Ch-2
• April 13 at 12:20 PM
စုဟယ် ကြိုးစားအားထုတ်မှုကြောင့် ဟဲခိုတည်းခိုခန်းမှာ ဟဲယဲ့တည်းခိုခန်းဟူသည့် အမည်မှန်အတိုင်း အောင်မြင်စွာ ပြောင်းလဲသွားတော့၏။
သို့သော်လည်း စုဟယ် သူမမျက်စိရှေ့တွင် ပေါ်နေသည့် စနစ်မျက်နှာပြင်ကို မည်သို့ပင် ဟိုနှိပ်ဒီနှိပ် လုပ်ကြည့်သော်လည်း ဆိုင်အမည် နှင့် ဆိုင်လိပ်စာ ဟူသော စာသားနှစ်ကြောင်းသာ ပြနေသည်။ စုဟယ်လည်း ထိုမျက်နှာပြင်ကို ခေတ္တဖျောက်ထားလိုက်ရုံသာ တတ်နိုင်တော့၏။၎င်းက ဆိုင်နာမည်ပြင်ပြီးနောက် သူမ ရှာဖွေတွေ့ရှိသည့် ဒုတိယမြောက် လုပ်ဆောင်ချက်ပင်။
သူမ အိမ်ပြန်ရောက်ခါစဖြစ်၍ အထုပ်အပိုးများပင် မဖြေရသေးသလို တည်းခိုခန်းကိုလည်း လွှဲယူရန် စောင့်နေသဖြင့် ထိုစနစ်အကြောင်းကို နောက်မှသာ အေးအေးဆေးဆေး စူးစမ်းရန် ဆုံးဖြတ်လိုက်သည်။
သူမသည် အခုဆိုလျှင် ရွှေလက်ချောင်း ပိုင်ဆိုင်ထားသူတစ်ဦး မဟုတ်ပါလား။ အေးအေးဆေးဆေးလုပ်နိုင်ပေသည်။
စုဟယ် ဧည့်ကြိုကောင်တာရှိ ကွန်ပျူတာတွင် ထိုင်ကာ အော်ဒါများကို စစ်ဆေးလိုက်သည်။ယနေ့နံနက်က တည်းခိုသူ နှစ်ဦးစလုံးမှာလည်း ပြန်ထွက်သွားကြပြီဖြစ်ပြီး အသစ်ဘွတ်ကင်လုပ်ထားသူလည်း မရှိပေ။
ထို့ကြောင့် သူမအမေက စိတ်အေးလက်အေးနှင့် တည်းခိုခန်းကို သူမလက်ထဲ အပ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။မော်နီတာကို ပိတ်လိုက်ရင်း စုဟယ် သက်ပြင်းချလိုက်မိသည်။
ဧည့်သည်လာအောင် ဆွဲဆောင်ရသည်မှာ မလွယ်ကူလှသဖြင့် ထိုကိစ္စကို နောက်မှသာ ဖြေရှင်းရန် ဆုံးဖြတ်လိုက်သည်။ မနက်က ဧည့်သည်များမှာ ဒုတိယထပ်တွင် တည်းခိုသွားကြခြင်း ဖြစ်သဖြင့် စုဟယ် အနားသတ်များ ပဲ့နေသော လှေကားထစ်များအတိုင်း ဒုတိယထပ်သို့ တက်လာခဲ့၏။
ဒုတိယထပ်တွင် နှစ်ယောက်အိပ်ကုတင်ပါသည့် အခန်းပေါင်း (၁၅) ခန်းရှိပြီး စုဟယ်သည် ကြမ်းပြင်ရှိ အပေါက်အပြဲများကို သတိထားရှောင်ကွင်းကာ လျှောက်လာခဲ့သည်။
ယဲ့ချင်သည် အခန်းများကို အလွန်သန့်ရှင်းအောင် တိုက်ချွတ်ထားခဲ့သည်။ တတိယထပ်၏ ပုံစံမှာလည်း ဒုတိယထပ်အတိုင်း နှစ်ယောက်အိပ်ကုတင် အခန်း (၁၅) ခန်းရှိသည်။ စတုတ္ထထပ်တွင် ရိုးရိုး အခန်း (၁၅) ခန်း၊ ပဉ္စမထပ်တွင် တစ်ယောက်အိပ်ကုတင် နှစ်လုံးပါသည့် (၁၀)ခန်း ရှိပေသည်။
ဆဋ္ဌမထပ်တွင် မူလက မိသားစုခန်း (၅) ခန်း ရှိသော်လည်း အရောင်းအဝယ် ပါးလွန်းသဖြင့် ယဲ့ချင်နှင့် စုချန်တို့က အခြားအခန်းများကို အဝတ်လျှော်ခန်းနှင့် ပိတ်စများထားသည့် ဂိုဒေါင်အဖြစ် ပြောင်းလဲလိုက်ရာ မိသားစုခန်း (၁) ခန်းသာ ကျန်တော့သည်။
စုဟယ် ဆဋ္ဌမထပ်သို့ တက်ကာ ဝရန်တာတွင် လှန်းထားသော အိပ်ရာခင်းများကို စမ်းကြည့်လိုက်၏။အိပ်ရာခင်းများမှာ ခြောက်သွေ့နေပြီဖြစ်၍ သိမ်းဆည်းကာ ဂိုဒေါင်ထဲသို့ သွားထည့်လိုက်သည်။
ဟဲယဲ့တည်းခိုခန်းသည် အပြင်သို့ အပ်၍ လျှော်ဖွပ်ခြင်းမပြုဘဲ ကိုယ်တိုင်သာ လျှော်ဖွပ်ကြခြင်းကို ကြည့်ခြင်းဖြင့် စီးပွားရေးမကောင်းမွန်ကြောင်း သိသာလှသည်။
အခန်းထဲသို့ ပြန်ရောက်သောအခါ ကျောင်းမှသယ်လာသော ခရီးဆောင်သေတ္တာကြီးကို ကြည့်ကာ စုဟယ် ခေါင်းခဲသွားတော့၏။
လေးနှစ်တာ တက္ကသိုလ်တက်စဉ်အတွင်း ပစ္စည်းများကို တတ်နိုင်သမျှ လျှော့ချခဲ့သော်လည်း အိမ်ပြန်သယ်လာသည့်အခါတွင်မူ အထုပ်အပိုးများမှာ မနည်းလှပေ။ဖောင်းကားနေသော သေတ္တာထဲမှ အဝတ်အစားများကို ထုတ်ကာ ဗီရိုထဲထည့်ပြီး အသုံးအဆောင် ပစ္စည်းလေးများကိုလည်း စားပွဲပေါ်တွင် စီထားလိုက်သည်။ သို့သော်လည်း အိတ်ထဲက ထူထဲလှသော ဘာသာရပ်ဆိုင်ရာ စာအုပ်ကြီးများမှာမူ ထားစရာနေရာ မရှိဖြစ်နေ၏။
"ဖိထည့်လိုက်ရင်တော့ ဆံ့မှာပါ"
စုဟယ် ရေရွတ်ရင်း စာအုပ်စင်ပေါ်က စာအုပ်များကို ဘေးသို့ တိုးလိုက်သည်။ စာအုပ်သုံးအုပ်ကို ဖိထည့်လိုက်သည့်အခါ စင်ပေါ်က စာအုပ်များမှာ ပြားကပ်သွားတော့သည်။ လက်ထဲမှာ ကျန်နေသေးသည့် စာအုပ်နှစ်အုပ်ကိုလည်း ထပ်မံ၍ အတင်းထိုးထည့်ရန် သူမ ကြိုးစားလိုက်၏။
"ဝုန်း"
"ဒုက္ခပါပဲ "
စာအုပ်တစ်အုပ်မှာ စောင်းသွားပြီး စင်ပေါ်မှ ပြုတ်ကျကာ စုဟယ် ခေါင်းကို တည့်တည့်ထိမှန်သွားသည်။ စုဟယ် မျက်လုံးများကို အုပ်ထားရင်း ကံဆိုးပုံကို ညည်းတွားလိုက်မိ၏။
ကြမ်းပြင်ပေါ်မှ ပြုတ်ကျသွားသော စာအုပ်ကို ကောက်ယူလိုက်ရာ ထိုစာအုပ်မှာ အနီရောင်အိမ်မက် ဖြစ်နေသည်။ ဟောင်းနွမ်းနေသော ထိုစာအုပ်မှာ ပြုတ်ကျသွားသည့် ဒဏ်ကြောင့် စာမျက်နှာများမှာ ဟိုတစ်စ ဒီတစ်စ လွင့်စင်ကုန်သည်။
လွင့်စင်သွားသော စာမျက်နှာများကို လိုက်ကောက်ရင်း ထိုစာမျက်နှာများပေါ်တွင် ရုပ်ပုံကြမ်းလေးများ ဆွဲထားသည်ကို စုဟယ် အံ့သြစွာ တွေ့လိုက်ရ၏။ လင်တိုင်ယွီ ကျားအိမ်တော်သို့ဝင်ခြင်း ဆိုသည့် အခန်းမှာ ကျောင်းသုံးစာအုပ်ထဲက သင်ခန်းစာတစ်ခု ဖြစ်သည်။
ထိုသင်ခန်းစာ သင်ပြီးနောက် ဆရာက အားလုံးကို မူရင်းစာအုပ်ကို ဖတ်ရန် ခိုင်းခဲ့ဖူးသည်။စုဟယ်၏ သင်ယူမှု အရည်အချင်းမှာ သာမန်သာဖြစ်ရာ ခက်ခဲနက်နဲသော စာသားများကို ဖတ်ရင်း ငိုက်မြည်းလာသည့်အခါ စာအုပ်ထဲတွင် ပုံများ လျှောက်ဆွဲလေ့ရှိသည်။
"ငါ ဘယ်သူ့ကို ဆွဲထားတာပါလိမ့် "
ညံ့ဖျင်းလှသော လက်ရာကို ကြည့်ကာ ထိုဇာတ်ကောင်မှာ မည်သူဖြစ်မည်ကို စုဟယ် ကိုယ်တိုင်ပင် မဝေခွဲနိုင်တော့ပေ။
"မူရင်းစာသားနဲ့ ပြန်တိုက်ကြည့်ဦးမှ"
သူမ ဆွဲထားသည့်ပုံမှာ မည်သူဖြစ်ကြောင်း သိနိုင်ရန် စာအုပ်ကို သေချာပြန်ဖတ်ရန် သူမ စဉ်းစားလိုက်သည်။
ထိုသို့ စဉ်းစားနေစဉ်မှာပင် အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာသည်။
"ကတ်ဆွဲခြင်း..."
စနစ်သတိပေးချက် : ဇာတ်ကောင်ကတ် (၁) ကတ်ကို ရရှိပါတယ်။ ဂိမ်းပစ္စည်းစာရင်းထဲသို့ ထည့်သွင်းလိုက်ပါပြီ "
"ဂုဏ်ယူပါသည် ကစားသမား၊ ဂိမ်းကို တရားဝင် အသက်သွင်းခြင်းနှင့် အစပြုသူတာဝန် ကို ပြီးမြောက်ခြင်းအတွက် ကတ်ဆွဲခွင့် (၁) ကြိမ် ရရှိပါတယ် "
'ကတ်ဆွဲတာလား။တရားဝင် အသက်သွင်းလိုက်ပြီလား'
စုဟယ် စနစ်မျက်နှာပြင်ကို အမြန်နှိပ်ကြည့်လိုက်သည်။မူလက စာသားနှစ်ကြောင်းသာရှိသော မျက်နှာပြင်မှာ ယခုအခါ များစွာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ဆိုင်အမည်: ဟဲယဲ့တည်းခိုခန်း အခန်း ၅၆ ခန်း၊ အသေးစိတ်ကြည့်ရန် နှိပ်ပါ
ဆိုင်လိပ်စာ: ဆန်းကျုံးလမ်း ၃၃၃
ကစားသမားအမည်: စုဟယ်
လိင်: မ
အသက်: ၂၂ နှစ်
ပစ္စည်းစာရင်း: ဇာတ်ကောင်ကတ်(၁)ကတ်
ကျန်ရှိသော ကတ်ဆွဲခွင့်: ၁ ကြိမ်
တာဝန်များ: အသေးစိတ်ကြည့်ရန် နှိပ်ပါ
စုဟယ် အံ့အားသင့်သွား၏။
'ကတ်တွေလား ဒါက အဆင့်မြင့် ကတ်တွေ ဆွဲရတဲ့ မိုဘိုင်းဂိမ်းလိုမျိုးလား'
စနစ်က ဟဲယဲ့တည်းခိုခန်းမှာ အခန်းမည်မျှရှိသည်ကိုပင် သိနေသည်။ သူမ ခြောက်ထပ်လုံးကို လှည့်ပတ်ကြည့်ရှုခဲ့၍များလား။ စနစ်စတင် ချိတ်ဆက်စဉ်က အခန်းအရေအတွက်ကို မပြခဲ့ပေ။ စုဟယ် တည်းခိုခန်း၏ အသေးစိတ် အချက်အလက်များကို နှိပ်ကြည့်လိုက်သည်။
စနစ်က တည်းခိုခန်းအကြောင်း ဘာများသိပ်ဦးမလဲဆိုသည်ကို သူမ သိချင်နေမိသည်။
ဟဲယဲ့တည်းခိုခန်း
အခန်းအရေအတွက်: ၅၆ ခန်း
အသုံးအဆောင်များ: ၁
အရသာ: ၁၁ (ကြိုးစားအားထုတ်သော လင်မယားနှစ်ဦး၏ ရိုးရှင်းသော အိမ်ချက်ဟင်းလျာများ)
ကောင်းမွန်သော မှတ်ချက်များ: ၁ (ဈေးနှုန်းချိုသာခြင်း)
လူကြိုက်များမှု: ၀ (ထိုတည်းခိုခန်းထဲသို့ မည်သူမျှ ကိုယ်တိုင်ကိုယ်ကျ လမ်းလျှောက်မဝင်လာကြပါ)
ဆိုင်အဆင့်သတ်မှတ်ချက်: ဒေဝါလီခံရန် အလွန်နီးကပ်နေပါသည်။
စုဟယ် ခေါင်းကုတ်လိုက်မိသည်။အစားအသောက်အတွက် ရမှတ် (၁၁)မှတ် ပေးထားခြင်းကို ကြည့်ခြင်းဖြင့် စနစ် အမှတ်ပေးပုံမှာ (၁၀)မှတ်သည် အမှတ်အပြည့်မဟုတ်ကြောင်း သိနိုင်၏။
ယခင်က တည်းခိုခန်းတွင် ထမင်းကျွေးသော ဝန်ဆောင်မှု ရှိခဲ့ဖူးသည်။ (၁၀) ယွမ်ပေးရုံနှင့် ထမင်းတစ်နပ် စားနိုင်သော်လည်း ဟင်းမှာမူ မှာယူ၍မရဘဲ စုဟယ် မိသားစု စားသမျှကိုသာ အတူတူ စားကြရခြင်းဖြစ်သည်။
ယခုအခါ အရောင်းအဝယ်ပါးသဖြင့် ထမင်းကျွေးမည့်အစား တည်းခိုသူများကို မုန့်အသေးလေးတစ်ထုတ်နှင့် နို့တစ်ဗူးကို နံနက်စာအဖြစ် အခမဲ့ ပေးဝေခြင်းဖြင့် ပြောင်းလဲလိုက်၏။
ကောင်းမွန်သော မှတ်ချက် (၁) မှတ်ဆိုသည်မှာလည်း စာမေးပွဲလာဖြေသော ကျောင်းသားတစ်ဦးဦး ပေးသွားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ စာမေးပွဲရာသီတွင် အခြားဟိုတယ်များက ဈေးနှုန်းများ အဆမတန် မြှင့်တင်ကြသော်လည်း ဟဲယဲ့တည်းခိုခန်းကမူ ယွမ်(၁၅၀)အထိသာ တိုးမြှင့်သဖြင့် အခြားနေရာများနှင့် ယှဉ်လျှင် ဈေးနှုန်းမှာ အမှန်တကယ်ပင် သင့်တင့်လှသည်။
စုဟယ် သူမ၏ ပစ္စည်းစာရင်းကို နှိပ်လိုက်ရာ စနစ်ထဲတွင် ကတ်တစ်ကတ် ရှိနေသည်ကို တွေ့ရ၏။ကတ်ပေါ်တွင် ရှေးဟောင်းပုံစံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး၏ ပုံရှိသည်။
သူမသည် အနီရောင် အင်္ကျီရှည်နှင့် အပြာရောင် ဂါဝန်ကို ဝတ်ဆင်ထားပြီး ခါးတွင် အပြာနုရောင် လက်ကိုင်ပဝါကို ချည်ထားသည်။ ဆံပင်တွင်လည်း အရောင်စုံ ကြိုးလေးများဖြင့် ရိုးရိုးရှင်းရှင်း ပြင်ဆင်ထားသည်။
စနစ်က ဇာတ်ကောင်ကတ်(၁)ကတ် ဟု ပြောထားသဖြင့် ယင်းက ထိုဇာတ်ကောင် ဖြစ်ပေလိမ့်မည်။
စုဟယ် ကတ်ကို သေချာစွာ စစ်ဆေးကြည့်လိုက်သည်။
ဇာတ်ကောင်ကတ်: ဟုန်လျန်
ဇာတ်ကောင်မိတ်ဆက်: ခန်းဆောင်နီအိမ်မက် ကတ်အစုအဝေးမှ ဖြစ်ပြီး အစေခံများအတွက် လက်ဖက်ရည် ငှဲ့ပေးရသော အစေခံမလေး တစ်ဦးဖြစ်သည်။ အိပ်ရာပြင်ခြင်း၊ စောင်ခေါက်ခြင်းနှင့် ဧည့်ဝတ်ပြုခြင်း စသည့် ကျွမ်းကျင်မှုများကို တတ်မြောက်ထားပါသည်။
ရှားပါးမှုအဆင့်: သာမန်
ကြယ်အဆင့်: ၁
ထူးခြားသော ကျွမ်းကျင်မှု: လက်ဖက်ရည်နှင့် စားစရာများ ပြုလုပ်ခြင်း
ကတ်၏ အောက်ခြေတွင် ပေါင်းစပ်ရန် နှင့် ဆင့်ခေါ်ရန် ဟူသော ရွေးချယ်စရာ နှစ်ခုရှိသည်။ စုဟယ် ကတ်ဖော်ပြချက်ကို ကြည့်ကာ အံ့သြသွား၏။
'ခန်းဆောင်နီအိမ်မက်စာအုပ်က ကတ်အစုအဝေး တဲ့လား'
သူမ၏ မျက်လုံးများ တောက်ပသွားသည်။
စောစောက ပြုတ်ကျသွားသော စာမျက်နှာများကို ကောက်ယူကြည့်လိုက်ရာ "အားလုံး နေရာယူလိုက်ကြသည်။ အစေခံများက လက်ဖက်ရည် ငှဲ့ပေးကြသည်" ဟူသော စာသားကို တွေ့လိုက်ရသည်။
ဤဇာတ်ကောင်ကတ်မှာ စာသားထဲမှ ထွက်ပေါ်လာခြင်းပင်။
ဟုန်လျန်ဆိုသည်မှာ ခန်းဆောင်နီအိမ်မက် ထဲတွင် အမည်ပင်မရှိသော ဇာတ်ကောင်လေးတစ်ဦးဖြစ်သဖြင့် သာမန် ကတ် ဖြစ်နေခြင်းမှာ မဆန်းပေ။
'ဒါဆို ဒါက တကယ်ပဲ ကတ်ဆွဲရတဲ့ ဂိမ်းတစ်ခုပေါ့'