အပိုင်း (၁၄)
ချန်ချန်းယဲ့သည် သူမရှေ့တွင် ဒူးထောက်နေသည့် မော့ချောင်ရှန်းကို ကြည့်လိုက်၏။ သူသည် ရှည်လျားသည့် ခြေတံများဖြင့် တောင့်တင်းသည့် ကြွက်သားများ ပိုင်ဆိုင်ထားသော ကိုယ်တစ်ပိုင်း ဗလာကျင်းဖြစ်နေလေသည်။ စိုစွတ်နေသည့် ရေစက်လေးများက သူ့အသားအရေအပေါ်သို့ စီးဆင်းသွားကာ ဆွဲဆောင်နေသည့် ရေချိုးတံဘတ်ဆီသို့ စိမ့်ဝင်သွားလေသည်။
သူသည် သူ့မျက်လုံးများကို မှိတ်ထားပြီး သူ၏မျက်နှာက နီမြန်းနေပြီး သူ၏ခြေထောက်များက စိုးရိမ်ကြောင့်ကြမှုများကြောင့် အနည်းငယ် ကွေးလို့နေ၏။ သူသည် ခူးဆွတ်ခံဖို့ရန် အသင့်ဖြစ်နေသည့်နှယ်ပင်။
ချန်ချန်းယဲ့သည် သူလုပ်နေသည့် ဒီလိုပုံစံလေးကို အမှန်ပင် စိတ်လှုပ်ရှားခဲ့မိကြောင်း ဝန်ခံရပေမည်။ ထိုယောက်ျားကို မြက်ခင်းပေါ် တွန်းလှဲပြီး သူ့ထံသို့ တရားမျှတမှု ယူဆောင်ပေးလာချင်သည့် စိတ်ဆန္ဒတစ်ခုပင် ပေါ်ပေါက်လာတော့သည်။
သူမက လက်ကို ဆန့်လိုက်ပြီး မော့ချောင်ရှန်း၏ ချောမောနေသော ဆံနွယ်များကို အသာအယာ သပ်ချပေးလိုက်ပြီး သူမ၏လက်ချောင်းဖျားအောက်မှ အသားအရေမှာ စိုးရိမ်တောင့်တမှုကြောင့် အနည်းငယ် တုန်ယင်နေသည်ကို ခံစားမိနေ၏။
သူမက ရှေ့က ယောက်ျားကို ကြည့်လိုက်ပြီး အကြောင်းအရင်း မရှိသလို ဝမ်းနည်းသလို ခံစားလာရသည်။
“တကယ်လို့ မင်း ဆန္ဒမရှိဘူးဆိုရင်လည်း ဘာဖြစ်လို့ ဒီလိုလုပ်နေသေးလဲ”
“ကျွန်တော်မျိုး ... “
မော့ချောင်ရှန်းသည် တအံ့တဩဖြင့် သူ၏မျက်လုံးကို ဖွင့်လိုက်သည်တွင် ဆောင်းဦးရေစင်လို သိမ်မွေ့လွန်းလှသည့် မျက်ဝန်းတစ်စုံနှင့် တွေ့ဆုံသွားတော့သည်။
သို့နှင့် သူသည် မဟုတ်ရပါဟူသည့် အသုံးအနှုန်းထဲမှ စကားလုံးကို မျိုချလိုက်လေသည်။
သခင် အမုန်းဆုံးက လိမ်ညာတာလို့ ပြောခဲ့ဖူးတယ်။
သူသည် ခေါင်းငုံ့ထားလိုက်ပြီး မျက်တောင်များကို စင်းချလိုက်၏။
“ကျွန်တော်က နိမ့်ပါးလှတဲ့ ကျွန်တစ်ယောက်ပါ။ သခင် ကျွန်တော့်ပေါ်ထားတဲ့ အကြင်နာတရားတွေအတွက် သခင်ကို ပြန်ပေးဆပ်စရာ ဘာမှမရှိပါဘူး။ ဒီခန္ဓာကိုယ်ကပဲ သန့်စင်တယ်လို့ သတ်မှတ်လို့ရတဲ့ တစ်ခုတည်းသော အရာပါ။ တကယ်လို့ သခင်က ဒါကို နှစ်သက်တယ်ဆိုရင် ကျွန်တော်က ...“
သူ့စကား မဆုံးသေးခင်မှာပင် ဖြတ်ပြောခံရလိုက်လေသည်။
နုနယ်သည့် လက်တစ်စုံက သူ့မျက်နှာကို လက်ခုပ်ထဲ ထည့်ထားပြီး သူ့ခေါင်းကို ဆွဲပင့်လိုက်လေသည်။
ချိုမြမြ သန့်စင်လွန်းသည့် အသံသည် အနက်ရှိုင်း အိပ်မက်များထဲမှ ထိုးထွက်လာသယောင်ပင်။
“ရှောင်ရှန်း ငါ မင်းကို အရမ်းသဘောကျတယ်။ အရမ်းလည်း လေးစားတယ်”
“ငါ မင်းကို အိပ်ရာထဲမှာပဲ အသုံးချလို့ရတဲ့ ပစ္စည်းတစ်ခုလို့ တစ်ခါမှ မစဉ်းစားခဲ့ဖူးဘူး”
“မင်းက ရဲရင့်တယ်၊ သန်မာတယ်၊ ထူးချွန်တဲ့ လူတစ်ယောက်ပဲ။ ငါ့မျက်လုံးထဲမှာတော့ မင်းက ထူးချွန်တဲ့ သိုင်းပညာရှင်တစ်ယောက် ဖြစ်တဲ့အပြင် ငါ့ပေါ်လည်း အရမ်းကို သစ္စာရှိတယ်။ တစ်နေ့ကျရင် မင်းက စစ်သူကြီး ယွီတွမ်းစုလို တောက်ပတဲ့ ကြယ်တစ်ခု ဖြစ်လာလိမ့်မယ်။ မင်းက ငါ့ရဲ့သာ့ကျင်းအတွက် မရှိမဖြစ် စစ်သူကြီးတစ်ယောက် ဖြစ်လာလိမ့်မယ်”
“အဲ့ဒီအခါကျရင် လူတွေကလည်း ငါ့မှာ စူးရှတဲ့အမြင်တစ်ခု ရှိပြီး ပါရမီရှင်တစ်ယောက်ကို အလဲအလှယ်လုပ်ဖို့ မြင်းအဝါကို အသုံးချခဲ့တာပဲလို့ ပြောကြလိမ့်မယ်”
နောက်ဆုံးတွင် အသံက ပြုံးယောင်သန်းသွားပြီး ပြောလိုက်လေသည်။
“ဒါပေမဲ့ အရင်ဆုံး မင်းက မင်းရဲ့ခြေထောက်ပေါ် ရပ်တည်ဖို့ ကြိုးစားရမယ်။ ကိုယ့်ဟာကိုယ် သိမ်ငယ်နေတာတွေ ရပ်ထားလိုက်တော့”
မော့ချောင်ရှန်းသည် သူ့ရင်ထဲတွင် မီးတောက်နေသည်ကို ခံစားလိုက်ရ၏။ ဒီမီးတောက်သည် သူ၏နိမ့်ကျလှသည့် နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားသည့် စိတ်ဆန္ဒကို လှုံ့ဆော်ပေးလိုက်လေသည်။
သူသည် ငေးကြောင်ကြောင်လေးဖြင့် မနေနိုင်ဘဲ ထရပ်မိတော့၏။
ချန်ချန်းယဲ့က သူမရှေ့ကလူကို ကြည့်လိုက်ပြီး သူမ၏ကျောပြင်ကို ဖြည်းဖြည်းချင်း ပြန်မတ်ထားလိုက်ကာ မျက်လုံးတွင်လည်း မီးတောက်များဖြင့် တလက်လက် ဖြစ်နေပြီး မတ်မတ်ရပ်လိုက်လေသည်။ သူမသည် ကြက်ပြုတ်ရည် တစ်ပန်းကန်ကို အောင်အောင်မြင်မြင် သောက်နိုင်ခဲ့သည့်အတွက် သူမကိုယ်သူမ အနည်းငယ် ဂုဏ်ယူမိနေ၏။ ထို့ကြောင့် သူမသည် ယမကာခွက်ကို မနေနိုင်ဘဲ လှမ်းယူလိုက်တော့သည်။
ထိုအခိုက်တွင် ရေချိုးတဘတ်သည် မတော်တဆ ပြေလျော့သွားပြီး မော့ချောင်ရှန်း၏ ခါးပေါ်မှ လျောကျသွားတော့သည်။
ချန်ချန်းယဲ့ခမျာ ဖူးကနဲ အသံနှင့်အတူ သူမ၏ ပါးစပ်ထဲမှ ယမကာများကို မှုတ်ထုတ်မိတော့သည်။
မော့ချောင်ရှန်းက ရေချိုးတဘတ်ကို အလောတကြီး လှမ်းဆွဲလိုက်မိသော်ငြားလည်း သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် ကျက်သွားသည့် ပုဇွန်တစ်ကောင်လို နီရဲသွားကာ ချက်ချင်းဆိုသလို ထွက်ပြေးသွားတော့သည်။
သို့သော် ချန်ချန်းယဲ့ကတော့ ထိုမြင်ကွင်းကို ဖြတ်ကနဲ မြင်လိုက်ရလေသည်။
သူမသည် သလွန်ပေါ်တွင် လိမ့်တက်သွားသည့် သူမ၏ရင်ဘတ်ကို ထိကိုင်မိတော့သည်။
သူမက ကိုယ့်ဟာကိုယ် ပြန်မေးလိုက်၏။
ခုနတုန်းက ငါ ရင်ခုန်သွားတာလား။
ချန်ချန်းယဲ့သည် မော့ချောင်ရှန်းကို ရေပူစမ်းအိမ်တော်မှ ခေါ်ပြန်လာသည့်အချိန်တွင် မော့ချောင်ရှန်း၏ မျက်နှာပေါ်မှ နီမြန်းနေသည့် အရောင်က ပျောက်ကွယ်မသွားသေးချေ။
ရှောင်းရှို့ကတော့ ထူးထူးခြားခြား စိတ်လှုပ်ရှားနေဟန်တူသည်။
ချန်ချန်းယဲ့က အနားတွင် မရှိနေသည့်အချိန်တွင် အခြေအနေကို အကောင်းဆုံး ရှာဖွေဖော်ထုတ်ရန်အတွက် မော့ချောင်ရှန်းဆီမှ မေးမြန်းဖို့ ကြိုးစားတော့သည်။
မော့ချောင်ရှန်းက သူ့ပါးစပ်ကို တင်းနေအောင် ပိတ်ထားပြီး ဘာမှမပြောချေ။ ထိုအရာက ရှောင်းရှို့ကို အလွန်မှ စိတ်ပျက်သွားစေတော့သည်။
...
ဆောင်းရာသီသည် မျှော်လင့်ထားသည်ထက် ပိုပြီး မြန်မြန် ရောက်ရှိလာ၏။
အပူချိန်က တစ်နေ့ပြီးတစ်နေ့ နိမ့်ဆင်းလာသည်။
သို့သော်ငြားလည်း ပျန့်ကျိုးက လူများအတွက်တော့ ဒီနှစ်ဆောင်းတွင်းသည် သူတို့ စိတ်ကူးထဲမှာလောက် မကြမ်းတမ်းသည့်နှယ်ပင်။
သာ့ကျင်းမှာ အဆက်မပြတ် ရောက်ရှိလာသည့် ရိက္ခာများက ပျန့်ကျိုးရှိ ရဲမက်များနှင့် ပြည်သူများ၏ စိတ်နှလုံးကို အေးချမ်းစေသည်။ သူတို့သည် နွေဦးရာသီ ရောက်လာမည်ကို မျှော်လင့်နေကြပြီး အေးချမ်းလှသည့် ဆောင်းတွင်းအတွက် ပြင်ဆင်ဖို့ အကောင်းဆုံး ကြိုးစားခဲ့ကြသည်။
သို့သော်ငြားလည်း မဟာမိတ်တပ်ဖွဲ့များသည် ဆက်တိုက် စစ်ရှုံးပြီးကတည်းက ရှေ့တန်းမှ နေ၍ရောက်လာခဲ့သည်။
ပထမတွင် ဘယ်တောင်ပံစစ်တပ်မှ ပေကုန်းဟို လွီစုန့်သည် အကျိုးဆောင်ဖို့အတွက် လောဘတကြီး ရှိလှကာ မိုက်မိုက်ကန်းကန်း ရှေ့သို့ ချီတက်ခဲ့၏။ သို့သော်ငြားလည်း ပင်းလုတွင် စစ်ရှုံးခဲ့လေသည်။
အလယ်စစ်တပ်၏ ဟွားယွီကျစ်သည် လုချန်းတွင် ချုံခိုတိုက်ခိုက်ခံရပြီး ခွက်ခွက်လန်အောင် ရှုံးနိမ့်ပြီး ထွက်ပြေးခဲ့ရ၏။
မူလကတော့ ညာတောင်ပံ စစ်တပ်ကို ဦးဆောင်သည့် လီဝမ်ကွမ်းက ပုံမှန်အတိုင်း ရှေ့သို့ ချီတက်ခဲ့ပြီး မြို့ပေါင်းများစွာကို သိမ်းပိုက်နိုင်ခဲ့သည်။ စပါးနှင့် မြက်များကို တာဝန်ယူပေးထားသည့် ယွင်နန်ဝမ် ယွမ်ယိကျစ်သည် လီဝမ်ကွမ်း၏ အရှိန်အဟုန်ကို မနာလို ဖြစ်ခဲ့သဖြင့် တမင်သက်သက် အချိန်ဆွဲကာ စပါးနှင့် မြက်များကို ထိန်းသိမ်းထားခဲ့ပြီး လီဝမ်ကွမ်း၏ စစ်တပ်ကို နန်ယန်တွင် ရပ်နားရန် ဖိအားပေးခဲ့လေသည်။
ဒီအချိန်တွင် မဟာမိတ်တပ်စုများသည် လုံးဝရှုံးနိမ့်သွားပြီး လီဝမ်ကွမ်းမှာ ဒေါသဖြင့် သူ့တပ်စုများကို ဦးဆောင်က ပျန့်ကျိုးသို့ ပြန်လာရတော့သည်။
လတ်တလော နေ့ရက်များတွင် ပြန်ဆုတ်လာသည့် ရဲမက်ထဲက တကွဲတပြား ကျန်ရစ်ခဲ့သည့် ရဲမက်များသည့် မကြာခဏဆိုသလို ပျန့်ကျိုးမြို့ပြင်တွင် ပေါ်လာခဲ့သည်။
ချန်ချန်းယဲ့က သူတို့ကို တပ်ဖျက်ခိုင်းပြီး ပြန်လည်စုစည်းခိုင်းရန် အမိန့်ပေးခဲ့သည်။
အားလုံးက သတိကြီးစွာ ရှိနေကြပြီး မြို့၏ခံစစ်ကို တောင့်တင်းခိုင်မာအောင် လုပ်ဆောင်နေကြကာ ခံတပ်အတွက် ပြင်ဆင်နေကြပြီး ချွမ်ရုံစစ်တပ်၏ အချိန်မရွေး တိုက်ခိုက်လာမည့်အရေးကို တန်ပြန်တိုက်ခိုက်ဖို့ရန် ရင်ဆိုင်ဖို့ အသင့်ပြင်ထားလိုက်ကြသည်။
ဒီနေ့တွင်တော့ အဝါရောင် သဲများသည် ဝေးကွာလှသည့် နေရာတစ်ခုတွင် ဖြည်းဖြည်းချင်း မြင့်တက်လာခဲ့၏။ ရှက်ရွံ့နေကြဟန် တူသည့် စစ်ရှောင်လာသည့် ရဲမက်တစ်စုက ကြောက်လန့်တကြားဖြင့် လျန်ကျိုးသို့ အရှိန်အဟုန်ဖြင့် ပြန်လာခဲ့ကြသည်။
စစ်သူကြီးများစွာ၏ အကာအကွယ်အောက်တွင် ဝေပေဟို၊ ဟွားယွီကျစ်သည် အရင်ဆုံး မြို့တံခါးဆီသို့ ပြေးလာကာ အော်ဟစ်လေသည်။
“ကျုပ်က ဝေပေဟိုပဲ။ ဂိတ်တံခါးကို မြန်မြန် ဖွင့်ကြ”
အချိန်အကြာကြီး စောင့်စားလာခဲ့ပြီးနောက်တွင် ငယ်ရွယ်သည့် အရာရှိတစ်ယောက်၏ ပုံရိပ်သည် မြို့တံတိုင်းပေါ်တွင် ဖြည်းဖြည်းချင်း ပေါ်ထွက်လာ၏။ သူက ပြုံးကာ ဝေပေဟိုကို ဦးညွှတ်နူတ်ဆက်ပြီး နူတ်ဆက်ပြီး ပြောလိုက်သည်။
“ဝေပေဟိုက အဝေးကြီးကနေ လာခဲ့ရတာပဲ။ ကျွန်တ်ောတို့တွေက သေချာပေါက် ကြိုဆိုမှာပါ။ ဒါပေမဲ့ မြို့အရှင်က လတ်တလောမှာ မြို့ထဲမှာ ရှိမနေတဲ့အတွက် ကျေးဇူးပြုပြီးတော့ စိတ်ရှည်ပေးပါဦး”
ဟွားယွီကျစ်မှာ အမျက်ချောင်းချောင်း ထွက်တော့သည်။
“မင်းက ဘယ်သူလဲ။ ချွမ်ရုံမြင်းတပ်က အခုလေးတင်ပဲ ရောက်လာတော့မယ်။ ဒါက ရယ်စရာ မဟုတ်ဘူးနော်။ ကျေးဇူးပြုပြီးတော့ ကျင်းယွဲ့ဟိုကို သွားဖိတ်ပြီးတော့ စကားလာပြောခိုင်းပါ”
လက်ထောက်က သူ့အင်္ကျီလက်ကို ဝေ့ယမ်းလိုက်ကာ တည်တည်ငြိမ်ငြိမ်ဖြင့် ဦးညွှတ်လိုက်လေသည်။
“ကျုပ်က ကျန်းဖုလို့ခေါ်တဲ့ လက်ထောက်ငယ်လေးတစ်ယောက်ပါ။ ကျုပ်က ဆုံးဖြတ်ချက်ကို တကယ်မချနိုင်လို့ပါ။ ကျေးဇူးပြုပြီးတော့ ခင်ဗျားရဲ့ စစ်တပ်ကို ဦးဆောင်ပြီး ရန်သူကို အရင်ဆုံး ခုခံထားပေးပါ။ ကျုပ်တို့ရဲ့အရှင် ရှီရှန်းကနေ ပြန်လာတဲ့အချိန်ကျရင် သူက စစ်တပ်ကို ပြင်ဆင်ပေးပြီး တပ်စုနဲ့ မြင်းတွေကို စုဆောင်းပြီး လူကြီးမင်းကို အားပေးဖို့အတွက် မြို့ပြင်ကို သေချာပေါက် ထွက်လာခဲ့ပါမယ်”
ဟွားယွီကျစ်သည် မြင့်မားပြီး ခိုင်ခံ့သည် မြို့တံတိုင်းကြီးကို တည့်တည့်ကြည့်နေမိပြီး ထိုနေရာတွင် ခမ်းနားပြီး တည်ငြိမ်သည့် ရဲမက်များက ရပ်နေကြကာ သူတို့၏ ချပ်ဝတ်များကလည်း တောက်ပနေပြီး သူတို့၏ ဓားနှင့်လှံများကလည်း ထိခတ်နေကြလေသည်။
ထိုဆင်ခြေတွေအားလုံးက တာဝန်ကို ရှောင်လွှဲဖို့ရန်အတွက် ဖြစ်နေကြောင်း သူ့စိတ်ထဲတွင် သိနေ၏။ ကျင်းစစ်တပ်သည် မြေမျက်နှာသွင်ပြင်၊ တည်နေရာ အားသာချက်တစ်ခု ရှိနေပြီး ဦးဆောင်မှု မပြုလုပ်လိုဘဲ သူတို့၏ ကိုယ်ပိုင်တပ်ဖွဲ့ကိုသာ ဦးဆောင်စေလိုနေသည်။
သူတို့သည် အလွန်မှ ဒေါသထွက်ရသော်ငြားလည်း ထိုကိစ္စနှင့် ပတ်သက်ပြီး ဘာမှမတတ်နိုင်ပေ။ သူတို့သည် စစ်တပ်ကိုသာ တိုက်ခိုက်ဖို့ရန် ပြင်ဆင်ခိုင်းရပြီး မြို့တံတိုင်းနှင့် ကပ်ထားကာ ရက်စက်ကြမ်းကြုတ်သည့် တိုင်းတစ်ပါးက လိုက်လာသူများကို ရင်ဆိုင်ဖို့ရန် တိုက်ပွဲအခင်းအကျင်းတစ်ခုကို ဖွဲ့စည်းထားလိုက်သည်။
ဝေပေဟို၏ စစ်တပ်များသည် ချွမ်ရုံ၏ တစ်လမ်းလုံး လိုက်လံဖမ်းဆီးခံရပြီး တိုက်ခိုက်ဖို့ရန် ဆန္ဒများက ဆုံးရှုံးနေနှင့်ပြီးသား ဖြစ်သည်။ သူတိုသည် မြို့ထဲသို့ မြန်မြန်ဝင်ကာ လွတ်မြောက်ဖို့ရန်သာ ဆန္ဒရှိနေတော့သည်။
သို့သော်ငြားလည်း သူတို့သည် မြို့ထဲဝင်ခွင့်ရရန် ငြင်းဆန်ခံခဲ့ရသည်။
ဒီအခိုက်အတန့်တွင် ပြန်ဆုတ်ဖို့ရန်လည်း လမ်းမရှိတော့သလို ရှေ့တွင်လည်း လိုက်လံဖမ်းဆီးသူများ ရှိနေသည်တွင် ရဲမက်များသည် ချက်ချင်းဆိုသလိုပင် သူသေကိုယ်သေ တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ကြတော့သည်။
အားဖုန်းနှင့် သူ၏အဖွဲ့သည် ရန်သူ၏ တိုက်ခိုက်မှု ပထမလှိုင်းနှင့် တွေ့ဆုံဖို့ရန် ရှေ့တန်းတွင် ရပ်နေကြသည်။
ကျွန်များဖြင့် ဖွဲ့စည်းထားသည့် တပ်စုတစ်ခုအနေဖြင့် သူတို့သည် အမြဲတမ်းလိုလို အန္တရာယ်အရှိဆုံးနှင့် ခုခံရန် ခက်ခဲသည့် နေရာများတွင်သာ နေရသည်။
ဒီအခိုက်အတန့်တွင် သူသည် မြှားပစ်ခံထားရသည့် ဒဏ်ရာရနေကာ ပင်ပန်းနွမ်းနယ်နေ၏။
သို့သော်ငြားလည်း သူသည် ပြန်မဆုတ်နိုင်ပေ။
ပြန်ဆုတ်ခဲ့လျှင် ဒါသည် သေခြင်းတရား အဓိပ္ပာယ်သာ ဖြစ်လိမ့်မည်။
သူသည် ဒဏ်ရာရနေသည့် ဝံပုလွေတစ်ကောင်လို ဟိန်းဟောက်လိုက်ပြီး လက်ထဲက သူ့ဓားဖြင့် လာနေသည့် ရန်သူများဆီသို့ အရှိန်ဖြင့် တိုးသွားသည်။ သူ့ဓားက ရန်သူ၏အသားစိုင်ကို ခုတ်ဖြတ်လိုက်ပြီး ရန်သူ၏ဓားကလည်း သူ့ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်သွားသည်။ သူ့မျက်လုံးရှေ့တွင် လွင့်စဉ်လာသည့် သွေးများက မည်သူ့သွေးမှန်း မသိပေ။
အားဖုန်းသည် နာကျင်မှုကို မခံစားရတော့သလို ခံစားမိ၏။
ဒါသည် မကောင်းသည့် လက္ခဏာတစ်ခုဖြစ်မှန်း သူသိနေသည်။
ထုံထိုင်းသွားခြင်း၏ အဓိပ္ပာယ်မှာ သေမင်း နီးကပ်လာသည့် အဓိပ္ပာယ်ပင်။
သူသည် ဓားကို မြှောက်လိုက်ပြီး သူ့ဘေးက ညီအစ်ကိုအတွက် ကာကွယ်ပေးလိုက်သည်။ သို့သော်ငြားလည်း နောက်ထပ် ဓားရောင်တစ်ချပ်က သူ့ရှေ့တွင် ပေါ်လာခဲ့သည်။
ထိုအခိုက်အတန့်တွင် ထိုသေကွင်းသေကွက် ဓားကို ကာဖို့ရန် ဒုတိယဓားတစ်ချောင်း မရှိတော့ပေ။
ဒါပါပဲ။
ထိုအချိန်တွင် အားဖုန်းသည် စစ်ပွဲထဲတွင် သေရသည်က ပိုကောင်းလိမ့်ဦးမည်ဟု စဉ်းစားလိုက်မိသည်။
ဒီလို ပျင်းရိငြီးငွေ့စရာကောင်းတဲ့ ဘဝကို ထွက်ခွာဖို့ ဘာတွေများ အဲလောက်အထိ တုံ့ဆိုင်းနေမိတာလဲ။
တောက်ပနေသည့် ငွေရောင်လှံတစ်ချောင်းက သူ့ဘေးမှ ဆန့်တန်းလာခဲ့ပြီး ဓား၏အလင်းရောင်ကို ချိုးဖြတ်ကာ ရှေ့သို့ ဆက်ပြီး တိုးသွားပြီးနောက် ရန်သူ၏ဝမ်းဗိုက်ကို တည့်တည့်မတ်မတ် ထိုးဖောက်သွားကာ ချွမ်ရုံစစ်သူကြီးကို မြင်းပေါ်မှ တိုက်ချလိုက်လေသည်။
လက်ထဲတွင် လှံတစ်ချောင်း ကိုင်ထားပြီး မြင်းစီးလာခဲ့သည့် အနက်ရောင် ဝတ်စုံနှင့် စစ်သူကြီးငယ်လေးတစ်ယောက်သည် အားဖုန်းကို ဖြတ်သွားပြီး တောက်ပသည့် အဝတ်အစားများနှင့် ချပ်ဝတ်များကို ဝတ်ဆင်ထားသည့် မြင်းတပ်တစ်ခုကို ဦးဆောင်ကာ ရန်သူ၏ တိုက်ပွဲအခင်းအကျင်းထဲသို့ ထိုးဖောက်ဝင်ရောက်သွားတော့သည်။
လူငယ်စစ်သူကြီးသည် ရှေ့ကနေ ဦးဆောင်လာပြီး တားဆီးလို့ မရနိုင်ဘဲ ထက်ရှသည့် ဓားသွားတစ်ခုလို ရန်သူ၏ အခင်းအကျင်းကို ချိုးဖျက်လိုက်လေသည်။
ထိုရင်းနှီးသော်လည်း မရင်းနှီးသည့် ပုံရိပ်သည် အလွန်မှ အားအင်ပြည့်ဝပြီး စိတ်ဓာတ်မြင့်မားနေ၏။
“ချောင်ရှန်း”
အားဖုန်းသည် ခြောက်သွေ့နေသည့် လည်ချောင်းထဲမှ ရင်းနှီးနေသည့် နာမည်တစ်ခုကို တိုးတိုးလေး ခေါ်လိုက်သည်။
ကျင်းစစ်တပ်၏ အချိန်မီ ထောက်ပံ့ပေးမှုကြောင့် ဝေပေဟိုတပ်ဖွဲ့သည် ချွမ်ရုံ၏ နောက်မှလိုက်ပါလာသည့် စစ်တပ်ကို မောင်းထုတ်နိုင်ခဲ့သည်။
ရှင်သန်ကျန်ရစ်ကြသည့် စစ်တပ်များက မြို့အပြင်ဘက်တွင် စခန်းချထား၏။
ဒီအချိန်တွင် ဝေပေဟို၏ အလယ်စစ်စခန်းထဲတွင် ဟွားယွီကျစ်သည် ဒေါသထွက်နေပြီး သူ့ရှေ့က ကျန်းဖုခြေထောက်ဆီသို့ ယမကာခွက်ကို ပစ်ပေါက်လိုက်လေသည်။
“ကျင်းယွဲ့ဟိုက ကျုပ်အပေါ် ဒီလိုရိုင်းပျခဲ့ရတယ်လို့။ သူက ကျုပ်မိသားစုနဲ့ ဆွေမျိုးတွေကိုပဲ မြို့ထဲကို ဝင်ခွင့်ပေးထားတယ်။ ဒါက ပျန့်ကျိုးကို သူ့ကိုယ်ပိုင်နယ်မြေလို့များ သတ်မှတ်နေတာလား”
ကျန်းဖုကတော့ လုံးဝ ဒေါသမထွက်ဘဲ အပြုံးဖြင့် ပြန်ဖြေလိုက်လေသည်။
“နယ်စားမင်း အထင်လွဲနေပါပြီ။ ကျုပ်တို့ရဲ့ နယ်စားမင်းက နယ်စားမင်းကို အမြဲတမ်း လေးစားလှပါတယ်။ ဒီတော့ သူက ဘယ်လိုလုပ်ပြီး နယ်စားမင်းကို လျစ်လျူရှုရဲ့ပါ့မလဲ။ စစ်တပ်ထဲမှာ နယ်စားမင်းရဲ့ ကြိုးစားအားထုတ်မှုကြောင့်ပဲ ကျွန်တော်တို့ကလည်း နယ်စားမင်းကို ကြိုဆိုဖို့အတွက် မြို့ထဲမှာ စားသောက်ပွဲတစ်ခု ပြင်ဆင်နိုင်ခဲ့တာပါ။ တကယ်လို့ နယ်စားမင်းက ရဲမက်တွေနဲ့ အခက်အခဲ ဒုက္ခကို မျှဝေဖို့ တင်းခံနေပြီး ဒီတပ်စခန်းထဲမှာပဲ ဆက်ပြီးတော့ နေနေမယ်ဆိုရင်တော့ ကျုပ်ကလည်း စိတ်မကောင်းကြီးစွာနဲ့ပဲ ပြန်ရပါတော့မယ်”
သူသည် နှိမ့်ချပြီး ယဉ်ကျေးနေသဖြင့် ဘယ်သူကမှ သူ့ကို အပြစ်မပြောနိုင်ချေ။
သို့သော်ငြားလည်း သူ့စကားလုံးများထဲတွင် အလျှော့ပေးမည့် စိတ်ကူးလုံးဝ မရှိပေ။
ဒီအခိုက်အတန့်တွင် ပျန့်ကျိုး၏ စစ်တပ်၊ နိုင်ငံအရေး၊ ပြည်သူ့သဘောထားများကလည်း ယခုတော့ ကျင်းယွဲ့ဟို၏ လက်ထဲတွင် အခိုင်အမာ ကျရောက်လို့ နေသည်။
စစ်ရှုံးလာသည့် တပ်ဖွဲ့ကို ဦးဆောင်လာသည့် ဝေပေဟို မဆိုထားနှင့် ရဲမက်သောင်းချီ အင်အားရှိသည့် စစ်တပ်ကြီး တစ်ခုကို ဦးဆောင်လာခဲ့လျှင်ပင် ခိုင်မာတောင့်တင်းပြီး သေသေချာချာ လေ့ကျင့်ပေးထားသည့် ရဲမက်များရှိနေသည့် ပျန့်ကျိုးမြို့ကို ပြန်ယူဖို့ရန် မဖြစ်နိုင်ချေ။
ဝေပေဟိုသည် စိတ်ထဲတွင် သက်ပြင်းချမိနေသည်။ ကျင်းယွဲ့ဟိုကို လှောင်ပြောင်ခဲ့သည့် စကားလုံးများက သူ့နားထဲတွင် ပြန်ကြားယောင်နေ၏။ မင်းသားများ အားလုံးထဲတွင် ကျင်းယွဲ့ဟိုတစ်ယောက်သာ အသာစီးရနေသူ ဖြစ်သည်ကို သူသည် စဉ်းစားမိလိုက်သည်။
သခင်နဲ့ လက်အောက်ငယ်သားတွေကလည်း အတူတူပဲ။ ရှေ့က ခေါင်းမာနေတဲ့ ကျန်းဖုကို ကြည့်လိုက်ရုံနဲ့ ကျင်းယွဲ့ဟိုကလည်း ဝက်တစ်ကောင်လို ဟန်ဆောင်ပြီး ကျားကို စားသောက်မဲ့ သူ့ရဲ့ အရောင်အဝါ အစစ်အမှန်ကို ဖုံးကွယ်ထားတဲ့ ကောက်ကျစ်တဲ့လူတစ်ယောက်ဆိုတာက သိနိုင်တာပဲ။
ဝေပေဟိုသည် အမှားတစ်ခု လုပ်ခဲ့မိသည့်အတွက် နက်နက်နဲနဲ နောင်တရမိတော့သည်။
သို့သော်ငြားလည်း ယခုအချိန်တွင် သူသည် ကျင်းပြည်နယ်နှင့် လမ်းမခွဲချင်သလို ထိုသို့လည်း မလုပ်နိုင်ပေ။
သူသည် သူ့ဒေါသကိုသာ မျိုသိပ်ထားရပြီး ကျန်းဖုကို ရင်ဆိုင်ဖို့ရန် အပြုံးတစ်ခုသာ ဆောင်ထားရတော့သည်။
...
ချန်ချန်းယဲ့သည် ဝေပေဟို ဟွားယွီကျစ်ကို ကြိုဆိုဖို့ရန် ပျန့်ကျိုးထဲတွင် အသစ်ဆောက်လုပ်ထားသည့် နယ်စားမင်းအိမ်တော်တွင် ခမ်းနားထည်ဝါသည့် ညစာစားပွဲတစ်ခုကို ကျင်းပခဲ့၏။
စားသောက်ပွဲတွင် ဧည့်သည်နှင့် အိမ်ရှင်များက အချင်းချင်း ချီးမွှမ်းကာ သောက်စားကြပြီး စိတ်တိုင်းကျ ပျော်ပါးကြလေသည်။
ချန်ချန်းယဲ့သည် ဒီလိုလူမှုရေးကိစ္စမျိုးကို လုံးဝ စိတ်မရှည်ချေ။
သို့သော်ငြားလည်း လက်ဝေခံ ပြည်နယ်တစ်ခု၏ နယ်စားအနေဖြင့် -အထူးသဖြင့် အခြေမခိုင်သေးသည့် နယ်စားငယ်လေးတစ်ယောက် အနေဖြင့် ဒီလိုလူမှုရေးကိစ္စများက ရှောင်လွှဲလို့ မရသည့်အပြင် ဒီနေရာတွင် အသက်ရှင်နေထိုင်ဖို့ရန်အတွက် လိုအပ်သည့် အရည်အချင်းတစ်ခု ဖြစ်နေသည်။
သူမက အပြုံးဖြင့် ရွှေခွက်ကို ကောက်ကိုက်လိုက်ပြီး ဧည့်သည်ထိုင်ခုံတွင် ထိုင်နေသည့် ဟွားယွီကျစ်ဘက်သို့ လှမ်းတားလိုက်သည်။
ဟွားယွီကျစ်က သူ့ခွက်ကို မြှောက်လိုက်ကာ ပြောလိုက်၏။
“နောင်တော်က အချိန်မှီ လာပြီးတော့ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျုပ်က အရမ်းကို ကျေးဇူးတင်ရပါတယ်။ ကျုပ်ရဲ့ ကျေးဇူးတင်စိတ်ကို ဖော်ပြဖို့အတွက် ယမကာခွက် သုံးခွက်ကို သောက်ပါ့မယ်”
ချန်ချန်းယဲ့သည် တော်တော်လေးကို သောက်နိုင်သဖြင့် လုံးဝမကြောက်ရွံ့ဘဲ ယမကာအားလုံးကို လက်ခံလိုက်လေသည်။
ဟွားယွီကျစ်က ကျယ်လောင်စွာ အော်ရယ်လိုက်လေ၏။
“ဒီအကြောင်းကို ပြောမိတော့ ကျုပ်ရဲ့နောင်တော်က လူတွေကို သင်ကြားပြသပေးတဲ့နေရာမှာ အတော်ဆုံးပါပဲ”
သူသည် ချန်ချန်းယဲ့နောက်တွင် ရပ်နေသည့် မော့ချောင်ရှန်းကို ကြည့်လိုက်သည်။
“ဒီကျွန်က နောင်တော်နဲ့ ရှိလာတာမှ အချိန်သိပ်မကြာသေးပဲ။ သူက လုံးဝကို ပြောင်းလဲသွားပြီးနော်။ ဒီနေ့ စစ်မြေပြင်ထဲမှာ ကျုပ်ဖြင့် သူ့ကိုတောင် မမှတ်မိတော့သလောက်ပဲ”
ချန်ချန်းယဲ့သည် သူ့နောက်က လူကို လှမ်းကြည့်လိုက်ပြီး ပြုံးကာ အားနေသည့် လက်တစ်ဖက်ဖြင့် ယမကာတစ်ခွက်ကို လောင်းထည့်လိုက်ပြီး ကိုယ်တိုင်လှမ်းပေးလိုက်သည်။
မော့ချောင်ရှန်းက သူ့ဘောင်းဘီအနားကို မ ကာ ဒူးတစ်ဖက် ထောက်ချလိုက်ပြီး ယမကာခွက်ကို လှမ်းယူလိုက်ပြီးနောက် တစ်ကြိတ်တည်း မော့သောက်လိုက်လေတော့သည်။
...