Ch 4
Viewers 146

Ch-4

• April 13 at 12:23 PM

မှတ်ပုံတင်မရှိဘဲနှင့် ဟုန်လျန်သည် ဖုန်းဆင်းကတ် ထုတ်ယူ၍ မရပေ။ ယနေ့ခေတ်တွင် ဘတ်စ်ကားစီးလျှင်ပင် အမည်ရင်းဖြင့် မှတ်ပုံတင်ရန် လိုအပ်ပြီး ပြည်နယ်အဆင့် အခမ်းအနားများ ရှိသည့်အခါမျိုးတွင် ရဲတပ်ဖွဲ့က လမ်းပေါ်၌ မှတ်ပုံတင်များကို ရှောင်တခင် စစ်ဆေးလေ့ရှိသည်။

စုဟယ်၏ စိုးရိမ်ပူပန်မှုများကို သိသွားသောကြောင့်လားမသိ၊ အတော်ကြာအောင် အသံတိတ်နေသည့် စနစ်မှာ နောက်ဆုံးတွင် လှုပ်ရှားမှုအချို့ ပြလာ၏။

စနစ်သတိပေးချက် : ဇာတ်ကောင်ကတ်ကို ခေတ်သစ်လူ့အဖွဲ့အစည်းအတွင်း အသားကျစေရန်အတွက် ကစားသမားအနေဖြင့် ကတ်ကို ကြယ်သုံးပွင့် အဆင့်ရောက်အောင် ကြိုးစားမြှင့်တင်ပေးပါ။ အဆင့်မြှင့်တင်ပြီးပါက စနစ်မှ ထိုဇာတ်ကောင်အတွက် လူနေမှုအသုံးအဆောင်ပစ္စည်းများကို အခမဲ့ ထောက်ပံ့ပေးပါမည်။ သို့မဟုတ် ကစားသမားအနေဖြင့် ကတ်ဆွဲခွင့် (၁) ကြိမ် အသုံးပြု၍ ဇာတ်ကောင်အတွက် လူနေမှုအသုံးအဆောင်များကို လဲလှယ်ယူနိုင်ပါသည်။

စနစ်ကို အောင်မြင်စွာ အသက်သွင်းပြီးနောက် စနစ်ကပေးသော တာဝန်ဆုလာဘ်မှာ ကတ်ဆွဲခွင့် (၁)ကြိမ်ပေ။ ကံကောင်းသည်မှာ စုဟယ် ကတ်အခြေအနေကို သေချာနားမလည်သေးသဖြင့် ထိုကတ်ဆွဲခွင့်ကို လောလောလောလော အသုံးမပြုမိခြင်းပင်။

မည်သို့ပင်ဖြစ်စေ ဟုန်လျန်၏ကိုယ်ရေးအချက်အလက် ပြဿနာကို ဖြေရှင်းရန် နည်းလမ်းတော့ ရှိလာသည်။

ကတ်ဆွဲခွင့်ကို အသုံးပြုမလား သို့မဟုတ် ဟုန်လျန်၏ ကြယ်အဆင့် တက်လာသည်အထိ စောင့်မလားဆိုသည်ကို သူမ အေးအေးဆေးဆေး စဉ်းစားရန် အချိန်ရပါသေး၏။

ညနေစောင်းသောအခါ တည်းခိုခန်းတစ်ခုလုံးတွင် စုဟယ်နှင့် ဟုန်လျန် နှစ်ဦးတည်းသာ ရှိတော့သည်။ စုဟယ် ဟင်းချက်ရာတွင် သိပ်မကျွမ်းကျင်လှပေ။ သူမ စဉ်းတီတုံးရှေ့တွင် တည်တည်ငြိမ်ငြိမ် ရပ်နေသည်မှာ နန်းတွင်းစားတော်ဆက်ပွဲကြီး တစ်ခုကို ချက်ပြုတ်တော့မည့်အလားပင်။

ဟုန်လျန် စုဟယ်၏နောက်တွင် ကြောက်ကြောက်လန့်လန့်ဖြင့် လိုက်ပါလာပြီး စုဟယ် လုပ်ဆောင်သမျှကို ကြည့်နေသည်။

စုဟယ် လျှပ်စစ်ထမင်းအိုး အသုံးပြုပုံကို သင်ပေးသော်လည်း ဟုန်လျန်မှာ စာလုံးများကို မဖတ်တတ်သဖြင့် ခလုတ်နေရာကို ဝေဝေဝါးဝါး မှတ်ထားနိုင်၏။ သူမသည် သခင်မလေးကို ဒုက္ခမပေးမိစေရန် စိတ်ထဲမှနေ၍ တတွတ်တွတ် ရွတ်ဖတ်မှတ်သားနေရှာသည်။

“ဒါက ဂတ်စ်မီးဖို ခလုတ်ပဲ။ အရင်ဆုံး ဂတ်စ်ဗားကို ဖွင့်၊ ပြီးမှ မီးဖိုခလုတ်ကို လှည့်ရတယ်။ ဒီပြကွက်ပေါ်မှာ မီးတောက်ပုံလေးတွေ ပါတယ်တွေ့လား၊ မီးတောက်များလေ မီးပြင်းလေပဲ ” 

ရှုပ်ထွေးလှသော ထမင်းအိုးနှင့် ယှဉ်လျှင် ဟုန်လျန်သည် မီးဖိုအသုံးပြုပုံကို ပို၍ လျင်မြန်စွာ မှတ်မိသွား၏။

စုဟယ်၏ အမူအရာကို ကြည့်ရင်း ဟုန်လျန် သတ္တိမွေးကာ ပြောလိုက်သည်။

“သခင်မလေး... အာ... သူဌေးမ၊ ကျွန်မကိုပဲ လုပ်ခွင့်ပြုပါ ”

စုဟယ် မျက်နှာလေး နီမြန်းသွားတော့၏။ သူမ၏ ဟင်းချက်စွမ်းရည်မှာ အမှန်တကယ်ပင် သာမန်သာ ဖြစ်သဖြင့် ပါးနပ်စွာဖြင့် ဘေးသို့ ဖယ်ပေးလိုက်သည်။ ဟုန်လျန်သည် လျင်မြန်သော လှုပ်ရှားမှုများဖြင့် မီးအပူရှိန်ကို ညှိလိုက်ပြီး ဟင်းသီးဟင်းရွက်များကို အိုးထဲသို့ ထည့်ပါ၏။

စုဟယ် ဟင်းခတ်မှုန့် အမျိုးမျိုးကို မိတ်ဆက်ပေးပြီး ခရုဆီနှင့် ကြက်သားမှုန့်တို့ကို ကိုယ်တိုင် မြည်းစမ်ပြပေးသည်။ ထို့နောက်တွင်တော့ အသီးအရွက်ကြော်တစ်ပွဲနှင့် အသားကြော်တစ်ပွဲမှာ အိုးထဲမှ အမြန် ထွက်ပေါ်လာတော့၏။ လတ်လတ်ဆတ်ဆတ် ချက်ထားသော ဟင်းပွဲများမှာ အနံ့အရသာနှင့် ပြည့်စုံနေပြီး ဆွဲဆောင်မှုရှိပေသည်။

ဟုန်လျန်မှာ တံတွေးပင် မျိုချလိုက်မိ၏။ စုဟယ် ထမင်းခူူးပေးပြီးနောက် ဟုန်လျန် ဘေးမှာ ရပ်နေသည်ကို တွေ့သောအခါ အမြန်ပင် ဆွဲထိုင်ခိုင်းလိုက်သည်။

“မြန်မြန်စားလေ ”

ဟုန်လျန်မှာ အနည်းငယ် ပျာယာခတ်သွားသည်။ သူမ၏ အယူအဆတွင် အစေခံတစ်ယောက်က သခင်မလေးနှင့် အတူတူ ထမင်းစားရသည်ဟူသည်မှာ မရှိခဲ့ဖူးပေ။ 

သို့သော်လည်း စုဟယ် ပြောပြထားသည့် ခေတ်သစ်လူမှုရေး ဗဟုသုတများကို သူမ သတိရသွားသည်။ သူဌေးမကို ဒုက္ခမပေးမိစေရန်နှင့် လူ့အဖွဲ့အစည်းနှင့် မြန်မြန်အသားကျကာ သူဌေးမအတွက် ငွေရှာပေးနိုင်ရန် ကြိုးစားရမည်။

ဟုန်လျန်သည် ဖြည်းဖြည်းချင်း ထိုင်ချလိုက်ပြီး ထမင်းကို တစ်လုပ်ချင်း စားသည်။ သူမ မှတ်ဉာဏ်များ ပျောက်ဆုံးနေသော်လည်း ခန္ဓာကိုယ်မှတ်ဉာဏ်ကမူ ထိုမျှ မွှေးကြိုင်ပြီး နူးညံ့လှသော ထမင်းမျိုးကို တစ်ခါမျှ မစားခဲ့ဖူးကြောင်း ပြောပြနေပါ၏။ ဟုန်လျန် အားနာနေမည်ကို စိုးရိမ်သဖြင့် စုဟယ် အမြန်ပြောလိုက်သည်။

“ငါတို့ နှစ်ယောက်တည်း စားနေကြတာပဲ။ အကုန်ကုန်အောင် မစားရင် ဒီဟင်းတွေက အလကား ဖြစ်ကုန်မှာ ”

ဟုန်လျန်သည် စုဟယ် ထမင်းစားပြီးခါနီးအထိ စောင့်နေပြီးမှသာ ဝဝလင်လင် စားရဲတော့၏။ သူမ၏ အယူအဆ ဟောင်းများမှာ တစ်ညတည်းနှင့် ပြောင်းလဲသွားမည်မဟုတ်ကြောင်း စုဟယ် သိသဖြင့် အတင်းအကျပ် မတိုက်တွန်းတော့ပေ။

ထမင်းစားပြီးနောက် စုဟယ် အနည်းငယ် ရှက်ကိုးရှက်ကန်းဟန်ဖြင့် ပြောလိုက်သည်။

“ဟုန်လျန်၊ နင်က လက်ဖက်ရည်နဲ့ စားစရာ မုန့်တွေ လုပ်တတ်တယ်ဆိုတော့ ငါ့ကို နည်းနည်းလောက် လုပ်ကျွေးလို့ ရမလား ”

သူမအနေဖြင့် ငွေရှာရန်နှင့် ဧည့်သည်ဆွဲဆောင်ရန် အကြံအစည် ရှိသော်လည်း ထိုအစီအစဉ်များကို အသေးစိတ် မချမှတ်မီ ဟုန်လျန်၏ မုန့်များကို အရင်မြည်းစမ်းကြည့်ရန် လိုအပ်ပါ၏။

ဟုန်လျန် ခေါင်းညိတ်ကာ ပြောသည်။

“ကျွန်မရဲ့ အဆင့်က မမြင့်သေးတော့ အခုလောလောဆယ် မုန့်သုံးမျိုးပဲ လုပ်တတ်ပါသေးတယ်။ အဲဒါတွေကတော့ ဆီးသီးကပ်စေးနှဲမုန့် ၊ သစ်အယ်သီးမုန့် နဲ့ ရူယီမုန့် တို့ပါပဲ။ ဒီမုန့်တွေကလည်း ကျွန်မ အစေခံလုပ်တုန်းက မီးဖိုချောင်ထဲမှာ ခိုးသင်ထားခဲ့တာတွေမို့ တကယ်တော့ အများကြီး မတတ်ပါဘူး”

စုဟယ်၏ မျက်လုံးများ တောက်ပသွားသည်။ 

“ဒါဆို ဟုန်လျန်၊ နင့်ရဲ့ အဆင့် တက်လာရင် တခြားမုန့်တွေလည်း ထပ်ပြီး လုပ်တတ်လာမှာပေါ့။ ငါတို့ ကောင်းမွန်တဲ့ မှတ်ချက်တွေ အများကြီး ရအောင် စုရမယ် ”

ဟုန်လျန်မှာလည်း တက်ကြွသွား၏။ သူမသည် သူဌေးမအတွက် အလုပ်များများလုပ်ပေးပြီး ငွေရှာပေးရန်နှင့် မှတ်ချက်ကောင်းများ ယူပေးရန် စိတ်ပိုင်းဖြတ်လိုက်သည်။ သာမန် အဆင့်ရှိသော ကတ်တစ်ကတ်အနေဖြင့် သူမ တိုးတက်အောင် ပို၍ ကြိုးစားရပေမည်။

စုဟယ် ဟုန်လျန်ကို မီးဖိုချောင်ထဲမှ ရှိပြီးသား ပါဝင်ပစ္စည်းများကို အသုံးပြုခိုင်းထားလိုက်ပြီး သူမကိုယ်တိုင်သည် အနီးအနားတွင် ဖန်ဆီးသီး၊ ကန်စွန်းဥ၊ သစ်အယ်သီးနှင့် ကောက်ညှင်းမှုန့် စသည်တို့ကို သွားဝယ်လိုက်သည်။ 

စုဟယ် ပါဝင်ပစ္စည်းများစွာနှင့် မုန့်နယ်သည့် ဖျာချပ်ကို သယ်ပြီး ပြန်ရောက်လာသည့်အချိန်တွင် ဟုန်လျန်က ရူယီမုန့်ကို လုပ်ပြီးနေ၏။

ရူယီမုန့်ကို ကောက်ညှင်းမှုန့်ဖြင့် လုပ်ခြင်း ဖြစ်သည်။ကောက်ညှင်းမှုန့်နှင့် သကြားဖြူကို သမအောင် ရောစပ်ပြီး မီးအေးအေးဖြင့် ကျိုထားသော ရေနွေးထဲသို့ လောင်းထည့်ကာ သမအောင် မွှေပေးရ၏။ ထို့နောက် မုန့်သားကို ဆွဲရလွယ်ကူစေရန် ဆီအနည်းငယ် ထည့်ပေးရသည်။

ကောက်ညှင်းမှုန့်နှင့် လုပ်ထားသော မုန့်သားမှာ အလွန်စေးကပ်လှ၏။ ထိုအချိန်တွင် မုန့်သားများ သမစေရန် ပူနေတုန်းမှာပင် နယ်ပေးရသည်။ သို့သော် ဟုန်လျန်သည် အပူဒဏ်ကို လုံးဝ မခံစားရသည့်အလား မုန့်သားကို အလွယ်တကူ ပုံဖော်နေပါ၏။ ရူယီမုန့်၏ အစာအဖြစ် ပဲနီလေးအနှစ်ကို ထည့်ထားပါသေးသည်။

စုဟယ် အိမ်မှာ ကြိတ်စက် ရှိသည်ကို ပြောရန် မေ့သွားသဖြင့် ဟုန်လျန်သည် ပြုတ်ထားသော ပဲနီလေးများကို သူမဘာသာ ညက်နေအောင် ထောင်းထားရ၏။

နောက်ဆုံးတွင် ပဲနီလေးအနှစ်ကို သကြားဖြူရောထားသော ကောက်ညှင်းမုန့်သားဖြင့် ပတ်လိုက်ပြီး ရူယီ (တရုတ်ရှေးဟောင်း ကျောက်စိမ်းအဆောင်) ပုံသဏ္ဌာန် ဖော်ကာ နှမ်းလှော် သို့မဟုတ် ပဲမှုန့်များ ဖြူးလိုက်သည့်အခါတွင် ရူယီမုန့်လေး အဆင်သင့် ဖြစ်သွားတော့သည်။

ဖြူဖွေးနေသော ရူယီမုန့်လေးမှာ ပဲနီလေးအနှစ်များဖြင့် ကျောက်စိမ်းရူယီ ပုံသဏ္ဌာန်လေး ဖြစ်နေသဖြင့် အလွန်ပင် လက်ရာမြောက်ပါ၏။

စုဟယ်သည် စဉ်းတီတုံးပေါ်က လှပလွန်းသော မုန့်လေးများကို မျက်တောင်မခတ်တမ်း ကြည့်နေမိသည်။သူမ မုန့်ပုံစံပျက်သွားမည် စိုးသဖြင့် ထိပင် မထိဝံ့ပေ။

“သခင်မလေး အာ...သူဌေးမ၊ မြည်းကြည့်ပါဦး။ ရူယီမုန့်မှာ ဝက်ဆီ ပါရင် ပိုကောင်းပေမဲ့ ရှာမတွေ့တာနဲ့ သူဌေးမပြောတဲ့ ဆီကိုပဲ သုံးလိုက်ရတယ်။ အရသာက ဘယ်လိုနေလဲ မသိဘူး ” 

ဟုန်လျန် သူမ လက်များကို သုတ်ရင်း စုဟယ်ကို စိုးရိမ်တကြီး ကြည့်နေသည်။ စုဟယ် ရူယီမုန့် တစ်ဖဲ့ကို ယူလိုက်၏။ လတ်လတ်ဆတ်ဆတ် လုပ်ထားသော မုန့်လေးမှာ ပူနွေးနေဆဲဖြစ်ပြီး ကိုင်လိုက်သည်နှင့် နူးညံ့မှုကို ခံစားရသည်။

သေချာနယ်ထားသော ကောက်ညှင်းမှုန့်မှာ သွားမှာ ကပ်မနေတော့ဘဲ စိုစိုအိအိလေး ဖြစ်နေ၏။ အပေါ်ယံမုန့်သားက အနည်းငယ် ချိုစိမ့်ပြီး ပဲနီလေးအနှစ်ကို ကိုက်လိုက်သည့်အခါတွင်တော့ လန်းဆန်းစေသော အချိုဓာတ်က ရင်ထဲအထိ ရောက်သွားတော့သည်။ နောက်တစ်လုပ် ကိုက်လိုက်သည့်အခါတွင်တော့ အိစက်ညက်ညောသော အရသာက အချိုဓာတ်နှင့် အလိုက်ဖက်ဆုံး ဖြစ်နေတော့၏။

စုဟယ်မှာ ဗိုက်ဝနေပြီ ဖြစ်သော်လည်း သတိမထားမိဘဲ မုန့်တစ်ခုလုံးကို ကုန်အောင် စားလိုက်မိသည်။ သူမ စားပြီးသည့်တိုင်အောင် အားမရသေးဘဲ နှုတ်ခမ်းကို လျှာဖြင့် သပ်နေမိ၏။

လမုန့် အစားများခဲ့၍လားမသိ၊ တရုတ်ရိုးရာမုန့်များဆိုလျှင် စုဟယ် အီလွန်းသည်ဟု အမြဲခံစားရသည်။ 

သို့သော်လည်း ရူယီမုန့်၏ အရသာမှာ အတော်ပင် အချိုးကျလှ၏။ နူးညံ့အိစက်ပြီး ချိုစိမ့်ကာ စားပြီးသည့်တိုင်အောင် ပါးစပ်ထဲတွင် ပဲနီလေးနှင့် ကောက်ညှင်းနံ့လေးမှာ မွှေးကျန်ရစ်နေပါသည်။

ပဲနီလေးအစာသွတ်ကောက်ညှင်းမုန့်ဆိုသည်မှာ မထူးဆန်းပါ။ ရူယီမုန့်၏ အရသာကို ခန့်မှန်းကြည့်နိုင်သော်လည်း ဟုန်လျန် လုပ်သည့် လက်ရာမှ တစ်ကိုက်ပြီး တစ်ကိုက် စားချင်စရာ ကောင်းလှ၏။

စုဟယ်၏ မျက်လုံးများ တောက်ပလာသည်။

'တကယ် အရသာရှိတာပဲ၊ မုန့်က ရိုးရှင်းလေ ကျေနပ်အောင် လုပ်ဖို့ ခက်ခဲလေပဲ' 

စုဟယ် နောက်ထပ် ရူယီမုန့် တစ်ခုကို ယူကာ ပါးစပ်ထဲ ထည့်လိုက်ပြန်၏။

စုဟယ် တစ်ဆက်တည်း မုန့်နှစ်ခု စားသည်ကို မြင်မှ ဟုန်လျန် စိတ်အေးသွားတော့သည်။ သူမကိုယ်တိုင်လည်း ရူယီမုန့် တစ်ခုကို မြည်းကြည့်လိုက်၏။

“အင်း...”

အရသာရှိသော်လည်း တိုးတက်ဖို့ လိုအပ်ချက်များ ရှိနေပါသေးသည်။

ကောက်ညှင်းမုန့်သားကို ယခုထက်ပိုပြီး ကြာကြာနယ်သင့်၏။ ပဲနီလေးအနှစ်ထဲက ပဲခွံများကို အကုန်မဖယ်ထုတ်ရသေးသဖြင့် စားရသည်မှာ အနည်းငယ် ရှတတဖြစ်နေသည်။ထို့အပြင် ပဲနီလေးအနှစ် ကျိုသည့်အချိန်ကို သေချာမထိန်းနိုင်သဖြင့် အနည်းငယ် ခြောက်ကပ်ကပ်ဖြစ်နေပါ၏။

ဟုန်လျန် မျက်မှောင်ကြုတ်ကာ တိုးတက်ရန် လိုအပ်ချက်အားလုံးကို မှတ်သားထားလိုက်သည်။ နောက်တစ်ကြိမ်တွင် ရူယီမုန့်ကို ယခုထက်ပိုပြီး ပြည့်စုံအောင် လုပ်မည်ဟု ဆုံးဖြတ်လိုက်၏။