းနှင့် ကျန်ရှိနေသောထင်းများအား လုံခြုံစွာ သိမ်းဆည်းခြင်း
သို့သော်လည်း ကျောက်မီးသွေးမီးဖိုနှင့် ကျောက်မီးသွေးအပြင် အိုးအသစ်တစ်လုံးပါရှိကြောင်းကို ဒုတိယမရီးထံမှ အနည်းငယ် ကြားသိခဲ့ရသည်။
လင်းချင်းဟယ်သည် အရင်တုန်းက ဆန်ဝယ်ယူခဲ့ဖူးသော်လည်း ကျင်းအနည်းငယ်သာရှိပြီး အလွန်စျေးကြီးသည်။ အစားအသောက်လက်မှတ်တွေလည်း အများကြီး လိုအပ်သည်။ သို့သော် အဲ့တာကို ဝယ်ယူခဲ့တာ ကြာပြီဆိုတော့ အနည်းငယ်ခန့်သာ ကျန်ရှိနိုင်တော့မည်။
ပြောစရာတောင် မလိုဘူး။ သူမ မနေ့က ခရိုင်မြို့ကိုသွားတုန်းက ဝယ်ခဲ့တာပဲ ဖြစ်မည်။
နှမ်းစေ့တွေကို ဘေးဖယ်ထားပြီး နံရိုးတွေကိုပင် ပြင်ဆင်လိုက်သေးသည်။ ဒါက တော်တော်လေး အရသာရှိမယ့်ပုံပဲ။ သူတို့အဖွဲ့မှာတောင် အသားတွေကို မဝေခြမ်းရသေးဘူး။
သူတို့ နောက်ဆုံးအကြိမ် အသားစားခဲ့ရတာက မနှစ်က ဆောင်းဦးရိတ်သိမ်းချိန်ကပင် ဖြစ်သည်။
ဒီနေရာမှာ အသားကို ဆောင်းဦးရိတ်သိမ်းပြီးချိန်မှာ တစ်ကြိမ်၊ နှစ်သစ်မကူးခင်မှာ တစ်ကြိမ် တစ်နှစ်လျှင် နှစ်ကြိမ် ခွဲဝေပေးသည်။
ပြီးရင် နောက်တစ်နှစ်ကို စောင့်ဆိုင်းရသည်။
ဒါပေမယ့် လင်းချင်းဟယ် ဒီလိုပြုမူနေတာကိုကြည့်လိုက်တာနဲ့တင် ဒါက ချမ်းသာပြီး တစ်ဇွတ်ထိုးလုပ်တာ ထင်ရှားသည်။
“အိမ်မှာ နည်းနည်းရှိသေးတယ်။ ဒါပေမယ့် သိပ်မများဘူး။” ကျိုးလောင်အာ့လေး ပြန်မဖြေခင်မှာ သူ့မျက်လုံးတွေက လှည့်သွားခဲ့သည်။
ငါးနှစ်အရွယ်ကလေးတစ်ယောက်က လိမ်ညာပြောဆိုလိမ့်မယ်လို့ ဘယ်သူမှ သံသယဝင်မှာ မဟုတ်ဘူး။ နောက်တစ်ခုက ဒီလိုဆန်ဝယ်လို့ရဖို့က မလွယ်ကူဘူး။ ရွာသူရွာသားတွေက ဆန်ကိုမစားကြပဲ မြို့ပြနေသူများသာ ဆန်ကိုစားသုံးကြတာဖြစ်သည်။
ဆန်က စျေးကြီးလွန်းပြီး ဂျုံဖြူနှင့်ပင် နှိုင်းယှဥ်နိုင်သည်။ ဒါ့ကြောင့် ဆန်ကိုဝယ်ဖို့ အပိုဝင်ငွေ ဘယ်သူသုံးစွဲနိုင်မှာလဲ။ ထို့အပြင် ဆန်ကိုဝယ်ယူဖို့ အစားအသောက်လက်မှတ်လည်း လိုအပ်ပါသေးသည်။
နှစ်ကုန်တွင် ရိက္ခာလက်မှတ်များ ဖြန့်ဝေသည်။ သို့သော် ထိုလက်မှတ်များတွင် အစားအသောက်လက်မှတ်များ၊ တင်သွင်းဆီလက်မှတ်များနှင့် အဝတ်အထည်လက်မှတ်များ မပါဝင်ပါ။
ခြောက်နာရီခန့်တွင် ကျိုးတုန်သည် ထင်းနှစ်စည်းဖြင့် ရောက်ရှိလာခဲ့သည်။
လင်းချင်းဟယ်သည် ထင်းစည်းအတွက် အခကြေးငွေကို ပေးခဲ့သော်လည်း ကျိုးတုန်က လက်မခံခဲ့ပါ။
မနေ့ညက မောင်နှမနှစ်ယောက်သား မိုးစုန်းစုန်းချုပ်ချိန်မှာ စောင်ကို လာယူကြသည်။ တကယ့်ကိုနွေးထွေးပြီး နူးညံ့တဲ့ စောင်တစ်ထည်ပါပဲ။ သူတို့မိသားစုမှာရှိတဲ့ စောင်နဲ့မတူဘူး။ သူတို့လက်ရှိ အသုံးပြုနေတဲ့စောင်က သုံးစွဲနေတာ အချိန်ကြာမြင့်နေပြီဖြစ်ပြီး ခြောက်သွေ့မာကြောလှသည်။ သူတို့မှာ ခြုံစရာမရှိတာထက်စာရင် ဒါက ပိုကောင်းပေမယ့် တကယ့်ကို အနွေးဓာတ် မပေးစွမ်းနိုင်တော့ပါဘူး။
လင်းချင်းဟယ်ပေးလိုက်သောစောင်သည် အတော်လေး သစ်လွင်နေပြီး နွေးထွေးမှုပေးစွမ်းနိုင်သေးသည်။ အနည်းဆုံးတော့ ဒီလိုစောင်တစ်ထည်ပိုင်ဆိုင်လိုက်ရတော့ သူ့ညီမလေး ဒီဆောင်းရာသီမှာ အေးခဲနေဖို့ မလိုအပ်တော့ဘူး။
သူ့အတွက်ကတော့ အဆင်ပြေပါတယ်။ သူက အအေးဒဏ်ကို ခံနိုင်ရည်ရှိတယ်။
ရှန်းကျီပေးသောစောင်ကိုယူပြီးပြီဖြစ်၍ သူက ဘယ်လိုလုပ်ပြီး ဒီထင်းဖိုးငွေကို လက်ခံနိုင်မှာလဲ။ တကယ်တော့ သူ ပြန်သယ်လာပေးခဲ့တဲ့ ထင်းစည်းအတွက် အခကြေးငွေကို မယူဖို့ အရင်ကတည်းကပင် ကြံစည်ထားခဲ့တာဖြစ်သည်။
“မင်း ဒီအခကြေးငွေကို လက်မခံဘူးဆိုရင် ငါ ဒီထင်းစည်းတွေကို လက်မခံဘူး။” လင်းချင်းဟယ်က ပြတ်ပြတ်သားသားပြောသည်။
“ရှန်းကျီ...”
သူ့စကားမဆုံးခင်မှာပင် ကျိုးတုန်အား လင်းချင်းဟယ်က စကားဖြတ်ပြောလိုက်သည်။ “ရှန်းကျီရဲ့စောင်က အသုံးပြုပြီးသားပဲ။ အကယ်၍ ငါ အဲ့စောင်ကို အသုံးမပြုရသေးဘူးဆိုရင် ငါ အဲ့စောင်ကို ပေးပစ်မှာ မဟုတ်ဘူး။ ဒ့ါကြောင့် အဲ့တာနဲ့ပတ်သက်ပြီး ဝန်လေးစရာမလိုဘူး။ ဒီနေ့ အစားအသောက်တွေ ပြန်သယ်လာပေးဖို့ကိုလည်း မင်းကူညီပေးခဲ့ပြီး ရှီလေးကလည်း ကလေးသုံးယောက်ရဲ့ ဖိနပ်နဲ့ ခြေအိတ်တွေကို အခု အိမ်မှာ ကူချုပ်ပေးနေတယ်။ မင်း ငါ့ကို ကူညီပေးထာတာတွေ အများကြီးပဲ။ ဒါလေးက ကိစ္စတစ်ခုလေးပါပဲ။”
ထို့နောက် လင်းချင်းဟယ်က သူ့ကို ထပ်မှာလိုက်သည်။ “မှတ်ထားဦး။ ဆောင်းရာသီ ဂျုံပျိုးကျဲပြီးသွားရင် မင်း ထင်းတွေ ထပ်ပို့ပေးဦး။”
“ရှန်းကျီ...”
“တစ်ခုခုစားဖို့ မြန်မြန်ပြန်လာတော့။ မင်း ဒီနေ့တစ်နေကုန် အလုပ်များပြီး ပင်ပန်းသွားရပြီ။” လင်းချင်းဟယ်က ပြောသည်။ ထို့နောက် သူမသည် ကျိုးတုန်ကို စိတ်အနှောင့်အယှက်မပေးတော့ပဲ တံခါးပိတ်ချလိုက်သည်။
အခုအချိန်က တော်တော်လေး နောက်ကျနေပြီ။ ခြောက်နာရီသာထိုးသေးပေမယ့် ရာသီဥတုက အေးနေပြီ။ ကောင်းကင်ယံမှာလည်း မှောင်ရီသန်းနေပြီလေ။
အိမ်မှာ ရေနံဆီ သိပ်မကျန်တော့ဘူး။ အသုံးပြုဖို့ တစ်လလျှင် ကျင်းတစ်ဝက်သာ ရရှိနိုင်သည်။ ဒါက ဘယ်လို လုံလောက်နိုင်မှာလဲ။
နောက်တစ်ခါ အသားဝယ်သွားရင်း မိန့်ကျဲနဲ့တွေ့တဲ့အခါကျရင် သူမမှာ ရေနံဆီဝယ်လို့ရမယ့်နေရာက အသိရှိမရှိ မေးမြန်းကြည့်ရမယ်။ သူမအိမ်အတွက် ရေနံဆီ များများပြင်ဆင်ထားရမယ်။
လင်းချင်းဟယ်သည် ဒီအချိန်တိုင်း ကလေးတွေကို ရေနွေးဖြင့် ဆေးကြောသန့်စင်ပေးဖို့ ရည်ရွယ်ထားသည်။
သုံးရက်တစ်ကြိမ်သာ ရေချိုးပေးသော်လည်း ခြေလက်များကိုမူ နေ့တိုင်း ဆေးကြောပေးလေသည်။
ဆေးကြောသန့်စင်ပေးပြီးနောက် သူမသည် သုံးယောက်စလုံးကို အနွေးကုတင်ပေါ်သို့ တွန်းထုတ်လိုက်သည်။
(ခန်း/ အုတ်ကုတင်ကို အနွေးကုတင်ဟု ပြောင်းလဲသုံးစွဲသွားပါမည်။)
သူမသည် ရေနံဆီမီးအိမ်လေးကို ထွန်းညှိပြီးနောက် ဆွယ်တာအင်္ကျီများကို ဆက်လက်ချည်ထိုးနေခဲ့သည်။
လောင်တက နှုတ်မှ လွတ်ခနဲပြောထွက်လာသည်။ “အမေ စောစောက သားအပေါက်ဝမှာ ကစားနေတုန်း လူတစ်ယောက်က ကျွန်တော်တို့အိမ်မှာ ဆန်ရှိသေးလားလို့ သားကိုလာမေးတယ်။ သားလည်း အိမ်မှာ သိပ်မကျန်တော့ဘူးလို့ ပြန်ဖြေလိုက်တယ်။”
“တော်တယ်။” လင်းချင်းဟယ်သည် သူလေးကို ချီးကျူးသဘောကျတဲ့အကြည့်ဖြင့် ကြည့်လိုက်သည်။
“ဟီးဟီး...” လောင်တက ပြုံးဖြဲဖြဲဖြစ်သွားသည်။
ထိုအခါမှ လင်းချင်းဟယ် အဲ့တာကို သတိရသွားသည်။ အခု ကောက်ပဲသီးနှံတွေ ဝေခြမ်းပေးနေပြီ။ ဒီရက်ပိုင်းမှာ ရာသီဥတုအခြေအနေ အတော်လေးကောင်းမွန်နေသေးပေမယ့် လူတော်တော်များများကတော့ သူတို့အိမ်တံခါးတွေ ပိတ်ထားကြပြီ။ လင်းချင်းဟယ်သည်လည်း အအေးဒဏ်ကို ကာကွယ်ဖို့ ကြိုတင်ပြင်ဆင်ထားတာက ပိုကောင်းတယ်လို့ ခံစားမိနေဆဲပါပဲ။
ဒါ့ကြောင့် သူမသည် သုံးရက်လောက် စောင့်ဆိုင်းပြီးနောက် ကျိုးရှီကို သူမရဲ့အစီအစဥ်တွေကို ပြောပြလိုက်သည်။
ကျိုးရှီသည် လောင်တနှင့် သူ့ညီအစ်ကိုများအတွက် ဖိနပ်တွေနဲ့ ခြေအိတ်တွေကို ဒီသုံးရက်အတွင်း မြန်မြန်ချည်ထိုးပေးခဲ့ပြီး မနက်ဖြန်တွင် သူမအစ်ကိုဖြစ်သူနှင့်အတူ အပြင်ထွက်၍ ထင်းရှာရန်လုပ်သည်။
လင်းချင်းဟယ်က ပြောသည်။ “မင်းအစ်ကိုနဲ့အတူ ထင်းရှာဖို့ နောက်ထပ်ရွာသားနှစ်ယောက်လောက် ရှာကြည့်လိုက်ပါဦး။ အချိန်တန်ရင် မင်းအစ်ကိုကြီးက သူတို့ကို အခကြေးငွေ နည်းနည်းလောက်ပေးလိုက်ရင် မင်းသွားစရာ မလိုတော့ဘူး။ မင်းက အိမ်စောင့်နေခဲ့ပေါ့။”
ရွာသူရွာသားများထဲမှာ ခြေဆော့လက်ဆော့တတ်သောသူများလည်း ရှိသည်။ မောင်နှမနှစ်ယောက်စလုံးက ထိုအစားအစာတွေကိုပဲ တစ်နှစ်ပတ်လုံးစာ အားကိုးအားထားပြုရမှာဖြစ်သည်။
ကျိုးရှီ အေးခဲသွားသည်။ “ရှန်းကျီ ဘာမှ မဖြစ်နိုင်ပါဘူး။”
“သာမာန်အခြေအနေအရဆိုရင်တော့ မဖြစ်နိုင်ဘူးပေါ့။ ဒါပေမယ့် ဒီလိုမျိုးတော့ ကြုံတွေ့ရတတ်တယ်။ မင်းအစ်ကိုနဲ့အတူ ထင်းရှာဖို့ အခြားတစ်ယောက်ကိုပဲ ရှာလိုက်ပါ။ တခြားသူတွေကလည်း တစ်နေ့လုံးရှာမယ်ဆိုရင် ထင်းနှစ်စည်းလောက်တော့ ရနိုင်မှာပဲ။ ပြီးရင် အခကြေးငွေကို မင်းအစ်ကိုနဲ့ ညီတူညီမျှခွဲဝေယူဖို့ပြောလိုက်ပါ။ အဲ့တာဆို မင်းသွားစရာမလိုတော့ဘူး။” လင်းချင်းဟယ်က ရှင်းပြသည်။
ကျိုးရှီသည် သူမပြောစကားများကို လေးလေးနက်နက် နားထောင်နေပြီး သူမပြောပြီးသောအခါ ခေါင်းညိမ့်သဘောတူလိုက်သည်။
သူမ အိမ်ပြန်ရောက်တာနဲ့ ဒီအကြောင်းကို သူမအစ်ကိုအား ပြောပြလိုက်သည်။ ဒီအကြောင်းကို ကြားလိုက်ရတော့ ကျိုးတုန်သည်လည်း လူတစ်ယောက်ကို အိမ်စောင့်ထားခဲ့တာက ပိုကောင်းတယ်လို့ ခံစားလိုက်ရသည့်အတွက် သူနှင့်အတူ ထင်းရှာဖို့ လုပ်ဖော်ကိုင်ဖက်ရှာရန် ထွက်သွားသည်။
ကျိုးတုန်သည် အလုပ်ကြိုးစားပြီး ဇွဲလုံ့လရှိသူတစ်ယောက်ဖြစ်ကာ ရွာတွင် သူ့အဖော်ကောင်းများရှိသည်။ ဒီလိုကိစ္စမျိုးအတွက် သူက သူ့ရဲ့အကောင်းဆုံးမိတ်ဆွေကို ရှာခဲ့သည်။ သူက လူနှစ်ယောက်ရှာခဲ့ပြီးတော့ ရရှိလာမည့်အခကြေးငွေကို အညီအမျှခွဲဝေပေးမယ်လို့ ပြောခဲ့သည်။
လင်းချင်းဟယ်ကို ထိုထင်းစည်းများ ရောင်းချကြောင်း လုပ်ဖော်ကိုင်ဖက်နှစ်ဦးကို ပြောလိုက်သောအခါတွင် သူတို့သည် ပုံမှန်အတိုင်းပင် ကန့်ကွက်ခြင်း မရှိပေ။
သူတို့သည်လည်း ထင်းရှာပြီး ရောင်းချကြသူများဖြစ်သည်။ သူတို့သည် ခရိုင်မြို့၌ ထင်းနှစ်စည်းခန့် ရောင်းချနိုင်လျှင် ငွေပြားသုံးဆယ်နီးပါး ရရှိကြသည်။ ဒါပေမယ့် ခရိုင်မြို့က တော်တော်လေးဝေးပါသည်။ သူတို့သည် ကျိုးတုန်ကို အလွန်မနာလိုဖြစ်မိသွားသည်။
သူက ရွာကို တိုက်ရိုက်ပြန်သယ်ပြီး စတုတ္ထရှန်းကျီကို ရောင်းချသည်။ သူသည် ခရီးဝေးဝေးမသွားရပဲ ထင်းရောင်းရငွေသည် ခရိုင်မြို့ပေါက်စျေးလောက် ရရှိသည်။ တစ်ခါတစ်ရံတွင် နှမြောတွန့်တိုတတ်သောသူ တစ်ယောက် နှစ်ယောက်လောက်ဖြင့် ကြုံမိလျှင် သူတို့ဟာ ငွေပြားသုံးဆယ်လောက်ပင် မရရှိကြပါ။
သို့သော် စတုတ္ထရှန်းကျီက အခြားဘယ်သူနှင့်မျှ မတူပါ။ သူမသည် အခြားလူတွေက သူမကို လူတွေကို အခကြေးငွေဖြင့် ခိုင်းစေအသုံးချတဲ့ လူတစ်ယောက်လို့ နာမည်အတပ်ခံရမှာကို စိုးရိမ်သည်။ ကျိုးတုန်ကို ခိုင်းစေရခြင်းက ဒီမောင်နှမနှစ်ယောက်က ထမင်းအနပ်အချို့ အပိုစားသောက်ရဖို့အတွက် ကြိုးစားရှာဖွေရသည်ကို သိရှိသောကြောင့်ဖြစ်စည်။ ဒီနည်းဖြင့် သူမအကြောင်းကို မည်သူတစ်ဦးတစ်ယောက်မျှ အတင်းစကားမထွက်လာနိုင်ချေ။
“ရှန်းကျီက ကျွန်တော်တစ်ယောက်တည်းကိုပဲ ထင်းရှာခိုင်းပေမယ့် ကျွန်တော်တစ်ယောက်တည်း မရှာနိုင်လို့ ခင်ဗျားတို့ကို မေးရတာပဲ။ မင်းတို့ အဓိပ္ပာယ်မရှိတာတွေ ပြောမယ်ဆိုရင် ကျွန်တော် ခင်ဗျားတို့ကို နောင်မှာ ကိစ္စကောင်းတွေကြုံရင် ရှာတော့မှာ မဟုတ်ဘူး။” ကျိုးတုန်က ပြောသည်။
“အေးပါကွာ ငါတို့အပိုမပြောပါဘူး။” သူ့လုပ်ဖော်ကိုင်ဖက်နှစ်ယောက်လုံးက ချက်ချင်း သဘောတူသည်။
လူမိုက်တွေသာ ဒီလိုအလုပ်ကိစ္စမျိုးကို ငြင်းပယ်ကြလိမ့်မည်။ ရှန်းကျီသည် အသုံးအဖြုန်းကြီးသူတစ်ယောက် ဖြစ်သော်လည်း သူမသည် အခြားရွာသူရွာသားများနှင့် မတူပေ။ သူမသည် အပြင်သို့ သိပ်မထွက်ပေ။
နောက်တစ်နေ့ နေမထွက်မီအချိန်မှာပင် သူတို့က ကျိုးတုန်ရဲ့တွန်းလှည်းကိုဆွဲကာ ထင်းအရှာထွက်လာခဲ့ကြသည်။
နေ့လည်သုံးနာရီလောက်မှာ ထင်းတွန်းလှည်းတစ်စီးတိုက်အပြည့်ဖြင့် ပြန်လာကြသည်။ ထင်းစည်းအားလုံးကို သေသေသပ်သပ် စည်းနှောင်ထားပါသည်။ စုစုပေါင်း ထင်းဆယ့်သုံးစည်း ရရှိလာကြသည်။
တွန်းလှည်းတစ်စီးတိုက်အပြည့်ဖြင့် အိမ်တံခါးဝသို့ ရောက်ရှိလာသည်။
ကျိုးတုန်က ထိုထင်းစည်းများကို သူ့ဖာသာသူ သယ်လာပေးသည်။ သူ့အဖော်တွေက လိုက်ပါမလာခဲ့ဘူး။ အဘယ့်ကြောင့်ဆိုသော် ဒါက ကျိုးတုန်ရဲ့တာဝန်ဖြစ်ပြီး သူတို့က အမြတ်ထုတ်လိုသောကြောင့်ဖြစ်သည်။
လင်းချင်းဟယ်သည် အနည်းငယ် အံ့အားသင့်သွားသည်။ သူမက သူတို့ထင်းစည်း ခုနစ်စည်း ရှစ်စည်းခန့်လောက်သာရလိမ့်မယ်လို့ တွေးထားတာဖြစ်သည်။ သူတို့တွေ ဒီလောက်များများ ရလာနိုင်မယ်လို့ မထင်ထားခဲ့ဘူး။
လင်းချင်းဟယ်သည် ကျိုးတုန်ကို ထင်းဆယ့်သုံးစည်းအား အိမ်နောက်ဖေးရှိ သိုလှောင်ရုံထဲသို့ ရွှေ့ခိုင်းလိုက်သည်။ သူမသည် အထဲသို့ပြန်ဝင်သွားပြီး ကျိုးတုန်အတွက် သကြားညိုရေတစ်ခွက် ပြင်ဆင်လိုက်သည်။ ကျိုးတုန်သည် ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။ လင်းချင်းဟယ်က အခကြေးငွေမပေးခင် သူ့ကို သကြားရေသောက်ခိုင်းလိုက်သည်။
ကျိုးတုန်ကို ထင်းဆယ့်သုံးစည်းအတွက် အခကြေးငွေ စုစုပေါင်း နှစ်ယွမ်ပေးလိုက်သည်။
ယခုနှစ် ဆောင်းရာသီအတွက် အိမ်တွင်း၌ သီးခြားခွဲနေထိုင်ရမည်ဖြစ်၍ သူမမိသားစု၏ လောင်စာအတွက် ထင်းများသည် အရင်းအမြစ်ဖြစ်သောကြောင့် ဒီအတွက်ငွေကြေးသုံးစွဲခြင်းကို နှမြောတွန့်တိုခြင်းမရှိပေ။
ကျိုးတုန်သည် သူမ၏ စိတ်နေသဘောထားကို သိရှိပြီးနောက် မျက်နှာပူ ကသိကအောက်ဖြစ်စွာ သူ့အဖော်နှစ်ယောက်နှင့် အခကြေးငွေကို ခွဲဝေရန် သွားခဲ့သည်။