Ch 20
Viewers 256

အခန်း (၂၀ )

ရှောင်ကျင်သည် ချည်တုပ်ခံထားရသည့် ရှောင်းရှို့ကို အိမ်ထဲသို့ သယ်လာပြီး သူ့ကို ချန်ချန်းယဲ့ရှေ့တွင် တွန်းပို့လိုက်၏။

သူက အားလုံးကို လက်ဝှေ့ယမ်းပြလိုက်ကာ အေးစက်စက် ပြောလိုက်လေသည်။ “ ဒီကောင် သိချင်သိနိုင်တယ် ”

ထိုစကားကို ကြားလိုက်ရပြီးသည့်နောက်တွင် ရှောင်းရှို့သည် ရုတ်တရက်ဆိုသလို ခေါင်းမော့ကာ ချန်ချန်းယဲ့ကိုကြည့်လိုက်၏။

“ မင်း … မင်းက အရှင်မဟုတ်ဘူးမို့လား ”

“ မင်းက ဘယ်သူလဲ မင်းက … မင်းသမီးချန်းယဲ့လား ”

ချန်ချန်းယဲ့က ထိုင်ခုံကို နောက်ပြန်မှီထားလိုက်ပြီး သူမ၏လက်ကို အကျီလက်ထဲသို့ထည့်ထားလိုက်ကာ အချိန်အကြာကြီး သူ့ကိုကြည့်လိုက်ပြီးမှ မျက်လွှာချထားလိုက်ပြီး သဘောတူကြောင်း ပြသလိုက်လေသည်။

ရှောင်းရှို့၏ခန္ဓာကိုယ်ပေါ်တွင် အမြဲတမ်းတည်ရှိနေတတ်သည့် ပန်းရောင်က ရုတ်တရက်ဆိုသလို ဒီရေအလား မှိန်ပျောက်သွားသည်ကို တွေ့လိုက်ရပြီး ဝမ်းနည်းပြီး စိတ်ပျက်အားလျော်နေသည့် အရောင်တစ်ခု အစားထိုးဝင်ရောက်လာလေသည်။

“ ဒါဆိုရင် နယ်စားလေးကရော ” သူသည် ခေါင်းငုံ့ကာ လေသံတိုးတိုးဖြင့် မေးလိုက်လေသည်။

အမှန်တွင်တော့ သူ့စိတ်ထဲတွင် အဖြေကိုသိနှင့်နေပြီးသားပင်။

ချန်ချန်းယဲ့သည် ထိုစူးရှလှသည့် နာကျင်မှုကို ဆက်ပြီးမကြည့်နိုင်တော့ချေ။ ထို့ကြောင့် သူမက သူ့အကြည့်ကို ရှောင်လွှဲထားလိုက်ကာ ပြောလိုက်၏။ “ အစ်ကိုတော်က အစောကြီးကတည်းက ဆုံးပါးသွားပြီးပါပြီ ”

“ ဟုတ် … ဟုတ်လို့လား ”

“ ကျုံးမူပုန်ကန်မှုတုန်းက အစ်ကိုတော်က ကုန်းဇီကျန်းရဲ့ အဆိပ်ခတ်ခံရပြီး သေဆုံးသွားခဲ့တယ်၊ ငါက မတတ်သာဘဲ သူ့နေရာကို အစားထိုးဝင်ရောက်ခဲ့တယ်၊ ငါ့ရဲ့ကိုယ်ပိုင်လက်တွေနဲ့ သူ့ရဲ့ရန်သူကို သတ်ခဲ့ပြီးပြီ၊ ငါ အစ်ကိုတော်အတွက် လက်စားချေပြီးသွားပြီ ” ချန်ချန်းယဲ့က အမှန်တရားကို ပြောပြလိုက်၏။

ရှောင်းရှို့မှာ ကြမ်းပြင်ပေါ်တွင် ပြိုလဲသွားတော့သည်။

သူသည် ကျုံးမူပုန်ကန်မှုကို မှတ်မိနေ၏။

ထိုအချိန်က အရှင်သည် စားသောက်ပွဲကို သွားခဲ့သော်ငြားလဲ သူ့ကို သူနှင့်အတူ ခေါ်မသွားခဲ့ချေ။

သခင်က အဆိပ်ခတ်ခံခဲ့ရသည်ဟု ကြားလိုက်သည့်အချိန်တွင် သူ့မှာ အပူတပြင်းဖြင့် အပြေးအလွှား ရောက်လာခဲ့ရသေးသည်။

ရှောင်စစ်ခို့က အရှင့်အိပ်ခန်းကို ပိတ်ဆို့ထားပြီး အရှင့်မယ်တော် ယန်ကျီနှင့် ကိုယ်ဝန်ရှိနေသည့် ရွှီကျီတို့ကိုသာ ဝင်ခွင့်ပြုခဲ့သည်။

ကံအားလျော်စွာ နောက်ဆုံးတော့ အရှင်က အန္တရာယ်ကင်းကင်းဖြင့် ပြန်ပေါ်လာခဲ့သည်။ သူသည် အခြေအနေကိုထိန်းချုပ်ပြီး ရန်သူကိုအောင်နိုင်ခဲ့သည့်အပြင် ပိုပိုပြီးအံ့ဩရစေသည်က ထိုအချိန်ကစပြီး အရှင်သည် တစ်ခြားသူများအပေါ် မျက်နှာသာမပေးသလောက်ရှိရာ သူတစ်ယောက်ထဲကိုပဲ သူ့အနားတွင် ထားထားပြီး သူ့အပေါ် အင်မတန်မှ သိမ်မွေ့ညင်သာလာလေသည်။

သူသည် ဒီကိစ္စနှင့်ပတ်သက်ပြီး ခဏလောက်တော့ ကျိတ်ပြီး ပျော်ရွှင်နေခဲ့မိသေးသည်။

အရှင်က ထိုအချိန်တွင် အသက်မရှိတော့တာ ဖြစ်နေ၏။

သူသည် မည်သို့များ ထိုမျှလောက် တုံးအနိုင်ရပါသနည်း။ ကိုယ့်ဘာသာကိုယ်သာ အပြစ်တင်နေမိလေသည်။

မင်းသမီးချန်းယဲ့က သူ့အပေါ်အလွန်မှ ကောင်းမွန်သည်။ သို့သော်ငြားလဲ သူမက ခပ်တန်းတန်း နေတတ်သည်မှာ သိသာသည်။ သူမနှင့်ပတ်သက်သည့် မူမမှန်သည့်ကိစ္စများ အများအပြား ရှိနေခဲ့သော်ငြားလဲ သူကတော့ မျက်ကန်းတစ်ယောက်လို မျက်လုံးများကို မှိတ်ထားပြီး ဘာမှမတွေ့သလို ဟန်ဆောင်ခဲ့သည်။

ရှောင်းရှို့သည် သူ့သခင်ကို ပထမဦးဆုံး မြင်တွေ့ခဲ့ချိန်ကို ပြန်စဉ်းစားလိုက်သည်။ ကျက်သရေရှိပြီး ထည်ဝါလှသည့် ဝတ်စုံများ ဝတ်ဆင်ထားသည့် လူငယ်လေးသည် မြင်းပေါ်မှခုန်ဆင်းကာ ဆာလောင်ငတ်မွတ်နေသည့် သူ့ရှေ့တွင် ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ “စွန့်ပစ်ခံထားရတဲ့ ကလေးလား၊ မင်းကအရမ်း သနားဖို့ကောင်းတာပဲ၊ မင်းငါနဲ့အတူ အိမ်လိုက်ခဲ့ချင်လား ”

သူသည် နေ့တိုင်းလိုလို ထိုပျော်ရွှင်စရာကောင်းသည့် အိပ်မက်ထဲတွင် နစ်မြုပ်နေခဲ့သည်။ လူကတော့ အစောကြီးကတည်းက သေဆုံးသွားခဲ့ပြီဟု ဘယ်တုန်းကမှ မစဉ်းစားခဲ့ချေ။

“ ငါ့ကိုပြောစမ်း၊ ငါ့ကို အဆိပ်ခတ်ဖို့ မင်းကို အမိန့်ပေးလိုက်တာ ဘယ်သူလဲ၊ မင်းရဲ့ မူလပစ်မှတ်က ငါပဲ ဟုတ်တယ်မလား ”

ချန်ချန်းယဲ့သည် အတိုင်းအတာတစ်ခုအထိ နူးညံ့ညင်သာ သိမ်မွေ့နေသည့်ဟန် ဖြစ်နေသည်။

ရှောင်းရှို့သည် သတိပြန်ဝင်လာပြီး သူ့ခန္ဓာကိုယ်သည် အနည်းငယ်လှုပ်ရှားသွားကာ အမှတ်မဲ့ ဒူးထောက်လိုက်၏။

“ ကျွန်တော့်ကို အမိန့်ပေးခဲ့တဲ့သူက ဝေပေဟိုပါ၊ သူက အားဖုန်းဆိုတဲ့သူကနေတစ်ဆင့် ရွှေသေတ္တာတစ်ခုနဲ့ အဆိပ်ပုလင်းတစ်ခုကို ပေးခဲ့ပါတယ်၊ သူက အရှင့်ကို အဆိပ်ခတ်ဖို့ ကျွန်တော့်ကို ပြောခဲ့ပြီး ကျွန်တော် အောင်မြင်သွားပြီးတဲ့နောက်ကျရင် အရှင်နဲ့အတူတူ နေခွင့်ပေးမယ်လို့ ကတိပေးခဲ့တယ် ” ရှောင်းရှို့က သရော်လိုက်ပြီး ဝန်ခံလိုက်လေသည်။ 

“ကျွန်တော့အပြင် သူတို့တွေက သူတို့တွေကို အကူအညီပေးမဲ့ ခန်းမထဲက တာဝန်ကျတဲ့ အားရို့နဲ့ ရွှီကျာတို့ကိုလဲ လာဘ်ထိုးထားသေးတယ် ”

“ ကျွန်တော်မျိုးက မင်းသမီးချန်းယဲ့ကို သံသယရှိခဲ့တာ အရမ်းကြာနေပါပြီ၊ ဒါပေမဲ့ မင်းသမီးက ကျွန်တော့်အပေါ် အရမ်းကောင်းမွန်တဲ့အတွက် ဒါတွေအားလုံးကို မတတ်သာတော့ဘဲ ယုံကြည်ချင်ခဲ့မိတယ်၊ မော့ချောင်ရှန်း ပေါ်လာတဲ့အချိန်ကျမှ ကျွန်တော့်ကို ဖရိုဖရဲဖြစ်သွားစေပြီး တစ်ခုခုတော့ မှားယွင်းနေပြီဆိုတာကို သေသေချာချာသိလာစေတယ် ”

“ ဒါပေမဲ့ ကျွန်တော်က မော့ချောင်ရှန်းကို ဘယ်လိုပဲ ချဉ်းကပ်ဖို့ ကြိုးစားပါစေ သူကတော့ ဒီလျှို့ဝှက်ချက်တစ်ခုကို လျှို့ဝှက်ချက်အဖြစ် ဆက်ပြီးထိန်းသိမ်းထားတုန်းပဲ၊ ဒီတစ်ကြိမ်မှာ ဝေပေဟိုက လူလွှတ်ပြီး ကျွန်တော့်ကို လာရှာခဲ့တယ်၊ ကျွန်တော်လဲ ဒါကို အခွင့်အရေးတစ်ခုလို့ မြင်တယ်၊ ဒါကြောင့်မို့ ချောင်ရှန်းကို ချောက်ချမဲ့ အခွင့်အရေးတစ်ခုလို့ စဉ်းစားလိုက်ပြီး ကျွန်တော့်ကို အမှန်အတိုင်းပြောပြဖို့ ဖိအားတစ်ခုလို့ ထင်လိုက်တယ်၊ ကျွန်တော့်အနေနဲ့ မင်းသမီးကို အဆိပ်ခတ်ဖို့ တကယ်ပဲ မရည်ရွယ်ပါဘူး ”

သူက နဖူးကို ကြမ်းပြင်ပေါ်ထိလိုက်ပြီး ပြောလိုက်၏။ 

“ဒါပေမဲ့ ရှောင်းရှို့ရဲ့အပြစ်က တကယ်ပဲ ခွင့်လွှတ်လို့မရသလို ငြင်းပယ်လို့မရပါဘူး၊ မင်းသမီး ကျေးဇူးပြုပြီးတော့ ကျွန်တော်မျိုးကို သေမိန့်ချပေးတော်မူပါ ”

ချန်ချန်းယဲ့က မျက်မှောင်ကျုံ့လိုက်၏။ သူ အဲ့လောက်အထိ ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့တာက မြန်မြန်သေချင်လို့ပဲပေါ့လေ။

“ မင်းက ဆက်ပြီးတော့ အသက်မရှင်ချင်တော့ဘူးလား၊ မင်းကို ငါ့ရဲ့ အစ်ကိုတော်နဲ့အတူ မြှုပ်နှံပေးစေချင်နေတာလား ”

ချန်ချန်းယဲ့မှာ တော်တော်လေးကို နားမလည်နိုင်တော့ပေ။ သူမ၏မှတ်ဉာဏ်ထဲတွင် မူလကိုယ်ပိုင်ရှင်၏ အစ်ကိုဖြစ်သူသည် လုံးဝသာမညောင်ညဖြစ်ပြီး ဘာတက်ကြွမှုမှ မရှိသည့်အပြင် ဖရိုဖရဲဖြစ်နေသည့် ဘဝတစ်ခုကို ပိုင်ဆိုင်ထားကာ ဒေါသလဲကြီးပြီး အစေခံများကို စိတ်ရှိသလို ရိုက်နှက် ဆူပူတတ်လေသည်။

သူသည် ဝေပေဟိုလို လူယုတ်မာထက် မသိမသာတာ ပိုပြီးကောင်းမွန်လိမ့်မည်။ သူ့အတွက် သေပေးရလောက်သည်အထိ ဆန္ဒရှိနေပြီး သူ့ကို အမှန်တကယ် သဘောကျမည့်သူတစ်ယောက် ရှိနေလိမ့်မည်ဟု လုံးဝပင် ထင်မထားခဲ့မိချေ။

“ မင်းက အစ်ကိုတော်ကို အဲ့လောက်တောင်မှ သဘောကျတာလား ”

ရှောင်းရှို့က ခါးသက်သက်ပြုံးလိုက်၏။

“ အရှင်က ကောင်းမွန်တဲ့ အုပ်ချုပ်သူတစ်ယောက် မဟုတ်ပါဘူးလို့ လူတွေက နောက်ကွယ်‌မှာ ပြောနေကြတာကို ကျွန်တော် ကြားမိပါတယ်၊ သူက နယ်စားမင်းဟောင်းလို အရည်အချင်းမရှိသလို မင်းသမီးချန်းယဲ့လောက်တောင်မှ မထက်မြက်ပါဘူး၊ ဒါပေမဲ့ ကျွန်တော်ကတော့ …. ”

သူသည် ပြန်လည်တမ်းတနေသည့် သတိရစိတ်ထဲ နစ်မြုပ်သွားသယောင် သူ့ဘာသာသူ တစ်ဦးတစ်ယောက်ထဲ ရေရွတ်လိုက်၏။

“ ကျွန်တော် ကလေးဘဝတုန်းက ကျွန်တော့်မိသားစုက အရမ်းကိုဆင်းရဲပြီး စားဖို့သောက်ဖို့ဆိုတာကလဲ ဘယ်တော့မှ လုံလောက်တယ်ဆိုတာ မရှိခဲ့ဘူး၊ ကျွန်တော်က ပိန်ပိန်ပါးပါးနဲ့ အလွယ်တကူ နာမကျန်း ဖြစ်တတ်တယ်၊ ကျွန်တော့်မိသားစုအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်ခဲ့တယ် ”

“ တစ်နေ့ကျတော့ ကျွန်တော့်အဖေက ရုတ်တရက် ကျွန်တော့်ကို ရိုက်နှက်ကြိမ်းမောင်းတာတွေ မလုပ်တော့ဘူး၊ သူက ကျွန်တော့်ကို မြို့တော်ကိုခေါ်သွားပြီး ကျွန်တော်နဲ့အတူတူ ကျွမ်းဘားသွားကြည့်ကြတယ်၊ ကျွန်တော်တို့တွေ တစ်နေ့လုံး လည်ပတ်ကစားခဲ့တယ်၊ သူက ကျွန်တော့်ကို အရင်တုန်းက တစ်ခါမှမလုပ်ဖူးပေးခဲ့တဲ့ အရာပဲ၊ အာလူးတွေတောင်မှ ဝယ်ပေးခဲ့သေးတယ်လေ၊ နောက်ဆုံးတော့ သူက ကျွန်တော့်ခေါင်းကို ပုတ်ပြီး လမ်းထောင့်တစ်နေရာမှာ သူ့ကိုစောင့်နေဖို့ ပြောခဲ့တယ် ”

“ ကျွန်တော် အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့တာပေါ့၊ ထွက်လဲမသွားရဲခဲ့ဘူး၊ ဒါပေမဲ့ ကျွန်တော့်အဖေကတော့ ဘယ်တော့မှ ပြန်မလာခဲ့ဘူးလေ၊ ကျွန်တော် ဆာလောင်ငတ်မွတ်ပြီး သေလုဆဲဆဲအချိန် လမ်းဘေးမှာ ကျွန်တော့်ကို ကောက်ယူပေးခဲ့တာက သခင်လေးပါပဲ ”

ရှောင်းရှို့က ခေါင်းကိုမော့လိုက်ပြီး သူ့မျက်လုံးများကလဲ လင်းလက်နေကာ သူသည် ချန်ချန်းယဲ့၏ မျက်နှာကို ငေးကြည့်နေလေသည်။ သူသည် ဒီမျက်နှာမှတစ်ဆင့် အချိန်အကြာကြီး သူတမ်းတခဲ့ရသည့်လူကို မြင်ချင်နေသည့်နှယ်ပင်။

“ သခင်လေးက တကယ်တော့ သိမ်မွေ့တဲ့သူတစ်ယောက်ပါ၊ သူက တခြားသူတွေကို ဘယ်တော့မှ ဖိအားမပေးသလို၊ ကျွန်တော့်ကိုလဲ ရိုက်နှက်တယ်ဆိုတာ ရှားပါတယ် တကယ်လို့ သူက ဒေါသထွက်တယ်ဆိုရင် ကျွန်တော်က သူ့ကိုတောင်းပန်သရွေ့ သူကခွင့်လွှတ်ပေးလိမ့်မယ် ”

“ သူက မကြာခဏ ပြောတတ်တာရှိတယ်၊ သူက ကျွန်တော်နဲ့ တူတယ်တဲ့၊ မိဘတွေရဲ့ အချစ်မခံရတဲ့ ကလေးတစ်ယောက်ပေါ့ သူက အရှင်သခင်ကောင်းတစ်ယောက် ဖြစ်ချင်ပြီး တိုင်းပြည်ကိုလဲ ကောင်းကောင်း အုပ်ချုပ်ချင်တယ်၊ ဒါပေမဲ့ သူဘယ်လောက်ပဲကြိုးစားပါစေ၊ အားလုံးက သူ့ကို အထင်သေးပြီး၊ သူက မကောင်းတဲ့ အကျင့်စရိုက်ရှိပြီး ထက်မြက်တဲ့ ဉာဏ်ရည်မရှိဘူးလို့ ထင်ကြတယ်၊ ဒီတော့ သူကလဲ ပိုပိုပြီး စိုးရိမ်စိတ်တွေဖြစ်လာပြီး စိတ်မရှည်မှုတွေ ဖြစ်လာခဲ့တယ် ”

“ ဒါပေမဲ့ ကျွန်တော့်ရဲ့ ရင်ထဲမှာတော့ သူက အကောင်းဆုံး သခင်ပါပဲ၊ ကျွန်တော်က ကျွန်တော့်တစ်ဘဝလုံးမှာ သူ့အတွက်ပဲ အမှန်တကယ် ခစားချင်ပါတယ် ”

ထိုသို့ပြောလိုက်ပြီးနောက်တွင် သူ့မျက်လုံးထဲက အလင်းရောင်သည် ဖြည်းဖြည်းချင်း မှိန်ဖျော့သွားလေတော့သည်။

သူသည် ညို့မှိုင်းနေသော အမူအရာတစ်ခုဖြင့် ခေါင်းငုံ့ထားပြီး ချန်ချန်းယဲ့က သူ့ကို သေမိန့်ပေးမှာကို စောင့်ဆိုင်းနေလေသည်။

ချန်ချန်းယဲ့သည် သူ့ကို သတ်ဖြတ်ဖို့စိတ်ကူး အမှန်ပင် ရှိခဲ့လေသည်။ သို့သော်ငြားလဲ ဒီအခိုက်အတန့်တွင်တော့ သူမသည် ထိုသို့မလုပ်ရက်နိုင်သည်ကို သိလိုက်ရသည်။

ရှောင်ကျင်က ဦးညွှတ်ကာပြောလိုက်၏။ “ အရှင် ကျေးဇူးပြုပြီးတော့ အရမ်းကို စိတ်မပျော့လိုက်ပါနဲ့၊ ဒီလူကို ထားလို့မရပါဘူး ”

“ အစ်ကိုရှောင် ” ချန်ချန်းယဲ့က သူ့ကိုကြည့်လိုက်ပြီး “ သူ့ကိုသတ်လိုက်တယ်ဆိုတာက ပြဿနာကို ဖြေရှင်းတဲ့ တစ်ခုတည်းသောနည်းလမ်း မဟုတ်ပါဘူး၊ ဒီနေ့ လျှို့ဝှက်ချက်ကို ထိန်းထားဖို့အတွက် ကျွန်တော် သူ့ကို သတ်လို့ရတယ်၊ တစ်နေ့ကျရင် ဒီလျှို့ဝှက်ချက်ကို ဆက်ထိန်းထားဖို့ ကျွန်တော်က အစ်ကို့ကို သတ်မှာ မစိုးရိမ်ဘူးလား ”

သူမက လက်ကိုမြှောက်လိုက်ကာ ရှောင်ကျင်ဆက်ပြောမည့်စကားကို တားထားလိုက်သည်။ 

“ကျွန်တော် ဆုံးဖြတ်ချက် ချပြီးပါပြီ၊ ကျွန်တော့်ကို နားချလို့မရတော့ပါဘူး ”

“ ရှောင်းရှို့ ” သူမသည် ရှောင်းရှို့အနားသို့ သွားလိုက်ပြီး သူ့ရှေ့တွင် စောင့်ကြောင့်ထိုင်လိုက်ကာ “ အစ်ကိုတော်က ဆုံးပါးသွားပြီ ဆိုပေမဲ့လဲ ငါတို့တွေက ဆက်ပြီးအသက်ရှင်ရဦးမယ်၊ ငါက သူ့ရဲ့ရာထူးနဲ့ သူ့ရဲ့ဖြစ်ချင်တဲ့ဆန္ဒတွေကို ဆက်ပြီးတော့ လက်ခံထားတယ် ”

ရှောင်းရှို့သည် ငေးကြောင်ကြောင်ဖြင့် သူ့ခေါင်းကိုမော့လိုက်ပြီး ရင်းနှီးနေသည့်မျက်နှာကို ကြည့်လိုက်လေသည်။

“ ငါက ငါတို့ရဲ့ကျင်းပြည်ကို ပိုပြီးကောင်းမွန်တဲ့ နေရာတစ်ခုဖြစ်လာအောင် လုပ်ချင်တယ်၊ အနည်းဆုံးတော့ ဆာလောင်ငတ်မွတ်မှုကြောင့် ကလေးတွေကို စွန့်ပစ်တဲ့မိဘ၊ ရောင်းစားတဲ့မိဘ မရှိစေရဘူး၊ အစ်ကိုတော်ကလဲ ကျင်းပြည်က တဖြည်းဖြည်းပိုပြီး သန်မာလာတာကို မြင်တဲ့အခါ ကျင်းယွဲ့ဟိုက အားလုံးချီးမွမ်းရတဲ့ အုပ်ချုပ်သူတစ်ယောက် ဖြစ်လာတာကို မြင်တဲ့အခါ သူကလဲ အရမ်းပျော်လိမ့်မယ်လို့ ငါယုံကြည်တယ် ”

ထိုရင်းနှီးသော်ငြားလဲ သူစိမ်းဆန်နေသည့် မျက်နှာသည် သူ့ဆီသို့ လက်လှမ်းပေးလိုက်ကာ ပြောလိုက်သည်။ 

“ဒီဆန္ဒက အကောင်အထည်ဖော်ဖို့ မလွယ်ကူဘူး၊ မင်းက ငါနဲ့အတူတူ လက်တွဲသွားချင်လား ”

“ ကျွန်တော် … ” ရှောင်းရှို့သည် အမှတ်တမဲ့ သူ့ပါးစပ်ကို ဖွင့်လိုက်မိသည်။

“ ငါ မင်းကို ရွေးချယ်စရာ နှစ်ခုပေးနိုင်တယ်၊ ပထမတစ်ခုက ငါ မင်းရဲ့အပြစ်တွေကို ခွင့်လွှတ်ပေးနိုင်တယ်။ နောက်ပြီး မင်းကို ခရီးစရိတ်ပေးပြီးတော့ မင်းရဲ့အိမ်ကို ပြန်ခိုင်းလိုက်မယ်၊ ဒုတိယတစ်ခုက မင်းက မင်းနဲ့ထိုက်တန်တဲ့ ပြစ်ဒဏ်ကိုခံယူပြီးသွားရင် အခုချိန်ကစပြီး ‌ငါ့ဘေးမှာ‌နေပြီး ငါ့ကိုကူညီရမယ် ”

ရှောင်းရှို့သည် ခေါင်းငုံ့ထားလိုက်ကာ သူ့မျက်လုံးများကို တင်းနေအောင် ပိတ်ထားလိုက်ပြီး ခေါင်းပြန်မော့လာခဲ့၏။ “ ကျွန်တော်မျိုး အပြစ်ဒဏ်ခံယူဖို့ ဆန္ဒရှိပါတယ် ”

ချန်ချန်းယဲ့က မော့ချောင်ရှန်းကို ဆင့်ခေါ်လိုက်သည်။

“ ချောင်ရှန်း.. “ သူမက ရှောင်းရှို့ကို လက်ညှိုးထိုးပြလိုက်ကာ ပြောလိုက်၏။ 

“ ရှောင်းရှို့က အမှားတစ်ခု လုပ်ခဲ့တယ်၊ ငါ သူ့ကို ကြိမ်ဒဏ်တစ်ရာ …. မဟုတ်ဘူး ကြိမ်ဒဏ်ငါးဆယ် အပြစ်ပေးရလိမ့်မယ်။ မင်းက ဒီပြစ်ဒဏ်အတွက် ကိုယ်တိုင် တာဝန်ယူပေးရမယ် ”

မော့ချောင်ရှန်းသည် အမိန့်ကိုလက်ခံပြီး ထွက်ခွာတော့မည် ပြင်လိုက်သော်ငြားလဲ အရှင်က သူ့လက်ကို ပါးစပ်နားကပ်ထားလိုက်ကာ သူ့နားထဲသို့ တိုးတိုးလေး ပြောလိုက်လေသည်။ “ တကယ်လို့ မင်းအရမ်း ဒေါသမထွက်နေဘူးဆိုရင် သူ့ကို ပေါ့ပေါ့ပါးပါးပဲ ရိုက်လိုက်ပါ ”

မော့ချောင်ရှန်းသည် သူ့မျက်လုံးများထဲတွင် အပြုံးရိပ်တစ်ခု သန်းသွားတော့သည်။ သူက ဦးညွှတ်လိုက်ပြီး ထိုလူကိုခေါ်ထုတ်သွား၏။

သူတို့နှစ်ယောက်သည် ခန်းမထဲမှ ထွက်သွားပြီးနောက်တွင် ချန်ချန်းယဲ့က သူ့မျက်နှာကို ပြန်ပြင်ထားလိုက်ကာ စားပွဲကို ရိုက်ချလိုက်ပြီး ပြောလိုက်၏။ “ ဒီကိစ္စကို လုပ်ခဲ့တဲ့သူက အဲဒီအဖိုးကြီး ဟွားယွီကျစ် တကယ်ဖြစ်နေတာပဲ၊ ဒီကိစ္စကို သူနဲ့စာရင်းရှင်းရလိမ့်မယ် ”

ရှောင်ကျင်က မျက်မှောင်ကြုံ့ကာ ပြောလိုက်၏။ 

“ဝေပေဟိုရဲ့ စစ်တပ်တွေက မနေ့ညကတည်းက ခရီးထွက်သွားပြီ၊ သူတို့တွေက မြို့အပြင် မိုင်နှစ်ဆယ်ကျော်ကို ရောက်သွားလောက်ပြီ ”

“ အဲ့ဒီမြေခွေးအိုကြီးက မလုံမလဲဖြစ်နေပြီး မနေ့တုန်းက ငါ့ကို အဆိပ်ခတ်သတ်ဖို့ ကျရှုံးခဲ့တာကို တွေ့လိုက်ရတော့ သူကအလောတကြီး ပြေးသွားခဲ့တာပဲ၊ အခုသူက ငါတို့ရဲ့ သာ့ကျင်းနဲ့ ရန်သူဖြစ်လာချင်တာပေါ့လေ ” ချန်ချန်းယဲ့သည် မကျေမချမ်း ခံစားရတော့သည်။

ကျန်းဖုကဝင်လာပြီး လျှောက်တင်၏။ 

“အရှင် ဝေပေဟိုက မထွက်ခွာခင် ဒီကို လူတစ်ယောက်လွှတ်လိုက်ပါတယ်၊ မနေ့ညတုန်းက အဆိပ်ခတ်တဲ့ကိစ္စကို သတိထားမိတဲ့အတွက် ဒါတွေအားလုံးကလဲ အဲ့ဒီလူရဲ့ မနာလိုစိတ်နဲ့ မုန်းတီးမှုကြောင့် ဖြစ်လာခဲ့တာလို့ပြောတယ်၊ အရှင်က သူ့ကို အထင်လွဲမှာ စိုးရိမ်တဲ့အတွက် သူကဒီလူကိုအပြစ်ပေးပြီး အရှင်ဖြေရှင်းဖို့အတွက် သူ့ကိုဒီဘက်ပို့လိုက်ပါတယ်၊ အဲဒါနဲ့အတူ သူနဲ့စာတစ်စောင် ထည့်ပေးလိုက်ပါသေးတယ် ”

ချန်ချန်းယဲ့သည် စာကိုလှမ်းယူလိုက်ပြီး အစပိုင်းတွင် ရေးထားသည့် စကားလုံးများကို ဖတ်လိုက်၏။ အစ်ကိုယွီမှ

သူမသည် ရွံရှာသွားပြီး အန်ချင်စိတ်ပင် ဖြစ်သွားတော့သည်။ သူမက စာရွက်ကို ပြန်ထားလိုက်ပြီး ဘေးသို့ လွှင့်ပစ်လိုက်ကာ စိတ်မရှည်လက်မရှည်ဖြင့် ပြောလိုက်တော့သည်။

“ ဘယ်သူလဲ သူ့ကိုခေါ်လာပြီးတော့ ငါကိုယ်တော်ကို ခေါ်ပြပါဦး ”

...