Ch 3
Viewers 140

Ch-3

• April 13 at 12:23 PM

ကတ်ပေါ်ရှိ ဆင့်ခေါ်ရန် ဟူသော ခလုတ်ကို ကြည့်ရင်း စုဟယ် စိတ်ထဲတွင် စူးစမ်းလိုစိတ်များ တဖွားဖွား ပေါ်ပေါက်လာသည်။ သူမ စိတ်ထဲကနေ ထိုခလုတ်ကို ခပ်ပြင်းပြင်းလေး နှိပ်လိုက်၏။

သိပ္ပံနည်းကျမကျ စဉ်းစားမနေတော့ဘဲ စနစ်ဆိုသည့်အရာကပင် ပေါ်လာခဲ့ပြီဖြစ်ရာ ဆင့်ခေါ်လိုက်သည့် ကတ်ဇာတ်ကောင်မှာ မည်သို့ပုံစံမျိုး ရှိမည်ကို စုဟယ် အလွန်ပင် သိချင်နေမိသည်။

နှိပ်လိုက်ပြီးနောက် ဆင့်ခေါ်ရန် ခလုတ်မှာ ဖြည်းညှင်းစွာ မီးခိုးရောင် ပြောင်းသွားပြီး ဇာတ်ကောင် စေလွှတ်နေပါသည် ဟူသော စာသားလေး ပေါ်လာ၏။ ထိုစာသားနောက်တွင် တိုးတက်မှုပြတန်းလေးမှာလည်း တစ်ရွေ့ရွေ့နှင့် လှုပ်ရှားနေတော့သည်။

စုဟယ်သည် သူမ၏ အကြည့်ကို ပေါင်းစပ်ရန် ခလုတ်ဆီသို့ ပို့လိုက်သည်။ စမ်းနှိပ်ကြည့်လိုက်ရာ ပေါင်းစပ်ရန် ကတ်များ မရှိသေးပါဟု စနစ်က အကြောင်းပြန်လာသည်။ ကြည့်ရသည်မှာ ပေါင်းစပ်ရန်အတွက် ကတ်အသစ်များ ထပ်မံရရှိဖို့ လိုအပ်ပုံပေ။

ပေါင်းစပ်လိုက်လျှင် ဇာတ်ကောင်၏ အဆင့်မြင့်တက်သွားမည်လား။ 

တိုးတက်မှုပြတန်းလေး ပြည့်လာမည်ကို စောင့်ရင်း စုဟယ် စနစ်တာဝန်များကို ထပ်မံဖွင့်ကြည့်လိုက်၏။

စနစ်တာဝန်များ 

အစပြုသူလမ်းညွှန် : ကတ်တစ်ကတ် ရယူပါ (ပြီးမြောက်)

တာဝန်ဆုလာဘ်: ကတ်ဆွဲခွင့်(၁)ကြိမ်

ဧည့်သည်လက်ခံခြင်း : စနစ်နှင့် ချိတ်ဆက်ပြီးနောက် တည်းခိုခန်းသည် အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာမည်ဖြစ်သည်။ ယခုတစ်ကြိမ်တွင် အသစ်ကစပြီး နာမည်ကျော် တည်းခိုခန်းတစ်ခုဖြစ်အောင် အတူတူ တည်ဆောက်ကြပါစို့။ ကစားသမားအနေဖြင့် ဧည့်သည် (၁) ဦးကို လက်ခံကာ ကောင်းမွန်သော မှတ်ချက် ၁ ခု ရယူပါ။

တာဝန်ဆုလာဘ် : ဂိမ်းဈေးဆိုင် ကို ဖွင့်လှစ်ပေးမည်။ ငွေသားဆုလာဘ် ယွမ်(၁၀၀၀)

ဂိမ်းဈေးဆိုင်ကို ကြည့်နေသည့် စုဟယ်၏ အကြည့်မှာ ငွေသားဆုလာဘ်ဆီသို့ ရုတ်တရက် ရောက်သွားတော့၏။

'ဒါက ၁၀၀၀ ယွမ်တောင်ပဲ၊ ငွေထက် ပိုပြီး ဘာက ဆွဲဆောင်မှုရှိမှာလဲ'

ဂိမ်းဈေးဆိုင်ဆိုသည်မှာ ငွေသုံးရမည့် နေရာမျိုး ဖြစ်ဟန်တူပြီး စုဟယ်မှာမူ အလွန်ပင် ဆင်းရဲလှသည်။ ထို့ကြောင့် ဈေးဆိုင် မပွင့်လည်း ဘာမှမဖြစ်ပါ၊ သူမမှာ သုံးစရာ ငွေမရှိပေ။

"တင်း ဆင့်ခေါ်မှု အောင်မြင်ပါသည် " 

စနစ်မှ အသံထွက်ပေါ်လာသည်။

စုဟယ် ပစ္စည်းစာရင်းစာမျက်နှာသို့ ပြန်သွားလိုက်ရာ ကတ်ပေါ်ရှိ တိုးတက်မှုပြတန်းမှာ အပြည့်ဖြစ်နေပါပြီ။

ဆင့်ခေါ်တာ အောင်မြင်သွားပြီလား။ စုဟယ် ကြောင်အမ်းအမ်း ဖြစ်သွား၏။ သူမ စနစ်ကို ဟိုတို့ဒီတို့ လုပ်ကြည့်သော်လည်း ဘာမှ ထူးခြားမလာပေ။

"လိုင်းကျနေတာလား " 

စုဟယ် တွေးနေမိသည်။

'ဒါက မိုဘိုင်းဂိမ်းဆိုတော့ ပုံရိပ်ယောင်တွေ ပေါ်လာပြီး ဇာတ်ကောင်ပုံကြီးက ဝုန်းဆိုပြီး ထွက်လာရမှာမလား'

စနစ်ဆီမှ တုံ့ပြန်မှုမျှ မရှိသဖြင့် စုဟယ်သည် ပတ်ဝန်းကျင်မှာ ဘာများ ပြောင်းလဲသွားသလဲဆိုသည်ကို ဝေဝေဝါးဝါးဖြင့် လိုက်ကြည့်မိသည်။

'ပါဆယ်လ်နဲ့ ပို့ပေးတာတော့ မဖြစ်နိုင်ပါဘူးနော်'

စုဟယ် အခန်းထဲမှ ထွက်ကာ တည်းခိုခန်း အဝင်ဝသို့ လျှောက်သွားလိုက်၏။

"ဟင် " 

'တကယ်ကြီး ပါဆယ်လ်ရောက်သလို ရောက်လာတာလား'

ဟဲယဲ့တည်းခိုခန်း ဆိုင်းဘုတ်အောက်တွင် နှင်းဆီနီရောင် အင်္ကျီရှည်နှင့် အစိမ်းရင့်ရောင် ဂါဝန်ကို ဝတ်ဆင်ထားသော ဟုန်လျန် ရပ်နေသည် မဟုတ်ပါလား။

"ဟုန်လျန် လား "

"ဟုတ်ကဲ့ပါ" 

ဟုန်လျန်က ကြည်လင်ပြတ်သားစွာ ပြန်ထူး၏။

စုဟယ် ဟုန်လျန်ကို တည်းခိုခန်းထဲသို့ ခေါ်လာခဲ့သည်။သူမ၏ ဝတ်စုံမှာ အလွန်ပင် ထင်ရှားလှသည်။ကံကောင်းသည်မှာ ယခုခေတ်တွင် ဟန်ဖုဝတ်သူများ များပြားလာသဖြင့် လမ်းသွားလမ်းလာများက ခေတ်ဟောင်းဖက်ရှင် ဝါသနာရှင်တစ်ဦးဟု ထင်ကာ စူးစမ်းရုံသာ ကြည့်သွားကြ၏။

"နင်က ကတ်ထဲက ဇာတ်ကောင်လား " 

စုဟယ် မေးလိုက်သည်။

ကတ်ဇာတ်ကောင်တွေက သူတို့ကိုယ်သူတို့ ကတ်တွေမှန်း သိကြရဲ့လား။ သူတို့က လူစစ်စစ်တွေလား။ 

စုဟယ်၏ ခေါင်းထဲတွင် မေးခွန်းများ ပြည့်နှက်သွားသည်။ ထိုစဉ် ဟုန်လျန် ခေါင်းလေးငုံ့ကာ သူမ၏ လက်ကိုင်ပဝါကို လိမ်ကျစ်လိုက်၏။

"ဟုတ်ကဲ့ ကျွန်မ မှတ်မိတာကတော့ ကျယ်ပြောလှတဲ့ အဖြူရောင် ဟာလာဟင်းလင်း ပြင်ကြီးထဲမှာ ရှိနေတုန်း အလင်းတန်းတစ်ခု ကျလာပြီး ဒီကို ရောက်လာတာပါပဲ"

စုဟယ် ဆက်မေးသည်။

"နင်က ခန်းဆောင်နီအိမ်မက် ကတ်အစုအဝေးက ဇာတ်ကောင်မှန်း သိလား။ တခြား ဘာတွေ မှတ်မိသေးလဲ"

ဟုန်လျန် ခေါင်းကို ပို၍ ငုံ့လိုက်၏။

"ကျွန်မ အများကြီး မမှတ်မိပါဘူး၊ ကျွန်မ က အစေခံမလေး တစ်ယောက်ဆိုတာရယ်၊ အစေခံတစ်ယောက် လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်နိုင်တယ် ဆိုတာရယ်ပဲ သိပါတယ်"

သူမက စုဟယ်ကို မော့ကြည့်လိုက်ချိန်၌ စုဟယ် စိတ်မဆိုးသည်ကို မြင်သောအခါမှ ဆက်ပြောသည်။ 

"ပြီးတော့ လက်ဖက်ရည်နဲ့ မုန့်လည်း နည်းနည်းလောက် လုပ်တတ်ပါတယ်"

မေးမြန်းပြီးနောက်တွင် စုဟယ် နားလည်သွားသည်မှာ ဟုန်လျန်သည် ကတ်ထဲတွင် ပါဝင်သော အချက်အလက်များကိုသာ မှတ်မိပြီး ကျန်သည်များကို မမှတ်မိတော့ပေ။

ဟုန်လျန်သည် သူမ၏ ထူးခြားသော ကျွမ်းကျင်မှုများနှင့် အဆင့်ကို မှတ်မိနေပြီး အဆင့်တက်ရန်အတွက် ဧည့်သည်များထံမှ ကောင်းမွန်သော မှတ်ချက်များ ရရှိရန် လိုအပ်သည်ကို သိထား၏။

ကောင်းမွန်သော မှတ်ချက်များသည် တည်းခိုခန်းအတွက်သာမက ကတ်ဇာတ်ကောင်များအတွက်လည်း အလွန်အရေးကြီးကြောင်း စုဟယ် သဘောပေါက်သွားသည်။

စုဟယ် ဟုန်လျန်၏ အဝတ်အစားများကို ကြည့်ကာ ပြောလိုက်သည်။

"အရင်ဆုံး အဝတ်အစားလဲလိုက်ဦး။ နင်နေဖို့ အခန်းတစ်ခန်း ငါရှာပေးမယ်"

ဟဲယဲ့တည်းခိုခန်းမှာ ဟောင်းနေပြီ ဖြစ်သော်လည်း ခေတ်မီ အပြင်အဆင်များ ရှိနေသဖြင့် ဟုန်လျန်၏ ဝတ်စုံမှာ အနည်းငယ် စိမ်းနေသည်။ ကံကောင်းသည်မှာ သူမတို့က တည်းခိုခန်း ဖွင့်ထားခြင်း ဖြစ်သဖြင့် ဟုန်လျန်အတွက် နေစရာ နေရာမရှားပေ။

ဇာတ်ကောင်ကတ်တစ်ခုကို ဆင့်ခေါ်ပြီးပါက စနစ်၏ ပစ္စည်းစာရင်းထဲသို့ ပြန်ထည့်၍ မရတော့ပေ။ စုဟယ်အနေဖြင့် ဟုန်လျန်ကို လူတစ်ယောက်ကဲ့သို့သာ ဆက်ဆံရမည်ဖြစ်သည်။

စုဟယ်သည် သူမ၏ အဝတ်ဟောင်းအချို့ကို ရှာဖွေလိုက်သည်။ ဟုန်လျန်မှာ (၁၇) နှစ် အရွယ်သာ ရှိသေးပြီး စုဟယ်နှင့် အရပ်အမောင်း ဆင်တူကာ (၁.၆၅) မီတာခန့် ရှိသော်လည်း စုဟယ်ထက် များစွာ ပိန်လှသည်။

စုဟယ်မှာ အဝတ်ဟောင်းများစွာ ရှိသေးသဖြင့် အရောင်လွင့်နေသော လက်တိုအင်္ကျီနှင့် ဘောင်းဘီအချို့ကို ထုတ်ပေးကာ သူမကဲ့သို့ ဆံပင်ကို မြင်းမြီးပုံစံ မည်သို့စည်းရမည်ကိုပါ သင်ပေးလိုက်သည်။

အဝတ်အစားလဲပြီးနောက်တွင် ဟုန်လျန်မှာ လမ်းပေါ်ရှိ (၁၇) (၁၈) နှစ်အရွယ် မိန်းကလေးများနှင့် မခြားနားတော့ပေ။

အနည်းငယ် ပိန်နေသဖြင့် ဝိတ်ချရန် အစားရှောင်နေသော မိန်းကလေးတစ်ဦးနှင့်ပင် တူနေသေးသည်။

စုဟယ်သည် ဒုတိယထပ်ရှိ နှစ်ယောက်အိပ်ကုတင် တစ်လုံးပါသော အခန်းတစ်ခန်းကို ဟုန်လျန်အတွက် ရွေးချယ်ပေးလိုက်သည်။ထိုအခန်းမှာ ဟုန်လျန်၏ အဆောင်ဖြစ်လာလိမ့်မည်။

စုဟယ် နေ့စဉ်သုံး ပစ္စည်းအချို့ ပေးကာ အခြေခံ လူနေမှု ဗဟုသုတအချို့ကိုလည်း ရှင်းပြပေးလိုက်သည်။စုဟယ် ရှင်းပြချက်များကို နားထောင်ရင်း ဟုန်လျန်မျက်လုံးများ တောက်ပလာကာ အလေးနက် ပြော၏။

"ကျေးဇူးတင်ပါတယ် သခင်မလေး" 

ပြောရင်းဆိုရင်းနှင့်ပင် သူမသည် မြေကြီးပေါ် ဒူးထောက်ကာ ဦးချတော့မည့်ဟန် ပြသဖြင့် စုဟယ်မှာ အလန့်တကြား ဆွဲထူလိုက်ရသည်။

ယခုခေတ် လူ့အဖွဲ့အစည်းတွင် အစေခံဆိုသည်မှာ မရှိတော့ကြောင်းနှင့် ဒူးထောက်ဦးချသည့် ဓလေ့လည်း မရှိတော့ကြောင်းကို စုဟယ် တော်တော်လေး ရှင်းပြလိုက်၏။

သူမသည် ဟုန်လျန်၏ သခင်မ မဟုတ်၊ သူတို့မှာ တန်းတူရည်တူ ဖြစ်ကြောင်းကိုလည်း ပြောပြရသည်။

သို့သော်လည်း ဟုန်လျန်က စုဟယ်၏ အမည်ကို တိုက်ရိုက်မခေါ်ဝံ့သဖြင့် စုဟယ်လည်း သူဌေးမ ဟုသာ ခေါ်ခိုင်းလိုက်ရတော့သည်။

ဝန်ထမ်းသစ်လေး ဟုန်လျန်ကို လေ့ကျင့်ပေးပြီး စုဟယ် သူမ အခန်းထဲသို့ ပြန်လာချိန်၌ လည်ချောင်းများပင် ခြောက်ကပ်နေပါသည်။ 

ဟုန်လျန်မှာ သူမ အတိတ်ကို အကုန်မမှတ်မိသော်လည်း ရှေးခေတ်တွင် နေထိုင်ခဲ့သူဖြစ်ရာ ထိုခေတ်က လူနေမှုစွမ်းရည်နှင့် ဗဟုသုတများကိုမူ အလိုအလျောက် ပိုင်ဆိုင်ထားသည်။

ဟုန်လျန်ကို ခေတ်သစ်လူနေမှုပုံစံနှင့် အသားကျစေရန်အတွက် ယနေ့ စုဟယ် နှုတ်ဖြင့် ရှင်းပြချက်များမှာ လုံလောက်မည် မဟုတ်ဘဲ သူမဘာသာ ဖြည်းဖြည်းချင်း အသားကျအောင် ကြိုးစားရပေဦးမည်။

ဟုန်လျန်ကို နေရာချပေးပြီးပြီ ဖြစ်သော်လည်း ဟုန်လျန်၏ နောက်ခံကို မိဘများအား မည်သို့ ရှင်းပြရမည်ကို စုဟယ် မသိတော့ပေ။ ကတ်ဆွဲရာကနေ ထွက်လာတာပါဟု ပြော၍ မရပေ။ အပြင်လူများအတွက်တော့ ဟုန်လျန်က သက်ရှိထင်ရှား လူသားတစ်ယောက် မဟုတ်ပါလား။

စုဟယ် ဟုန်လျန်ကို ဝန်ထမ်းအဖြစ် ခန့်ထားသည်ဟု မိဘများကို ပြောရန် စီစဉ်ထားသော်လည်း ယခုအချိန်တွင် သူမမှာ ဟုန်လျန်ကို ကျွေးထားရုံသာ တတ်နိုင်ပြီး လစာပေးရန် လုံးဝ မဖြစ်နိုင်ပေ။

တစ်ရက်၊ နှစ်ရက်ဆိုလျှင် ကိစ္စမရှိသော်လည်း ကြာလာလျှင် မိဘများက ဟုန်လျန်၏ နောက်ကြောင်းကို သံသယဝင်လာမည်မှာ အမှန်ပင်။

ယခုခေတ်တွင် လုပ်အားခမှာ မသက်သာလှပေ၊ မည်သည့်ဝန်ထမ်းက နေစရိတ်၊ စားစရိတ်လေးနှင့်တင် သူဌေးအပေါ် ထိုမျှ သစ္စာရှိပါမည်နည်း။

ဟုန်လျန်ကို တရားဝင် ခန့်ထားနိုင်ရန်အတွက် စုဟယ်အနေဖြင့် သူမကို လစာပေးနိုင်ရမည်ဖြစ်ပြီး တည်းခိုခန်းတွင်လည်း အလုပ်များရှိလာဖို့ လိုအပ်သည်။ 

နောင်တွင် ထပ်မံဆင့်ခေါ်မည့် ကတ်များအတွက်လည်း ကျိုးကြောင်းဆီလျော်စွာ ဖုံးကွယ်နိုင်စေရန် ငွေကြေးနှင့် အလုပ်ပမာဏ လိုအပ်လာပေမည်။

စုဟယ် စနစ်က ပေးထားသော တာဝန်ကို မှတ်မိနေပါသေးသည်။ သူမသည် ဟဲယဲ့တည်းခိုခန်းကို နာမည်ကျော် တည်းခိုခန်းတစ်ခု ဖြစ်အောင် တည်ဆောက်ပြီး ငွေများများ ရှာရမည်ဖြစ်သည်။စုဟယ် ခေတ္တတွေဝေသွားသော်လည်း မိဘများထံ ဖုန်းမဆက်ဖြစ်သေးပေ။ 

အခုချက်ချင်း ဝန်ထမ်းခန့်လိုက်ပြီဟု ပြောလိုက်လျှင် မိဘများက ကျေးလက်မှ ချက်ချင်း ပြန်ပြေးလာမည်ကို စိုးရိမ်ပါ၏။

ယခုက တည်းခိုခန်း အရောင်းအဝယ်ပါးသည့် ရာသီဖြစ်သဖြင့် ထူးခြားမှုမရှိလျှင် သူမ၏ မိဘများမှာ ကျေးလက်တွင် အနည်းဆုံး နှစ်ပတ်ခန့် ကြာဦးမည် ဖြစ်သည်။ 

စုဟယ် လုပ်ဆောင်ရမည့်အရာမှာ ထိုနှစ်ပတ်အတွင်း စနစ်က ပေးထားသော တာဝန်များကို ပြီးမြောက်အောင် လုပ်ဆောင်ကာ ငွေသားဆုလာဘ် ရယူပြီး ဟုန်လျန်ကို အောင်မြင်စွာ ခန့်ထားနိုင်ရန်ပင်။

"ဖြန်း"

စုဟယ် ကိုယ့်နဖူးကိုယ် ပြန်ရိုက်လိုက်မိသည်။ ဟုန်လျန် ရောက်လာသည့်အခါ ဘာမှ ပါမလာခဲ့ပေ၊ အဝတ်အစားပင် မရှိသဖြင့် စုဟယ် အဝတ်များကို ဝတ်ထားရသည်။

'ဒါဆို မှတ်ပုံတင်ကကော ဘယ်လိုလုပ်မလဲ'