အခန်း ၈ - ကျွန်မရဲ့ ခြေထောက်လေးတွေက အနံ့မွှေးနေတာပါ
ရှဲ့ယွမ်ရွှင်းသည် ခန်းမဆောင်အတွင်းသို့ လှမ်းဝင်လိုက်သည်နှင့် မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်သည်။
"ဘယ်သူ လာသွားတာလဲ"
ရှန်လင်း - “???”
သူ့နှာခေါင်းက ခွေးနှာခေါင်းများ ရထားတာလား။ ကျင်းဖေး ထွက်သွားသည်မှာလည်း တော်တော်လေး ကြာနေပြီဖြစ်သည်။ သူစိမ်းတစ်ယောက်ယောက်၏ အနံ့အသက် ကျန်ရှိနေခဲ့လျှင်ပင် ယခုအချိန်ဆိုလျှင် ပျောက်ကွယ်သွားလောက်ပြီဖြစ်သည်။ သူက ဘယ်လိုလုပ်ပြီး အခုထိ သတိထားမိနေရတာလဲ။
ရှဲ့ယွမ်ရွှင်း၏ အကြည့်များမှာ တစ်စုံတစ်ယောက်ကို သတ်ဖြတ်တော့မည့်အလား အေးစက်စက်နိုင်လှသည်။ ရှန်လင်းသည် သူမတစ်ခါက ကြည့်ဖူးခဲ့သည့် ခြင်္သေ့များအကြောင်း သဘာဝမှတ်တမ်းတင်ရုပ်ရှင်တစ်ခုကို ရုတ်တရက် သတိရသွားမိသည်။ ခြင်္သေ့တစ်ကောင်သည် အမဲလိုက်ရာမှ ပြန်လာသည့်အခါ မိမိ၏ နယ်မြေအတွင်း အခြားတိရစ္ဆာန်တစ်ကောင်၏ အနံ့ကို ရရှိပါက ထိုတိရစ္ဆာန်ကို ခြေရာခံလိုက်၍ သတ်ဖြတ်ပစ်တတ်သည်။ ခြင်္သေ့များသည် သူတို့၏ နယ်မြေစိုးမိုးလိုစိတ် အလွန်အမင်း ပြင်းထန်လှသည်။ သူမ ပို၍ တွေးမိလေလေ၊ ရှဲ့ယွမ်ရွှင်းမှာ ခြင်္သေ့တစ်ကောင်နှင့် ပို၍ တူညီနေလေလေပင်။ သူ့လည်ပင်းတွင်သာ လည်ဆံမွေးများရှိနေပါက အမှန်တကယ်ပင် ခြင်္သေ့နှင့် ဘာမျှ ခြားနားတော့မည် မဟုတ်ပေ။ ခစ်... တကယ့်ကို ရယ်စရာကောင်းလှသည်။ ရှန်လင်းသည် သွားများကို တင်းတင်းစိထားကာ ရယ်သံကို အနိုင်နိုင် ထိန်းထားလိုက်ရသည်။
သူမ၏ အသံထဲတွင် ရယ်ချင်စိတ်ကို ထိန်းချုပ်ထားသည့် အရိပ်အယောင်လေးများ စွန်းထင်နေဆဲဖြစ်ကာ ရှန်လင်းက ပြောလိုက်သည်မှာ။ “ခုနလေးတင်ပဲ ကျင်းဖေး ဒီကို လာသွားတာ”
ရှဲ့ယွမ်ရွှင်းက ခေတ္တမျှ ရပ်တန့်သွားပြီးနောက် မေးလိုက်သည်။ "အဲဒါ ဘယ်သူလဲ"
ရှန်လင်း : “...”
—နင့်ရဲ့ အမျိုးသမီး…
—သူက နင့်မိန်းမကလွဲလို့ တခြားဘယ်သူဖြစ်နိုင်ဦးမှာမလို့လဲ…
ရှဲ့ယွမ်ရွှင်းက ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်သည်။ "ဒီလို အရေးမပါတဲ့သူမျိုးကို တွေ့ဖို့ မင်း ဘာလို့ အလုပ်ရှုပ်ခံနေမှာလဲ"
ရှဲ့ယွမ်ရွှင်းသည် ကျင်းဖေးဟု ဆိုသော ထိုအမျိုးသမီးကို အမှန်တကယ်ပင် အလေးမထားခဲ့ပေ။ သူမနှင့် ပတ်သက်၍ သူ၏ စိတ်ထဲတွင် မည်သည့် အမှတ်သညာမျှ မရှိခဲ့ချေ။ ကျင်းဖေးသည် သူ၏ ကြင်ယာတော်များထဲမှ တစ်ဦး ဖြစ်သော်လည်း သူမသည် မည်သူဖြစ်ကြောင်း သို့မဟုတ် မည်သို့သော ရုပ်သွင်ရှိကြောင်းကို သူ မမှတ်မိတော့ပေ။ သူ မမှတ်မိနိုင်သည့်အတွက်ကြောင့်ပင် သူမကို အရေးမပါသော သူတစ်ဦးအဖြစ်သာ သတ်မှတ်ထားလိုက်သည်။
ရှန်လင်း : “……” ဟင်… အရေးမပါဘူးဆိုတာက ဘာကို ဆိုလိုတာပါလိမ့်။ အော်… ဟုတ်သားပဲ၊ ရှဲ့ယွမ်ရွှင်းက ဧကရာဇ်မင်းပဲကိုး။ သူကတော့ ကျင်းဖေးကို အရေးမစိုက်ဘဲ နေနိုင်တာပေါ့။ သူ့မှာတော့ ဖြစ်နိုင်သော်လည်း သူမမှာတော့ မဖြစ်နိုင်ပါချေ။
—ကျင်းဖေးက ‘ဖေး’ အဆင့်ဖြစ်နေပြီး ငါကတော့ ‘ကွေ့ရန်’ တစ်ယောက်ပဲ ရှိသေးတာ… သူကသာ ငါ့ဆီကို လာတွေ့မယ်ဆိုရင် ငါက တကယ်ပဲ တံခါးပိတ်ပြီး အတွေ့မခံဘဲ နေလို့ ရနိုင်မှာမို့လို့လား…
—ရှဲ့ယွမ်ရွှင်း၊ နင်ကတော့ တကယ်ကို ဘိုးတော်ကြီးပါပဲ… နင် အာဏာရှိတယ်ဆိုတိုင်း ငါကလည်း အာဏာရှိတာမှ မဟုတ်တာ… နင်သာ ငါ့ကို သူနဲ့ အဆင့်အတန်းတူအောင် မြှင့်ပေးမယ်ဆိုရင်၊ မဟုတ်သေးပါဘူး၊ မိဖုရားခေါင်ကြီးပဲ ဖြစ်ဖြစ်… တကယ်တော့ အနောက်ဆောင်မှာ အဆင့်အတန်းအမြင့်ဆုံးဖြစ်တဲ့ မယ်တော်ကြီးနေရာကိုပဲ ပေးလိုက်ပါလား… ငါသာ မယ်တော်ကြီး ဖြစ်သွားရင် ကျင်းဖေးရဲ့ မျက်နှာကို လက်ညှိုးထိုးပြီး ရုပ်ဆိုးလိုက်တာလို့ ပြောလိုက်ရင်တောင် သူက ပြုံးပြုံးလေးနဲ့ "မယ်တော်ကြီး မိန့်ကြားတာ မှန်လှပါတယ်" လို့ ပြန်ပြောနေရမှာ…
ရှန်လင်း၏ မယ်တော်ကြီးဖြစ်လိုသည့် ရင်တွင်းဆန္ဒကို ကြားလိုက်ရချိန်တွင် ရှဲ့ယွမ်ရွှင်းသည် သူမ၏ အဆင့်အတန်းမှာ အမှန်တကယ်ပင် အနည်းငယ် နိမ့်ပါးနေကြောင်း ပထမဆုံးအကြိမ်အဖြစ် သတိထားမိသွားသည်။ သူသည် ယခင်က ထိုကဲ့သို့သော အရာများကို တစ်ခါမျှ အလေးအနက် အာရုံစိုက်ခဲ့ဖူးခြင်း မရှိခဲ့ပေ။
ရှဲ့ယွမ်ရွှင်းက "မင်း ကွေ့ရန်အဆင့်နဲ့တင် ကျေနပ်နေတာလား... ဒီထက် ပိုမြင့်တဲ့ အဆင့်အတန်းကို တက်လှမ်းဖို့ရော စဉ်းစားဖူးလား" ဟု မေးမြန်းလိုက်သည်။
ရှန်လင်းက အနေခက်စွာဖြင့် တစ်ချက် ရယ်လိုက်သည်။ "ကျေနပ်ပါတယ်... ကျွန်မ တကယ် ကျေနပ်ပါတယ်... အရှင်မင်းကြီးက ကျွန်မကို ကွေ့ရန်အဆင့်အထိ ချီးမြှင့်ပေးတာကတင် တကယ့်ကို ကြီးမားတဲ့ မျက်နှာသာပေးမှုပါပဲ... ကျွန်မဘက်က ဒီထက်ပိုပြီး ဘာကိုများ လောဘတက်ဝံ့ပါ့မလဲ"
—မဟုတ်ပါဘူး၊ ငါက ပိုမြင့်တဲ့ ရာထူးအဆင့်အတန်းကို လိုချင်တာပေါ့…
ရှဲ့ယွမ်ရွှင်းက ဘာကြောင့် ဤသို့မေးမြန်းနေရသည်ကို ရှန်လင်း မဝေခွဲနိုင်ခဲ့ပေ။ သူမထံမှ မကျေနပ်သည့် စကားသံထွက်လာအောင် ဖန်တီးပြီးမှ ရာထူးတိုးပေးရန် လမ်းကြောင်းရှာနေခြင်းလည်း ဖြစ်နိုင်ပါသည်။ သို့သော် သူက ဆန့်ကျင်ဘက်များ လုပ်ဆောင်လာခဲ့လျှင်ကော။ အကယ်၍ သူမကသာ မပျော်ရွှင်ကြောင်း ပြောလိုက်ပါက သူမသည် ရည်မှန်းချက်ကြီးမားလွန်းပြီး မည်သည့်အခါမျှ ရောင့်ရဲတင်းတိမ်မှုမရှိသူဟု သူက ထင်မြင်သွားနိုင်ကာ သူမ၏ ‘ကွေ့ရန်’ ဘွဲ့ထူးကိုပါ တစ်ပါတည်း ရုပ်သိမ်းသွားနိုင်ပါသည်။ ထိုသို့ဆိုလျှင် အကြီးအကျယ် နစ်နာဆုံးရှုံးသွားမည် မဟုတ်ပါလား။ သူက သူမကို စိတ်ရင်းဖြင့် ရာထူးတိုးပေးချင်နေသည့် ဖြစ်နိုင်ခြေ ရှိနေသည်ဆိုသော်လည်း ထိုအချက်မှာ အိပ်မက်ဆန်လွန်းသည်ဟု ရှန်လင်း ခံစားမိသည်။ စိတ်ကူးယဉ်မနေဘဲ လက်တွေ့ကျကျ တွေးတောခြင်းကသာ အကောင်းဆုံးပင် ဖြစ်ပေတော့သည်။
ရှဲ့ယွမ်ရွှင်းက လျှာဖြင့် တတ်ခနဲ အသံပြုကာ ရှန်လင်း၏ ပါးပြင်ကို ဆွဲညှစ်လိုက်သည်။ တကယ့်ကို မျက်နှာနှစ်မျိုးနှင့် မိန်းမပင် ဖြစ်သည်။ သူက တမင်သက်သက်ပင် "ငါကိုယ်တော်က မူလက မင်းကို 'ဖေး' တစ်ယောက်အဖြစ် မြှင့်တင်ပေးဖို့ စဉ်းစားထားတာ... မင်းက 'ကွေ့ရန်ထ' ရာထူးနဲ့တင် အတော်လေး ကျေနပ်နေတယ်လို့ ပြောနေမှတော့ ငါကိုယ်တော်ကလည်း မင်းစကားအတိုင်းပဲ ရာထူးမတိုးပေးတော့ဘူး" ဟု ဆိုလိုက်သည်။
ရှန်လင်း - “……”
—ဖွီး…… ငါတော့ တကယ်ပဲ သွေးအန်တော့မှာပဲ…
—ငါကတော့ သူ ငါ့ကို စနောက်နေတာလို့ပဲ ထင်ခဲ့တာ၊ ဒါပေမဲ့ သူက တကယ်ကြီးပါလား… ကြင်ယာတော်ဖြစ်ခွင့်ရမယ့် အခွင့်အရေးကြီးက ငါ့လက်ထဲကနေ လျောခနဲ လွတ်ထွက်သွားရတယ်… ငါ့နှလုံးသားတွေ တဆစ်ဆစ်နဲ့ နာကျင်လွန်းလို့ သေချင်စိတ်တောင် ပေါက်လာပြီ…
သူမ၏ နောင်တရနေသော အမူအရာကို မြင်လိုက်ရသောအခါ ရှဲ့ယွမ်ရွှင်းမှာ စိတ်ကျေနပ်သွားလေသည်။ သူသည် သူမ၏လက်ကို ဆွဲယူလိုက်ပြီး မေးလိုက်သည်မှာ "မင်း ဘာလုပ်နေတာလဲ"
ရှန်လင်းက "လက်သည်းဆိုးနေတာ" ဟု အားအင်ချိနဲ့စွာ ပြန်ဖြေလိုက်သည်။
သူမ၏ လက်သည်းများမှာ သုံးချောင်းသာ ဆိုးပြီးသေးသည်။ တစ်ချောင်းမှာ သူမကိုယ်တိုင် ဆိုးထားခြင်းဖြစ်ကာ ကျန်နှစ်ချောင်းကိုမူ လျိုကျူးက ဆိုးပေးထားခြင်းဖြစ်သည်။ လှပနေသော သူမ၏ လက်သည်းလေးများကို ကြည့်ရင်း ဖေးကိုယ်လုပ်တော် ဖြစ်ခွင့် ဆုံးရှုံးသွားရသည့်အတွက် ဖြစ်ပေါ်နေသော စိတ်မကြည်မလင်မှုများမှာ ချက်ချင်းဆိုသလိုပင် လွင့်ပြယ်သွားတော့သည်။
ရှန်လင်းသည် ဆိုးမြန်းထားသော သူမ၏ လက်ချောင်းလေးများကို ရှဲ့ယွမ်ရွှင်း မြင်နိုင်စေရန် ကမ်းပေးလိုက်သည်။ "ဒီအနီရောင်လေးက တကယ်လှတယ် မဟုတ်လား။ ကျွန်မ သီးသန့်ကို နန်းတွင်းသူတွေကို ဒီလိုမျိုး အနီရောင် ဒေါင်းဖန်ဝါပန်းတွေ သွားခူးခိုင်းထားတာ"
ရှဲ့ယွမ်ရွှင်းက ၎င်းတို့ကို အသေအချာ ကြည့်ရှုစစ်ဆေးလိုက်သည်။ ခေတ္တမျှ စဉ်းစားပြီးနောက် သူသည် လက်ညှိုးတစ်ချောင်းကို မြှောက်ပြလိုက်သည်။ "ဒါကို ဘယ်နန်းတွင်းအစေခံက မင်းအတွက် ဆိုးပေးထားတာလဲ ကြည့်ရဆိုးလိုက်တာ" သူက ခက်ထန်စွာ ဝေဖန်မှတ်ချက်ပေးလိုက်သည်။
ရှန်လင်း : “……”
—အဲ့ဒါကို ငါကိုယ်တိုင် ဆိုးထားတာ…
—ငါ လက်ချောင်းတစ်ချောင်းတည်းကိုပဲ အရောင်ဆိုးထားတာကို နင်က ချက်ချင်းကြီး မြင်သွားရတယ်လို့…
—တကယ်ပဲ အဲဒီလောက်တောင် ရုပ်ဆိုးနေတာလား…
ရှန်လင်းက ဂရုမစိုက်ဟန်ဆောင်ကာ မေးလိုက်သည်။ “အရှင်မင်းကြီး၊ တကယ်ပဲ အဲ့လောက်တောင် ဆိုးလို့လား”
"အရုပ်ဆိုးလိုက်တာ" သူက တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်းပင် ပြန်ဖြေလိုက်ရာ သူ၏မျက်နှာတစ်ခုလုံးတွင် ဝေဖန်အပြစ်တင်လိုသော အရိပ်အယောင်များဖြင့် ဖုံးလွှမ်းနေသည် ။ "အရမ်းကို ရုပ်ဆိုးလွန်းလို့ ကြည့်ရတာ တကယ်ကို မျက်စိပျက်စရာပဲ"
ရှန်လင်းသည် သူမ၏နှလုံးသားကို ဓားမြောင်များစွာဖြင့် မညှာမတာ အထိုးခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူမသည် သူမ၏လက်ချောင်းလေးကို ဝမ်းနည်းစွာ ငေးကြည့်နေမိစဉ် ရှဲ့ယွမ်ရွှင်းက ထိုအရာကို မည်သူက ဆိုးပေးခဲ့သလဲဟု ထပ်မံမေးမြန်းသည်ကို ကြားလိုက်ရသည်။ ရှန်လင်းသည် အသာအယာ ချောင်းတစ်ချက် ခပ်ဖွဖွ ဟန့်လိုက်မိသည်။
"…… ဘယ်သူ ဆိုးပေးခဲ့လဲဆိုတာ ကျွန်မ မေ့သွားပြီ"
—အသေပဲ အရိုက်ခံရပါစေဦး၊ အဲ့ဒါ ငါပါလို့တော့ ပြောမှာ မဟုတ်ဘူး၊ ငါ့မှာလည်း သိက္ခာရှိရဦးမှာပေါ့…
ရှဲ့ယွမ်ရွှင်းက သူမကို ကြည့်လိုက်သည်။ "မင်း ခေါင်းထဲမှာ ဘာမှ မရှိဘူးလား။ ဒီလိုမျိုးကိုတောင် မင်း မေ့နိုင်ရသလား။ မင်း ခေါင်းကသာ ကြီးတာ၊ အလှပြဖို့ပဲ ရှိပြီး ဘာမှကို သုံးစားလို့ မရဘူး"
ရှန်လင်းသည် သူမ၏ မျက်နှာထက်တွင် ပျက်ယွင်းသွားသော ကြောက်မက်ဖွယ်ရာ အမူအရာကို ထိန်းချုပ်နိုင်စွမ်း ကုန်ဆုံးလုနီးပါး ဖြစ်သွားခဲ့ရသည်။
—နင် ဘာမှမသိပါဘူး… ငါ့ဦးနှောက်က ငါ့ခေါင်းကြီးထဲမှာ အကောင်းအတိုင်း ရှိနေတာ… ထက်မြက်တယ်၊ ကြင်နာတတ်တယ်၊ ပြီးတော့ တောက်ပနေတာ… စိတ်နှလုံးမည်းညစ်တဲ့ နင့်ထက်တော့ အများကြီး သာပါတယ်…
ရှဲ့ယွမ်ရွှင်းက ခပ်တိုးတိုး ရယ်မောလိုက်သည်။ သူ၏ လက်ချောင်းများမှာ ယားကျိကျိ ဖြစ်လာကာ သူမ၏ လက်သည်းများကို ကိုယ်တိုင် ဆိုးပေးရန် ရုတ်တရက် ဆုံးဖြတ်လိုက်သည်။ "ပစ္စည်းတွေ ဘယ်မှာလဲ၊ ဒီကို ယူလာခဲ့၊ မင်းအတွက် ငါကိုယ်တော် ဆိုးပေးမယ်"
ရှန်လင်းက မျက်ခုံးတစ်ဖက်ကို ပင့်လိုက်သည်။ "အရှင်မင်းကြီးက လက်သည်းဆိုးတတ်တာလား" သူက ဒီလိုမျိုးကိစ္စတွေကို လုပ်တတ်မည့်သူမျိုးနှင့် လုံးဝကို မတူပေ။
ရှဲ့ယွမ်ရွှင်းက ပြတ်သားစွာပင် ပြောလိုက်သည် ။ "မဟုတ်ဘူး၊ ဒါ ငါကိုယ်တော့်အတွက် ပထမဆုံးအကြိမ်ပဲ၊ ဒါပေမဲ့ ဒါက ပထမဆုံးအကြိမ် ဖြစ်နေရင်တောင်မှ မင်းဘာသာမင်း လုပ်တာထက်တော့ ပိုပြီးကြည့်ကောင်းနေမှာ အသေအချာပဲ"
ရှန်လင်း - “……”
—နင့်ကို ဘယ်အရာကများ အဲဒီလောက်တောင် ယုံကြည်ချက်တွေ ပေးနေတာလဲ…
သူမ မသိမသာ မျက်လုံးလှန်ပြလိုက်မိသည်။
—ငါ အခုမှ သဘောပေါက်သွားပြီ၊ ဒီခွေးယောကျ်ားက အဲဒီလက်ချောင်းကို ငါဆိုးထားတာဆိုတာ ကောင်းကောင်းကြီး သိနေတာပဲ၊ ဒါကြောင့်လည်း နင်က မသိချင်ယောင်ဆောင်ပြီး ထပ်ခါတလဲလဲ မေးနေတာပေါ့၊ မေး၊ မေး၊ မေး—ဘာထူးမှာမို့လို့လဲ…
လျိုကျူးက ဆိုးဆေးနှင့် အထည်စများကို ယူဆောင်လာခဲ့သည်။ ရှဲ့ယွမ်ရွှင်းက ရှန်လင်းကို ပြောလိုက်သည်၊ "မင်း အခု လက်ကို ဆန့်ထုတ်လို့ရပြီ။ မင်းသာ နှေးကွေးလို့ ကြည့်မကောင်းခဲ့ရင်တော့ အဲဒါ မင်းရဲ့အပြစ်ပဲ"
ရှန်လင်းသည် မချိပြုံးလေး တစ်ချက်ပြုံးလိုက်ရင်း ခပ်တိုးတိုး ရယ်မိသည်။ ဒီလူကတော့ တကယ့်ကို ကိုယ့်ကိုယ်ကိုယ် သိစိတ် လုံးဝမရှိသူပင် ဖြစ်သည်။ လက်သည်းဆိုးပေးတာ ညံ့ဖျင်းသည့် အပြစ်ကို သူမအပေါ်သို့ ပုံချရန် ကြိုးစားနေခြင်းဖြစ်ပြီး အမှန်အတိုင်းပြောရလျှင် သူ၏ တာဝန်ရှောင်တတ်သည့် အရည်အချင်းမှာ အတော်လေးကိုပင် အံ့ဩချီးကျူးစရာ ကောင်းလှသည်။ သူမမှာ သူ့ကို မချီးကျူးချင်ဘဲနှင့်ပင် အထင်ကြီးသွားမိတော့သည်။
ရှန်လင်းသည် သူမ၏လက်သည်းများမှာ အကျည်းတန်နေလိမ့်မည်ဟု စိတ်ထဲမှ ကြိုတင်ပြင်ဆင်ထားရင်း လက်ကို ဆန့်ထုတ်ပေးလိုက်သည်။
သို့သော်လည်း…
သူက တကယ်ပဲ အတော်လေးကို ကောင်းကောင်း လုပ်ဆောင်နိုင်ခဲ့သည်။
သူမ ပို၍ကြည့်မိလေလေ၊ မျက်လုံးအစုံမှာလည်း ပို၍ပင် ဝိုင်းစက်လာရလေသည်။ ရှဲ့ယွမ်ရွှင်းက ဘယ်လိုလုပ်ပြီး... လက်သည်းတွေကို ဒီလောက်အထိ အပြစ်ပြောစရာမရှိအောင် ဆိုးပေးနိုင်ရတာလဲ။ အမျိုးသမီးတစ်ဦးဖြစ်သည့် သူမကိုယ်တိုင် ဆိုးသည်ထက်ပင် ပို၍ သေသပ်လှပနေသေးသည်။ ဤနေရာတွင် တကယ်တမ်း မည်သူက အမျိုးသမီးဖြစ်နေသနည်း။
ရှဲ့ယွမ်ရွှင်းသည် သူမ၏လက်ကို သိသိသာသာ စိတ်ကျေနပ်မှုအပြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။ "ငါကိုယ်တော် တော်တော်လေး ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ၊ ဒါပေမဲ့ လိုအပ်ချက် သေးသေးလေး တစ်ခုတော့ ရှိနေသေးတယ်... တောက်"
ရှန်လင်း : “……”
—တော်ပါတော့ ဝူးဝူး ငါ ရှက်လွန်းလို့ မျက်နှာတွေတောင် နီမြန်းနေပြီ…
ရှဲ့ယွမ်ရွှင်း တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားဟန်ရှိသည်။ သူသည် သူမ၏ ခြေထောက်များဆီသို့ အကြည့်ကို နှိမ့်ချလိုက်ကာ မေးလိုက်သည်။ "မင်း ခြေသည်းတွေကို ဆေးဆိုးထားတာလား"
ရှန်လင်းသည် ဤလူနှင့် နှိုင်းယှဉ်ပါက မိမိကိုယ်ကိုယ် လုံးဝအသုံးမကျဟု ခံစားနေရသည့် စိတ်အာရုံထဲတွင် နစ်မြုပ်နေဆဲပင် ဖြစ်သည်။ သူ၏ မေးခွန်းကို ကြားလိုက်ရသောအခါ သူမသည် ရိုးသားစွာပင် ခေါင်းခါပြလိုက်မိသည်။ “ဟင့်အင်း မရှိပါဘူး”
ရှဲ့ယွမ်ရွှင်း၏ စိတ်ဝင်စားမှုတို့မှာ နိုးကြားလာခဲ့သည်။ သူသည် သူမ၏ခါးကို လက်တစ်ဖက်ဖြင့် သိမ်းဖက်ကာ မချီလိုက်ပြီးလျှင် ခုတင်ရှိရာသို့ ခေါ်ဆောင်သွားကာ အိပ်ရာခင်းများပေါ်သို့ ခပ်ပေါ့ပေါ့ပင် ပစ်ချလိုက်သည်။ ထို့နောက် သူမ၏ခြေထောက်ကို ဆွဲယူလိုက်ပြီး ဖြူလွလွခြေအိတ်ကို ချွတ်လိုက်သည်။ "ငါကိုယ်တော် မင်းရဲ့ ခြေချောင်းလေးတွေကိုပါ ဆိုးပေးမယ်"
ရှန်လင်းသည် သူမ၏ ခြေချောင်းလေးများ အနည်းငယ် ကွေးညွှတ်သွားသည်အထိ သူ စိတ်တိုင်းကျ ပြုမူသမျှကို လိမ္မာယဉ်ကျေးစွာပင် ခွင့်ပြုထားလိုက်မိသည်။။
ရှဲ့ယွမ်ရွှင်းက "အပြင်က တချို့မိန်းမတွေမှာ ခြေစော်နံတတ်တဲ့ အကျင့်ရှိတယ်လို့ ငါကိုယ်တော် ကြားဖူးတယ်။ တကယ်လို့ မင်းကလည်း အဲ့ဒီလိုမျိုးဖြစ်နေပြီး ငါကိုယ်တော့်ရဲ့ စိတ်အာရုံကို နှောင့်ယှက်ဖျက်ဆီးမယ်ဆိုရင် မင်းရဲ့ ခြေထောက်တွေကို ဖြတ်ပစ်ချင်စိတ် ပေါက်လာမှာပဲ" ဟု ပြောလိုက်သည်။ သူက တည်ငြိမ်အေးဆေးစွာဖြင့်ပင် "ကံကောင်းတာက မင်းက အဲ့ဒီလိုမျိုး မဟုတ်လို့ ငါကိုယ်တော် တကယ်တမ်း ဖြတ်ပစ်ဖို့ မလိုတော့ဘူးပေါ့" ဟု ဆက်ပြောလိုက်သည်။
ရှန်လင်း - “……”
သူမက ထိုသို့မဟုတ်ပါ၊ သူမ မဟုတ်ခဲ့ပါ၊ လျှောက်မပြောပါနှင့်။
—ငါ့ခြေထောက်တွေက မွှေးနေတာပါနော် လုံးဝကို မနံဘူး…
—နင်ကမှ နံစော်နေတာ၊ နင့်လို ခွေးလိုလူစားမျိုးက…