CHAPTER 25
Viewers 627

အခန်း၂၅ မင်္ဂလာပွဲ

 

မင်္ဂလာပွဲ၌ ဂုဏ်ပြုသံများ အဆက်မပြတ် ကြားရနေပြီး ပွဲသို့ တက်ရောက်လာကြသော နန်းတွင်း၏ အရေးပါသည့် ဝန်ကြီးတိုင်း၏မျက်နှာတွင် ရွှင်လန်းသည့် ပြုံးရွှင်မှုများဖြင့် ပြည့်နှက်နေသည်။ ဆန့်ကျင်ဘက်အနေဖြင့် ဟော်တူနှင့် လဲ့ကျစ်တို့ထိုင်‌နေသည့် တော်ဝင်မိသားစု၏ စားပွဲက ပို၍ အသက်ကင်းမဲ့နေပုံရသည်။

 

လဲ့ကျစ်က လွန်ခဲ့သည့်ရက်အနည်းငယ်က ပြန်လည်သက်သာလာမှုကို အခွင့်ကောင်းယူပြီး တာ့ချီ၏ တော်ဝင်မိသားစုအဖွဲ့ဝင်များနှင့် ရင်းနှီးမှုယူခဲ့သည်။ ထိုနေ့တွင် ဧကရီကို ဂါရဝပြုသည့်အချိန်တွင် တွေ့ဆုံခဲ့သော တော်ဝင်မိသားစုမှ အမျိုးသမီးများနှင့် ဆွေတော်မျိုးတော်များ၏ သမီးတော်များအပြင် အခြားသော မင်းညီမင်းသားများနှင့် မင်းသမီးများ၏ အခြေအနေများကိုလည်း မေးမြန်းခဲ့သည်။

 

နန်းတော်တွင် နောက်ဆုံးအကြိမ် ကျင်းပခဲ့သောပွဲ၌ သူမတို့ အပြန်အလှန် မြင်တွေ့ခဲ့ကြသော်လည်း နှုတ်ဆက်ရန် အချိန်မရှိခဲ့ပေ။ ယနေ့တွင်တော့ အနီးကပ်ကြည့်ရှုခွင့်ရခဲ့သည်။

 

ဟော်တူနှင့် ဟော်ရှမှ လွဲ၍ အသက်တူသော မင်းသားလေးနှစ်ယောက်နှင့် မင်းသမီးလေးတစ်ပါးလည်း ရှိနေသေးသည်။ ကျန်အများစုက အသက်ဆယ်နှစ်အောက်များ ဖြစ်ပြီး သူတို့နှင့် စားပွဲတစ်ခုတည်းတွင် မရှိနေကြပေ။

 

လဲ့ကျစ်နှင့် သူမ၏ တော်ဝင်မောင်နှမများအကြားရှိ နက်ရှိုင်းသော ချစ်ခြင်းမေတ္တာနှင့် မတူဘဲ ဤစားပွဲရှိ ညီအစ်ကိုများ အားလုံးက တိတ်တိတ်ဆိတ်ဆိတ် ရှိနေကြသည်ဟု သတ်မှတ်လိုက်သည်။

 

သို့သော်လည်း အပြာရောင်နန်းတွင်းဝတ်စုံဝတ်ထားသည့် စတုတ္ထမင်းသမီး ဟော်ချင်းယု၏မျက်နှာကတော့ တစ်ချိန်လုံး ပြုံးနေကာ တခြားလူကိုပါ ရယ်မောပျော်ရွှင်နေခဲ့သည်။ လဲ့ကျစ်က သူမကို အကြိမ်အနည်းငယ် မော့ကြည့်ခဲ့ပြီး သူမကလည်း လဲ့ကျစ်ကို တိတ်တဆိတ် ခိုးကြည့်နေမှန်း သိထားပြုလိုက်မိသည်။

 

အဆုံးတွင် ဟော်ချင်းယုက ဆက်သည်းမခံနိုင်တော့ပေ။

 

သူမက ခေါင်းကို ငုံ့လိုက်ပြီး ဟော်တူ၏ လက်မောင်းကို ထိရန် သူမ၏လက်ချောင်းထိပ်များကို ဆန့်ထုတ်လိုက်သည်။

 

ဟော်တူ၏အကြည့်များက အဝေးတွင်ရှိနေဆဲ ဖြစ်ပြီး သူ့ဘေးနားရှိ ကလေးမလေးက သူ့အတွေးများကို အနှောင့်အယှက်ပေးလိုက်သည်။ သူက စိတ်မရှည်စွာဖြင့် ခေါင်းလှည့်လာပြီး အေးစက်သော အကြည့်တစ်ချက်သာ ပြန်ပေးလိုက်သည်။

 

သို့သော် ဟော်ချင်းယုက ဂရုမစိုက်ပေ။ သူမက နှုတ်ခမ်းထောင့်များကို ကွေးညွတ်လိုက်ပြီး သူမ၏ မျက်လုံးဝိုင်းဝိုင်းလေးက တောက်ပလာကာ အသံကို လျှော့ချပြီး မေးလာခဲ့သည်။

 

"ဟေး အစ်ကိုတော်၊ ကြင်စဦးမှာ ဘယ်လိုခံစားရလဲ"

 

ဟော်တူက သူမအား လျစ်လျူရှုထားသည်ကို မြင်လိုက်ရသဖြင့် သူမက လဲ့ကျစ်ကို အာရုံစိုက်လာပြန်သည်။

 

"ယောင်းမတော်က အရမ်းလှတယ်"

 

သူမ၏အသံက အကျယ်ကြီး မဟုတ်သော်လည်း လဲ့ကျစ်တော့ ကြားနိုင်သေးသည်။ လဲ့ကျစ်က ခေါင်းမော့ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြန်ပြုံးပြကာ ယဉ်ယဉ်ကျေးကျေး ခေါင်းညိတ်ပြလိုက်သည်။

 

ဟော်ချင်းယုက ဝမ်းသာသွားပုံရပြီး သူမ၏ ပါးစပ်ထောင့်များက ပိုကွေးညွှတ်လာသည်။ ဤယောင်းမတော်က မည်သို့သော စိတ်ထားမျိုးရှိသည်ကို သူမ မသိသော်လည်း ယခုတွင် သူမက နွေးထွေးနူးညံ့သော စိတ်ထားရှိနိုင်သည်ဟု ထင်နေရသည်။ သူမက ဟော်တူ၏အင်္ကျီလက်ဝကို မဝံ့မရဲ ဆွဲလိုက်ရင်း ထပ်မေးလိုက်သည်။

 

"အစ်ကိုတော်၊ ကျွန်မတို့ နေရာလဲလို့ရမလား"

 

သူမက ဤလှပသော ယောင်းမတော်နှင့် စကားအနည်းငယ် ပြောချင်နေခဲ့သည်။

 

“မရဘူး”

 

ဟော်ချင်းယု : "....."

 

ဟော်ချင်းယုက တခဏချင်း မဲ့ရွဲ့သွားပြီး ခေါင်းကို ငုံ့လိုက်ကာ မကျေမနပ် ရေရွတ်နေသည်။

 

 “အရမ်း တွန့်တိုတာပဲ”

 

တော်ဝင်မိသားစုဝင်များအကြားတွင် သဘောထားကွဲလွဲမှု ဖြစ်လာသည်နှင့် ဤညီအစ်ကိုမောင်နှမများက အခြေအနေကို အလုံးစုံ မစဉ်းစားဘဲ သူတို့၏ကိုယ်ပိုင်အယူအဆအတိုင်း ပြုမူတတ်ကြသည်။ ဟော်တူက အိမ်‌ရှေ့စံ ဖြစ်သော်လည်း မကြာသေးမီ နှစ်များအတွင်း သူ၏ ထူးဆန်းသော စိတ်နေစိတ်ထားနှင့် တရားရုံးကိစ္စများကို စိတ်မဝင်စားမှုကြောင့် တိုင်းပြည်အတွက် အကျိုးဆောင်မှုများ မပြုလုပ်ခဲ့ပေ။ ထို့ကြောင့် နန်းတွင်းမှ လူအများအပြားက သူ့ကို မကျေမနပ် ဖြစ်နေကြသည်။

 

သို့သော် ထူးဆန်းသည်မှာ ဝန်ကြီးတစ်ဦးက တာ့ချီဧကရာဇ်အား ထီးနန်းဆက်ခံမည့်ကိစ္စအား ပြန်လည်စဉ်းစားရန် လျှောက်တင်သည့်အခါတိုင်း ထိုဝန်ကြီးက အချိန်အခါမဟုတ်သော သေဆုံးခြင်းဖြင့် သေဆုံးခြင်းသို့ ရောက်သွားလေ့ရှိသည်။

 

တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ဖြစ်ပျက်ခဲ့လျှင် တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်နိုင်သည်။ သို့သော် အကြိမ်ရေ များလာသည်နှင့်တစ်ပြိုင်နက် လျှို့ဝှက်ပူးပေါင်း ကြံစည်မှုတစ်ခုရှိနေနိုင်သည်ဟု လူတိုင်း မှန်းဆလာကြသည်။ ဤမင်းမှုထမ်းများ ကွယ်လွန်သွားခြင်းအတွက် အကျိုးကျေးဇူးရနိုင်မည့်သူကလည်း ဟော်တူတစ်ယောက်တည်းသာ ဖြစ်သည်။

 

တော်ဝင်တရားရေးရာဌာနက ထိုကိစ္စများအတွက် အကြိမ်ပေါင်းများစွာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း အကြိမ်တိုင်းဘာမှ ရှာမတွေ့ခဲ့ကြပေ။ အချိန်ကြာလာသည်နှင့်အမျှ ဝန်ကြီးများအားလုံးက ဟော်တူက အလွန်အမင်း ရက်စက်သည်ဟု ယုံကြည်လာခဲ့ကြသည်။ ထိုအချိန်မှစ၍ ထီးနန်းဆက်ခံမည့်အရေးကို မည်သူမျှ မတင်ပြရဲကြတော့ပေ။

 

မကြာသေးမီက ဟော်ရှ တော်ဝင်ညီလာခံနှင့် တရားရုံးသို့ ပြန်ဝင်ရောက်လာချိန်တွင် နန်းတွင်းအမှုထမ်းများက မျှော်လင့်ချက် ပြန်မြင်လာကြပုံရသည်။

 

သို့သော် ဟော်ချင်းယုကတော့ ထိုကဲ့သို့ တစ်ခါမှ မတွေးဖူးခဲ့ပေ။ သူမအတွက် ဟော်တူက ပြင်ပလူများပြောသည့်စကားများကဲ့သို့ မဟုတ်ပေ။

 

ဟော်ချင်းယု၏မိခင်အရင်းက မုကွေ့ရန်* ဖြစ်ပြီး မုကွေ့ရန်၏မွေးရင်းမိသားစုက အားနည်းပြီး မောင်းမဆောင်တွင် သူမ၏အဆင့်အတန်းက ပျမ်းမျှသာရှိသည်။ ထို့အပြင် သူမက ကျန်းမာရေးချို့တဲ့သောကြောင့် ဟော်ချင်းယုကို မွေးဖွားပြီး မကြာမီ ကွယ်လွန်သွားခဲ့သည်။ တော်ဝင်ကိုယ်လုပ်တော်ဟွေ့က မင်းသမီးငယ်လေးကို သနားသောကြောင့် ဟော်ချင်းယုကို သူမအနားတွင် ထားကာ ပြုစုပျိုးထောင်ရန် တာ့ချီဧကရာဇ်ထံသို့ ခွင့်တောင်းခဲ့သည်။

(ကွေ့ရန်* – အမြင့်ဆုံး ကိုယ်လုပ်တော်ဘွဲ့၊ ဧကရီပြီးနောက် ဒုတိယနေရာ)

 

ကိုယ်လုပ်တော်ဟွေ့က ယခင်ရှန်းနို့မျိုးနွယ်မှ ဆင်းသက်လာပြီး ဟော်တူ၏ မိခင်အရင်းနှင့် မျိုးနွယ်တူဖြစ်သည်။ သူမတွင် ဟော်ချင်းယုထက် တစ်နှစ်ငယ်သော ဟော်ရှန့်ဟု ခေါ်သည့် သားတစ်ယောက်ရှိသည်။ ဟော်ချင်းယုက ကိုယ်လုပ်တော်ဟွေ့၏ရင်ခွင်အောက်တွင် ကြီးပြင်းလာခဲ့ပြီး ကိုယ်လုပ်တော်ဟွေ့က သူမကို အလွန်ချစ်မြတ်နိုးသောကြောင့်  သူမ၏အဆင့်အတန်းလည်း အများကြီး တိုးတက်လာခဲ့သည်။

 

ဟော်တူက ရှစ်နှစ်သားအရွယ်တွင် မတော်တဆ ထိခိုက်မိပြီး သူ့၏ညာဘက်ခြေထောက် ကျိုးသွားကာ တစ်နှစ်တည်းမှာပင် သူ့၏မွေးမိခင်လည်း သေဆုံးသွားခဲ့သည်။ ထိုအချိန်မှစ၍ သူက သူ့စိတ်အခြေအနေကို ပို၍ ပို၍ ဂရုမစိုက်တော့ဘဲ တဖြည်းဖြည်း ဆုတ်ယုတ်လာခဲ့သည်။ ဟော်ချင်းယုကိုယ်တိုင်လည်း သစ်ပင်ပေါ်တက်ဆော့ခဲ့ပြီး ပြုတ်ကျကာ ခြေထောက်ကျိုးသွားသည့်အချိန်အထိ ဤအစ်ကိုတော်တော်နှင့် ဘာမှ မပတ်သတ်ခဲ့ပေ။

 

ထိုအချိန်တုန်းက သူမ နန်းတော်အစေခံများထံမှ တိတ်တဆိတ် ထွက်ပြေးလာခဲ့ပြီး နန်းတော်၏အစွန်အဖျားထောင့်တွင် ဆော့ကစားနေခဲ့သောကြောင့် သူမ ပြုတ်ကျပြီးနောက်တွင် မည်သူမျှ သူမကို မတွေ့ခဲ့ပေ။

 

ခြေထောက်ကျိုးသွားသောကြောင့် ဟော်ချင်းယုလည်း အလွန် နာကျင်နေပြီး ကြောက်လန့်နေကာ ပခုံးလေးများ တုန်ယင်နေသည့်အထိ ငိုကြွေးနေခဲ့သည်။ သိပ်မကြာခင်မှာပင် သူမနှင့်မလှမ်းမကမ်းတွင် တုတ်တစ်ချောင်းကို ကိုင်ထားသည့် လူတစ်ယောက်က ပေါ်လာသည်အား သူမ သတိထားမိလိုက်သည်။

 

သူမနှင့် စကားအနည်းငယ်မျှပင် မပြောခဲ့ဖူးသော အစ်ကိုတော် ဖြစ်နေခဲ့သည်။

 

ထိုအခိုက်အတန့်လေးမှာပင် သူမက အသက်သွေးကြောတစ်ခုကို ဖမ်းဆုပ်လိုက်မိသလိုပုံစံဖြင့် လှမ်းအော်လိုက်သည်။

 

“အစ်ကိုတော်.... ကျွန်မကို ကူညီပါ၊ ကျွန်မရဲ့ခြေထောက် ခြေထောက်က ကျိုးသွားပြီ…”

 

ထို့နောက် သူမကို စိုက်ကြည့်နေသော သူ့၏အရိပ်အယောင်ကို မြင်လိုက်ရပြီး သူက သူမကို ဂရုမစိုက်ဘဲ ထွက်သွားခဲ့သည်။

 

ဟော်ချင်းယုက သူ့ကို စိတ်ထဲမှ တိတ်တဆိတ် ကြိမ်းမောင်းလိုက်သည်။

 

မုန်းစရာကောင်းလိုက်တာ... ဘာပဲဖြစ်ဖြစ် ငါတို့က ညီအကိုမောင်နှမတွေလေ။ ဒီလူက သွေးအေးလွန်းတယ်။’

 

သို့သော် သူမ၏ ဆူပူကြိမ်းမောင်းခြင်း မပြီးဆုံးမီတွင် ထွက်ခွာသွားသော ဟော်တူက သစ်သားပျဉ်ပြားနှစ်ချပ်နှင့်အတူ ပြန်ရောက်လာခဲ့သည်။ သူက ဒဏ်ရာရနေသော သူမခြေထောက်၏ဘေးနှစ်ဖက်တွင် ထိုသစ်သားပျဉ်များကို ကျွမ်းကျင်စွာ ချည်နှောင်ပေးခဲ့ပြီး ထူထဲသော သစ်ကိုင်းနှင့်လုပ်ထားသည့် လမ်းလျှောက်တုတ်ကောက်ကို သူမဘေးသို့ ပစ်ချပေးခဲ့သည်။

 

ထို့နောက် ဟော်တူက စကားတစ်ခွန်းမှ မပြောဘဲ ပြန်ထွက်သွားခဲ့သည်။

 

သို့သော် ဟော်ချင်းယုကတော့ ထိုကိစ္စကို အမြဲတမ်း မှတ်မိနေခဲ့သည်။ ထိုအချိန်မှစ၍ နန်းတော်တွင် ပွဲကျင်းပသည့်အခါတိုင်း သူမက ဟော်တူအနားတွင် ထိုင်လေ့ရှိပြီး စကားအနည်းငယ် ပြောလေ့ရှိသည်။

 

‘သူ သူမကို ဘာတုံ့ပြန်မှုမှ မပေးပေမယ့်ပေါ့လေ...’

 

ဟော်ချင်းယု၏ အတွေးများက အဝေးသို့ လွင့်ပျံသွားပြီး ရုတ်တရက် သူမ၏ ခြေသလုံးကြွက်သားများ နာကျင်လာသည်။

 

ဟော်တူက သူမကို စားပွဲအောက်မှ ပြင်းပြင်းထန်ထန် ကန်ပစ်လိုက်ခြင်းပင်။

 

ဟော်ချင်းယုတစ်ယောက် နာကျင်မှုကြောင့် မျက်မှောင်ကြုတ်သွားပြီးမှ သူမ၏ တရုတ်ဆီးသီးသဏ္ဍန်ရှိသော မျက်လုံးများ ပြူးကျယ်သွားရသည်။ သူမက နာကျင်မှုကို မျိုသိပ်ရင်း ရှုံ့တွနေကာ အသံတိုးတိုးဖြင့် ပြန်မေးလိုက်သည်။

 

“အစ်ကိုတော် ဘာလုပ်တာလဲ”

 

"သူ့ရဲ့ ဟိုတစ်ဖက်မှာ သွားထိုင်"

 

ဟော်တူက အေးအေးဆေးဆေး ပြောလာခဲ့သည်။

 

ထိုစကားက ဟော်ချင်းယုကို ချက်ချင်းဆိုသလို ပျော်ရွှင်သွားစေပြီး သူမ၏ခြေသလုံးမှ နာကျင်မှုကိုပင် မေ့လျော့သွားရသည်။

 

‘အာ... ဟုတ်တယ်၊ အစ်ကိုတော်က သူမနဲ့ ထိုင်ခုံမပြောင်းပေးရင်တောင် ယောင်းမတော်ရဲ့ တစ်ခြားဖက်မှာ ထိုင်နိုင်တာကို သူမ ဘာလို့ မေ့နေတာလဲ’

 

ဟော်ချင်းယုက အပြုံးလေးဖြင့် သူမ၏ စကတ်ကို မြှောက်လိုက်ပြီး လဲ့ကျစ်အနားသို့ လျှောက်သွားခဲ့သည်။ လဲ့ကျစ်၏ တစ်ဖက်ခြမ်းတွင် ထိုင်နေသော သူနှင့် သူမက ပိုရင်းနှီးသည်။

 

‘ဟော်ရှန့်’

 

သူမက အသာအယာ ချောင်းတစ်ချက် ဟန့်လိုက်ပြီး ကြီးကျယ်ခမ်းနားသော အစ်မတော်၏ပုံရိပ်ကို အနည်းငယ် ထုတ်ပြလိုက်သည်။

 

"ရှန့်အာ၊ မင်းက အစ်မတော်ရဲ့ ထိုင်ခုံနေရာကို သွားထိုင်လိုက်"

 

မထင်မှတ်ဘဲ ဟော်ရှန့်က သူ့မျက်ခွံကိုပင် ပင့်မလာဘဲ ချက်ချင်း ငြင်းဆတန်လိုက်သည်။

 

"မထိုင်ဘူး"

 

“ဟေး”

 

ဟော်ချင်းယုက ဒေါသတကြီး ထပ်ပြောလိုက်သည်။

 

"ငါက အစ်မတော်နော်၊ မင်းက ငါ့စကားကို နားထောင်ရမယ်"

 

ဟော်ရှန့်က သူမကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး သူမနှင့် စကားများရန်ဖြစ်ရမည်ကို ပျင်းရိလွန်းသဖြင့် ထရပ်လိုက်ကာ သူမ၏ထိုင်ခုံဆီသို့ လျှောက်သွားလိုက်သည်။ လဲ့ကျစ်က တစ်ယောက်နှင့်တစ်ယောက် ငြင်းခုန်သည့်ပုံစံကို ကြည့်လိုက်ရင်း မပြုံးဘဲ မနေနိုင်တော့ပေ။ သူမက ဟော်ရှန့်ကိုလည်း ခဏလောက် ကြည့်နေလိုက်သေးသည်။

 

‘အသက်၁၅နှစ်အရွယ် ကောင်လေးက ကလေးဆန်နေသေးပေမယ့် သူ့ရဲ့ ချောမောတဲ့ အသွင်အပြင်ကို မြင်နေရပြီ’

 

သူတို့၏ မွေးမိခင်နှစ်ဦးစလုံးက မျိုးနွယ်တူမှ ဆင်းသက်လာသောကြောင့် ဖြစ်နိုင်ပြီး ဟော်ရှန့်၏အသွင်အပြင်က ဟော်တူနှင့် အလွန်ဆင်တူကြောင်း လဲ့ကျစ် တွေ့လိုက်ရသည်။

 

"ယောင်းမတော်၊ ကျွန်မက ချင်းယုပါ"

 

လဲ့ကျစ်က ခေါင်းညိတ်ပြလိုက်ပြီး ချစ်စရာကောင်းသည့် စတုတ္ထမင်းသမီးနှင့် စကား ပြောနေလိုက်သည်။ တာ့ချီ၏ တော်ဝင်မိသားစုတွင် သူမနှင့် အသက်အရွယ်တူပြီး ဤကဲ့သို့ တက်ကြွရွှင်လန်းသော မင်းသမီးလေးနှင့် တွေ့ဆုံရန် ခက်ခဲလှသည်။ နှစ်ယောက်သား တစ်ယောက်နှင့်တစ်ယောက် ယခင်ကတည်းက သိထားကြသလိုမျိုး မြန်မြန်ဆန်ဆန် ရင်းနှီးလာကြသည်။

 

သူမတို့နှစ်ယောက်ကြားမှ စကားဝိုင်းက မင်္ဂလာပွဲ၏ ဆူညံသံကိုပင် လွှမ်းမိုးသွားခဲ့သည်။ ဟော်ချင်းယုက ယနေ့ အလွန်စိတ်လှုပ်ရှားနေပြီး သေရည်အမြောက်အမြား သောက်နေသော်လည်း လဲ့ကျစ်က သူမကို လုံးဝ မတားနိုင်ခဲ့ပေ။ သူမတို့နှစ်ဦး၏ ခေါင်းစဉ်က အမျိုးသမီးများ၏အတွင်းဆောင်ရှိ ရယ်စရာကောင်းသော ဇာတ်လမ်းများမှ ဤပွဲရှိ လူများထံ အမှတ်တမဲ့ ပြောင်းလဲသွားခဲ့သည်။

 

သူမတို့နှစ်ယောက်က အသက်အရွယ်တူသောကြောင့် လဲ့ကျစ်က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

 

“မင်း လက်ထပ်ဖို့ ဆွေးနွေးပြီးပြီလား”

 

ဟော်ချင်းယု၏ပါးပြင်များက နီရဲနေပြီး သူမ၏ စကားပြောဟန်အမူအရာကလည်း  သူမ မူးနေမှန်း သိသာနေသည်။ သူမက လဲ့ကျစ်၏အနားသို့ ကပ်လာပြီး တိုးတိုး‌လေး ပြောနေခဲ့သည်။

 

“ကျွန်မ အိမ်ထောင်မပြုချင်ဘူး၊ လုံးဝ အိမ်ထောင်မပြုချင်ဘူး"

 

လဲ့ကျစ်၏ နားမလည်နိုင်သော အမူအရာကို မြင်လိုက်ရချိန်တွင် ဟော်ချင်းယုက ထပ်ပြောလာပြန်သည်။

 

“ယောင်းမတော်၊ ငါတို့ရဲ့ ဆန့်ကျင်ဘက်ကြည့်၊ အဲဒါ အကြီးဆုံးအစ်ကိုတော်”

 

လဲ့ကျစ်က သူမ၏စကားအတိုင်း လိုက်ကြည့်လိုက်ရာ သေရည်ခွက်ကို ကိုင်ဆောင်ထားသည့် အသက်ကြီးပြီး ဝဖြိုးလွန်းသောလူတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုမင်းသားကြီးက နန်းတွင်း အစေခံများအား သေရည်ပြန်ပေးဖြည့်ရန် အဆက်မပြတ် တောင်းဆိုနေသည်။ သူ့ဘေးတွင် ထိုင်နေသည့် ကြင်ယာ‌တော်က သူ့ကို အကြိမ်ကြိမ် စည်းရုံး‌နေခဲ့သော်လည်း သူက သူမကို စူးစူးဝါးဝါး ပြန်စိုက်ကြည့်နေသည်။ လဲ့ကျစ်က သူ့မျက်လုံးအောက်တွင် အပြာရောင်အရိပ်တစ်ခု ရှိနေသည်ကိုလည်း မြင်လိုက်ရသည်။ ထိုအရာက တပ်မက်မှု၏ အရိပ်အယောင်ကြောင့် ကျန်ရစ်နေခဲ့ခြင်း ဖြစ်သည်။

 

အကြီးဆုံးမင်းသား ဟော်ကြွယ်ကို တော်ဝင်ကိုယ်လုပ်တော်လီက မွေးဖွားပေးခဲ့သည်။ တော်ဝင်ကိုယ်လုပ်တော်လီက နန်းတော်၏ အစေခံနောက်ခံမှ ဆင်းသက်လာသည်။ တာ့ချီဧကရာဇ်ငယ်စဉ်က အရက်မူးပြီး အမှားလုပ်မိခဲ့ပြီး နွေဦးညတွင် သူမနှင့် တစ်ညတာ အတူရှိပြီးနောက် သူမထံတွင် ဟော်ကြွယ်ရှိလာခဲ့သည်။

 

တာ့ချီဧကရာဇ်က ၎င်းကို သူ့၏ကိုယ်ပိုင်အစွန်းအထင်းအဖြစ် မှတ်ယူထားပြီး သူက သူ၏သားတော် ဟော်ကြွယ်အပေါ် ကြင်နာမှု မရှိပေ။ ထိုကြောင့် ဟော်ကြွယ်က ဧကရာဇ်မင်းမြတ်၏ အကြီးဆုံးသားတော်ဖြစ်သော်လည်း သူ့ကို မည်သူကမျှ အလေးအနက်မထားကြပေ။ အချိန်ကြာလာသည်နှင့်အမျှ သူက ထီးနန်းတက်ရန် အခွင့်မရှိတော့သည့်ကို နားလည်လာပြီး သူ့ကိုယ်သူ စွန့်လွှတ်ကာ တပ်မက်မှုများ ပိုများလာခဲ့သည်။

 

အမှန်တကယ်တွင် ဟော်ကြွယ်မှ လွဲ၍ လူတိုင်းထံတွင် ထီးနန်းဆက်ခံရန် အခွင့်အရေးရှိနေမှန်း သိသာနေသည်။

 

“ယောင်းမတော်ကို ပြောပြမယ်”

 

ဟော်ချင်းယုက လဲ့ကျစ်၏ပခုံးကို မှီကာ တိုးတိုးလေး ဆက်ပြောနေသည်။

 

"အကြီးဆုံးအစ်ကိုတော်ရဲ့အိမ်မှာ ကိုယ်လုပ်တော်နဲ့ အိပ်ယာဝင်အစေခံတွေ ဒါဇင်ပေါင်း အများကြီး ရှိတယ်၊ အဲဒါတောင် သူက တခါတရံ ဂီတကို နားဆင်ဖို့ အပြင်ထွက်ပြီး သူ သဘောကျရင် ကချေသည်တွေကို အိမ်ပြန်ခေါ်သွားသေးတယ်”

 

"တကယ့်ကို ရယ်စရာပဲ၊ အကြီးဆုံးယောင်းမတော်က အရင်က အရမ်းလှပေမယ့် အခုမြင်ရတာတော့ တော်တော်အိုနေပြီ”

 

လဲ့ကျစ်က အကြီးဆုံးမင်းသား၏ကြင်ယာတော်ကို ထပ်ကြည့်လိုက်ပြန်သည်။ အမှန်တကယ်လည်း ဟော်ချင်းယု ပြောနေသလို သူမ၏မျက်နှာတွင် ပင်ပန်းနွမ်းနယ်မှုများ ပြည့်နှက်နေပြီး မျက်နှာချေမှုန့်များဖြင့်ပင် မဖုံးကွယ်နိုင်တော့ပေ။

 

“မင်းသားနဲ့ မှူးမတ်တွေ အများစုကတော့ ဒီလိုပါပဲ၊ အဲဒါကြောင့် ကျွန်မ အိမ်ထောင်မပြုချင်ဘူး"

 

လဲ့ကျစ်လည်း သက်ပြင်းချလိုက်ပြီး သူမကို နှစ်သိမ့်ပေးရန် စကားလုံးတစ်လုံးမှ မစဉ်းစားနိုင်ဘဲ ခဏတာမျှ တွေဝေနေမိသည်။ သူမက ဟော်ချင်းယု၏ခေါင်းကို ပွတ်ပေးရန် လက်လှမ်းလိုက်သည်။

 

ဟော်တူ၏ မျက်လုံးများက သူ့မထံတွင် အမြဲရှိနေခဲ့သည်။ သူ သူမတို့ ပြောနေသည့်စကားများကို မကြားနိုင်သော်လည်း သူမတို့ ပျော်ပျော်ရွှင်ရွှင် စကားပြောနေသည်ကို မြင်နေရသည်။ အချိန်ကို တွက်ချက်ပြီးနောက် အန်းရွှယ်လည်း အရာအားလုံးနီးပါး လုပ်ဆောင်ပြီးသင့်နေပြီဟု သူ တွေးနေပြန်သည်။ သူက တုတ်ကောက်ဖြင့် ထရပ်ကာ စားပွဲမှ ထွက်ခွာသွားသည်။

 

ဟော်တူ ထွက်သွားပြီးနောက် ဟော်ရှက လဲ့ကျစ်ဆီသို့ လာရန် သင့်တော်သောအချိန်ကို တွေ့သွားခဲ့သည်။ သူက သေရည်တစ်ခွက် ကမ်းလှမ်းရန် ဟန်ဆောင်ပြီး လဲ့ကျစ်ဆီသို့ လျှောက်သွားလိုက်သည်။ သူက “မရီးတော်” ဟု ညင်သာစွာ ခေါ်ပြီး သူမကို ဂုဏ်ပြုရန်အတွက် သူ့ခွက်ကို မြှောက်လိုက်သည်။

 

သို့သော် သူ့မျက်လုံးများထဲတွင် လေးနက်သော ဆန္ဒတစ်ခု ရှိနေခဲ့သည်။

 

ဘေးမှ ဟော်ချင်းယုကလည်း ထိုအရာကို ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့သည်။ တတိယအစ်ကိုတော်နှင့် အိမ်‌ရှေ့စံယောင်းမတော်တို့က ငယ်ကျွမ်းဆွေများ ဖြစ်ကြောင်းကိုလည်း သူမ သိထားခဲ့သည်။ သို့သော် နောက်ဆုံးတွင် တတိယအစ်ကိုတော်က ယောင်းမတော်၏ အမိတိုင်းပြည်ကို သူ့လက်ဖြင့် ဖျက်ဆီးခဲ့ပြီး ထိုကဲ့သို့ စက်ဆုပ်ဖွယ်အတွေးကို တွေးနေဆဲပင်။

 

သူမ မျက်မှောင်ကြုတ်ကာ စကားတစ်ခွန်းမှ မပြောဘဲ နှုတ်ခမ်းကို တင်းတင်းစေ့ရင်း တိတ်ဆိတ်နေလိုက်သည်။

 

လူအများ၏ စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် ဟော်ရှကိုယ်တိုင်လည်း သူ့၏ခံစားချက်များကို အများကြီး မပြဝံ့ဘဲ တုံ့ဆိုင်းနေဟန်ဖြင့် နှုတ်ဆက်ကာ ပြန်ထွက်သွားခဲ့သည်။

 

မင်္ဂလာပွဲကြီး ပြီးသွားပြီးနောက် ဟော်ရှက မင်္ဂလာအချိန်အခါသမယအတိုင်း မင်္ဂလာအခန်းဆီသို့ အမြန်လျှောက်သွားလိုက်သည်။ ဧည့်သည်များကလည်း တဖြည်းဖြည်း လူစုကွဲသွားသည်။

 

"ထိုက်ဇီဖေးကို ဂါရဝပြုပါတယ်"

 

အနောက်မှ နှုတ်ဆက်သံတစ်သံ ထွက်လာပြီး လဲ့ကျစ် ထိတ်လန့်သွားရသည်။ သူမ လှည့်ကြည့်လိုက်ချိန်တွငက် မုတ်ဆိတ်မွှေးများ အမှိုက်လို ပုံနေသည့် မျက်နှာတစ်ခုကို တွေ့လိုက်ရပြီး သူမ၏ မျက်နှာလေး ရုတ်တရက် အရောင်မဲ့သွားရသည်။

 

ဟော်ချင်းယုက ထိုအရိပ်အမြွက်ကို မြင်လိုက်ပြီး ချက်ချင်း ထရပ်လိုက်သည်။

 

"ရန်ဟမ့်၊ ရှင်က တကယ်ကို စည်းကမ်းမရှိဘူးပဲ၊ ယောင်းမတော်ကို နှုတ်ဆက်ဖို့တော့ ရှင် သိတယ်ပေါ့၊ ဒီမင်းသမီးကိုတော့ မတွေ့ဘူးလား"

 

ထိုစကားကို ကြားလိုက်ရချိန်တွင် ရန်ဟမ့်၏နဂိုက မောက်မာနေသည့် အပြုံးက အေးခဲသွားသည်။ သူက ဦးညွှတ်အရိုအသေပေးရင်း တောင်းပန်လာခဲ့သည်။

 

“နိမ့်ကျတဲ့ ဒီကျွန်က အဲ့လိုမျိုး မလုပ်ရဲပါဘူး... မင်းသမီးကို ဂါရဝပြုပါတယ်”

 

“ကောင်းပြီ၊ ရတယ်၊ ထတော့”

 

ရန်ဟမ့် ထွက်သွားပြီးနောက် ဟော်တူလည်း ပြန်ရာက်လာခဲ့သည်။

 

"ဘာဖြစ်တာလဲ"

 

ဤစကားလုံးများက ဟော်ချင်းယုကို မေးလိုက်ခြင်းဖြစ်သော်လည်း သူ၏ အနက်ရောင်မျက်လုံးများက သူမ၏ ဝိညာဉ်ကို ဆုံးရှုံးသွားသလို ဖြစ်နေသည့် လဲ့ကျစ်ကို စိုက်ကြည့်နေသည်။

 

"ကျွန်မ မသိဘူး"

 

ဟော်ချင်းယုက သူ့အနားသို့ တိုးတိုးလေး ကပ်ပြောလိုက်သည်။

 

"ရန်ဟမ့်က ယောင်းမတော်ကို နှုတ်ဆက်ဖို့ ရောက်လာပြီး ယောင်းမတော်က အဲဒီလို ဖြစ်သွားတယ်"

 

နန်းတော်ခန်းမအတွင်း လူနည်းပြီးရင်း ထပ်နည်းလာခဲ့သည်။ ဟော်ရှန့်က ထရပ်လိုက်ပြီး ဟော်တူနှင့် လဲ့ကျစ်ကို အရိုအသေပေးကာ ဟော်ချင်းယုကို  လှမ်းပြောလိုက်သည်။

 

"ပြန်ကြမယ်"

 

ဟော်ချင်းယုက လဲ့ကျစ်၏လက်ကို ခါယမ်းလိုက်ပြီး ဟော်တူကို နှုတ်ဆက်လိုက်သည်။

 

 "အစ်ကိုတော်၊ ကျွန်မတို့ အရင် ပြန်နှင့်ပါ့မယ်"

 

 

သူမက ပြောပြီးသည်နှင့် အလောတကြီး ထွက်ခွာသွားတော့သည်။

 

ဟော်တူက အလျင်လိုမနေဘဲ လဲ့ကျစ်အနားသို့ ဝင်ထိုင်လိုက်သည်။

 

သူ ခဏလေးပဲ ထွက်သွားတာကို လဲ့ကျစ်က ဒီလို ဖြစ်သွားခဲ့တယ်။ ချင်းယု ခုနကပြောခဲ့တဲ့ စကားတွေကြောင့် အကြောင်းပြချက်ကို သူ ခန့်မှန်းနိုင်ပါတယ်’

 

‘ရန်ဟမ့်က ရှန်းယိတပ်ရဲ့ ဒုတိယတပ်မှူးလေ၊ ပြီးတော့ သူက တာ့လီကို ဖျက်ဆီးတဲ့အချိန်မှာ ဟော်ရှကို ကူညီပေးခဲ့ပြီး စွမ်းဆောင်မှုကောင်းတွေ ရရှိခဲ့တဲ့ အရာရှိတွေထဲက တစ်ယောက်ပဲ’

 

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟