ထိုခဏ၌ ချန်ချန်း၏ စိတ်အာရုံထဲတွင် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ကျန်းရှောင်ရို့နှင့် အပြန်အလှန် ရေးသားခဲ့ကြသည့် ပေးစာများက ရေလှိုင်းပမာ တိုးဝှေ့ဝင်ရောက်လာတော့သည်။
သူမထံမှ ပထမဆုံးစာကို လက်ခံရရှိစဉ်က ခံစားခဲ့ရသည့် အတိုင်းအဆမရှိသော ဝမ်းမြောက်မှုကို သူ ကောင်းကောင်းမှတ်မိနေသေးသည်။
မိုင်ပေါင်းထောင်ချီ၍ ထူထဲလှသော ရေခဲပြင်ကြီး ဖုံးလွှမ်းနေသည့် စုန်းဟွာမြစ်ဝှမ်း၏ အေးစက်စက် အလှတရားသည်ပင် ထိုအချိန်က ရုတ်တရက် အရည်ပျော်သွားသလို ခံစားခဲ့ရပြီး နွေဦး၏ တက်ကြွလှုပ်ရှားဖွယ် အသက်ရှူသံများကိုပါ သူ မြင်ယောင်လာခဲ့ရသည်။
မြောက်ပိုင်းဒေသ၏ ရှည်လျားပြီး ခြောက်သွေ့လွန်းလှသော ဆောင်းရာသီရက်စွဲများကို ပြန်လည်တွေးတောမိရင်း သူ ဝမ်းသာအားရ မျက်ရည်ကျခဲ့ဖူးသည်။
ယူနန်ဒေသ၏ နွေးထွေးပြီး အမြဲစိမ်းလန်းစိုပြည်နေသည့် နွေဦးရာသီအကြောင်း သူမ၏ စာသားများက သူ၏ နှလုံးသားကို နွေးထွေးစေခဲ့သည်။
ကျေးလက်သို့ အလုပ်ဆင်းရန် စေလွှတ်ခြင်းခံရသည့် ထိုနှစ်ကာလများတစ်လျှောက် သူမသည်သာ သူ၏ ဘဝအတွက် တစ်ခုတည်းသော အလင်းရောင် ဖြစ်ခဲ့ဖူးသည်။
ထို့ပြင် ပြီးခဲ့သည့်အကြိမ်က သူမ မိမိထံ လာရောက်တွေ့ဆုံစဉ်က ရင်ထဲတွင် ခံစားခဲ့ရသည့် လွန်ဆွဲမှုများကိုလည်း ပြန်လည်အမှတ်ရမိသွားသည်။
တစ်ဖက်တွင်လည်း သူ့အမေ၏ တင်းမာခက်ထန်သော ကန့်ကွက်သံက နားထဲ၌ ပဲ့တင်ထပ်နေဆဲ။
“ချန်ချန်း... ငါ့ရဲ့ ချွေးမဖြစ်မယ့်သူဟာ ဖြူစင်ရိုးသားပြီး အကျင့်စာရိတ္တ ကောင်းမွန်တဲ့သူ ဖြစ်ရမယ်။ နင့်ညီမ အတန်းဖော် ပြောတာသာ အမှန်ဆိုရင်တော့ ငါ ဘယ်လိုမှ သဘောမတူနိုင်ဘူး!”
သူ့ညီမ ချန်ကျောင်းကလည်း အမေဖြစ်သူဘက်ကနေ ထောက်ခံအားပေးခဲ့သေးသည်။
“အစ်ကိုကလည်း... တောထဲတောင်ထဲမှာ နေခဲ့ရတာ ကြာသွားလို့ မျက်စိတွေ မှုန်ကုန်ပြီ ထင်တယ်။ တွေ့သမျှ ဝက်မအိုကိုတောင် တျောက်ချန်လို အလှပဂေးလို့ မြင်နေတော့တာပဲ! မိန်းကလေးတွေကို အပြင်မှာ ပိုပြီး ထွက်တွေ့သင့်တယ်။ ညီမ မိတ်ဆက်ပေးတဲ့ အတန်းဖော်မလေးဆို တကယ့်ကို သဘောကောင်းတာ၊ သူ့မိသားစုကလည်း သူ့ကို တက္ကသိုလ်အထိ ထားဖို့ ပြင်ဆင်နေကြတာ သိရဲ့လား”
သို့သော် အခြားတစ်ဖက်တွင်မူ စာအိတ်များထဲ၌ ရေးသားခဲ့ဖူးသည့် ကျန်းရှောင်ရို့အပေါ် ထားရှိသော သူ၏ သစ္စာကတိများကို ချန်ချန်း ပြန်လည်သတိရမိပြန်သည်။
‘မင်းနဲ့အတူ ဘဝတစ်ခုလုံးကို ကုန်ဆုံးချင်ပါတယ်။ ငါ့ရဲ့ ဒီစိတ်ကူးဟာ ဘယ်တော့မှ ယိမ်းယိုင်သွားမှာ မဟုတ်ဘူး’ ဟု သူ ရေးသားခဲ့စဉ်က တကယ့်ကို ရင်ထဲကပါခဲ့ခြင်း ဖြစ်သည်။
သူသည် ကျန်းရှောင်ရို့နှင့်အတူ အိုမင်းရင့်ရော်သွားသည်အထိ လက်တွဲသွားရန် အမှန်တကယ် စိတ်ကူးယဉ်ခဲ့ဖူးသည်။
သူမ၏ ဘွဲ့နှင်းသဘင်ဓာတ်ပုံထဲက နုနယ်သော မျက်နှာလေးသည် သူ၏ စိတ်အာရုံထဲတွင် စွဲထင်နေဆဲ ဖြစ်သည်။ ထိုဓာတ်ပုံကို အကြိမ်ကြိမ် အခါခါ ကြည့်ဖူးလွန်း၍ မျက်စိမှိတ်ထားလျှင်ပင် သူမ၏ မျက်နှာကျကို စိတ်ကူးဖြင့် ပုံဖော်ဆွဲနိုင်သည့်အထိ ဖြစ်နေရသည်။
ဒါပေမဲ့ သူ ဘယ်လိုလုပ်ပြီး လက်ခံနိုင်ပါ့မလဲ။ မိမိထံ စာတွေရေးနေသည့်အချိန်မှာပင် သူမဟာ တခြားအမျိုးသားတစ်ယောက်နှင့် အတူတူ နေထိုင်နေခဲ့သည်ဆိုတာကို သိလိုက်ရသည့် ခံစားချက်က ဘယ်လောက်တောင် နာကျင်စရာကောင်းလိုက်သလဲ။
သူမသည် သူ၏ လူပျိုဖော်ဝင်စ လူငယ်ဘဝတစ်ခုလုံး ဖြစ်ခဲ့သည်။
သူမကို သူ ဘယ်လိုလုပ်ပြီး အလွယ်တကူ မေ့ပစ်နိုင်ပါ့မလဲ။
နောက်ပိုင်းတွင် တခြားမိန်းကလေးများနှင့် မိတ်ဆက်ပေးခြင်း ခံရသည့်တိုင်အောင် သူသည် ထိုမိန်းကလေးများကို ကျန်းရှောင်ရို့နှင့် စိတ်ထဲကနေ အမြဲတမ်း နှိုင်းယှဉ်မိနေတတ်သည်။
တခြားသူများနှင့်အတူ ထမင်းစားသည့်အခါတွင်လည်း “ဒါကို ရှောင်ရို့ ကြိုက်ပါ့မလား” ဟု တွေးမိနေတတ်ပြန်သည်။ ဟိုင်ရှစ်မှာ နေတုန်းကတော့ သူမက အစားအသောက် ခပ်ပေါ့ပေါ့ကိုပဲ ကြိုက်တတ်ကြောင်း စာထဲတွင် ရေးဖူးသော်လည်း ယူနန်တွင် နေထိုင်ပြီးနောက်ပိုင်း၌မူ အစပ်ဟင်းလျာများကိုပါ စတင်နှစ်သက်လာခဲ့သည်။
သူ၏ အလုပ်အကိုင်အရ ချန်ချန်းသည် နေ့တိုင်း ရုပ်ရှင်များကို ကြည့်ရှုရလေ့ရှိပြီး ထိုအခါမျိုးတွင်လည်း “ဒီရုပ်ရှင်ကို ရှောင်ရို့ ကြည့်ရင် သဘောကျမှာပဲ” ဟု အမြဲ တွေးတောမိတတ်သည်။
သူမ ကျေးလက်သို့ ရောက်ရှိနေစဉ် ကာလတစ်လျှောက် အပျော်ဆုံးအချိန်များမှာ ရုပ်ရှင်ပြသရေးအဖွဲ့က ကွင်းပြင်ရုပ်ရှင်များ လာရောက်ပြသသည့် အချိန်များဖြစ်ကြောင်း စာထဲတွင် ထည့်သွင်းပြောပြဖူးခဲ့သည်။
ချန်ချန်းတစ်ယောက် အတွေးကမ္ဘာထဲမှ ရုတ်တရက် နိုးထလာချိန်တွင် ရုပ်ရှင်ဖလင်လိပ်များကို စားပွဲပေါ်သို့ ချထားပြီးသား ဖြစ်နေခဲ့ပြီ။
သူက လုပ်ဖော်ကိုင်ဖက်ဖြစ်သူအား ပျာပျာသလဲဖြင့်
“ငါ့ဆရာ မေးရင်တော့ အရေးကြီးကိစ္စတစ်ခုရှိလို့ အောက်ထပ်ကို ခဏဆင်းသွားတယ်လို့ ပြောပေးပါဦး။ ပြန်လာမှ ဒီဖလင်လိပ်တွေကို ဆက်ပြီး စီလိုက်မယ်!” ဟု အလျင်အစလို ပြောကြားလိုက်သည်။
ထို့နောက် တံခါးကို တွန်းဖွင့်ကာ အပြင်သို့ အပြေးအလွှား ထွက်ခွာသွားရာ မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားတော့သည်။
“သူ ဘာတွေ ဒီလောက်တောင် အရေးကြီးနေလို့လဲ မသိဘူး”
သူ့လုပ်ဖော်ကိုင်ဖက်က စိတ်ပျက်လက်ပျက်ဖြင့် မကျေမချမ်း ရေရွတ်ရင်း ကျန်ရစ်ခဲ့သည့် ဖလင်လိပ်များကို ကောက်ယူကာ စီရတော့သည်။ ထို့နောက် နှာခေါင်းရှုံ့လျက်.....
“နောက်ခံအသိုင်းအဝိုင်း ကောင်းလှချည်ရဲ့ဆိုတဲ့ လူတွေကလည်း ဒီလောက်ပဲလား? အလုပ်တစ်ခုလုပ်တာ အချိန်အကြာကြီး ယူရတဲ့အပြင် သေချာအောင်တောင် မစီတတ်ဘူး... ဟင်း...” ဟု ခနဲ့တဲ့တဲ့ ပြောဆိုလိုက်လေသည်။
ချန်ချန်းသည် မောမောပန်းပန်းဖြင့် ဘေးနားရှိ စာအုပ်ထုတ်ဝေရေးတိုက်ဆီသို့ အပြေးအလွှား သွားခဲ့သော်လည်း ဝင်ပေါက်သို့ ရောက်သောအခါ လုံခြုံရေးဝန်ထမ်းက သူ့ကို တားဆီးလိုက်သည်။
“မင်း ဘယ်သွားမလို့လဲ။ ဒီမှာ ‘ကန့်သတ်နယ်မြေ’ လို့ ရေးထားတဲ့ ဆိုင်းဘုတ်ကို မမြင်ဘူးလား?”
ချန်ချန်းသည် ရင်ခုန်လွန်းသဖြင့် အာခေါင်များပင် ခြောက်ကပ်လာခဲ့သည်။ ဤနေရာသည် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဝန်ကြီးဌာနအောက်ရှိ စာအုပ်ထုတ်ဝေရေးတိုက် ဖြစ်ကြောင်း သူ ကောင်းကောင်းသိသည်။ ဤနေရာတွင် အလုပ်ရရှိခြင်းက ဂုဏ်သိက္ခာရှိပြီး အထက်တန်းကျလှသည်။
“တောင်းပန်ပါတယ်ခင်ဗျာ၊ တောင်းပန်ပါတယ်။ ကျွန်တော်က ဘေးက ရှုန့်ထိုက်ရုပ်ရှင်ရုံမှာ အလုပ်လုပ်တာပါ။ ခုနက ကျွန်တော်သိတဲ့သူတစ်ယောက် ဒီထဲကို ဝင်သွားတာ တွေ့လိုက်ရလို့ပါ”
သူက စိုးရိမ်တကြီးဖြင့် ထစ်ထစ်ငေါ့ငေါ့ ပြောလိုက်မိသည်။ “သူငယ်ချင်း” ဟူသော စကားလုံးကို သုံးရန် ဝန်လေးနေသဖြင့် “ကျွန်တော်သိတဲ့သူ” ဟူ၍သာ ပြောင်းလဲပြောဆိုလိုက်ရသည်။
လုံခြုံရေးဝန်ထမ်းက သူ့ကို သံသယစိတ်ဖြင့် အကဲခတ်ကြည့်လိုက်သည်။ အဝတ်အစားများ ဖရိုဖရဲဖြစ်ပြီး ပြာပြာသလဲ ဖြစ်နေသော ချန်ချန်းကို ကြည့်ကာ နှာခေါင်းတစ်ချက်ရှုံ့ပြီး.....
“နာမည် ဘယ်သူလဲ” ဟု မေးလိုက်သည်။
“ကျန်းရှောင်ရို့ ပါ”
ချန်ချန်းက ရင်တထိတ်ထိတ်ဖြင့် ပြန်ဖြေလိုက်သည်။ သူမ အမှန်တကယ် ဖြစ်ပါစေဟု မျှော်လင့်နေမိသလို တစ်ဖက်တွင်လည်း လူမှားသွားခြင်းမျိုး ဖြစ်ပါက အရှက်ရနိုင်သဖြင့် စိုးရိမ်စိတ်များ ဝင်ရောက်နေမိသည်။
သို့သော် သူ ထင်မှတ်မထားဘဲ ထိုနာမည်ကို ကြားလိုက်ရချိန်တွင် လုံခြုံရေးဝန်ထမ်း၏ မျက်နှာက ပြေလျော့သွားပြီး လက်ကို ဝေ့ယမ်းကာ....
“အော်... သူမက ငါတို့ဆီက ဝန်ထမ်းအသစ်ပဲ။ မင်းအတွက် လှမ်းခေါ်ပေးရမလား?” ဟု ပြောလာသည်။
တကယ့်ကို သူမ ဖြစ်နေခဲ့တာပဲ။
ဒါပေမဲ့ သူမက ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဝန်ကြီးဌာနလို နေရာမျိုးမှာ အလုပ်ရလောက်အောင် ဘယ်လိုနောက်ခံအသိုင်းအဝိုင်းမျိုးကို ရရှိထားတာလဲ။
ဒါတွေကို သူမက မိမိကို တမင်သက်သက် ဖုံးကွယ်ထားခဲ့တာများလား။
ချန်ချန်း၏ စိတ်အာရုံတစ်ခုလုံး ရှုပ်ထွေးနောက်ကျိသွားရသည်။
သူ ကြောင်အမ်းအမ်းဖြင့် ရပ်နေသည်ကို မြင်သောအခါ လုံခြုံရေးဝန်ထမ်းက ဖုန်းခလုတ်ကို နှိပ်ကာ ဆက်သွယ်ပေးလိုက်သည်။
“ဟဲလို... စာမူတည်းဖြတ်ရေးဌာနလား? အပြင်မှာ လူငယ်တစ်ယောက် ကျန်းရှောင်ရို့ကို လာရှာနေလို့။ ဟုတ်ကဲ့... သူမ အချိန်ရရင် အပြင်ကို တစ်ချက်လောက် ထွက်ခဲ့ပေးဖို့ ပြောပေးပါဦး”
ဖုန်းလိုင်း၏ အခြားတစ်ဖက်တွင်မူ...
ကျန်းရှောင်ရို့၏ ဌာနမှူးက ဖုန်းနားကြပ်ကို ကိုင်ထားရင်း မျက်နှာတွင် အဓိပ္ပာယ်ပါပါ ပြုံးလိုက်မိသည်။
“ရှောင်ကျန်း... အပြင်မှာ မင်းကို လာရှာတဲ့ လူငယ်တစ်ယောက် ရှိနေတယ်”
သူမ ဤနေရာတွင် အလုပ်လုပ်နေသည်ကို သိနိုင်သည့် တစ်ဦးတည်းသော “လူငယ်” မှာ လုယုံကျန်းသာ ဖြစ်နိုင်သည်။ သို့သော် သူက ဘာဖြစ်လို့ ရုတ်တရက် ရောက်လာရတာလဲ။ သူ၏ လုပ်ငန်းခွင်က ဤနေရာနှင့် လုံးဝ မနီးစပ်ပေ။
ကျန်းရှောင်ရို့သည် ဗီဇအရပင် ထိုလူမှာ လုယုံကျန်း မဖြစ်နိုင်ကြောင်း ခံစားမိသော်လည်း အခြားမည်သူ ဖြစ်နိုင်မည်ကို တွေးမရချေ။
သူမက ဝေခွဲမရဖြစ်စွာဖြင့် _
“ကျွန်မ စာမူတည်းဖြတ်တာ ခုမှ စရသေးလို့... အပြင်ကို...” ဟု ပြောရန် ပြင်လိုက်သော်လည်း ဌာနမှူးက လုံခြုံရေးဝန်ထမ်းထံသို့
“သူမ အခုပဲ ထွက်လာခဲ့ပါလိမ့်မယ်” ဟု အကြောင်းပြန်ကာ ဖုန်းချလိုက်ပြီးသား ဖြစ်နေသည်။
ဌာနမှူးက ထူးဆန်းသော အမူအရာဖြင့်
“သွားလိုက်လေ ရှောင်ကျန်း။ ငါတို့ရဲ့ အလုပ်ခွင်က သဘောထားကြီးပါတယ်။ အလုပ်ချိန်အတွင်းမှာ လူတွေ့လို့မရဘူးဆိုတဲ့ စည်းကမ်းမျိုး မရှိပါဘူး” ဟု ထပ်လောင်းပြောကြားလိုက်သည်။
ထိုစကားကို ကြားကြားချင်းပင် ရုံးခန်းအတွင်းရှိ လူတိုင်းက စားပွဲပေါ်မှ ခေါင်းများကို ပင့်တင်ကာ သူမဆီသို့ ကွက်ကြည့်ကွက်ကြည့် လုပ်လာကြသည်။
ကျန်းရှောင်ရို့သည် ထိုစကားအသုံးအနှုန်းကို အနည်းငယ် ထူးဆန်းသည်ဟု ခံစားရသော်လည်း ဌာနမှူးကို ကျေးဇူးတင်စကားဆိုကာ အပြင်သို့ ထွက်လာခဲ့လိုက်သည်။
သူမ အပြင်သို့ လှမ်းထွက်လိုက်ပြီး ဝင်ပေါက်တွင် ရပ်နေသော ချန်ချန်းကို မြင်လိုက်ရသည့် ခဏ၌...
သူမ၏ ခြေလှမ်းများ တုန့်ခနဲ ရပ်တန့်သွားခဲ့ရသည်။
ပြီးခဲ့သည့်အကြိမ်က ၎င်းတို့၏ တွေ့ဆုံမှုသည် အလွန်ဆိုးရွားစွာ ပြီးဆုံးသွားခဲ့သဖြင့် ကျန်းရှောင်ရို့သည် ချန်ချန်းအကြောင်းကို စိတ်ထဲ၌ လုံးဝ မတွေးတောမိတော့ပေ။
၎င်းမှာ သူမ၏ စိတ်အာရုံက မလိုလားအပ်သော အတိတ်ဆိုးများကို အလိုအလျောက် မေ့ဖျောက်ပေးလိုက်သည့် ခုခံမှုယန္တရားတစ်ခုပမာ ဖြစ်နေခဲ့သည်။
သို့သော် ယခု သူ့ကို မြင်လိုက်ရသည့်အချိန်တွင်မူ သူမက သူ့အကြောင်းကို မတွေးမိခြင်း မဟုတ်ဘဲ... သူ့အပေါ်တွင် နက်နက်ရှိုင်းရှိုင်း သံယောဇဉ် မရှိခဲ့ခြင်းကြောင့်သာ ဖြစ်ကြောင်း သိလိုက်ရတော့သည်။
“ရှောင်ရို့!”
ချန်ချန်းက သူမထံသို့ ခြေလှမ်းအနည်းငယ် တိုးလာပြီး မျက်နှာတွင် စိုးရိမ်ပူပန်မှုများ အထင်အရှား ရှိနေသည်။ သူ၏ အကြည့်များက သူမ၏ မျက်နှာနှင့် ကိုယ်လုံးကိုယ်ထည်ပေါ်သို့ အလိုအလျောက် ကျရောက်သွားမိသည်။
သူမ၏ ဆံပင်ရှည်နက်နက်များကို နောက်ဘက်တွင် မြင်းမြီးဆွဲသဏ္ဌာန် စည်းနှောင်ထားပြီး ရှေ့ဆံမြိတ်များကို အပေါ်သို့ ကလစ်ညှပ်တင်ထားသဖြင့် တောက်ပပြီး ထင်ရှားသော မျက်နှာသွင်ပြင်ကို ပေါ်လွင်စေသည်။ သူမသည် မျက်တောင်မခတ်တမ်း ငေးမောကြည့်ရလောက်အောင် အလွန်လှပလွန်းနေဆဲ။
သူမ ဝတ်ဆင်ထားသည်မှာ နေရာတိုင်းတွင် တွေ့ရလေ့ရှိသော ကော်လာပါသည့် လက်ရှည်အင်္ကျီ ဖြစ်သော်လည်း သူမနှင့်ကျမှ ပို၍ ခေတ်ဆန်လှပနေသယောင် ရှိသည်။ အင်္ကျီ၏ ခါးနေရာက ပွပွချောင်ချောင် ဖြစ်နေသော်လည်း သူမတွင် သွယ်လျသော ကိုယ်လုံးကိုယ်ထည် ရှိသည်မှာ အထင်အရှားပင်။
ချန်ချန်း၏ အာခေါင်များ ခြောက်ကပ်လာကာ...
“မင်း ဒီမှာ အလုပ်လုပ်တာလား? ဘယ်... ဘယ်လိုလဲ... နေကောင်းရဲ့လား?” ဟု မေးလိုက်သည်။
ကျန်းရှောင်ရို့ကတော့ ပြီးခဲ့သည့်အကြိမ်က တွေ့ဆုံမှုသည် ၎င်းတို့နှစ်ဦး သီးသန့်စကားပြောဆိုခွင့်ရမည့် နောက်ဆုံးအကြိမ် ဖြစ်လိမ့်မည်ဟု မှတ်ယူထားခဲ့သူ ဖြစ်သည်။
နောက်တစ်ကြိမ် ပြန်တွေ့ဖြစ်မည်ဆိုလျှင်ပင် ဘုံမိတ်ဆွေတစ်ယောက်ယောက်၏ မင်္ဂလာဆောင် သို့မဟုတ် အခြားဝေးကွာသော အခမ်းအနားတစ်ခုခုတွင်သာ ဖြစ်လိမ့်မည်ဟု ထင်ထားခဲ့သည်။
သူမ မျှော်လင့်မထားဘဲ အချိန်မတော် ရောက်လာသည့် သူ့ကို ကြည့်ကာ ဗီဇအရ နောက်သို့ တစ်လှမ်းဆုတ်လိုက်ပြီး သတိကြီးစွာဖြင့် ...
“ကျွန်မ ဒီမှာ အလုပ်လုပ်တာကို ရှင် ဘယ်လိုသိတာလဲ?” ဟု မေးလိုက်သည်။
သူမ၏ အေးစက်ပြီး သတိထားနေသည့် အမူအရာကို မြင်လိုက်ရသောအခါ ချန်ချန်း၏ ရင်ထဲတွင် ခါးသီးနာကျင်မှုကို ခံစားလိုက်ရသည်။
“ငါက ဘေးက ရုပ်ရှင်ရုံမှာ အလုပ်လုပ်တာပါ။ မင်း ဝင်လာတာကို မြင်လိုက်လို့ ဟုတ်မဟုတ် လာကြည့်တာ၊ တကယ်ကြီး မင်းဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး”
သူက သူမ၏ လုပ်ငန်းခွင် ဝင်ပေါက်ရှိ အဖြူအမည်း ဆိုင်းဘုတ်ကို လှမ်းကြည့်ရင်း
“ဒါ တကယ့်ကို ကောင်းမွန်တဲ့ ဌာနတစ်ခုပဲ” ဟု ပြောလိုက်သည်။
“ဟုတ်ကဲ့”
ကျန်းရှောင်ရို့က အေးစက်စက်ဖြင့်ပဲ
“တခြားကိစ္စ မရှိရင်တော့ ကျွန်မ အထဲပြန်ဝင်ပါတော့မယ်” ဟု ဆိုလိုက်သည်။
ချန်ချန်း ခဏမျှ တိတ်ဆိတ်သွားပြီးနောက် အက်ရှရှအသံဖြင့် ....
“ဘာပဲဖြစ်ဖြစ်... ငါတို့က အတန်းဖော်တွေပဲဥစ္စာ။ သူငယ်ချင်းတွေအဖြစ် ဆက်ရှိနေလို့ ရပါတယ် ဟုတ်တယ်မလား?” ဟု မေးရှာသည်။
“ဒါပေါ့... အတန်းဖော်တွေပဲဟာ။ အများကြီး လျှောက်မတွေးပါနဲ့။ နှုတ်ဆက်ပါတယ်!”
ထိုစကားများက ချန်ချန်းကို စိတ်သက်သာရာရစေသော်လည်း တစ်ဖက်တွင်မူ ရင်ထဲ၌ ဘာဖြစ်လို့ ဝမ်းနည်းမှုကိုပါ တွဲဖက်ခံစားနေရသည်ကို သူ ကိုယ်တိုင်လည်း နားမလည်နိုင် ဖြစ်နေရသည်။
ပထမဆုံး စတင်ငြင်းပယ်ခဲ့သူမှာ သူကိုယ်တိုင် မဟုတ်ပါလား။
ပြီးခဲ့သည့်အကြိမ် တွေ့ဆုံမှုအပြီးတွင် သူမသည် ချန်ချန်း ရေးခဲ့ဖူးသည့် စာများကို အားလုံး ဖျက်ဆီးပစ်ခဲ့သည်။ သို့သော် မဖျက်ဆီးမီက “အချစ်စာလွှာ” ဟု ထင်မှတ်ခဲ့ဖူးသည့် စာအချို့ကို ပြန်လည်ဖတ်ရှုခဲ့သေးသည်။
ပြန်ဖတ်ပြီးနောက်တွင်မူ ချန်ချန်း ပြောခဲ့သည်မှာ မမှားကြောင်း သူမ သဘောပေါက်သွားခဲ့ရသည်။ ၎င်းတို့ကြားက ဆက်ဆံရေးကို “အချစ်ရေး” ဟု ခေါ်ဆိုရန်ပင် ခက်ခဲလှသည်။ ၎င်းမှာ နေ့စဉ်ဘဝ၏ အပိုင်းအစအချို့ကို မျှဝေခြင်းနှင့် အိမ်ကိုလွမ်းဆွတ်ကြောင်း ပြောဆိုခြင်းမျှသာ ဖြစ်ခဲ့သည်။
စာထဲတွင် ရံဖန်ရံခါ ဖော်ပြဖူးသည့် သံယောဇဉ်စကားများကပင် အပေါ်ယံဆန်လွန်းလှပြီး... မိမိအပေါ် ပြတ်သားပြီး ရှင်းလင်းပြတ်သားသော သဘောထားကို ပြသခဲ့သည့် လုယုံကျန်းနှင့် လုံးဝ မနှိုင်းယှဉ်သာပေ။
လုယုံကျန်းသည် ဩဇာရှိသော အောင်သွယ်သူကို ရှာဖွေပေးခဲ့သည်၊ မိမိမိသားစု၏ စိုးရိမ်ပူပန်မှုများကို လျော့ပါးစေရန် မိဘများကိုယ်တိုင် ပါဝင်ပတ်သက်ပေးစေခဲ့သည်၊ ကတိပေးထားသည့်အတိုင်း လက်မှတ်များစွာကိုလည်း စီစဉ်ပေးခဲ့သည့်အပြင် ဤအလုပ်အကိုင်ကိုပါ ရှာဖွေပေးခဲ့သေးသည်။
ဟုတ်ပေသည်... “ဒါမျိုး” ကိုမှ “အချစ်ရေး” ဟု ခေါ်ဆိုနိုင်မည် ဖြစ်သည်။ လုယုံကျန်းသည် ထိုတာဝန်ကို အပြည့်အဝ ထမ်းဆောင်ခဲ့သည်။
ထိုအကြောင်းကို တွေးမိရင်း ကျန်းရှောင်ရို့၏ မျက်နှာလေး တင်းမာသွားကာ _
“ကျွန်မ အလုပ်လုပ်ရဦးမယ်။ သွားပြီနော်” ဟု ပြောကာ လှည့်ထွက်ခဲ့လိုက်တော့သည်။
လှည့်ထွက်လာပြီးနောက် ကျန်းရှောင်ရို့သည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကို ငုံ့ကာ နှာခေါင်းကို ပွတ်သပ်မိသည်။ သေချာပြန်တွေးကြည့်မှသာ လုယုံကျန်းသည် မိမိအတွက် နောက်ကွယ်ကနေ ဘယ်လောက်တောင် တိတ်တဆိတ် အများကြီး လုပ်ပေးခဲ့သလဲဆိုတာကို သူမ သဘောပေါက်လာရသည်။
လုယုံကျန်း၏ ဖခင်က သားဖြစ်သူအကြောင်း ပြောသည့်အခါတိုင်း မျက်ဝန်းများ ဘယ်လောက်တောင် တောက်ပ ဂုဏ်ယူနေတတ်ကြောင်း ပြန်လည်အမှတ်ရမိသည့်အခါ... ဤဇာတ်လမ်းက ဘယ်လိုပုံစံနဲ့ အဆုံးသတ်မလဲဆိုတာကို တွေးပြီး သူမ ရင်လေးလာရသည်။
မိမိနှင့် မထိုက်တန်သောအရာမှန်သမျှသည် တစ်နေ့တွင် ပြန်လည်ပေးဆပ်ရလိမ့်မည်ဟူသော သတိပေးသံအသေးလေးက သူမ၏ စိတ်ကွယ်ရာတွင် အမြဲ လှုံ့ဆော်နေတတ်သည်။
သူမ မိမိကိုယ်ကိုယ် ခါးသီးစွာ ပြုံးလိုက်မိသည်။
ဒါပေါ့... သူမက အရာရာကို အပြစ်မဲ့စွာ တွေးတောနေတတ်သည့် မိန်းကလေးမျိုး မဟုတ်ပါ။ ချန်ချန်း၏ မိသားစုကပင် သူမ၏ မိသားစုအခြေအနေကို သဘောမတူခဲ့ကြသည်ပဲ... လုမိသားစုလို အသိုင်းအဝိုင်းက ဘာဖြစ်လို့ ထူးခြားပြီး လက်ခံပေးရမှာလဲ။
၎င်းတို့ကြားက ကွာဟချက်က ပစိဖိတ်သမုဒ္ဒရာလောက် မကျယ်ပြောလှစေကာမူ... အနည်းဆုံးတော့ မြစ်ဝါမြစ်နှင့် ယန်စီမြစ် နှစ်ခုစလုံး ပေါင်းစပ်ထားသလောက်တော့ ကျယ်ပြောလှပေသည်။
ထို့အပြင် ဤအခြေအနေတစ်ခုလုံး ဘယ်လိုစတင်ခဲ့သလဲဆိုတာကို သူမကိုယ်တိုင် အသိဆုံး ဖြစ်သည်။ ဤအရာအားလုံးကို လုယုံကျန်းအပေါ်သို့ သူမကိုယ်တိုင်ပဲ အတင်းအကျပ် ပုံချခဲ့ခြင်း မဟုတ်ပါလား။
“ဂုဏ်ဒြပ်ချင်း ညီမျှခြင်း” ဟူသော စကားစုက သူမ၏ မိသားစု ထမင်းဝိုင်းတွင် မပြောဖြစ်သည်မှာ ကြာပြီ ဖြစ်သော်လည်း... သူမ ထိုအချက်ကို မေ့လျော့နေခဲ့သည်တော့ မဟုတ်ပေ။
ကျန်းရှောင်ရို့ စိတ်ကို ပြန်လည်စုစည်းကာ စာမူတည်းဖြတ်ရေးဌာန၏ တံခါးကို တွန်းဖွင့်လိုက်သည်။
စာအုပ်ထုတ်ဝေရေးတိုက် တည်ရှိရာ အဆောက်အအုံသည် တော်တော်လေး ဟောင်းနွမ်းနေပြီဖြစ်ပြီး တံခါးပတ္တာများကလည်း သက်တမ်းရင့်နေပြီ ဖြစ်သည်။ တံခါးပွင့်သွားသည့် ကျိအိခနဲ အသံနှင့်အတူ အထဲ၌ ဆူညံတက်ကြွနေသည့် ရုံးခန်းတစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားတော့သည်။
“ပြီးပြီလား?”
ဌာနမှူးက မလုံမလဲ ဖြစ်နေသည့် မျက်နှာပေးဖြင့် အရာတစ်ခုခုကို အမြန်ဖုံးကွယ်ကာ လက်ဖြင့် ဖိထားရင်း_
“ကဲ... အားလုံးပဲ၊ အလုပ်ပြန်လုပ်ကြရအောင်” ဟု ကမန်းကတန်း ပြောလိုက်သည်။
စာရွက်လှန်သံများ အခန်းထဲတွင် ပြန်လည်ပျံ့လွင့်လာပြီး ရုံးခန်းသည် ပုံမှန်ရစ်သမ်အတိုင်း ပြန်လည်လည်ပတ်သွားသည်။
ကျန်းရှောင်ရို့ စားပွဲတွင် ပြန်ထိုင်လိုက်စဉ် ခုနက ထူးဆန်းသော လေထုသည် မိမိနှင့် ပတ်သက်နေနိုင်ကြောင်း ရိပ်မိလိုက်သော်လည်း သူမ ဘာမှ ဝင်မမေးခဲ့ပေ။ ထိုအစား သူမ၏ အလုပ်အပေါ်၌သာ အာရုံစိုက်ကာ စာမူတည်းဖြတ်ခြင်းကို ဂရုတစိုက် ပြန်လည်စတင်လိုက်တော့သည်။
မွန်းတည့် ထမင်းစားချိန်တွင် ကျန်းရှောင်ရို့သည် ထမင်းယူရန် တန်းစီနေစဉ် လူအုပ်ကြားထဲ၌ ရုတ်တရက် ရုန်းရင်းဆန်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့သည်။
လူအုပ် တိုးဝှေ့လာမှုကြောင့် တစ်စုံတစ်ယောက်၏ ထမင်းချိုင့်က သူမကို လာရောက်ရိုက်မိပြီး ပူပြင်းလှသော ခရမ်းချဉ်သီးစွပ်ပြုတ်များက သူမ၏ ဒါခရွန် (Dacron) အင်္ကျီလက်ပေါ်သို့ ဖိတ်စင်သွားခဲ့ရသည်။
ပူလောင်လှသော နာကျင်မှုကြောင့် သူမ ချက်ချင်း အော်ဟစ်မိသွားပြီး မျက်ဝန်းထဲတွင် မျက်ရည်များ ဝဲတက်လာခဲ့သည်။
ထိုသို့ ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေစဉ်အတွင်း တစ်စုံတစ်ယောက်က သူမ၏ လက်မောင်းကို လှမ်းကိုင်ကာ _
“အားနာလိုက်တာ၊ တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်! ကျွန်မ ရှင့်ကို ဆေးပေးခန်း လိုက်ပို့ပေးမယ်!” ဟု အထပ်ထပ် အားနာတကြီး ပြောလာသည်။
ထိုသူသည် သူမ၏ မျက်နှာကို မြင်လိုက်ရချိန်တွင် မျက်လုံးများ တောက်ပသွားပြီး
“ရှင်က ဝန်ထမ်းအသစ် မဟုတ်လား? ကျွန်မက ထျန်းရှောင်အော် ပါ” ဟု မိတ်ဆက်သည်။
ကျန်းရှောင်ရို့က သူမ၏ လက်မောင်းကို ထိကြည့်လိုက်ရာ ပထမပိုင်း ပူလောင်မှုက အနည်းငယ် သက်သာသွားပြီ ဖြစ်သည်။
သူမသည် လက်မောင်းနာကျင်မှုထက် အင်္ကျီအသစ်ပေါ်က အစွန်းအထင်းများကို လျှော်ဖွတ်၍ ရပါ့မလား၊ အမည်းစက် ထင်ကျန်ရစ်မလားဆိုသည်ကိုသာ ပို၍ စိုးရိမ်နေမိသည်။
“မဖြစ်ဘူး၊ အပူလောင်တာ ဖြစ်နိုင်တယ်!”
ထျန်းရှောင်အော်က ၎င်းတို့နှစ်ဦး၏ ထမင်းစားလက်မှတ်များနှင့် ကျန်းရှောင်ရို့၏ ထမင်းချိုင့်ကို ဘေးကလူထံ အမြန်ကမ်းပေးရင်း .....
“ကျွန်မတို့အတွက် ထမင်းနှစ်ပွဲ ယူထားပေးပါဦး!” ဟု မှာကြားလိုက်သည်။
ထို့နောက် ကျန်းရှောင်ရို့ကို ဆေးပေးခန်းဆီသို့ အတင်းခေါ်ဆောင်သွားတော့သည်။
ထမင်းစားချိန် ဖြစ်သဖြင့် ဆေးပေးခန်းတွင် လူရှင်းနေသည်။
ထျန်းရှောင်အော်က ဘာမှမမေးဘဲ ဆေးပေးခန်းတံခါးကို ချက်ချင်း ဂျက်ထိုးလိုက်ပြီး လိုက်ကာများကို ဆွဲပိတ်ကာ ကျန်းရှောင်ရို့ဘက်သို့ လှည့်၍
“အင်္ကျီလက်ကို အမြန်ပင့်ပြီး ရေအေးအေးနဲ့ ဆေးချလိုက်... မြန်မြန်!” ဟု ညွှန်ကြားလိုက်သည်။
“ကျွန်မအမေက ဆရာဝန်မမို့လို့ ဒါမျိုးတွေကို ဘာလုပ်ရမလဲ ကျွန်မ ကောင်းကောင်းသိတယ်၊ ယုံလိုက်!”
ထျန်းရှောင်အော်သည် ကျန်းရှောင်ရို့၏ အင်္ကျီလက်ကို မတင်ပေးလိုက်ရာ လက်မောင်းပေါ်တွင် နီရဲနေသော အကွက်တစ်ခု ဖြစ်ပေါ်နေသည်ကို တွေ့လိုက်ရသည်။
ထျန်းရှောင်အော်သည် ကျန်းရှောင်ရို့၏ လက်မောင်းကို ရေအေးအောက်တွင် ခဏမျှ သေချာကိုင်ထားပေးသည်။ နီမြန်းမှုက ကျန်ရှိနေသေးသော်လည်း အစောပိုင်းကထက်စာလျှင် သိသိသာသာ သက်သာသွားခဲ့ပြီ ဖြစ်သည်။
သူမက အပူလောင်သက်သာစေမည့် ဆေးဆီတစ်မျိုးကို ရှာဖွေကာ လိမ်းကျံပေးပြီးမှသာ သက်ပြင်းချနိုင်တော့သည်။
ကျန်းရှောင်ရို့၏ ဖြူစင်နုနယ်သော လက်မောင်းလေးကို ကြည့်ကာ ....
“ဒီလောက်လှတဲ့ လက်မောင်းလေးမှာ အမာရွတ် ထင်ကျန်ခဲ့ရင် ကျွန်မကိုယ်တိုင် အပူလောင်တာထက် ပိုပြီး စိတ်မကောင်းဖြစ်ရမှာ” ဟု ရင်တထိတ်ထိတ်ဖြင့် ပြောရှာသည်။
ကျန်းရှောင်ရို့ကလည်း ခေါင်းလေးငုံ့ကာ သူမ၏ အင်္ကျီလက်ကို ရေဆေးရင်း ထျန်းရှောင်အော်၏ စကားကြောင့် ခပ်တိုးတိုး ရယ်မောလိုက်မိသည်။
“ကျွန်မကတော့ အစက ဒီလောက်အထိ ဆိုးရွားလိမ့်မယ်လို့ မထင်ထားဘူး”
သို့သော် အင်္ကျီအသစ်လေး စွန်းပေသွားသည့်အတွက်တော့ စိတ်မကောင်းဖြစ်မိသည်မှာ အမှန်ပင်။
သူမ၏ သဘာဝကျကျ ပြုံးလိုက်သော အပြုံးလေးက ဖြူစင်ညင်သာလွန်းလှသဖြင့် ထျန်းရှောင်အော် တစ်ယောက် ခဏမျှ ကြောင်အမ်းကာ ငေးကြည့်နေမိပြီးမှ ရုတ်တရက် အော်ဟစ်လိုက်တော့သည်။
“ဝါး... ရှင်က တကယ့်ကို လှလွန်းတာပဲ!”
ကျန်းရှောင်ရို့သည် ကြီးပြင်းလာသည့်တစ်လျှောက် သူမ၏ ရုပ်ရည်ကို ချီးမွမ်းစကားပြောကြသည်ကို အကြိမ်ကြိမ် ကြားဖူးသော်လည်း ဤမျှအထိ ပွင့်လင်းရိုးသားစွာ ချီးမွမ်းသူမျိုးကိုမူ တစ်ခါမျှ မကြုံဖူးချေ။
သူမ ရှက်ပြုံးပြုံးရင်း ခေါင်းခါလိုက်မိသည်။
ထို့နောက် ပြန်လည်စကားမဆိုနိုင်မီမှာပင် ဆေးပေးခန်းအပြင်ဘက်မှ ခြေသံအချို့နှင့် ထမင်းချိုင့်အဖုံးများ ပိတ်သံကို ကြားလိုက်ရသဖြင့် လူအများအပြား ထမင်းစားပြီးကြပြီဖြစ်ကြောင်း ရိပ်မိလိုက်ကာ
“ကျွန်မတို့လည်း ထမင်းသွားစားကြစို့လေ” ဟု ဖိတ်ခေါ်လိုက်သည်။
“ဟုတ်သားပဲ! ဒီနေ့ ထမင်းဖိုးကို ကျွန်မ စိုက်လျော်ပါရစေ! တကယ်လို့ ဟင်းတွေ ကျန်သေးရင် ရှင့်ကို လန့်သွားတာ သက်သာအောင် အားရှိမယ့် ဟင်းကောင်းကောင်းလေး ထပ်မှာပေးမယ်!”
ထျန်းရှောင်အော်က ၎င်းတို့နှစ်ဦးမှာ နှစ်ရှည်လများ ခင်မင်လာခဲ့သည့် သူငယ်ချင်းဟောင်းကြီးများပမာ ကျန်းရှောင်ရို့၏ ပုခုံးကို လှမ်းဖက်လိုက်သည်။
၎င်းတို့နှစ်ဦး ဆေးပေးခန်းထဲမှ ထွက်လာကာ ရှည်လျားသော စင်္ကြံလမ်းအတိုင်း လျှောက်လာခဲ့ကြသည်။
ဤအချိန်တွင် ရုံးခန်းအချို့၏ မီးများ မှိတ်ထားကြပြီး ထမင်းစားပြီးသော လုပ်ဖော်ကိုင်ဖက်အချို့မှာ နေ့ခင်းဘက် တစ်ရေးတစ်မော အိပ်စက်ရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။
စင်္ကြံလမ်း၏ ထောင့်ချိုးအရောက်တွင်မူ... လူနှစ်ယောက် အနီးကပ်ရပ်ကာ တိုးတိုးတိုးတိုးဖြင့် အတင်းပြောနေကြသည့် စကားသံအချို့ကို ကြားလိုက်ရသဖြင့် ကျန်းရှောင်ရို့၏ ခြေလှမ်းများ တုန့်ခနဲ ရပ်တန့်သွားခဲ့ရသည်။
“ဒီဘက်ခေတ် မိန်းကလေးတွေကတော့ တကယ့်ကို မလွယ်ဘူးနော်။ တစ်ယောက်ကို တွဲထားပြီးတော့ နောက်တစ်ယောက်ကိုလည်း အမြီးအမောက်မပါဘဲ ဆွဲထားသေးတယ်”
“ဘယ်သူလဲ? ဘယ်သူ့ကို ပြောတာလဲ?”
အခြားတစ်ယောက်က စူးစမ်းစွာ မေးလိုက်သည်။
“ဟင်း... ဘယ်သူရှိရမလဲ၊ အထင်အရှားကြီးပဲဥစ္စာ။ ရုပ်ချောချော မိန်းကလေးတစ်ယောက် ဖြစ်ရမှာပေါ့!”
သူမ နားမမှားဘူးဆိုလျှင်... ထိုအသံပိုင်ရှင်များထဲမှ တစ်ဦးမှာ မိမိတို့ဌာန၏ ဌာနမှူးအသံပင် ဖြစ်သည်။
သူတို့ ဘယ်သူ့အကြောင်းကို ပြောနေကြတာလဲ။
ရပ်ကွက်ထဲက လမ်းကြားထဲတွင် အတင်းဖျင်းပြောခြင်း ခံခဲ့ရသည့် အတွေ့အကြုံရှိထားသဖြင့် ကျန်းရှောင်ရို့သည် လန့်ဖျန့်နေသော ငှက်ငယ်တစ်ကောင်ပမာ ဖြစ်သွားရပြီး ထပ်မံ၍ နားမထောင်ရဲတော့ချေ။
ကျန်းရှောင်ရို့ကို ဖက်ထားသည့် ထျန်းရှောင်အော်က ရုတ်တရက် အသံကျယ်ကျယ်ဖြင့် ....
“အို... ဒီနေ့တော့ စွပ်ပြုတ်သောက်တာနဲ့တင် ဗိုက်ပြည့်သွားပြီ ထင်တယ်! ရှောင်ရို့... နင် သိလား ဘာဖြစ်လို့လဲဆိုတာ”
ကျန်းရှောင်ရို့ ပြန်မဖြေရသေးမီမှာပင် ထျန်းရှောင်အော်က ဆက်လက်၍ _
“လူတွေက အလုပ်မရှိ အားယားနေတဲ့အခါကျရင် အဓိပ္ပာယ်မရှိတဲ့ အတင်းအဖျင်းတွေကိုပဲ လျှောက်ပြောနေတတ်ကြလို့လေ!” ဟု ကျယ်ကျယ်လောင်လောင် ပြောချလိုက်တော့သည်။
အတင်းပြောနေသည့် လူနှစ်ယောက် ချက်ချင်း အသံတိတ်သွားပြီးနောက် အိမ်ရှေ့ဝင်းထဲရှိ ဝါးတောထဲသို့ ပျာပျာသလဲ ထွက်ပြေးပုန်းကွယ်သွားကြတော့သည်။
“အတင်းသမားတွေ!”
ထျန်းရှောင်အော်က ထိုသူများ ပြေးသွားသည့်ဘက်သို့ စိတ်ဆိုးမာန်ဆိုးဖြင့် လှမ်းအော်လိုက်ရာ စိတ်ဓာတ်ကျနေသော ကျန်းရှောင်ရို့ပင် မမျှော်လင့်ဘဲ အော်ဟစ်ရယ်မောမိသွားရတော့သည်။
သူမသည် မိမိဘက်မှ မားမားမတ်မတ် ရပ်တည်ပေးခဲ့သည့် ဤဖြူစင်သော မိန်းကလေးကို ကြည့်ကာ ပြုံးလျက်
“ကျွန်မ နာမည်ကို ရှင် မသိသေးဘူးမလား။ ကျွန်မ နာမည်က ကျန်းရှောင်ရို့ ပါ” ဟု မိတ်ဆက်လိုက်သည်။
“သိတာပေါ့”
ထျန်းရှောင်အော်က သူမ၏ ခြေလှမ်းကို သွက်သွက်လှမ်းရင်း
“နင် အလုပ်စဝင်တဲ့ ပထမဆုံးနေ့မှာတင် စာမူတည်းဖြတ်ရေးဌာနကို ‘ကျန်းရှောင်ရို့’ ဆိုတဲ့ နတ်သမီးလေးတစ်ပါး ရောက်လာတယ်ဆိုပြီး တစ်ရုံးလုံး ပျံ့နှံ့သွားခဲ့တာ။
ကဲ... လာပါ၊ ငါတို့ ဘာစားစရာ ကျန်သေးလဲ သွားကြည့်ရအောင်!” ဟု ဆိုလိုက်သည်။
အတင်းအဖျင်းစကားများကြောင့် လန့်ဖျန့်သွားခဲ့ရသော်လည်း... ယခုအကြိမ်တွင်မူ ထိုအရာများက ထင်သလောက် မကြောက်စရာကောင်းကြောင်း ကျန်းရှောင်ရို့ ခံစားလိုက်ရသည်။
သူမ အိမ်သို့ ပြန်ရောက်သောအခါတွင်လည်း သူမ၏ သူငယ်ချင်းမလေး ချန်ထားခဲ့သည့် စာတိုလေးကို တွေ့လိုက်ရသဖြင့် သူမ၏ စိတ်အခြေအနေက ပိုမိုတောက်ပ သာယာသွားခဲ့ရသည်။
စာတိုလေးထဲတွင်—
‘ရှောင်ကျွမ်း ပြန်ရောက်ပြီ!’ ဟု ရေးသားထားသည်။
သူမသည် ထိုစာတိုလေးကို ရင်ဘတ်တွင် ဖိကပ်ထားရင်း ဝမ်းမြောက်ဝမ်းသာ ဖြစ်နေမိတော့သည်။
တစ်ဖက်တွင်မူ... အလုပ်ဆင်းချိန်၌ ထျန်းရှောင်အော်သည် သူမ၏ ဝမ်းကွဲအစ်ကိုအတွက် အလုပ်ကိစ္စတစ်ခု လာရောက်ကူညီပေးသည့် ဖန့်ဟိုင်ဖန်းထံသို့ စာတိုတစ်စောင်ကို လှမ်းပေးလိုက်သည်။
မိမိ၏ လုပ်ငန်းခွင်မှ အပြေးအလွှား ရောက်ရှိလာသော ထိုဝဝတုတ်တုတ် လူငယ်လေးက အမောတကောဖြင့်
“ဒါဆို ဒီနေ့ အရာရာ အေးဆေးပဲမလား ။ ငါတို့ ဒီလို ‘သူလျှို’ အလုပ်မျိုးကို ဘယ်လောက်အထိ ဆက်လုပ်နေရဦးမှာလဲ?” ဟု မေးသည်။
“အို... ဒီနေ့တော့ ကိစ္စကြီးတစ်ခု ဖြစ်သွားတယ်! ငါ့ရဲ့ မရီးလောင်းလေး အလုပ်မှာ အနိုင်ကျင့်ခံလိုက်ရတယ်!”
ထျန်းရှောင်အော်၏ မျက်ဝန်းများက အတင်းအဖျင်း မျှဝေလိုစိတ်ဖြင့် တောက်ပနေပြီး... စာမူတည်းဖြတ်ရေးဌာနမှူးက ကျန်းရှောင်ရို့အပေါ် မကောင်းပြောဆိုခဲ့ပုံများကို သရုပ်ဖော်ကာ အားရပါးရ ပြန်လည်ပြောပြတော့သည်။
“သိပြီ!”
ဖန့်ဟိုင်ဖန်းက စာတိုကို လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ရင်း
“ငါ အစ်ကို့ကို ချက်ချင်း သတင်းပို့လိုက်မယ်!” ဟု ပြတ်ပြတ်သားသား ပြောလိုက်လေးသည်။