Chapter 9
Viewers 368

 အခန်း (၉) - ကျန်းယုံယန့်ကို နှုတ်ဆက်ခြင်း


---


ကျန်းရော့ချန်း နားလည်လိုက်ပြီ ဖြစ်သည်။ စားသောက်ဆိုင်က ဝန်ဆောင်မှု ညံ့ဖျင်းနေခြင်း မဟုတ်ဘဲ ကွမ်းရင်းကျွင်းက သူ့ကို တမင်သက်သက် စမ်းသပ်နေခြင်းသာ ဖြစ်ပေသည်။


ကွမ်းရင်းကျွင်းသည် ဖန်ခွက်အဆို့ဖွင့်ကိရိယာကို ယူကာ ဝိုင်နီပုလင်းကို ဖွင့်လိုက်ပြီး ဝိုင်အနည်ထိုင်ဖန်အိုးထဲသို့ လောင်းထည့်လိုက်သည်။ ဝိုင်၏ သင်းပျံ့သောရနံ့မှာ ပျံ့လွင့်လာပြီး တိတ်ဆိတ်သော စိန်ခေါ်မှုတစ်ခုကဲ့သို့ ရှိနေတော့သည်။


ကျန်းရော့ချန်းက စနောက်လိုက်၏။


"စုံထောက်ကွမ်းက ကျွန်တော့်ကို အတွင်းသတင်းလေး နည်းနည်းပေးဖို့အတွက် တော်တော်လေး အားထုတ်နေတာပဲနော်။"


သူသည် မတ်တတ်ရပ်လိုက်ပြီး အပေါ်ကုတ်အင်္ကျီနှင့် အတွင်းမှ အနွေးထည်အင်္ကျီတို့ကို ချွတ်ကာ သီးသန့်အခန်းထောင့်ရှိ အင်္ကျီချိတ်တွင် ချိတ်ဆွဲလိုက်သည်။ ထို့နောက် စိတ်အနှောင့်အယှက် ဖြစ်နေပုံရသော လီချန်းယွီအနားသို့ လျှောက်သွားကာ မေးလိုက်သည်။


"ဆရာလီ... ဒါကို ကျွန်တော် ကူလုပ်ပေးရမလား။"


"ကောင်းပြီလေ" 


လီချန်းယွီက တိုးညင်းစွာ ပြန်ဖြေသည်။


ကျန်းရော့ချန်းမှာ အလွန်ပင် အကဲခတ်ကောင်းပြီး ချစ်စဖွယ် ကောင်းလှ၏။ စမ်းသပ်ခြင်း ခံနေရသည့်တိုင် သူသည် တည်ငြိမ်မှုမပျက်ဘဲ လူကြီးသူမကို မည်သို့ ဂရုစိုက်ရမည်ကို သိပေသည်။


ကျန်းရော့ချန်းသည် လက်အိတ်စွပ်လိုက်ပြီး အရိုးပေါ်ရှိ အသားများကို စင်ကြယ်သွားအောင် ဂရုတစိုက် နွှင်ပေးလိုက်သည်။ နောက်ဆုံးတွင် စတီးဇွန်းအသေးလေး၏ အမြီးပိုင်းကို အက်ကြောင်းထဲသို့ ထိုးထည့်ကာ အသာအယာ ကော်ထုတ်လိုက်ရာ အတွင်းရှိ ရိုးတွင်းခြင်ဆီများ ပေါ်ထွက်လာတော့သည်။


သူသည် ညစ်ပေသွားသော လက်အိတ်ကို ချွတ်လိုက်ပြီး ဇွန်းအမြီးပိုင်းကို တစ်ရှူးဖြင့် သန့်စင်လိုက်ကာ အရိုးတွင်းခြင်ဆီ ဘေးတွင် ချပေးလိုက်သည်။ ထို့နောက် ပန်းကန်ကို လီချန်းယွီဘက်သို့ အသာတွန်းပေးရင်း ပြောလိုက်သည်။


"ဆရာလီ... ရပါပြီ၊ ပူတာလေးတော့ သတိထားပါဦးနော်။"


လီချန်းယွီက သူ့ကို ကျေးဇူးတင်စကား ဆိုလေသည်။


ကွမ်းရင်းကျွင်းမှာမူ ခဏမျှ မှင်တက်သွားပြီး အသက်ရှူပင် မှားသွားရ၏။ လီချန်းယွီသည် ကျန်ရော့ချန်း၏ စစ်ဆေးမေးမြန်းခန်း ဗီဒီယိုနှင့် ထွက်ဆိုချက်များကို ဖတ်ပြီးနောက်တွင် သူ့အပေါ်၌ သတိထားရုံမျှမက သံသယပါ ရှိနေလိမ့်မည်ဟု ကွမ်းရင်းကျွင်းက ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။


မျှော်လင့်မထားဘဲ ကျန်းရော့ချန်း၏ ပြုမူပုံကို မြင်ပြီးနောက်တွင် လီချန်းယွီမှာ အလွန်ပင် ကျေနပ်သွားပုံရပြီး သူ့ကို ပထမဆုံးသော တပည့်ရင်းအဖြစ်ပင် သတ်မှတ်ရန် အသင့်ဖြစ်နေသည့်ပုံပေါ်သည်။


ကျန်းရော့ချန်းသည် ပြုံးလိုက်ပြီး ဝိုင်သုံးခွက် ငှဲ့လိုက်ကာ တစ်ခွက်ကို မြှောက်လျက် ကွမ်းရင်းကျွင်းကို ပြောလိုက်သည်။ 


"စုံထောက်ကွမ်း... ဆရာလီကို ဗီဒီယိုတွေပြပြီး ကျွန်တော့်ကို ဒီလိုမွန်မြတ်တဲ့ ဆရာသမားနဲ့ မိတ်ဆက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ပြီးတော့ ကျန်းယုံယန့်အကြောင်း သတင်းပေးဖို့ စီစဉ်ထားတဲ့အတွက်လည်း ကျေးဇူးပါပဲ၊ ရဲတပ်ဖွဲ့မှာ စည်းမျဉ်းစည်းကမ်းတွေ ရှိတယ်ဆိုတာ ကျွန်တော် သိပါတယ်။"


"ခင်ဗျားက ရာဇဝတ်မှု နှိမ်နင်းရေးဌာနရဲ့ အကြီးအကဲဖြစ်တာကြောင့် စံပြဖြစ်ဖို့ လိုတာပေါ့၊ ကျွန်တော် ခင်ဗျားကို အခက်တွေ့အောင် မလုပ်ပါဘူး။"


သူက ပြောပြောဆိုဆိုဖြင့် သူ၏ ဝိုင်ဖန်ခွက်ကို ကွမ်းရင်းကျွင်းရှေ့ရှိ ဖန်ခွက်နှင့် အသာအယာ တိုက်လိုက်သည်။ 


"ခင်ဗျားအတွက်ပါ။"


ဖန်ခွက်ချင်း ထိသံမှာ သာယာစွာ ထွက်ပေါ်လာသည်။


ကျန်းရော့ချန်းသည် ခေါင်းကို အနည်းငယ် မော့ကာ ဝိုင်ကို တစ်ကျိုက်တည်းနှင့် ကုန်အောင် သောက်လိုက်သည်။


သူ၏ သွယ်လျသော လည်တိုင်မှာ အနောက်သို့ ကွေးညွတ်သွားပြီး လည်သီးလေးမှာလည်း လှုပ်ရှားသွားတော့သည်။ သူ ခေါင်းပြန်ငုံ့လိုက်သောအခါ ပါးပြင်ပေါ်တွင် နီမြန်းသော အရောင်လေးများ သန်းနေပြီး ငွေဖြူရောင် ဆံနွယ်အချို့မှာ ပခုံးပေါ်သို့ ဝဲကျလာသည်။


သူ၏ ဟန်ဆောင်မှုကင်းသော မျက်ဝန်းများမှာ မီးရောင်အောက်တွင် ဝင်းလက်နေပြီး လူတစ်ဦးကို စွဲမက်စေကာ အကြည့်လွှဲရန် ခက်ခဲလှပေသည်။


ကွမ်းရင်းကျွင်းသည် အကြည့်လွှဲလိုက်ပြီး ဝိုင်ကို တစ်ငုံသောက်ကာ "ရပါတယ်" ဟုသာ ပြောလိုက်၏။


လီချန်းယွီမှာမူ သူတို့ကြားမှ သိမ်မွေ့သော တင်းမာမှုများကို မသိချင်ယောင်ဆောင်ကာ အသားစားနေလိုက်သည်။ ကွမ်းရင်းကျွင်း၏ ခေါင်းမာတတ်သော စရိုက်ကို ထိန်းကျောင်းပေးမည့်သူ တစ်စုံတစ်ယောက်တော့ လိုအပ်ပေသည်။


ကွမ်းရင်းကျွင်းက တိုက်တွန်းလိုက်သည်။


"စားလိုက်ဦးလေ၊ အေးသွားရင် မကောင်းတော့ဘူး။"


ကျန်းရော့ချန်းသည် လက်အိတ်ကို ပြန်စွပ်ကာ အရိုးကို စတင် ကိုင်တွယ်တော့သည်။ မည်သို့ပင်ဖြစ်စေ ၎င်းက သူ့ပိုက်ဆံ မဟုတ်ပေ။ အတိတ်က စုပေါင်းနေထိုင်ရာ နေရာတွင် အတူတူ စားခဲ့စဉ်ကလည်း သူ ဤသို့ပင် လုပ်ဆောင်ခဲ့ဖူးသည်။


ဟွမ်ကျိ၏ လက်ရာပီပီ သိုးနံရိုးမှာ နူးညံ့ပြီး အရသာမှာ အလွန်ပင် ကောင်းမွန်လှသည်။


ကွမ်းရင်းကျွင်းသည် ကျန်းရော့ချန်း၏ မျက်နှာသွင်ပြင်ကို အသေအချာ အကဲခတ်နေမိ၏။ တင်းနေသော ပါးရိုးများ၊ အစားစားနေသဖြင့် ဖောင်းနေသော ပါးပြင်များ၊ ညီညာသော သွားများနှင့် အစားစားထားသဖြင့် နီမြန်းနေသော နှုတ်ခမ်းများ၊ ခွဲစိတ်ပြုပြင်ထားသည့် မည်သည့် အရိပ်အယောင်မျှ မတွေ့ရပေ။


အရာရာမှာ သဘာဝကျကျနှင့် ထူးခြားစွာ လှပနေသည်။


'သူ တကယ်ပဲ ဘာမှ မပြင်ထားတာလား။'


'လူတစ်ယောက်က တကယ်ပဲ မယုံနိုင်လောက်အောင် ဒီလောက်ထိ ချောမောနိုင်ပါ့မလား။'


ကွမ်းရင်းကျွင်းသည် ကိုယ်ကို အနည်းငယ် မတ်လိုက်ပြီး ပို၍ ဂရုတစိုက် စိုက်ကြည့်နေမိသည်။


ကျန်းရော့ချန်းသည် အသားတစ်လုတ်ကို စားလိုက်ပြီး ဘေးရှိ ငရုတ်သီးမှုန့်နှင့် သကြားပုလင်းကို ယူကာ အရိုးပေါ်သို့ ဖြူးလိုက်သည်။ ထို့နောက် ၎င်းကို သံပရာရည် သို့မဟုတ် သူငှဲ့ထားသော ဝိုင်နီအနည်းငယ်ဖြင့် မြိန်ရှက်စွာ တို့စားနေတော့သည်။


သူ့အကြိုက်မှာ အလွန်ပင် ထူးဆန်းလှသဖြင့် မည်သူမဆို မြင်လျှင် မျက်မှောင်ကြုတ်မိလိမ့်မည်။


လီချန်းယွီက ရယ်မောရင်း ပြောလိုက်၏။


 "အရသာအသစ်တွေကို စမ်းစားရတာ ဝါသနာပါတဲ့သူတွေဟာ များသောအားဖြင့် စိတ်လှုပ်ရှားမှုကို ရှာဖွေတတ်သူတွေပဲ။"


ကျန်ရော့ချန်းက ခေါင်းညိတ်ပြလိုက်၏။ 


"ဟုတ်ကဲ့... ဟုတ်ကဲ့... ဆရာ ပြောတာ မှန်ပါတယ်။"


ယခုအချိန်တွင် လီချန်းယွီမှာ တဝကြီး စားပြီးသွားပြီဖြစ်ရာ ကျန်ရော့ချန်းကို ကြည့်လေလေ ပို၍ ကျေနပ်လေလေပင် ဖြစ်သည်။


သူသည် အစားကိုလည်း အားရပါးရ စားတတ်သည်၊ စကားပြောလည်း ပြေပြစ်ကာ အကဲခတ်လည်း တော်သည်၊ ထက်မြက်ပြီး စိတ်ဓာတ်လည်း မာကျောသည့်အပြင် ကွမ်းရင်းကျွင်းကိုပင် ကိုင်တွယ်နိုင်သေးသည်။


သူသည် ရာဇဝတ်မှု နှိမ်နင်းရေးဌာန၏ ရာဇဝတ်မှုဆိုင်ရာ စိတ်ပညာ အတိုင်ပင်ခံနေရာအတွက် တကယ့်ကို ပင်ကို အရည်အချင်းရှိသူပင်!


တစ်ယောက်က သူ့သားကဲ့သို့ဖြစ်ပြီး နောက်တစ်ယောက်ကမူ အလားအလာရှိသော မျိုးဆက်သစ် ဖြစ်သဖြင့် သူတို့နှစ်ဦးမှာ အနာဂတ်တွင် အတူတူ အလုပ်လုပ်ကြရမည် ဖြစ်သည်။ လီချန်းယွီသည် သူတို့နှစ်ဦး၏ ဆက်ဆံရေး အဆင်ပြေစေရန်အတွက် ကြားဝင် ညှိနှိုင်းပေးလိုက်၏။ 


"ရင်းကျွင်း... ဟောင်ကောင်တက္ကသိုလ်က အမှုက လုမိသားစုနဲ့ ပတ်သက်နေတယ်လို့ ကြားတယ်နော်။"


ကွမ်းရင်းကျွင်းက ခေါင်းညိတ်ပြလိုက်သည်။ 


"အနည်းငယ်တော့ ပတ်သက်နေတယ်။"


သူ၏ မျက်ဝန်းထောင့်တွင် အပြုံးရိပ်လေးတစ်ခု ပေါ်လာသည်။ 


"ငါ့ရဲ့ သတင်းပေးသူ ပြောပြချက်အရဆိုရင် ကျန်းယုံယန့်ရဲ့ အရှုပ်တော်ပုံ ပေါက်ကြားသွားပြီးတဲ့နောက် ရဲစခန်းအပြင်မှာ စောင့်နေတဲ့ မီဒီယာတွေကို ပိုက်ဆံပေးပြီး နှုတ်ပိတ်ခဲ့တာ လုချန်းပဲ၊ အဲဒီအချိန်မှာ ရှန်ရွှေပု ရဲစခန်းအပြင်က သတင်းထောက်တွေက အုပ်စုလိုက် စနစ်တကျ ရောက်လာကြတာ၊ မီဒီယာတချို့က လုချန်း ပိုက်ဆံပေးတဲ့ သတင်းကို ရလိုက်ပြီး အခြေအနေကို အသုံးချဖို့ ဆုံးဖြတ်လိုက်ကြတာလို့ ငါ သံသယရှိတယ်။"


"အခြေအနေကို အသုံးချ" နေသူဖြစ်သည့် ကျန်ရော့ချန်းမှာမူ ခေါင်းငုံ့ကာ သူ့ခေါက်ဆွဲများကိုသာ အပူရှိန်မပြယ်မီ အာရုံစိုက် စားနေတော့သည်။


ကွမ်းရင်းကျွင်းက ကျန်းရော့ချန်းထံမှ အကြည့်လွှဲလိုက်ပြီး ဆက်ပြောသည်။ 


"ထူးဆန်းတာက လုချန်းက ပိုက်ဆံပေးခဲ့တာ ဖြစ်ပေမဲ့ မီဒီယာတွေက အဲဒီပိုက်ဆံကို ကျန်းမင်ရှန်းက ပေးတာပါလို့ တစ်ညီတစ်ညွတ်တည်း ပြောကြပြီး အကြောင်းအရာကို ပိုကြီးအောင် လုပ်ခဲ့ကြတာပဲ။"


လုချန်းသည် ကျန်းယုံယန့်ကို ကာကွယ်ရန်အတွက်မဟုတ်ဘဲ အမှုကြီးထွားလာပြီး တျန်းချွီယန်တု ဖျော်ဖြေရေးမြို့တော်အထိ ရိုက်ခတ်လာမည်ကို စိုးရိမ်သဖြင့် သတင်းကို ဖုံးဖိရန် ပိုက်ဆံပေးခဲ့ခြင်း ဖြစ်သည်။


သို့သော် ယခုမူ မီဒီယာများက သတင်းကို ပို၍ ကြီးကျယ်အောင် လုပ်နေသဖြင့် လုချန်း၏ အစီအစဉ် ပျက်စီးကာ ပိုက်ဆံကုန်ရုံသာမက ဤသတင်းများ၏ နောက်ကွယ်တွင် ကျန်းမင်ရှန်း ရှိနေသည်ဟုလည်း သူ သံသယဝင်သွားပေလိမ့်မည်။


မည်သို့ပင်ဖြစ်စေ ကျန်းမင်ရှန်းသည် နာမည်ကျော်ကြားမှုကို လိုလားသူဖြစ်ပြီး သူ၏ ဂုဏ်သတင်းကို မြှင့်တင်ရန်အတွက် မီဒီယာများကို ပိုက်ဆံပေးလေ့ရှိသူအဖြစ် လူသိများသည်။


လီချန်းယွီက သဘောကျစွာ လက်ခုပ်တီးလိုက်၏။ 


"ကျန်းမိသားစုနဲ့ လုမိသားစုက အမြဲတမ်း ရင်းနှီးတဲ့ မဟာမိတ်တွေ ဖြစ်ခဲ့ကြတာ၊ ဒါက သူတို့ကြားကို သပ်လျှိုလိုက်သလို ဖြစ်သွားတာပဲ၊ တကယ်လို့ အဲဒီ မီဒီယာတွေက တကယ်ပဲ စနစ်တကျ ရှိနေကြတယ်ဆိုရင် အဲဒီနောက်ကွယ်က ကြိုးကိုင်သူဟာ တကယ့်ကို အမြော်အမြင်ရှိပြီး အတော်လေး ထက်မြက်တဲ့သူ ဖြစ်ရမယ်။"


မကြာသေးမီ နှစ်များအတွင်း ဟောင်ကောင်၏ ရာဇဝတ်မှုနှုန်းမှာ အလွန်ပင် မြင့်မားနေခဲ့သည်။ အမှုတစ်ခု သို့မဟုတ် ပစ်ခတ်မှုတစ်ခု ဖြစ်ပွားတိုင်း မီဒီယာများက ရဲတပ်ဖွဲ့၏ မစွမ်းဆောင်နိုင်မှုကို ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိကြသည်။ ထိုကဲ့သို့သော လူထုအမြင် ဖိအားများအောက်တွင် ပြည်သူများကလည်း ရဲတပ်ဖွဲ့အပေါ် စတင်၍ နာကြည်းလာကြသည်။


မီဒီယာအများစုမှာ ချမ်းသာသော လုပ်ငန်းစုကြီးများနှင့် ဩဇာရှိသော မိသားစုများ၏ လက်ကိုင်တုတ်များသာ ဖြစ်ကြသည်။ ထိုသို့သော အခြေအနေတွင် ရဲတပ်ဖွဲ့ဘက်မှ အနည်းငယ် ရပ်တည်ပေးသော မီဒီယာတစ်ခု ပေါ်ထွက်လာခြင်းမှာ သူတို့နှင့် အတူလက်တွဲ လုပ်ဆောင်နိုင်မလားဆိုသည်ကို စမ်းသပ်ကြည့်ရန် အခွင့်အရေးတစ်ခုပင် ဖြစ်သည်။


ကွမ်းရင်းကျွင်းက ပြောသည်။


"အဲဒီ မီဒီယာသမားတွေ ပိုက်ဆံလာယူတုန်းက ကုမ္ပဏီတံဆိပ် အမျိုးမျိုးကို သုံးခဲ့ကြပြီး အရမ်းလည်း သတိကြီးကြတယ်၊ ငါ့ရဲ့ သတင်းပေးသူကတော့ သူတို့ကို အခုထိ ခြေရာခံလို့ မရသေးဘူး။"


ဖြန်ဖြေပေးသူအဖြစ် မိမိ၏ အခန်းကဏ္ဍကို သတိရကာ လီချန်းယွီက ကျန်ရော့ချန်းဘက်သို့ လှည့်လိုက်သည်။ 


"ရော့ချန်း... မင်းကော ဘယ်လိုထင်လဲ။"


ကျန်းရော့ချန်းသည် ခေါက်ဆွဲများကို အမြန်စားပြီးသွားပြီဖြစ်ရာ ယခုအခါ လက်များကို သုတ်နေပြီ ဖြစ်သည်။


 "ဆရာ... ကျွန်တော့်ကို ရှောင်ချန်းလို့ပဲ ခေါ်ပါ။"


သူကတိုးညင်းစွာ ပြောလိုက်၏။ "ရော့ချန်း" ဆိုသည့် နာမည်က ကျန်းဟန်ယွီ၏ "ကိုကိုရော့ချန်း" ဟု ချော့မြှူခေါ်ဝေါ်သံများကို အမြဲ သတိရစေသောကြောင့် ဖြစ်သည်။


"ရဲတပ်ဖွဲ့အနေနဲ့ ကိုယ်ပိုင် မီဒီယာတစ်ခုတော့ တကယ် လိုအပ်ပါတယ်၊ အခုအချိန်မှာ ပြည်သူတွေက ရဲတပ်ဖွဲ့ရဲ့ တရားဝင် ထုတ်ပြန်ချက်တွေကို မယုံကြည်ကြတော့ဘူး၊ လူထုရဲ့ ယုံကြည်မှုကို ပြန်ရဖို့အတွက် အဓိကကျတဲ့ မီဒီယာတစ်ခုကို လိုအပ်တာပေါ့။"


ကျန်းရော့ချန်းသည် မျက်နှာသုတ်ပဝါနှင့် သုတ်ရုံဖြင့် လက်ချောင်းများမှာ အဆီမစင်သေးဟု ခံစားရသဖြင့် မတ်တတ်ရပ်လိုက်ကာ ပြောလိုက်သည်။


"ကျွန်တော် ခဏလောက် အိမ်သာသွားဦးမယ်၊ အေးအေးဆေးဆေး သုံးဆောင်ကြပါဦး။"


လီချန်းယွီ: "သွားလေ"


ကျန်းရော့ချန်းသည် တံခါးကို ဖွင့်၍ အပြင်သို့ ထွက်လာခဲ့သည်။ အဝေးဆီမှ ဝန်ထမ်းတစ်ဦး၏ လမ်းညွှန်သံနှင့် တိုးညင်းသော ကျေးဇူးတင်စကားသံများကို ကြားနေရသည်။


ထိုအသံကို ခေတ္တမျှ နားထောင်ပြီးနောက် လီချန်းယွီက ရေရွတ်လိုက်၏။


"ရင်းကျွင်း... ကျန်းရော့ချန်းက တကယ်ကို ပါရမီပါတဲ့သူပဲ၊ အသက် ဆယ့်ကိုးနှစ်ပဲ ရှိသေးပေမဲ့ ထက်မြက်တဲ့ အမြင်နဲ့ ဆုံးဖြတ်ချက်တွေ ရှိတယ်၊ အချိန်တန်ရင် သူဟာ တကယ့်ကို အလှမ်းဝေးတဲ့သူ ဖြစ်လာလိမ့်မယ်။"


ကွမ်းရင်းကျွင်းက ခပ်ရွဲ့ရွဲ့ ရယ်လိုက်သည်။ 


"ဦးလေးလီ... သူက ရဲတပ်ဖွဲ့ထဲမှာ အလုပ်လုပ်ဖို့ စိတ်ကူးရှိပါ့မလားဆိုတာ ကျွန်တော် စိုးရိမ်မိတယ်။"


လီချန်းယွီက ပြန်ပြောလိုက်သည်။


 "အချိန်ကပဲ သက်သေပြသွားမှာပါ၊ မင်းက မင်းရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကလွဲရင် ဘယ်သူ့ကိုမှ မယုံတတ်ဘူးဆိုတာ ငါသိပါတယ်၊ ဒါပေမဲ့ လူ့ဘဝမှာ ကိုယ်ပေးသလောက်ပဲ ပြန်ရတတ်တာပါ၊ သူက အရာရှိချန်ကို ဟောင်ကောင်တက္ကသိုလ်အမှုမှာ ကူညီပေးခဲ့သလို မင်းဖမ်းချင်နေတဲ့ ကျန်းယုံယန့်ကိုလည်း ဖမ်းပေးခဲ့ပြီလေ၊ သူ မင်းကို ကျေးဇူးအများကြီး တင်ထားခဲ့ပြီးပြီ။"


ကွမ်းရင်းကျွင်းက အသိအမှတ်ပြုသည့်အနေဖြင့် အသံတစ်ချက် ထွက်လိုက်သည်။


ကျန်းရော့ချန်းသည် တကယ်ပင် ထက်မြက်ပြီး စစ်ဆေးမေးမြန်းမှုတွင်လည်း ထူးခြားသော အရည်အချင်းရှိသလို အကူအညီလည်း အများကြီး ပေးခဲ့သည်။ သို့သော် ကျွမ်းကျင်သော အယောင်ဆောင် စုံထောက်များသည် သူတို့၏ သစ္စာရှိမှုကို ပြသရန်အတွက် သူတို့၏ အောင်မြင်မှုများကို အသုံးချလေ့ရှိသည်။ သူကိုယ်တိုင်လည်း အတိတ်က ထိုသို့ လုပ်ဆောင်ခဲ့ဖူးသည်။ ထိုအချက်တစ်ခုတည်းအပေါ် အခြေခံပြီး လူတစ်ယောက်ကို အပြည့်အဝ ယုံကြည်လိုက်ရန်မှာ အလွန်ပင် ကလေးဆန်လွန်းလှပေသည်။


ကွမ်းရင်းကျွင်းက ယုံကြည်ပုံမရသည်ကို မြင်သောအခါ လီချန်းယွီလည်း တိတ်ဆိတ်သွားတော့သည်။


ကျန်းရော့ချန်း လက်ဆေးရာမှ ပြန်ရောက်လာခဲ့သည်။


သူ တံခါးဖွင့်လိုက်သည့်အခါ ကိုးရိုးကားရားနိုင်သော တိတ်ဆိတ်မှုကြီးက သူ့ကို ဆီးကြိုနေ၏။


လီချန်းယွီသည် ကိုယ်ကို ပိုက်လျက် ဘေးတစ်စောင်း ထိုင်နေပြီး မျက်ခုံးများ ငိုက်မျဉ်းကာ နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်မှာ သိသိသာသာပင် စိတ်တိုနေပုံရသည်။


ကျန်းရော့ချန်းသည် မျက်တောင်ခတ်လိုက်ပြီး တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ 


"စုံထောက်ကွမ်း... အခု စားသောက်လို့လည်း ပြီးပြီဆိုတော့ ကျန်းယုံယန့်ရဲ့ အမှုအကြောင်း ဆွေးနွေးကြရင် မကောင်းဘူးလား။"


"ကောင်းပြီလေ" 


ကွမ်းရင်းကျွင်းက တည်ငြိမ်စွာ ဆိုသည်။ 


"ကျန်းယုံယန့်က မင်းဟာ ကျန်းမိသားစုဆီ တစ်နေ့ ပြန်လာပြီး ကျန်းဟန်ယွီရဲ့ နေရာကို ဆက်ခံမယ့်သူလို့ ယုံကြည်နေတာ၊ သူက ကျန်းဟန်ယွီကို ချစ်မြတ်နိုးတာကြောင့် သူ့ချစ်သူ စိတ်မကောင်းဖြစ်မှာကို မလိုလားဘူး၊ အဲဒါကြောင့် မင်းကို ပျောက်ကွယ်သွားအောင် အစီအစဉ်ဆွဲခဲ့တာပဲ။"


ကွမ်းရင်းကျွင်းက ခဏမျှ ရပ်လိုက်ပြီးမှ ဆက်ပြောသည်။


"ဒါပေမဲ့ ကျန်းယုံယန့်ရဲ့ ဝန်ခံချက်အရဆိုရင် ဒီအစီအစဉ် အောင်မြင်သွားခဲ့ရင် အဓိက အကျိုးအမြတ် ရမှာက ကျန်းဟန်ယွီပဲ၊ ကျန်းဟန်ယွီက ဘာမှမသိဘူးဆိုတာကိုတော့ ငါ ယုံရခက်နေတယ်။" 


ကျန်းရော့ချန်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးရိပ်တစ်ခု ဖျတ်ခနဲ ပေါ်လာသည်။ စုံထောက်ကွမ်း၏ သတိကြီးမှုနှင့် သံသယစိတ်မှာ လူတိုင်းအပေါ် တန်းတူညီမျှ ရှိနေသည်မှာ စိတ်ဝင်စားစရာပင်။


"ကျန်းယုံယန့်ရဲ့ ဝန်ခံချက်က ပြစ်ဒဏ်ချမှတ်ဖို့ လုံလောက်ရဲ့လား။"


ကွမ်းရင်းကျွင်းက ပြန်ဖြေသည်။


 "လုံလောက်ပါတယ်၊ မင်းက အမှုကို ဖော်ထုတ်ရာမှာ ကူညီပေးခဲ့တာကြောင့် မင်းရဲ့ ကျောင်းကို ဂုဏ်ပြုမှတ်တမ်းလွှာ ပို့ပေးဖို့ ငါ စီစဉ်ပေးပါ့မယ်၊ မင်း ဒီအခွင့်အရေးကို သုံးပြီး မေဂျာပြောင်းလို့ ရတာပေါ့။"


ကျန်းရော့ချန်း အလွန်ပင် ဝမ်းသာသွားသည်။ သူ ရောက်ခါမှ ကျန်းယုံယန့်ကို အချုပ်ထဲ ပို့နိုင်ခဲ့ပြီ ဖြစ်သည်။


ကွမ်းရင်းကျွင်းက ဖန်ခွက်ကို မြှောက်ကာ  ပြောလိုက်သည်။


"ကျန်းယုံယန့်က ကျန်းမင်ရှန်းရဲ့ လက်ရုံးတစ်ဆူဖြစ်ပြီး လျှို့ဝှက်ချက်တွေ အများကြီးကို သိထားတဲ့သူပဲ၊ သူ့ကို ဖမ်းမိတာဟာ အနောက်ကွမ်တုံး ဒေသဆိုင်ရာ ရဲဌာနချုပ် တစ်ခုလုံးအတွက် အရမ်း အရေးကြီးပါတယ်၊ ပူးပေါင်းဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။"


သူ ဝိုင်ကို ကုန်အောင် သောက်လိုက်ပြီး တစ်စုံတစ်ခု ထပ်ပြောရန် ပြင်လိုက်စဉ်မှာပင် သီးသန့်အခန်း တံခါးကို တစ်စုံတစ်ယောက်က ခေါက်လိုက်သည်။


ကွမ်းရင်းကျွင်းသည် ပြောမည့်စကားကို မျိုသိပ်လိုက်ပြီး ပြောလိုက်၏။


"ဝင်ခဲ့ပါ" 


စားပွဲထိုးတစ်ဦးသည် စာအိတ်တစ်အိတ်ကို ကိုင်ဆောင်လျက် ဝင်လာပြီး အခန်းထဲကို ဝေ့ကြည့်ကာ ကျန်းရော့ချန်းထံ အကြည့်ရောက်သွားသည်။ 


"လူကြီးမင်းအတွက် စာတစ်စောင် ရှိပါတယ်။"


ကျန်းရော့ချန်းသည် မတ်တတ်ရပ်ကာ စာအိတ်ကို ယူလိုက်၏။ 


"ဘာစာပါလိမ့်"


သူ စာအိတ်ကို ဖွင့်ကြည့်လိုက်သောအခါ အတွင်း၌ အနုစိတ် ပြုလုပ်ထားသော ဖိတ်စာတစ်စောင်ကို တွေ့လိုက်ရသည်။ မျက်နှာဖုံးတွင် သတင်းစာမှ ညှပ်ယူထားသော စာလုံးအမည်းကြီးများဖြင့် "လက်ဆောင်တစ်ခု" ဟု သေသေသပ်သပ် ကပ်ထားလေသည်။


ဘယ်လို လက်ဆောင်မျိုးပါလိမ့်။


'တီ... တီ... တီ...'


ကွမ်းရင်းကျွင်း၏ အလုပ်လုပ်ဆောင်ရာတွင် သုံးသော ဘီဘာမြည်လာသည်။


သူ ခဏမျှ နားထောင်လိုက်ပြီးနောက် လေးနက်သော မျက်နှာထားဖြင့် ကျန်းရော့ချန်းဘက်သို့ လှည့်လိုက်သည်။ 


"တစ်ခုခု ဖြစ်ပြီ၊ ရှန်ရွှေပု ရဲစခန်းမှာ ကင်းလှည့်ရဲအရာရှိတစ်ယောက် ဆုံးသွားပြီ။"


ကျန်းရော့ချန်းမှာ နားမလည်နိုင်အောင် ဖြစ်သွားရသည်။ 


"ဒါကို ကျွန်တော့်ကို ဘာလို့ ပြောတာလဲ။"


ကွမ်းရင်းကျွင်းက  ပြန်ဖြေလိုက်၏။


"သေဆုံးသူဟာ ဖုန်းကျားမင်ရဲ့ အလောင်းကို ပထမဆုံး တွေ့ခဲ့တဲ့ ကင်းလှည့်ရဲအရာရှိပဲ။"


ကျန်းရော့ချန်း၏ မျက်နှာမှာ ဖြူဖျော့သွားတော့သည်။ ကျန်းယုံယန့် ငှားရမ်းခဲ့သော လူသတ်သမား၏ အစီအစဉ်က မပြီးဆုံးသေး၍လား။


'ဒါပေမဲ့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ကျန်းယုံယန့်က ဥပဒေအရ အရေးယူခံထားရပြီဖြစ်သလို အမှုတစ်ခုလုံးရဲ့ သက်သေအထောက်အထားတွေကလည်း ခိုင်မာနေပြီပဲ၊ ကျန်းယုံယန့်ရဲ့ နောက်ကွယ်မှာ တခြား တစ်စုံတစ်ယောက် ရှိနေသေးတာလား။'


ကျန်းရော့ချန်းသည် သူ့လက်ထဲရှိ စာအိတ်ကို ကွမ်းရင်းကျွင်းဘက်သို့ ဖြည်းညင်းစွာ လှည့်ပြလိုက်သည်။ 


"ကျွန်တော် ဒါကို ခုနတင်ပဲ လက်ခံရရှိတာ။"


ဖိတ်စာမျက်နှာဖုံးပေါ်မှ စာလုံးအမည်းကြီးများမှာ အကွာအဝေး တိကျစွာဖြင့် ကပ်ထားပြီး စာလုံးတစ်လုံးချင်းစီမှာ အသေအချာ တွက်ချက်ထားသည့်အလား ညီညာနေပေသည်။


မင်နံ့မှာလည်း ထူးထူးခြားခြား ပြင်းလှ၏။


သီးသန့်အခန်းအတွင်း တိတ်ဆိတ်မှုကြီး စိုးမိုးသွားတော့သည်။ ယခင်က ရှိနေခဲ့သော ပေါ့ပါးသည့် အငွေ့အသက်များမှာလည်း လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။


---


9