အခန်း ၂၃ ပျော်ရွှင်မှု
သူမကို နွေးထွေးမှုဖြင့် ဝန်းရံထားသည်ဟု ခံစားလိုက်ရသဖြင့် လဲ့ကျစ်က သူမ၏ မျက်လုံးများကို အနည်းငယ် မော့ကြည့်လိုက်ရာ မနီးမဝေးတွင် အပူပေးမီးဖိုနှစ်လုံး ချထားသည်ကို တွေ့လိုက်ရသည်။
‘ဘာတွေဖြစ်နေတာလဲ’
ဤဆေးကုသခန်းတွင် အပူပေးမီးဖို မရှိသည်ကို သူမ ပြန်တွေးနေမိသည်။
သို့သော် လဲ့ကျစ်က ဤအခိုက်အတန့်တွင် အများကြီးတွေးတောရန် စိတ်မ၀င်စားနိုင်သေးပေ။ မနေ့ညက ဆုတ်ခွာခြင်းအားလုံးကို ဖြတ်တောက်ရန် ရှိနေခဲ့သော သူမ၏သတ္တိများလည်း ပျောက်ကွယ်သွားခဲ့ပြီး ဖြစ်သည်။ သူမ မသေသေးသည့်အတွက် သူမ ဟော်တူကို ရဲရဲဝံ့ဝံ့ မစော်ကားရဲတော့ပေ။
ရင်ခုန်နေသော လဲ့ကျစ်က အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သတိဖြင့် ခေါင်းမော့လိုက်သည်။ သူမ၏မြေခွေးမျက်လုံးများက ဟော်တူကို သံသယစိတ်ဖြင့် လှမ်းကြည့်နေပြီး သူ့မျက်နှာတွင် ဘာအမူအရာမှ မရှိသည်ကို တွေ့လိုက်ရသည်။ သူမ သူ့စိတ်နေစိတ်ထားကို ပိုင်းခြားနိုင်စွမ်း မရှိသောကြောင့် လဲ့ကျစ်တစ်ယောက် သူမဘာသာ စဉ်းစားနေပြန်သည်။
‘အနည်းဆုံးတော့ တောင်းပန်ရမယ် မဟုတ်လား.....
နောက်ဆုံးတော့ ငါက သူ့အတွက် တွင်းတစ်တွင်းတူးခဲ့တာလေ...’
လဲ့ကျစ်က တိုးညှင်းသော အသံလေးဖြင့် နူးနူးညံညံ လှမ်းပြောလိုက်သည်။
“တောင်းပန်ပါတယ်…”
သူမ၏ အသံနေအသံထားက နာခံမှုအပြည့် ဖြစ်နေပြီး စကားလုံးများက ရိုးသားနေသည်။
ဟော်တူက သူ့မျက်ခွံများကို ပင့်တင်လိုက်ပြီး မနေ့ညကနှင့် လုံးဝ ခြားနားနေပုံရသော လဲ့ကျစ်၏အသွင်အပြင်ကို စိုက်ကြည့်နေသော်လည်း ကြည့်နူးမှုကိုတော့ မခံစားရပေ။
‘ဒီကောင်မလေးမှာ မျက်နှာဘယ်နှစ်ဖက်ရှိတာလဲ၊ ဒါမှမဟုတ် တစ်နည်းပြောရရင် မျက်နှာဖုံးဘယ်နှစ်ခုလောက် တပ်ထားတာလဲ၊ ငါ့ကိုတောင် အံ့သြစေတယ်ပေါ့လေ။ သူမရဲ့တကယ့်အစစ်အမှန်က ဘယ်လိုပုံစံလဲ’
အခန်းအတွင်းရှိ နွေးထွေးမှုက ဟော်တူကို စိတ်မသက်မသာဖြစ်စေသည်။ သူက စိတ်မရှည်စွာ မျက်မှောင်ကြုတ်လိုက်ပြီး ဘီးတပ်ထိုင်ခုံဘေးမှ တုတ်ကောက်ကို အမှတ်တမဲ့ လှမ်းယူကာ လမ်းထလျှောက်လိုက်သည်။ နောက်ဆုံးတွင် သူက နူးညံသော ကုတင်ပေါ်သို့ ဝင်ထိုင်လိုက်သည်။
ဟော်တူ၏ တုံ့ပြန်မှုကို စောင့်နေစဉ် လဲ့ကျစ်၏ စိုးရိမ်နေသော နှလုံးသားက အကြိမ်ပေါင်း မရေမတွက်နိုင်အောင် မတည်မငြိမ် ဖြစ်နေခဲ့သည်။ သူ ဝင်ထိုင်လိုက်သည်ကို မြင်လိုက်ရချိန်တွင် သူမက ဝန်လေးတုံ့ဆိုင်းနေဟန်လေးဖြင့် ပြုံးပြလိုက်ပြီး သူ့အင်္ကျီလက်ဝကျယ်ကို သူမလက်ကလေးဖြင့် ဆွဲကိုင်လှုပ်ယမ်းလိုက်သည်။
“ကျွန်မကို စိတ်မဆိုးပါနဲ့နော်…အရှင့်သား...”
ဟော်တူ၏ မျက်လုံးများက အေးခဲသွားရပြန်သည်။
‘သူမက ထပ်ပြီး လှည့်စားချင်နေသေးတာလား’
သူက သူ့လက်ကို မြှောက်ကာ သူမ၏လက်ချောင်းများကို တွန်းဖယ်လိုက်ရင်း တိုးတိုးလေး သရော်လိုက်သည်။
“အဲ့တော့ စိတ်ကြွဆေးပေါ့လေ၊ မင်း... အရမ်းတော်နေတယ်ပေါ့...ဟုတ်လား”
ထိုစကားကို ကြားလိုက်ရချိန်တွင် လဲ့ကျစ်က သူမ၏ခန္ဓာကိုယ်လေးကို ဟော်တူ၏ နံဘေးသို့ ရွှေ့လိုက်ပြီး သူ့လက်မောင်းကို ပွေ့ဖက်ထားလိုက်ပြန်သည်။
“အရှင့်သား အဆင်ပြေရဲ့လားလို့ မေးပါရစေ၊ အရှင့်သားရဲ့ခန္ဓာကိုယ်က အဆင်မပြေသေးဘူးလား"
သူမ မော့မြောမသွားမီတွင် ဟော်တူ၏ပါးပြင်ပေါ်မှ ပုံမှန်မဟုတ်သော မျက်ရည်ကြည်များနှင့် သူ၏လက်ဖဝါးများမှ ပုံမှန်မဟုတ်သည့် အပူရှိန်ကို သူမ ရှင်းရှင်းလင်းလင်း မှတ်မိနေခဲ့သည်။
‘ဒါပေမယ့် သူနဲ့သူမ ရင်းနှီးခဲ့ပုံ မပေါ်ဘူး။ ဒါဆို သူ ဘယ်လိုဖြေရှင်းခဲ့တာလဲ’
“ဒီမင်းသားက အရမ်းအဆင်ပြေနေတယ်”
ဟော်တူက ပျင်းတိပျင်းတွဲ ပြန်ပြောနေလေသည်။
"ဒါပေမယ့် ဒီမင်းသားက ထိုက်ဇီဖေးနဲ့ ဆွေးနွေးချင်တာ တစ်ခုရှိတယ်"
သူက လဲ့ကျစ်၏ စိတ်ရှုပ်ထွေးနေသော အမူအရာလေးကို စိုက်ကြည့်နေပြီး အဓိပ္ပါယ်မရှိသည့်စကားကို တမင်ပြောလိုက်သည်။
"မနေ့ညက အဲဒီဆေးအကြောင်း နားလည်ဖို့ ဒီမင်းသားအတွက် အစေခံတစ်ယောက်ရှိနေတာ ကံကောင်းသွားတယ်၊ ဒီမင်းသားက သူ့ကို ကိုယ်လုပ်တော်အဖြစ် ယူရမှာလား... ထိုက်ဇီဖေးရဲ့ သဘောကရော ဘယ်လိုလဲ”
ထိုစကားလုံးများ ထွက်ကျလာသည်နှင့်အမျှ လဲ့ကျစ်က သူမ၏ မျက်လုံးလေးများ မပြူးကျယ်သွားအောင် မထိန်းနိုင်တော့ပေ။
‘ဒါဆို ဟော်တူက မနေ့ညက သူမကို မထိခဲ့ဘဲ ကြုံရာကျပန်း အစေခံကို ရှာခဲ့တာလား’
လဲ့ကျစ်က ထိုဖြစ်နိုင်ခြေကို ကြိုတွေးထားသောကြောင့် လီယောင်ကို အိမ်ကြီးထဲမှ အစေခံအားလုံးအား အနောက်ဘက်ခြံဝင်းသို့ ကြိုရွှေ့ခိုင်းခဲ့သည်။
‘ယုတ္တိရှိရှိပြောရရင် သူ ပြောသလို မဖြစ်သင့်ဘူး၊ ဆေးရဲ့ အကျိုးသက်ရောက်မှု ပေါ်လာတဲ့အချိန်မှာ ဟော်တူအနေနဲ့ အနောက်ဘက်ခြံဝင်းကို အပြေးအလွှား သွားဖို့ အချိန် မရှိနိုင်တော့ဘူး။
တစ်ခုခု မှားသွားတာလား....’
တခဏချင်းမှာပင် သူမ၏ရင်ဘတ်ထဲမှ အသက်ရှူသံပြင်းပြင်းများ ထွက်ပေါ်လာပြီး သူမ၏မျက်လုံးများ နာကျင်လာကာ မျက်ရည်များ ရစ်ဝဲလာသည်။
လဲ့ကျစ်တစ်ယောက် ဒူးလေးကို ပိုက်ကာ ငိုနေပြီ ဖြစ်သည်။
‘အားလုံးက ငါ့အပြစ်ပဲ၊ ငါ့ရဲ့လှည့်ကွက်တွေအတွက် ငါ့ကိုပဲ အပြစ်တင်လိုက်ကြပါ...’
ယခု သူမက အပြစ်မဲ့သူတစ်ဦးကို ပတ်သက်စေမိပြီး မိန်းကလေးတစ်ယောက်၏ အပြစ်ကင်းစင်မှုကို ပျက်စီးစေခဲ့သည်ဟု တွေးနေမိသောကြောင့် လဲကျစ် အလွန်ဝမ်းနည်းနေမိသည်။
လဲ့ကျစ်က တာ့ချီတွင် အစေခံများအတွက် ကန့်သတ်ချက်ရှိ မရှိကို မသိခဲ့ပေ။ သူမတို့၏ တာ့လီတွင် အစေခံတစ်ဦးက အသက်နှစ်ဆယ်အထိ အလုပ်လုပ်ပြီးလျှင် လက်ထပ်ခွင့်ရနိုင်သည်။ အိမ်ထောင်ကျပြီးနောက်တွင်လည်း ယခင်ကကဲ့သို့ သခင်မအား ဆက်လက် ခစားရန် ရွေးချယ်ခွင့်ရှိသလို သူမ၏ခင်ပွန်းသည်နှင့် လိုက်သွားရန် ဆန္ဒရှိလျှင်လည်း ကိုယ်ပိုင်ဘဝတွင် နေထိုင်ရန် ရွေးချယ်နိုင်သည်။ ကောင်းမွန်သောသခင်မများက သူမတို့ပတ်ဝန်းကျင်ရှိ အစေခံမလေးများအတွက် သင့်လျော်သောခင်ပွန်းကို ရွေးချယ်ပေးလေ့ရှိကြသည်။
ယခုကဲ့သို့ ရာထူးမရှိသော၊ အဆင့်အတန်းမရှိသော မိန်းကလေးမျိုးကို ယောက်ျားတစ်ယောက်အတွက် ပေးအပ်ခြင်းခံရသည်က... ဤယောက်ျား၏ အဆင့်အတန်းက မည်မျှပင် မြင့်မားစေကာမူ ထိုမိန်းကလေးအတွက် ဖျောက်ဖျက်၍မရသော ဘေးအန္တရာယ်သာ ဖြစ်သည်။
လဲ့ကျစ်၏ နှလုံးသားက အဆက်မပြတ် နာကျင်လာသည်။
‘ငါ ကြီးမားတဲ့ အပြစ်ကြီးကို ကျူးလွန်မိပြီ’
သူမ၏ငိုသံက တဖြည်းဖြည်း ပိုကျယ်လာပြီး ဟော်တူပင် အထိတ်တလန့် ဖြစ်သွားရသည်။
‘ဒီလို မကျေမနပ်ငိုနေပုံက သူကပဲ သူမကို တစ်ခုခု လုပ်လိုက်သလိုဖြစ်နေပြီ’
လဲ့ကျစ် အသက်ရှုကြပ်လာသည်ကို မြင်လိုက်ရသောကြောင့် ဟော်တူက သက်ပြင်းချလိုက်ပြီး သူမ၏အဖြူရောင်လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်သည်။ မမျှော်လင့်ဘဲ သူ သူမ၏အရေပြားကို ထိလိုက်သည်နှင့် သူမက အားစိုက်ထုတ်ကာ သူ့ကို တွန်းထုတ်ပစ်လိုက်သည်။ သိပ်မကြာခင်မှာပင် သူမက မျက်နှာလေးကို မော့လာပြီး မြေခွေးမျက်လုံးနီနီလေးများက သူ့ကို မုန်းတီးမှုအပြည့်ဖြင့် စိုက်ကြည့်နေလေသည်။
လဲ့ကျစ်က ဒေါသစိတ်ဖြင့် သူမ၏နှုတ်ခမ်းကို ကိုက်ထားခဲ့သည်။
‘ငါက သူ့တံခါးဝအထိ ငါ့ကိုယ်ငါ ပေးအပ်ခဲ့တာ အသိသာကြီးလေ၊ ဒါပေမယ့် သူက ငါ့ကို မထိခဲ့ဘူး။ အပြစ်မရှိတဲ့ မိန်းကလေးကို ဖျက်ဆီးဖို့ တောင်းဆိုခဲ့တယ်’
‘သားရဲကောင်ကြီး’
သို့သော် သူမ သေသေချာချာ ပြန်တွေးကြည့်မိချိန်တွင် သူမကသာ ဤအရာအားလုံးကို ဖြစ်စေခဲ့သူ ဖြစ်သည်။
‘ဟော်တူလိုလူက ငါ့ရဲ့ထောင်ချောက်ထဲကို လိုလိုလားလား လျှောက်လှမ်းလာပါ့မလား၊ သူက သူမ လိုချင်တာကို တမင်တကာ မပေးဘဲ သူမမျက်နှာကို ဖြတ်ရိုက်ဖို့ ဒီနည်းလမ်းကို တမင်တကာ သုံးခဲ့တာ ဖြစ်နိုင်တယ်’
သူမ၏ မျက်လုံးများတွင် ရှိနေသော အမုန်းတရားများ တဖြည်းဖြည်း မှေးမှိန်သွားပြီး လဲ့ကျစ်က မိမိကိုယ်ကို အပြစ်တင်ရင်း ငိုကြွေးနေပြန်သည်။
"တော်ပြီ... မငိုနဲ့တော့"
လဲ့ကျစ်က သူ့ကို လျစ်လျူရှုပြီး ဆက်ငိုနေသည်။
ဟော်တူ၏မျက်နှာတွင် ဘာအမူအရာမှ မရှိတော့ဘဲ ခပ်တည်တည် ထပ်ပြောလိုက်သည်။
"ကိုယ်... ဘယ်အစေခံကိုမှ မထိခဲ့ဘူး"
လဲ့ကျစ်က ရုတ်တရတ် ခေါင်းမော့လိုက်ပြီး သူမ၏မျက်လုံးများထဲတွင် အလင်းရောင်များ လင်းလက်သွားသည်။ သူမက ရှိုက်ကြီးတငင် ငိုနေရင်း မယုံသလို ပြောလာပြန်သည်။
“အရှင့်သား... လိမ်နေတာ၊ အစေခံကို မထိရင် ဆေးရဲ့ဆိုးကျိုးတွေကို ဘယ်လို ဖြေရှင်းခဲ့တာလဲ၊ အဲ့လက်ဖက်ရည်ထဲကို ဆေးတစ်ပုလင်းလုံး ထည့်လိုက်တာ"
တစ်... ပုလင်း.... လုံး!
ဟော်တူ၏ ပါးစပ်ထောင့်များ လှုပ်ယမ်းသွားသည်။
‘ဆေးရဲ့အကျိုးသက်ရောက်မှုက အရမ်များနေတာ အံ့ဩစရာ မဟုတ်တော့ဘူး’
‘သူမက ပြောရဲသေးတယ်ပေါ့... နောက်ပြီးတော့ သူမကပဲ ငိုနေသေးတာလား...’
သူက သူ့နဖူးကို ပြန်ကိုင်ကာ လှောင်ပြောင်လိုက်သည်။
“ဒီမင်းသား ထိခဲ့လား မထိခဲ့လား မေးဖို့ မင်း ဘာလို့ အနောက်ဘက်ခြံကို မသွားတာလဲ”
အခိုင်အမာ ပြောနေသည့် ဟော်တူ၏စကားကို နားထောင်ရင်း လဲ့ကျစ်က ဆက်မငိုတော့ဘဲ မျက်ရည်များပြည့်နေသော ရီဝေဝေမျက်လုံးများဖြင့် သူ့အမူအရာကို အကဲခတ်နေပြန်သည်။
‘သူ အမှန်တွေ ပြောနေတယ်လို့တော့ ထင်တာပဲ’
လဲ့ကျစ်၏ မြေခွေးမျက်လုံးလေးများက သူ့ကို အပြန်ပြန်အလှန်လှန် လှည့်ပတ်ကြည့်နေပြီး မနေ့ညက အဖြစ်အပျက်များကို သူမစိတ်ထဲမှာ ဂရုတစိုက် ပြန်တွေးနေသည်။ သူမ ဟော်တူကို တွက်ချက်ကာ ဆေးခတ်ပြီးနောက် သူက သူမနှင့် မပေါင်းဖက်ခဲ့ရုံသာမက သူမကိုလည်း မသတ်ခဲ့ပေ။ ထိုအစား သူက သူမအတွက် ငွေမြှားမှ အဆိပ်ကိုပင် ထုတ်ပေးပြီး ဒဏ်ရာကိုလည်း ပတ်တီးစည်းပေးထားသည်။
လဲ့ကျစ် ကြက်ဥအားလုံးကို ခြင်းတောင်းတစ်ခုထဲသို့ ထည့်ခဲ့သည့် အကြောင်းရင်းကတော့ ဟော်တူက သူမကို မရှိမဖြစ် ကစားစရာအဖြစ် မှတ်ယူထားပြီး သူ့စိတ်ခံစားချက်အရ သူမကို အချိန်မရွေး သတ်နိုင်တာကြောင့် ဖြစ်သည်။ သို့သော် ယခုတစ်ကြိမ် စွန့်စားခြင်း၏ နည်းလမ်းအားလုံးကို ဖြတ်တောက်ခံရပြီးနောက် သူမ အရာတစ်ခုကို သိလာရသည်။ ဟော်တူအတွက် သူမက မည်သည့်နေရာတွင်မှ အသုံးမ၀င်သေးပေ။
‘အစပိုင်းမှာ သူမက ဟော်တူအတွက် လုံးဝ အသုံးမဝင်ဘူး၊ သူက သူမကို မသတ်ချင်သေးရုံလေးပဲ.... သူမအတွက်ကတော့ အသက်ရှင်နေတာထက် သေရတာထက် ပိုကောင်းတယ်လေ။ နောက်ထပ် အကောင်းဆုံးဗျူဟာက အစ်မရဲ့လွတ်လပ်မှုအတွက် သူမရဲ့သေဆုံးခြင်းနဲ့ လဲလှယ်ဖို့ပဲ၊ အခုကတော့ အရင်နဲ့ လုံးဝ မတူတော့ဘူး၊ နောက်ဆုံးတော့ သူမ အရမ်းသတိထားနေရတာမျိုးတွေ၊ အလွန်အကျွံ စိုးရိမ်နေရတာတွေ၊ ဟော်တူဆီကနေ အချိန်မရွေး နောက်ကျောကို ဓားထိုးခံရမှာတွေကို တွေးကြောက်နေဖို့ မလိုတော့ဘူး”
‘အခုတော့ သူမ ဟော်ရှကိုပဲ စိတ်နှလုံးအကြွင်းမဲ့ ဆက်ဖြေရှင်းနိုင်သွားပြီ’
လဲ့ကျစ်၏ မျက်လုံးများတွင် ပျော်ရွှင်မှုများ တဖြည်းဖြည်း ပြည့်လာပြီး သူမ၏နှုတ်ခမ်းထောင့်လေးများ ကွေးညွတ်လာသည်။ သူမက ဟော်တူဘက်သို့ ညင်သာစွာ မှီလိုက်ပြီး သူမ၏ခေါင်းလေးကို သူ့ပခုံးပေါ်တင်ကာ သူ့ခါးကို သိုင်းဖက်ထားရင်း တိုးတိုးလေး ပြောလိုက်သည်။
"အရှင့်သားက ကျွန်မနဲ့ခွဲဖို့ ဝန်လေးနေတာပဲ"
လဲ့ကျစ်၏ တုံ့ပြန်မှု အားလုံးက ဟော်တူ၏ မျက်လုံးများထဲသို့ ကျရောက်နေခဲ့သည်။
သူက သူမ၏ဝမ်းနည်းမှုနှင့် ဒေါသမှ ပျော်ရွှင်မှုအထိ စောင့်ကြည့်နေခဲ့ပြီး နောက်ဆုံး သူမ တက်ကြွလာသည်အထိ မြင်နေရသည်။ သူမက အောင်ပွဲခံနေသည့် မြေခွေးလေးတစ်ကောင် အမြှီးဝှေ့ယမ်းနေသလို ဖြစ်နေခဲ့သည်။
‘ဘာကိုမှ သတိမထားဘဲ ရေခဲတုံးပေါ် လမ်းလျှောက်နေသလိုပုံနဲ့ အလွန်အမင်း တွက်ချက်တတ်တဲ့ အမျိုးသမီးတွေ အများကြီးကို သူ တွေ့ဖူးခဲ့တယ်။
လဲ့ကျစ်ကရော ဘယ်လိုလဲ၊ သူမက သူမရဲ့ မြေခွေးအမြီးကို သူတပါး မြင်သွားမှာ မကြောက်ဘဲ သူမရဲ့ တွက်ချက်မှုတွေ အောင်မြင်တာနဲ့ အဲ့အမြီးကို ထုတ်ကြွားနေပြီ။ သူမက အမြီးကိုတောင် ရည်ရွယ်ချက်ရှိရှိ ဝှေ့ယမ်းနေလိုက်သေးတယ်။
သူမက လိမ်လိမ်မာမာ ပါးပါးနပ်နပ်နဲ့ တွက်ချက်တတ်ပေမယ့် ဟန်ဆောင်မှုတော့ မရှိဘူး၊ ဒါက သူမရဲ့ အတောက်ပဆုံးနည်းလမ်းလည်း ဖြစ်နိုင်တယ်’
ဟော်တူက သူမကို တွန်းရန် သူ့လက်ကို မြှောက်လိုက်သော်လည်း လဲ့ကျစ်က လွှတ်မပေးဘဲ သူ့ကို ပိုတင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။
‘တွယ်ကပ်တတ်တဲ့ တစ္ဆေမလေး...’
ဟော်တူက ရယ်မောပြီး လှောင်ပြောင်လိုက်သည်။
“ခွဲဖို့ ဝန်လေးနေတယ်တဲ့လား... လဲ့ကျစ်... မင်းက အရမ်းအရေထူပြီး အရှက်မဲ့တာပဲ”
နောက်ဆုံးတွင် လဲ့ကျစ်က သူ့လက်ကို လွှတ်ပေးလိုက်ပြီး သူနှင့် ခပ်ခွာခွာ နေလိုက်ပြန်သည်။ ထို့နောက် မျက်နှာပေါ်တွင် အပြုံးများပြည့်နေသော သူမက သူ့လက်ကို ဆွဲကိုင်ကာ သူမ၏ပါးပြင်ပေါ်သို့ တင်ပေးလိုက်သည်။
“ကျွန်မက အရေထူပြီး အရှက်ကင်းမဲ့သူ မဟုတ်ပါဘူး”
ဟော်တူ၏ မျက်လုံးများက မည်းနက်သွားပြီး သူ့၏လည်စေ့ကလည်း အနည်းငယ် လှုပ်ရှားသွားသည်။ သို့သော် သူက ဘာမှ ထပ်မပြောတော့ပေ။
ထိုအချိန်တွင် တံခါးခေါက်သံ ထွက်ပေါ်လာသည်။ လင်းယွဲ့ စွတ်ပြုတ် လာပို့ပေးခြင်းပင်။
“သခင်မ၊ ပူတန်းလေး သောက်ပြီး ဆေးသောက်လိုက်ပါ”
လင်းယွဲ့က ဆေးကိုလည်း ယူလာပေးခဲ့သည်။
"ဆေးသောက်"
ဟော်တူက ထိုစကားနှစ်လုံးကို ပြောပြီး ထရန်ပြင်လိုက်သည်။
မထင်မှတ်ပဲ သူ့လက်ချောင်းများကို အဆွဲခံလိုက်ရပြီး သူက ကုတင်ပေါ်မှ လူကို သံသယဖြင့် လှမ်းကြည့်လိုက်သည်။
လဲ့ကျစ်၏ မျက်လုံးများတွင် ညစ်တစ်တစ် အပြုံးတစ်ခု ပေါ်လာပြီး သူမက သူ၏လက်ချောင်းလေးကို ကစားနေရင်း နူးနူးညံ့ညံ့ တောင်းဆိုလိုက်သည်။
“အရှင့်သား... ကျွန်မကို ခွံပေးပါ…”
*******
ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။
ဟော်တူ : မခွံပေးဘူး...
🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟