အခန်း ၁၁ ရှောင်ကျစ်
ဆောင်းညတွင် လေက ခါးသီးဖွယ် အေးခဲနေပြီး ပြတင်းပေါက်ကျယ်ကြီးမှ ဖြတ်ကာ ဝင်ရောက်လာနေသည်။ ဟော်တူက လဲ့ကျစ်၏ ဖြူဖျော့နေသော ပါးပြင်ကို တချက်ကြည့်လိုက်သည်။ နှစ်ယောက်သား နီးနီးလေး ဖြစ်နေသောကြောင့် တစ်ယောက်၏ ဝင်သက်ထွက်သက်ကို တစ်ယောက်က ရှူရှိုက်မိနေသည်။ သူမ၏နှလုံးခုန်သံကိုပင် သူ ကြားနေရသည်။ သူမ အလွန်စိတ်လှုပ်ရှားနေသောကြောင့် သို့မဟုတ် အေးစက်သောလေကြောင့်လား မသိနိုင်ဘဲ သူမ၏ ချယ်ရီရောင်နှုတ်ခမ်းများက အနည်းငယ်ခရမ်းရောင်သမ်းလျက် ရှိနေလေသည်။
လေအေးက လဲ့ကျစ်၏နားတစ်ဝိုက်ရှိ ဆံပင်များကို မှုတ်ထုတ်လိုက်ရာ သူမ၏ဆံပင်များ အနည်းငယ် ရှုတ်ထွေးသွားပြန်သည်။ ဟော်တူက အပေါ်မှ ငုံကိုင်းကာ သူမ၏ ပြေကျနေသော ဆံပင်များကို နားရွက်နောက်သို့ တင်ပေးရန် လက်လှမ်းလိုက်သည်။ ထို့နောက် သူက ပြောလာခဲ့သည်။
“တတိယညီတော်က မင်းကို ဖိတ်ခေါ်တဲ့အတွက် သူ့ကို တွေ့မလား မတွေ့ဘူးဆိုတာ မင်းအပေါ်မှာပဲ မူတည်တယ်”
လဲ့ကျစ်တစ်ယောက် အံ့သြသွားရသည်။
‘ဒီမေးခွန်းရဲ့အဖြေက သူ သူမဆီကို ပြန်ပြီး တွန်းပို့နေတာမဟုတ်ဘူးလား’
အချိန်အတော်ကြာပြီးနောက် သူမက ခေါင်းညိတ်ပြလိုက်ပြီး ဟော်တူ၏ မျက်လုံးများကို တိုက်ရိုက်ကြည့်ကာ ထပ်ပြောလိုက်သည်။
"ဒါဆို အရှင့်သားက ကျွန်မ ပြန်လာတာကို စောင့်နိုင်မလား၊ ကျွန်မ…အရှင့်သားကို ပြောစရာရှိပါတယ်”
ဟော်တူက ပြုံးနေပြီး ပြန်တော့မဖြေခဲ့ပေ။
ထိုကိစ္စအတွက် လဲ့ကျစ်က သူ သဘောတူသည်ဟု ယူဆလိုက်သည်။ သူမ မတ်တပ်ထရပ်ပြီး ပြတင်းပေါက်ကို ပိတ်လိုက်ကာ သူ့ကို သတိပေးလိုက်သည်။
“လေအေးက အရှင့်သားရဲ့ ခန္ဓာကိုယ်ကို ထိခိုက်စေလိမ့်မယ်၊ အရှင့်သားရဲ့ ကျန်းမာရေးကို ဂရုစိုက်ရမယ်လေ"
လဲ့ကျစ် ထွက်သွားပြီးသည့်ခဏတွင် ပြတင်းပေါက်ပိတ်လိုက်သောကြောင့် စာဖတ်ခန်းက တဖြည်းဖြည်း ပူနွေးလာသည်။ လေအေးများ မရှိတော့သောကြောင့် သူ့ခန္ဓာကိုယ်က တဖြည်းဖြည်း ပူနွေးလာသော်လည်း ထိုသက်တော့သက်သာရှိမှုက ဟော်တူကို ထူးထူးခြားခြား စိတ်တိုစေသည်။
‘နှစ်တွေကြာလာတာနဲ့အမျှ သူက သူ့ခန္ဓာကိုယ်ကို မတော်မတရား ဆက်ဆံလုနီးပါး နာကျင်ခံစားရစေပြီး အသက်ရှင်နေခဲ့တာလေ။
နာကျင်လေလေ မှတ်ဉာဏ်က ပိုနက်လေလေပါပဲ...
နာကျင်မှုက ရိုးတွင်းခြင်ဆီထဲအထိ ထိုးဖောက်ဝင်ရောက်နိုင်ရင် ပိုတောင်ကောင်းသေးတယ်....’
သူက သူ့တုတ်ကောက်ကို ကောက်ကိုင်ကာ ပြတင်းပေါက်ကို တွန်းဖွင့်ရန် ပြင်လိုက်သော်လည်း ပြတင်းပေါက်ကို တစ်ဝက်တစ်ပျက်တွန်းလိုက်ပြီးမှ တစ်ခုခုကို သတိရသွားပုံရသည်။ သူ့မျက်လုံးများက အနည်းငယ် လှုပ်ခတ်သွားပြီး နောက်ဆုံးတွင် သူ အရှုံးပေးလိုက်ပုံရသည်။ သူက နောက်သို့ ပြန်လှည့်လိုက်ပြီး စားပွဲနားတွင် ထိုင်ချကာ စုတ်တံတစ်ချောင်းကို ကောက်ကိုင်လိုက်ပြီး စာလုံးတစ်လုံးကို စာရွက်ပေါ်သို့ ရေးချလိုက်သည်။
“ကျစ်”
ဟော်တူက ဤစကားလုံးကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေခဲ့ပြီး သူ့စိတ်ထဲတွင် ကြာရှည်စွာ ပျောက်ဆုံးနေသော ရှုပ်ထွေးမှုများ ပေါ်လာပြန်သည်။
ကမ္ဘာပေါ်တွင် သစ်ပင်များစွာရှိပြီး၊ ကြမ်းတမ်းသောသစ်ပင်များနှင့် နုနယ်သောသစ်ပင်များ အများအပြားရှိသော်လည်း လေပြင်းနှင့် မိုးရွာလာပါက ပျက်စီးခြင်းမှ လွတ်မြောက်ရန် ခက်ခဲသည်။ သို့သော်လည်း ကျိုးလွယ်သော သစ်ကိုင်း*က ယခုအချိန်အထိ ရုန်းကန်နေဆဲပင်...
(သစ်ကိုင်းရဲ့ တရုတ်အသံထွက်က ကျစ် ပါ)
ခဏအကြာတွင် သူက စာရွက်ကို ဘောလုံးတစ်လုံးလို ကြိတ်ချေလိုက်ပြီး အမှိုက်ပုံးထဲသို့ ပေါ့ပေါ့ပါးပါး ပစ်ချလိုက်သည်။
........။.........။........
ထိုက်ဇီစံအိမ်တော်နှင့် မနီးမဝေးတွင် မထင်မရှား တည်းခိုခန်းတစ်ခု ရှိပြီး ရထားလုံးက ထိုတည်းခိုခန်းရှေ့၌ ဖြည်းညှင်းစွာ ရပ်သွားသည်။
လဲ့ကျစ် လှည်းပေါ်မှ ဆင်းလာစဉ် တစ်စုံတစ်ယောက်က သူမကို လာနှုတ်ဆက်သည်။ ထိုလူကို သူမ သိသလို ထိုလူကလည်း သူမကို ကောင်းကောင်းသိသည်။
ဟော်ရှ ငယ်ငယ်လေးကတည်းက လီတိုင်းပြည်သို့ လိုက်ပါလာခဲ့သည့် သူ့၏ကိုယ်ပိုင်အစေခံ ချင်ယု ဖြစ်သည်။
"မင်းသမီး... ဒီကျွန်က မင်းသမီးကို ခေါ်သွားပါ့မယ်"
လဲ့ကျစ်က ခေါင်းညိတ်လိုက်ပြီးမှ ခဏရပ်ကာ ပြန်ပြောလိုက်သည်။
"ချင်ယု၊ ခေါ်တာ မှားနေပြီ"
ချင်ယုက နူးညံ့သိမ်မွေ့သည်။ သူက အရပ်မရှည်ဘဲ ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ်လောက်သာရှိသော်လည်း သူ့ကို ကြည့်ရသည်မှာ အသက်နှစ်ဆယ်ကျော်ဟု ထင်ရသည်။ လဲ့ကျစ်၏စကားများကို နားထောင်ပြီးနောက်တွင် သူ ပြောင်းခေါ်ရန် မေ့သွားသည်ကို သဘောပေါက်သွားပြီး တောင်းပန်လာခဲ့သည်။
“ဒီကျွန်က အမှားလုပ်မိသွားပါတယ်၊ ကျွန်တော်ကို သတိပေးတဲ့အတွက် ထိုက်ဇီဖေးကို ကျေးဇူးတင်ပါတယ်"
ချင်ယု သူမကို မတွေ့ရသည်မှာ ကြာပြီ ဖြစ်သည်။ သူ့မျက်လုံးထောင့်မှ သူမအမူအရာကို သတိပြုမိလိုက်သော်လည်း သူမ၏အတွင်းစိတ်ကိုတော့ မမြင်နိုင်တော့ပေ။ သူ သက်ပြင်းတစ်ချက် ချလိုက်မိသည်။
‘နောက်ဆုံးတော့ အတိတ်က သက်ဝင်လှုပ်ရှားနေတတ်တဲ့ လီတိုင်းပြည်ရဲ့မင်းသမီးလေးက ဘယ်တော့မှ ပြန်မလာနိုင်တော့ဘူး။’
ထိုအကြောင်းကို တွေးမိချိန်တွင် ချင်ယု၏ မျက်လုံးများ နီရဲလာပြန်သည်။
ဟော်ရှက ရင်းနှီးနေသော လှပသည့် ပုံရိပ်လေးပေါ်လာသည်အထိ တည်းခိုခန်း၏ ဒုတိယထပ်တွင် စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေခဲ့သည်။ သူမကို မြင်လိုက်သည်နှင့် သူက အလွန်ပျော်ရွှင်သွားပြီး ခြေလှမ်းအနည်းငယ် ရှေ့သို့ အပြေးအလွှား တိုးလာခဲ့သည်။
"ကျစ်ကျစ်!"
လဲ့ကျစ်၏ပါးပြင်များ ဖြူဖျော့နေသည်ကို မြင်လိုက်ရသဖြင့် သူက ချင်ယုကို လှမ်းပောလိုက်သည်။
"နောက်ထပ် အပူပေးမီးဖို ထပ်ထည့်လိုက်"
ဧည့်ခန်းတွင် အပူပေးမီးဖို နှစ်လုံးရှိပြီး စားပွဲပေါ်တွင်လည်း အမွှေးတိုင်များ ထွန်းထားခဲ့သည်။
‘လဲ့ကျစ်ရဲ့အကြိုက်ဆုံး စန္ဒကူးနံလေးလေ’
"အလုပ်ရှုပ်အောင် လုပ်မနေပါနဲ့တော့"
လဲ့ကျစ်၏ မျက်နှာက ကြည်လင်နေပြီး သူမ၏အသံက နူးညံ့နေသည်။
"အစ်ကိုအားရှ၊ ဟော်တူ သံသယမဖြစ်အောင် ပြောစရာရှိတာကို မြန်မြန် ပြောမှ ဖြစ်မယ်"
ဟော်ရှက အနည်းငယ် အေးစက်သွားပြီး ခေါင်းညိတ် သဘောတူလိုက်သည်။ ချင်ယုက ဧည့်ခန်းထဲမှ ထွက်သွားပြီး တံခါးကို ပြန်ပိတ်ပေးခဲ့သည်။
အခန်းထဲတွင် သူတို့ နှစ်ယောက်သာ ကျန်နေခဲ့သည်။ ရင်းနှီးနေသော လှပသည့် မျက်နှာကို ကြည့်နေချိန်တွင် ဟော်ရှ၏ မျက်နှာ၌ ချစ်ခြင်းမေတ္တာများ ပြည့်နှက်နေသည်။ သူက လဲ့ကျစ်ထံ ချဉ်းကပ်ကာ သူမ၏လက်လေးကို ဆွဲကိုင်ရင်း မေးလာခဲ့သည်။
"မင်း အဆင်ပြေရဲ့လား"
လဲ့ကျစ်က သူမ၏ နှလုံးသားထဲမှ ရွံရှာမှုများကို သည်းခံရင်း တိုးတိုးလေး ပြန်ဖြေလိုက်သည်။
“ကျွန်မ အဆင်ပြေပါတယ်”
ထိုစကားကြောင့် ဟော်ရှက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
‘သူ ပျော်နေလို့ ဖြစ်မှာပေါ့...’
"ဟော်တူက မင်းကို မထိသေးဘူး မဟုတ်လား"
လဲ့ကျစ်၏ နှလုံးသားက တင်းကျပ်လာသည်။
ထိုက်ဇီစံအိမ်တော်တွင်သာမက အရှေ့နန်းတော်တွင်လည်း သူလျှိုရှိနေပုံရသည်။
သူမက အများကြီးမတွေးတော့ပဲ ရှက်ကိုးရှက်ကန်းဖြင့် တိုးတိုးလေး ပြန်ဖြေလိုက်သည်။
“ဟုတ်ကဲ့…”
သူမ၏နှင်းလိုဖြူနေသော မျက်နှာက တဖြည်းဖြည်း နီမြန်းလာပြီး သူမ၏ သွားများက သူမ၏ ချယ်ရီနှုတ်ခမ်းများကို အသာအယာကိုက်နေကာ နူးညံ့သောအသွင်အပြင်ကို ဖော်ပြနေသည်။ ထိုအမူအရာလေး ဟော်ရှ၏ မျက်လုံးများထဲသို့ ဝင်ရောက်သွားချိန်တွင် သူ့ကို ပို၍ပင် စိတ်လှုပ်ရှားလာစေသည်။
ဟော်တူက ဤကဲ့သို့ ချစ်စရာကောင်းသော အသွင်အပြင်အား မည်သို့ တောင့်ခံနိုင်သည်ကို သူ အံ့ဩနေမိသည်။
"အစ်ကိုအားရှ"
သူ တွေးနေရာမှ သတိပြန်ဝင်လာချိန်တွင် ဟော်ရှ၏ မျက်နှာပေါ်မှ အပြုံးကလည်း တဖြည်းဖြည်း မှိန်ဖျော့သွားခဲ့သည်။
‘ဟော်တူက သူမကို မထိခဲ့ဘူးဆိုတာက သူမ သူနဲ့ နီးစပ်ဖို့ ခက်ခဲနေသေးတယ်လို့ ဆိုလိုတယ်လေ။
ဒါဆို သူ့အစီအစဉ်က ဘယ်တော့ ပြီးမှာလဲ။
ဟော်တူက သူ ထိုက်ဇီနေရာကို တက်လှမ်းဖို့အတွက် တစ်ခုတည်းသော အတားအဆီး ဖြစ်နေတာလေ၊ ဟော်တူသေဆုံးမှပဲ သူက အဲ့နေရာကို တရားမျှတမှုအပြည့်နဲ့ တက်ရောက်နိုင်လိမ့်မယ်။
ဒါပေမယ့် ဟော်တူက လိမ္မာပါးနပ်ပြီး ကမ္ဘာကြီးကို လျစ်လျူရှုထားသလို ဟန်ဆောင်နေခဲ့တယ်။
ဒါပေမယ့် သူ လွှတ်လိုက်တဲ့ အရိပ်ကိုယ်ရံတော်တွေနဲ့ အသေခံတပ်သားတွေအားလုံးရော... သူ့အမေက အပျော်သဘောနဲ့ ဟန်ဆောင်ပန်ဆောင် ပို့ပေးလိုက်တဲ့ ထူးခြားဆန်းပြားပြီး အဆိပ်ပြင်းပါတယ်ဆိုတဲ့ အလှလေးတွေ အားလုံးရော အသံမထွက်ဘဲ ပျောက်ကွယ်သွားကြတာ အလောင်းကိုတောင် ရှာမတွေ့ခဲ့ဘူး။
ဒါတောင်မှ အခုထိ သူ့အတွက် အသုံးဝင်နိုင်မယ့် ဘာအချက်အလက်ကိုမှ မရခဲ့ဘူး။’
"ကျစ်ကျစ်"
ဟော်ရှက ခဏတုံ့ဆိုင်းသွားပြီး သူ့အင်္ကျီလက်ဝထဲတွင် ဝှက်ထားသော စက္ကူဖြင့် ထုပ်ထားသည့် ဆေးမှုန့်ကို ထုတ်ယူလိုက်သည်။
“ဒီဆေးက အရောင်လဲမရှိဘူး အရသာလဲ မရှိဘူး၊ အစားအစာ၊ လက်ဖက်ရည် ဒါမှမဟုတ် အရက်နဲ့ ရောစပ်နိုင်တယ်၊ ဟော်တူ ဒီဆေးကို ဆယ်ခါသောက်မိအောင် နည်းလမ်းရှာလိုက်၊ ဆယ်ရက်ကြာရင် တန်ခိုးရှင်တောင်မှ သူ့ကို မကယ်တင်နိုင်လောက်တော့ဘူး”
သူများများပြောလေလေ စိတ်လှုပ်ရှားလေလေ ဖြစ်နေပုံရသည်။ သူက စကားကို ခေတ္တရပ်ထားလိုက်ပြီး သူ့မျက်လုံးများက မှေးမှိန်သွားပြန်သည်။
"ကျစ်ကျစ်... နောက်ဆို မင်းပဲ ကျေနပ်စရာတွေ ခံစားရမှာပါ၊ မင်းခန္ဓာကိုယ်ကို သူ့အတွက် ပေးလိုက်လဲ အရေးမကြီးပါဘူး၊ စိတ်မပူပါနဲ့၊ ငါ စိတ်ထဲမထားပါဘူး…”
ဟော်ရှ၏ ရင်ဘတ်ထဲမှ ပို၍ တင်းကျပ်လာသည်ကို သူ့ဘာသာသူ ခံစားမိနေခဲ့သည်။
‘သူ လိမ်ပြောနေတာကို သူ ကောင်းကောင်းသိတာပေါ့’
‘တကယ်တော့ သူ ဂရုစိုက်တယ်၊ အရူးအမူးကို ဂရုစိုက်တယ်။ သူ ချစ်ရတဲ့ မိန်းမကို တခြားသူက သိမ်းပိုက်တာကို ဘယ်ယောက်ျားက ခံနိုင်ရည်ရှိနိုင်မှာလဲ’
သူ့၏နှလုံးသား အောက်ခြေမှ ရုန်းကန်နေရခြင်းကို မြင်လိုက်ရသည့် လဲ့ကျစ်က အားတင်းပြုံးပြနေဟန်ဖြင့် သူ့လက်ထဲမှ ဆေးထုတ်ကို လှမ်းယူလိုက်သည်။ သို့သော် သူမက ငိုတော့မလို ဖြစ်နေမှန်း သိသာနေပြန်သည်။
“ကောင်းပါပြီ… အစ်ကိုအားရှပြောတာကို နားထောင်ပါ့မယ်”
ဟော်တူ ရိပ်မိသွားမည်ကို သူလည်း ကြောက်နေပုံရပြီး ဟော်ရှက လဲ့ကျစ်ကို အကြာကြီး မနေခိုင်းခဲ့ပေ။ သိပ်မကြာခင်မှာပင် သူက ချင်ယုကို ခေါ်ပြီး သူမကို အောက်ထပ်သို့ လိုက်ပို့ခိုင်းလိုက်သည်။
“မင်းသမီး…”
လဲ့ကျစ် ရထားခုံပေါ်သို့ တက်နေစဥ် ချင်ယုက သူမကို ညင်သာစွာ ခေါ်လိုက်သည်။ လဲ့ကျစ်က မျက်မှောင်ကြုတ်ကာ လှည့်ကြည့်လိုက်သည်။
မျက်လုံးများနီရဲနေသော ချင်ယုက သူ့အင်္ကျီရင်ဘတ်အတွင်းမှ အဆာပြေမုန့်တစ်ထုပ်ကို ထုတ်ကာ လဲ့ကျစ်ဆီသို့ ပေးလိုက်ပြီး ချက်ချင်း ထွက်ပြေးသွားခဲ့သည်။
ရထားလုံးပေါ်ထိုင်ပြီးနောက် လဲ့ကျစ် ထိုစက္ကူအိတ်ကို ဖြည်လိုက်ရာ ရင်းနှီးနေသော နူးညံသည့် ဇီးပန်းပွင့်မုန့် ဖြစ်နေလေသည်။ သူ ယခုမှ ယူလာခြင်းဖြစ်နိုင်ပြီး အခုထက်ထိ မွှေးရနံ့လေးကို ရနိုင်သေးသည်။
‘ဒါ အရင်က သူမအကြိုက်ဆုံး အချိုပွဲလေ’
သူမက ချဉ်နေသောနှာခေါင်းဖြင့် ရထားလုံးရပ်သွားသည်အထိ ထိုဇီးသီးပွင့်မုန့်ကို စိုက်ကြည့်နေခဲ့သည်။
အပြင်မှ ရထားလုံးထိန်းက သူမကို ရထားလုံးပေါ်မှ ဆင်းခိုင်းလိုက်သည်။
နောက်ဆုံးတွင် လဲ့ကျစ်က နူးညံသော ဇီးပန်းပွင့်မုန့်ကို တစ်ချက်ကြည့်လိုက်ပြီး မယူသွားဘဲ လှည်းထဲတွင်သာ ထားခဲ့လိုက်သည်။
........။......။........
ဟော်ရှလည်း စိတ်ပျက်လက်ပျက်ဖြင့် အိမ်သို့ ပြန်လာခဲ့သည်။
အချိန်ကို ရေတွက်ကြည့်လျှင် ကျစ်ကျစ်က ဟော်တူနှင့် ချစ်ခြင်းမေတ္တာကို ဖော်ပြနေနိုင်ပြီလားဟု သူ့ကိုသူ မေးနေမိပြန်သည်။
သူက ထိုအရာကို စိတ်ပျက်လက်ပျက် တွေးနေရင်း အိပ်ခန်းထဲသို့ လှမ်းဝင်လိုက်ရာ တံခါးခုံကို နင်းမိသွားသည်။ သူ့ခန္ဓာကိုယ် ယိုင်သွားချိန်တွင် ပျော့ပျောင်းသောလက်တစ်စုံက သူ့လက်ကောက်ဝတ်များကို ပေါ့ပေါ့တန်တန် ဆုပ်ကိုင်ပေးလာသည်။
ထိုလူ၏ နူးညံ့ညင်သာသော အသံကိုလည်း ကြားလိုက်ရသည်။
“ဒီအစေခံက သခင်ကို အရိုအသေပေးပါတယ်”
အိပ်ခန်းထဲမှ ဖယောင်းတိုင်မီးက ခပ်မှိန်မှိန် ဖြစ်နေသည်။ ၎င်းက ဟော်ရှ၏ အထူး ညွှန်ကြားချက် ဖြစ်သည်။
သူ့ရှေ့မှ မျက်နှာက လဲ့ကျစ်နှင့် ခြောက်ဆယ် သို့မဟုတ် ခုနစ်ဆယ် ရာခိုင်နှုန်းလောက် ဆင်တူသည်။ မှိန်ဖျော့ဖျော့အလင်းရောင်ထဲတွင်တော့ တကယ့်အစစ်ဟု ထင်လုနီးပါးပင်။
ယခင် သူ ဓားစာခံအဖြစ် လီတိုင်းပြည်အတွင်းသို့ ဝင်ရောက်ခဲ့ချိန်မှ စ၍ လီတိုင်းပြည်မှ လူများက ကျင့်ဝတ်များကို တင်းကြပ်စွာ လိုက်နာကာ လူအများအား ကြင်နာစွာ ဆက်ဆံခဲ့သည်။ လီဧကရာဇ်က လဲ့ကျစ်၏ ဆံထိုးတင် အခမ်းအနားတွင် သူတို့အား ထိမ်းမြားလက်ထပ်ရန် ကတိပေးခဲ့သော်လည်း သူအနေဖြင့် စည်းမျဉ်းများကို အနည်းငယ်မျှ မချိုးဖောက်ဝံ့ပေ။
ထို့အပြင် လီဧကရာဇ်နှင့် လီဧကရီတို့က တစ်ယောက်ကိုတစ်ယောက် နက်ရှိုင်းစွာ ချစ်မြတ်နိုးကြသည်။ လီတိုင်းပြည်၌ မောင်းမမိဿံ မရှိပေ။ ထို့ကြောင့် တာ့လီ၏တော်ဝင်မိသားစုမှ သားသမီးများက ချီတိုင်းပြည်၏ တော်ဝင်မိသားစုနှင့် မတူပေ။ ချီတိုင်းပြည်တွင် ယောက်ျားလေးက အရွယ်ရောက်ပြီးနောက်တွင် မောင်းမမိဿံများနှင့် အိပ်ယာဝင်အစေခံသူများကို ခေါ်ဆောင်နိုင်သည်။
ကလေးတစ်ယောက်ကို သူ့၏မိခင်ထက် မည်သူကမျှ ပိုမသိနိုင်ပေ။
ဟော်ရှ၏ စိတ်ဓာတ်ကျသောအကြည့်က ချီဧကရီ၏မျက်လုံးများအောက်မှ မလွတ်နိုင်ခဲ့ပေ။ လဲ့ကျစ်နှင့်ပတ်သက်သည့် သူမသား၏အတွေးအမြင်များကို သိနေသည့် သူမက သူ့၏တပ်မက်မှုများ ပြေပျောက်စေရန် လဲ့ကျစ်၏အသွင်အပြင်နှင့် ဆင်တူသည့် အိပ်ယာဝင်အစေခံတစ်ယောက် ရှာတွေ့ရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားခဲ့သည်။
ဟော်ရှ မနေ့ညက ပထမဆုံးအကြိမ်အဖြစ် ကာမဆက်ဆံခဲ့သည်။ သူ တစ်ခါကြုံဖူးပြီ ဖြစ်သောကြောင့် ထပ်လိုချင်နေမိသည်။ သူ့ရှေ့မှ ဖြူဖွေးသော ပါးပြင်ကို ကြည့်လိုက်မိချိန်တွင် သူ့ကို ပို၍ မငြိမ်မသက် ဖြစ်သွားစေသည်။
သူက ထိုလူကို ကောက်ပွေ့လိုက်ပြီး ပျော့ပျောင်းသော ကုတင်ပေါ်သို့ ပစ်ချလိုက်သည်။
သူက ကုတင်ဘေးနားတွင် အဆင်သင့် ပြင်ဆင်ထားသော ပိုးဖြူစကို ကောက်ကိုင်လိုက်ပြီး အမျိုးသမီး၏မျက်လုံးများကို မှိတ်စေကာ သူမ၏ခေါင်းနောက်မှ ချည်နှောင်ပေးလိုက်သည်။
လဲ့ကျစ်နှင့် မတူညီဆုံးက သူမ၏မျက်လုံးများပင်။
လဲ့ကျစ်၏ ထိုမြေခွေးမျက်လုံးလေးများက လှပပြီး ချစ်စရာကောင်းလှသည်။ ကမ္ဘာပေါ်မှာ ဒုတိယလူကို ရှာရခက်စေသည်။
မျက်စိကို မှိတ်ထားပြီးနောက် မျက်နှာနှစ်ခုက ရှစ်ဆယ်မှ ကိုးဆယ်ရာခိုင်နှုန်းအထိ ဆင်တူလာသည်။
ဟော်ရှက အလောတကြီးဖြင့် အမျိုးသမီး၏ ခန္ဓာကိုယ်ပေါ်ရှိ အဝတ်ပါးပါးကို ဆုတ်ဖြဲလိုက်သည်။ သူက သူမ၏ ပါးလွှာသော ပခုံးကို ဆုပ်ကိုင်ထားရန် သူ့လက်ကို ဆန့်တန်းလိုက်ပြီး သူ့တပ်မက်မှုများကို အထိန်းအကွပ်မဲ့ ထုတ်ဖော်ရန် ငုံချလိုက်သည်။ ကုတင်ကန့်လန့်ကာ လှုပ်ခါသွားသည်နှင့်တပြိုင်နက် ထိုအမျိုးသမီးလေး၏ နာကျင်စွာ အော်ဟစ်သံများ ပြည့်လျှံလာလေသည်။
"မအော်နဲ့၊ အသံမထွက်စေနဲ့"
ဟော်ရှက သူ့လက်ကို မြှောက်လိုက်ပြီး သူမ၏ နှုတ်ခမ်းများကို အုပ်ကာ လည်ချောင်းမှ လေထွက်ခြင်းကို တားဆီးလိုက်သည်။
‘အသံထွက်ရင် သူမပုံစံနဲ့ ဆင်တူတာက ပိုလျော့နည်းသွားလိမ့်မယ်။’
သူ စိတ်ကြွနေချိန်မှာ ဟော်ရှက စိတ်အားထက်သန်မှုအပြည့်ဖြင့် ညည်းတွားနေခဲ့သည်။
"ကျစ်ကျစ်..."
အမျိုးသမီးလေး၏ ခန္ဓာကိုယ်က တုန်ခါသွားသော်လည်း ဟော်ရှက ဂရုမစိုက်ခဲ့ပေ။
သူက သူမနာမည်ကိုတောင် မသိတာ သူမကို သူ ဘယ်လိုခေါ်ခေါ် အရေးမကြီးဘူးလေ။
ပြီးတော့ သူ မနေ့ညက သူမကို နာမည်အသစ်ပေးခဲ့တယ်...
ရှောင်ကျစ်....
##########
ဒီစာရေးသူမှာ ပြောစရာရှိပါတယ်...
ဟော်တူ : အစာထိုးရှာပြီးတာတောင် မင်းက ငါ့ဇနီးလေးကို သတိရနေသေးတာလား.... အမှိုက်ကောင်.... ထွက်သွားစမ်း.....( ဒီနေရာက ထောင်ပေါင်းများစွာသော ကျိန်ဆဲသံတွေကို တားမြစ်ထားပါတယ်)
🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟