CHAPTER 24
Viewers 631

အခန်း ၂၄ စိတ်အနှောက်အယှက်ပေးလွန်းတယ်

 

ဘေးတွင် ရှိနေသည့် လင်းယွဲ့က ပါးပါးနပ်နပ်ဖြင့် ဆေးပန်းကန်လုံးကို ပြန်ချပြီး အမြန် ပြန်ဆုတ်ခွာသွားသည်။

 

“ဟက်"

 

ဟော်တူက သူမကို လှောင်ရယ်လိုက်ပြီးမှ နားမလည်နိုင်သလို စိုက်ကြည့်ပြီး မေးလာပြန်သည်။

 

"မနေ့ညက မြှားကို ဆွဲထုတ်တုန်းက မင်းမှာ အရည်အချင်းတွေ အရမ်းရှိနေတာ မဟုတ်ဘူးလား၊ အခု ဘာလို့ ဟန်ဆောင်နေတာလဲ"

 

မြှားဒဏ်ရာဟု ပြောသံ ကြားလိုက်ရချိန်တွင် လဲ့ကျစ်က ရုတ်တရက် တစ်ချက်တွန့်သွားခဲ့သည်။ ထို့နောက် သူမက သူမ၏ညာဘက်ပုခုံးကို လက်လေးဖြင့် အုပ်ကာ ညည်းညူလိုက်သည်။

 

“အား..... နာလိုက်တာ၊ အရမ်းနာတယ်…”

 

သူမ ချဲ့ကားပြောနေခြင်း ဖြစ်သော်လည်း ဒဏ်ရာက အမှန်တကယ် နာနေခြင်း ဖြစ်သည်။ ယခုန သူမ၏ စိုးရိမ်ကြောင့်ကြမှုများကြောင့် ဒဏ်ရာက လျစ်လျူရှုထားခဲ့သော်လည်း ယခုအချိန်တွင်တော့ သူမ နာကျင်မှုအနည်းငယ်ကို ခံစားလာရသည်။

 

ဟော်တူက အေးစက်စွာ နှာမှုတ်လိုက်သည်။

 

အဲ့တာ ချဲ့ကားလွန်းနေတာ မဟုတ်ဘူးလား’

 

‘အခုန သူ့ကို လွှတ်မပေးဘဲ ပွေ့ဖက်ထားတုန်းက သူမ နာကျင်နေတာကို သူ မတွေ့ခဲ့ရဘူးလေ’

 

သို့သော် နောက်ဆုံးတွင် ဟော်တူက တင်းမာသော မျက်နှာဖြင့် ဆေးပန်းကန်လုံးကို ကောက်ယူပြီး ဆေးရည်တစ်ဇွန်းကို ခပ်ကာ လဲ့ကျစ်၏ ပါးစပ်ထဲကို ခွံပေးလိုက်သေးသည်။

 

လဲ့ကျစ်ကလည်း သူမ၏ ချယ်ရီရောင်နှုတ်ခမ်းများကို ချက်ချင်း ဖွင့်ကာ နာခံမှုအပြည့်ဖြင့် ဆေးသောက်လိုက်သည်။ ခါးသော ဆေးရည်က သူမ၏ပါးစပ်ထဲသို့ ပျံ့နှံ့သွားပြီး ခါးသော အရသာက သူမ၏ လျှာဖျားမှ လည်ချောင်းဆီသို့ စိမ့်ဝင်သွားကာ သူမ၏မျက်နှာတစ်ခုလုံးကို ရှုံ့တွသွားစေသည်။

 

သူ့ရှေ့တွင် ခါးသီးမှုကြောင့် ရှုံ့တွနေသော မျက်နှာလေးမှ မျက်လုံးများက နီရဲလာသည်။ ထိုအရာကို မြင်လိုက်ရသည့် ဟော်တူက မနေနိုင်ဘဲ မေးလိုက်မိပြန်သည်။

 

“သောက်ရတာ အဆင်မပြေဘူးလား”

 

‘ဘယ်လောက်တောင် အံသြစရာကောင်းလိုက်သလဲ...’

 

ထိုစကားကြောင့် လဲ့ကျစ်က သူမ၏မျက်လုံးများကို ပွတ်သပ်လိုက်ပြီး နှုတ်ခမ်းများတွင် တောက်ပသည့် အပြုံးလေးတစ်ခု ပေါ်လာကာ ခေါင်းခါလိုက်ပြန်သည်။

 

“စဝင်တုန်းက အရမ်းခါးတယ် ဒါပေမယ့် အခုတော့ မခါးတော့ဘူး”

 

သူမက ပြုံးနေရင်း မျက်တောင်ကို ပေကလပ် ပေကလပ် လုပ်လိုက်ကာ ရုတ်တရက် သဘောပေါက်သွားသလိုပုံဖြင့် ထပ်ပြောလာပြန်သည်။

 

“ကျွန်မ သိပြီ၊ အရှင့်သားက ကျွန်မကို ခွံကျွေးတာဆိုတော့ ကျွန်မနှလုံးသားကနေ ချိုမြိန်လာတာဖြစ်မယ်”

 

ငွေဇွန်းကို ကိုင်ထားသော ဟော်တူ၏လက်က အနည်းငယ်တုန်ခါသွားပြီး ဇွန်းကို လွှတ်ချမိမတတ် ဖြစ်သွားရသည်။

 

‘ဒီတော့ ဒီလောက်ခါးတဲ့ ဆေးကတောင် သူမရဲ့ ပွစိပွစိ ပါးစပ်လေးကို မတားနိုင်ဘူးပေါ့...ဟမ်....

 

စိတ်အနှောက်အယှက်ပေးလွန်းတယ်...’

 

ဟော်တူက သူမကို လျစ်လျူရှုထားပြီး ဖိအားများအောက်တွင် ဆေးကို အပြီးတိုက်နေခဲ့သည်။ ထို့နောက် သူက ဆေးပန်းကန်လုံးကို ပေါ့ပေါ့ပါးပါး ဖယ်ကာ တုတ်ကောက်ဖြင့် မတ်တပ်ထရပ်လိုက်သည်။

 

"အရှင့်သား ဘယ်သွားမလို့လဲ"

 

လဲ့ကျစ်က အလျင်စလို မေးလိုက်သည်။

 

"အိပ်ခန်းထဲကို ပြန်မလို့"

 

သူ့စကားဆုံးတာနှင့် လဲ့ကျစ်က သိုးမွှေးစောင်ကို ချက်ချင်း ဖယ်ကာ ကုတင်ပေါ်မှ အမြန်ဆင်းလိုက်သည်။ သူမက ဟော်တူ အရင်ထွက်သွားမည်ကို စိုးရိမ်နေပြီး သူမ၏ပခုံးပေါ်မှ ဒဏ်ရာကိုပင် ဂရုမစိုက်နိုင်တော့ပေ။

 

“ကျွန်မလဲ အရှင့်သားနဲ့ အတူပြန်လိုက်မယ်”

 

“ထူးဆန်းပါပေ့ကွာ”

 

ဟော်တူက သူ့နှုတ်ခမ်းကို တွန့်ကွေးလှောင်ပြောင်ပြီး ဆက်ပြောလာပြန်သည်။

 

"မင်း အခုန ဆေးတောင် မသောက်နိုင်ဘူး၊ ဒါပေမယ့် ခုကျတော့ မင်းရဲ့ လှုပ်ရှားမှုတွေက တော်တော်မြန်နေပြီ"

 

မူလက သူ သူမကို အခန်းထဲသို့ ပြန်ခေါ်ရန် သူမ၏အစေခံကို ခိုင်းဖို့ စီစဉ်ထားခဲ့သော်လည်း သူမက သူနှင့် ချက်ချင်း ပြန်လိုက်လာမည်ဟုတော့ မမျှော်လင့်ထားခဲ့ပေ။

 

‘တွယ်ကပ်ပြီး စိတ်အနှောက်အယှက်ပေးလွန်းတယ်....’

 

လဲ့ကျစ်က ပြုံးနေပြီး သူ့လက်မောင်းကို ပွေ့ဖက်လိုက်ကာ ထပ်ပြောလိုက်သည်။

 

"အတူတူသွားကြမယ်..."

 

ဟော်တူက ရက်ရက်စက်စက် သူ့လက်ကို နောက်ပြန်ဆုတ်လိုက်သောကြောင့် လဲ့ကျစ်၏ မျက်နှာလေး ချက်ချင်း မည်းမှောင်သွားရသည်။

 

“သွား... ထိုင်နေ”

ဟော်တူက သူ့လက်ကို မြှောက်လိုက်ပြီး ဘီးတပ်ထိုင်ခုံကို ညွှန်ပြကာ လဲ့ကျစ်အား အမိန့်ပေးလိုက်သည်။

 

လဲ့ကျစ် အနည်းငယ် အံ့အားသင့်သွားရသည်။

 

‘အရင်တုန်းက သူ့ရဲ့ဘီးတပ်ထိုင်ခုံမှာ တခြားသူတွေ ထိုင်တာကို သူ မကြိုက်ဘူးလို့ သူမ ထင်ခဲ့ပေမယ့် အခုတော့ အဲဒီလိုဖြစ်ပုံ မပေါ်ဘူး’

 

လဲ့ကျစ်က  ပြုံးလိုက်ပြီး သူ ပြောသည့်အတိုင်း ဘီးတပ်ထိုင်ခုံပေါ်သို့ ထိုင်ချလိုက်သည်။

အပြင်တွင် စောင့်နေသည့် အန်းရွှယ်က သူတို့ထွက်သွားတော့မည်မှန်း သိနေပြီး တံခါးကို ဖွင့်ပေးလိုက်သည်။ အပြင်ဘက်မှ အေးစက်သောလေက အခန်းထဲသို့ ဝင်ရောက်လာပြီး အခန်းတစ်ဝိုက်တွင် အချိန်အတော်ကြာ တည်ရှိနေသော ပူနွေးသော အပူများကို မှုတ်ထုတ်လိုက်သည်။ လဲ့ကျစ်၏ခန္ဓာကိုယ်လေးက အအေးဒဏ်ကြောင့် အလိုအလျောက် ကျုံဝင်သွားသည်။

 

ဟော်တူက သူ့မျက်ခွံများကို ပင့်လိုက်ပြီး နူးညံ့သောကုတင်ဆီသို့ ပြန်သွားကာ စောင်ကို ယူလာပြီး လဲ့ကျစ်၏ပေါင်ပေါ်သို့ တင်လိုက်သည်။ ထို့နောက် လက်တစ်ဖက်ဖြင့် တုတ်ကောက်ကို အားပြုကာ တံခါးဆီကို ဖြည်းညင်းစွာ လျှောက်သွားနေပြီး နောက်လက်တစ်ဖက်က ဘီးတပ်ထိုင်ခုံကို ကိုင်လိုက်သည်။

 

‘သူ့ခြေထောက်က အဆင်မပြေ ဖြစ်နေတာလေ၊ အခုတော့ သူမအတွက် ဘီးတပ်ထိုင်ခုံကို တွန်းပေးရအုံးမယ်...

 

မိန်းမတွေက တကယ်ကို ဒုက္ခပေးလွန်းတယ်...’

 

“အရှင့်သား၊ ဒီလက်အောက်ငယ်သားက တွန်းပေးပါ့မယ်”

 

ဟော်တူက အန်းရွှယ်ကို စိုက်ကြည့်ကာ တုံးတိတိ ပြန်ပြောလိုက်သည်။

 

"မလိုဘူး"

 

“…”

 

အန်းရွှယ်တစ်‌ယောက် မှင်သက်နေပြီး သူ သတိပြန်ဝင်လာချိန်တွင်တော့ ထိူလူနှစ်ဦးက သူ့ကို နောက်ကျောဘက်၌ ချန်ထားခဲ့ချေပြီ။

 

......။......။.......

 

အမှန်တကယ်တွင် လဲ့ကျစ်က အခြားဘာအတွက်မှ မဟုတ်ဘဲ ဆေးကုသခန်းမှ အပူပေးမီးဖိုနှစ်လုံးကြောင့် ထိုနေရာမှ မြန်မြန် မထွက်လာချင်ခဲ့ခြင်းပင်။

 

‘အိပ်ခန်းထဲမှာ အပူပေး မီးဖို မရှိဘူးလေ’

 

သို့သော် အိပ်ခန်းထဲသို့ ရောက်သွားချိန်တွင် အခန်းထဲမှ နွေးထွေးမှုက ဆေးကူသခန်းနှင့် မခြားနားပေ။ လဲ့ကျစ် ပတ်ဝန်းကျင်ကို ဂရုတစိုက် ကြည့်လိုက်ရာ အခန်းထောင့်တွင် အပူပေးမီးဖိုနှစ်လုံး ရှိနေသည်ကို တွေ့လိုက်ရသည်။

 

သူမက မတ်တပ်ထရပ်ရင်း ဟော်တူကို ကြည့်ကာ မေးလိုက်ပြန်သည်။

 

"အရှင့်သားက ကျွန်မအတွက် အပူပေးမီးဖိုတွေ ထားပေးတာလား"

 

ဟော်တူ၏အမူအရာက သဘာဝမကျသလို ခပ်တောင့်တောင့် ဖြစ်သွားခဲ့သည်။ သူက သူမကို မျက်နှာလွှဲကာ ကုတင်ဆီသို့ သူ့ဘာသာ လျှောက်‌နေရင်း ပြန်ဖြေလိုက်သည်။

 

“မင်း တစ်ယောက်တည်း အေးနေတာလား၊ ဒီမင်းသားကရော အေးတာကို မခံစားနိုင်ဘူးလား”

 

လဲ့ကျစ်က သူ့ကို မျက်စောင်းထိုးလိုက်ပြီး သူမ၏ အပြုံးကို မဖုံးကွယ်နိုင်တော့ပေ။

 

‘ဝန်မခံချင်ဘူးလား.....

 

ကိစ္စမရှိပါဘူးနော်...’

 

သူမက ဟော်တူ၏ခြေလှမ်းအတိုင်းလိုက်ကာ သူနှင့်အတူ ကုတင်ပေါ်၌ လှဲလျောင်းနေလိုက်သည်။

 

ဟော်တူက တစ်ညလုံး မျက်လုံးပင် မမှိတ်ခဲ့ရသောကြောင့် သူ အလွန်အိပ်ချင်နေပြီး အိပ်ရန် ပြင်ဆင်ကာ မျက်လုံးမှိတ်ထားလိုက်သည်။ သို့သော် တစ်စုံတစ်ယောက်က သူ့ခန္ဓာကိုယ်ပေါ်ရှိ ဘရိုကိတ်စောင်၏ထောင့်စွန်းကို အနည်းငယ် ဆွဲယူလိုက်ပြီး နူးညံမှုလေးတစ်ခုက သူ့ခန္ဓာကိုယ်ဘေးသို့ တိုးကပ်လာခဲ့သည်။

 

သူတို့နှစ်ဦး ရက်ပေါင်းများစွာ အိပ်ယာတစ်ခုတည်းကို မျှဝေသုံးစွဲခဲ့ကြသော်လည်း အခြေခံအားဖြင့် တစ်ဦးနှင့်တစ်ဦးကြားတွင် စောင်တစ်ထည်ကို ကန့်လန့်ထားတာ ပြတ်ပြတ်သားသား စည်းခြားထားခဲ့သည်။ ယနေ့တွင်တော့  တစ်စုံတစ်ယောက်က ထိုမျဉ်းကို သိသိသာသာ ဖြတ်ကျော်ချင်နေပြီ ဖြစ်သည်။

 

"လဲ့ကျစ်... မင်း မအိပ်ချင်ရင် ထွက်သွားလိုက်"

 

ဟော်တူက မျက်လုံးမဖွင့်ဘဲ သူ့ခန္ဓာကိုယ်ကို အတွင်းပိုင်းသို့ ရွေ့လျားသွားသော်လည်း သူ၏လေသံက အလွန်စိတ်တိုဒေါသထွက်နေပုံရသည်။

 

"မင်း ထပ်ပြီး ဒုက္ခပေးနေရင် နောက်ဆက်တွဲ အကျိုးဆက်တွေအတွက် မင်းပဲ တာဝန်ယူရမှာနော်"

 

ဤအခန်းထဲတွင် အပူချိန် ရုတ်တရက် မြင့်တက်နေခြင်းက ဟော်တူကို စိတ်မသက်မသာ ဖြစ်စေပြီး သူ့ဘေးနားရှိလူကလည်း သူ့ကို အလွန်အမင်း တွယ်ကပ်နေခဲ့သည်။ သူ့ခန္ဓာကိုယ်တွင် မီးတောက်များ လောင်ကျွမ်းနေသလို ခံစားနေရပြီး ထိုအရာက သူ့ကို အလွန်စိတ်မသက်မသာဖြစ်စေသည်။

 

ဟော်တူက ဖြစ်နိုင်ချေကို သဘာဝကျကျ သတိပေးနေသော်လည်း ကျူးလွန်သူက အရှုံးမပေးဘဲ သူ့ဆီသို့ ဆက်လက် ချဉ်းကပ်နေခဲ့သည်။ မနေ့ညက စိတ်ကြွဆေးအကြွင်းအကျန်နှင့် သူမ၏ လက်ရှိ ရန်စသည့် အပြုအမူကို ပြန်ပြောင်းတွေးမိလိုက်ချိန်တွင် သူ၏ စိတ်ရှည်သည်းခံမှု လက်ကျန်အနည်းငယ်က သူ့ခန္ဓာကိုယ်အတွင်းမှ မီးတောက်ကြောင့် လောင်ကျွမ်းသွားတော့သည်။

 

ဟော်တူတစ်ယောက် စိတ်ထဲတွင် လှောင်ပြောင်နေမိသည်။

 

‘သူမက တကယ်ပဲ သူ့ကို ဖြောင့်မတ်တဲ့သူလို့  ထင်နေတာလား’

 

ဟော်တူက ဘေးကို စောင်းငဲ့ကာ လဲ့ကျစ်၏ ဒဏ်ရာမရှိသော ဘယ်ဘက်ပခုံးကို တွန်းလိုက်သည်။ သူ စကားပြောတော့မည်ဖြစ်သော်လည်း သူမ၏နှင်းရောင်ပါးပြင်များက နီမြန်းနေကာ သူမ၏ချယ်ရီနှုတ်ခမ်းများကို အနည်းငယ် ဟထားမှန်း သူ သိလိုက်ရသည်။

 

‘ဟုတ်တော့ ဟုတ်ပါတယ်လေ၊ အတူအိပ်တဲ့ ဇနီးမောင်နှံက ဘာလို့ စောင်အတူမခြုံရမှာလဲ’

 

သူမ၏ပခုံးပေါ်သို့ ဖိထားသည့် သူ့လက်က နည်းနည်း အားလျော့သွားသည်။ လဲ့ကျစ်က အခွင့်အရေးကို ဆုပ်ကိုင်လိုက်ပြီး သူ့ရင်ခွင်ထဲကို တိုးဝင်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။

 

“အေးတယ်....”

 

သူ လဲ့ကျစ်၏ ညာဘက်ပခုံးပေါ်မှ ဒဏ်ရာကို တစ်ချက်ကြည့်လိုက်ရာ သွေးထွက်များနေသေးသည်။ ဟော်တူတစ်ယောက် သူ့နားထင်များကို ပွတ်သပ်လိုက်ပြီး အဆုံးတွင် သူမကို မတားနိုင်ဘဲ သူ့လက်နှစ်ဖက်ကြား၌ ခိုလှုံခွင်းပေးခဲ့ရသည်။ သူ သူမကို ပြန်မပွေ့ဖက်သလို တွန်းလဲ မတွန်းပစ်နိုင်တော့ပေ။

 

‘ဒီတခါတော့... နေပါစေတော့...’

 

ခဏအကြာ ကုတင်ပေါ်မှ အသက်ရှုသံများ ထွက်ပေါ်လာပြီး နှစ်ယောက်သား အတူတူ အိပ်ပျော်သွားကြသည်။

 

လဲ့ကျစ်က တစ်ညလုံး အိပ်ခဲ့ရသောကြောင့် သူမ အကြာကြီးအိပ်မပျော်ဘဲ ခဏလေးအတွင်း ပြန်နိုးလာခဲ့သည်။ သူမ နိုးလာပြီးနောက် သူမဘေးတွင် မောပန်းနွမ်းနယ်နေသည့် အသွင်အပြင်ဖြင့် အိပ်ပျော်နေသည့် လူကို ကြည့်နေမိသည်။

ထို့နောက် သူမ လေးလေးနက်နက် စဉ်းစားရန် မျက်လွှာချထားလိုက်ပြန်သည်။

 

‘တကယ်တော့ ဟော်တူကို လက်ထပ်ပြီးကတည်းက သူမရဲ့အခြေအနေက သူမ ထင်ထားတာထက် အများကြီးပိုကောင်းနေခဲ့တယ်။ အခု သူမ လုပ်ရမယ့်အရာက အစ်မကို တွေ့ခွင့်ရဖို့အတွက် ဒီဒဏ်ရာနဲ့ လဲလှယ်ဖို့ပဲ’

 

ခဏအကြာတွင် ဟော်တူလည်း နိုးလာသည်။ လဲ့ကျစ်က အတွေးထဲတွင် နစ်ဝင်နေဆဲဖြစ်ကာ သူမ၏ဘေးနားမှလူ မျက်လုံးများ ဖွင့်ထားပြီး သူမကို ကြည့်နေမှန်း မသိလိုက်ပေ။

 

"ဘာတွေ တွေးနေတာလဲ"

 

လဲ့ကျစ်တစ်ယောက် ထိတ်လန့်သွားရပြီး ဟော်တူကို ကြည့်ကာ မေးလိုက်ပြန်သည်။

 

"အရှင့်သား နိုးပြီလား၊ အိပ်ရေးဝရဲ့လား"

 

ဟော်တူက ပျင်းရိနေဟန်ဖြင့် “အမ်း” ဟုသာ ပြန်ဖြေလိုက်သည်။

 

"ကျွန်မတို့အိမ်တော်မှာ ရှိနေတဲ့ ဟော်ရှရဲ့ သူလျှိုတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ စဉ်းစားနေတာပါ"

 

ထိုအရာက လဲ့ကျစ် အစိုးရိမ်ဆုံးကိစ္စဖြစ်သည်။ ယခုအချိန်တွင် လီယောင်က သူမဘက်သို့ လှည့်လာခဲ့သော်လည်း ဟော်ရှတွင် သူမကို စောင့်ကြည့်ရန် လီယောင်အပြင် တစ်ယောက်ထက်မက ရှိနိုင်သေးသည်။ အခြားသူလျှိုများက ဟော်တူအနားမှ သူမ၏လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေနိုင်သည်။

 

"သူတို့ကို တကူးတက ဖြေရှင်းနေဖို့ မလိုဘူး"

 

ဟော်တူက ခပ်ပေါ့ပေါ့ ရယ်မောပြီးမှ ထပ်ပြောလိုက်သည်။

 

"ဒီနေ့ကစပြီး ဟော်ရှ သိနိုင်မယ့်အရာက မင်း သူ့ကို သိစေချင်တဲ့ အရာပဲ"

 

ထိုစကားက လဲ့ကျစ်ကို အံ့သြသွားစေသည်။

 

အဲ့တာက ဘာကိုဆိုလိုတာလဲ’

 

ဟော်တူက မျက်ခုံးပင့်ရင်း ကြွားနေပြန်သည်။

 

"အဲဒီသူလျှိုတွေဆိုတာက ဒီမင်းသားရဲ့လူတွေပဲ"

 

ပိုပြီး အတိအကျပြောရလျှင် ဟော်ရှ၏ သူလျှိုများက သူတို့ ထိုက်ဇီစံအိမ်တော်သို့ ပထမဆုံးဝင်ရောက်သည့်နေ့တွင်ပင် ကမ္ဘာပေါ်မှ အပြီးတိုင် ပျောက်ကွယ်သွားခဲ့ပြီး ဖြစ်သည်။ လက်ရှိတွင် ရှိနေသော “သူလျှိုများ”က ဟော်ရှပေးပို့သော သူများနှင့် လုံးဝတူသော လူအနည်းငယ်မျှသာ ဖြစ်သည်။

 

ထို့ကြောင့် လဲ့ကျစ် စိတ်ပူနေသည့်အရာက ဖြစ်မလာနိုင်တော့ပေ။ ဆန့်ကျင်ဘက်အနေနှင့် သူမ ဟော်ရှနှင့် တွေ့ဆုံရန် အိမ်တော်မှ ထွက်သွားတိုင်း သူမနှင့် ဟော်ရှ ပြောသမျှစကားတိုင်းကို  ဟော်တူ ပြန်သိနေခဲ့သည်။

 

လဲ့ကျစ်၏ပါးစပ်လေး အနည်းငယ် ပွင့်ဟသွားပြီး ဟော်တူ၏ စေ့စေ့စပ်စပ် တွေးခေါ်မှုနိုင်မှုကို အံ့အားသင့်နေခဲ့ရသည်။ သူမ၏ မဆင်မခြင်စိတ်ကြောင့်  ပြုမူမိသည့်အရာများကို ပြန်တွေးကာ ချွေးများပင် ထွက်လာခဲ့သည်။ သူမက အလေးအနက် ထပ်ပြောလိုက်သည်။

 

“ဒါဆို နောက်တစ်ခုက…”

 

"ဟော်ရှနဲ့ ပတ်သက်တဲ့ ကိစ္စတွေက မင်းအပေါ်မှာပဲ မူတည်တယ်၊ ဒီမင်းသားက မင်းရဲ့ကိစ္စတွေကို အနှောင့်အယှက်ပေးမှာ မဟုတ်ဘူး"

 

ဟော်တူက သူမ၏စကားကို ဖြတ်ပြောလိုက်ပြီး သတိပေးစကား ပြောလာခဲ့သည်။

 

"ဒါပေမယ့် မနေ့က အဖြစ်အပျက်က ဒီတစ်ကြိမ်ပဲဆိုတာ မင်း မှတ်ထားရမယ်၊ မင်း... ဒီမင်းသားကို နောက်တကြိမ် တွက်ချက်ရဲရင် ဒီမင်းသားက…”

 

သူ့စကားမဆုံးခင်မှာပင် လဲ့ကျစ်က သူမ၏လက်ကို အလျင်အမြန် မြှောက်လိုက်ပြီး သူမ၏မျက်နှာဘေးတွင် လက်ချောင်းသုံးချောင်း ထောင်လိုက်သည်။

 

"ကျွန်မ ကတိပေးပါတယ်၊ နောက်တစ်ခါ မဖြစ်စေရပါဘူး"

 

မြေခွေးမျက်လုံးလေးများက တောက်ပနေပုံရပြီး ဟော်တူက သူမခေါင်းကို ရိုက်ရန် သူ့လက်ကို မြှောက်လိုက်သည်။

 

"ကိုယ့်စကားကိုယ် မှတ်ထား"

 

‘သူ စဉ်းစားမိတာ ရှိတယ်။ သူမက နည်းနည်း စိတ်အနှောင့်အယှက် ပေးတတ်ပေမယ့်လည်း သူမ နာခံမှု ရှိရှိနဲ့နေမယ်ဆိုရင် သူ သူမကို သူ့ဘေးနားမှာ ထားဖို့ ဝန်မလေးပါဘူး။

 

ထော့ကျိုးလေးဟော်လိုပဲပေါ့....

 

လူတစ်ယောက်နဲ့... ကြောင်တစ်ကောင်... မဟုတ်သေးဘူး မြေခွေးတစ်ကောင်နဲ့ ကြောင်တစ်ကောင်....

 

ဟုတ်တယ်... တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်’

 

.......။.......။.....

 

လပေါင်းများစွာ ရှိနေသည့် စိုးရိမ်သောကများ ပြေပျောက်သွားပြီး နေ့တိုင်း ဆေးကို ကိုယ်တိုင်ကိုယ်ကျ လိမ်းပေးနေသည့် ဟော်တူ၏ ဂရုစိုက်မှုများကြောင့်  လဲ့ကျစ်၏ ပခုံးပေါ်ရှိ ဒဏ်ရာက အလျင်အမြန် ပျောက်ကင်းသွားခဲ့သည်။

 

ရက်အနည်းငယ်အကြာတွင် အနာဖေးများ တဖြည်းဖြည်း ပေါ်လာပြီး အနာကျက်စပြုလာသည်။

 

ထိုအချိန်တွင် သူမက သူမ ဒဏ်ရာအပြင်းအထန်ရခဲ့သည်ဟု ဟော်ရှထံ သတင်းပေးပို့ရန် လီယောင်ကို ညွှန်ကြားလိုက်သည်။ ဟော်ရှက သူမကို တွေ့ချင်နေပြီး ထပ်ခါတလဲလဲ ဆက်သွယ်နေခဲ့သော်လည်း သူမက ပြင်းထန်သည့်ဒဏ်ရာကို အကြောင်းပြကာ သူ့ကို ရှောင်နိုင်ခဲ့သည်။

 

လဲ့ကျစ်က ဟော်ရှ၏ မင်္ဂလာပွဲနေ့ ရောက်သည်အထိ စောင့်ဆိုင်းနေခြင်းပင်။

 

သို့သော် ဟော်ရှ၏မင်္ဂလာပွဲမစမီလေးတွင် တာ့ချီဧကရာဇ်က တာ့ချီ၏တတိယမင်းသားကို ကျင့်ရှန်းဟူသောဘွဲ့အမည်ဖြင့် ဝမ်*အဖြစ် ကမ္ဘာသို့ ကြေငြာရန် အမိန့်ထုတ်ပြန်ခဲ့သည်။

 

(ဝမ်* – ဘုရင်၊ဘုရင်ခံ၊ နယ်မြေအပိုင်ရသော မင်းသား)

 

ဤသည်မှာ တာ့ချီတိုင်းပြည်၏တော်ဝင်မိသားစုတွင် ထိုက်ဇီမှအပ ဝမ်အဖြစ် အပ်နှင်းခြင်းခံရသော ပထမဆုံးမင်းသား ဖြစ်သည်။

 

အချိန်အတော်ကြာအောင် နန်းတွင်းနှင့် ပြည်သူများကြားထဲ၌ ဆွေးနွေးမှုများ အများကြီး ရှိနေခဲ့သည်။

 

နောက်ဆုံးတွင် ဟော်ရှ မင်္ဂလာဆောင်သည့်နေ့သို့ ရောက်လာခဲ့သည်။ ယခင် ဟော်တူ၏မင်္ဂလာပွဲကဲ့သို့ အေးစက်ပြီး လူဆိတ်ညံနေသည့်အချိန်နှင့်မတူဘဲ ယနေ့တွင် အဆုံးမဲ့ ရယ်မောသံများနှင့် မီးရှူးမီးပန်းများ ထွက်ပေါ်နေသည်။ အိမ်တော်ကြီးထဲတွင် ရှိနေသည့် လဲ့ကျစ်ပင်လျှင် လမ်းထောင့်များနှင့် လမ်းကြားများမှ ရယ်မောသံများနှင့် ကောင်းချီးမင်္ဂလာများကို ကြားနေရသည်။

 

"မနာလို ဖြစ်နေတာလား"

 

လဲ့ကျစ် မော့ကြည့်လိုက်ရာ ဟော်တူက အခန်းအပြင်ဘက်တွင် ရပ်နေခဲ့သည်။ သူက ပြုံးနေသော်လည်း သူ့မျက်နှာတွင် အပြုံးအမူအရာ မပြသေးသည်ကို  သူမ တွေ့လိုက်ရသည်။ သူမက ဒေါသထွက်ဟန်ဆောင်ပြီး သူ့အနားကို ပြေးသွားရင်း ရန်တွေ့လိုက်သည်။

 

“အဲဒီနေ့က အရှင့်သားနဲ့ လက်ထပ်တာကို အရှင့်သားတောင် ရောက်မလာခဲ့ဘူးလေ၊ အဲ့တုန်းက အရှင့်သားက ကျွန်မကို မတွေ့ချင်ဘူးမှတ်လား"

 

‘ဟုတ်တယ်....’

 

 ဟော်တူက သူ့စိတ်ထဲမှာ ပြောလိုက်ခြင်းပင်။

 

"မင်းက အဲ့တာကို တေးမှတ်ထားတယ်ပေါ့"

 

“ကျွန်မက အရမ်း သဘောထားကြီးတယ်၊ ကျွန်မ အရှင့်သားကို ခွင့်လွှတ်ခဲ့တာ ကြာပါပြီ"

 

လဲ့ကျစ်က သူ့လက်ဖဝါးကို လှမ်းကိုင်ကာ အပြင်ဘက်ရှိ ဝေါယာဥ်ဆီသို့ သူနှင့်အတူ လျှောက်သွားလိုက်သည်။

 

‘ဟက်၊ ငါက ခွင့်လွှတ်တာကို လိုနေလို့လား...

 

ငါက ဂရုကို မစိုက်ပါဘူးကွာ’

 

ဟော်တူက အဖြေမပေးဘဲ သူမကို အပြင်သို့ ပို့ဆောင်ခွင့်ပေးလိုက်သည်။

 

နှစ်ယောက်စလုံးက ညနေခင်းမင်္ဂလာပွဲတက်ဖို့ နန်းတော်ထဲသို့ အတူတူဝင်လာခဲ့ကြသည်။

 

......။.......။.......

 

တာ့ချီ၏ ဧကရာဇ်နှင့် ဧကရီတို့က ခန်းမအလယ်တွင် ထိုင်နေကာ ဂုဏ်ပြုစကား အနည်းငယ်ပြောပြီးနောက် ပြန်ထွက်ခွာသွားခဲ့ကြသည်။ သူတို့က အဓိကနေရာကို ဟော်ရှထံသို့ လွှဲပြောင်းပေးခဲ့ကြသည်။

 

ယနေ့ပွဲကို မင်္ဂလာပွဲဟု ခေါ်ဆိုသော်လည်း အမှန်တကယ်တွင် ဟော်ရှ မင်းမှုထမ်းများကို သိမ်းသွင်းမည့် နန်းတွင်းဧည့်ခံပွဲ ဖြစ်သည်။

 

ဟော်ရှက အနီရောင်တောက်တောက် မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားပြီး ဂုဏ်ယူစွာ ပြုံးနေခဲ့သည်။ မင်္ဂလာဧည့်ခံပွဲ တက်ရောက်လာသည့် အရာရှိများက သူ့ကို ချီးကျုးဂုဏ်ပြုနေကြသည်။ ထိုအရာက သူ့ကို အနည်းငယ် စိတ်ရှုပ်စေသော်လည်း ပိုပြီး ဘဝင်မြင့်သွားစေသည်။

 

ရင်းနှီးသောပုံသဏ္ဍာန်လေးကို မမြင်ရခင်အထိ ထိုအတိုင်း ဖြစ်နေခဲ့သည်။

 

သူမက အနီဖျော့ဖျော့ နန်းတွင်းဝတ်စုံကို ၀တ်ဆင်ထားပြီး သူမ၏ မျက်နှာငယ်က ပါးလွှာပြီးရင်း ပါးလျနေသည်။ သူမ၏မျက်နှာကို အနီရောင်များဖြင့် ဖုံးအုပ်ထားသော်လည်း သူမ၏မျက်နှာပေါ်ရှိ တင်းမာမှုကို လုံးလုံးလျားလျား မဖုံးကွယ်နိုင်သေးပေ။

 

ထိုအရာက သူ့နှလုံးသားကိုလည်း တင်းတင်းကျပ်ကျပ် နာကျင်လာစေပုံရသည်။

 

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူ့နှလုံးသားလည်း မပြေလျော့နိုင်ခဲ့ပေ။ ထိုညတွင် သူ အစီအစဉ် မအောင်မြင်ခဲ့ဘဲ  ဟော်တူက သူ့အတွက် မြှားကို ပိတ်ဆို့ကာကွယ်ရန် သူမကို အသုံးချခဲ့သည်။ နောက်ပိုင်းတွင် လီယောင်က သူမ ဒဏ်ရာအပြင်းအထန်ရပြီး အိပ်ယာပေါ်တွင် အချိန်အတော်ကြာအောင် လှဲလျောင်းနေရကြောင်းနှင့် သူ့ကို တွေ့ရန် အိမ်တော်ထဲမှ မထွက်နိုင်သေးကြောင်း သတင်းပို့လာခဲ့သည်။

 

ထို့ကြောင့် သူ ဟော်တူကို ပို၍ ပို၍ မုန်းတီးလာခဲ့သည်။

 

‘ရက်စက်ကြမ်းကြုတ်တဲ့ လူကြမ်းကောင် ဟော်တူက သူရဲ့ကျစ်ကျစ်ကို ဘယ်လိုတွေ အနိုင်ကျင့်နေခဲ့တာပဲ’

 

ထိုအကြောင်းကို တွေးလိုက်မိတိုင်း သူ့နှလုံးသားမှ ဒေါသများကို အဆုံးမသတ်နိုင် ဖြစ်ခဲ့ရသည်။

 

ဟော်တူ၏ဘေးတွင် ထိုင်နေသော လဲ့ကျစ်၏ ရိုကျိုးသောသဏ္ဌာန်လေးကို မြင်လိုက်ရချိန်တွင် ဟော်ရှက သူမ အများကြီး အနစ်နာခဲ့ရသည်ဟု ခံစားနေမိပြန်သည်။

 

‘သူ့အဆိပ်က ဟော်တူကို ဘာ့ကြောင့် သက်ရောက်မှု မရှိတာလဲ၊ သူရဲ့ အစ်ကိုတော်က ဆက်ဆံရ ခက်ခဲပုံရပဲ’

 

ဟော်ရှက သူ၏ အမည်းရောင်မျက်လုံးများကို လုံးဝမမှိတ်ဘဲ လဲ့ကျစ်ကို စိုက်ကြည့်နေသည်။ နောက်တစ်ကြိမ်တွင် ဟော်တူ၏အသက်ကို သတ်ပစ်မည်ဟု စိတ်နှလုံးထဲမှ ကျိန်ဆိုနေခဲ့ပြီး လဲ့ကျစ်ကို ဒုက္ခပင်လယ်ထဲမှ အမြန်ဆုံး လွတ်မြောက်စေကာ သူ့အနားသို့ ပြန်လာခွင့်ပေးမည်ဟု ကျိန်ဆိုနေခဲ့သည်။

 

ဟော်ရှက လဲ့ကျစ်ဆီသို့ လှမ်းကြည့်နေသည်ကို ဟော်တူလည်း မြင်နေရသည်။ သူ့၏မက်မွန်ပွင့်ပုံမျက်လုံးများမှ အပြုံးများက မှိန်ဖျော့သွားပြီး သူ့မျက်လုံးများတွင် ရက်စက်မှုတစ်ခု လင်းလက်သွားသည်။

 

‘ဒီကောင်က အခုထိ မတပ်မက်သင့်တဲ့သူကို လိုချင်တပ်မက်နေတုန်းပဲ.....

 

တကယ့်ကို အလကားကောင်ပဲ....’

 

****

 

ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။

 

ဟော်ရှ : ကျစ်ကျစ် ၊ ငါ မင်းကို ဒုက္ခပင်လယ်ထဲကနေ ကယ်တင်မယ်၊ ငါ့ကို စောင့်ပါ။

 

ကျစ်ကျစ် : အရူး..

 

ဟော်တူ : အလကားကောင်၊ ကြည့်ရဲရင် ထပ်ကြည့်လေ၊ ဒီမင်းသားက မင်းရဲ့ မျက်လုံးတွေကို ဖောက်ထုတ်ပစ်မယ်...

 

.......။.......။......

 

မယုံမရှိနဲ့နော်... သူက သဝန်အတိုတတ်ဆုံးလူသား...

 

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟