အခန်း ( ၁၅ )
ရွှေရောင်နေမင်းကြီးသည် အနောက်ဖက်သို့ ဝင်ရောက်ပျောက်ကွယ်သွားပြီး ကောင်းကင်သည် တဖြည်းဖြည်း မည်းမှောင်လာ၏။
ရဲမက်များအတွက် လေ့ကျင့်ရေးပြေးကွင်းများမှာလဲ တဖြည်းဖြည်း လူသူကင်းမဲ့လာသည်။ ထောင့်နားတွင် အပေါ်တက် အောက်ဆင်း ရွေ့လျားနေသည့် အနက်ရောင်ပုံရိပ်လေးတစ်ခုသာ ရှိသည်။ သံနှင့် သံမဏိရောစပ်ထားသည့် လှံတစ်ချောင်းနှင့် မမောမပန်း လေ့ကျင့်နေသည်။ သူသည် အနားယူဖို့ရည်ရွယ်ချက် ရှိဟန်မတူချေ။
အကြပ်အဆင့်အရာရှိများက ညနေစာကိုသယ်လာရင်း စစ်ရေးပြကွင်းကို ဖြတ်လျှောက်လာခဲ့ကြသည်။ ယွီတွမ်းစုက လှမ်းအော်လိုက်၏။ “ ချောင်ရှန်း မင်း မနားသေးဘူးလား”
မော့ချောင်ရှန်းက သူ့လှံကိုချထားလိုက်ကာ ဒူးထောက်ထိုင်ချပြီး ဦးညွှတ်အလေးပြုလေသည်။
“စစ်သူကြီးယွီကို နှုတ်ဆက်ပါတယ် ကျွန်တော် ခဏလောက်ဆက်ပြီးတော့ လေ့ကျင့်ချင်သေးလို့ပါ”
သူ့နဖူးပေါ်တွင် ချွေးများဖြင့်စိုရွှဲနေပြီး ရေလို တစ်စက်စက် စီးကျနေ၏။ သို့သော်ငြားလဲ သူ့မျက်လုံးများက တောက်ပနေပြီး သူ့စိတ်ဓာတ်ခွန်အားက အားမာန်အပြည့်ဖြစ်နေကာ မောပန်းနွမ်းနယ်နေသည့် အရိပ်အယောင် လုံးဝမပြချေ။
ယွီတွမ်းစုက သူ့ပန်းကန်ထဲက မန်ထိုနှစ်လုံးကိုယူလိုက်ပြီး မော့ချောင်ရှန်း လက်ထဲသို့ ထိုးထည့်ပေးလိုက်၏။ “ ဝီရိယရှိတာ ကောင်းပါတယ် ဒါပေမဲ့လဲ အလွန်အကျွံ မပင်ပန်းစေနဲ့ အရင်ဆုံး မင်းဗိုက်ကို ဖြည့်ဖို့ တစ်ခုခုစားလိုက်ဦး”
မော့ချောင်ရှန်းသည် လက်နှစ်ဖက်ဖြင့် အစားအသောက်ကို လှမ်းယူလိုက်ပြီး ကျေးဇူးတင်စိတ်ကို ဖော်ပြဖို့ရန် တလေးတစား ဦးညွှတ်လိုက်လေသည်။
အဝေးသို့ဆက်ပြီး လျောက်လာသည်တွင် အကြပ်အရာရှိတစ်ယောက်က ယွီတွမ်းစုကို ပြောလိုက်လေ၏။
“အဲ့ဒီမော့ချောင်ရှန်းက တကယ်ရူးတာပဲ။ နေ့တိုင်း လေ့ကျင့်ရေးကွင်းထဲကို လာနေတာ တွေ့တယ်။ မနက်မိုးမလင်းခင်ကနေ ညလထွက်တဲ့အထိ လေ့ကျင့်နေတာ”
နောက်ထပ်လူတစ်ယောက်က ထပ်ပြောသည်။ “ သူက ကျွန်တစ်ယောက်ပဲ။ သူ ဆက်ပြီးတော့ လေ့ကျင့်တော့ရော ဘာများဖြစ်လာနိုင်ပါ့မလဲ။ သူက စစ်သူကြီးတစ်ယောက် ဖြစ်လာနိုင်မယ်လို့များ ထင်နေတာလား”
“ ဒီကျွန်က သူ့ရဲ့အခြေအနေကိုတောင် မသိဘူးပဲ၊ သူက စစ်သူကြီးယွီကို မြင်လိုက်တဲ့အချိန်မှာ ဝပ်တွားပြီး မနှုတ်ဆက်တဲ့အပြင် ဒူးထောက်ပြီးပဲ နှုတ်ဆက်ရဲသေးတယ်”
“ မင်း မသိလို့ပါ ဒါက အရှင့်ရဲ့ အထူးခွင့်ပြုချက်တစ်ခုလေ။ အရှင်က သူ့ကို အရမ်းသဘောကျနေတာ ဒါကြောင့်မလို့ အရှင့်ရှေ့မှာတောင်မှ လုပ်ထုံးလုပ်နည်းတွေနဲ့ နှုတ်ဆက်တာကို ကင်းလွတ်ခွင့် ပေးထားတယ်လေ”
ယွီတွမ်းစုက ပြောလိုက်သည်။ “ ဒီလူက အဆင့်နိမ့်တယ်ဆိုပေမဲ့လဲ စစ်ပွဲထဲမှာ အရမ်းကို အရည်အချင်းရှိပြီးတော့ သတ္တိရှိတယ်။ ကြီးမားတဲ့ အောင်မြင်မှုတွေကိုလဲ ပြုလုပ်ပေးခဲ့တယ်။ မင်းတို့တွေ သူ့ကို ဒီအတိုင်းတော့ အထင်မသေးသင့်ဘူး” အားလုံးက သူတို့၏နှုတ်ခမ်းများကို စေ့ပိတ်ထားလိုက်ပြီး စကားမပြောကြတော့ချေ။
ယွီတွမ်းစုက ညနေခင်းနေဝင်ချိန်ထဲတွင် ဝီရိယရှိရှိ လေ့ကျင့်နေသည့် ထိုပုံရိပ်ကို ပြန်လှည့်ကြည့်လိုက်ပြီး တစ်ယောက်ထဲ တွေးတောလိုက်လေသည်။
ဒီလိုဇွဲနဘဲကြီးတဲ့လူက ငါတို့ရဲ့စစ်တပ်ထဲက ရဲမက်တွေအတွက်တော့ စံပြတစ်ယောက်ပဲ။ သူက ကျွန်တစ်ယောက် ဖြစ်နေတာတော့ တကယ် နှမြောဖို့ကောင်းတယ်။ ငါ သူ့ကို ပြောပြရင်လဲ သူ နားထောင်မယ်မထင်ဘူး။
ကောင်းကင်ကြီးသည် တဖြည်းဖြည်း မှောင်မည်းလာခဲ့၏။
မော့ချောင်ရှန်းက သူ့ညစာကိုယူကာ အခန်းသို့ပြန်လာခဲ့သည်။
အခုတော့သူ့တွင် နယ်စားမင်းအိမ်တော်၏ အပြင်ဖက်ခြံဝန်းထဲတွင် ကိုယ်ပိုင်အခန်းလေးတစ်ခု ပိုင်ဆိုင်ထားသည်။
အခန်းသည် မကြီးသော်ငြားလဲ သက်သောင့်သက်သာရှိသည့် ခုတင်တစ်လုံးနှင့် နွေးထွေးသည့် အိပ်ရာခင်းတစ်ခုရှိပြီး သန့်ရှင်းသပ်ရပ်နေသည်။
အခန်းထောင့်တွင် အဝတ်ဗီဒိုတစ်လုံး ရှိပြီး သက်သောင့်သက်သာရှိကာ အကြမ်းခံသည့် အဝတ်အစား တော်ဝောာ်များများကို ချိတ်ထားပြီး တစ်ကိုယ်ရည်ပစ္စည်းများကို ထိန်းသိမ်းဖို့ရန်အတွက် သော့ပါသည့် သေတ္တာတစ်လုံးလဲ ရှိလေသည်။
ပြတင်းပေါက်ဘေးတွင် ရိုးရှင်းသည့်စားပွဲတစ်လုံးနှင့် ထိုင်ခုံများချထားသည်။ စားပွဲပေါ်တွင်တော့ သူ့သခင်ပေးထားသည့် စစ်ဖက်ဆိုင်ရာဗျူဟာကျမ်း ၇ခု စာအုပ်သည် အပြန်ပြန်အလှန်လှန် လှန်လျောထားသည့်အတွက် ထောင့်များက လိပ်တက်လို့နေ၏။
အရာအားလုံးက မော့ချောင်ရှန်းကို ပျော်ရွှင်ကာ ကျေနပ်စေလေသည်။ တစ်ခုတည်းသော အားနည်းချက်မှာ သူသည် သူ့သခင်နေသည့် အတွင်းခြံဝန်းနှင့် အလွန်မှ ဝေးကွာနေသဖြင့် သူ့သခင်၏ ရင်းနှီးဖော်ရွေသည့် မျက်နှာကို အမြဲတမ်းမမြင်နိုင် ဖြစ်နေလေသည်။
သူသည် စားပွဲပေါ်တွင် ဒီအတိုင်းတင်ထားခဲ့သည့် မနေ့ကညစာနှင့် ဒီနေ့မနက်စာကိုပင် မထိထားချေ။
သူက ထိုအရာများကို ထုတ်ပိုးလိုက်ပြီး အသစ်ယူလာသည့်ညစာနှင့် ယွီတွမ်းစုပေးလာသည့် မန်ထိုနှစ်လုံးကိုလဲ အဝတ်အိတ်တစ်ခုထဲသို့ ထည့်ကာ သူသည် ဆေးများနှင့် ပတ်တီးများအားလုံးကို အိတ်ထဲသို့ ထည့်လိုက်ပေသည်။
မော့ချောင်ရှန်းက သူ၏ဗိုက်ဆာနေသည့်ဝမ်းဗိုက်ကို ထိလိုက်ပြီး ခဏလောက်စဉ်းစားလိုက်ကာ မန်ထိုတစ်လုံးမှ အပိုင်းလေးတစ်ခုကို ဖယ်လိုက်ပြီး သူ့ပါးစပ်ထဲ ထည့်လိုက်လေသည်။
တကယ်အသုံးမကျတာပဲ။ အရင်တုန်းကဆိုရင် နှစ်ရက်၊ သုံးရက်လောက် မစားလဲ သည်းခံနိုင်ခဲ့တယ်။ အခုတော့ တစ်နေ့နဲ့တစ်ညထဲ ရှိသေးတဲ့ဟာကို ဗိုက်အရမ်းဆာနေပြီ။
ရပါတယ်လေ။ မနက်ဖြန်မနက်မှပဲ စားလိုက်တာပေါ့။ ဒါတွေကိုတော့ အားဖုန်းကို ယူသွားပေးလိုက်တာ ပိုကောင်းမယ်။
ည၏အမှောင်ရိပ်ကိုခိုပြီး မော့ချောင်ရှန်းသည် ဝေပေဟို ယာယီနေထိုင်သည့် ခြံဝန်းဆီသို့ သွားလိုက်လေသည်။
ဝေပေဟို ဟွားယွီကျစ်သည် မနေ့က မြို့ထဲကို ဝင်လာချိန်၌ မော့ချောင်ရှန်းသည် နောက်တော်ပါများထဲတွင် အားဖုန်းကို တွေ့လိုက်ရ၏။
အားဖုန်းသည် စစ်မြေပြင်တွင် အပြင်းအထန်ဒဏ်ရာရခဲ့ပြီး အခြေအနေကောင်းသည့်ဟန် မတူချေ။
ဝေပေဟို ဟွားယွီကျစ်နှင့် သူ၏နောက်တော်ပါများကို ချန်ချန်းယဲ့က ကြီးကျယ်ခမ်းနားသည့် အိမ်တော်တစ်ခုထဲတွင် နေရာချထားပေးသည်။
မော့ချောင်ရှန်းက သူ့သခင် ဆုလာဘ်တစ်ခုအနေဖြင့် သူ့ကိုပေးထားသည့် ငွေအကြွေနည်းနည်းကို အသုံးပြုလိုက်ပြီး အိမ်တော်၏ဘေးတံခါးကို သွားခေါက်လိုက်သည်။
တံခါးစောင့်ရဲမက်က သူ့ကိုတွေ့သွားပြီး သူ့ငွေကို လက်ခံပေးလိုက်ကာ မော့ချောင်ရှန်းကို အပြင်ဖက်ခြံဝန်း၏ အနောက်ဖက်ခန်းသို့ ခေါ်သွားပေးရန် ကျွန်တစ်ယောက်ကို အမိန့်ပေးလိုက်လေသည်။
ဒါသည် သေးငယ်သည့် အဆောင်လေးတစ်ခုဖြစ်ပြီး ဆွေးမြည့်နေသည့် သစ်သားခုတင်တစ်လုံးနှင့် စုတ်ပြဲနေသည့် စောင်တစ်ထည်ကလွဲလျှင် ဘာမှမရှိချေ။ ခုတင်ပေါ်တွင် အညိုရောင်သွေးစွန်းရာများ ရှိနေပြီး အခန်းထဲတွင် ဘယ်သူမှမရှိချေ။
မော့ချောင်ရှန်းက အခန်းကိုကြည့်လိုက်သည်။ ရွှံ့တောထဲတွင် ရုန်းကန်ခဲ့ရသည့် နေ့ရက်များကို ပြန်စဉ်းစားမိလေသည်။ တစ်လသာ ကြာမြင့်သေးသော်ငြားလဲ အချိန်အကြာကြီး ကုန်ဆုံးသွားပြီဟု ထင်ရသယောင်ပင်။
ဒီလောကထဲတွင် ကျွန်ပေါင်းများစွာရှိပြီး သူသည် အလွန်မှ ကံကောင်းစွာဖြင့် ဘုရားရှင်၏ ချီးမြှောက်ခြင်းကို ခံခဲ့ရကာ ထိုသခင်နှင့် တွေ့ဆုံခဲ့ရလေသည်။
သူသည် စိတ်တွင်း သက်ပြင်းချလိုက်ပြီး သူယူလာခဲ့သည့် အစားအသောက်နှင့်ဆေးကို ခုတင်ပေါ်ချပေးပြီးနောက် ပြန်ဖို့ရန် ပြင်ဆင်လိုက်လေသည်။
“ မင်းဒီမှာ ဘာလုပ်နေတာလဲ”
အေးစက်စက်အသံတစ်ခုက တံခါးအပြင်မှ ဝင်ရောက်လာ၏။
အားဖုန်းသည် အဝတ်အစားများကို ဝတ်ဆင်ထားပြီး တံခါးကိုမှီထားကာ လက်တစ်ဖက်ကတော့ တံခါးဘောင်ကို ကိုင်ထားသည်။
အေးမြသည့်လရောင်က သူ၏သွေးမရှိသည့် မျက်နှာပေါ်တွင် ဖြာကျနေပြီး ထူးထူးခြားခြား ဖြူစုတ်နေသည့်ဟန် ရှိနေလေသည်။
သူသည် အခန်းထဲသို့လျှောက်ကာ ဝင်လာပြီး မော့ချောင်ရှန်းကို ဘေးသို့တွန်းထုတ်လိုက်ကာ စားပွဲပေါ်ကပစ္စည်းများကို ကြည့်လိုက်ပြီးနောက် အေးတိအေးစက် ပြောလိုက်၏။
“ သခင်ကောင်းတစ်ယောက်ကို ရှာတွေးခဲ့ပြီးမှတော့ မင်းက ဒီလိုနေရာမျိုးကို ဘာလို့ပြန်လာခဲ့တာလဲ”
အားဖုန်း၏အကျင့်စရိုက်သည် အမြဲတမ်းဒီလိုသာ ဖြစ်လေသည်။ မော့ချောင်ရှန်းက သူ၏ သရော်လှောင်ပြောင်မှုကို ဂရုမစိုက်ချေ။ သူက အားဖုန်း၏ပခုံးကို ဖျစ်ညှစ်လိုက်ပြီး သူ့ကို ခုတင်ပေါ်တွင် ထိုင်ခိုင်းလိုက်ကာ ဆေးပုလင်းကို ဖွင့်လိုက်ပြီးနောက် သူ့အတွက်ဆေးလိမ်းပေးလိုက်သည်။
ပြီးခဲ့သည့်နှစ်များအတွင်းတွင် အဖော်အပေါင်းများက စစ်မြေပြင်မှနေ၍ သေမင်းမှ လွတ်မြောက်လာသည့်အချိန်တိုင်း အသက်ရှင်ဖို့ရန် မဖြစ်နိုင်သလောက်အထိ ဖြစ်နေသည့်အချိန်တိုင်း သူတို့သည် ဒီလို အချင်းချင်း ကူညီပေးခဲ့ကြသည်။
ဘဝကြီးက နာကျင်ဖွယ်ကောင်းသော်ငြားလဲ အားလုံးက ပိုပြီး အသက်ရှည်ရှည်နေဖို့ရန် မျှော်လင့်နေကြဆဲပင်။
မော့ချောင်ရှန်းသည် သူပထမဦးဆုံး စစ်ပွဲသို့ သွားရောက်ခဲ့သည့်အချိန်ကို မှတ်မိနေသေး၏။ ထိုအချိန်က ရှေ့တန်းရဲမက်တစ်ယောက် ဖြစ်နေသည့် အားဖုန်းသည် သူ့ကိုသယ်ကာ ပြန်လာခဲ့သည်။ ထိုအချိန်က သူတို့တွင် ဘာဆေးဝါးမှ မရှိချေ။ အားဖုန်းက သူ့အင်္ကျီကိုစုတ်ဖြဲပြီး သွေးထွက်နေသည့် သူ့ဗိုက်ကဒဏ်ရာကြီးကို သွေးတိတ်အောင် ခက်ခက်ခဲခဲ လုပ်ပေးခဲ့ရသည်။
အားယွင်က ပထမဦးဆုံး ပြင်းပြင်းထန်ထန် ဒဏ်ရာရသည့်အချိန်ကလဲ အားဖုန်းကပဲ ကိုယ်တိုင်သယ်ပြီး ပြန်လာခဲ့သည်။
ယခုတော့ အားယွင်က မရှိတော့ချေ။
ရင်းနှီးလှသည့် မျက်နှာများစွာကလဲ ပျောက်ကွယ်သွားခဲ့သည်။
ကျွန်များ၏ဘဝသည် ထိုပုရွက်ဆိတ်များကဲ့သို့ပင် တန်ဖိုးမဲ့လှပေသည်။ သို့သော်ငြားလဲ သူတို့တစ်ယောက်ချင်းစီသည် သက်ရှိသတ္တဝါများ ဖြစ်ကြပြီး သူတို့အားလုံးတွင် အသက်ရှင်သန်ဖို့ရန် ပြင်းပြသည့် စိတ်ဆန္ဒများရှိကြ၏။
အားဖုန်းက သူ့အကျီကို ချွတ်လိုက်ပြီး မော့ချောင်ရှန်းကို ကျောပေးကာထိုင်လိုက်သည်။
“ ချောင်ရှန်း မင်းက သခင်ကောင်းတစ်ယောက်နဲ့ တွေ့ခဲ့တယ်ဆိုပေမဲ့လဲ ငါတို့တွေက အမြဲတမ်း ကျွန်ဖြစ်နေတဲ့ကိစ္စကိုတော့ ဘယ်တော့မှ မေ့လို့မဖြစ်ဘူး” သူ၏အေးစက်စက်အသံက ပေါ်ထွက်လာခဲ့၏။
“သခင်တွေအတွက်ကတော့ ကျွန်တစ်ယောက်ဆိုတာ ပိုင်ဆိုင်မှု အစိတ်အပိုင်းတစ်ခု ကစားစရာတစ်ခုသာသာပဲ၊ သူ မင်းအပေါ် ဘယ်လောက်ပဲ ကောင်းနေပါစေ မင်းက အဖိုးတန်တဲ့ ကစားစရာတစ်ခုထက် မပိုဘူး” သူ့အမူအရာကို မမြင်ရသည့်အချိန်တွင် အားဖုန်း၏အသံသည် အများကြီး ပိုပြီးပျော့ပြောင်းနေသယောင်ရှိသည်။
“ တစ်စုံတစ်ယောက်က ဒီပစ္စည်းအတွက် ငွေတတ်နိုင်နေရင် သခင်ကလဲ မင်းကို စွန့်လွှတ်ပြီး အချိန်မရွေး ရောင်းပစ်နိုင်တယ် ငါလဲ တစ်ခါတုန်းက …”
အားဖုန်းသည် သူ့ပါးစပ်ကို ပိတ်ထားလိုက်ပြီး စကားဆက်မပြောတော့ချ။
သူသည် တစ်ခါတုန်းက နာမည်တစ်ခု ရှိသည့်အပြင် မျိုးရိုးနာမည်တစ်ခုလဲရှိကာ သူ့သခင်က ပေးထားသည့် မျိုးရိုးနာမည်ဖြစ်သည်။
သူသည် သူ့မျက်လုံးများကို မှိတ်ထားလိုက်လျှင် သူ၏သခင်အဟောင်းက သူ့နာမည်ကို ခေါ်နေသံကိုပင် ကြားနေရလေသည်။
“ ချူဖုန်း ချူဖုန်း ဒီကိုလာခဲ့”
ဒါသည် ဖြစ်ပျက်သွားသည်မှာ အလွန်မှကြာမြင့်လှနေပြီဖြစ်၏။ သခင်သည် အထက်တန်းစား မိသားစုတစ်ခုထဲက သခင်လေးတစ်ယောက်ဖြစ်သည်။ သူသည် သိမ်မွေ့ပြီး ယဉ်ကျေးလှ၏။ ကျွန်ဈေးမှ အခုလေးတင်ဝယ်ပြန်လာသည့် ရှောင်ဖုန်းကို အလွန်မှ သိမ်သိမ်မွေ့မွေ့ ဆက်ဆံတတ်သည်။ သူသည် ရှောင်ဖုန်းကို အရသာရှိသည့် အစားအသောက်များ ကျွေးမွေးပြီး သန့်ရှင်းသည့် အဝတ်အစားများကို ဝတ်ဆင်ပေးသည်။ သူသည် ဘာကိုပဲ လုပ်ပါစေ၊ ဘယ်ကိုပဲ သွားပါစေ ရှောင်ဖုန်းကို အတူခေါ်သွားတတ်သည်။
“ မင်းကငါ့ရဲ့ ညီလေးလိုပဲ။ ဒီတော့ မင်းက ငါနဲ့မျိုးနွယ်တူ ချုဆိုတဲ့နာမည်ကို သုံးလို့ရတယ်၊ ဒီနေ့ကစပြီး မင်းရဲ့နာမည်က ချူဖုန်းဖြစ်သွားပြီ”
သူသည် သူ့သခင်အပေါ် တစ်ဘဝလုံးနစ်မြုပ်ထားမည်ဟု ဆုံးဖြတ်ခဲ့သည်။ ရှောင်ဖုန်းသည် တစ်ချိန်က ထိုသစ္စာစကားကို ယုံကြည်ခဲ့သည်။
ထိုအထက်တန်းစား သခင်လေးများ စုဝေးခဲ့သည့်အချိန်အထိ ဖြစ်သည်။
“သူက ကျွန်ကောင်းတစ်ယောက်ပဲ။ ငါ့ကိုရောင်းလိုက်။ ရွှေတစ်တုံးလား မလောက်ဘူးလား၊ နောက်ထပ် တစ်တုံးပေးမယ်” ဝတ်ကောင်းစားလှများကို ဝတ်ဆင်ထားပြီး ကျောက်စိမ်းဆံထိုးကို ထိုးထားကြသည့် တော်ဝင်သခင်လေးများက သူ့သခင်ရှေ့တွင် ရပ်နေကြသည်။
ထိုမျက်စိကျိန်းလောက်အောင် လှသည့် ရွှေများကို တစ်ခုပြီးတစ်ခု ပစ်ထည့်ပေးကြသည်။ သခင်သည် နောက်ဆုံးတော့ ထိန်းချုပ်မနေဘဲ ခေါင်းညိတ်ခဲ့၏။
သူက မည်သို့ပင်ငိုယိုပြီး တောင်းပန်နေပါစေ အချည်းနှီးသာ ဖြစ်ခဲ့လေသည်။
သခင်ကတော့ ရွှေများကိုယူကာ ထွက်သွားတော့သည်။
ထိုအချိန်က သူ၏ခန္ဓာကိုယ်နှင့် စိတ်နှစ်ခုစလုံးသည် အတွင်းနှင့်အပြင် လုံးဝကို ကွဲကြေခဲ့ရလေသည်။
အားဖုန်းသည် မှောင်မဲနေသည့် မှတ်ဉာဏ်ထဲက သတိပြန်ဝင်လာခဲ့ပြီး နာနာကျင်ကျင်ဖြင့် သူ့မျက်လုံးများကို မှိတ်ထားလိုက်၏။ “ လိုရင်းကို ပြောရမယ်ဆိုရင် သခင့်ကို မယုံနဲ့။ မင်းရဲ့စိတ်ကိုလဲ အလွယ်တကူ မပေးလိုက်နဲ့။ အဲ့လိုမှမဟုတ်ဘူးဆိုရင် နောက်ထပ် ရှက်ရွံ့စရာကောင်းတဲ့ ကိစ္စတွေကပဲ မင်းကို စောင့်ဆိုင်းနေလိမ့်မယ်”
မော့ချောင်ရှန်းသည် ထိုအခိုက်အတန့်တွင် စိတ်ဆင်းရဲသွားတော့သည်။
သူသည် သူ၏ပထမသခင် ဝူရွှယ်လီကို စဉ်းစားမိလိုက်၏။ ထိုသခင်သည် သူ့ကို စာအရေးအဖတ် သင်ပေးခဲ့ပြီး အလွန်မှ ကောင်းမွန်သည့် သခင်တစ်ယောက်ဖြစ်သည်။ သို့သော်ငြားလဲ သေးငယ်သည့်အမှားတစ်ခုကြောင့် သူသည် ရှင်းပြချက်ကိုပင် နားမထောင်တော့ဘဲ ချက်ချင်း မောင်းထုတ်ပစ်ခဲ့သည်။
မော့ချောင်ရှန်းက သူ့စိတ်ထဲတွင် ပြောလိုက်၏။
ဒါပေမဲ့ အခုကျတော့ ငါက ငါ့ရဲ့သခင်ကို အကြွေးအကြီးကြီး တင်နေတယ်လေ။ ငါ့သခင်က ငါ့ဆီက ဘာပဲလိုအပ်နေပါစေ ငါ့မှာရှိတဲ့အရာဆိုရင်တော့ လက်နှစ်ဖက်လုံးနဲ့ သူ့ကိုပေးဖို့ ဆန္ဒရှိပါတယ်။ ရလဒ်တွေကို ဂရုစိုက်မှာ မဟုတ်ပါဘူး။
အားဖုန်းသည် ဘယ်ဘက်ပခုံးပေါ်တွင် မြားပစ်ခံခဲ့ရ၏။ မြားတံက ကျိုးသွားသော်ငြားလဲ မြားခေါင်းက ခန္ဓာကိုယ်ထဲတွင် နစ်ဝင်နေကာ ဖယ်ထုတ်လို့ မရနိုင်ခဲ့ချေ။
မော့ချောင်ရှန်းက ဒဏ်ရာပေါ်တွင် အရက်ပြင်းပြင်း လောင်းချလိုက်ပြီး ထက်ရှသည့် ဓားတစ်ချောင်းကို ဆွဲထုတ်လိုက်ကာ ပြောလိုက်လေသည်။ “သည်းခံထား”
ဓားအဖျား တစ်ချက်အလှည့်တွင် သွေးဖုံးလွှမ်းနေသည့် သံပြားခေါင်းသည် ချွင်ခနဲ မြည်သံနှင့်အတူ မြေကြီးပေါ်သို့ ကျသွားတော့သည်။
အားဖုန်း၏ခန္ဓာကိုယ်သည် ပျော့ခွေသွားပြီး လဲကျသွားလေသည်။
မော့ချောင်ရှန်းက သတိလစ်ကာ လဲကျသွားသည့် သူ့ကိုဖမ်းထားလိုက်ပြီး သူ့ဒဏ်ရာကို ပတ်တီးစည်းပေးပြီးနောက် သူ့ခန္ဓာကိုယ်ကို လဲလျောင်းပေးလိုက်သည်။
သတိလစ်သွားသည့် အားဖုန်းကို ကြည့်လိုက်ပြီး မော့ချောင်ရှန်းသည် ကျိတ်ပြီး သက်ပြင်းချမိလေသည်။ သို့သော်ငြားလဲ သူသည် ဒီနေရာက ကျွန်တစ်ယောက် မဟုတ်တော့ချေ။ ထို့ကြောင့် ဒီနေရာတွင် အချိန်အကြာကြီးနေဖို့က မသင့်တော်ပေ။
သူက အစားသောက်နှင့် ဆေးများကို ချန်ထားခဲ့ပြီး တူညီသည့်လမ်းကြောင်းအတိုင်း မြန်မြန်ပြန်ထွက်လာ၏။
သူသည် ထောင့်နားတစ်ခုသို့ ရောက်လာသည့်အချိန်တွင် သူ့ဆံပင်များကို ထောင်တက်သွားစေသည့် အသံတစ်ခုကို နောက်မှကြားလိုက်ရလေသည်။
“ ဒါ ဘယ်သူပါလိမ့်။ ဒါက ချောင်ရှန်းမဟုတ်လား။ ဘာဖြစ်လို့လဲ။ ကျင်းယွဲ့ဟိုက မင်းကို ဆိုးဆိုးရွားရွား ဆက်ဆံလို့လား။ ဒါကြောင့်မလို့ မင်းက မင်းရဲ့သခင်ဟောင်းကိုတွေ့ဖို့ ပြန်လာခဲ့တာလား”
ဗိုက်ရွှဲရွှဲနှင့် ဟွားယွီကျစ်သည် ကျွန်တစ်အုပ်ကို ဦးဆောင်လာကာ မော့ချောင်ရှန်းကို လှမ်းခေါ်လိုက်၏။
မော့ချောင်ရှန်းက မြေပြင်ပေါ်တွင် ဝပ်လိုက်ပြီး ပြောလိုက်လေသည်။ “ ကျွန်တော်မျိုး သေသင့်ပါတယ်၊ ကျွန်တော်မျိုး မိတ်ဆွေဟောင်းဆီကို လာလည်ပြီးတော့ အရှင့်ကို မနှောင့်ယှက်သင့်ပါဘူး။ ကျေးဇူးပြုပြီးတော့ ကျွန်တော်မျိုးကို ခွင့်လွှတ်ပေးပါ”
“ ဪ ငါတို့တွေက သခင်နဲ့ အစေခံတွေပဲလေ။ အဲ့လောက်ထိ ယဉ်ကျေးနေစရာ မလိုပါဘူး”
ဟွားယွီကျစ်သည် မော့ချောင်ရှန်းကို တွဲထူပေးလိုက်ပြီး သူ့ကို ခေါင်းအစ ခြေအဆုံး ကြည့်လိုက်လေသည်။ “ သုံးရက်လောက် အဝေးကို ရောက်သွားတဲ့အချိန်မှာ လူတစ်ယောက်ကို မျက်လုံးအသစ်နဲ့ ကြည့်သင့်တယ်ဆိုတာ အမှန်ပဲကိုး။ မင်း ငါ့နားမှာ ရှိနေတုန်းကတော့ တကယ့်ကို ဖာသိဖာသာပါပဲ၊ ကျင်းယွဲ့ဟိုက မင်းကို အဲ့လောက်အထိ တောက်ပလာအောင် ဘယ်လိုလုပ်ခဲ့တယ်ဆိုတာ ငါ မသိတော့ဘူး”
မော့ချောင်ရှန်းသည် ဘာခြေရာလက်ရာတစ်ခုမှ မချန်ဘဲ နောက်သို့ ခြေနှစ်လှမ်းဆုတ်သွားတော့၏။
ဟွားယွီကျစ်က သူ့မှုတ်ဆိတ်မွှေးကိုသပ်ကာ အပြုံးတစ်ခုဖြင့် ပြောလိုက်လေသည်။ “ မင်း ငါ့ဆီကို ပြန်လာချင်လား၊ မင်းအတွက်ဆိုရင် ငါ မြင်းဝါကို ပြန်ပေးဖို့ စဉ်းစားလို့ရတယ်”
မော့ချောင်ရှန်းက လက်ကို နှစ်ဖက်ယှက်ထားလိုက်ပြီး ဦးညွှတ်လိုက်လေသည်။ “ ကျေးဇူးပြုပြီးတော့ ခွင့်လွှတ်ပါအရှင်။ ကျွန်တော့်သခင်က ကျွန်တော့်ကို တခြားခိုင်းထားတာ ရှိသေးလို့ပါ၊ ကျွန်တော် အချိန်ဆက်ပြီးတော့ မဆွဲရဲပါဘူး၊ အရင်ဆုံး ပြန်သွားရတဲ့အတွက် ကျေးဇူးပြုပြီးတော့ ခွင့်လွှတ်ပါ”
သူသည် စကားဆုံးသွားသည်နှင့်ချက်ချင်း ထောင့်နားက လှေကားဆီသို့ ခြေနှစ်လှမ်းဖြင့် အရောက်သွားကာ သူ့စွမ်းရည်ကို ထုတ်ပြလိုက်ပြီး တစ်ချက်နှစ်ချက်အခုန်တွင် အမှောင်ထဲသို့ လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။
ဟွားယွီကျစ်က သူ ဖမ်းမမိလိုက်သည့် ပုံရိပ်ကို စိုက်ကြည့်နေမိပြီး သူ့မျက်နှာမှာ ညိုမည်းသွားတော့သည်။ “ဟမ့်။ ကျင်းယွဲ့ဟိုက ထောင်လွှားမောက်မာပြီး ဩဇာအာဏာ ကြီးတယ်ဆိုတာကတော့ ထားလိုက်ပါတော့။ ဒါပေမဲ့ လူတွေက တံစက်မြိတ်အောက်ရောက်ရင် ခေါင်းငုံ့ရတာချည်းပဲ။ အခုတော့ အဆင့်နိမ့်ကျွန်တစ်ယောက်ကတောင် ငါ့အပေါ် အဲ့လောက်ကို ရိုင်းစိုင်းရဲနေတယ်”
……….
ချန်ချန်းယဲ့သည် နယ်စားမင်းအိမ်တော်၏ အတွင်းခြံဝန်းက လျှောက်လမ်းပေါ်တွင် လမ်းလျှောက်နေပြီး ရှောင်ကျင်နှင့်အတူ ဆောင်းတွင်းအတွက် စစ်ဘေးဒုက္ခသည်များကို နေရာပြန်လည်ချထားမည့်ကိစ္စကို တိုင်ပင်နေကြသည်။
တံတိုင်းအနီးက သစ်ပင်များထက်ဆီမှ ခပ်တိုးတိုး အသံလေးတစ်ခု ထွက်လာ၏။
ရဲမက်များက ချက်ချင်းဆိုသလို သူတို့၏ဓားကို မြှောက်ကိုင်လိုက်ပြီး အော်ဟစ်လိုက်လေသည်။
“ဘယ်သူလဲ”
လူတစ်ယောက်သည် တံတိုင်းပေါ်မှ ခုန်ချလာပြီး ဒူးထောက်ကာ အသနားခံတောင်းပန်လေ၏။
မော့ချောင်ရှန်း ဖြစ်နေလေသည်။
ချန်ချန်းယဲ့က ရှေ့သို့လျှောက်သွားလိုက်ကာ မြေကြီးပေါ်တွင် ဦးချနေသည့် သူ့ခေါင်းကို ထိကိုင်လိုက်ပြီး
“ ချောင်ရှန်း ဘာဖြစ်တာလဲ။ ဒီလောက်ညဉ့်နက်နေပြီ ကပျာကယာနဲ့ ဘာဖြစ်လို့ ငါ့ဆီကို ပြေးလာခဲ့တာလဲ”
မော့ချောင်ရှန်းက မော့ကြည့်လိုက်သည်တွင် ဒီလောကထဲတွင် စိတ်အချရဆုံး အပြုံးတစ်ခုကို မြင်လိုက်ရလေသည်။
သူသည် သူ့စိတ်ထဲက ကြောက်ရွံ့မှုကို အမှတ်တမဲ့ ဖော်ထုတ်လိုက်မိ၏။ “သခင် ကျွန်တော့်ကို ဝေပေဟိုဆီ ပြန်မပေးလိုက်ပါနဲ့။ ကျွန်တော် သေချာပေါက် အလုပ်ကြိုးစားပါ့မယ်၊ အဲ့ဒီမြင်းဝါလေးထက် အများကြီး ပိုအသုံးကျစေရပါမယ်”
ချန်ချန်းယဲ့မှာ ငိုရခက် ရယ်ရခက် ဖြစ်သွားတော့သည်။ သူမက မော့ချောင်ရှန်း၏လက်ကို လှမ်းဆွဲလိုက်ပြီး ရှောင်ကျင်ကို လက်ဝှေ့ကာ နှုတ်ဆက်လိုက်လေသည်။
လူတိုင်း၏အမြင်တွင်တော့ သူမသည် သူမ၏ အမျိုးသားချစ်သူကို လက်တွဲကာ လရောင်အောက်တွင် ဖြည်းဖြည်းချင်းလျှောက်ကာ ထွက်သွားလိုက်လေ၏။
သခင့်အသံကို လေထဲတွင် ခပ်သဲ့သဲ့လေး ကြားနေရလေသည်။
“ မင်းဟာလေ အရမ်းကို တုံးအပြီး ချစ်ဖို့ကောင်းတာပဲ။ ငါက မင်းကို မြင်းတစ်ကောင်မပြောနဲ့ မြို့တစ်မြို့ ပေးမယ်ဆိုရင်တောင်မှ အလဲအလှယ် လုပ်မှာ မဟုတ်ဘူး”
“ ဒီမယ် မင်း ဗိုက်ဆာနေတာလား၊ စစ်တန်းလျားထဲမှာ ဝအောင်မစားခဲ့ရဘူးလား၊ လာခဲ့။ အရသာရှိတာ တစ်ခုခုစားဖို့ ငါ မင်းကို ခေါ်သွားပေးမယ်”
...