Ch 10
Viewers 210

Ch-10

• May 4 at 12:28 AM

လီရှောင်မန်သည် ချက်ချင်းရှင်းပြရန် မလိုအပ်ဟု ခံစားရသဖြင့် ပြုံးသာပြုံးနေပြီး မည်သည့်စကားမှ မဆိုခဲ့ပေ။

သို့ဟွာက ဆက်လက်ရှင်းပြလာသည်။

“တို့ဟူးက တစ်တုံးကို ၃ ပြား၊ တစ်ပေါင်ကို ၁၀ ပြား၊ တစ်ယောက်ယောက်က ပဲလာလဲမယ်ဆိုရင် ပဲတစ်ခွက်ကို တို့ဟူးတစ်တုံး၊ ပဲတစ်ပေါင်ကို တို့ဟူးနှစ်ပေါင် လဲပေးလို့ရတယ်၊ ပဲနို့က တစ်ခွက်ကို ၁ ပြား၊ ဒီသစ်သားယောက်ချိုနဲ့ ခပ်ပေးရုံပဲ၊ တစ်ပေါင်ကို ၈ ပြား၊ နောက်ပြီး ပဲဖတ်တွေက သုံးပေါင်ကို ၁ ပြား၊ မှတ်မိပြီလား”

လီရှောင်မန်က ခေါင်းကို ခပ်သွက်သွက် ညိတ်ပြလိုက်သည်။

“မှတ်မိပါပြီ”

သို့ဟွာက ပြုံး၍ သဘောတူကြောင်း အသံပြုလိုက်၏။ ထို့နောက် သူမကိုယ်တိုင် တို့ဟူးအနည်းငယ်ကို ရောင်းချပြပြီး လီရှောင်မန်ကိုယ်တိုင် ရောင်းချသည်ကိုလည်း အနည်းငယ်စောင့်ကြည့်ပြီးမှ ကိစ္စအချို့အတွက် အပြင်ထွက်ရန် ပြင်ဆင်လေသည်။

မထွက်ခွာမီ သူမက မှာကြားခဲ့သည်။

“ငါ အဘိုးနျိုဆီ ခဏသွားလိုက်ဦးမယ်၊ စောစောကအတိုင်းသာ ဆက်ရောင်းနေ၊ ဘာမှမကြောက်နဲ့နော်”

“ကိုယ့်ဘာသာ မဖြေရှင်းနိုင်တဲ့ ပြဿနာတစ်ခုခုကြုံရင် ဘေးနှစ်ဖက်ကဆိုင်ရှင်တွေကို အကူအညီတောင်းလိုက်၊ ငါမကြာခင် ပြန်လာခဲ့မယ်”

လီရှောင်မန်သည် တို့ဟူးဆိုင်ရှေ့တွင် မတ်မတ်ထိုင်ကာ အလေးအနက်ထားသည့်ဟန်ပန်ဖြင့် တုံ့ပြန်လိုက်၏။

“ဟုတ်ကဲ့ နားလည်ပါပြီအဖွား၊ စိတ်ချလက်ချသွားပါ”

သို့ဟွာသည် ဘယ်ဘက်သို့ လျှောက်သွားပြီး အတန်ကြာမှ ညာဘက်သို့ လှည့်သွားကာ နောက်လှည့်မကြည့်တော့ဘဲ ထွက်ခွာသွားသည်ကို သူမ မြင်တွေ့လိုက်ရသည်။

ဖြစ်နိုင်သည်မှာ သို့ဟွာသည် ပြဿနာတစ်စုံတစ်ရာ ကြုံတွေ့ရပါက သူမအားကူညီပေးရန် ဘေးနှစ်ဖက်မှ ဆိုင်ရှင်များကို သွားရောက်အကူအညီတောင်းခံခြင်း ဖြစ်ပေလိမ့်မည်။

ရင့်ကျက်သော လူမှုအသိုင်းအဝိုင်းဝင် လူတစ်ဦးအနေဖြင့် လီရှောင်မန်၏ လူနေမှုဘဝပုံစံနှင့် အလုပ်အပေါ်ထားရှိသော သဘောထားမှာ လုံးဝကွဲပြားခြားနားသည်။

သူမသည် တို့ဟူးရောင်းခြင်းကို မိမိ၏ တာဝန်ဝတ္တရား တစ်ခုအဖြစ် သတ်မှတ်ကာ အလေးအနက်ထား ဆောင်ရွက်ပြီး လုပ်ငန်းချောမွေ့စေရေးအတွက် ပြဿနာများကို ဖြေရှင်းရန် နည်းလမ်းများရှာဖွေခြင်း သို့မဟုတ် အကူအညီတောင်းခံခြင်းတို့ကို တုံ့ဆိုင်းနေမည်မဟုတ်ပေ။

သူမသည် ထိုသို့သော ကိစ္စရပ်များနှင့် ပတ်သက်၍ ရှက်ရွံ့နေမည်မဟုတ်ချေ။

သို့သော်လည်း သူမ၏ရင်တွင်း၌ စူးစမ်းလိုစိတ်အချို့တော့ ကိန်းအောင်းနေဆဲပင်။ သို့ဟွာသည် သူမကိုယ်သူမ အလွန်သဘောကောင်းသူတစ်ဦးအဖြစ် ပြသခဲ့ပြီး သူမအပေါ် ယုံကြည်မှုရှိပုံပေါ်ခြင်းက လီရှောင်မန်၏စူးစမ်းလိုစိတ်ကို ပိုမိုလှုံ့ဆော်ပေးနေသည်။

ဤသည်မှာ သို့ဟွာအနေဖြင့် ယခင်က ကျွန်တစ်ယောက်ကိုမျှ မဝယ်ဖူးခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ပို၍ဖြစ်နိုင်ခြေရှိသည်မှာ သူမသည် အမှန်တကယ်ပင် သဘောကောင်းသူတစ်ဦးဖြစ်ပြီး ကျွန်တစ်ယောက်ဝယ်ယူခြင်းမှာ နောက်ဆုံးမှ ရွေးချယ်ရသော နည်းလမ်းဖြစ်နေခြင်းပင်။

မည်သို့သော အကြပ်အတည်းအခြေအနေမျိုးက ပြည့်စုံလုံလောက်သော သူမ၏သားအတွက် ချွေးမအဖြစ် ကျွန်တစ်ယောက်ကို ဝယ်ယူရန် တွန်းအားပေးခဲ့သနည်း။

ထိုစဉ် အမျိုးသမီးတစ်ဦးရောက်လာပြီး မေးလိုက်သည်။

“အဖွားသို့၊ အို ဒီကောင်မလေးက ဘယ်ကရောက်လာတာလဲ”

ရောက်လာသူမှာ ခြင်းတောင်းတစ်လုံးကို ကိုင်ဆောင်ထားပြီး အပြာရောင်ဝတ်စုံကို ဝတ်ဆင်ကာ ဆံပင်တွင် ငွေရောင်ဆံထိုးတစ်ခု ထိုးထားသော အမျိုးသမီးတစ်ဦးဖြစ်ပြီး ငွေကြေးတတ်နိုင်ပုံရသည်။

လီရှောင်မန်သည် ချက်ချင်းပင် “စီးပွားရေးမုဒ်” သို့ ပြောင်းလဲလိုက်ပြီး မတ်တတ်ရပ်ကာ ပြုံးပြလိုက်၏။

“အဒေါ်က ကိစ္စရှိလို့ အပြင်သွားပါတယ်ရှင်၊ ကျွန်မက သူ့ရဲ့ အဝေးကတူမပါ၊ ကျွန်မကို ရှောင်မန်လို့ ခေါ်လို့ရပါတယ်၊ ဘာများအလိုရှိပါသလဲရှင်”

အမျိုးသမီးက အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် ပြောလာသည်။

“ဪ တူမလေး၊ ငါ့ကို တို့ဟူးသုံးတုံးလောက် ဖြတ်ပေးပါဦး၊ နင်လုပ်တတ်တယ် မဟုတ်လား”

လီရှောင်မန်က ယုံကြည်မှုရှိစွာဖြင့် ပြန်ဖြေလိုက်သည်။

“ဟုတ်ကဲ့ လုပ်တတ်ပါတယ်ရှင်၊ ဒီတို့ဟူးတွေကို ညစာအတွက် ဝယ်တာလား၊ ကျွန်မတို့ရဲ့တို့ဟူးက ဟင်းရည်ချက်သောက်ဖို့ အကောင်းဆုံးပါပဲ”

လီရှောင်မန်၏ ကျွမ်းကျင်သောဟန်ပန်ကို မြင်လိုက်ရသောအခါ အမျိုးသမီးမှာ သူမအပေါ် ပိုမိုယုံကြည်သွားပြီး ပြုံးလိုက်၏။

“ဟုတ်တယ်၊ အိမ်ယူသွားပြီး ငါးခေါင်းနဲ့ ဟင်းရည်ချက်မလို့၊ မုန်ညင်းချဉ်လေးနည်းနည်း ထည့်ချက်လိုက်ရင် အိမ်က လူကြီးတွေရော ကလေးတွေရော သိပ်ကြိုက်ကြတာ”

လီရှောင်မန်က တို့ဟူးများကို ခြင်းတောင်းထဲ ထည့်ပေးလိုက်သည်။

“ဟုတ်ကဲ့ပါ၊ ဒီမှာ တို့ဟူးသုံးတုံးပါရှင်၊ ဂရုစိုက်သွားပါ၊ နောက်လည်း လာအားပေးပါဦးနော်”

ကောက်ရိုးဖြင့် ချည်နှောင်ထားသော တို့ဟူးသုံးတုံးသည် ခြင်းတောင်းထဲတွင် သပ်ရပ်စွာ နေရာယူထားလေ၏။ အမျိုးသမီးက ကျေနပ်စွာ ပြုံးပြလိုက်သည်။

“ခဏခဏ လာမှာပါ၊ ငါ့မျိုးရိုးနာမည်က ချင် တဲ့၊ နောက်တစ်ခါလာရင် ခေါ်ဖို့မှတ်ထားဦးနော်”

လီရှောင်မန်က ပြုံးလျက် နှုတ်ဆက်လိုက်သည်။

“ဟုတ်ကဲ့ပါ၊ ဂရုစိုက်သွားပါ သခင်မချင်”

လီရှောင်မန်သည် အမြင်အာရုံအလွန်ကောင်းသော မျက်လုံးများဖြင့် ချင်သခင်မအား အကဲခတ်လိုက်သည်။ သူမသည် သေသပ်လှပစွာ ဝတ်ဆင်ထားပြီး ရှည်လျားကျဉ်းမြောင်းသော မျက်လုံးများနှင့် ဝိုင်းစက်သော မျက်နှာပိုင်ရှင် ဖြစ်၏။

သူမ၏ အဓိက အသွင်အပြင်များကို မှတ်သားပြီးနောက် မလုံလောက်မည်ကို စိုးရိမ်မိသော်လည်း မှတ်သားစရာ ဘာမှမရှိသဖြင့် ဤကိစ္စကို ခေတ္တဘေးဖယ်ထားလိုက်ရသည်။

အပြင်ဘက်တွင်ချိတ်ဆွဲထားသော “သို့တို့ဟူး” ဟူသော ဆိုင်းဘုတ်မှလွဲ၍ တို့ဟူးဆိုင်အတွင်း၌ အခြားမည်သည့်ဆိုင်းဘုတ်မျှ မရှိသလို စာရင်းစာအုပ်များလည်း မရှိပေ။

ဖြစ်နိုင်သည်မှာ သို့ဟွာ တို့ဟူးရောင်းလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ရာ ဝင်ငွေထွက်ငွေအားလုံးကို အလွတ်ကျက်မှတ်ထားနိုင်သဖြင့် မှတ်သားထားရန်မလိုအပ်ခြင်း ဖြစ်ပေလိမ့်မည်။

လောလောဆယ်တွင် လီရှောင်မန်၏အတွေ့အကြုံမှာ တို့ဟူးရောင်းခြင်းတွင်သာ ကန့်သတ်ထားပြီး စာရင်းရေးမှတ်ခြင်းကို ဂရုမစိုက်နိုင်သေးပေ။ 

ထိုသို့လုပ်ခြင်းမှာ အချည်းနှီးဖြစ်ပြီး စက္ကူနှင့် စုတ်တံဝယ်ယူရန် လိုအပ်မည်ဖြစ်သည်။ 

ထိုအရာများ ဝယ်ယူရန်အတွက် တို့ဟူးမည်မျှ ရောင်းရမည်ကို သူမ တွေးတောနေမိသည်။

သူမသည် စျေးနှုန်းများကို မသိရှိသေးသော်လည်း စာကြည့်ခန်းသုံး ရတနာလေးပါး (စုတ်တံ၊ မင်တုံး၊ မင်သွေးကျောက်နှင့် စက္ကူ) မှာ အလွယ်တကူ ဝယ်ယူရရှိနိုင်သော အသုံးအဆောင်များမဟုတ်ကြောင်း သိထား၏။

ခေတ်မီတိုးတက်သော အချိန်ကာလတွင်ပင်လျှင် အရည်အသွေးကောင်းမွန်သောပစ္စည်းများ ဝယ်ယူရန်အတွက် ငွေအမြောက်အမြား ကုန်ကျမည်ဖြစ်သည်။

ကျောင်းတက်စဉ်ကာလက လီရှောင်မန်သည် ခေတ်ရေစီးကြောင်းအတိုင်းလိုက်ကာ စျေးပေါသော စက္ကူ၊ စုတ်တံနှင့် မင်တို့ကို ဝယ်ယူ၍ လက်ရေးလှလေ့ကျင့်ခဲ့ဖူးသည်။

စက္ကူကို ဘေးဖယ်ထားလိုက်လျှင် သူမ၏လက်ရေးမှာ အလယ်အလတ်အဆင့်သာရှိပြီး ယင်းမှာ စက္ကူကြောင့်မဟုတ်ဘဲ ကလောင်တံများကို မည်မျှပင် ဂရုတစိုက်ကိုင်တွယ်စေကာမူ ကြမ်းတမ်းလာတတ်ပြီး စျေးပေါသော စုတ်တံများဆိုလျှင် စာရေးနေစဉ် ကျိုးပဲ့သွားတတ်ခြင်းကြောင့်ပင်။

စျေးပေါသော မင်မှာလည်း အနံ့အလွန်ဆိုးရွားသဖြင့် တစ်ခန်းလုံး အနံ့ထောင်းနေတတ်သည်။

သူမသည် စျေးပေါသော မင်ကို ဝယ်ယူရန် ဆန္ဒရှိလျှင်တောင်မှ အနံ့ဆိုးရွားသော မင်ကြောင့် သူမ၏တို့ဟူးလုပ်ငန်း ထိခိုက်နိုင်ခြေ ရှိမရှိကို စဉ်းစားရပေမည်။

သူမသည် တို့ဟူးအနည်းငယ်ကို ဆက်လက်ရောင်းချခဲ့သည်။ ပုံမှန်ဖောက်သည်များက သူမကို နှုတ်ဆက်လေ့ရှိကြပြီး ဖောက်သည်အသစ်များ သို့မဟုတ် သူမကဲ့သို့ စရိုက်မျိုးရှိသူများကမူ တို့ဟူးကို အမြန်ဝယ်ယူကာ ထွက်ခွာသွားလေ့ရှိကြ၏။

အဘိုးနျို၏ လက်သမားဆိုင်မှာ အလှမ်းဝေးလွန်း၍လား၊ သို့မဟုတ် ဝါးကုတင်တစ်လုံးဝယ်ရန် အချိန်ကြာမြင့်နေ၍လား မသိရသော်လည်း၊ လီရှောင်မန်သည် နေလုံးကြီး အနောက်ဘက်သို့ တဖြည်းဖြည်း ရွေ့လျားသွားပြီး ကောင်းကင်ကြီး မှောင်မိုက်စပြုလာသည်ကို မြင်တွေ့နေရသော်လည်း သို့ဟွာ ပြန်မလာသေးပေ။

တို့ဟူးများ ရောင်းကုန်လုနီးပါးဖြစ်ပြီး ဆိုင်ရှေ့ရှိ ပဲဖတ်များကို ပြန်သိမ်းရန် ပြင်ဆင်နေစဉ်တွင် အရပ်ရှည်ရှည်လူတစ်ယောက် ချဉ်းကပ်လာသည်။

သူမနှင့် နီးကပ်လာသောအခါ ထိုသူ၏မျက်နှာကို ရှင်းလင်းစွာ မြင်လိုက်ရသည်။ သူ၏အသားအရေမှာ အလွန်မည်းနက်ပြီး ကလေးငယ်အတော်များများကို ခြောက်လှန့်နိုင်စွမ်းရှိသည့် ကြောက်မက်ဖွယ်ကောင်းသော လူကြီးတစ်ယောက်နှင့် တူလှ၏။

သူမ မေးလိုက်သည်။

“ရှင်ဘယ်သူလဲ”

သူမ အမြင်မမှားခဲ့ချေ။ ထိုလူမှာ တို့ဟူးဆိုင်သို့ ရောက်လာခြင်းဖြစ်သည်။

ထိုသူမှာ သို့ဆွေ့အန်းပင်။