CHAPTER 26
Viewers 649

အခန်း ၂၆ အတိတ်မှဖြစ်ရပ်များ

 

ယွီဟွာနန်းတော်ရှိ အနီရောင်ဖယောင်းတိုင်များက အိပ်ဆောင်ခန်းမကို နွေးထွေးနေစေသည်။ ဟော်ရှက အတတ်နိုင်ဆုံး ပြုံးရန် ကြိုးစားနေခဲ့သော်လည်း အိပ်ခန်းထဲသို့ ဝင်လိုက်သည်နှင့် သူ့ခြေထောက်ကို လေးလံသည့် ကျောက်တုံးဖြင့် ချိတ်ထားသလို ခံစားနေရသည်။ သူ တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး အတန်ကြာ ရပ်နေပြီးမှသာ ခြေလှမ်းပြန်စပြီး အထဲသို့ ဝင်လာခဲ့သည်။

 

ရှန်းချင်းယန်က ယပ်တောင်ဝိုင်းလေးကို ဆုပ်ကိုင်ထားပြီး သူမ၏ နှလုံးသားကလည်း မထိန်းနိုင်ဘဲ ခုန်ပေါက်နေလေသည်။

 

ထိုအခြေအနေက ဟော်ရှ သူမ၏လက်မှ ယပ်တောင်ကို လာမကိုင်မချင်းပင်။

 

သူမ၏ လှပသောမျက်လုံးတစ်စုံက အရည်လဲ့နေပြီး သူမ၏ပါးပြင်များက ရှက်စိတ်ကြောင့် ပန်းနုရောင်ဖြစ်နေသည်။ ရှန်းချင်းယန်က ဟော်ရှကို မကြည့်ဝံ့တော့ဘဲ စိုးရိမ်တကြီးဖြင့် မျက်လွှာချထားသော်လည်း ဟော်ရှ၏ အမူအရာတိုင်းကိုလည်း လက်မလွတ်ချင်ပေ။ ဆန့်ကျင်ဘက် စိတ်ခံစားမှုနှစ်ခု၏ ရောယှက်မှုကြောင့် သူမ မျက်လုံးများကို မကြာခဏ ပင့်တင်လိုက် ပြန်ချလိုက် ဖြစ်နေပြီး ဒူးပေါ်တင်ထားသော လက်များကိုလည်း ထားစရာနေရာ မရှိတော့ပေ။

 

သူမနှင့် နှိုင်းယှဉ်လျှင် ဟော်ရှက ပိုတည်ငြိမ်ပြီး ပိုလျစ်လျူရှုနိုင်သည်။ သူ့မျက်နှာပေါ်တွင် နူးညံ့သော အပြုံးတစ်ခု ရှိနေပြီး သူက ရှန်းချင်းယန်၏လက်ကို ကိုင်ကာ မင်္ဂလာပွဲအခမ်းအနား ဓလေ့များကို ကျင်းပရန် မင်္ဂလာစားပွဲဆီသို့ လျှောက်သွားနေသည်။

 

သူမ ကုတင်ပေါ်သို့ ပြန်ထိုင်လိုက်ချိန်တွင် ရှန်းချင်းယန်၏ ပန်းနုရောင်ပါးပြင်များက ပိုပိုပြီး နီမြန်းလာသည်။ သူမ၏အထိန်းတော် ပြောခဲ့သလို သူမ ခင်ပွန်းဖြစ်သူနှင့် ပျော်ပျော်ရွှင်ရွှင် ချစ်ပွဲဝင်ရတော့မှာလားဟု သူမ တွေးနေခဲ့သည်။

 

"ပင်ပန်းနေလား"

 

ဟော်ရှက သူမဘေးတွင် ထိုင်နေပြီး သူမ၏ခေါင်းကို ပွတ်သပ်ပေးနေသည်။

 

“ကျွန်မ သည်းခံနိုင်ပါတယ်”

 

ဟော်ရှက ညင်သာစွာ ထပ်ပြောလိုက်ပြန်သည်။

 

"ဒါဆို ဒီနေ့ ကောင်းကောင်းအနားယူပါ"

 

......။.......။......

 

တိတ်ဆိတ်လွန်းသောကြောင့် အသက်ရှုသံကိုပင် ရှင်းရှင်းလင်းလင်း ကြားနေရသည်။ ထူထဲလေးလံသောကုတင် ကန့်လန့်ကာများက အနီရောင်ဖယောင်းတိုင်များ၏ နွေးထွေးသောအလင်းရောင်ကို ဖုံးလွှမ်းပေးထားပြီး အိပ်ရာထဲတွင် အမှောင်ထုသာ ကျန်ရစ်နေခဲ့သည်။ ရှန်းချင်းယန်က အမှောင်ထဲတွင် မျက်လုံးဖွင့်ကာ သူမဘေးနားရှိ လူ၏ အသက်ရှူသံကို နားထောင်နေသည်။ ယခု သူမ ချစ်ရသူက သူမ အနီးတွင် ရှိနေသော်လည်း သူမတို့ ကမ္ဘာခြားနေသလို သူမ ခံစားနေရသည်။

 

ရှန်းချင်းယန်က သူမ၏ နားထင်များကို သူမ၏ လက်ချောင်းများဖြင့် အသာအယာ ဖိကာ သူမ၏ ရိုင်းစိုင်းသော အတွေးများကို ဖယ်ထုတ်ရန် ကြိုးစားနေသည်။

 

‘ဒီနေ့က အလုပ်များတဲ့နေ့ဆိုတော့ အစ်ကိုအားရှလည်း အရမ်းပင်ပန်းနေမှာပေါ့။ မင်္ဂလာဆောင်ညမှာ သူမကို တမင်တကာ အရှက်ရစေတာမျိုးတော့ သူ လုပ်မှာ မဟုတ်ပါဘူးလေ’

 

အမှန်တကယ်တွင် ဟော်ရှက အိပ်မပျော်သေးဘဲ ယနေ့ညအတွက် ဆက်ဟန်ဆောင်ရန် စိတ်မ၀င်စားနိုင် ဖြစ်နေခြင်းပင်။ အထူးသဖြင့် မင်္ဂလာဆောင်၌ လဲ့ကျစ်ကို တွေ့လိုက်ပြီးသည့်အချိန်နောက်ပိုင်းတွင် ဖြစ်သည်။

 

ထို့အပြင် သူက ရှန်းချင်းယန်ကို အမှန်တကယ် စိတ်မဝင်စားပေ။ သူက လဲ့ကျစ်ကို နှစ်သက်ပြီး သူမ၏လှပသော အသွင်အပြင်နှင့်တူသော ‌‌ရှောင်ကျစ်ကို နှစ်သက်သည်။ ရှန်းချင်းယန်က ဖြူစင်သည်ထက် ပိုနေသော်လည်း နောက်ဆုံးတွင် သူမက အဖြူရောင် ပန်းပွင့်လေးတစ်ပွင့်သာ ဖြစ်ခဲ့သည်။

 

‘နူးညံ့သိမ်မွေ့တဲ့ နှင်းဆီပန်းကလေးကို မပြောနဲ့ သူ အစားထိုးထားတဲ့ နှင်းဆီပန်းနဲ့တောင် မယှဉ်နိုင်ဘူး’

 

ထိုအကြောင်းကို တွေးရင်း ဟော်ရှက ဤမနက် ထိတွေ့ခဲ့ရသည့် ဖြူဖွေးနူးညံ့သော ခန္ဓာကိုယ်လေးကို ပြန်တွေးလိုက်မိသည်။

 

‘ဒီနေ့ သူ လက်ထပ်တော့မယ်ဆိုတာ သူမ သိတာကြောင့် သူ့ရင်ခွင်ထဲကလူက သူ့ကို တင်းတင်းကျပ်ကျပ် ဖက်ထားခဲ့တယ်၊ အစကတော့ သူ မင်္ဂလာဆောင်ဝတ်စုံကို ပြောင်းလဲထားခဲ့ပေမယ့် နူးညံ့သိမ်မွေ့တဲ့ရုပ်သွင်လေးက အနောက်ကနေ ဖက်ထားပြီး သူ့လည်ပင်းအနောက်ဘက်ကို ပျားရည်အနမ်းတွေနဲ့ တံဆိပ်ရိုက်ခဲ့တယ်... အဆုံးမှာတော့ သူ မင်္ဂလာအချိန်ကို ရွှေ့ဆိုင်းလုနီးပါးဖြစ်ခဲ့ရတယ်’

 

သူ ယနေ့ညတွင် ရှန်းချင်းယန်ကို မထိချင်ခဲ့ခြင်းမှာ သူ့လည်ပင်း၊ နောက်ကျောနှင့် ရင်ဘတ်တို့တွင် ရှိနေသည့် မပျက်သေးသော အနီရောင်အမှတ်များကို မမြင်စေချင်သောကြောင့်လည်း ဖြစ်သည်။

 

.......။.......။.......

 

မင်္ဂလာဧည့်ခံပွဲ၌ ဧည့်သည်များအားလုံး ပြန်သွားပြီဖြစ်သော်လည်း နန်းတော်ခန်းမအပြင်ဘက်တွင် သန့်ရှင်းရေးလုပ်ရန် စောင့်နေသောလူများက အတွင်းသို့ မဝင်ရဲကြပေ။ အရှင့်သားထိုက်ဇီနှင့် ထိုက်ဇီဖေးက အဘယ်ကြောင့် အချိန်အတော်ကြာ မထွက်ခွာပဲ ဆက်ထိုင်နေကြသည်ကို သူတို့ မသိနိုင်ကြသော်လည်း နန်းတော်ခန်းမ၏အပြင်ဘက်တွင်သာ တိတ်တဆိတ် စောင့်ဆိုင်းနေကြသည်။

 

လဲ့ကျစ်က ပရမ်းပတာအခြေအနေထဲသို့ ကျရောက်နေသလို ခံစားနေရသည်။ မူလက ထိုကြောက်ရွံ့မှုများကို သူမ၏နှလုံးသားထဲတွင် ဖိသိပ်ထားနိုင်ပြီမှာ ကြာခဲ့ပြီဟု သူမ ထင်ထားခဲ့သော်လည်း သူမ၏မျက်စိရှေ့သို့ ရန်ဟမ့်၏ပုံရိပ် ရောက်လာသည်နှင့် ထိုနေ့၏သွေးစွန်းသောမြင်ကွင်းလည်း ပြန်ဆုတ်ဖြဲခံလိုက်ရပြန်သည်။

 

သူမ၏ ခန္ဓာကိုယ်က ထိန်းမနိုင်သိမ်းမရ တုန်ခါနေပြီး မျက်လုံးများ နီရဲနေသော်လည်း သူမ မငိုနိုင်ခဲ့ပေ။ ရင်ဘတ်ကို တစ်ခုခုဖြင့် ပိတ်ဆို့ထားသလိုမျိုး ဖြစ်နေပြီး သူမ၏နှလုံးကို ပြန်ဖိထားကာ အသက်မရှူနိုင်ဖြစ်နေခဲ့သည်။

 

[မင်း ကိုယ်နဲ့ အတူရှိချင်တယ်ဆိုရင် မင်း ဒီလောက်ထိ ပျော့ညံ့နေလို့ မရဘူး]

 

လွန်ခဲ့သည့်ရက်အနည်းငယ်က သူမကို ဟော်တူပြောခဲ့သည့်စကားများက သူမ၏နားထဲသို့ ရုတ်တရက် တိုးဝင်လာပြန်သည်။ သူမ၏ စိတ်အခြေအနေက တခဏအတွင်း ပရမ်းပတာအခြေအနေကို ဖြတ်ကျော်သွားကာ ရှုပ်ထွေးပြီး ဝမ်းနည်းနေသော မြေခွေးမျက်လုံးများကို အသက်ဝင်မှုများက တဖြည်းဖြည်း ပြန်ဖုံးလွှမ်းလာသည်။

 

အစောပိုင်းကလို အထိခိုက်မခံနိုင်ဘဲ ဝမ်းနည်းမှုထဲတွင် နစ်မြုပ်နေသော ပုံစံမဟုတ်တော့ပေ။

 

သူမ သတိပြန်ဝင်လာချိန်တွင် မင်္ဂလာပွဲ ပြီးဆုံးသွားပြီ ဖြစ်ကြောင်း သိလိုက်ရသဖြင့် လဲ့ကျစ် အံ့အားသင့်သွားရသည်။ တိတ်ဆိတ်နေသော ပင်မခန်းမကြီးထဲတွင် လူများ မရှိတော့ဘဲ အပူပေးမီးဖိုရှိ ငွေရောင်မျှင်မီးသွေးများလည်း လောင်ကျွမ်းကုန်ဆုံးတော့မည် ဖြစ်သောကြောင့် ပိုအေးလာသလို ခံစားလာရစေသည်။

 

ဟော်တူက ဘာမှမပြောဘဲ သူမဘေးတွင် ငြိမ်ငြိမ်လေးထိုင်နေခဲ့သည်။

 

လဲ့ကျစ်က အမြန်ထပြီး ဟော်တူကို မျက်နှာမူကာ တောင်းပန်လိုက်သည်။

 

"တောင်းပန်ပါတယ်၊ ကျွန်မ စိတ်ရှုပ်ထွေးသွားမိတယ်"

 

ထို့နောက် သူမက သူ့လက်ကို လှမ်းဆွဲလိုက်သည်။ ယခုအချိန်တွင် လဲ့ကျစ်က သူ မတ်တပ်ရပ်ရန် ကူညီပေးရသည့် အလုပ်ကို ကျင့်သားရနေပြီ ဖြစ်သည်။

 

ဟော်တူက ထုံးစံအတိုင်း ဘာအမှုအရာမှ မပြဘဲ လဲ့ကျစ်၏ လက်တစ်ဖက်ပေါ်သို့ သူ့လက်တစ်ဖက်ကို တင်လိုက်ကာ အခြားလက်တစ်ဖက်က တုတ်ကောက်ကို ကိုင်ထားသည်။ အမှန်တကယ်တွင် ဟော်တူလည်း သူကိုယ်သူ အံသြနေမိခြင်း ဖြစ်သည်။

 

‘တကယ်တော့ သူက သူ့ကို ကူညီဖို့ ဘယ်သူ့ကိုမှ မလိုအပ်ဘူး။  အခုတော့ သူ့လက်ကို သူမဆီ အပ်ထားမိတယ်’

 

"အိမ်ပြန်ကြမယ်"

 

လဲ့ကျစ်က သူမ၏ နှောင့်နှေးစေမှုကြောင့် သူ စိတ်ဆိုးမည်ကို စိုးရိမ်နေသဖြင့် ဟော်တူ၏အမူအရာကို ဂရုတစိုက် ကြည့်ရင်း လေသံခပ်တိုးတိုးဖြင့် လှမ်းပြောလိုက်သည်။ သူ မတ်တတ်ထရပ်နေပြီကို မြင်လိုက်ရသဖြင့် လဲ့ကျစ်လည်း အခြေအနေကို အခွင့်ကောင်းယူကာ သူမ၏လက်ကို ပြန်ဆွဲယူလိုက်သည်။

 

သို့သော် သူမ၏ လက်မောင်းပေါ်၌ ပေါ့ပေါ့ပါးပါး ရှိနေခဲ့သည့် သူ့လက်က ပြန်မဆုတ်သွားဘဲ ထိုအစား အောက်သို့ ရွေ့သွားကာ သူမ၏ လက်ဖဝါးကို ဆုပ်ကိုင်လာခဲ့သည်။

 

နှစ်ယောက်သား တိတ်တိတ်ဆိတ်ဆိတ်ဖြင့် ဝေါယာဥ်ပေါ်သို့ တက်လာခဲ့ကြသည်။

 

ဟော်တူက သူ၏ ဆုပ်ကိုင်မှုကို မလွှတ်ပေးသောကြောင့် လဲ့ကျစ်လည်း ပုံမှန်အတိုင်း ပြန်ဆုပ်ကိုင်ထားလိုက်သည်။ အပြင်ဘက်တွင် အေးခဲနေပြီး ဆုပ်ကိုင်ထားသော အေးစက်သည့် လက်ဖဝါးများကြားမှ ထူးဆန်းသည့် နွေးထွေးမှုတစ်ခု ထွက်လာပြန်သည်။ သို့သော် အေးခဲနေသောနှလုံးသားနှစ်ခုကတော့ ဤနွေးထွေးမှုအနည်းငယ်ကို  ရိပ်မိရန် ခက်ခဲလှသည်။

 

ဝေါယာဥ်က ထိုက်ဇီအိမ်တော်ထဲသို့ တန်းတန်းမတ်မတ် ဝင်သွားပြီး အိပ်ခန်းရှေ့သို့ ရောက်မှသာ ရပ်သွားခဲ့သည်။

 

ကျင့်ရှင်းက အခန်းအပြင်ဘက်တွင် စောင့်ဆိုင်းနေပြီး သခင်မ၏ ပခုံးဒဏ်ရာကို စိုးရိမ်သောကြောင့် သူမကို ကူညီရန် အမြန်ရောက်လာခဲ့သည်။

 

ဟော်တူက သူ့လက်ကို လွှတ်ပေးလိုက်ပြီး ပြောလာပြန်သည်။

 

"မင်း အရင်အနားယူတော့... ကိုယ့်ကို စောင့်စရာ မလိုဘူး"

 

ထိုသို့ပြောပြီးနောက် သူက စာဖတ်ခန်းဆီသို့ လျှောက်သွားနေသည်။

 

သူမတို့ အခန်းထဲ ဝင်လာပြီးနောက် ကျင့်ရှင်းက လဲ့ကျစ် ရေချိုးရန်နှင့် အဝတ်အစားများလဲရန် ကူညီပေးခဲ့သည်။ ထို့နောက်တွင် တွေဝေနေဆဲဖြစ်သော လဲ့ကျစ်က နူးညံပျော့ပျောင်းသော ကုတင်ပေါ်တွင် လှဲလျောင်းနေခဲ့သည်။ သူမ၏ ခန္ဓာကိုယ်က ခွန်အားများ ဆုံးရှုံးသွားပုံရပြီး ကျင့်ရှင်းက သူမကို ဘရိုကိတ်စောင်ဖြင့် သေချာဖုံးအုပ်ပေးပြီးနောက် ပြန်ဆုတ်ခွာသွားခဲ့သည်။

 

ရုတ်​တရက်​ နှင်းဖြူလုံးလေးတစ်ခုက ကုတင်ပေါ်သို့ ခုန်တက်လာပြီး ​စောင်ထဲသို့ လွယ်ကူစွာ ဝင်​သွားခဲ့သည်​။

 

သူမကိုယ်ပေါ်ရှိ စောင်ထောင့်လေးတစ်ခု ဟလာပြီး နှင်းဖြူရောင်ခေါင်းလေး ထွက်ပေါ်လာသောကြောင့် လဲ့ကျစ် ခပ်ဖျော့ဖျော့ ပြုံးလိုက်မိသည်။

 

ထော့ကျိုးလေးဟော်က သူမ၏ ဝမ်းနည်းမှုကို မြင်နိုင်သကဲ့သို့ လဲ့ကျစ်အား မျက်လုံးဝိုင်းဝိုင်းများဖြင့် စိုက်ကြည့်နေသည်။

 

ထို့နောက် လဲ့ကျစ်၏ ပုခုံးကို မှီကာ မျက်လုံးလေးများကို မှိတ်ပြီး ငြိမ်ငြိမ်သက်သက် အိပ်ပျော်သွားခဲ့သည်။

 

လဲ့ကျစ်ကလည်း သူ၏ နှင်းဖြူအမွေးများကို ပွတ်သပ်ကာ သူ့ခေါင်းလေးဘေးတွင် လဲလျောင်းရင်း မျက်လုံးမှိတ်ထားလိုက်သည်။

 

.......။.......။.........

 

စာကြည့်ဆောင်တွင်...

 

အန်းရွှယ်က ဟော်တူ ပြန်မရောက်မီ အချိန်အကြာကြီးကတည်းက အိမ်တော်သို့ ပြန်ရောက်နေပြီ ဖြစ်သည်။ မင်္ဂလာပွဲပြီးခါနီးတွင် ထိုက်ဇီနှင့် ထိုက်ဇီဖေးတို့ အချိန်အတော်ကြာအောင် ပြန်မထွက်လာခဲ့သောကြောင့် တစ်ခုခုဖြစ်ခဲ့သည်ကို သူ ခန့်မှန်းနိုင်ခဲ့သည်။ မင်္ဂလာပွဲ၌ ရှိနေသည့် လူအများစုက သူတို့၏ သူလျှိုများ ဖြစ်နေပြီး မကြာမီ ထိုက်ဇီဖေးနှင့် ရန်ဟမ့်တို့၏ ဇာတ်လမ်းကို  သူ သိလိုက်ရသည်။

 

သူက နန်းတော်ခန်းမအပြင်ဘက်သို့ ထွက်သွားခဲ့ပြီး ဟော်တူ၏ ညွှန်ကြားချက်ကို စောင့်ဆိုင်းနေခဲ့သည်။

 

ဟော်တူက ဘာမှပြန်မပြောဘဲ သူ့ကို တစ်ချက်ကြည့်လိုက်ရုံသာ ဖြစ်သော်လည်း သူက အရှင့်သား သူ့ကို ဘာလုပ်စေချင်မှန်း သိနိုင်သူ ဖြစ်သည်။

 

"အားလုံး စစ်ပြီးပြီလား"

 

စာဖတ်ခန်းတံခါးကို တွန်းဖွင့်ခံလိုက်ရပြီး ဟော်တူက ဖြည်းညှင်းစွာ ဝင်လာကာ လက်တင်ထိုင်ခုံပေါ်တွင် ထိုင်ဝင်ရင်း ဘာမှ မထူးခြားသော မျက်နှာအမူအရာဖြင့် မေးမြန်းလိုက်သည်။

 

အန်းရွှယ်က ခေါင်းညိတ်ပြီး ပြတ်ပြတ်သားသား အစီရင်ခံလိုက်သည်။

 

တာ့လီ ပျက်စီးသွားသည့်နေ့တွင် ရန်ဟမ့် ဘာလုပ်ခဲ့သည်ကို သိရန်က သူတို့အတွက် အမှန်တကယ် ရိုးရှင်းလွန်းလှသည်။ ဟော်တူက သူ့လူများကို ရှန်းယီစစ်တပ်အတွင်း မြှုပ်နှံထားခဲ့သည်မှာ ကြာနေပြီ ဖြစ်သည်။ ထို့အပြင် ရန်ဟမ့်၏လုပ်ရပ်များကလည်း နေ့ခင်းကြောင်တောင်တွင် ဖြစ်ပျက်ခဲ့ပြီး လူတိုင်း မြင်ခဲ့ကြရသည်။

 

အန်းရွှယ်က အသေးစိတ်ရှင်းပြနေသည်နှင့်အမျှ ဟော်တူ၏ မျက်လုံးများက ပို၍ မှိုင်းညို့လာသည်။ သူ့၏သူလျှိုများက အသေးစိတ်အချက်အလက်များကို ရှင်းရှင်းလင်းလင်း ရှင်းပြနိုင်လွန်းသောကြောင့်လား သို့မဟုတ် အန်းရွှယ် စကားတွေက တိကျလွန်းသောကြောင့်လား မသိနိုင်သော်လည်း ထိုနေ့၏ မြင်ကွင်းများ သူ့မျက်လုံးရှေ့၌ ရှင်းရှင်းလင်းလင်း ပေါ်လာသလို ဟော်တူ ခံစားနေရသည်။

 

လီတိုင်းပြည်၏မြို့တော်ကို ဖျက်ဆီးခံရသည့်နေ့တွင် ဧကရာဇ်နှင့် ဧကရီ နှစ်ယောက်လုံးက  ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ရွေးချယ်ခဲ့ကြပြီး လီတိုင်းပြည်၏ အိမ်ရှေ့စံလည်း အသတ်ခံခဲ့ရသည်။ ဟော်ရှ ရှန်းယိစစ်တပ်ကို ခေါ်ဆောင်လာချိန်တွင် ဧကရာဇ်မင်းမြတ်၏အလောင်းဘေး၌ ဒူးထောက်ထိုင်ကာ လဲ့ကျစ်ကို တွေ့ပြီး ဆွဲခေါ်လာခဲ့သည်။ သူမ၏အဝတ်အစားများတွင် သူမ ချစ်ရသူများ၏သွေးများ စွန်းထင်းနေခဲ့သည်။

 

သူမ မည်သို့ ရုန်းကန်နေပါစေ မြင်းပေါ်သို့ တွန်းတင်ခံလိုက်ရပြီး သူ့ရှေ့တွင် တင်းတင်းကြပ်ကြပ် ပွေ့ဖက်ခံထားရသည်။

 

ထိုအချိန်တွင် တာ့လီ၏ အချစ်ခံရဆုံးမင်းသမီးလေးက အရူးသဖွယ် ရုန်းကန်နေသည်ကို လူတိုင်း မြင်နေရပြီး သူမ၏မြေခွေးမျက်လုံးလေးများက အံ့သြဖွယ်ကောင်းလောက်အောင် ပြိုးပြိုးပြက်ပြက် လက်နေကာ အနီရောင်ရင့်ရင့်များ စွန်းထင်းနေပြီ ဖြစ်သည်။

 

လူနှစ်ဦး၏ခွန်အားက သိသိသာသာ ကွာခြားနေသော်လည်း လဲ့ကျစ်၏ အပြင်းအထန် ရိုက်နှက်မှုအောက်တွင် သေးငယ်သော ကွာဟချက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

 

သူမ၏ခါးကို ဖက်ထားသည့်အင်အား အနည်ငယ် ပြေလျော့သွားသည်နှင့်တပြိုင်နက် လဲ့ကျစ်က မြင်းပေါ်မှ ပြတ်ပြတ်သားသား ခုန်ဆင်းကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ စစ်မြေပြင် ဖြစ်နေသောကြောင့် နေရာတိုင်းတွင် လူသေကောင်များ ရှိနေကာ ရှုပ်ပွနေခဲ့သည်။ သူမ မြေပြင်ပေါ်သို့ ရောက်သွားချိန်တွင် တစ်ဝက်ကျိုးနေသော ဓားမြှောင်တစ်ချောင်းက သူမလက်ထဲသို့ ရောက်သွားပြီ ဖြစ်သည်။

 

သူမက ထိုချွန်ထက်သောဓါးကို သူမလည်ပင်းပေါ်သို့ တင်လိုက်ပြီး သူမ၏မျက်လုံးများတွင် မုန်းတီးမှုများသာ ကျန်နေတော့သည်။ သူမက ဟော်ရှကို ကြည့်ကာ အော်ဟစ်လိုက်သည်။

 

"အရှက်မရှိတဲ့ လူဆိုးကောင်... ကျေးဇူးကန်းတဲ့ကောင်... တစ်နေ့ကျရင် နင် အသေဆိုးနဲ့ သေရလိမ့်မယ်”

 

သူမက စကားလုံးတိုင်းကို ခေတ္တရပ်နားပြီး တစ်ခွန်းချင်း ရှိုက်ကြီးတငင် အော်ဟစ်နေခဲ့သည်။ ထိုစကားကို ပြောပြီးနောက် သူမက သေရန် ပြတ်ပြတ်သားသား ပြင်ဆင်ခဲ့သည်။

 

"ကျစ်ကျစ်"

 

ဟော်ရှက သူမကို လှမ်းအော်ပြီး တားဆီးလိုက်သည်။ သူ့မျက်လုံးများတွင် ထိတ်လန့်မှုများ ပြည့်နှက်နေသော်လည်း သူက သူမကို ခြိမ်းခြောက်နေဆဲပင်။

 

“မင်း ကိုယ့်ကိုကိုယ် သတ်သေဖို့ သတ္တိရှိရင် မင်းရဲ့အစ်မ... သေတာထက် ပိုဆိုးသွားလိမ့်မယ်”

 

ထိုစကားကြောင့် လဲကျစ်၏လက်ထဲတွင် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည့် ဓားက ရပ်တန့်သွားပြီး သူမ၏အဖြူရောင်လည်ပင်းလေးကို အနည်းငယ်သာ ပြတ်ရှသွားပြီး သွေးပုတီးစေ့လေးများ ဖျတ်ခနဲ ထွက်ပေါ်လာသည်။

 

ထို့နောက် တပ်သားအများအပြားက တာ့လီ၏ ဒုတိယမင်းသမီး လဲ့ကျင်းကို ရှေ့သို့ ဆွဲထုတ်လာကြသည်။ တခဏချင်းမှာပင် အားလုံးက ဟော်ရှ၏ ရည်ရွယ်ချက်ကို နားလည်သွားကြသည်။ သူက လဲ့ကျင်းကို ဓားစာခံအဖြစ် ဖမ်းကာ လဲ့ကျစ် သူမကိုယ်သူမ သတ်မသေနိုင်စေရန် ခြိမ်းခြောက်ခဲ့သည်။

 

သို့သော် မင်းသမီးလေးတစ်ယောက်အနေဖြင့် လဲ့ကျင်းကလည်း လဲ့ကျစ်ကဲ့သို့ပင်။ သူမတို့၏အရိုးများတွင် သွေးအတူတူရှိနေခဲ့ကြသည်။

 

‘တိုင်းပြည်ကို ဆုံးရှုံးပြီး အိုးအိမ်လည်း ဆုံးရှုံးပြီးပြီ... သေရမှာကို ဘယ်လို ကြောက်နေတော့မှာလဲ’

 

"ကျစ်ကျစ်... နင် အစ်မအတွက် စိတ်ပူစရာမလိုဘူး၊ ငါတို့ မြေအောက်ကမ္ဘာမှာ ပြန်တွေ့ကြမယ်”

 

အမြင်အာရုံများ မှုန်ဝါးနေသော လဲ့ကျစ်က အစ်မတော်၏ အမူအရာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သော်လည်း အစ်မတော်ပြောနေသော စကား၏အဓိပ္ပါယ်ကို ရှင်းရှင်းလင်းလင်း သိနိုင်ခဲ့သည်။ သူမ အသံမထွက်နိုင်သောကြောင့် ပါးစပ်လှုပ်ကာ သူမ၏အစ်မကို တိတ်တဆိတ် ပြန်ပြောလိုက်သည်။

 

“အင်း...တွေ့ကြမယ်”

 

ညီအစ်မများကြားမှ ပြတ်ပြတ်သားသား နားလည်မှုက ဟော်ရှကို အနိုင်ယူသွားခဲ့သည်။ ဆယ်နှစ်ကျော်ကြာအောင် အတူရှိခဲ့ပြီး ယနေ့အချိန်အထိ သူမတို့နှစ်ယောက်ကို သူ နားလည်ခဲ့ပုံမရကြောင်း သူ ရုတ်တရက် သိလိုက်ရသည်။

 

သူ့မျက်လုံးများတွင် ထိတ်လန့်တုန်လှုပ်များ ထွက်ပေါ်လာပြီး သူကြ အော်ဟစ်လိုက်ပြန်သည်။

 

"ကျစ်ကျစ်.... မင်းက သေမှာကို မကြောက်ဘူး၊ ဒါပေမယ့် မင်းရဲ့အစ်မတော် နှိပ်စက်ခံရမှာကိုရော  မင်း မကြောက်ဘူးလား"

 

‘ညှဉ်းပန်းနှိပ်စက်မှု’

 

လဲ့ကျစ်က မှုန်ကုပ်ကုပ် ပြုံးလိုက်ပြန်သည်။

 

‘အခုရော ဒုက္ခရောက်နေပြီပဲ မဟုတ်ဘူးလား’

 

နောက်ဆုံးတွင် သူမ ဟော်ရှ၏ အရှက်မဲ့မှုကို လျှော့တွက်မိခဲ့သည်။

 

ဟော်ရှ၏ အဓိပ္ပါယ်ရှိသော အကြည့်များကို လက်ခံရရှိပြီးနောက် မြင်းနက်ကြီးဘေးတွင် ရပ်နေသော ရန်ဟမ့်က ရက်စက်ကြမ်းကြုတ်သော စစ်သားအနည်းငယ်နှင့်အတူ လဲ့ကျင်းဆီသို့ လျှောက်သွားလိုက်သည်။

 

ခဏတာအတွင်းမှာပင် အဝတ်အစားများကို စုတ်ဖြဲလိုက်သည့် အသံနှင့် အစ်မတော်၏ အော်သံများက လဲ့ကျစ်၏ နားစည်ထဲသို့ ဝင်ရောက်လာသည်။ လီတိုင်းပြည်၏ အကြွင်းအကျန် စစ်သည်များက သူတို့၏ မင်းသမီးလေး အရှက်ခွဲခံနေရပြီး အော်ဟစ်နေသည်ကို မြင်နေရသော်လည်း သူတို့၏ခြေလက်များကို သံကြိုးများဖြင့် ချည်နှောင်ထားသောကြောင့် ရှေ့မတိုးနိုင်ပေ။ အချို့သော ချီတိုင်းပြည်မှ စစ်သည်များပင် ၎င်းကို မကြည့်ရက်ဘဲ မျက်နှာများ လွှဲထားကြသည်။

 

တစ်ဖက်တွင် ရန်ဟမ့်နှင့် သူ၏လက်အောက်ငယ်သားများက သူတို့၏မျက်နှာပေါ်တွင် ညစ်ညမ်းသောအပြုံးများကို ဖော်ပြနေပြီး လဲ့ကျင်း၏စကတ်ကို ဆက်လက် ဆွဲဆုတ်နေကြသည်။

 

အဝတ်အစားများ ဆုတ်ပြဲနေသော အစ်မတော်၏ လက်များနှင့် ပခုံးများကို ထင်ရှားစွာ မြင်နေရသောကြောင့် လဲ့ကျစ်က သူမ၏နှုတ်ခမ်းကို ကိုက်လိုက်ပြီး သူမ၏ပါးစပ်ထဲကို သွေးများ စီးကျလာကာ သူမ၏ပါးစပ်ထဲမှ ချိုမြိန် အရသာကို ခံစားလိုက်ရသည်။

 

ခဏအကြာတွင် သူမက သူမ၏လက်ကို ဖြန့်လိုက်ပြီး တစ်ဝက်ကျိုးနေသော ဓားမြှောင်က မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ထို့နောက် သူမက သူမ၏ဒဏ်ရာရနေသော ခြေထောက်ကို ဆွဲမကာ ဟော်ရှ၏ မြင်းဆီသို့ ရွှေ့လျားနေပြန်သည်။ သေခြင်းတရားကို ရှာရန် လွယ်ကူသော်လည်း သူမ၏အစ်မ အားကိုးရာမဲ့ အရှက်ခွဲခံရခြင်းကို သူမ မကြည့်နိုင်ခဲ့ပေ။

 

ထို့နောက် အမြဲတမ်း ခေါင်းကို မော့ထားလေ့ရှိသော မင်းသမီးလေးက ခေါင်းငုံ့နေသည်ကို လူတိုင်းက မိမိတို့၏မျက်စိဖြင့် မြင်လိုက်ကြရသည်။

 

သူမက ခေါင်းငုံ့ကာ ရှုံးနိမ့်ကြောင်း ဝန်ခံခဲ့သည်။

 

"ရပ်”

 

ဟော်ရှက မြင်းပေါ်မှ ဆင်းလာကာ လဲ့ကျစ်ကို ကူတွဲပေးပြီး သူမ၏ ခန္ဓာကိုယ် ပတ်ပတ်လည်ကို သူ၏ အပေါ်ရုံချည်အင်္ကျီဖြင့် ရစ်ပတ်ပေးလိုက်သည်။ လဲ့ကျစ်က လဲ့ကျင်း၏ နံဘေးသို့ အလျင်အမြန် ပြေးသွားပြီး ရန်ဟမ့်နှင့် အခြားသူများကလည်း ဘေးသို့ ဖယ်ပေးလိုက်ကြသည်။

 

လဲ့ကျစ်က တိတ်တိတ်ဆိတ်ဆိတ် ငိုကြွေးနေပြီး သူမအစ်မတော်၏ အရေပြားများကို ချည်အင်္ကျီဖြင့် ဖုံးအုပ်ပေးလိုက်သည်။ သူမ သိသိသာသာ စော်ကားခံခဲ့ရခြင်း မရှိခဲ့သော်လည်း လူတိုင်း၏ မျက်လုံးများရှေ့တွင် ဖြစ်ခဲ့သော ထိုသို့သော အဖြစ်အပျက်က လဲ့ကျင်း၏ ဒေါသနှင် မာနအားလုံးကို စုပ်ယူသွားခဲ့သည်။

 

"အစ်မတော်၊ အစ်မ"

 

လဲ့ကျစ်က နှစ်ကြိမ်တိုင်တိုင် သတိထားပြီး အော်ခေါ်လိုက်သော်လည်း လဲ့ကျင်းက မလှုပ်မယှက် ဖြစ်နေပြီး သူမ၏မျက်လုံးများက ဗလာဖြစ်နေသည်။

 

ထို့နောက် စစ်သည်များစွာက လဲ့ကျင်းကို ဆွဲခေါ်သွားခဲ့သည်။

 

"အစ်မ"

လဲ့ကျစ်က ပြေးလိုက်သွားခဲ့သော်လည်း ဟော်ရှက သူမကို အနောက်မှ တားဆီးထားပြီး သူနှင့် မျက်နှာချင်းဆိုင်ရန် ဆွဲလှည့်လိုက်သည်။

 

“မင်း နာခံနေသရွေ့ မင်းအစ်မ ကောင်းကောင်းနေရမယ်”

 

.......။......။......

 

အန်းရွှယ် ထွက်ခွာသွားပြီး အချိန်အတော်ကြာသွားသည့်တိုင် ဟော်တူက ပြတင်းပေါက်ဘေးတွင် ထိုင်နေကာ အေးစက်သောလေကလည်း တိုက်ခတ်နေဆဲဖြစ်သည်။ သူ့မျက်နှာနှင့် မျက်လုံးများတွင် ခံစားချက်များ ရှိမနေခဲ့ပေ။ သူ ဘာတွေးနေမှန်းမသိဘဲ ဒီအတိုင်း ထိုင်နေခဲ့သည်။

 

ချုံရှီ (မနက် ၁ နာရီမှ ၃ နာရီ) လောက်ရောက်မှသာ သူ ထရပ်လိုက်ပြီး အိပ်ခန်းဆီသို့ ပြန်သွားခဲ့သည်။

 

အိပ်ခန်းထဲသို့ လှမ်းဝင်လာပြီးနောက် ထော့ကျိုးလေးဟော်က သူ့ကို မျက်လုံးဝိုင်းဝိုင်းလေးဖြင့် ကြည့်နေသည်ကို သူ တွေ့လိုက်ရသည်။

 

ဟော်တူက မျက်မှောင်ကြုတ်ကာ ကုတင်ဆီသို့ လျှောက်သွားလိုက်သည်။ ထိုအခိုက်အတန့်တွင် သွေးနံ့သင်းသင်းလေးက သူ့နှာခေါင်းဆီသို့ လွင့်ပျံလာသည်။

 

အိပ်ပျော်နေသောလူက ခေါင်းမှ ခြေဖျားအထိ အနည်းငယ် တုန်ယင်နေပြီး သူမ၏ပခုံးများပင် တုန်နေလေသည်။ သူမ၏ မျက်လုံးထောင့်မှ မျက်ရည်များက စီးကျနေဆဲပင်။ သူမ မည်မျှကြာအောင် ငိုနေမှန်း မသိနိုင်သော်လည်း သူမ၏ရှည်လျားသော အနက်ရောင် မျက်တောင်လေးများ စိုစွတ်နေဆဲ ဖြစ်သည်။

 

ပခုံးပေါ်မှ အနာဖေးများ ကွာကျနေပြီး သွေးထွက်နေပြန်သည်။

 

******

 

ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။

 

အတန်းဖော် ရှောင်ဟော်တူက ဒီနေ့ စကားမပြောချင်ဘူး။

 

PS. ဟော်ရှနဲ့ အဲဒီအညစ်အကြေးကောင်တွေကို ကြိမ်းမောင်းဖို့ စကားလုံးတွေတောင် မစဉ်းစားနိုင်တော့ဘူး။

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟